Monday, June 2, 2014

အောင်မြင်ရေးအတွက်အသုံးချစိတ်စွမ်းအင်





ကျွန်တော်တို့ သက်ရှိလူသားတွေအားလုံးမှာ စိတ်တွေကိုယ်စီ ရှိနေကြပြီး သားပါ။ စိတ်မှာထူးခြားတဲ့ စွမ်းအင်တွေ၊ သတ်္တိတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ အားလုံးမှာ ဘယ်အလုပ်မျိုးကိုမဆို လုပ်ဆောင်နိုင်တဲ့၊ ဘယ်ပြဿ နာအခက်အခဲကိုမဆို ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်တဲ့၊ ဘယ်လို ပန်းတိုင်မျိုး ကိုမဆို ရောက်ရှိပိုင်ဆိုင်နိုင်တဲ့ စူပါ့ စူပါ အထူး စွမ်းအားတွေ ရှိနေကြပါတယ်။ စိတ်ရှိတဲ့သူတိုင်း စွမ်းအင်ရှိပါတယ်၊ သတ်္တိ ထူးတွေ ရှိကြပါတယ်။ အားလုံး အတူတူပါပဲ။ ဒါပေမဲ့ အောင်မြင်မှုတွေ မတူကြတာက ဒီစွမ်းအင်သတိ္တတွေကို ထုတ်သုံးတဲ့သူနဲ့၊ ထုတ်မသုံးတဲ့သူဆိုပြီး ကွာခြားကြတာပါပဲ။

စိတ်ကို အထူးလေ့ကျင့်ပြီး စွမ်းအင်ထုတ်ရင် စွမ်းအားဆိုတာ ထွက်ပါ တယ်။ စိတ်ရဲ့ ထူးကဲတဲ့စွမ်းအင်တွေကို အသုံးချနိုင်ပြီဆိုရင် မိမိအလိုရှိ တဲ့ အောင်မြင်မှုအသီးသီးကို အမြန်ဆန်ဆုံး အကောင်အထည်ဖော်နိုင်ပါ တယ်။ စိတ်စွမ်းအင်ကို အသုံးချပြီး လူဆင်းရဲဘ၀မှ သန်းကြွယ်သူဌေး ကြီးတွေဖြစ်လာအောင်၊ သာမန် အညတြဘ၀မှ ကျော်ကြားတဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေဖြစ်လာအောင် ပြောင်းလဲပစ်နိုင်ကြတဲ့ ဖြစ်ရပ် ပေါင်းများစွာကို ကမ္ဘာ့သမိုင်း တစ်လျှောက်မှာ လေ့လာမြင်တွေ့ခဲ့ရမှာပါ။ လက်ရှိကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားနေတဲ့ သန်းကြွယ်သူဌေးကြီးတွေ၊ ထိပ်တန်းအောင်မြင်သူတွေ၊ သြဇာတိက္ကမ ကြီးမားတဲ့ ခေါင်းဆောင် ကြီးတွေ အားလုံးဟာလည်း စိတ်စွမ်းအင်တွေကို ကောင်းစွာအသုံးချခဲ့ ကြတဲ့ သူတွေ ပါပဲ။

ထိပ်တန်း အောင်မြင်မှုရအောင် အားထုတ်လုပ်ဆောင်နိုင်ခဲ့ကြ တဲ့ အောင်မြင်သူတွေရဲ့ အားထုတ်လုပ်ဆောင်မှုမှာ စိတ်စွမ်းအင်တွေ အထူး ပါဝင်ပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်သူတွေ အတော်များများဟာ စိတ်စွမ်းအားရှိကြသူတွေပါပဲ။ သမားရိုးကျ အားထုတ်လုပ်ဆောင်မှုနဲ့ စိတ်စွမ်း အင်ပါတဲ့ အားထုတ်လုပ်ဆောင်မှုဟာ လုံးဝကွာခြားပါတယ်။ ဘ၀တိုး တက်အောင် ပျိုးထောင်ခြင်းမှာ မိမိရဲ့စိတ်စွမ်းအင်ကို တိုးတက်လာအောင် ပျိုးထောင်ခြင်းလည်း ပါဝင်ပါတယ်။ ဘ၀အောင်မြင်မှုတွေ ရရှိစေဖို့ စွမ်းအားပြည့်ဝတဲ့ စိတ်ခွန်အားတွေ ဖွံ့ဖြိုးလာအောင် ကြိုးပမ်း တည်ဆောက် ယူထားရပါမယ်။ စိတ်အင်အားတွေ ထက်မြက်လာအောင် လည်းသွေးယူကြ ရပါမယ်။စိတ်အရည်အသွေးတွေ တိုးတက်ကြီးထွားလာ အောင် လေ့ကျင့် ယူရပါမယ်။

စိတ်ကို စွမ်းအင်တွေ ထွက်ပေါ်လာအောင် မလေ့ကျင့်မပျိုးထောင် ဘူးဆိုရင် စိတ်စွမ်းအင်တွေဟာ ငုပ်လျှိုးနေတတ်ပါတယ်။ ထွက်ပေါ်လာ မှာမဟုတ်ပါဘူး။ ဒါဆို ဒီစွမ်းအင်တွေက ဘယ်အပိုင်းမှာ ငုပ်လျှိုးနေတာ လဲဆို တာ သိဖို့လိုပါတယ်။ တကယ်တော့ ဒီစွမ်းအင်တွေ၊ သတိ္တတွေ၊ တန်ခိုးတွေ ဟာ စိတ်ရဲ့အတွင်း အနက်ရှိုင်းဆုံးအပိုင်းဖြစ်တဲ့နေရာမှာ သွားရောက်ခိုအောင်းနေတတ်ပါတယ်။ ဒါကို အလွယ်ဆုံးခေါ်မယ်ဆိုရင် တော့ “မသိစိတ်” (subconscious mind) ပေါ့။

အမေရိကန်လူမျိုး အောင်မြင်ရေးသုတေသီကြီး နပိုလီလံဟေးလ်က ဒီစွမ်းအားကို “အနန္တအသိဥာဏ်” လို့ သုံးပါတယ်။ မသိစိတ်အတွင်းက ဒီအနန္တအသိဥာဏ်တွေကို ထုတ်ယူသုံးစွဲသူတွေဟာ သူတို့ရဲ့ဘ၀ကို အကြီး အကျယ် အောင်မြင်စေခဲ့တယ်လို့လည်း ဆရာကြီးက ကောက်ချက်ချ ခဲ့ပါ တယ်။

ဒီစိတ်နဲ့ ဒီစွမ်းအားတွေ၊ ဒီလို အနန္တအသိဥာဏ်တွေ အားလုံးဟာ လူတိုင်းအတွက် အမြဲအသင့်ရှိနေပါတယ်။ မသိစိတ်ထဲက ဒီစွမ်းအားတွေ ကို ထွက်ပေါ်လာအောင် ဆွဲထုတ်တတ်ရမှာကတော့ အောင်မြင်လိုသူ လူသား အားလုံးရဲ့ တာဝန်ပါပဲ။ ဒီလို စွမ်းအားတွေကိုမသိစိတ်ထဲကထွက်လာပြီးပြင်ပ မှာ အသုံးချတတ်အောင်တော့ စိတ်ကို အထူးလေ့ကျင့်ရမှာဖြစ်ပါတယ်။

မသိစိတ်ရဲ့ စွမ်းအားဟာ တီထွင်ဖန်တီးနိုင်မှု လုပ်ရပ်တွေ အားလုံးရဲ့ အနှစ်သာရ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာလောကကြီးမှာရှိတဲ့ အသစ် အဆန်းဖန်တီးမှုမှန်သမျှဟာ ဒီစွမ်းအင်ကြောင့် ဖြစ်တည်လာကြတာတွေပါပဲ။ သမိုင်းတစ်လျှောက်လုံး ပေါ်ပေါက်လာခဲ့တဲ့ တီထွင်ပါရဂူကြီးတွေ၊ စာရေး ဆရာကြီးတွေ၊ ပန်းချီအကျော်အမော်ကြီးတွေ၊ တွေးခေါ်ပညာရှင်ကြီးတွေ အားလုံးတို့ဟာ ဒီမသိစိတ်ထဲက စွမ်းအင်တွေနဲ့ ပြောင်မြောက်ခမ်းနားတဲ့ အနုပညာတွေ၊ တီထွင်ဖန်တီးမှုတွေ၊ သီအိုရီတွေကို မွေးထုတ် ခဲ့ကြတာဖြစ် ပါတယ်။

စိတ်ဟာ လူကိုယ်တိုင်သွားစရာမလိုဘဲ နေရာမျိုးစုံကို လျင်မြန်စွာ သွားရောက်နိုင်တာ သိပြီးဖြစ်မှာပါ။ ဒီလိုသိကြပေမယ့် ဒီစိတ်ရဲ့ အဝေး သွားနိုင်မှုကို လူအတော်များများက ထိထိရောက်ရောက် အသုံးမပြု ကြပါဘူး။ စိတ်ဟာ လွတ်လပ်တယ်။ ကြိုက်တဲ့နေရာ၊ ဖြစ်ချင်တဲ့ အရာကို ချက်ချင်း စက္ကန့်မခြား တွေးတောနိုင်တယ်။

လွတ်လပ်တဲ့ ဒီစိတ်စွမ်းအင်ဟာ တစ်စုံတစ်ခုကို ရယူဖို့၊ လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြလာတဲ့အခါမှာ ထွက်ပေါ်လာတတ်ပါတယ်။ ဒီအခါမှာ ပင်ပန်းနွမ်း နယ်မှု လုံးဝမရှိဘဲ နာရီပေါင်းများစွာ အလုပ်လုပ်နိုင်တယ်။ တစ်ခါတစ်ရံ အလုပ်တွေများလို့ အစားမမှန်၊ အအိပ်မမှန်တဲ့ ကြားက အားအင်တွေဖြစ် ထွန်းနေတတ်တယ်။ ပန်းတိုင်ရောက်ရင် အရုပ်ကြိုးပြတ် ပြိုလဲချင်လဲကျသွား မယ်။ ဒါပေမဲ့ပန်းတိုင်ကို သွားနေစဉ်မှာ စွမ်းအင်တွေ၊ စိတ်အားတက်ကြွမှုတွေ ဟာ ကိုယ့်ခန္ဓာဆီသို့ အဆက်မပြတ်စီးဝင်နေတတ်တယ်။

ဒီသဘောတရားတွေကို အောင်မြင်သူတွေက ကောင်းကောင်း သဘောပေါက်ပြီး သူတို့ရဲ့ဘ၀တိုးတက်အောင်မြင်ရေး ခရီးစဉ် မှာကောင်းကောင်းအသုံးချတော့တာပဲ။ ဒါကြောင့်အောင်မြင်ကျော်ကြားတဲ့ ပုဂိ္ဂုလ်ကြီးတွေဟာ ဘယ်သူမှလိုက်မမှီတဲ့ ထိပ်တန်းအောင်မြင်မှုတွေကို ရရှိကြတာပါဖြစ်ပါတယ်။

စိတ်မှာ စွမ်းအင်၊ သတိ္တ၊ တန်ခိုးတွေ ရှိပြီးသားပါ။ ကိုယ်ဖြစ်ချင်တဲ့ အရာကို ဆွဲဆောင်နိုင်တဲ့ သတိ္တထူးက ရှိနေပြီးသားပါ။ ဒါကို ယုံယုံကြည် ကြည်နဲ့ အသိအမှတ်ပြုရုံပါပဲ။ စိတ်ထဲမှာ ယုံကြည်မှုကိုသာ အမြဲနေရာပေး ထားပါ။ သံသယကို လုံးဝအ၀င်မခံပါနဲ့။အရာအားလုံးလွယ်ကူချောမွေ့အောင် စိတ်ရဲ့ စွမ်းအင်ဟာ လုပ်ဆောင်ပေးသွားလိမ့်မယ်လို့ကို ယုံကြည်နေပါ။ ဘာနည်းလမ်းမှမရှိဘူး၊ ဘာအရင်းအမြစ်မှ မရှိဘူး၊ ဖြစ်နိုင်ပါ့မလား ဆိုတာတွေ လုံးဝမတွေးပါနဲ့။ ဖြစ်နိုင်မှု အပေါ်မှာသာ ယုံယုံကြည်ကြည်တွေး ထားမယ်ဆိုရင် စိတ်ရဲ့ စွမ်းအင်ဟာ အလိုလို အောင်မြင်မှုဆီ ခေါ်ဆောင် သွားပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်းမှာ “ငါ့ စိတ်စွမ်းအင်တွေကို ငါအပြည့်အ၀ ယုံကြည်တယ်”လို့ အမြဲပြောပေးပါ။

လူတွေရဲ့ စိတ်စွမ်းအင်တွေဟာ မထင်မှတ်ထားတဲ့ အချိန်မှာ ထွက်ပေါ် လာတတ်ပါတယ်။ အခက်အခဲ၊ အကျပ်အတည်းတွေ ကြုံတွေ့နေရတဲ့အခါ မှာ ပေါ်ထွက်လာတတ်ပါတယ်။ စိတ်ဇောတွေ ထက်သန်လာ တဲ့အခါမှာ လည်း ထွက်ပေါ်လာတတ်ပါတယ်။ ဒီလို ထွက်ပေါ်လာတဲ့ အချိန်မှာ လူကလုပ်ဆောင်တာမျိုးမဟုတ်တော့ဘဲ စွမ်းအင်ကသာ လုပ်ဆောင်သွား တာဖြစ်ပါတယ်။ သာမန်အချိန်မှာ လူတစ်ယောက်အနေနဲ့ လုံးဝမသယ်နိုင်တဲ့ ကြီးမားတဲ့အရာတွေကို မီးလောင်တဲ့အခါမှာ သယ် ပြေးနိုင်တဲ့ဖြစ်ရပ်ဟာ စိတ်ရဲ့စွမ်းအင်ကသာ လုပ်ဆောင်သွားခြင်း ဖြစ်ပါတယ်။

ကိစ္စတစ်ခုခု မဆောင်ရွက်ခင်မှာ စိတ်စွမ်းအင်ကို အားကိုးပြုပါ။ ဥပမာ ကိုယ်က ပရိသတ်တွေအများကြီးရဲ့ ရှေ့မှာ စကားဟောပြောရ တော့မယ် ဆိုပါစို့။ ဒီအချိန်ခဏမှာ စိတ်ရဲ့စွမ်းအားတွေအားလုံးကို စိတ်ကူးနဲ့ စုစည်း လိုက်ပါ။ ခွန်အားတွေအများကြီးရှိလာတယ်လို့လည်း စိတ်ကခံစားပါ။ ခန္ဓာကိုယ်မှာစွမ်းအင်တွေအပြည့်ဖြစ်ထွန်းလာတာကို လည်းစိတ်ကသိနေပေး ပါ။ စွမ်းအင်အ၀န်းအ၀ိုင်းကြီးကိုယ့်မှာဖြစ်တည် လာတာကိုလည်း မြင်ယောင် ပါ။

ဒီအချိန် စိတ်မှာ စွမ်းအင်တွေ အပြည့်ရောက်ရှိနေပါလိမ့်မယ်။ ဒီစွမ်းအင်တွေကိုမပျောက်ပျက်စေပါနဲ့။ ထိန်းသိမ်းထားပါ။ပြီးရင်ဒီစွမ်းအင်တွေ ကို အားကိုးပြုပြီး စင်ပေါ်တက်ကာ ပြီးဆုံးသည်အထိ ဟောပြောပါ။ ထူးဆန်း တာက ကိုယ်ကပြောနေတယ်လို့ မခံစားရဘဲစိတ်ရဲ့ စွမ်းအင်တွေက သူ့အလို လို ဟောပြောသွားတယ်လို့ ခံစားရတာပါပဲ။ ဒါဟာ ကျွန်တော့် ကိုယ်တွေ့အောင်မြင်မှု တစ်ခုပါပဲ။

ဒါကြောင့် အလွယ်တကူ အောင်မြင်မှုတွေ ဖြစ်ထွန်းချင်ရင် စိတ်ရဲ့ စွမ်းအင်ကို အားကိုးပြုပါ။ လူတိုင်းအသုံးချလို့ရပါတယ်။ အရောင်းသမား တစ်ယောက် ပစ္စည်းရောင်းချတဲ့ဖြစ်စဉ်မှာ၊ ကျောင်းသားတစ်ယောက် စာမေးပွဲဖြေဆိုတဲ့ဖြစ်စဉ်မှာ၊ အဆိုတော်တစ်ယောက် သီချင်း သီဆိုဖျော်ဖြေ တဲ့ ဖြစ်စဉ်မှာ စသဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်တိုင်းမှာ အသုံးချကြည့်ပါ။ ထူးခြားလာတာကို တွေ့ရမှာမလွဲပါပဲ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

Credit: JOB seekers Journal Vol.2,No.48

No comments: