Friday, March 1, 2013

အရှေ့တောင် အာရှမှဟိန္ဒူအငွေ့အသက်မကင်းသော ဂဠုန်




အရှေ့တောင် အာရှနိုင်ငံများ တံဆိပ် အချို့တွင် သူတို့က ဂရုဒ ဟုခေါ်သည့် ဂဠုန်ပုံ ကို တွေ့ရသည်။ ဟိန္ဒူ အငွေ့အသက် မကင်းချေ။
အိန္ဒိယနိုင်ငံတော် အထူးသဖြင့် ဒက္ခိဏဒေသဖြစ်သော တောင်ပိုင်း အရပ်ဒေသများမှ ဗြဟ္မဏဘာသာဝင် ဟိန္ဒူ အမျိုးသားတို့သည် ရှေးအလွန်ကျသော ကာလမှစ၍ အရှေ့ အာရှတိုက်တောင်ပိုင်း နိုင်ငံများသို့ သွားရောက်နေထိုင်ကြ၏။ အချို့နိုင်ငံများတွင် မင်းဆက်များ ထူထောင် ခဲ့ကြ၏။ ထိုနိုင်ငံများတွင် ယနေ့တိုင်အောင် ဘုရင်များ ဘိသိက်ခံခြင်း၊ နန်းတက်ခြင်း၊ သင်္ကြန်တော်ခေါ် ခြင်းစသော အဆောင်အရွက်တို့တွင် ဗြဟ်္မဏဘာသာဝင် ပုဏ္ဏားများ ရွက်ဆောင်ကြရလေသည်။ ဥပမာ- (မြန်မာပြည်ပုဂံခေတ် ကျန်စစ်မင်းကြီးလက် ထက် နန်းတော်သစ်ကြီး ဆောက်လုပ်ရာ အစီအစဉ် အခမ်းအနားများအကြောင်းကို မွန်ဘာသာဖြင့် ကျောက်စာရှည်ကြီး၊ စာကြောင်းရေ ၁၀၀၀ ကျော် ထိုးမှတ်ခဲ့၏။ ထိုကျောက်စာတွင် နန်းတော်ဆောက်လုပ်မည့်နေရာ၌ “နာရာယဏ”မည်သော ဗိဿနိုး နတ်အား ပူဇော်ပသ သော ကိစ္စများတွင် ပုဏ္ဏားများပါဝင်ရှေ့ဆောင်ကြကြောင်း ဖော်ပြ ထား၏။ ထိုပုဏ္ဏားများသည်ကား ဗြဟ္မဏ ဘာသာဝင်များပင် ဖြစ်ကြလေသည်။)

ဟိန္ဒူအငွေ့အသက်မကင်းသည့် ဗုဒ္ဓဘာသာစာပေနှင့် မြန်မာ့စာပေများတွင် တိရစ္ဆာန်များကို ဖော်ပြ ထားသည်။ ဥပမာ- ခြင်္သေ့၊ ကိန္နရာ၊ နဂါး၊ ဂဠုန်၊ မနုဿီဟ၊ ဟင်္သာ စသော လူလိုလို၊ တိရစ္ဆာန်လိုလို၊ နတ်လို လို သတ္တ၀ါများကို တွေ့ရ၏။ ခြင်္သေ့သတ္တ၀ါနှင့် ဟင်္သာငှက်သည် တကယ်ရှိသော်လည်း မြန်မာ့စာပေမှ ခြင်္သေ့ပုံ သည် တိရစ္ဆာန် ခြင်္သေ့ ကဲ့သို့ မဟုတ်ဘဲ မျက်မြင်အားဖြင့် မတွေ့ရ၊ မရှိသော အနုပညာဆန်ဆန်ပုံ ဖြစ်သည်။ ဟင်္သာငှက်သည်လည်း ရွှေရောင်ဘဲငှက် ကဲ့သို့ဖြစ်သော်လည်း မျက်မြင်အားဖြင့် မတွေ့ရသော အနုပညာ ဆန်ဆန် တန်ဆာဆင်ထားသည့် ငှက်ပုံဖြစ်နေ သည်။ ထူးခြားသော အစွမ်းသတ္တိများလည်း ရှိကြသည့် အကြောင်းကို ထိုစာပေများတွင် ဖော်ပြထားသည်။ နောက်ခံ ဒဏ္ဍာရီဆန်သော သမိုင်းမှတ် တမ်းများလည်း ရှိတတ်၏။

ဗုဒ္ဓဘာသာဝင်တို့၏ လောကီ ကျမ်းများတွင်“တနင်္ဂနွေဂဠုန်”ဟု အမှတ်အသားပြုကာသုံးစွဲသည်။ ဗေဒင် ကျမ်းဂန်များ၌-
“တနင်္ဂနွေဂဠုန် ရှေ့မြောက်ကြုံ၊ နေတုံခြောက်နှစ်မျှ”
ဟူသော သံပေါက်လည်း ရှိသည်။ ဗုဒ္ဓဘာသာစာပေ သံယုတ္တနိကာယ် ခန္ဓ၀င်္ဂသံယုတ်တို့အနက် သုဝဏ္ဏ သံယုတ်တွင် ဂဠုန်လေးမျိုးအကြောင်း ဖော်ပြထားသည်။ (၁) အဏ္ဍဇ (၂) ဇလာဗုဇ (၃) သံသေဒဇ (၄) သြပ ပါတိက ဟူ၍ ဖြစ်သည်။ နဂါးနှင့် ပတ် သက်၍ ဗုဒ္ဓဘာသာစာပေနှင့် ဟိန္ဒူ စာပေတို့၌ ဖော်ပြပုံချင်း အချို့နေရာများ တွင် ဆင်တူနေသည်ကို တွေ့ရလေ သည်။ ဂဠုန်နှင့် ပတ်သက်၍လည်း အတော်များများ ဆင်တူနေသည်။

ဟိန္ဒူဘာသာဝင်တို့က ဂဠုန်ကို “ဂရုဒ” ဟုပင်ခေါ်ဆို၏။ ဂရုဒကို အဓိပ္ပာယ်ဖော်ရာတွင် ဟိန္ဒူရှေး ဟောင်း ယုံကြည်မှုဆိုင်ရာ အဘိဓာန်၌ ရှေး ဟောင်းပုံပြင်လာ ငှက်မျိုး (သို့မဟုတ်) လင်းငှက်တစ်မျိုးဖြစ်၍ လူ၏ကိုယ်၊ ခြေနှင့် လင်းယုန်ငှက်၏ ဦးခေါင်း၊ နှုတ် သီး၊ အတောင်နှင့် ခြေသည်း၊ လက် သည်းများရှိသည် ဟုလည်းကောင်း၊ မျက်နှာမှာဖြူ၍ နီသောအတောင်နှင့် ကိုယ်အရောင်မှာ ကြွေအဆင်းဟူ၍ ဆို သည်။
အထက်ပါငှက်ကား ဟိန္ဒူဘာသာ ၀င်တို့ အယူအားဖြင့် သာမန်ငှက်မျိုး မဟုတ်ပေ။ ယင်း၏ဖခင်မှာ ဗြဟ္မာ (ဘရမာ)၏ မြေးဖြစ်သော“ကဿ ယာပ”ဖြစ်သည်။ ကဿယာပမှာ လူတို့ အား စတင်ပေါက်ဖွား သူ“မနု”၏ အဘိုး လည်း ဖြစ်သည်။ ထို့ကြောင့် ဟိန္ဒူ အလိုအားဖြင့် ဂရုဒ(ဂဠုန်)နှင့် လူသားတို့ သည် ဆွေမျိုး တော်စပ်လျက် ရှိပေ သည်။ လူနှင့်သာ မဟုတ်သေး အခြား များစွာသော သတ္တ၀ါတို့နှင့်လည်း ဂရုဒ သည် အမျိုးတော်စပ်သည်ဆို၏။

ကဿယာပတွင် ဇနီးများအဖြစ် “ဒက္ကသျှ” ၏ သမီး ၁၃ ယောက် ရှိ သည်။ ထို ၁၃ ယောက်မှ မွေးဖွားလာ သူများတွင် နတ်ဆိုးများ၊ မြွေနဂါးများ၊ ငှက်များ စသည် သတ္တ၀ါများ ပါဝင် ကြလေသည်။ ဂရုဒ၏ မိခင်မှာ “ဗိနာတ” ဖြစ်၍ ယင်းမှဥသော ဥမှ ဂရုဒကို ပေါက်ဖွားသည်ဟု ဆိုသည်။ ဗိသျှနပုရာဏ်ကျမ်းကမူ ဂရုဒ၏မိခင်မှာ “ဗိနာတ” မဟုတ်ဘဲ “မိတီ” ဖြစ်သည် ဟု ဖော်ပြသည်ကိုလည်း တွေ့ရှိရလေ သည်။
မဟာဘာရတကျမ်းအဆိုအရ “ကဿယာပ” နှင့် “ဗိနာတ” တို့သည် ဂရုဒကို ဒုစရိုက်ပြု လူသား တို့အား စား သောက်နိုင်ခွင့်ပေးထားလေသည်။ သို့ သော် ဗြဟ္မဏ အမျိုးသားတို့အား လုံးဝ အန္တရာယ်မပြုရန် တားမြစ်ကြသည်။ တစ်ကြိမ်သောအခါတွင် ဗြဟ္မဏ ဇနီး မောင်နှံတို့ကို စားမျိုမိရာ လည်ချောင်း တွင် မီးလောင် ခံရသကဲ့သို့ ပူပြင်းလှ သဖြင့် ပြန်၍ အန်ထုတ်လိုက်လေသည်။ ထိုအချိန်မှစ၍ ဂရုဒသည် ဗြဟ္မဏတို့ အား ရန်မပြုတော့ဟု ဆိုပါသည်။

ဂရုဒကို ဖွားမြင်စဉ်က သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် တောက်ပ လွန်းလှသဖြင့် နတ်အပေါင်းတို့သည် အဂ္ဂနိ ခေါ် မီးနတ်ဟု ထင်မှတ်ကာ ကိုးကွယ်ပူဇော်ကြသေးသည်။ ဂရုဒတွင် အခြားအမည်များလည်း ရှိသည်။ ကဿ ယာပ၏ သားဖြစ်သဖြင့် ကဿသာမီ ဟုလည်းကောင်း၊ ဗီနာတ၏ သားဖြစ်သဖြင့် ဗေနာတေယ ဟုလည်းကောင်း တွင်သေး၏။ ထို့ပြင် သုပဏ္ဏမှာလည်း အတောင်တို့၏ အရှင်ဟူသော အဓိပ္ပာယ်ကို ဆောင်သည့် ယင်း၏ အမည်တစ်ခုပင် ဖြစ်သည်။

ပါမောက္ခ ၀ီလ်ဆင် ဆိုသူကမူ သုပဏ္ဏဟူသောအမည်ကို ဂဠုန်(ဂရုဒ) ကဲ့သို့ တန်ခိုးရှိ၍ ထူးခြားသော ငှက်များကို ခေါ်ဆိုသော အမည်ဖြစ်သည်ဟု ဆိုလေသည်။ အခြားအမည်တစ်ခုမှာ “သာရပါရတီ” ဖြစ်၍ အဓိပ္ပာယ်မှာ မြွေတို့၏ ရန်သူဟု ဖြစ်လေသည်။ (ဤနေရာ၌ မြန်မာတို့ အယူအဆတွင် ဂဠုန်နှင့် နဂါး သင့်မြတ်မှု မရှိသည့် ရန်ဘက်ဖြစ်သည်ကို သတိပြုရာ၏။)
မြွေနဂါးတို့နှင့် အဖေအမေကွဲ ညီအစ်ကိုလည်း ဖြစ်သည်။ အမေညီအစ်မ လည်း ဖြစ်သည်။ ထို့ကြောင့် ဂဠုန်နှင့် နဂါးတို့သည် ကမ္ဘာ့ရန်ဖြစ်ခဲ့ကြလေသည်။ ဤသို့ဖြစ်ရသည့်အကြောင်းမှာလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။

ကဿယာပ၏ ဇနီးများဖြစ်သော ညီအစ်မ ၁၃ ဖော်အနက် နဂါးတို့၏ မိခင် “ကဒ္ဒဓု” နှင့် “ဂရုဒ” ၏ မိခင် ဗိနာတတို့သည် သမုဒ္ဒရာမှ ထွက်ပေါ် လာသော မြင်းတစ်ကောင်၏အသွေးကို ငြင်းခုံကြရာမှားလျှင် ကျွန်ခံတမ်း အလောင်းကစား ပြုကြလေသည်။ “ဂရုဒ”၏ မိခင်သည် ရှုံးနိမ့်သဖြင့် ကဒ္ဒဓု၏ ကျွန်အဖြစ်နှင့် နဂါးတို့ပြည်သို့ လိုက်ပါသွားခဲ့ရလေသည်။ ဤအကြောင်းသည်ပင် ဂဠုန်နှင့် နဂါးတို့ ကမ
ာရန်ဖြစ်ရ သည့်အကြောင်း ဖြစ်၏။

ဂရုဒသည် မိမိ၏မိခင်ကို လွှတ်ပါရန် အကြိမ်ကြိမ်တောင်းပန်သော်လည်း နဂါးတို့က မလွှတ်ပေ။ သို့သော် လမင်းကို ဖမ်းယူပေးအပ်မည်ဆိုက ဗိနာတကို လွှတ်မည်ဟု နဂါးတို့ကဆိုသည်။ ထိုကြောင့် ဂရုဒသည် လမင်းကိုဖမ်းရန် ထွက်သွား လေသည်။ လမ်းခရီးတွင် ဖြစ်ပွားသော အဖြစ်အပျက်တစ်ခုသည် ဂရုဒ၏ အရွယ် ပမာဏကို ကောင်းစွာ ဖော်ပြလေသည်။

ခရီးမှာ ဝေးကွာလွန်းသဖြင့် ဂရုဒသည် လမ်းခရီးကြားတွင် ဆာလောင်မွတ်သိပ် ခြင်းကြောင့် ယင်း၏ ဖခင်နှင့် လမ်းခရီးတွင်တွေ့ရာ စားသောက်ဖွယ်ရာများ အဘယ် မှာ ရနိုင်မည်နည်းဟု မေး၏။ ဖခင်ကဿ ယာပသည် လိပ်တစ်ကောင်နှင့် ဆင်တစ် ကောင်တို့ သတ်ပုတ်နေရာ ရေကန်တစ်ခုကို ညွှန်ပြလိုက်လေသည်။ ယခုခေတ် လူတို့ အတိုင်းအတာအားဖြင့် ထိုလိပ်သည် မိုင် ၈၀၀ အလျားရှိ၍ ဆင်မှာမူ မိုင် ၁၆၀ ရှိလေသည်။ ဂရုဒသည် ထိုသတ္တ၀ါနှစ်ကောင်ကို မြင်သောအခါ အနီးသို့ချဉ်း ကပ်ပျံသန်း၍ လိပ်ကို ခြေတစ်ဖက်တွင် လည်းကောင်း၊ ဆင်ကို အခြားခြေတစ်ဖက် တွင်လည်းကောင်း ကုပ်ယူကာ ပျံသန်းခဲ့လေ သည်။ ထို့နောက် ယင်းတို့အား စားတော့ အံ့ဟုကြံကာ မိုင် ၈၀၀ အမြင့်ရှိသော သစ်ပင်တစ်ပင်ပေါ် နားလေသည်။ သို့သော် လည်း သစ်ပင်မှာ ဂရုဒနှင့် ယင်း၏သားကောင်နှစ်ကောင်တို့၏ အလေးချိန်ကို မခံနိုင်သောကြောင့် လဲပြိုသွား ရသည်။

ထိုအချိန်မှာပင် ဗြဟ္မဏအမျိုးသား လူပုလေး ၁၀၀၀ ခန့်သည် ထိုသစ်ပင်၏ အကိုင်းတစ်ခုပေါ်၌ ပူဇော်ပွဲပြုလုပ်နေကြသည်ကို ဂရုဒမြင်သည်။ သစ်ပင်ပြိုလဲ ကျိုးကျလျှင် ထိုဗြဟ္မဏအမျိုးသားတို့ သေကျေပျက် စီးကြတော့မည်။ ထို့ကြောင့် ဂရုဒသည် လိပ်နှင့် ဆင်ကို ခြေတွင်ကုပ်ထားရင်း လူပုလေးများရှိသော အကိုင်းကို နှုတ်သီးဖြင့်ချီကာ တစ်ဖန်ပျံသန်းသွားရပြန်လေသည်။ တစ်ခုသော ကွင်းပြင်အလယ်ရှိ တောင်ကုန်းတစ်ခု သို့ရောက်မှ ဆင်းသက်ကာသစ်ကိုင်းနှင့် လူပုလေးတို့ကို ဘေးကင်း စွာ ချထားပြီးနောက် မိမိ၏အစာကို လျင်မြန်စွာ စားသောက်နေတော့သည်။

ဤကဲ့သို့ အနှောင့်အယှက် အခက် အခဲများစွာကို ကျော်လွန်ကာ ဂရုဒသည် လထံသို့ ရောက်ပြီးလျှင် လအားဖမ်းယူ ကာ အတောင်ကြားတွင် ၀ှက်ပြီး နဂါး တို့ ဒေသသို့ ဆောင်ကြဉ်းရန် လှည့်ပြန် လေတော့သည်။
လမ်းခရီးအကြားတွင် လတွင် ပါဝင်သည့် မအို၊ မနာ၊ မသေဖြစ်စေ သော နတ်ရေစင်အချို့သည် ဖိတ်စဉ်၍ မြေပြင်ရှိ ကုသမြက်ဖျာပေါ်သို့ကျရာ မြွေနဂါးတို့သည် လျက်ယူ သောက် လိုက်ကြလေသည်။ ဤရေစင်ကို သောက်ရသဖြင့် မြွေနဂါးတို့သည် အရေ လဲကာ မအို၊ မနာ၊ မသေဘဲရှိကြသည် ဟု အဆိုရှိသည်။ သို့သော်လည်း ရေစင် ၏ လောင်ကျွမ်းမှုကြောင့် လျှာမှာ နှစ်ခွ ဖြစ် ကြရလေသည်ဟု ဆိုပါသည်။
လမင်းအား ဂရုဒ ဖမ်းယူသွား သည်ဟု သိသည်နှင့် တစ်ပြိုင်နက် နတ်အပေါင်းတို့သည် ဂရုဒ၏ နောက်သို့ လိုက်ကာဝိုင်းဝန်းတိုက်ခိုက်ကြသည်။ ဤစစ်ပွဲတွင် နှစ်ဖက်လုံးပင် အထိ အခိုက်အားကြီးသဖြင့် အရှုံးအနိုင်မပေး ဘဲ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းကာ အဆုံးသတ်လိုက်ကြသည်။

နတ်တို့သနင်း သိကြားမင်း(အိ ၏ မိုးကြိုးလက်နက်ပင် ပျက်စီးသွားခဲ့ သည်။ လမင်းကိုကား နတ်တို့ ပြန်ရ လေသည်။ ဂရုဒကိုမူ ဗိသျှနုနတ်က ကမ
ာတည်စေမည်ဟု ကတိပြုကာ အဆင့်အတန်းကိုလည်း မြှင့်ပေး လိုက် လေသည်။ ဂရုဒကလည်း ဗိသျှန၏ ရင်ထိပ်တွင် ဂဠုန်၏ပုံပါသော တံခွန်ကို လွှင့်ထူထားလေသည်။

အထက်ပါအကြောင်းအရာများ ကို ကြည့်ခြင်းဖြင့် ဂရုဒဆိုသည့် ဂဠုန် ၏ အရွယ်ပမာဏကို သိရပေသည်။ မြန်မာ့စွယ်စုံကျမ်းတွင်-
“လေးသောဝန်ကို ဆောင်ယူတတ် သော သတ္တ၀ါသည် ဂဠုန်မည်၏ဟု မာဂဓအဘိဓာန်များက အဓိပ္ပာယ်ဖော်ပြ ကြောင်း ရေးသားဖော်ပြထားသည်။ ထို့ ပြင် ဂဠုန်သည် ငှက်တို့၏မင်း ဖြစ် သည်။ ဂဠုန်ငှက်မင်းသည် ယူဇနာ ၁၅၀ ခန့် အရွယ်ရှိကြောင်း၊ သုတ်မဟာ ၀ါအဋ္ဌကထာ၊ မဟာနိဒါနသုတ်၌လည်း ပါရှိသည်။ ခရစ်နှစ် ၁၉၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရအား ပုန် ကန်တော်လှန်သော ဆရာစံ သူပုန်ပေါ် ပေါက်ခဲ့သည်။ စနေနံ နဂါးရုပ်ဖြစ်သော အင်္ဂလိပ်ကို အောင်နိုင်စေခြင်းငှာ ဆရာစံ သည် သုပဏ္ဏက ဂဠုနရာဇာ (ဂဠုန် မင်း) ဘွဲ့ကို ခံယူခဲ့သည်။ မြန်မာစာပေ တို့တွင်လည်း ဂဠုန်အကြောင်းကို “ဂဠုန် နဂါး ပုံမခြား စုံများတဲ့ရုပ်ကောင်” ဟူ၍ စိန်ခြယ်ဖြာရောင်လင်း ကြိုးသီချင်းတွင် တိမ်ကိုတင်စားနှိုင်းဖွဲ့ခဲ့သည်။ ရှင်ဥတ္တမ ကျော်တောလားရတုတွင်လည်း “ယုဂန် ထက်က လေးဖက်လုံးခြုံ တိမ်ဂဠုန် လည်း နဂါးယုံကြွေ့ ရန်ချင်းတွေ့သော် ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်ခဲ့” ဟူ၍ တိမ်ကိုပင် သက်ဝင်လှုပ်ရှား ဂဠုန်ငှက် အလား တင်စားနှုန်းဖွဲ့ခဲ့သည်။ မြန်မာ့ ဝေါဟာရတွင် စစ်ဆင်ရာ၌ “ဂဠုန် တောင်ဖြန့်သည်” ဟူ၍လည်းကောင်း၊ ဆေးပင်၊ ၀ါးပင်များတွင် “ဂဠုန်လက် သည်းပင်” ဟူ၍လည်းကောင်း ဂဠုန် ငှက်ကို အထူးတင်စား၍ ဆိုလေ့ ရှိကြ သည်။ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည်ပင် ဂဠုန်မင်းဖြစ်ခဲ့ ဖူးသည်ဟု ဘုရားဟော မုက္ခပါဌ် ငါးရာ့ ငါးဆယ်ဖြစ်စဉ် တိံသနိပါတ်ပဏ္ဍရက ဇာတ်တော်၌ တွေ့ရသည်။”
ဟု ရေးသားဖော်ပြထား၏။

ရာမယနဇာတ်တော်တွင် လင်္ကာဒီပ စစ်ပွဲ၌ ဂရုဒသည် ရာမမင်းအား ကြီးစွာ သော အကူအညီကို ပေးသေးသည်။ လင်္ကာဒီပပြည့်ရှင် ရာဗန၏သားတော် အိÿာဂျစ်(အိÿာနတ်ကို အောင်နိုင်သူ) သည် ရာမ၊ လက္ခဏာနှင့် ဟာနုမာန် တို့အား နဂါးမြားတို့ဖြင့် ပစ်လေရာ ရာမ မင်း၏ ရှေ့တော်သို့ ရောက်လာကာ ဂဠုန်မြားတို့ကို ပေးပြန်သည်။ ရာမမင်း ၏ ဂဠုန်မြားတို့သည် အိ ဂျစ်၏ နဂါး များတို့ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ထို့ကြောင့် ဂရုဒနှင့် ပတ်သက်၍ ရာမယနတွင် အောက်ပါအတိုင်း ဖော်ပြ ထားလေသည်-

“လေ၏အသံသည် ပြင်းထန်၍ လာလေသည်။ တိမ်ယံကြားမှ နီရဲသော လျှပ်စစ်ရောင်တို့လည်း တလျှပ်လျှပ် ထွက်ပေါ်လာသည်။ တောင်များပင် တုန်ဟည်း၍ သမုဒ္ဒရာပင် လှိုင်းကြီးများ ထကြသည်။ ကမ်းတစ်လျှောက်တွင် ပေါက်ရောက်နေကြသော မြင့်မားသည့် သစ်ပင်ကြီးတို့သည် လေ၏ဒဏ်ကို မတွန်း လှန်နိုင်သဖြင့် ယိုင်လဲကြရလေ သည်။ အဏ္ဏ၀ါအတွင်းရှိ သတ္တ၀ါအား လုံး၊ တုန်လှုပ်ချောက်ချားလျက် ရှိတော့ သည်။ ထို့နောက် နတ်တို့၏ဘုရင် ဂရုဒ သည် ကိုယ်ထင်ထွက်ပေါ်လာလေ သည်။ အံ့ဖွယ်သရဲရှိလှ၏။ မီးလျှံ ကဲ့သို့ သော ကိုယ်ရောင်တို့ဖြင့် တောက်ပ လျက်ရှိသည်။ ယင်း၏တင်းမာသော မျက်စောင်းအရှိန်မှ နဂါးတို့ သည် ဝေး ရာသို့ ဆောလျင်စွာ ပြေးကြရသည်။ မင်းသားများ (ရာမနှင့် လက္ခဏာ) တို့ ကို ၀ိုင်းရံလျက်ရှိသော “နဂါးများ” တို့ သည် မြေတွင် ပျောက်ကွယ်ကြလေ သည်။”
ဟိန္ဒူဘာသာဝင်တို့၏ ဂရုဒ (ခေါ်) ဂဠုန်အကြောင်းကို ရာမယနဇာတ် တော်တွင် အထက်ပါအတိုင်း ဖော်ပြ ထားလေသည်။ ထို့ပြင်လည်း ဗုဒ္ဓစာပေ တွင် သုပါဏ္ဏသံယုတ်ဟူ၍ ဂဠုန် အကြောင်းကို ဖော်ပြသော စာပေရှိလေ သည်။ ပုဂံ၌ အများက “နတ်လှောင် ကျောင်း” ဟု ခေါ်နေသော ဗိမာန် တန်ဆောင်းတော်တွင် ဗြဟ္မဏဘာသာ ၀င်တို့၏ ဗိဿနိုးနတ်မင်းကြီးရုပ်တုရှိ သည်။ ထိုရုပ်တုအစိတ်အပိုင်းတစ်ခုလုံး သည် ပလ္လင်တော်မှ ကြာပွင့်ချပ်များပေါ် တွင် ထုထားသည်။ ပဒုမာသန ကြာ နေရာပေါ်တွင် ထိုင်နေသော နတ်မင်း ကား ပြုံးရွှင်နေ၏။ ဂဠုန်ငှက်ယာဉ် သည်ကား ပျံတက်တော့မည့်ဟန်အသွင် ကို ဆောင်သည်။ ၄င်းဂဠုန်ငှက်သဏ္ဌာန် မှာ ကိုယ်က လူ့ကိုယ်ခန်္ဓာဖြစ်၍ လေး လံသော အတောင်ပံများကို ဖြန့်လျက်ထား သည်။ ရုပ်တုမှာ ကျောက်သား တွင် ထုလုပ်ထားခြင်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် အတောင်ဖြန့်နေသော ဂဠုန်ငှက်ပေါ်မှ ကြာပလ္လင်တွင်ထက် ၀ယ်ဖွဲ့ခွေ ထိုင်လျက်နေသော ဗိဿနိုး နတ်မင်းကြီးပင် ဖြစ်သည်။

ဟိန္ဒူရှေးဟောင်းပုံပြင်ဒဏ္ဍာရီ များနှင့် ဘာသာရေးဆိုင်ရာ အယူအဆ များတွင် ဂဠုန်ငှက်မှာ အခိုင်အမာရှိခဲ့ ကြောင်း မှတ်သားရသည်။ ဗုဒ္ဓဘာသာ ၀င်တို့၏ ဘာသာရေးဆိုင်ရာ ကျမ်းများ တွင်လည်း ဂဠုန်ကို တိတိကျကျရှိခဲ့ဖူး ကြောင်း တွေ့ရသည်။

သို့သော်လည်း သိပံ္ပနှင့် နည်း ပညာများ၊ အယူအဆသစ်များ တိုး တက်နေသည့် ယနေ့ခေတ်တွင် ဂဠုန်နှင့် ပတ်သက်၍ မျက်မြင်ဒိဋ္ဌ အထောက် အထားများ တိတိကျကျရှာဖွေ၍ မရ သဖြင့် ဂဠုန်ငှက်သည် အမှန်တကယ်ရှိ ခဲ့သည်၊ မရှိခဲ့သည်ဆိုသည်ထက် ဂဠုန် ငှက်နှင့် ပတ်သက်သော ရှေးဟောင်း အယူအဆနှင့် စာပေများကိုသာ စာဖတ် သူများလေ့လာသိရှိနိုင်ရန် ရှာဖွေတင်ပြ လိုက်ရပါသည်။

မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
ကိုးကားချက်
၁။    သံယုတ်္တနိကာယ်၊ ခန်္ဓ၀င်္ဂသံယုတ်၊
သုပဏ်္ဏသံယုတ်
၂။    ဗိသျှနု ပုရာဏ်ကျမ်း၊
၃။    ရာမယနဇာတ်
၎။    ဂရုဒပုရာဏ
(ဂဠုန်ပုရာဏ်ဖကျမ်း)
၅။    မဟာဘာရတကျမ်း
၆။    ၁၉၅၇ ခု၊ အောက်တိုဘာလထုတ်
ရှုမ၀ “ဟိန်္ဒူဂဠုန်” ဆောင်းပါး
၇။    ၁၉၈၅ ခု၊ ဇွန်လ စန်္ဒာမဂ်္ဂဇင်းမှ
မြကမာ၏ “ဟိန်္ဒူဂဠုန်”
ဆောင်းပါး
၈။    မွန်ဗိုကေ၏ ပုဂံမှ ဗိဿနိုးဗိမာန်
တန်ဆောင်းတော်ဆောင်းပါး
၉။    မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)

1 comment:

Unknown said...

Thanks for sharing :)