Wednesday, April 30, 2014

သတင်း သတင်း သတင်း

-->
မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်
“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေး အသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။

မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေ စုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော်က အခုလို ပြော ပါတယ်။

"ကျနော်တို့ ကလေးတွေကို ဖိတ်ခေါ်တယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အပါအဝင် လမ်းပေါ်မှာသွားနေတဲ့ ကလေးတွေပါ ဖိတ်ခေါ်ခဲ့တယ်၊ ဖိတ်ခေါ်ပြီးတော့ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုက နံပါတ် ၁ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ရိုးရာပွဲတော်ဟာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ အသိကလေးကို မျှဝေချင်တဲ့ အတွက်ကြောင့်မို့ ဒီအစီအစဉ်လေးကို ကျနော်တို့ကလုပ်ဖြစ်သွားတယ်၊ ကျနော်တို့ ပန်းစကားဆိုတဲ့ ပိတောက်ပန်းကလေး ကိုက်ထားတဲ့ တီရှပ်တွေကို ကျနော်တို့ ဝတ်ဆင်ပါတယ်၊ ပေးချင်တဲ့ဟာလေးက လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့တီရှပ်ကလေးကို ဝတ်ဆင်ထားပါတယ် "

ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင်  “ပန်းစကား” အဖွဲ့ဟာ သင်္ကြန်ကာလအတွင်း လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့အတွက် လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။
RFA - မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ

မြန်မာနိုင်ငံမှာ ကိုယ်ခံအားကျဆင်းမှုရောဂါ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ဥပဒေတခု ပထမဆုံး ပြဌာန်းနိုင်ဖို့ လွှတ်တော်အမတ်တွေနဲ့ လူထု အခြေပြုအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။

လွှတ်တော်အမတ်တွေနဲ့ လူထုအခြေပြုကွန်ရက်တွေရဲ့ အိတ်ခ်ျအိုင်ဗီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပူးပေါင်းကော်မတီက အိတ်ခ်ျအိုင်ဗီ ဥပဒေကြမ်း တရပ် ရေးဆွဲနိုင်ဖို့ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ Myanmar Positive Women Network က ဒေါ်ချောစုက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကျမတို့က အိတ်ခ်ျအိုင်ဗီနဲ့ ပတ်သက်လို့ အိတ်ခ်ျအိုင်ဗီ ပေါ့စတစ်တွေကိုလည်း တကယ်အကျိုးပြုပြီးတော့ ခွဲခြားဆက်ဆံမှုတွေ လျော့ကျပြီးတော့ ကုသမှု၊ ကာကွယ်မှုတွေကို အကုန်လုံး အဆင်ပြေမယ့် ဥပဒေ တခု ထွက်ဖို့တော့ မျှော်မှန်းတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ အဲဒီ ဥပဒေ တခုလုံးကို မလှမ်းသေးခင်မှာ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေထဲမှာ ဘယ်ဥပဒေက အိတ်ခ်ျအိုင်ဗီ ရှိတဲ့ လူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေလား၊ ပြီးတော့ ကာကွယ်ရေးတွေမှာ ဘာတွေ အခက်အခဲဖြစ်နေလည်း အဲဒါတွေကို ကျမတို့ ကြည့်သွားမယ်လို့ အရင်ဆုံး စဉ်းစားထားတယ်ပေါ့။”

ဒီ ဥပဒေရေးဆွဲရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းနဲ့ ဒေါ်စန္ဒာမင်းတို့လည်း ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒေါ်စန္ဒာမင်းကတော့ ဥပဒေကြမ်းမှာ ဘာတွေ ထည့်သွင်းမယ်ဆိုတာကို မစဉ်းစားရသေးပဲ ခုမှာ စတင်ပြင်ဆင်နေတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

“ကျမတို့ လွှတ်တော် နားတဲ့ကာလမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ဆွဲမယ်လို့ လုပ်နေတာ။ မဆွဲရသေးပါဘူး။ ကျမတို့ အခုမှစပြီး ပြင်ကာစပဲ ရှိပါသေးတယ်။ မဆွဲရသေး ပါဘူး။ ကျမတို့ လွှတ်တော် နားမယ့်အချိန်မှာ တွေ့မယ်လို့ စီစဉ်ထားတာပဲ ရှိပါသေးတယ်။ ကျမတို့ ဘယ်အတိုင်းအတာအထိ ဘာတွေ ထည့်မယ်ဆိုတာက အဓိက ဘယ်ဟာကို ဦးတည်ပြီး၊ ခွဲခြားဆက်ဆံခြင်းကို ဦးတည်ပြီး လုပ်မှာလား၊ ဘယ်ဟာကို လုပ်မှာလဲဆိုတာ ကျမတို့ မဆုံးဖြတ်ရသေးဘူး။”

ဒီဥပဒေကြမ်းမှာ အိတ်ခ်ျအိုင်ဗီဝေဒနာရှင်တွေ ခွဲခြားဆက်ဆံခံရတာနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းရေးဆွဲနိုင်ဖို့ လေ့လာသွားမယ်လို့လည်း ပြောပါတယ်။
အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူ တယောက်ကတော့ ဥပဒေမှာ ပါစေချင်တဲ့ အချက်နဲ့ သူကြုံတွေ့ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“လုပ်ငန်းခွင်များလည်း သူတို့ကတော့ ထုတ်ပစ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ခဏ နားလိုက်ပါအုံးဆိုပြီး ပြန်ပြီးတော့ အလုပ် မခန့်တော့တာမျိုးပေါ့လေ။ လူက ကျန်းမာလာတယ်၊ ဆေးသောက်လိုက်လို့ နေကောင်း လာပေမယ့် ပြန်မခန့်တာတွေပေါ့လေ။ ရောဂါရှိပေမယ့် လုပ်နိုင်နေသေးတယ် ဆိုရင်ပေါ့နော် လုပ်ငန်းတွေ ခန့်ထားပေးဖို့ပေါ့နော်။ အကြောင်းအမျိုးမျိုးနဲ့ ဆေးပင်စင်တို့ဘာတို့ ဒါမျိုးပေးတာတွေပေါ့။”

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့တို့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်းကျော် ရှိနေတာ ဖြစ်ပါတယ်။
လတ်တလော ဝေဒနာရှင်တွေအတွက် ပုံမှန်ဆေးသောက်ဖို့ အကူအညီလိုအပ်တဲ့အပြင် အလုပ်အကိုင်တွေ ရရှိဖို့လည်း အရေးတကြီး လိုအပ်နေတယ်လို့ အိတ်ခ်ျအိုင်ဗီအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ပြဋ္ဌာန်းထားတယ်လို့လည်း သိရပါတယ်။
DVB - မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ 

အိန္ဒိယနယ်ဘက်သို့ ART ဆေး သွားယူသော AIDS ရောဂါရှင်များကို အိန္ဒိယ နယ်ခြားစောင့်တပ် တားမြစ်
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ HIV ရောဂါပိုး ရှိသူများသည် NGO အဖွဲ့အစည်းများ အကူအညီဖြင့် အိန္ဒိယနိုင်ငံဘက်သို့ ART ဆေး သွားရောက် တောင်းခံရာတွင် နယ်စပ်ရှိ အိန္ဒိယနယ်ခြားစောင့် တပ်များမှ တားမြစ်မှုများရှိကြောင်း ယင်းရောဂါရှင်များနှင့် ဒေသခံ NGO အဖွဲ့အစည်းများထံမှ သိရသည်။

“ခဏခဏ ကြုံရတယ်။ ဒီနှစ်ထဲ နှစ်ခါလောက် ရှိတယ်။ ဒါကြောင့် လူနာတွေမှာ ဆေးအလျဉ်မမီတာတွေ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) ကလေးတာဝန်ခံ ဦးအင်ဇငိုက ပြောသည်။
နယ်စပ်ပြဿနာများ ပေါ်ပေါက်ပါက ယင်းကဲ့သို့ တားမြစ်ခံရခြင်း ဖြစ်ကြောင်း၊ HIV ပိုး ရှိသူများဖြစ်ပြီး မိုရေးမြို့သို့ ART ဆေး သွားယူရန်အတွက် ဖြစ်ကြောင်း၊ ရှင်းပြနိုင်မှသာ ဝင်ခွင့်ရကြောင်း၊ ၎င်းတို့ ဘာသာစကား မတတ်ကျွမ်းလျှင် ဝင်ခွင့်မရဘဲ ပြန်လာရတတ်ကြောင်း၊ ဆေးကိုလည်း လူကိုယ်တိုင် သွားယူရကြောင်း ၎င်းက ရှင်းပြသည်။

ချင်းပြည်နယ်နှင့် ကလေးဒေသရှိ ရောဂါရှင်များအတွက် ၎င်းတို့အဖွဲ့မှ တာဝန်ခံကာ ART ဆေး ထုတ်ပေးသော ဦးရေမှာ တစ်ထောင်ကျော်ခန့် ရှိကြောင်း၊ ဆေးထုတ်ပေးမှု အနေဖြင့် လူနာအသစ် ဆိုလျှင် တစ်ပတ်စာ ထုတ်ပေးကာ ဆေးတည့်ပြီ ဆိုပါက တစ်လစာ၊ ဆက်လက်၍ အများဆုံး သုံးလစာအထိ ပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဒေသတွင်းရှိ ဆေးရုံများတွင်လည်း ART ဆေးပေးမှု ရှိသော်လည်း လုံလောက်အောင် မပေးနိုင်သည့်အတွက် မိုရေးမြို့ဘက်သို့ သွားရောက်ယူရခြင်း ဖြစ်ကြောင်း ကလေးဒေသရှိ ယင်းကိစ္စ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများက တူညီစွာ ပြောဆိုသည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ART ဆေးကို ပြည်သူ့ဆေးရုံကြီးရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွင် ထုတ်ပေးနေပြီး လက်ရှိတွင် လူကြီး ၁၅၀ ဦးနှင့် ကလေး ၅၀ ဦးတို့အား ဆေးပေးနေကာ သုံးလတစ်ကြိမ်ခန့် ဆေးပေးမှုနှုန်း တိုးမြှင့်သွားမည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် HIV နှင့် TB ရောဂါပိုး ရှိသူများကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချူရာချန်ပူမြို့တွင် စခန်းဖွင့် အကူအညီပေးနေပြီး ယခင်နှစ်က မြန်မာနိုင်ငံမှ ရောဂါရှင်ပေါင်း ၇၀၀ ခန့် လာရောက် ကုသမှု ခံယူနေပြီး နယ်စပ်ရှိ မိုရေးမြို့တွင်လည်း ဆေးခန်းခွဲ ဖွင့်လှစ်ထားပြီး ဆေးလာယူသူများ ရှိကြောင်း ယင်းနိုင်ငံထုတ် သတင်းများအရ သိရသည်။

ကလေး၊ ဧပြီ ၂၅
The Voiceweekly - အိန္ဒိယနယ်ဘက်သို့ ART ဆေး သွားယူသော AIDS ရောဂါရှင်များကို အိန္ဒိယ နယ်ခြားစောင့်တပ် တားမြစ်

No comments: