Friday, June 3, 2022

ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ

 ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ 

BIPOLAR AFFECTIVE DISORDER (June, 2022 )





❓ Bipolar disorder ဆိုတာဘာလဲ 🎭


စိတ်ကြွစိတ်ကျရောဂါ (Bipolar disorder) ဆိုတာ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့ Mood disorder တစ်မျိုးဖြစ်ပြီး စိတ်ကြွနေတဲ့အချိန် (Mania) နဲ့ စိတ်ကျနေတဲ့အချိန် (Depression) ဆိုပြီး အစွန်းနှစ်ဖက် ရှိလို့ Bipolar disorder လို့ ခေါ်ဆိုပါတယ်။ 


စိတ်ကြွစိတ်ကျရောဂါ (Bipolar disorder) ဟာ ကုသမှုမခံယူရင် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှု (Suicide)ပြုလုပ်နိုင်တဲ့အထိ နောက်ဆက်တွဲဆိုးကျိုးများလှတဲ့  အထူးတလည် ဂရုပြုရမယ့် ပြင်းထန်စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Bipolar disorder ရှိတဲ့သူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်း အလွန်ကောင်းတဲ့လူတွေဖြစ်နိုင်ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။


❓ Bipolar Disorder ဘယ်လောက်အဖြစ်များသလဲ


လူတစ်ဦးရဲ့ ဘဝသက်တမ်းမှာ စိတ်ကြွစိတ်ကျရောဂါဖြစ်ဖို့ (၀.၃) ရာခိုင်နှုန်းကနေ (၁.၅)ရာခိုင်နှုန်းထိရှိနိုင်ပါတယ်တဲ့။ 


Bipolar disorder ရှိသူအများစုဟာ ပျှမ်းမျှအသက် ၁၈ နှစ် (၁၅ နှစ်မှ ၂၇ နှစ်) လောက်ကနေ ရောဂါ စတင်ဖြစ်လေ့ရှိပါတယ်။ စိတ်ကျတာနဲ့စတင်တာများတယ်။  စိတ်ကြွ စိတ်ကျလို့ ဆိုရာမှာ စိတ်ကျနေတဲ့ ကာလ(Depressive Episode) တွေက ပိုများလေ့ရှိတယ်။ တခြား Anxiety disorder (စိုးရိမ်မှုလွန်ကဲရောဂါ)၊ အရက်စွဲ ဆေးစွဲ စတာတွေနဲ့ တွဲတတ်တယ်။

အမျိုးသား အမျိုးသမီး ဖြစ်ပွားနှုန်း ညီတူညီမျှဖြစ်ပါတယ်။


❓ Bipolar disorder ဘာကြောင့်ဖြစ်ရသလဲ


စိတ်ရောဂါတွေမှာ ဘာကြောင့်ဖြစ်ရတယ်ဆိုပြီး အကြောင်းအရင်း တိတိကျကျ​​ပြောဖို့ ခက်ခဲလှပါတယ်။

🎭 မျိုးရိုးလိုက်ခြင်း

🎭 ဦးနှောက်ရဲ့ Dopamine, Serotonin စတဲ့ Neurotransmitter ဓာတ်တွေ ကမောက်ကမ မညီမမျှဖြစ်ခြင်း တွေကြောင့်ဖြစ်နိုင်သလို 

🎭 ဘဝရဲ့ခါးသီးမှုလောကဓံတွေရင်ဆိုင်ရတဲ့အခါမျိုး၊ မိမိချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့အခါမျိုး၊ ချစ်ရသူတွေနဲ့ ဝေးကွာနေရတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။

🎭 ဦးနှောက်ကို ထိခိုက်ထားတဲ့ အခြေအနေတွေ (ဥပမာ ဦးနှောက်အကျိတ်) 

🎭 အတက်ရောဂါအတွက်သုံးရတဲ့ဆေးတွေ​

🎭 အရက်နဲ့ မူးယစ်ဆေး စွဲတာ

🎭 ငယ်စဥ်က စိတ်ဒဏ်ရာရှိခဲ့တာတွေ၊ အနိုင်ကျင့်ခံရတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတာတွေဟာလည်း Bipolar ဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။


❓ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ ၊ ဘယ်အရာတွေက  ရောဂါဖြစ်နိုင်ချေပိုများစေသလဲ


🎭 Bipolar disorder ဟာ မျိုးရိုးလိုက်တတ်တဲ့ စိတ်ရောဂါတစ်ခုမို့လို့ မိမိရဲ့ မိဘ နဲ့ သွေးသားရင်းချာတွေမှာ ဒီရောဂါရှိရင် မိမိမှာလည်းဖြစ်လာနိုင်ချေရှိပါတယ်။

🎭 အများအားဖြင့် Bipolar disorder စတင်တဲ့ အရွယ်ဟာ  အပြင်လောက/ဘဝနဲ့ စတင်ထိတွေ့တဲ့ ဆက်ကျော်သက်အရွယ် ဖြစ်တာကြောင့် အရှုံးနဲ့စတင်ထိတွေ့ရတဲ့အခါမျိုး (ဥပမာအားဖြင့် စာမေးပွဲကျတာ၊ ကျောင်းထွက်ရတာ) တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီမှာ ချစ်ရေးချစ်ရာကိစ္စ (Love affair) တွေကိုလည်း မေ့မထားသင့်ပါဘူး။ မိမိချစ်ရသူဆီက အသိအမှတ်ပြုမခံရတာ (Rejection)၊ ချစ်ရသူနဲ့ သေကွဲရှင်ကွဲ ခွဲခွာရတာ(Loss of loved one) မျိုးတွေ

🎭 အရက်နဲ့ Amphetamine စတဲ့ မူးယစ်ဆေးအလွန်အကျွံသုံးစွဲသူတွေ ဒီလူအမျိုးအစားတွေမှာ အဖြစ်များလေ့ရှိတာပေါ့။

🎭 အိပ်ချိန်မမှန်/ အိပ်ရေးပျက်ခြင်းကလည်း Bipolar  ဖြစ်နိုင်ချေများစေတယ်။

🎭 ကလေးမွေးပြီးစ မိခင်တွေမှာလည်း ဟော်မုန်းအ​ပြောင်းအလဲကြောင့် စိတ်အတက်အကျဖြစ်စေတယ်။

🎭 စိတ်ကျရောဂါ (Major Depressive Disorder) ကနေ ကုသမှုထိထိရောက်ရောက် မခံယူတဲ့အခါ Bipolar disorder ကူးပြောင်းဖြစ်တာမျိုးလည်းရှိတယ်။


❓ စိတ်ကြွစိတ်ကျရောဂါရဲ့ သဘောသဘာဝ


Bipolar disorder ဟာ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ Mood disorder တစ်မျိုးဖြစ်တာကြောင့် စိတ်အတက်အကျ ၊ စိတ်အကြွအကျ ပေါ်မူတည်ပြီး Bipolar သမားတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်၊ ပြောဟန်ဆိုဟန်၊ တွေးတောပြုမူဟန်တွေက ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး သိသိသာသာ ပြောင်းလဲနေတတ်ပါတယ်။ 


ဥပမာအားဖြင့် သာမန်အားဖြင့် အေးဆေးတဲ့သူတစ်ဦးက ရုတ်တရက် လူတွေနဲ့ပေါင်းသင်း၊ စကားတွေများများကျယ်ကျယ်ပြောနေတတ်တာ (ဒါမှမဟုတ်) အင်မတန်ဒေါသကြီးတဲ့လူတစ်ယောက်လိုပြောင်းလဲသွားတာ၊ နောက် သူမဟုတ်တော့တဲ့အတိုင်း တခြားလူတစ်ယောက်ဖြစ်သွားသလိုမျိုး စိတ်ဓာတ်ကျငိုကြွေးနေတတ်တာမျိုးပေါ့။ 


စိတ်ကြွပျော်ရွှင်နေတဲ့အချိန် အဝတ်အစားတောက်တောက်​ပပ ဝတ်ဆင် ပြင်ပြင်ဆင်ဆင်နေတတ်ပြီး ၊ စိတ်ကျစိတ်ညစ်နေတဲ့အခါမျိုးမှာတော့ မပြင်မဆင်စုတ်စုတ်ပြတ်ပြတ် နေတာမျိုးပေါ့။


❓ Bipolar disorder ရဲ့ ရောဂါလက္ခဏာတွေ


စိတ်ကြွ၊ စိတ်ကျရောဂါလို့ ဆိုတဲ့အတိုင်း စိတ်ကြွနေချိန်ကာလမှာဖြစ်လေ့ရှိတဲ့ (Manic Episode) နဲ့ (Hypomanic Episode) မှာ ဖြစ်တဲ့ လက္ခဏာတွေ နဲ့ စိတ်ကျကာလ (Depressive Episode) မှာ ဖြစ်တဲ့ လက္ခဏာတွေ ဆိုပြီး နှစ်ပိုင်းခွဲပြောပါမယ်။




🎭 စိတ်ကြွကာလ လက္ခဏာများ (Mania)

🤠 Euphoria/High mood (အမြဲပျော်သလိုခံစားနေရမယ်)

🤠 Optimistic (တစ်လောကလုံးဟာ အကောင်းမြင်ချင်စရာတွေပဲ)

🤠 High Self-esteem/Overconfidence (ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကလည်းအပြည့် ငါလုပ်ရင်ဘာမဆိုဖြစ်တယ် ဆိုတဲ့အတွေးတွေရှိတဲ့ကာလပေါ့)

🤠 Feeling energetic (အားအင်အပြည့်)

🤠 Less sleep (အားပြည့်သလိုခံစားနေရတော့ အအိပ်အနေနည်းသွားမယ်၊ အိပ်စရာသိပ်မလိုလောက်အောင် အားပြည့်တယ်ခံစားနေရတာပေါ့)

🤠 တချို့တွေမှာကျတော့ Irritability (စိတ်ဆတ်တာ)၊  Easily distractive (စိတ်ရှုပ်လွယ်တာ)၊ Anger (ဒေါသထွက် ပေါက်ကွဲလွယ်တာ)၊ Restlessness (ဂဏှာမငြိမ်တာ) စတဲ့ လက္ခဏာတွေနဲ့လာလေ့ရှိတယ်။

🤠 Speaking faster, louder than usual (ကြားဖြတ်ပြောမရလောက်အောင် စကားကို ရေပက်မဝင်အောင်ပြောမယ် အသံကလည်းအတော့်ကိုကျယ်ကျယ်နဲ့ပေါ့။

🤠 Flight of ideas & doing multiple projects at one time (Mania ဝင်နေချိန် သူ့ခေါင်းထဲမှာ အတွေးတွေက များလွန်းတဲ့အတွက် စကားပြောတဲ့အခါ ဒီအကြောင်းကနေ ချက်ချင်း တခြားအကြောင်းခုန်ကူးသွားတာမျိုး၊ အလုပ်တွေအများကြီးကို တစ်ခါတည်း လုပ်တတ်တာမျိုးပေါ့)

🤠 Increased activity & sociability (အရမ်းပေါင်းသင်းဆက်ဆံ အလုပ်တွေလုပ် social ကျနေတာ)

🤠 Reduced concentration or attention 

(အထက်ကလို Idea တွေအများအပြားနဲ့ အလုပ်တွေလုပ်နေတတ်ပေမယ့် တကယ်က အာရုံစူးစိုက်မှုမကောင်းပါဘူး လုပ်လက်စအလုပ်တွေဟာလည်း မပြီးစီးပဲ ကျန်ခဲ့ပါသတဲ့။)

🤠 Disinhibition (အရာရာကို အထိန်းအသိမ်းမရှိလုပ်တတ်တာဟာ ဒီကာလရဲ့ အင်မတန် အန္တရာယ်များတဲ့လက္ခဏာတစ်ရပ်ပါ။

ကား၊ ရတနာပစ္စည်းစတဲ့ စျေးကြီးပစ္စည်းတွေကို အထိန်းအကွပ်မရှိ ဝယ်ပစ်လိုက်တာမျိုးပေါ့

နောက် ဒီကာလမှာ Hypersexuality လို့ ခေါ်တဲ့ လိင်စိတ်ဆန္ဒကလည်း များနေတတ်တော့ အကာအကွယ်မဲ့လိင်ဆက်ဆံတာတွေ၊ မူးယစ်ဆေးစွဲတာတွေ ဖြစ်နိုင်ပါတယ်။ လိင်ကတဆင့်ကူးစက်တတ်တဲ့ HIV လိုရောဂါတွေရဖို့ လွယ်ကူတာပေါ့။

🤠 Grandiose delusion စိတ်ကြွကာလဖြစ်တဲ့အတိုင်း မိမိကိုယ်ကိုယ် စိတ်ကြိီးဝင်တတ်တယ်။ အဲ့ကမှ လွန်ကဲလာရင်တော့ မိမိကိုယ်ကိုယ် ဘုရားလို့ထင်တာမျိုး (သို့) ဘာသာရေးခေါင်းဆောင်တစ်ဦးဦးလို့ထင်တာမျိုးတွေ (ဒါမှမဟုတ်) သမ္မတလို အရေးပါတဲ့သူလို့ မှားယွင်းယုံကြည်နေတာမျိုးပေါ့။

🤠 Hallucination ဒီအချိန်မှာ အမြင်/အကြားအာရုံ ဖောက်ပြန်မြင်ယောင်မှုလည်း ရှိတတ်သေးတယ်။

(ဥပမာ ဘုရားနဲ့စကားပြောရတယ်တို့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေက သူ့ကိုစောင့်ကြည့်နေပါတယ်တို့ စသည်)

🤠 အ​ရေးကြီးဆုံးအချက်က ဒီလိုလက္ခဏာ၊ အပြုအမူ၊ အပြောအဆိုတွေကြောင့် အလုပ်အကိုင်၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ မိသားစု၊ အိမ်ထောင်ဖက်၊ မိတ်ဆွေအသိုင်းအဝိုင်းစတဲ့ ကဏ္ဍစုံမှာ သိသာတဲ့ ထိခိုက်မှု/ ဆုံးရှုံးမှုတွေ ရှိရပါမယ်။ အပေါ်ကအချက်တွေထဲက တချို့ အနည်းဆုံး တစ်ပတ်ကြာခန့်ဖြစ်နေရင် Mania လို့သတ်မှတ်နိုင်ပါတယ်။

Manic Episode တစ်ခုဟာ ခြောက်လခန့်အထိကြာမြင့်တတ်ပြီး ကုသမှုသေချာမခံယူရင် ထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်ပါတယ်။

 

🎭Hypomania ဆိုတာက အထူးတလည်မဟုတ်ပါဘူး။ အထက်က Mania လက္ခဏာတွေနဲ့ အတူတူပဲဖြစ်ပြီး Mania လောက်မပြင်းထန်တဲ့ နေ့စဥ်လူနေမှုဘဝနဲ့ လုပ်ငန်းခွင်/ပညာရေး ထိခိုက်မှုမရှိသေးတဲ့ Mania အပျော့စားလေးလို့ မှတ်သားထားရင်ရပါပြီ။ ကြာချိန်အားဖြင့်လည်း ရက်အနည်းငယ်(အနည်းဆုံးလေးရက်) ခန့်ထိပဲကြာမြင့်တတ်ပါတယ်။


🎭စိတ်ကျကာလ လက္ခဏာများ (Depressive Episode)

😞 Sadness (ဝမ်းနည်းနေမယ်)

😞 Depressed or low mood (စိတ်ဓာတ်ကျနေမယ်)

😞 Feeling worthless (ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူး၊ ဘယ်နေရာမှ အသုံးမဝင်ဘူး၊ တန်ဖိုးထားမခံရဘူးလို့ ခံစားနေရမယ်)

😞 Feeling helpless & hopeless (အကူအညီမဲ့သလို/ မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားနေရမယ်)

😞 Loss of interest (အရင်က ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေကို စိတ်မဝင်စားတော့ဘူး)

😞 Pessimistic & Negative thoughts (အရာရာကို မကောင်းမြင်/ အဆိုးမြင်နေမယ်)

😞 Change in appetite & sleep pattern (အအိပ်အနေ အစားအသောက်တွေ ပြောင်းလဲလာမယ် ပိုစားချင်ပိုစား/ပိုအိပ်တာဖြစ်ဖြစ် အစားမစားချင်/အိပ်မပျော်တာပဲဖြစ်ဖြစ်)

😞 Feeling guilty (အပြစ်ရှိသလိုခံစားနေရမယ် အရင်က ပြုမိတဲ့အရာတစ်ခုခုအတွက် ပြန်တွေး/ပြန်ခံစားနေတာမျိုးပေါ့)

😞 Easy tearfulness (တစ်ခုခုဆို စိတ်ခံစားလွယ်/ အငိုလွယ်နေတာမျိုးပေါ့)

😞 Suicidal thoughts (မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့တွေးတောနေတာပေါ့) ဒီလိုအတွေးကနေ Suicidal attempt  (မိမိကိုယ်ကိုယ်သတ်သေရန်အားထုတ်ကြိုးစားမှု)၊ နောက်ဆုံး Suicide တကယ်သတ်သေတာမျိုးထိ ဖြစ်နိုင်တဲ့အတွက် ဒါဟာ အထူးဂရုပြုသတိထားရမယ့် လက္ခဏာတစ်ရပ်ပါ။)


ဒီ စိတ်ကျလက္ခဏာတွေက Depression လို့ခေါ်တဲ့ စိတ်ကျရောဂါ (Depressive disorder) နဲ့အတူတူပဲဖြစ်ပြီး အနည်းဆုံး (၂)ပတ်ကြာ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် Major Depression လို့ခေါ်ဆိုပြီး အဲ့လောက်မပြင်းထန်/ မဆိုးတဲ့ ကာလမကြာဘူးဆိုရင်တော့ Minor Depression လို့ မှတ်သားနိုင်ပါတယ်။


🎭 စိတ်ကြွ စိတ်ကျ လက္ခဏာရပ်တွေ နှစ်မျိုးလုံး ခံစားရတဲ့ Mixed state လည်းရှိတယ်။  စိတ်ကြွ စိတ်ကျ ကာလတွေကြားမှာ ပုံမှန် ကောင်းမွန်တည်ငြိမ်နေတဲ့ ကာလတွေလည်း ရှိပါသေးတယ်။


❓ Bipolar disorder အမျိုးအစားများ


🎭 Bipolar အမျိုးအစား ၁  (စိတ်အတက်အကျအစွန်းရောက်ပြင်းထန်လွန်းတယ် အနည်းဆုံး Mania တစ်ခါဝင်ဖူးပြီး Major Depressionထိ စိတ်ကျတတ်တဲ့အမျိုးအစားပေါ့)

🎭 Bipolar အမျိုးအစား ၂ (စိတ်ကြွတဲ့အခါ Hypomania အထိပဲရောက်တတ်ပြီး စိတ်ကျရင်တော့ သူလည်း Major Depression အဆင့်ထိကျတတ်တယ်)

🎭 Cyclothymia (ဒါကတော့ စိတ်တက်ရင် Hypomania ထိပဲတက်ပြီး စိတ်ကျရင် Minor Depression လောက်ထိပဲကျတတ်တဲ့ အမျိုးအစားပေါ့)

ဒီထက်မက အမျိုးအစားခွဲတွေ ရှိပေမယ့် အကျယ်တဝင့်မပြောတော့ပါဘူး။


❓ Bipolar disorder ဟာ ပြင်းထန်ရောဂါလား​။ ဆေးကုသမှုခံယူဖို့ လိုသလား


Bipolar disorder ဟာ စိတ်ရောဂါကုဆရာဝန်နဲ့  စနစ်တကျ ကုသမှုခံယူသင့်တဲ့ ပြင်းထန်စိတ်ရောဂါတစ်မျိုးပါ။ မကုသဘဲ ထားရင် အထက်ကပြောခဲ့သလို အရက်စွဲမူးယစ်ဆေးစွဲ (Drug & Alcohol abuse) တာတွေ၊ စိတ်ကြွကာလ အထိန်းအကွပ်မရှိတဲ့ အပြုအမူတွေကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရတာ၊ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေရတာ ဖြစ်နိုင်သလို ၊ စိတ်ကျလွန်းတဲ့အခါ မိမိကိုယ်မိမိ သေကြောင်းကြံတာအထိဖြစ်နိုင်တာမို့ အထူးဂရုပြုအလေးထား ကုသရမယ့်စိတ်ရောဂါဖြစ်ပါတယ်။


လေ့လာမှုတွေအရ Bipolar disorder ရှိတဲ့သူတွေဟာ သာမန်လူတွေထက် မိမိကိုယ်ကိုယ်သေကြောင်းကြံနှုန်း/ သေကြောင်းကြံဖို့ကြိုးစားနှုန်းဟာ (၁၅) ဆပိုပါသတဲ့။ 


လေ့လာမှုမှာ ပါဝင်တဲ့ Bipolar disorder ရှိ အမျိုးသားတွေဟာ ပုံမှန်သက်တမ်းအောက် (၁၃) နှစ်၊ အမျိုးသမီးတွေဟာ ပုံမှန်သက်တမ်းအောက် (၉) နှစ်ခန့် သက်တမ်းပိုတိုတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါသေးတယ်။


❓ Bipolar ရှိမှန်းဘယ်လိုသိနိုင်သလဲ


အထက်က ပြောခဲ့တဲ့ စိတ်ကြွစိတ်ကျ လက္ခဏာတွေ ရှိနေပြီလို့ ကိုယ်တိုင်သတိထားမိလာတဲ့အခါ (သို့မဟုတ်) မိမိရဲ့ ပတ်ဝန်းကျင်က မိတ်ဆွေဖြစ်စေ၊ မိသားစုကဖြစ်စေ မိမိရဲ့အရင်ကနဲ့မတူတဲ့ ပြောပုံဆိုပုံ/ ဝတ်စားနေထိုင်ပုံ/ အပြုအမူတွေကို သတိထားမိလို့ တစ်ဆင့်ပြန်ပြောပြရင်းကနေ Bipolar ရှိနေပြီလားလို့ သံသယဝင် သတိပြုမိနိုင်ပါတယ်။


ဒါပေမယ့် လူ့သဘာဝအရ စိတ်ပျော်/စိတ်ညစ်၊ စိတ်ကြွ/စိတ်ကျ စိတ်အတက်အကျက အမြဲတစေ ဖြစ်နေတာပုံမှန်ပဲမို့လို့ အချက်အလက်တွေဖတ်ရှုရုံနဲ့ Bipolarရှိနေပြီလို့ မဆိုနိုင်ပါဘူး။ 


စိတ်ရောဂါတစ်ခုလို့ နာမည်တပ်ဖို့ဆိုရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသစစ်ဆေးမှုခံယူပြီးမှသာ တိကျသေချာတဲ့အဖြေရရှိပြီး ကုသမှုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် မိမိရဲ့ စိတ်ခံစားချက်၊ အတွေးအမြင်တွေပြောင်းလဲနေတယ်လို့ သတိထားမိတဲ့အခါ၊ နောက်တစ်ချက်က မိမိရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ အရင်လို သဟဇာတမဖြစ်တော့ဘဲ ကျောင်းအလုပ်/လုပ်ငန်းခွင်/မိသားစုဘဝ စတာတွေမှာ သိသိသာသာ ခက်ခဲနေတယ်၊ အဆင်မပြေတော့ဘူးလို့ သတိထားမိပြီဆိုရင် စိတ်ကျန်းမာရေးစစ်ဆေးခြင်း (Mental Checkup) ပြုလုပ်သင့်ကြောင်းပါ။


❓ ပယ်ရှားရမယ့် စိတ်ရောဂါတွေရဲ့ Stigma (အမည်းစက်)


❎ စိတ်ရောဂါတွေဟာ ဝဋ်နာကံနာ ဖြစ်ပြီး ကုရာနတ္ထိဆေးမရှိဘူးဆိုတာ မဟုတ်ပါ။ ဒါတွေဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါတွေလိုပဲ မထူးဆန်းတဲ့ရောဂါတွေဖြစ်ပြီး သောက်သုံးရမယ့် ဆေးဝါးတွေနဲ့ ကုသရေးနည်းလမ်းတွေလဲ အများအပြားပါပဲ။

❎ စိတ်ရောဂါဖြစ်တဲ့အတွက် ကိုယ်တိုင်စိတ်ကိုထိန်းချုပ်နိုင်ရင် ဆေးဝါးအကူအညီမလိုဘူး ဆိုတာမဟုတ်ပါဘူး။ သာမန်စိတ်အတက်အကျဖြစ်စဥ်အတွက် မှန်နိုင်ပေမယ့် Bipolar disorder မှာတော့ ဆေးဝါးအကူအညီ မဖြစ်မနေယူဖို့လိုအပ်ပါတယ်။

❎ စိတ်ရောဂါဟာ စိတ်ပျော့ညံ့တဲ့သူတွေမှာ ဖြစ်တယ်ဆိုတဲ့အယူအဆက မမှန်ပါဘူး။ စိတ်ရောဂါနဲ့အတူယှဥ်တွဲနေထိုင်နေသူအားလုံးဟာ အင်မတန်ကြံ့ခိုင်ကြသူတွေဖြစ်တယ်။ လေ့လာမှုတွေအရ ဆယ်ကျော်သက်ဘဝမှာ စိတ်ရောဂါတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဒါကို ကြံ့ကြံ့ခံကျော်လွှားနိုင်တဲ့အခါ ဘဝရဲ့ နောက်ပိုင်းအသက်အရွယ်တွေမှာ ပိုမိုတည့်တံ့ခိုင်မြဲတဲ့ အောင်မြင်မှုတွေရကြပါသတဲ့။

❎ စိတ်ကျန်းမာဆရာဝန်နဲ့ပြသရတာဟာ ရှက်စရာမဟုတ်ပါဘူး။

စိတ်ကျန်းမာရေးစစ်ဆေးတယ်ဆိုတာ မိမိရဲ့ စိတ်ကျန်းမာရေးကို အလေးထားတဲ့သူတွေသာ ပြုလုပ်နိုင်တဲ့အရာပါ။ မိမိစိတ်ကလေးကို ကိုယ်တိုင်ဖြစ်စေ နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်(Psychologist)၊ စိတ်ကျန်းမာရေးဆရာဝန် (Psychiatrist) နဲ့ဖြစ်စေ အမြဲမပြတ်အလေးပေးစစ်ဆေး နေခြင်းကိုက မိမိကိုယ်ကိုယ်ချစ်မြတ်နိုးခြင်း (Self Care) တစ်မျိုးပါ။

❎ Bipolar ရှိသူဟာ လုပ်ငန်းခွင်မဝင်နိုင်ဘူး ဆိုတာမဟုတ်ပါဘူး။ အတွေးအမြင်၊ စိတ်အခြေအနေ ကောင်းမွန်တည်ငြိမ်တဲ့ အခြေအနေရောက်ရင် ပုံမှန်အတိုင်း အလုပ်လုပ်လို့ရပါတယ်။

❎ သင့်မှာ Bipolar disorder ရှိပြီး ကုသမှုခံယူနေရတာဟာ သင်ရူးနေပြီလို့ အဓိပ္ပာယ်မရောက်ပါ။ ဒါဟာ နှလုံးရောဂါ၊ ဆီးချိုသွေးတိုးတို့လို ကိုယ်ခန္ဓာပိုင်းဆိုင်ရာရောဂါတွေနဲ့ အလားတူ မထူးဆန်းတဲ့ရောဂါပါပဲ။  တစ်ဆက်တည်းပြောလိုတာက ကျွန်တော်တို့ မသိနားမလည်ဘဲ သုံးနေတဲ့  "ရူးတယ်" "အရူး" စတဲ့ စကားတွေဟာ မသုံးနှုန်းသင့်တဲ့ ၊ လူတွေရဲ့ စိတ်ရောဂါတွေအပေါ်ရှုမြင်ပုံမကောင်းဖြစ်စေတဲ့ အသုံးအနှုန်းတွေဖြစ်လို့ ရှောင်ရှားကြရမှာပါ။ အဲ့အစား "စိတ်ကျန်းမာရေးမကောင်းသူ" "စိတ်ရောဂါခံစားနေရသူ" စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ရပါမယ်။ 


ဒီလို Stigma (အမည်းစက်) တွေကြောင့် ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသမှုစတင်ဖို့ အင်မတန်ဝန်လေးတတ်ကြပါတယ်။  ဒါကြောင့် စောစောသိ စောစောအဖြေရှာ စောစောကုသ စောစောကျန်းမာကြစို့နော် 💐


❓Bipolar disorder ကိုကုသလို့ရနိုင်သလား


ရပါတယ်။

အလျှင်းပျောက်ကင်းအောင် ကုသမှုမပြုနိုင်ပေမယ့် စိတ်ကျန်းမာဆရာဝန်ရဲ့ လမ်းညွှန်မှုနဲ့ ဆေးသောက်မယ်။ မိမိကိုယ်ကိုယ်ဂရုစိုက်မယ်။ မိသားစုမိတ်ဆွေသူငယ်ချင်းတွေရဲ့ ဖေးမကူညီမှု/ ပူးပေါင်းပါဝင်ပေးမှုလည်းရမယ်ဆိုရင် ကျန်းမာတဲ့လူတစ်ယောက်မြန်မြန်ဖြစ်လာမှာပေါ့။


❓ Bipolar disorder ကို ဘယ်လိုကုသ သလဲ


👉 ဆေးအနေနဲ့ စိတ်အတက်အကျကို ထိန်းပေးဖို့အတွက် Mood stabilizer တွေပေးမယ်။ Anti-depressants (စိတ်မကျဆေး)၊Anti-psychotics (စိတ်မူမမှန်ဖောက်ပြန်တာတွေအတွက်)၊ Anti-convulsants (အတက်ရောဂါမှာလည်းသုံးတဲ့ ဆေးတွေ)၊ အိပ်ဆေး (ဒါကတော့ စိတ်ကြွနေချိန် လက္ခဏာတွေသက်သာဖို့ပေးတာ)

👉 နောက် စိတ်ကြွချိန် (Mania) နဲ့ ဆေးမတိုးတဲ့စိတ်ကျခြင်း (Resistant depression) တွေမှာဆိုရင် Electroconvulsive Therapy (ECT) လို့ခေါ်တဲ့ ဥိီးနှောက်ကို လျှပ်စစ်ဓာတ်ပေးပြီး ကုသတာမျိုးလည်း လုပ်နိုင်တယ်။

👉 Cognitive Behavioural therapy (CBT) လုပ်နိုင်တယ် (လူနာရဲ့ မိမိရောဂါအခြေအနေကို လက်ခံပြီး ကုသမှုခံဖို့လိုကြောင်း သိနားလည်အောင် ပညာပေးတာ၊ ရောဂါရဲ့သဘောသဘာဝကိုသိရှိပြီး အဆိုးတွေကို အကောင်းမြင်စိတ်နဲ့ပြောင်းလဲကြည့်မြင် လိုက်လျောညီထွေနေတတ်အောင် လေ့ကျင့်ပေးတာ စသည်ပေါ့)

👉 Psychotherapy (စိတ်ကုထုံးတွေ)

စတာတွေလုပ်နိုင်ပါတယ်။ 


🎭 Bipolar သမားတို့ ဆောင်ရန်/ရှောင်ရန်


✌️ဦးစွာ မိမိရဲ့ ရောဂါအခြေအနေကို ကိုယ်တိုင်လက်ခံပါ။

✌️ဒါဟာ ရေရှည်ကုသမှုခံယူရမယ့် ရောဂါတစ်ခုဆိုတာကိုသိနားလည်ထားပါ။

✌️စိတ်ကြွကာလ၊ စိတ်ကျကာလ နဲ့ ကြားပုံမှန်ကာလ တစ်လျှောက်လုံး ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း မပျက်မကွက် နေ့စဥ်သောက်ပါ။

မိမိပြသနေတဲ့ စိတ်ကျန်းမာဆရာဝန်က ဆေးအတိုးအလျှော့ ချိန်ညှိလမ်းညွှန်ပေးမှာဖြစ်တဲ့အတွက် မပျက်မကွက်ဆေးမှန်မှန်သောက်သုံးရပါမယ်။ မိမိကမေ့တတ်ရင် ဆေးသောက်ဖို့ နာရီနှိုးစက်ပေးထားတာမျိုး၊ ကူညီမယ့်သူရှိရင်သူ့ကို သတိပေးခိုင်းတာမျိုး ပြုလုပ်ထားပေါ့။

✌️စိတ်ရောဂါ ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုးအများအပြားရှိတတ်တာကို ကြိုနားလည်ထားပါ။ ဥပမာအားဖြင့် သောက်သုံးတဲ့ပမာဏပေါ် မူတည်ပြီး အစားပိုစားချင်စိတ်ဖြစ်တာ၊ ဝလာတာ ၊ ဆံပင်ကျွတ်တာ စတာတွေဖြစ်န်ိုင်တယ်။ ဒါတွေဟာ ဆေးကြောင့်ဖြစ်ရတာဆိုရင် ဆေးရပ်ရတဲ့အခါ ပုံမှန်ပြန်ဖြစ်နိုင်ပါသေးတယ်။

✌️စိတ်ရောဂါတွေဟာ မိမိဘဝရဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လို့ စိတ်ဓာတ်ကြံ့ခိုင်မှု (Resilience) ကောင်းကောင်းနဲ့ ကျော်လွှားနိုင်ရင် ဘဝကိုပိုမိုနားလည်တဲ့၊ ပိုပြီးပျော်ရွှင်တဲ့ လူသားတစ်ဦးဖြစ်လာမယ်ဆိုတာ ယုံကြည်ထားပါ။

✌️မိမိရဲ့မိသားစုကိုဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေကိုဖြစ်စေ၊ ချစ်ရသူကိုဖြစ်စေ မိမိရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပါ။ လိုအပ်ရင် အကူအညီရယူပါ။

✌️အိပ်ချိန်မမှန်/အိပ်ရေးပျက်တာဟာ ရောဂါအတွက် မကောင်းလှတာမို့ အိပ်ရေးဝဝအိပ်စက်အနားယူပါ။

✌️လေ့ကျင့်ခန်းပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ကနေ စိတ်ခံစားချက် ကောင်းစေတဲ့ ဟော်မုန်းတွေထွက်လာပါတယ်။

✌️Journaling (နေ့စဥ်စိတ်ခံစားမှုတွေကိုရေးမှတ်ထားတာ)၊ သီချင်းနားထောင်တာ စတာတွေလုပ်ပေးပါ။

❎ စိတ်ရောဂါအတွက် ဆေးတွေကို မိမိသဘောနဲ့ အတိုးအလျှော့လုပ်တာ၊ ရပ်ပစ်တာမျိုးလုပ်လို့မရပါဘူး။

❎ မူးယစ်ဆေး/အရက်တွေဟာ စိတ်ရောဂါအတွက်မကောင်းတတ်တာမို့လို့ ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါ။

❎ တစ်ဦးထဲ မနေပါနဲ့။ လူတွေနဲ့ပေါင်းသင်းပါ။


🎨Bipolar disorder နဲ့ တီထွင်ဖန်တီးနိုင်စွမ်းအား (Artistic Creativity)


Bipolar disorder နဲ့ တီထွင်ကြံဆနိုင်စွမ်းဟာ ဆက်စပ်မှုတွေရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

Bipolar disorder ရှိတဲ့ ကမ္ဘာကျော် ပန်းချီဆရာ ၊စာရေးဆရာ၊ ဒါရိုက်တာ၊ ဂီတပညာရှင်၊ အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင် တွေလည်း အများအပြားပါပဲ။


🎭ကိုယ်တိုင် စိတ်ကြွစိတ်ကျ Bipolar လေးများဖြစ်နေမလား စိတ်ကျန်းမာရေးစစ်ဆေးကြည့်ကြစို့နော်🎭


📚References :


📎Shorter Oxford Textbook of Psychiatry, Seventh Edition ; Chapter-10, Bipolar Disorder pg-233 to 252

📎Oxford Handbook of Psychiatry, Fourth Edition ; Bipolar Spectrum Disorder pg-317, Box 7.1 Famous people & Bipolar Disorder pg-325, Box 7.3 'I think I'm a little bit Bipolar'

📎DSM-5, Fifth Edition ; Bipolar & Related Disorders pg-123 to 138

📎Standford Report November 16, 2005 ; 'Bipolar Disorder & Artistic Creativity'.


❤️ NUG, MOH...တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️


တယ်လီကျန်းမာဆေးခန်းများဟာ အပြင်မှာဖွင့်လှစ်ထားတာမဟုတ်ဘဲ ၊ အွန်လိုင်း (Telegram)ကတစ်ဆင့်အထွေထွေရောဂါကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးရမှာပါ။ လိုအပ်ရင် အထူးကုဆရာဝန်ကြီးများနဲ့ ဆက်လက်ဆွေးနွေးခွင့် ရမှာပါ။


ဆွေးနွေးကုသမှုအားလုံးကို အခမဲ့ (အခမဲ့) ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ် 😊

( Telegram appလေး မိမိဖုန်းထဲမှာရှိဖို့ပဲ လိုတာပါ )


ဆေးခန်းပြဖို့အတွက် ကြိုတင်ဘိုကင်ယူမယ်ဆိုရင်တော့ တယ်လီကျန်းမာရဲ့ messengerမှာ မိမိရဲ့ အမည် ၊ အသက် ၊ နေထိုင်ရာမြို့နယ်ကို စာရင်းပေးသွင်းပြီး ဘိုကင်ယူနိုင်ပါတယ်။ 

( https://m.me/telehealthmm )


ရောဂါအခြေအနေအရ ကြိုတင်ဘိုကင်မယူပဲ ချက်ချင်းဆေးခန်းပြလိုသူတွေကတော့ တယ်လီကျန်းမာရဲ့ "တန်းစီဆေးခန်း"မှာ တိုက်ရိုက်ပြသလို့ရပါတယ်။

( https://t.me/TelehealthMM )


*** အထူးသတိပြုရမှာကတော့ ဖော်ပြပါဝန်ဆောင်မှုတွေဟာ နေ့စဥ် မနက်(၈)နာရီမှ ညနေ(၆)နာရီအထိပဲ ဖြစ်ပါတယ် ***


မမေ့နဲ့နော်....


ဘိုကင်ယူရန်အတွက် 

https://t.me/TelehealthMM ကိုနှိပ်ပါ


ချက်ချင်းဆေးခန်းပြရန်အတွက် 

https://t.me/TelehealthMM ကိုနှိပ်ပါ


#nugmoh #telehealth #telemedicine

#teleconsultation #တယ်လီကျန်းမာ

#စိတ်ကြွစိတ်ကျရောဂါ #BipolarDisorder #စိတ်ကြွစိတ်ကျရောဂါ #MentalHealth #MentalHealthAwareness #BreakingtheStigma

Wednesday, June 1, 2022

မြန်မာတစ်ယောက်

 မြန်မာတစ်ယောက် က တကယ်လုပ်ပြသွားခဲ့ပြီ။

=================




အရှေ့တောင်အာရှဒေသတွင်း Payment နယ်ပယ်မှာ ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေတဲ့ 2C2P Group  ရဲ့ တည်ထောင်သူနဲ့ Group CEO  ဖြစ်သူ ဦးအောင်ကျော်မိုး နှင့် တွေ့ဆုံခြင်း

------------------


လုပ်ငန်း စတင်တည်ထောင်ခဲ့ပုံ၊ ၀န်ဆောင်မှုတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက Competitor တွေ၊ အနာဂတ်ကုမ္ပဏီကFocus လုပ်သွားမယ့်နိုင်ငံတွေ၊ လက်ရှိနဲ့အနာဂတ်မှာ ဒေသတွင်း Digital Economy မှာဖြစ်ပေါ်လာမယ့် Trend တွေ၊ မြန်မာနိုင်ငံက e-Commerce ကဏ္ဍအတွက် နမူနာကောင်းတွေနဲ့ မြန်မာနိုင်ငံက လူငယ်နည်းပညာလုပ်ငန်းရှင်တွေအတွက် အကြံပြုချက်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။


2C2P Group  စတင်ဖြစ်ခဲ့ပုံ . . . 

၁၉၉၈ ခုနှစ်မှာ ကျွန်တော်က မြန်မာနိုင်ငံကနေ  ပြည်ပကိုထွက်ခဲ့ ပါတယ်။ ၁၉၉၉ မှာ ဘန်ကောက်ကိုရောက်ပါ တယ်။ ကျွန်တော်က Computer Science  သမားပါ။ KMD မှာလည်း ကွန်ပျူတာသင်တန်းတက်ခဲ့ပါတယ်။  ၁၉၉၉ ခုနှစ်မှာ ထိုင်းနိုင်ငံကကုမ္ပဏီ တစ်ခုမှာ Computer Programmer  ၀င်လုပ်ရင်းနဲ့ အိမ်ထောင်ကျပါတယ်။ ပထမဆုံး ရင်သွေးလေးရလာတဲ့အခါကျ

တော့ သူတို့အတွက်ဆိုပြီး ၂၀၀၃ ခုနှစ်မှ လုပ်ငန်းလေးတစ်ခု စဖြစ် လိုက်ပါတယ်။ ၂၀၀၃ မှာ ဆော့ဖ်ဝဲလ်ရေးမယ်ဆိုပြီးတော့ ထိုင်းက Software Park ဆိုတဲ့ အဆောက်အဦးမှာ ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုစခဲ့တာပါ။ အဲဒီကနေပဲ ကိုယ်ပိုင်လုပ်ငန်း စဖြစ်သွားတာပါ။ အဲဒီကတည်းကစပြီး လုပ်ငန်းမျိုးစုံကို စတင်ဖြစ်ခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်တွေရေးနေရင်းနဲ့မှ ဘဏ်တွေနဲ့လည်းလုပ်ဖြစ်တော့ အဲဒီအချိန် မှာ ဘဏ်တွေကလည်း နည်းပညာပိုင်းလိုအပ်ချက်လေးတွေလည်းရှိတော့ အဲဒါတွေကို ၀င်ဖြည့်ဆည်းပြီးလုပ်ဖြစ်ရင်းနဲ့ အဲဒီကနေ

စဖြစ်သွားတာပါ။ 

၂၀၀၄ မှာ ကျွန်တော် နောက်ထပ်ကုမ္ပဏီတစ်ခုထပ်ထောင်ပါ

တယ်။ ၂၀၀၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး Operator DTAC   ကနေ ကျွန်တော်ရဲ့ ဒုတိယကုမ္ပဏီကို ၀ယ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ထိုင်းမှာတော်တော်ကြီးမားတဲ့ Acquisition ဖြစ်ခဲ့ပါတယ်။ အဲဒီကနေ Success Story လည်းရသွားတဲ့အခါကျတော့ စင်ကာပူမှာ ရုံးချုပ်သွားဖွင့်ခဲ့ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က Officially Singapore  ရုံးချုပ်ရှိတဲ့ကုမ္ပဏီပါ။ အဲဒီကနေစပြီးတော့ Payment လုပ်ငန်း

တွေ ဆက်လုပ်ရင်းနဲ့ စင်ကာပူအစိုးရဲ့ Investment လည်းယူ၊ တခြားက Investment တွေလည်းယူရင်းနဲ့ လုပ်ငန်းကိုချဲ့ထွင်ခဲ့

ပြီး ဒီကနေ့အနေအထာအထိ ရောက်လာတာဖြစ်ပါတယ်။ 


2C2P Group ရဲ့ နည်းပညာကိုသုံးစွဲသူတွေနဲ့ ၀န်ဆောင်မှုတွေက ဘာတွေဖြစ်မလဲ . . . 

ကျွန်တော်တို့ရဲ့ကုမ္ပဏီကို နည်းပညာကုမ္ပဏီလို့ ထင်တာက ပုံမှန်ဖြစ်နေကျ Confuse ဖြစ်တာပါ။  ကျွန်တော်တို့က နည်းပညာကုမ္ပဏီမှန်တယ်။ ဒါပေမဲ့ သူများကိုဆော့ဖ်ဝဲလ်ရေးပေးတဲ့ နည်းပညာ

ကုမ္ပဏီမဟုတ်ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နည်းပညာကိုရေးပြီးတော့ ဥပမာ Google ၊ Google ကနေပြီးတော့ မြန်

မာပြည်ကကုမ္ပဏီကို Email Software  မရေးပေးဘူး။ Google  က သူ့ဘာသာသူ Gmail Software ကိုရေးပြီး

တော့ နိုင်ငံတကာကကုမ္ပဏီတွေကို ၀န်ဆောင်မှုပေးတယ်။ အဲဒီလိုမျိုးပဲ ကျွန်တော်တို့က Payment နည်းပညာကို ကိုယ့်ဘာသာ

ရေးပြီးတော့၊ နည်းပညာတီထွင်ပြီးတော့ အဲဒီမှာ Feature တွေ

ထပ်ထည့်ပြီးတော့ နိုင်ငံတကာက ကုမ္ပဏီတွေသုံးလို့ရအောင် 

၀န်ဆောင်မှုပေးတာပါ။


 အခုဆိုရင် ထိုင်းမှာရှိတဲ့ဘဏ်တွေအကုန်လုံးက ကျွန်တော်တို့ရဲ့

နည်းပညာကိုပဲသုံးပါတယ်။ အင်ဒိုနီးရှားက အကြီးဆုံးဘဏ်၊ 

ဖိလစ်ပိုင်က အကြီးဆုံးဘဏ်၊ ဗီယက်နမ်ကဘဏ်ကြီးတွေ စသဖြင့် အရှေ့တောင်အာရှ ကဘဏ်တွေတော်တော်များများက  ကျွန်တော် တို့နည်းပညာကိုသုံးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် 

ထိုင်းနိုင်ငံက Debit Card/Credit Card  သုံးတဲ့လူအကုန်လုံး အင်တာနက်ကနေ စျေး၀ယ်လို့ရှိရင် ကျွန်တော်တို့ရဲ့ နည်းပညာကိုပဲ ဖြတ်ပြီးသုံးရတာပါ။ အဲဒီလိုအနေအထား ရောက်နေပါပြီ။ လော

လောဆယ်မှာတော့ ထိုင်းနိုင်ငံမှာ Market Share အကြီးကြီးရှိပါတယ်။  ၈၀-၈၅ ရာခိုင်နှုန်းလောက် Market Share  ရှိပါ

တယ်။ အရှေ့တောင်အာရှရဲ့ Footprint  တစ်ခုလုံးကို၀န်ဆောင် မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ 


မြန်မာပြည်ပွင့်လင်းလာတဲ့အခါကျတော့ ၀င်ဖို့မသင့်သေးဘူး၊ နည်းနည်းစောသေးတယ်လို့သုံးသပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က

 မြန် မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်မှာရုံးခွဲဆိုပြီး သွားထောင်ပါတယ်။ Representative Office ပဲ ၀န်ထမ်း ၄၊ ၅၊ ၆ ယောက်လောက်နဲ့ UBC မှာသွားပြီး

တော့ ရုံးခန်းအသေးလေး စဖွင့်ခဲ့ပါတယ်။ တဖြည်းဖြည်း လုပ်ရင်းကိုင်ရင်းနဲ့မှ အခုဆိုရင်တော့ ၀န်ထမ်း ၈၀ လောက်ဖြစ်နေပါပြီ။ 

ရန်ကုန်ရုံးခွဲကဖွင့်ဖြစ်တာက ကျွန်တော်တို့ရဲ့ ၉ နိုင်ငံ မြောက်နိုင်ငံအဖြစ် ဖွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။ 


 မြန်မာနိုင်ငံမှာ ကျွန်တော်တို့လုပ်ပေးနေတာက မြန်မာပြည်ပြင်ပမှာလုပ်နေတဲ့ လုပ်ငန်းနဲ့မတူပါဘူး။ မြန်မာပြည် ပြင်ပမှာကျတော့ 

အင်တာနက်ကနေ ငွေပေးချေတဲ့လုပ်ငန်းကိုလုပ်တာပါ။မြန်မာပြည် မှာတော့ လောလောဆယ်အဲဒီလုပ်ငန်းက သိပ်မတွင်ကျယ်သေးပါဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့က Myanmar Payment Union  နဲ့တွဲပြီး သူတို့ရဲ့ e-Commerce  ကို လုပ်ပေးတယ်။ လွန်ခဲ့တဲ့ ၄ နှစ်  ၅ နှစ်လောက်ကစပြီးလုပ်ပေးနေတာပါ။ အခုတော့ သုံးတော့သုံးလာကြပြီ သိပ်တော့မတွင် ကျယ်သေးပါဘူး။ အဲဒီ

အတွက် ကျွန်တော်တို့ အခုလောလောဆယ်ဘာတွေလုပ်နေသလဲဆိုတော့ Mobile Prepaid Top-Up  တို့ဘာတို့ ရောင်းတာ

တွေကို တခြား Joint Venture Partner  တွေနဲ့အတူ တွဲလုပ် နေပါတယ်။ ဥပမာ ABC Convenient ဆိုင်တွေနဲ့အတူ၊ City Mart တို့နဲ့အတူတူ အဲဒီလိုမျိုးတွဲပြီး လုပ်နေပါတယ်။ 


 မြန်မာပြည်လူထုအများစုက e-Commerce မသုံးဘူးဆိုတော့ ကျွန်တေ်ာတို့အလုပ်က ဘာဆိုတာကို ရှင်းပြရတာ တော်တော်

ခက်ပါတယ်။ Zara တို့၊ Agoda တို့ကနေ ၀န်ဆောင်မှု၊ ပစ္စည်း တစ်ခုခု၀ယ်တဲ့အခါ အင်တာနက်ကနေ ၀ယ်တယ်။ အဲဒီအခါ Payment  Credit Card/Debit Card/ Internet Banking / OK Dollar / KBZ Pay  တို့လိုသုံးပြီး Payment ပေးရတာရှိတယ်။ အဲဒီ လိုပေးတဲ့ Option ကို 

ကျွန်တော်တို့ကလုပ်ပေးတာ။ အဲဒါ ကို တွင်တွင်ကျယ်ကျယ် နိုင်ငံတကာမှာ ၀န်ဆောင်မှုပေးတယ်။ အဲဒီတော့ ကျွန်တော်တို့က 

တစ်မိနစ်ကို Transaction  အကြောင်း ၄၀၀ ကနေ ၆၀၀ အထိ ၀န်ဆောင်မှုပေး နေရပါတယ်။


2C2P Group ရဲ့  ရုံးခွဲတွေ...

အခုလောလောဆယ်မှာ 2C2P Group က Subsidiary 

၁၄ ခုရှိပါတယ်။ အဲဒီ ၁၄ ခုက အရှေ့တောင်အာရှ နိုင်ငံတိုင်းရယ်၊ 

အမေရိကားရယ်၊ နယ်သာလန်ရယ်မှာ ရုံးခွဲတွေ ရှိတယ်။ အဲဒီရုံးခွဲ

တွေကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ Customer တွေကို ၀န်ဆောင် မှုပေးနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာရှိတဲ့ Customer တွေက အရှေ့တောင်အာ ရှမှာရှိတဲ့ Customer တွေကို စျေးလာ 

ရောင်းချင်လို့ရှိရင် ကျွန်တော်တို့က ၀န်ဆောင်မှုပေးပါတယ်။ 

စင်ကာပူရုံး ချုပ်ကနေပြီးတော့ အဲဒီရုံးခွဲတွေအကုန်လုံးကို စီမံပါ

တယ်။


မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုတွေ ချဲ့ထွင်လုပ်ကိုင်သွားဖို့ ရှိပါသ လား...

ကျွန်တော်တို့က Payment သမားဆိုတော့လုပ်ငန်းလုပ်ဖို့ဆိုရင် Infrastructure လိုပါတယ်။ Internet Infrastructure ၊ Banking Infrastructure  တွေလိုပါတယ်။ လောလောဆယ် Internet Infrastructure တော့ မြန်မာပြည်မှာ ရှိနေပါပြီ။ Banking Infrastructure  ကတော့ တည်ဆောက်ဆဲ ဖြစ်

နေသေးပါတယ်။ လောလောဆယ် CB Pay  တို့လို၊ KBZ Pay  တို့လို Wave Money  တို့လို၀န်ဆောင်မှုတွေကို လူထုက 

တွင်တွင်ကျယ်ကျယ် သုံးလာတာကိုတွေ့ရတော့ ကျွန်တော်တို့

ဘက်ကလည်း ဒါကို Promising ရှိလာပြီလို့ ထင်တယ်။ (စျေးကွက်၊ Infrastructure ) Ready ဖြစ်တာနဲ့ ကျွန်တော်တို့

ဘက်ကနေ Payment လုပ်ငန်း၀န်ဆောင်မှု ပေးဖို့အဆင်သင့်ပါပဲ။ ဒီလိုပဲ စောင့်နေတာတော့ တော်တော်တော့ ကြာတော့ကြာနေပါ

ပြီ။ ဒီအတောအတွင်းမှာလည်း ပေးလို့ရတဲ့၀န်ဆောင်မှုတွေကိုတော့ ပေးနေပါတယ်။ ဥပမာ မြန်မာနိုင်ငံတွေမှာရှိတဲ့ လေကြောင်းလိုင်း 

တွေက လေယာဉ်လက်မှတ်တွေ၀ယ်တဲ့အခါ ကျွန်တော်တို့ရဲ့ 

စနစ်ကနေဖြတ်ပြီးတော့ အခုလောလောဆယ် ၀ယ်နေကြတာပါပဲ။ Myanmar  Nation Airline  လိုမျိုး၊ AirKBZ လိုမျိုးလေ

ကြောင်းလိုင်းတွေကနေ လေယာဉ်လက်မှတ်တွေ၀ယ်ယူတဲ့အခါ ကျွန်တော်တို့နည်းပညာ၊ နည်းစနစ် ပေါ်ကနေဖြတ်ပြီး ၀ယ်ယူနေ

ကြတာပါ။ သူတို့ ရဲ့ လေယာဉ်လက်မှတ်ရောင်းပေးတာတော့ 

မဟုတ်ပါဘူး။ ငွေပေးချေတဲ့အခါ ကျွန်တော်တို့က ၀န်ဆောင်မှုနည်းပညာကိုသုံးတာပါ။ 


နိုင်ငံတကာမှာ၊ အထူးသဖြင့် အရှေ့ တောင်အာရှဒေသတွင်းမှာ Payment နည်းစနစ်၊ နည်းပညာပိုင်း အကြံပေးကူညီနေတာတွေ . . 

ဥပမာ တချို့နိုင်ငံတွေမှာဆိုရင် ထိုင်းဗဟိုဘဏ်၊ အင်ဒိုနီးရှားဗဟို

ဘဏ်တွေဆိုရင် ကျွန်တော့်ဆီက Consultation ယူတယ်။ 

စနစ်တွေ ဒီဇိုင်းလုပ်တဲ့အခါမှာ ကျွန်တော့် Organization ပါ

တယ်၊ ကျွန်တော့်လက်ထောက်တွေ လည်းပါပါတယ်။ ကျွန်တော် တို့၀င်ပြီးတော့ အတူတွဲဖက်ပြီး ဒီဇိုင်းလုပ်ပေးပါတယ်။ World Bank က လူတွေလည်း ကျွန်တော့်ကိုမေးတာပါပဲ။ အရှေ့တောင် အာရှမှာ Payment နဲ့ပတ်သက်လာရင် ကျွန်တော်နဲ့ ထိတွေ့နေတဲ့ လူတွေအများကြီးပါပဲ။ 

 

လက်ရှိ Management လုပ်တဲ့ပုံစံ...

ကျွန်တော်က ရုံးခွဲတွေအားလုံးက လူတွေကို အုပ်ချုပ်တယ်။ 

တိုင်းပြည်တိုင်းမှာ Country Head  တွေရှိတယ်။ Country Head  တွေအောက်မှာ သူ့လူတွေ သူရှိပါတယ်။ ကျွန်တော့်ထိုင်ခုံ တိုင်းပြည်တိုင်းမှာရှိတယ်။ 

 ဥပမာ ထိုင်းရုံးမှာ Country Head  ရှိတယ်။ သူ့အောက်မှာ လူတစ်ရာ့ငါးဆယ်လောက်ရှိပါတယ်။ ကျွန်တော် ရုံးခွဲတွေရောက်ရင် Country Head  တွေနဲ့ Engage လုပ်ပါတယ်။ တစ်ချိန် တည်းမှာပဲ တခြားနိုင်ငံကရုံးတွေနဲ့ Status Update Weekly  ရှိပါတယ်။ တိုင်းပြည်တိုင်းမှာ သူ့ရဲ့ KPI တွေ ရှိပါတယ်။ 

ကျွန်တော်ရဲ့အလုပ်က အဲဒီ KPI တွေ အကုန်လုံး ဘယ်နားရောက် နေပြီလဲ။ ဘယ်သူကဘာတွေ လိုအပ်သလဲ၊ ဘယ်သူတွေ အကူ အညီလိုအပ်သလဲ၊ ဘယ်သူက ဘာတွေလစ်ဟင်းနေတယ် ဆိုတာကို ကြည့်ပေးပါတယ်။ 

ကျွန်တော်က နှစ်ပတ်တစ်ခါလောက် ခရီးသွားနေရတယ်။ Work/Life Balance  မရှိပါဘူး။ ကျွန်တော်ကလောလောဆယ်နောက်ပြန်ဆုတ်လို့မရတဲ့ အနေအထားပါ။ အခုလုပ်နေသလိုတွေမလုပ်ရင် ကျွန်တော့်လူတွေနဲ့ ကျွန်တော် Touch Point  ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နိုင်ငံကို နှစ်ရက်၊ သုံးရက်အများဆုံးပဲနေပြီးတော့ Manage လုပ်ပါတယ်။


Group ထဲက မြန်မာ၀န်ထမ်းတွေရဲ့ အရေအတွက်...

(မြန်မာရုံးခွဲက၀န်ထမ်းတွေအပြင်) Group ထဲမှာ ထိုင်းကရုံးမှာ မြန်မာ ၂ ယောက်ရှိပါတယ်။ တစ်ယောက်က CTO ပါ။ ကိုမျိုးဇော် ပါ။ Industry  မှာ သူက Well-respected   ဖြစ်နေပြီဖြစ်ပါတယ်။ နောက်တစ်ယောက်က Database Management  လုပ်နေတဲ့သူပါ။ စင်ကာပူရုံးမှာ မြန်မာ ၂ ယောက်လောက်ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုလုံးမှာ နိုင်ငံသားပေါင်း ၃၀ ကျော်လောက်ရှိပါတယ်။

 

Motto...

2C2P ရဲ့ Motto ကတော့ Your Payment Partner  

ဆိုတာပါ။ ကျွန်တော်တို့က တခြားကုမ္ပဏီတွေ အရှေ့တောင် အာရှမှာလာပြီးတော့ သူတို့၀န်ဆောင်မှုတွေပေး၊ ပစည်းတွေရောင်းတဲ့အခါ ကျွန်တော်တို့က တစ်ဆင့် ကူညီပေးပြီး သူတို့ပစ္စည်းတွေ ရောင်းလို့ရအောင်လုပ်ပေးပါတယ်။ Apple ၊ Zara ၊ Thai Airway  ၊ Malaysia Airline  ၊ Changi Group  ၊ giant Group  တွေလိုမျိုးစသဖြင့် ကုမ္ပဏီတွေအစုံဖြစ်ပါတယ်။ တချို့ရဲ့ကျွန်တော် တို့ရဲ့ Customer တွေထဲမှာ Thai Airway  ဆိုရင် မြန်မာနိုင်ငံကိုလည်း ရောင်းပါတယ်။


Group ရဲ့ Competitor တွေဆိုရင် . . .

ကျွန်တော်တို့က အရှေ့တောင်အာရှမှာ Payment Company  တွေထဲမှာအကြီးဆုံးလို့ ပြောလို့ရပါတယ်။ ဒုတိယအကြီးဆုံးက ဟောင်ကောင်အခြေစိုက် Asia Pay  လို့ ခေါ်ပါတယ်။ တတိယက မလေးရှားအခြေစိုက် iPay88 ပါ။ ဒါတွေကတော့ Regional Competition  တွေပါ။ ကျွန်တော် တို့မှာ Competition ၃ မျိုးရှိပါတယ်။  ပထမတစ်ခုက ကျွန်တော်တို့လိုပုံစံမျိုးပဲ Regional ကနေ နိုင်ငံတကာကို ဖြန့်ထားတဲ့ ကုမ္ပဏီရှိတယ်။ နောက်တစ်ခုက Global ရှိပါတယ်။ အမေရိကန်ကကုမ္ပဏီတို့ ၊ ဥရောပကကုမ္ပဏီ တို့လို ကုမ္ပဏီတွေနဲ့လည်း Head to Head Fight  ရပါ တယ်။ ဥပမာ Worldpay တို့ Stripe တို့လိုမျိုးပါ။ နောက်တစ်မျိုးကတော့ Single Market Player  တွေပါ။ ဥပမာ အင်ဒိုနီးရှားလို နိုင်ငံမျိုးသွားရင် Locally Strong  ဖြစ်တဲ့ Competitor တွေရှိပါတယ်။ သူက သူတို့တစ်နိုင်ငံတည်းကိုပဲ ၀န်ဆောင်မှုပေးတာ။ ကျွန်တော်တို့သွားရင် ကျွန်တော်တို့နဲ့ သူတို့နဲ့ Head to Head  ပြိုင်ရပါတယ်။


2C2P Group ရဲ့ အနာဂတ်အစီအစဉ်...

အနာဂတ်အစီအစဉ်အနေနဲ့ Google Temasek Report ဆိုတာက နှစ်စဉ် e-Commerce Market  ကို Study လုပ်တဲ့ Survey တွေ၊ အစီရင်ခံစာတွေရှိပါတယ်။ အဲဒီအ ထဲမှာဆိုရင် အာဆီယံကို နှစ်မျိုးခွဲထားပါတယ်။ ASEAN လို့ခေါ်တာရယ်၊ ASEAN 6 ဆိုတာရယ်ရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ Investor တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့က ASEAN 6  နဲ့ပဲ စကားပြောတယ်။ ASEAN နဲ့ စကားမပြောပါဘူး။ ASEAN 6  ထဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုမပါပါဘူး။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူပါပါတယ်။ ဒီခြောက်နိုင်ငံရဲ့ ဒေတာတွေ အကုန်ရှိတယ်။ ဒီခြောက် နိုင်ငံမှာ e-Commerce Trend  က ဘယ်လိုသွားနေတယ်။ အွန်လိုင်း Payment Trend  က ဘယ်လိုသွားနေတယ်ဆို တဲ့ ဒေတာအစုံရှိပါတယ်။ တခြား စျေးကွက်သုံးခုကဖြစ် တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုက စျေးကွက်ဒေတာ မလုံလောက်တဲ့အတွက် Predict 

လုပ်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဓိက Focus က ASEAN 6  ပါပဲ။


#မြန်မာနိုင်ငံရဲ့ e-Commerce/Payment  စသဖြင့် နည်းစနစ်ပိုင်းတွေနဲ့ပတ်သက်လို့ အတုယူမှီငြမ်းသင့်တဲ့ နိုင်ငံတွေနဲ့ပတ်သက်လို့၊ နမူနာတွေနဲ့ ပတ်သက်လို့ ပြောပြပေးပါ...

တကယ်တော့ ဘယ်တိုင်းပြည်မှ Perfect မဖြစ်ပါဘူး။ လောလောဆယ် Payment နဲ့ ပတ်သက်ရင် စင်ကာပူတောင်မှ ထိုင်းရဲ့နောက်မှာရှိပါတယ်။ Innovation နဲ့  မှန်တယ်။ မြန်မာပြည်ပတ်သက်ရင်ပေါ့နော်။က Role Model  အနေနဲ့ဆိုရင် အိမ်နီးခြင်းနိုင်ငံတွေဆီက ကူးယူရုံပါပဲ။ မှီငြမ်းရုံပါပဲ။ India က လုပ်ထားတဲ့ UPI - Unified Payment Interface  ဆိုတာကတကယ့် ကို ကမ္ဘာ့စံပါပဲ။ သိပ်ကောင်းပါတယ်။ ထိုင်းထက်သာပါတယ်။ တော်တော်ကို စနစ်တကျတည်ဆောက်ထားပါတယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်မယ့်အစား အဲဒီဟာကိုယူသုံးလိုက်ရင် တော်တော့်ကို မြန်သွားပါလိမ့်မယ်။ UPI လို နည်းပညာမျိုးကို အိန္ဒိယအစိုးရကို အကူအညီတောင်းလိုက်ရင် သူတို့က ဂုဏ်ယူစွာနဲ့ ကူညီလိမ့်မယ်လို့ မြင်မိပါတယ်။ ကျွန်တော် က ဘေးကလူအနေနဲ့ မြင်ပြီးပြောတာပါ။ သူတို့လုပ်ခဲ့တဲ့ Monetary Policy လေးတွေ တော်တော်ကောင်းပါတယ်။ 

 တရုတ်ကလည်း အမှန်တကယ်က အိန္ဒိယထက်တောင် ပိုကောင်းပါသေးတယ်။ ဒါပေမဲ့ တရုတ်က စံက ကျတော့ Private ဘက်ကလုပ်တာ။ တရုတ်မှာက ၃ ခုရှိပါတယ်။ Alibaba ။ WeChat ၊ UnionPay စတာတွေ ရှိပါတယ်။  သူတို့ကြောင့်မို့လို့ တစ်ကမ္ဘာလုံးက Mobile Payment  ဘယ်လိုအောင်မြင်တယ်၊ ဘယ်လောက်အောင် မြင်တယ်ဆိုတာကို သူတို့က တစ်ကမ္ဘာလုံးကို Demonstrate  လုပ်လိုက်တာပါပဲ။ သူတို့ကတော့ Private Sector လုပ်ခဲ့တာပါ။ တော်တော်ကြီးကို အောင်မြင်ခဲ့ပါတယ်။ အဲဒီ Private Sector  ရဲ့နောက်မှာ Government က Control လုပ်နေလား၊ မလုပ်နေလားဆိုတာကတော့ အတိအကျတော့ မသိနိုင်ပါဘူး။

 အိန္ဒိယကိုကြည့်မယ်ဆိုရင်တော့ အိန္ဒိယအစိုးရက Public Sector  ကနေပြီးတော့လုပ်ခဲ့တယ်။ ဗဟိုဘဏ် ကနေကြီးကြပ်ပြီးတော့ UPI စနစ်ကို တည်ထောင်ခဲ့ တာပါ။ မြန်မာပြည်ကိုကြည့်မယ်ဆိုရင် အိန္ဒိယမော်ဒယ် ကိုယူသုံးမယ်ဆိုရင် မြန်မာပြည်ကပိုအဆင်ပြေပါမယ်။  

 အာဆီယံထဲမှာဆိုရင် ထိုင်းမှာက Prompt Pay  ဆိုတာရှိတယ်။ စင်ကာပူမှာက SG QR ဆိုတာရှိပါ တယ်။ ၂၀၁၆ တုန်းက Prompt Pay  လုပ်ကြမယ်ဆိုပြီးတော့ ထိုင်းက industry တစ်ခုလုံး စုစည်းလိုက်တယ်။ Prompt Pay  ကို နိုင်ငံတကာအဆင့်မီ  EMV ဆိုတာနဲ့ ဒီဇိုင်းလုပ်ခဲ့ပါတယ်။ အခု မြန်မာပြည်မှာလည်း လုပ်နေ ပါပြီ။ စံစနစ်လည်း ထွက်ပြီးပြီလို့ သိရပါတယ်။ 

 ထိုင်းမှာ လူဦးရေ ၆၆ သန်းရှိတယ်။ အစိုးရကနေပြီးတော့ကြပ်မတ်ပြီးတော့ Prompt Pay  ကို Launch လုပ်တယ်။ အခု နှစ်နှစ်အတွင်းမှာ Prompt Pay  သုံးတဲ့ လူဦးရေပေါင်း သန်း ၄၀ ကျော်နေပြီ။ နည်းပညာတစ်ခု တည်းနဲ့ လုပ်လို့မရပါဘူး။ Policy Maker  ကပါ လိုက်ပြီး တော့ ပူးပေါင်းပြီး Policy ကို Align လုပ်ပေးရပါတယ်။ Policy Align  မလုပ်ပေးဘဲနဲ့ နည်းပညာချည်းပဲ ထွက်အောင်လုပ်လို့ရှိရင်လည်း မအောင်မြင်ပါဘူး။ 

 တကယ်တော့ မြန်မာနိုင်ငံက တခြားနိုင်ငံတွေ ကနည်းစနည်းတွေကို မှီငြမ်းစရာကိုမလိုပါဘူး။ Government  အချင်းချင်းစကား ပြောလို့ရှိရင် အကုန်လုပ်ပေး ကြမှာပါ။ စနစ်ကလွယ်ပါတယ်။ 

စနစ်တစ်ခုကို ပညာရှင်တစ်ဖွဲ့ကို အခုလုပ်ခိုင်းလိုက်ရင် အခုလုပ်နိုင်ပါတယ်။ ဥပမာ အိန္ဒိယကအကူအညီတောင်းခဲ့ပြီဆိုပါစို့ သူတို့ဆီက လာမှာက စနစ်တွေရော၊ Process တွေရော၊ Know How  တွေရော၊ Lesson Learnt  တွေရောပါလာမှာပါ။ နောက်တစ်ခုက Trade ပါ လုပ်လို့ရသွားနိုင်ပါတယ်။ ဒါတွေကတော့ နမူနာတွေ၊ ဥပမာတွေဖြစ်ပါတယ်။


#အင်တာနက်ကသုံးတဲ့ငွေကြေးတွေကို ကြပ်မတ်တဲ့စနစ်ရှိနေပါ သလား။ ထိန်းကျောင်းထားတဲ့ Rules & Regulations   တွေရှိပါသလား...

အခုလောလောဆယ် ထိုင်းက Revenue Department က အဓိကအရေးကြီးတဲ့နေရာတစ်ခု ရောက်နေပါတယ်။ ဥပမာ 

ကျွန်တော်က ထိုင်းနိုင်ငံကနေ facebook ပေါ်က ဂိမ်းတစ်ခုခုကို၀ယ်လိုက်ရင် ထိုင်းကငွေကို အမေရိကန် ကိုပို့လိုက်တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး Facebook ကနေ ထိုင်းနိုင်ငံကလူကို လာရောင်းရတဲ့အတွက် ထိုင်းအစိုးရကနေပြီးတော့ Facebook ကို Value Added Tax  တို့၊ Withholding Tax ၊ Commercial  Tax  တို့ မရလိုက် ပါဘူး။ အဲဒီ၀န်ဆောင်မှုကို Facebook, Google တို့ဆီကနေ ဘယ်လိုကောက်မလဲဆိုပြီး အခုလောလော ဆယ်ပြောနေတဲ့ Debate ရှိပါတယ်။ တော်တော်တောင် ကြာနေပါပြီ။ အဲဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုရင် ဥရောပဘက်ကိုကြည့်လို့ရပါတယ်။ European Union ကတော့ စည်းလုံးပါတယ်။

 အားလုံးလက်မောင်း တွေ အကုန်ချိတ်လိုက်ပြီးတော့ ဒီလိုမျိုးကုမ္ပဏီတွေ ခေါ် တယ်၊ ခေါ်ပြီးတော့ မင်းတို့က ငါတို့ဆီကလူထုကို အပြင်ဘက်က လှမ်းရောင်းနေတယ်။ အဲဒီလိုရောင်းတိုင်း ရောင်းတိုင်း Tax ဘယ်လောက် ဆောင်ရမယ်ဆိုတာကို Regulate လုပ်လိုက်ပါတယ်။ 

 အဲဒီတော့ EU တို့လို၊ သြစတြေးလျ၊ နယူးဇီ လန်တို့လို ရှိပြီးသားပေါ်လစီတွေကိုယူပြီးတော့ Regulate လုပ်လိုက်လို့ရပါတယ်။ 

အဲဒါလည်း သိပ်ပြီးခေါင်းစား စရာမလိုပါဘူး။ သူများတွေ လွန်ခဲ့တဲ့ငါးနှစ်လောက် ကတည်း အဲဒါကို စဉ်းစားထားခဲ့ပြီးသား၊ အဲဒီလို ပြသနာကြုံခဲ့ပြီးသားပါ။ အဲဒါကိုယူပြီး မှီငြမ်းပြီးတော့ မြန်မာမှုပြုလိုက်ရုံပဲ၊ အဲဒါကိုယူပြီး ထိုင်းနိုင်ငံနဲ့ ကိုက် ညီအောင်ပြုလုပ်ဖို့ ကျွန်တ်ေတို့ ကြိုးစားနေပါတယ်။ အဲဒီလို ကြိုးစားနေတဲ့အခါမှာ ထိုင်းတစ်နိုင်ငံတည်းက နေ သူတို့ကိုခေါ်ပြီးရောရင် Bargaining Power  မရှိတဲ့ အခါကျတော့ အခုဆိုရင် ASEAN 6 နဲ့ အတူတွဲပြီး လုပ်ဖို့ လက်ရှိစကားပြောနေကြပါတယ်။ သိပ်တော့ ဝေးဝေးလံလံတော့ မရောက်သေးပါဘူး။ လက်ရှိလုပ်ဖို့ ကြိုးစားနေတာပါ။


#ပညာဗဟုသုတနဲ့ပတ်သက်လို့ သင်ယူခဲ့တာတွေ၊ လက်ရှိ သင်ယူနေတာတွေ...

ကျွန်တော်ကတော့ Learning ကတော့ တစ်ချိန်လုံးလုပ်နေပါတယ်။ ၂၀၀၆ ခုနှစ်မှာတုန်းက Chulalongkorn university  မှာ Executive MBA တက်ပါတယ်။  (Executive MBA, Sasin School of Management of Chulalongkorn University ) အိုင်တီသမားဖြစ်နေတော့ ၂၀၁၄ မှာ  MIT သွားတယ်။ ဒါကတော့ အိုင်တီသမားတိုင်းရဲ့ မျော်လင့် ချက်ဖြစ်တဲ့ MIT ကျောင်းသားဖြစ်ချင်တဲ့ကိစ္စပါ။ အဲဒီမှာ တစ်နှစ် စာသင်ပါတယ်။ (ACE, MIT Sloan School of Management)  ၂၀၁၆ ခုနှစ်မှာ Harvard မှာ ၃ နှစ်တက်ပါတယ်။ တစ်နှစ်ကို ၃ ပတ်နဲ့ တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Certificate တစ်ခုထပ်ရပါတယ်။ (Graduate, Owner/President Management program, Harvard Business School) အဓိကကတော့ စာရွက်အတွက်မဟုတ်ပါဘူး။ အိုင်တီသမားဖြစ်နေတဲ့အတွက် ကျွန်တော်အမြဲတမ်း သင်ယူနေတဲ့သေဘာပါ။ 

 အခုကျွန်တော် CFA - Chartered Financial Analyst  ဖြေဖို့ လုပ်နေပါတယ်။ အဲဒါက အဓိက Investor တွေ၊ Investment Professional တွေ အဓိက သင်ယူတဲ့ ဘာသာရပ်ပါ။ အဲဒါက Self Study  လုပ်လို့ရပါတယ်။


#အရှေ့တောင်အာရှနဲ့ ဒေသတွင်းနိုင်ငံတွေမှာ Digital Economy  ရဲ့ အလားအလာနဲ့ Trend…

ကျွန်တော်တို့ Google နဲ့ Temasek နဲ့တွဲပြီး လုပ်ထားတဲ့ Survey တစ်ခုရှိပါတယ်။ သူတို့ နှစ်စဉ်ထုတ်ကြပါ တယ်။  SEA ရဲ့ e-Commerce Industry  ဘယ်လိုပြုပြင် ပြောင်းလဲလာသလဲဆိုတာကို သူတို့ သေသေချာချာ စာရင်းစစ်တဲ့အခါမှာ Industry  ၄ ခု ကတော်တော်ကို ကြီးထွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ပထမ Industry ကတော့ Travel Industry  ၊ ဒုတိယ Industry ကတော့ Retail ဖြစ်ပါတယ်။ Online Retail Industry  ။ တတိယ Industry ကတော့ Online Gaming Industry  ။ စတုတ္ထ Industry ကတော့ Transportation Industry  လို့ပြောနိုင်တဲ့ Ride Hailing Industry  ဖြစ်မယ်လို့ မျော်မှန်းထားပါတယ်။ အဲဒီ Industryတွေအကုန်လုံးက ၂၀ နဲ့ ၃၀ ရာခိုင် နှုန်း နှစ်စဉ်ကြီးထွားလာမယ်လို့ မျော်မှန်းထားပါတယ်။ လောလော ဆယ်တင်ပဲ ဒီ Industry တွေက အရှေ့တောင် အာရှရဲ့ e-Commerce Volume  ထဲမှာ အများဆုံးရှိနေတဲ့ Industry တွေလည်းဖြစ်ပါတယ်။ ဒီ Trend က ဆက်ပြီး နောက်လာမယ့် ၃ နှစ်မှာလည်း ဒီအတိုင်းပဲ ရှိနေလိမ့်မယ် လို့ မျော်လင့်ပါတယ်။ ကျွန်တော်တို့အနေနနဲ့ ဒီ Industry တွေပေါ်မှာ Focus ထားပြီး ၀န်ဆောင်မှုတွေပေးမယ်၊  Industry တွေအတွက် ၀န်ဆောင်မှုတွေပေးဖို့ ပြင်ဆင်ထား မယ်ဆိုရင် အဆင်ပြေတဲ့ ကုမ္ပဏီတွေ ၊ လုပ်ငန်းတွေ ဖြစ် လာမယ်လို့ ထင်ပါတယ်။


#CEO_Business_and_Management_Magazine

Tuesday, May 31, 2022

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

=========================




မြတ်လေးကို ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုတွင် အဖ စတီးဘရားစာရေးကြီး ဦးဘရှင်၊ အမိ ဒေါ်မိုးလုံး (ဒေါ်ဒေါ်မိုး) မှ ၁၉၃၂-ခု ဇူလိုင်လ (၁၁)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက်ဖြစ်ပြီး ငယ်မည်မှာ မောင်လေးဖြစ်သည်။


ပညာသင်ဘဝ


ငယ်စဉ်က ခနောင်တိုရွာဦးကုဏ္ဍလ ဘုန်းတော်ကြီးကျောင်းတွင် လေးတန်းအထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက်လမ်းမတော်၊ မော်တင်ကျောင်းတွင် လေးတန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသည်။ မူလတန်းကျောင်းသားဘ၀မှာပင် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ - ၁၉၄၅) ဖြစ်ပွားခဲ့သည်။ ထို့နောက် ဆရာဦးဘအေး၊ ဆရာဦးမြမောင်၊ စာတိုက်ဝန်ထောက်ဦးစံရင်တို့ထံတွင် ပညာကို ဆက်လက်သင်ယူသည်။ စနစ်တကျ သင်ကြားရခြင်းမျိုးမဟုတ်ပေ။ ဆရာတစ်ဦးထံ တွင် ဂဏန်းသင်္ချာ၊ ဆရာတစ်ဦးထံတွင် မြန်မာစာ၊ ဆရာတစ်ဦးထံတွင် အင်္ဂလိပ်စာစသည်ဖြင့် သင်ယူရခြင်းမျိုးဖြစ်သည်။ ဆရာအားလုံးမှာ စေတနာဆရာများသာဖြစ်သည်။ ရေနံဆီဖိုးမျှဖြင့် သင်ကြားပေးကြခြင်းဖြစ်သည်။


ပထမ သူ့နာမည်ထိပ်တွင် တက္ကသိုလ် ဟု တင်စားချက်ကလေး ရှိခဲ့သဖြင့် တက္ကသိုလ်မြတ်လေး ဟုဖြစ်သည်။ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့ကြသဖြင့် ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟု ခေါ်ကြသည်။ ‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။ ၁၉၈၅-ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ်ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း)ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿာန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာသော ကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယောဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊ မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿာန်ထဲတွင်နေ သုဿာန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချေိ၀ဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ဝမ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိပါသည်။


စာပေ ဂီတ




မြတ်လေးသည် ရုပ်ရှင်ဘက်၌သာ ထူးချွန်သည်မဟုတ်၊ စာပေဂီတဘက်၌လည်း ခေသူမဟုတ်ပင်။ သူသည် ကဗျာသမား စာသမားလည်း ဖြစ်သည်။ တေးရေးတေးဆိုဘက်၌လည်း ထင်ရှားသူဖြစ်သည်။ သူသည် စာပေမှလာသူဖြစ်သောကြောင့် သီချင်းအရေး အလွန်ကောင်းသည်။ သူရေးစပ်သီကုံးခဲ့သော တေးသီချင်းပေါင်း ၂၀၀ ခန့်ရှိရာ ထင်ရှားသည့်သီချင်းများမှာ မေတ္တာစစ်ဆိုသည်မှာ၊ ဝေးပြီမွှေးရယ်၊ မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့ နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီဇာတ်သိမ်း (မခင်နှင်းဆီသို့ပေးစာကို ကိုတင်ကိုးရေးခဲ့သည်) ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ချစ်သက်ပိုင်၊ တစ်ရံရောအခါက၊ ဘာပဲလုပ်ရလုပ်ရ စသည့်သီချင်းများသည် ရေပန်းစားခဲ့သည်။ ယနေ့တိုင်ပြန်ဆိုနေ ကြဆဲပင် ဖြစ်သည်။ မြတ်လေး၏သီချင်းများကို သူကိုယ်တိုင်သာမက မောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ​၊ ခင် မောင်လွင်၊ သန်း ဖေလေး၊ သုမောင်၊ မြင့်မြင့်ခင်၊ လီလီကြာညွန့်၊ တင်တင်မြ၊ တင်တင်လှ၊ စသည်တို့က သီဆိုခဲ့ကြသည်။




မြတ်လေးသည် အသစ်အဆန်းကိုရှာဖွေလို၍ အစဉ်အလာဟောင်းမှလမ်းခွဲထွက်လိုသူလည်း ဖြစ်သည်။ မြတ်လေးသည် ဇာတ်ကား နာမည်များကိုပင် လူထုသုံးစကားလုံးများရွေး၍ သုံးစွဲတတ်သဖြင့် သူ့ဇာတ်ကားနာမည်များသည် လူထုကြား၌ရေပန်းစားခဲ့သည်။ သူ၏သီချင်းဆို၍ ငိုရသည်။ သွေးနဲ့ ချွေးနဲ့ ရင်းသည့်မြေ၊ ငို၍ ရယ်၍ မရသော မျက်နှာ၊ ချစ်သူကလ ကိုယ်ကည၊ သူများရီဖို့ ကိုယ်ငိုမယ်၊ ပုဂံအလှရှာပုံတော်၊ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် စသည့်နာမည်များမှာ ပရိသတ်ရင်ထဲကို စွဲငြိစေခဲ့သည်။


သို့ကလို ပညာသင်ကြားနေစဉ်မှာပင် ဒလမြို့သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရင်း ဝင်လုပ်သည်။ ထို့နောက် ရန်ကုန်မြို့ (ပန်းဆိုးတန်းလမ်း) ထောက်ပံ့ရေးရုံး၌ အလုပ်ဝင်လုပ်သည်။ ထိုအချိန်ကပင် မြတ်လေးသည် စာပေအနုပညာနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တပြိုင်တည်း စမ်းလျှောက်နေသည်ဟု ဆိုနိုင်သည်။ ယောက်ဖဝမ်းကွဲတော်သူ တယောဝိဇ္ဖာကိုအေးကိုအကြောင်းပြု၍ သူ့ဂီတတမျိုးစေ့ကို သန္ဓေတည်ခဲ့သည်။ ထိုစဉ်က ကိုအေးသည် ဒရမ် တီးဝိုင်းတည်ထောင်ထားသည်။ မြတ်လေးသည် ဇာတ်၊ ရုပ်သေး၊ ကွက်စိပ်ပွဲများသို့လည်း လက်လှမ်းမီသမျှ လေ့လာဆည်းပူးသည်။ သူသည် စာပေ၊ ဂီတပေါ် မြတ်နိုးတွယ်တာစိတ်ရှိသလို နိုင်ငံရေး၌စိတ်ပါဝင်စားသည်။ ထောက်ပံ့ရေးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်နေ စဉ်မှာပင် သမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ခနောင်တိုမြို့နယ် ဗလစလူငယ်ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့ကလို စာပေဂီတနှင့် နိုင်ငံရေးတို့၌သာ အချိန်ပေးနေသည့်အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ခါချခဲ့ရသည်။ ထို့နောက် ညကျောင်း တက်ရင်း ဆက်လက်ဖြေဆိုရာမှ အသက်၂၃ နှစ်အရွယ် ၁၉၅၁ တွင် ဆော်လမွန်ကျောင်းမှ ဆရာကြီးဘဆူးထံတွင် ဆက်လက်ပညာ ဆည်းပူးသည်။ ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၀ တန်းအောင်မြင်ပြီးနောက် မြတ်လေးသည် အလုပ်တစ်ဖက်ဖြင့်ပင် သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။ ထိုစဉ်မှာပင် ဂီတပညာကိုလေ့လာသည်။ သူသည် ဆရာဂျူဗလီစိန်ထံတွင် အဆိုသဘောနှင့် သီချင်းရေးနည်းများ လေ့လာသင်ယူခဲ့သည်။ အေးဝမ်းခင်မောင်၊ စန္ဒရားသီဟ၊ ဒုံမင်းလှိုင်ထင်တို့ထံမှ ဂီတသံစဉ်ကို ဆည်းပူးသည်။ ဆရာရွှေပြည်အေး၊ ဂီတနက်သန်ကို စောညိန်း၊ ဂီတာအုန်းလွင်၊ စန္ဒရားကိုမျိုးလှိုင်၊ စန္ဒရားချစ်ဆွေ၊ ဂီတလုလင်မောင်ကိုကို၊ ဗိုလ်က လေးတင့်အောင်၊ စာရေးဆရာအောင်လင်းတို့ထံမှ ဂီတအခြေခံကောင်းများရရှိခဲ့သည်ဟု သိရသည်။ ယင်းနောက် အရှေ့ပိုင်းတူရိယာအဖွဲ့နှင့်နီးစပ်သွားပြီး ထိုဝိုင်းအတွက် သီချင်းများရေးပေးရသည်။ မြတ်လေး၏သီချင်းများသည် မြန်မာ ဆန်၍ သံစဉ်ပြေပြစ်သည်။ သီချင်းစာသား အဓိပ္ပာယ်လည်း လေးနက်၍ အတွေးအခေါ်ဆန်းသစ်သည်။ မြန်မာ့ဂီတလောက၌ မြန်မာအသံမှ ဓာတ်ပြားရ သီချင်းတစ်ပုဒ်ဖြစ်လာအောင် အတော်ကြိုးပမ်အားထုတ်ယူရသည်။ မြတ်လေးသည် ဓာတ်ပြားရတေးအတော်များများကို ရေးသားဖန်တီးနိုင်ခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ်ဝင်တေးများကိုလည်း ရေးသားခဲ့သည်။ အချို့ကို ကိုယ်တိုင်သီဆိုသည်။ မြတ်လေးသည် ဂီတလောကတွင် စန္ဒရားချစ်ဆွေနှင့် အတွဲများသလောက် အချို့သီချင်းများကို ပူးတွဲရေးသားခဲ လေသည်။


မြတ်လေးရေးစပ်သီကုံး၍ စတင်သီဆို အသံလွှင့်ခဲ့သောတေးမှာ ‘မေတ္တာအင်အား’ ဖြစ်သည်။ တိုက်ပွဲဝင်ကျောင်းသားတစ်ဦး သီချင်းများ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ ဧရာ၀တီငိုသံ၊ ဒို့ကြားရသည်၊ ဘော်လဂါနဒီ-ဧရာ၀တီတေးများအဖြစ် တရုပ်ဖြူဆန့်ကျင်ရေးသီချင်း များဖြစ်သည်။ ထို့နောက် မေတ္တာစစ်ဆိုသည်မှာ၊ လက်ဆောင်မွန်၊ ဝေလေလေ၊ ထာ၀စဉ်အချစ်၊ မစ္စဝီစကီ၊ ကပြားမလေးဂိုရာရမ်၊ သီချင်းဆို၍ငိုရသည်၊ သည်ဇာတ်သည်တွင်ဆုံးပြီကွယ်နှင့် စစ်ကိုမောင်းထုတ်ကြစို့ သီချင်းများကိုလည်း ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သည်။ အခြားဂီတစာဆိုများရေးသား၍ မြတ်လေးသီဆိုခဲ့သော သီချင်းများမှာ မနည်းလှပေ။ ယင်းတို့အနက် ကလေးချော့ (ရင်မှာပျိုးသော ဇာတ် ကားအတွက် ဆရာရွှေပြည်အေးရေးခဲ့သည့်သီချင်း) သီချင်းသည် ထင်ရှားသည်။


မြတ်လေးသည် စာပေဝါသနာပါသူလည်းဖြစ်ရာ ဂီတစာဆိုတော်များအကြောင်းကို လည်း စာနယ်ဇင်းများ၌ ရေးသားသည်။ ယင်းတို့အနက် ဆရာရွှေပြည်အေး၏ ဂီတစွမ်းရည်အ ကြောင်းကို ‘ရွှေအောင်လံ’ မဂ္ဂဇင်းတွင် တစ်နှစ်နီးပါးမျှ အခန်းဆက်ဆောင်းပါးများရေးသားသည်။ စာရေးဆရာ၊ ဂီတစာဆိုအောင်လင်းအကြောင်းကိုလည်း ‘ရုပ်ရှင်တေးကဗျာ’ မဂ္ဂဇင်း တွင် အခန်းဆက်ရေးသားသည်။ တယောထိုး အလွန် ကောင်းသူ စာရေးဆရာ ဗန်းမော်တင်အောင်အကြောင်းနှင့် တက္ကသိုလ်ဘုန်းနိုင်အကြောင်းကိုလည်း ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် (၈) လကြာမျှ အခန်းဆက်ရေးခဲ့သည်။

မြတ်လေးရေးခဲ့သည့်ဝတ္ထုများတွင် အကြောင်းအရာအသစ်၊ အတွေးအခေါ်သစ်၊ အယူအဆအသစ်များကို တင်ပြလေ့ရှိသည်။ သူရေးခဲ့သည့် ဝတ္ထုများအနက် ဆေးစက်မကျသေးသော အဖြူ၊ မီးရောင်အောက်ကအမှောင်၊ ငှက်ခတ်သမားဘကျား၊ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ၊ ဇရာနှင့်ဗေဒါအနမ်းတို့မှာ ထင်ရှားသည်။


မြတ်လေးသည် ဆရာဦးဉာဏထံ ချဉ်းကပ်၍လည်း ဇာတ်ညွန်းရေးနည်းကို နည်းခံခဲ့ သည်။ ကျောင်းသားဘ၀က ဝါသနာတူလူငယ်များနှင့်တွဲ၍ အရပ်ပြဇာတ်များကို စတင်ကပြခဲ့ သည်။ အဆိုပါပြဇာတ်များ၌ သူကိုယ်တိုင်ဒါရိုက်တာမင်းသားနေရာယူ ကပြခဲ့သော ဒို့အိမ်ကြီး၊ ယမနေ စသည့်ပြဇာတ်မှာ ထိုစဉ်က ပရိသတ်အကြိုက်တွေ့ခဲ့သည့် ပြဇာတ်များဖြစ်သည်။ ထို့နောက် တက္ကသိုလ်သို့ရောက်သောအခါ မြတ်လေး သည် တက္ကသိုလ်အနုပညာအသင်း၌ ပါဝင်လှုပ်ရှား၍ သူ့အနုပညာအရည်အသွေးကို ပြသခဲ့သည်။ ထို့ကြောင့်လည်း ဥပစာအောက် တန်းစာမေးပွဲကို ၅ ကြိမ်မြောက်ဖြေဆိုမှ အောင်မြင်ခဲ့သည်။ မြတ်လေးစာမေးပွဲကျသည်မှာ အဆန်းမဟုတ်ပေ။ အချိန်ပြည့် အနုပညာ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းသားပွဲတော်များတွင် မြတ်လေးရေးသား၍ ကပြခဲ့ သောပြဇာတ်များမှာ ညီမလေးမာလာ၊ ဆံမြိတ်လည်ပြေ ပန်းလဲကြွေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စသည်တို့ဖြစ်သည်။


သက်ကြီးတက္ကသိုလ်မှ စာမေးပွဲအောင်မြင်ပြီးနောက် မြန်မာနိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် အကြီးတန်းစာရေး၊ စတင်လုပ် ကိုင်ခဲ့သည်။ ၆ လအကြာတွင် လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့်ခံရသည်။ ယင်းဘဏ်တွင် ၂ နှစ်ခွဲခန့်ထမ်းရွက်ပြီးနောက် ရုပ်ရှင်လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ရုပ်ရှင်လောကသို့ ဓနဂုဏ်၊ ငအ၊ မွှေး၊ သစ္စာရှင်၊ မြတ်နိုးသူ၊ အရိုင်းစပယ်၊ ဩော်ယောက်ျား ရုပ်ရှင်ကားများတွင် တေးဂီတတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် နောင်တွင် မြတ်လေးအား ရုပ်ရှင်သရုပ်ဆောင်မှုဘက်၌ များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။




မြတ်လေး၏ ပွဲဦးထွက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ‘ပင်လုံထိပ်ထားဦး’ ဖြစ်သည်။ ပင်လုံထိပ်ထားဦး ဇာတ်ကား၏ဇာတ်ညွန်းနှင့်ဒါရိုက်တာမှာ မြတ်လေးပင်ဖြစ်သည်။ ယင်းဇာတ်ကား၏ဦးတည်ချက်မှာ ပဒေသရာဇ်ဆန့်ကျင်ရေး အခြေခံဇာတ်လမ်းဖြစ်သည်။ ယင်းကား ကိုသုံးသပ်၍ ဝါရင့်ဒါရိုက်တာအားလုံးလိုလိုက မြတ်လေးကို အရည်အချင်းရှိသောဒါရိုက်တာအဖြစ် လက်ခံခဲ့ကြသည်။ မြတ်လေးရိုက် ကူးသော ဇာတ်ကားတိုင်းလိုလိုမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထင်ကရနေရာတွင် မှတ်တမ်းတင်ခြင်းခံရသည်။

မြတ်လေးသည် စိတ်ကြိုက်အမူအယာကို မှန်မှာကြည့်၍ကိုယ်တိုင် လေ့ကျင့်သည်။ သရုပ်ဆောင်သောအခါ ဇာတ်ကောင်စရိုက်လိုက်၍ ဆိုင်ရာဆိုင်ရာ အခန်းများတွင် အမူအယာများကို ထည့်သွင်းအသုံးပြုသည်။ ထို့ကြောင့် မြတ်လေး၏အမူအယာများမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားနှင့်တစ်ကား မတူဘဲ အမြဲတမ်းဆန်းသစ်၍နေသည်။


စကားပြောကောင်းသူပီပီ ‘ပန်းပန်လျက်ပါ’ ဇာတ်ကားတွင် မြတ်လေးသည် မြန်မာဆန်ဆန် တိုက်ပုံကလေးဝတ်လျက် ဆေးတံခဲကာ မျက်ခုံးကလေးပင့်၍ စကားပြောဟန်မှာ ရုပ်ရှင်ကြည့်ပရိသတ်၏ရင်ထဲတွင် အရိပ်ထင်စွဲကျန်ရစ်ခဲ့သော အမူအယာများပင်ဖြစ်သည်။ ယင်း ဇာတ်ကား၌တက္ကသိုလ်ကျောင်းဆရာ ကိုကျော်စိန်(မြတ်လေး) က အငြိမ့်မင်းသမီးမဗေဒါ (ကြည်ကြည်ဌေး) အိမ်လာတွေ့၊ အကြောင်းအရင်းမှာ သူ့သူငယ်ချင်း ကိုစောထွန်း (ကောလိပ်ဂျင်နေဝင်း) က ချစ်သူမဗေဒါကို လက်မထပ်ဘဲ ဂုဏ်ကြီးရှင် ခင်မမ(ဘေဘီနွဲ့) ကို မင်္ဂလာဆောင်သွား၊ မဗေဒါကို မယူရကောင်းလားဟု ကိုကျော်စိန်က ကရုဏာဒေါသဖြင့် ခံစားမှုအပြည့်ဖြစ်ပြောရာ မဗေဒါက ‘ဒါဖြင့် ဆရာ ကျမကို လက်ထပ်ယူနိုင်မလား’ ယင်းတွင် မြတ်လေး က ‘ဗျာ’ ဟု ပြန်ပြောရာ ထိုအပြောစကားတို့သည် ရုပ်ရှင်ကြည့်ပရိသတ်အတွက် ရင်ခုန်သွားခဲ့ရသော စကားပြောခန်းများပင်ဖြစ်သည်။

‘သီတာဘယ်သို့ချစ်ရမယ်’ စကားတွင် ဟာသသရုပ်ဆောင်အဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ ‘ချစ်သူကလ ကိုယ်ကည’ ဇာတ် ကားတွင် သူသည် ခါးပိုက်နှိုက် သူခိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားတွင် ခါးပိုက်နှိုက်ဘ၀ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ သည့်အတွက် ပရိသတ်အကြိုက်တွေ့စေခဲ့သည်။ ‘ရေပွက်ပမာ’ ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်သရုပ်ဆောင်ခဲ့သည်။


သူဇာရုပ်ရှင်မှ ဒါရိုက်တာစာရေးဆရာ ဦးမင်းအောင်၏ ‘အမုန်း၏နောက်ဝယ်’ ဇာတ် ကားတွင် မြတ်လေးသည် ပန်းချီဆရာအဖြစ် သရုပ် ဆောင်သည်။ သရုပ်ဆောင်ချက်ပီပြင်မှု ကြောင့် မြတ်လေး၏အသွင်ပျောက်၍ တကယ့်ပန်းချီဆရာ၏ ဘ၀ဇာတ်လမ်းကို ကြည့်ရှုနေရ သကဲ့သို့ ထင်မှတ်မှားအောင် သူ၏သရုပ်ဆောင်မှုက အောင်မြင်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၆၁ ခုနှစ်အတွက် အမျိုးသားအကောင်းဆုံးသရုပ်ဆောင်ဆုကို ‘အမုန်း၏နောက်ဝယ်’ ဇာတ်ကားတွင် ဆွတ်ခူးရရှိခဲ့သည်။ မြတ်လေးအကယ်ဒမီထပ်ဆင့်ရရှိသောဇာတ်ကားမှာ ၁၉၈၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုအဖြစ် ရရှိခဲ့သော ‘ရင်ထဲမှာရွာသောမိုး’ ဇာတ်ကားဖြစ်သည်။ မြတ်လေးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားအချို့မှာ ပင်လုံထိပ်ထားဦး၊ မောင့်ကို သေစေညွန်းရော့သလား၊ ပန်းတိုင်းပွင့်ပါစေ၊ သီချင်းဆို၍ငိုရသည်၊ ချစ်ပါသည်ဆိုသော် လည်း၊ ဝမ်းနည်းဝမ်းသာ၊ သွေးနဲ့ချွေးနဲ့ရင်းသည့်မြေ၊ ရင်မှာပျိုးသောပန်း၊ မိရွှေမာ၊ မောင်ချစ်နှမချစ်၊ မိုးကျော်သူ၊ ရန်ကုန်သားနဲ့မန္တလေးသူ၊ ချစ်သူပေးသောတေးတစ်ပုဒ်၊ စိမ်းနှမစန္ဒာ၊ လျော်ကြေးဖူးစာ၊ ညီမအတွက် ပုံတသွယ်၊ ပန်းကလေးများမနွမ်းစေချင်၊ မောင်ခေါ်ရာ လိုက်တော့မယ်၊ သူတို့ဖို့လည်းပိုချစ်ပါ၊ ချစ်ခြင်းမေတ္တာ၊ မြခြူသံ၊ လျှို့ဝှက်မေတ္တာ၊ ပေါင်း၍နုတ်၍မရသော မေတ္တာ၊ တေးဆိုလို့ချစ်ပါ့မယ်၊ ရွှေလက်ဖြင့်ခေါ်လည်းမလာ၊ အချစ်၏ကျေးကျွန်များ၊ တက်ခါး နဲ့ဇာနည်၊ မျက်နှာတစ်ခြမ်းအိုးမဲနဲ့၊ အရှိုက်၊ ရွှေပန်ကန်ပေါ်ကျတဲ့မျက်ရည် စသည့် ဇာတ်ကား များဖြစ်သည်။

မြတ်လေးသည် ၁၉၆၂ တွင် ကမ္ဘာ့လူငယ်ပွဲတော်တက်ရန် တရုတ်ပြည်မန်ချူးရီးယား၊ မွန်ဂိုလီးယား၊ ဆိုက်ဗေးရီးယားမှ တစ်ဆင့် ဖင်လန်နိုင်ငံ ဟယ်ဆင်လီးမြို့သို့ သွားရောက်သည်။ ထိုစဉ်အခွင့်ကြုံ၍ ကမ္ဘာ့ရုပ်ရှင်ပညာရုပ်များကို ဝါရင့်ရုပ်ရှင်အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်။ ဆိုဗီယက်နိုင်ငံသို့ရောက်ရှိစဉ် ကမ္ဘာကျော် ‘စစ်ငြိမ်းချမ်းရေး’ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာကြီး ဘောင်ဒါချတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ပညာအကြောင်း ဆွေးနွေးခဲ့သည်။

မြတ်လေးသည် Method Acting စာအုပ်ကို ကိုယ်တိုင်ရေးသားပြီးကိုယ်တိုင်လည်း သင်တန်းဖွင့်လှစ်ပို့ချသည်။




သို့ကလို စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွန်း ရေးဆရာ၊ မင်းသား၊ ဂီတစာဆို၊ အဆိုတော် ထပ်ဆင့်အကယ်ဒမီ မြတ်လေးသည် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်မြင့်မြင့် (ဘီအေ၊ ဘီအီးဒီ) နှင့် သားအောင်မြတ်မိုး၊ သမီးသွယ်သွယ်မြတ်၊ သားအောင် မြတ်မျိုးတို့ ကျန်ရစ်ခဲ့သည်။ 


ငယ်နာမည် မောင်လေး၊ အဖေဦးဘရှင်၊ အမေ ဒေါ်ပိုး။ မွေးရက်က ၁၂၉၀၊ ဝါခေါင်လ။ ဇာတိက ရန်ကုန်တဖက်ကမ်း ခနောင်တို။ မွေး ချင်းငါးယောက်ရှိတဲ့ အထဲက စတုတ္ထ။ ဘုန်းကြီးကျောင်းပညာရေး ထဲမှာ ဦးကုဏ္ဍလကျောင်းမှာ စာသင်ရတယ်။ လေးတန်းအထိ။ လေးတန်းဖြေတော့ ရန်ကုန်ဘက်ကမ်းကိုကူးပြီး အင်္ဂလိပ်အစိုးရ ကျောင်းမှာ ဖြေရတယ်။ အင်္ဂလိပ်အစိုးလက်ထက်ပေါ့။ လေးတန်းမ အောင်ဘူး။ ဒါနဲ့ကျောင်းထွက်လိုက်တယ်။ တနှစ်လောက်ကြာတော့ ကျောင်းပြန်တက်တယ်။ ၁၁ နှစ်သားလောက် ရှိပြီ။ မြူနီစပါယ် ရွေး ကောက်ပွဲ သပိတ်ဖြစ်တယ်။ ဒါနဲ့ ပြန်တက်တဲ့လေးတန်းလဲ မအောင်ပြန်ဘူး။ ဆိပ်ကြီးက ဆရာ ကြီး ဦးဘအေးဆီမှာ အင်္ဂလိပ်စာ သီးခြားသင်တယ်။ Reader (1) (2) (3) (4) လောက်အရောက်မှာ အဖေက စတီးဘရားသား စာရေးကြီးဆိုတော့ ငပုတောကို ပြောင်းရတာနဲ့ လိုက်သွားရတယ်။ တစ်နှစ်လောက်ကြာတော့ ခနောင်တိုကို ပြန်လာရတယ်။ စာပြန်သင် တယ်။ ရွာကိုလာတဲ့ ဇာတ်ပွဲတွေ ရွှေကျီးညိုတို့၊ နေ့ရောညရော အ ရောင်မမှိန်အောင်ငြိမ်း၊ တက်ခေတ်စိန်၊ ဦးအောင်မောင်း၊ သူရဲလေး အောင်စိန်၊ ဂရိတ်ဖိုးစိန် စသဖြင့် အကုန်ကြည့်တာပဲ။


အနုပညာနဲ့ ပတ်သက်လို့တော့ စစ်ပြီးခေတ်သီချင်းတွေ ကြိုက်လာတယ်။ အိပ်ပြီလားကွယ့် ဖြူပြာ၊ မူယာ၊ လွမ်းမိုးစွေ။ အဲဒီမှာ ဘာထပ်နွယ်လဲဆိုတော့ အမတဝမ်းကွဲရဲ့ ခင်ပွန်းက တယောဝိဇ္ဇာကိုအေး၊ သူက ဥဩဘသောင်ရဲ့လက်သုံး၊ ဂီတာဦးစိမ်းမောင် လက် သုံးပေါ့၊ သူတို့တွေ တီးကြဆိုကြတာတွေနဲ့ ယဉ်ပါးခဲ့ရတယ်။ ကက္ကရ ရွှေစည်၊ နဂါးနီ၊ ဘိုးဘိုးအောင်၊ ဒေါ်ကြည်အောင်ရဲ့ သီချင်းတွေ၊ စိန်ပါတီရဲ့ သီချင်းတွေ အစုံပဲ။ နားထောင်ရာကနေ စိတ်ဝင်စားပြီး အမေ ဒေါ်သိန်းကြည်ဆီမှာ စည်းဝါး၊ အဆိုသင်တယ်။

အင်္ဂလိပ်စာနဲ့ပါတ်သက်လို့ အခု C.T.O ချစ်သိန်းဦးရဲ့ ဦးလေး ဦးစံရင်ဆိုတဲ့လူ၊ သူ့ဆီမှာ လခပေးပြီး အင်္ဂလိပ်စာသင်တယ်၊ ခနောင် တိုက ဗ့လ့စ စာကြည့်တိုက် မှာ စာကြည့်တိုက်လက်ထောက် လုပ်ခဲ့တယ်။ အဲဒီတုန်းက ဗ့လ့စ ဥက္ကဋ္ဌက ဦးဘဂျမ်းဇနီးက ဒေါ်ခင်ရီ။ ဗ့လ့စ ဌာနချုပ်လဲရောက်၊ အဲဒီမှာ သခင်ဝတင်တို့ကို တွေ့ရတယ်။ စကားပြောကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သဘောကျပြီး တရားပွဲတွေနားထောင်ဖူးတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေတိဂုံအလယ်ပဉ္စယံ တရားပွဲဆိုရင် အဲဒီခေါင်းဆောင်တွေနဲ့ မလှမ်းမကမ်း က နားထောင်ဖူးတယ်။ အောင်ဆန်းအက်တလီစာချုပ်ချုပ်ပြီး မြို့တော်ခန်းမမှာ တရားပွဲလုပ်တော့ ပန်းခြံထောင့်မှာရပ်ပြီး နားထောင်ရ တယ်။ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားလွန်းလို့ ဗိုလ်ချုပ်သွားလေရာ နောက်ကလိုက်ကြည့်တဲ့အထိပဲ။


ဗိုလ်ချုပ်တို့ကျဆုံးတဲ့နေ့က ရွာကလူငယ်တွေနဲ့ အတွင်းဝန်ရုံးကို လာကြည့်ရင်း ဗိုလ်ချုပ်တို့ ရုပ်ကလာပ်တွေထားတဲ့ ဂျူဗလီဟော ကိုလာတယ်။ လာရင်းနဲ့ အိမ်မကိုမပြန်တော့ဘူး။ ဗလစ က တာဝန်ပေးတဲ့ ဈာပနကိစ္စတွေ လုပ်ခဲ့ရတယ်။ ပြောရရင်တော့ မောင် အောင်ဆန်းက ကျုပ်ကလေးပါလို့ပြောတဲ့ ဒေါက်တာဘမော်တရားပွဲက ရေကျော်မောင်အေးရှေ့မှာ နားထောင်ရသေးတယ်။ တောင် ညွန့်မှာ ရေပက်ခံပွဲတက်တဲ့ နာဆာ၊ နေရူး၊ ဆူကာနိုတို့ကို မြင်ဖူးချင်လို့ သွားတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို စတာလင် ငြိမ်းရေးဆုလာပေးတဲ့ ဆိုဗီယက်ယဉ်ကျေးမှုဝန်ကြီး တီကိုးနော့ဗ်ရဲ့ တရားပွဲတွေ လျှောက်နားထောင်တာပဲ။


ဒလမြို့ သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရေးလေးဘဝမှာ ရန်ကုန် ပန်းဆိုးတန်း ရာရှင်ရုံးရောက်လာသည်။

လခ ၉၆ ကျပ် စာဖတ်ဝါသနာပါခဲ့သူဖြစ်သဖြင့် စာယဉ်ကျေးမှုမှအစ တေးဝါသနာထုံမှု အဆုံး၊ အနုပညာလောကမှ လူအားလုံး နှင့်နေရလျှင် ပျော်နေတတ်သူဖြစ်သည်။ စစ်ပြီးခေတ်၊ ရေဒီယိုအသံရှင်များတွင် တက္ကသိုမြကြီးကို သူသဘောကျသည်။ တက္ကသိုလ်စိုး၊ တက္ကသိုလ်မြကြီးတို့နှင့် အမြဲတွေ့နေကျဖြစ်သည်။ ကိုမြကြီးရဲ့ လေယူလေသိမ်း ဆိုဟန်များကို အမြဲဂရုထားသူဖြစ်၍ ကိုမြကြီးရဲ့ အကြိုက်တေးသွားများကို တစွန်းတစ ဖန်တီးပေးနိုင်သူအဖြစ် ထင်ပေါ်လာသည်။ သီချင်းကို ကဗျာဟန်၊ စကားပြောဟန်၊ နဘေ ဟန်များစ၍ တီထွင်သူဟု တချို့က ဆိုသည်။ ကဗျာချစ်သူ မြတ်လေးသီချင်းများက “နဘေ” ခေတ်ကို လှုပ်ခါစေသည်။ လေးထပ်၊ ငါးထပ်နဘေများ သူ့တေးများတွင် တွေ့ရပေမည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အချုပ်တန်းဆရာဖေ၊ ဦးပုညတို့စာ အမြဲတစေ ရိုသေသောသူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လေးဆယ်မှ သူ့တေးစာများကို လေ့လာလျှင်သိမည်။ တခါတရံ သီချင်းစုံရေးတတ်သော ရွှေပြည်အေး၊ ကမ္ဘာတူရိယာ ပစ္စည်းစုံမြန်မာ တေးနှင့်ဟပ်အောင် ဖန်တီးသော မြို့မငြိမ်း၊ မြန်မာအကသီချင်းစုံ တံခွန်ထူ သူမတူ အောင် ရေးတတ်သော နန်းတော်ရှေ့ဆရာတင်အကြောင်းများကို ပလက်ဖောင်းတွင်သော်လည်းကောင်း၊ စင်မြင့်ပေါ်တွင်သော် လည်းကောင်း ပြောကြား၊ ဟောကြားခဲ့သူလည်း ဖြစ်သည်။)

အဲဒီအချိန်မှာ မြန်မာဝတ္ထုတွေဖတ်နေပြီး အဘိုးကတော့ စာဟောဆရာ ဦးပြား၊ ဗန်းမော်တင်အောင်က ပန်းဆိုးတန်းက ဗိုလ်သိန်း အောင်ဆီ ခဏခဏလာတယ်။ ဝတ္ထုတွေက ရဲခေါင်ရေးတဲ့ ညောင်ရွက်လေချီ၊ လင်းယုန်နီ၊ ဒဂုန်တာရာ၊ တင့်တယ်။ စာဖတ်ရင်းနဲ့ စာပေနယ်ကလူတွေနဲ့ နီးစပ်လာတယ်။ ၃၉ လမ်းလား လမ်း ၄၀ လားမသိဘူး။ ဗန်းမော်တင်အောင်တို့ လင်းယုန်တိုက်ရှိတယ်။

အဲဒီလမ်းမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ စုစည်းမိကြတယ်။ ထွဏ်းနေနွယ်၊ ဒေါင်းနွယ်ဆွေ၊ နေသွေးနီစတဲ့ လူတွေ ကဗျာ ဆရာတွေနဲ့ ရင်းနှီးလာတာပေါ့၊ ဒီလိုနဲ့ မခင်နှင်းဆီသီချင်းတွေ ရေးဖြစ်လာတယ်။ ပဒေသရာဇ်ဆန့်ကျင်ရေး သီချင်းတွေ၊ ငြိမ်းချမ်း ရေးသီချင်းတွေ ဆိုပါတော့။ နောက် ရုပ်ရှင်စရိုက်ဖြစ်တယ်။ ပထမ “ပင်လုံထိပ်ထားဦး”၊ ဒုတိယ “အမုန်း၏ နောက်ဝယ်”၊ တတိယ “ပန်းတိုင်းပွင့်ပါစေ”၊ စတုတ္ထ “သီချင်းဆို၍ ငိုရသည်” အဲဒီလေးကားရိုက်ပြီးတဲ့အခါကျတော့ နိုင်ငံခြားကိုသွားဖြစ်တယ်။ ဆိုဗီယက် မော်စကို၊ တရုတ်ပြည်တို့ပေါ့လေ။ အဲဒီရောက်တော့ နိုင်ငံခြားက စာရေးဆရာတွေ ဟောတာပြောတာတွေပါ နားထောင်ရတယ်။ ပိုင် အိုနီးယားပဲလေ့စ်မှာ ကဗျာဆရာ ယက်ဖ်တူရှင်ကို ကဗျာရွတ်တာအကြိုက်ဆုံးပဲ။ ယက်ဖ်တူရှင်ကို ငယ်ငယ်ကလူချော။


မော့စ်ဖလင်လေ့လာဖူးတယ်။ War & Peace ရိုက်တဲ့ ဒါရိုက်တာနဲ့ ရင်းနှီးခဲ့တယ်။ “ပင်လုံထိပ်ထားဦး” ကားဆိုရင် မော့စ်ဖလင်နဲ့ တရုတ်မြန်မာ လေ့လာရေးအဖွဲ့ကို (၃) လကြာပေးခဲ့ဖူးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဓာတ်ပုံ (၁၂) ပုံ ကိုယ့်စရိတ်နဲ့ ကိုယ်ကူးပြီး ဆိုဗီယက်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အင်ဒရီယက်ဖ်ကို ပေးခဲ့တယ်။ တရုတ်ပြည် ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း ပေးခဲ့တယ်။ ကမ္ဘာကျော် ဒါရိုက်တာ ဘာတိုလူချီနဲ့ ဆုံခဲ့တယ်။

ယူဂျီဂါဂါရင်ကို နောက်အာကာသတက်တဲ့ အာကာသယာဉ်မှူး နီကိုလိုင်နဲ့ ပါကော့ဗစ်ချ်တို့နဲ့အတူ ကရင်မလင်နန်းတော် လီနင်ဂူပေါ်မှာ ဂုဏ်ပြုအခမ်းအနား တက်ရတယ်။ ဝူးမင်းသည် အတ်ချ်မင်းကားနဲ့ ဧည့်ခံတယ်။ ယူနန်သံမဏိသူရဲကောင်းမင်းသားပါတဲ့ ရိုက်ကွင်း တွေကို တရုတ်ပြည်ရောက်တုန်း လိုက်ပြတယ်။ ဆံဖြူမယ် ရုပ်ရှင်မင်းသမီးနဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးဖြစ်သေးတယ်။

မော်စကိုပြန်လာပြီးတော့ ဝမ်းနည်းဝမ်းသာ၊ ပန်းပန်လျက်ပါ၊ ချွေးနဲ့သွေးနဲ့ ရင်းသည့်မြေ ကားတွေရိုက်ဖြစ်တယ်။ “ငို၍ရယ်၍မရသော မျက်နှာ”၊ “ချစ်သူကလ ကိုယ်ကည”၊ “သူများရယ်ဖို့ ကိုယ်ငိုမယ်”၊ “ရွှေပန်းကန်ပေါ်ကျတဲ့ မျက်ရည်”၊ “ပုဂံအလှရှာပုံတော်”၊ “စက္ကူ လှေကလေးများ”၊ “မျက်စပစ်၍ ခေါင်းခါသည်”၊ ကားတွေရိုက်တယ်။ ဒီကနေ့အထိ ဆိုပါတော့၊ ကားတွေလဲ အခိုးခံရ၊ ပျောက်နဲ့ လက် ထဲမှာ သိပ်မရှိတော့ဘူး။ သူ၏ တေးများကို စာရေးဆရာ၊ ကဗျာဆရာများသည် ယနေ့အထိ အသိအမှတ်ပြုပြောဆိုနေကြဆဲ ဖြစ်သည်။ သူ၏ ပင်လုံထိပ်ထားဦးမှ သီချင်းတပုဒ်အား အလျဉ်းသင့်၍ ဖော်ပြလိုက်ရပါကြောင်း

(၁) မြေပြန့်ဆီသာ ဆင်းခဲ့ပါ။

စည်းရွှေကာ၍ လေသာလျှော့ဖြေ၊ ထုံးနေကျစ်လျစ်၊ စံရွှေရစ်ဝါ၊ ဖြူပြာပြာ၊ မာယာတော်နန်း၊ မော်ကြငှန်းမှာ၊ စံမြန်းမော်ကြွား၊ ပျော်နေသလား၊ လှထိပ်ထားရေ။


လူသားသစ္စာ၊ အဘိဓမ္မာလို၊ သိပါလိုလျှင်၊ တံစဉ်နှင့်တူ၊ ဆွဲကိုင်ထူသည့်၊ တောင်သူလုပ်သား၊ လူတန်းစားထဲ၊ ကျော်လွှားသက်တန့်၊ အသာငုံ့၍ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။


(၂) ဆရာမြတ်လေးနှင့် ကျနော်တို့ စကားပြောဖြစ်ကြသည်။ အသက်အရွယ်အားဖြင့် ကွာလှသော်လည်း သူနှင့်စကားပြောလျှင် အဲဒီ အသက်အရွယ်တွေ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာဆိုတာတွေ ပျောက်ကုန်သည်။ သူ အိမ်ထောင်ကျတာ ၁၉၆၂ ခုနှစ်မှာ ဟူသော စကားလည်းပါသည်။ သူ့မိသားစုအကြောင်းနှင့် မခင်နှင်းဆီကိစ္စတော့ ဆရာမြတ်လေးက သိပ်မပြော။ ရုပ်ရှင်ကိစ္စပြောလျှင် မြတ်လေးဆိုသော အမည်နာမပျောက်သွားပြီး သီဝရီတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ နိုင်ငံတကာကိစ္စတွေ ကြားရသည်။ ရန်ကုန် တက္ကသိုလ်တွင် သူ၏ပြဇာတ် “ဆံမြိတ်လည်းပြေ၊ ပန်းလည်းကြွေ” ကို စောစောစီးစီးမပြ၍ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်က အပြစ်တင်သတဲ့။ ကျနော်မသိဘူး ဆရာ၊ ကိုဘကောင်းတို့ အစီအစဉ်ဆွဲတာဟု ပြောရသည်ဆိုသည်။ “ညီမလေး မာစေ” ပြဇာတ် တင်တော့လည်း ရန်ကုန်တက္ကသိုလ် အဓိပတိ (ဟောင်း) နှင့် စာရေးဆရာ သိန်းဖေမြင့် (ကွယ်လွန်) တို့က ဇာတ်ခုံနောက်မိုက်နှင့် စကားပြောနေရာသို့ ရောက်ရှိလာပြီး နောက်ဘေးထရံခွကြည့်သတဲ့။ ဆရာကြီးတွေ၊ လူကြီးတွေက စိတ်ဝင်စားကြသည်။ သူ၏ လူ ငယ်ဘဝ အနုပညာဖြတ်သန်းမှုမှာ အားကျမက်မောစရာ ကောင်းလှသည်။ သူ၏ “သီချင်းဆို၍ ငိုရသည်” ဇာတ်ကား (မြင်ကွင်းကျယ်) ဇာတ်သိမ်းနှင့်ပတ်သက်၍ အနောက်ဂျာမဏီသတင်းစာတွေက ရေးကြသည့်သတင်းလည်း ငယ်စဉ်ကတည်းက ကြားခဲ့ဖူးသည်။


မြတ်လေးဟုဆိုလျှင်သူ၏ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ ရုပ်ပုံလွှာပေါင်း များစွာက ခံစားမှုထဲ၌ လှပစွာ တောက်လောင်လာသည်။ အနုပညာသမားတယောက်၏ ဘဝကိုမြင်လာရသည်။ အနုပညာနယ်ပယ်၌ မြတ်လေးသည် မိမိကိုယ်မိမိ မှည့်ခေါ်သောနာမည် မဟုတ်တော့။ ပြည်သူက အသိအမှတ်ပြုထားသော မြန်မာအနုပညာရှင်တဦးအဖြစ် သူ့အနုပညာများက တည်ဆောက်ထားနိုင်ခဲ့ပြီ။​ ။


ကိုးကား

↑ မိုးမခ

↑ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၂၆၊ စက်တင်ဘာလ ၂၀၀၉

↑ သမိန်ကောင်း “ဒါရိုက်တာမင်းသား အကယ်ဒမီမြတ်လေး” ငွေတာရီ မဂ္ဂဇင်း အမှတ် ၁၂၃ (၁၉၇၀ စက်တင်ဘာ) စာ ၁၇၃ - ၁၇၇။

ခရက်ဒစ်...ဝီကီပီးဒီးယာ


#crd_to_owner SarysrSai Min Thant

#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Monday, May 30, 2022

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ

 စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ 




စာရေးသူ Ye Myo Myat မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


#စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေမှားသိထားကြလဲ


စိတ်ကျန်းမာရေးဆိုတာ ပုံမှန်လူသားတိုင်း နားလည်နိုင်စွမ်း အလွန်နည်းပါတဲ့ ကျန်းမာရေးခေါင်းစဉ်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး ကျန်းမာရေးဗဟုသုတနည်းတဲ့ နိုင်ငံမျိုးတင်မကဘဲ တကယ့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ပြည်သူလူထုများက စိတ်ကျန်းမာရေးကို ကောင်းစွာ နားလည်နိုင်ခြင်းမရှိကြပါဘူး။


စိတ်ကျန်းမာရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်လိုက်ရင် လူအယောက် ၁၀၀ မှာ ၉၉ ယောက်က ရူးနေတာ၊ လွတ်နေတာ၊ ဆိုက်ကိုဖောက်နေတာ၊ နည်းနည်းလေး ကြောင်တောင်တောင်ဖြစ်နေတာဆိုပြီးတော့ ပြန်ဖြေပါလိမ့်မယ်။


#စိတ်ကျန်းမာရေးဆိုသည်မှာ

စိတ်ခံစားချက်၊ တွေးခေါ်ပုံ၊ အပြုအမူတွေအပေါ် သက်ရောက်မှုရှိပြီး ပြောင်းလဲစေတဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို စိတ်ကျန်းမာရေးပြဿနာလို့ ခေါ်ပါတယ်။ လိင်သတ်မှတ်ချက်၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ ပညာရေး၊ စီးပွားရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာရေး စတာတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှုတွေ ရှိနေတာပါ။


#စိတ်ကျန်းမာရေးပြဿနာတွေဟာ လူနည်းစုမှာသာ ဖြစ်နိုင်တာလား။

ပြောရင်တော့ ယုံချင်မှ ယုံလိမ့်မယ်။ ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ စိတ်ကျန်းမာရေးပြဿနာ မရှိသူဟာ မရှိသလောက်ကို နည်းပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေ၊ ငယ်စဉ်က ဖြတ်သန်းလာခဲ့ရတဲ့ နာကျင်မှု စိတ်ဒဏ်ရာတွေ၊ လောကဓံရဲ့ တိုက်စားမှုတွေ၊ ဘဝနေထိုင်မှုဆိုင်ရာ ကြပ်တည်းမှုတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ သူတွေကိုတောင် ယိုင်နဲ့သွားစေလောက်အောင် ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့်လည်း ရုပ်နဲ့ ခန္ဓာဟာ လူတွေကို အသက်ရှင်စေတဲ့ စက်ယန္တရားလို့ဆိုကြပြီး စိတ်ခံစားချက်နဲ့ အတွေးအခေါ်ဆိုတာ ထိုစက်ယန္တရားတွေကို ရွေ့လျားစေဖို့ ကူညီပေးတဲ့ လောင်စာဆီလို့ ဆိုရမှာပါ။


#စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတိုင်း ရူးနေတာလား။

ရူးတယ်ဆိုတာ မိမိရဲ့ ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားတဲ့ အလွန်ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ ဒါပေမယ့် ပုံမှန်စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာ၊ ဝမ်းနည်းတာမျိုးကိုတော့ ရူးတယ်လို့ သတ်မှတ်လို့ မရပါဘူး။ စိတ်ကျန်းမာရေးပြဿနာလို့သာ သတ်မှတ်လို့ ရပါတယ်။


#လူတွေက ကိုယ့်စိတ်အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ ခွဲခြားနိုင်ကြလား။


ပျော်ရင် ပျော်တယ်၊ ဝမ်းနည်းရင် ဝမ်းနည်းတယ်၊ ဒီလိုမျိုး အပေါ်ယံ ခံစားမှုမျိုးကိုတော့ လူတိုင်းခွဲခြားတတ်မှာပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးပြဿနာဆိုတာ အဲဒီလောက် ခွဲခြားရ မလွဲပါဘူး။ ဥပမာ  ရိုးရိုး စိတ်ညစ်တာကို စိတ်ဓာတ်ကျတယ်လို့ ထင်ရင် ထင်လိမ့်မယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်တာကို စိတ်အတက်အကျမြန်ရောဂါလို့လည်း ထင်တဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဘာခံစားလို့ခံစားနေရမှန်းမသိဘဲ အရာရာပျောက်ဆုံးနေသလို ခံစားနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။


#စိတ်ကျန်းမာရေးပြဿနာ ကြုံတွေ့နေရသူတွေဟာ သူတို့ခံစားနေရတာတွေကို ဘာလို့ရင်မဖွင့်ကြတာလဲ။


လူငယ်တွေရော လူကြီးတွေမှာပါ ဒီလိုအမူအကျင့်တွေ ရှိတာကို ပြင်ပလောကမှာလည်း ခဏခဏ မြင်ရကြားရပါတယ်။ ကိုယ်ဒီလိုခံစားနေရတာတွေကို သူများပြောလိုက်ရင် ကိုယ့်ကိုများ အထင်သေးသွားမလား၊ ကွယ်ရာမှာ ကိုယ့်မကောင်းကြောင်းတွေကို ပြန်ပြောပြီး ဟားတိုက်ရယ်မောနေကြမလား၊ ကိုယ့်ကို အားပေးနှစ်သိမ့်တာမျိုး မလုပ်ဘဲ ဝေဖန်ကဲ့ရဲ့ကြမလား၊ အထင်သေးကြမလား၊ ကိုယ့်မိသားစုကရော ကိုယ်ဘာတွေခံစားနေရလဲ သိပြီးသွားရင် ဝမ်းနည်းကြမလားဆိုပြီး အတွေးပေါင်းစုံ ဝင်လာတာနဲ့ ပြောမယ့်အရာတွေ အကုန်မျိုသိပ်လိုက်ပြီး ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ ငြိမ်ငြိမ်နေလိုက်ကြတော့တာပါပဲ။


ဒီလိုမျိုး မျိုသိပ်လိုက်တဲ့အခါ ခံစားချက်တွေက ပျောက်သွားတာမျိုးမဟုတ်ဘဲ သဲနဲ့ဖုံးလိုက်သလို ဖြစ်သွားတဲ့အတွက် နောက်ထပ် စိတ်ညစ်စရာတွေ ဝင်လာတဲ့အခါ အရင်ခံစားနေရတာတွေရော နောက်ထပ်ခံစားရတာပါ ပေါင်းသွားပြီး လူက ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်လာကာ မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့အထိ ပြုမူတတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ရှောင်ရှားဖို့အတွက် ဘေးလူတွေအနေနဲ့ ကိုယ်ချစ်တဲ့သူတွေ ဘယ်လိုပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်နေတတ်လဲ၊ စကားမျိုးတွေ ပြောနေတတ်လဲဆိုတာ အမြဲစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။


#ဘယ်လိုလူမျိုးကတော့ စိတ်ရောဂါမဖြစ်နိုင်ဘူးဆိုပြီး သတ်မှတ်လို့ရလား။


နာမည်ကြီး အဆိုတော်တွေ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတယ် ဆိုတဲ့ သတင်းတွေတက်လာရင် သူတို့အကြောင်း ဘာမှမသိကြတဲ့ ဘေးလူတွေက ရုပ်ကလေး ချောနေလျက်နဲ့ ဘာလို့သတ်သေသွားရတာလဲ၊ ဝင်ငွေကလည်း ကောင်းနေတာပဲ၊ အဆိုတော်ဆိုတာ ငါတို့ဖြစ်ချင်တာတောင် ဖြစ်လို့မရဘူး၊ ကိုယ့်ဘဝကိုယ် တန်ဖိုးမထားတတ်လိုက်တာ၊ အဖန်ငါးရာ့ငါးကမ္ဘာကို မကြောက်ကြဘူးနော်၊ သူတို့ထက် အဖြစ်ဆိုးတဲ့သူတွေ လောကမှာအများကြီးမရှိတာတောင် မသတ်သေကြဘူး အစရှိသဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ၊ ကာယကံရှင်နဲ့လည်း မသက်ဆိုင်တဲ့အရာတွေကို အများဆုံး ပြောတတ်ကြပါတယ်။


အပေါ်မှာလည်း တစ်ခေါက်ပြောခဲ့ပြီးပါပြီ။ စိတ်ကျန်းမာရေးဆိုတာ လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ ဘာသာမရွေး ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဘယ်လိုလူမျိုးမို့လို့ စိတ်ရောဂါဖြစ်ခွင့်မရှိဘူးဆိုပြီး တရားသေသတ်မှတ်တာက လောကနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့တွေးခေါ်မှုပုံစံ ကျဉ်းမြောင်းတယ်ဆိုတာကို ပြသနေတာပါပဲ။


#စိတ်ကျန်းမာရေးပြဿနာသည် ကုသရခက်တယ်ဆိုတာ ဟုတ်သလား။


ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက်တစ်ခုခုရှိရင် သောက်စရာဆေးရှိတယ်၊ အာထရာဆောင်း ရိုက်ပြီး စစ်ကြည့်လို့ ရတယ်၊ မကောင်းတဲ့ ဆဲလ်တွေကို ဖယ်ထုတ်လိုက်လို့ ရတယ်၊ လွယ်တာတော့ မဟုတ်ပေမဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ တော်တော်များပါတယ်။ စိတ်ကျန်းမာရေးပြဿနာမှာ ဝေဒနာရှင်က စိတ်ဓာတ်ကျနေတဲ့ လက္ခဏာပြနေရင်တောင် ဒီလူဆီမှာ စိတ်ကျရောဂါရှိတယ်လို့ အတိအကျပြောလို့ မရသလို တခြားစိတ်ရောဂါတွေ မရှိဘူးလို့လည်း အလွယ်တကူသတ်မှတ်လို့ မရပါဘူး။


လူနာရှင်ရဲ့ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝနေထိုင်မှုပုံစံ၊ စကားပြောဆိုမှု၊ ခြေဟန်လက်ဟန် မျက်နှာဟန်ပန်အမူအရာတွေ၊ ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်အကြာကြီး ဆွေးနွေးပြီးမှ ရောဂါဇစ်မြစ်ကို သတ်မှတ်လို့ ရပါတယ်။ ရောဂါသိပြီးသွားရင်လည်း တွေးခေါ်မှုပိုင်းဆိုင်ရာ စိတ်ကုထုံးတွေ၊ စိတ်ငြိမ်စေတဲ့ ဆေးတွေ၊ စိတ်လေ့ကျင့်ခန်းတွေ စတာတွေကို လုပ်ပေးဖို့အတွက် လူနာတွေကိုယ်တိုင်က စိတ်မရှည်ကြသလို ရောဂါပျောက်ဆေးမဟုတ်တဲ့အတွက် သိပ်ပြီး ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေလည်း မရှိကြပါဘူး။ နောက်တစ်ချက်က စိတ်ရောဂါတွေဟာ အချိန်အကြာကြီး ရောဂါကိုပိုးမွေးသလို မွေးပြီးမှ ဖြစ်လာတဲ့ပြဿနာဖြစ်တဲ့အတွက် ကုသဖို့အချိန်ဟာလည်း နှစ်ရှည်လများစွာ ကြာမြင့်နိုင်ပါတယ်။


#ကိုယ့်ရဲ့စိတ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာများတွေ့လာရင် ဘာလုပ်သင့်လဲ။


ကိုယ်ချစ်ရတဲ့၊ ယုံကြည်ရတဲ့သူတွေကို ကိုယ့်ပြဿနာများအကြောင်း ရင်ဖွင့်ပါ။


ရင်ဖွင့်စရာလူမရှိရင် စိတ်ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။


ကိုယ်တစ်ယောက်တည်း ဒီလိုမျိုးခံစားနေရတယ်လို့ မသတ်မှတ်ထားပါနဲ့၊ ကိုယ့်လိုပဲ စိတ်ကျန်းမာရေးပြဿနာရှိနေသူတွေ အများကြီးရှိပါတယ်။


စိတ်ရောဂါ၊ စိတ်ကျန်းမာရေးပြဿနာဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ဒါတွေကို လိုက်ပြီးနှိမ့်ချဆက်ဆံနေသူတွေရဲ့ အပြုအမူတွေကသာ ရှက်စရာကောင်းတာပါ။


စိတ်ညစ်ရင် စိတ်ထွက်ပေါက်ဖြစ်စေမယ့် အရာတစ်ခုခု ထလုပ်ပါ။


မကောင်းတဲ့ခံစားချက်တွေကို တစ်နည်းနည်းနဲ့ ဖွင့်ထုတ်ပါ။ ရင်ထဲ မျိုသိပ်မထားပါနဲ့။


စိတ်ကျန်းမာရေးပြဿနာရှိလို့ ကိုယ်ဟာ တခြားသူတွေထက် တစ်ဆင့်မနိမ့်သွားပါဘူး။ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာတွေကို အရှိအတိုင်း လက်ခံပါ။ မကောင်းဘူးထင်ရင် ပြင်ဆင်ပါ။ လောကမှာ အပြစ်အနာအဆာကင်းပြီး အမှားအယွင်းမရှိတဲ့သူဆိုတာ မရှိပါဘူး။ လဲကျရင် ပြန်ရပ်ပါ။ အမှားလုပ်ခဲ့မိရင် သင်ခန်းစာယူပြီး ပြင်ဆင်ပါ။


Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Friday, May 27, 2022

SOP_ဘယ်လိုရေးမလဲ

 SOP_ဘယ်လိုရေးမလဲ




ကုမ္မဏီအများစုမှာ အဖွဲ့အစည်းအတွင်း ဌာနတွင်း၊ ဌာနချင်း လုပ်ငန်းဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် တာဝန်ယူ၊ တာဝန်ခံမှု ရှင်းလင်းစေရန်၊ အငြင်းပွားမှုလျော့နည်းစေရန်၊ လုပ်ငန်းလုပ်ဆောင်မှုလျင်မြန်လာစေရန်၊ အမှား နည်းလာစေရန်နှင့် ကုန််စည်၊ ဝန်ဆောင်မှုများကို အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချနို်င်ရန် စသဖြင့် ရည်ရွယ်ချက်ပေါင်းများစွာနှင့် SOPကို ရေးဆွဲ အသုံးပြုလာကြပါတယ်။ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိလာသည်နှင့် အညီ ISO စံချိ်န်စံညွှန်း သတ်မှတ်ချက်များ ပြည့်မီအောင် ဆောင်ရွက်ခြင်း အလေ့ဟာလည်း ထင်ရှားလာပါတယ်။ ISOနှင့်အတူ SOPကလည်း တွဲပါ လာပါတယ်။

SOP ဆိုတာ Standard Operating Procedure စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းလို့ မြန်မာမှုပြုနိုင်ပါမယ်။  စကားလုံးတွေကို လုံးကောက်ယူရာမှာ အနှစ်သာရနှဲ့ ဝေါဟာရ သေချာ ခွဲခြား နားလည်ဖို့အရေးကြီးပါတယ်။ ဝေါဟာရအရ Standard ကို စံ/ စံသတ်မှတ်ထားသော လို့ဆိုကြပါမယ်။

သုတေသနစာစောင်တွေမှာ
Standard means  Required / Mandatory  လို့ ဆိုပါတယ်။
Operating means  Routine / Repeated  လို့ ဆိုပါတယ််။
Procedure means  Steps / Sequence  လို့ ဆိုပါတယ်။

ဒါကြောင့် SOP = Required Routine Steps လို့ နားလည်ရပါမယ်။

အနှစ်သာကဘာလဲ။ ဥပမာ ထမင်းချက်မယ်ဆိုပါစို့။ ဘယ်သူက ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်အရာတွေ( လျှပ်စစ်၊ ထင်း၊ ဆန်၊ အိုး၊ရေ----)စတာတွေကို အသုံးပြုပြီး ဘယ်လိုချက်မယ်။ ဘာကြောင့် ချက်တာဖြစ်တယ်။ ထမင်းဟာ မမာရဘူး ၊ မပျော့ရဘူး ရလဒ်စံချိန်စံညွှန်းတွေပါ တွဲပါတတ်ပါတယ်။ 

ထမင်းချက်မယ်ဆို ချက်မယ့်သူက ဆုံးဖြတ်ချက် ချခွင့်ရှိသူ/ တာဝန်ယူထားသူ ဆို  ထမင်းအိုးထဲမှာ အရင်ချက်ထားတဲ့ ထမင်းကျန်၊မကျန် စစ်ဆေးပါမယ်။ ထမင်းလက်ကျန် ကျန်နေရင် မိသားစုဦးရေနှင့် ချိန်ဆပြီး လိုအပ်မယ့် ဆန်ပမာဏယူပြီး ချက်မယ်။ မကျန်ရင် ဘယ်လောက်ချက်မယ်။  ဆုံးဖြတ်ပြီး တန််းပြီး ဆောင်ရွက်နိုင်ပါတယ်။ အဲလိုအဟုတ်ဘူးဆို ဆုံးဖြတ်ခွင့်ရှိသူထံ တင်ပြပြီး ဘယ်လောက်ထပ်ချက်ရမယ် အတည်ပြုချက် တောင်းခံရပါမယ်။ အတည်ပြုချက်ရပြီဆို လျှပ်စစ်/ ထင်း ၊ ပေါင်းအိုး၊ ရေစသည့် လိုအပ်သည့် ပစ္စည်းကိရိများ ရှိ၊ မရှိ၊ ကောင်း၊ မကောင်းကြည့်ရပါမယ်။ လျှပ်စစ်မီးပျက်နေတယ်။ ဘယ်လိုလုပ်မယ်။ အိုကေ လက်နက်ကိရိယာအကုန်စုံပြီးဆို ပေါင်းအိုးထဲကို သတ်မှတ် ဆန်ပမာဏထည့်မယ်။ ပြီးရင် ရေဆေးမယ်။ ဘယ်နှစ်ကြိမ်ဆေးမယ်။ ဆန်ထဲမှာ ဆန်ပိုးလေးတွေ ပါနေရင် ဘယ်လိုကင်းစင်အောင်လုပ်မယ်။ ပြီးရင် ဆန်ပမာဏနှင့် ချိန်ဆပြီး လိုအပ်တဲ့ ရေပမာဏထည့်မယ်။ ပေါင်းအိုးမှာ ရေတွေ ရှိနေရင် သုတ်ရမယ်။ ပြီးရင် တည်ဖို့ပြင်မယ်။ မီးခလုတ်ဖွင့်မယ်။ ပေါင်းအိုး ခလုတ်နှိပ်မယ်။ လိုအပ်ရင် ဆူပွက်လာရင် မွှေမယ်။ မမွှေဘူး။ ထမင်းကျက်လို့ ပေါင်းအိုးခလုတ်တက်လာရင် လျှပ်စစ်မီးခလုတ်ပြန်ပိတ်မယ်။ ထမင်းအိုးကို ချွေးမကျအောင် အဖုံးလေးကို ခါမယ်။ ပြီးရင် ထမင်း မာ၊ ပျော့ စစ်ကြည့်မယ်။ တစ်ခုရှိသေးတာက ထမင်းပူပူလေး ဟင်းပူပူလေးနဲ့ စားကောင်းအောင် ထမင်းချက်ချိန် timingယူဖို့ ဟင်းချက်တဲ့အဖွဲ့နဲ့ ဆွေးနွေးအုံးမလား၊၊
စသဖြင့် စသဖြင့် taskတွေကို ဆောင်ရွက်မယ့် Intstructionအသေးစိတ်ပါဝင်အောင် ရေးပါတယ်။

တချိို့က SOPခေါင်းစဉ်တပ် အကျဉ်းချုံးရေးကြပါတယ်။ Work Instruction အသေးစိတ်ရေးပြီး SOP ထဲမှာ ပြန်ညွှန်းတတ်ကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ၊ တဈရှာတဈပုဒျဆနျးမို့  ပြည့်စုံဖို့ပါပဲ။  အဲလိုရေးရာမှာ အဆင့်တွေကို မြင်သာအောင် Instruction တွေကို  Work Flowအလိုက် သိသာထင်ရှားလွယ်ကူစေရန် အစဉ်လိုက် အုပ်စုလေးတွေ ဖွဲ့လိုက်ပါမယ်။ ဥပမာ ထမင်းချက်ရန် ခွင့်ပြုချက်တောင်းခံခြင်း၊ ထမင်းချက်ရန် ပြင်ဆင်ခြင်း၊ ထမင်းချက်ခြင်း၊ ချက်ထားသော ထမင်းအား ပြန်လည်သုံးသပ်ခြင်း စသဖြင့် ပေါ့။ အဲအုပ်စုလေးတွေအောက်မှာ ဘယ်Instruction ပါတယ် အသေးစိတ်ရေးပေါ့။ ဥပမာပေးတာပါ။ ဆိုလိုရင်းက SOPရဲ့ အနှစ်သာရကို မြင်ဖို့ပါ။ အဖွဲ့အစည်းတစ်ခုလုံးအတွက် ၊ ဌာနတစ်ခုလုံးအတွက် SOPဘယ်လိုရေးမယ်ဆို ဆက်လက်လေ့လာကြပါမယ်။

SOPရေးတဲ့နေရာမှာ ပါဝင်သူတွေကို စဉ်းစားကြပါမယ်။ နံပါတ်တစ်က SOPတွေကို အဖွဲ့အစည်းအတွက် လိုလိုလားလား ရှိစေချင်တဲ့ ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချပေးမယ့် Top Management ရဲ့ Philosophyက အင်မတန် အရေးကြီးပါတယ်။

အဲဒါပြီးရင် ဇာတ်လိုက်နှစ်မျိုးက
(၁) ဌာနအလိုက် သက်ဆိုင်ရာ Subject Matter Expert တွေ(ှSales , Marketing, Finance, 
      Supply Chain, HR , ----) ၊ 

(၂) SOP Technical Writer ပါ၊။

Subject Matter Expertကတော့ ရှင်းတယ်။ SOP Technical Writerက ဘာလို့လိုတာလဲ။ သူက ဘာတွေ သိရ၊ လုပ်တတ်ရမှာလဲ။ Subject Matter Expert တချို့က SOPရေးရမယ့် နည်းလမ်းတွေကို သိချင်မှ သိနိုင်ပါမယ်။ သူတို့ကို SOPဆိုတာ ဘာ ၊ ဘယ်လိုရေးရမယ် လမ်းညွှန်အသိပေးမယ့် သူလိုလာလို့ Technical Writer ပါလာတာပါ။ Technical Wirter က အဖွဲ့အစည်းရဲ့ Business Flow ကို သိရမယ်။ ဌာနတွေရဲ့ Flowကို Subject Matter Expertတွေလောက် အသေးစိတ်မသိပေမယ့် General လောက်သိထားရမယ်။ အဲဒါမှ လိုအပ်တာတွေ ကူညီနို်င်မယ်။ Subject Matter Expert တိုင်းက SOPဆိုတာ ဘာလဲနားလည်ပြီး ရေးတတ်ရင်တော့ Technical Writer မလိုပါဘူး။ ဒါပေမယ့် အတိုးအရှည်မညီတတ်တဲ့ လက်ချောင်းတွေပမာ Subject Matter Expertတချို့က SOPရေးနည်းအသေးစိတ်ကို မသိနိုင်တာကြောင့် Technical Writerရဲ့ အခန်းကဏ္ဍပါလာပါတယ်။

ရေးနည်းအဆင့်ဆင့်က သိပ်မခက်တော့ပါဘူး။ SOP Project ကို ဦးဆောင်သူဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ Business Flow ကို သိရပါမယ်။ Contextကို ကြေညက်ရပါမယ်။ အဲကမှ Business Function( Sales, Marketing, Procurement, Warehouse, HR, Finance,-----)  တွေ စဉ်းစားမယ်။

Business Function အလိုက် Business Processတွေကို စဉ်းစားမယ်။ အဲနေရာမှာ Subject Matter Expertတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ကိုယ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ Business Functionမှာ ဘယ် Business Process တွေ လုပ်ကိုင်နေရလဲ၊ ပိုကောင်းအောင် ဘယ်Processတွေ ဖြည့်ရမလဲ စသဖြင့် သိရပါမယ်။ Technical Wirterက အကြံပေးရပါမယ်။ အဲဒါမှ Business Function အလိုက် ပါကိုပါရမယ့် Business Process တွေ ထည့်စဉ်းစားမိပါမယ်။ အဲကမှ ဌာနရဲ့ Processတွေ အလိုက် SOP Titles ဘယ်နှခု ရေးမယ် သိပါမယ်။

အဲဒါဆို မှတ်လိုက်ပါမယ် SOPရေးဖို့ နံပတ်တစ် Business Flow ကို နားလည်ရမယ်။ Business Functionအလိုက် Business Processတွေ သတ်မှတ်ရမယ်။ အဲကမှ SOP Titles တွေရမယ်။
နံပါတ်နှစ်က Process  Titlesတွေအလိုက် အသေးစိတ်လုပ်ဆောင်ရမယ့် taskတွေကို စိစစ်ပြီး အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာကြည့်ရမယ်။  အဲဒီခွဲခြမ်းစိတ်ဖြာမှုအပေါ်မူတည်ပြီး Taskတွေကို လုပ်ဆောင်ရမယ့် Instructionတွေကို အသေးစိတ်ရေးရမယ်။ အထက်မှာ တင်ပြခဲ့တဲ့ ထမင်းချက်ခြင်း ဥပမာကို ပြန် စဉ်းစားပါ။

အခု တင်ပြခဲ့တာတွေက SOP ရေးနည်း အကြမ်းလေးပါ။ စာရေးသူူ လုပ်ငန်းခွင်မှာ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံ ၊ ဖတ်ဖူးတဲ့ စာအုပ်စာတမ်းတွေကို အခြေခံပြီး တင်ပြတာဖြစ်လို့ စာရေးသူ မမြင်နို်င်၊ မသိသေးတဲ့ SOPနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေအုံးမှာပါ။ အသေးစိတ်ရေးရင်တော့ စာအုပ် တစ်အုပ်စာ ထွက်လာပါလိမ့်မယ်။




 အခါအခွင့်ရရင် SOPရေးနည်း အနုပညာ စာအုပ်လေးလည်း ရေးချင်ပါတယ်။

''ညစ်ကြေးစပ်ယှဉ်၊ ပုထုဇဉ်သာ
ငါတို့မှာကား၊ အမှားဘယ်သို့
ရှိလေမြိုလိမ့်၊ ယွင်းချို့အက္ခရာ
ပျက်ယိုရာ၌ ၊ ပညာကြီးရှင်
ငြမ်းကောင်းဆင်၍၊ ပြင်စေသတည်း''  လို့ မုံရွေးဇေတဝန် ဆရာတော်ကြီးရဲ့  ဥတေနပျို့လာ စကားအတို်င်း စာရေးသူ၏ ချွတ်ချော်တိမ်းပါး အမှားအယွင်းကြောင့် စိတ်ကသိကအောက်ဖြစ်ရသော် ပညာရှင်ကြီးများအနေဖြင့် လမ်းမှန်ကို လမ်းညွှန်သင်ပြပေးဖို့ လေးစားစွာ ဂါဝရပြုပါတယ်။

သက်နိုင်ဝင်း
MBA (Human Resource Management)
Diploma in Human Resource Management
B.E (Information Technology)
B.Tech (Information Technology)
A.G.T.I (Information Technology)

thetnaingwin@intellectmyanmar.com
https://intellectmyanmar.com
Reference:

Tijo Kurien : How to develop a MODEL Standard Operating Procedure (SOP) for Scheduling (2020)
Mark Edelman : Writing & Editing SOPs and the Technical Writer (2003)
Kavya Mallur : A Quality Assurance Framework for Business Process Management (2015)
Arru Matteo: Use of Ontologies and Business Process Management Systems to Measure the Knowledge Fit of an Organisation (2018)
Brge Skjveland : Analyzing Business Process Management (2013)
https://tallyfy.com/
https://www.process.st/