Tuesday, May 21, 2019

ပါးစပ်မှ ဝင်လာနိုင်သော ခဲဆိပ် (၂)


          ဒီဆောင်းပါးဟာ ပြီးခဲ့တဲ့“ပါးစပ်မှဝင်လာနိုင်သော ခဲဆိပ်” ဆိုတဲ့ ဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ဦးစွာ ယခင်ဆောင်းပါးကို အကျဉ်းချုံးပြီး တင်ပြပါမယ်။

          ပြီးခဲ့တဲ့ဆောင်းပါးမှာ ခဲဓာတ်ပေါင်းအမျိုးမျိုးအကြောင်းနှင့် ခဲဓာတ်ပေါင်းတွေက လူ့ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်း (နှာခေါင်း)၊ အစာလမ်းကြောင်း (ပါးစပ်) နှင့် အရေပြားတို့ကို ဖောက်ပြီး ဝင်နိုင်တဲ့ အကြောင်း၊ ဒီလမ်းကြောင်းတွေအနက် ပါးစပ်မှ ခဲဆိပ်ဝင်ခြင်းအကြောင်းကို အသေးစိတ်တင်ပြခဲ့ပါတယ်။ ခဲဓာတ်ပေါင်းတွေဟာ သဘာဝအစားအစာတွေမှာ၊ သောက်ရေထဲမှာ ပါလာနိုင်ကြောင်း၊ ခဲဓာတ်များတဲ့ မြေကြီးမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ အပင်ထွက်အစားအစာ (အသီး၊ အရွက်၊ အပွင့်၊ သစ်ဥသစ်ဖု) တွေမှာ ခဲဓာတ်တွေ များနိုင်သလို ခဲဓာတ်များနေတဲ့ မြေအောက်ရေကို သောက်သုံးမိခြင်းအားဖြင့်လည်း ခန္ဓာကိုယ်ထဲ ခဲဓာတ်တွေ အစာလမ်းကြောင်းမှ ဝင်ရောက်နိုင်တယ်ဆိုတာ ရှင်းပြ ခဲ့ပါတယ်။

          သဘာဝ အစားအစာတွေမှာ ခဲဓာတ်ပေါင်းတွေ မပါပေမယ့် အစားအစာတွေ ပြင်ဆင် ချက်ပြုတ်တဲ့အချိန်မှာ ခဲဓာတ်ပေါင်းတွေ ဝင်လာနိုင်ကြောင်း၊ ခဲဓာတ်ပေါင်းတွေ ရှိနေတဲ့ ဖုန်တွေ၊ အမှုန်တွေနဲ့ ပေကျံနေတဲ့ လက်ကို စင်အောင်မဆေးဘဲ အစာစားသောက်ခြင်းကြောင့်လည်း ခဲဓာတ်ပေါင်းတွေက အစားအစာများနှင့်အတူ ခန္ဓာကိုယ်ထဲ ဝင်သွားနိုင်ကြောင်း ပြောခဲ့ပါတယ်။

          မြေကြီးပေါ်မှာ ဆော့ကစားတတ်ခြင်း၊ လက်ကို စင်အောင် မဆေးဘဲ အစာစားတတ်ခြင်း စတဲ့ အမူအကျင့်တွေကြောင့် ကလေးတွေဟာ လူကြီးတွေထက် ပိုပြီး ခဲဆိပ်သင့်တဲ့ အန္တရာယ်ကို ကြုံတွေ့ခံစားရတတ်ကြောင်း လည်း ရှင်းပြခဲ့ပါတယ်။

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းအချို့ဟာ ခဲဆိပ်သင့်စေနိုင်တဲ့ အခွင့်အလမ်းပိုများကြောင်း ဥပမာများနှင့် တကွ တင်ပြခဲ့ပါတယ်။ ဘက်ထရီအိုးဟောင်းတွေကို အသစ်ပြန်လည်ပြုလုပ်ရာမှာ ခဲကို အရည်ကျိုခြင်း၊ ခဲပြားများကို ဆေးကြောရခြင်းတို့ကြောင့်လည်း ခဲဆိပ်တွေက အလုပ်သမားတွေ၊ အိမ်သားတွေ၊ အနီးပတ်ဝန်းကျင်မှာ ဆော့ကစားကြတဲ့ ကလေးတွေကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း တင်ပြခဲ့ပါတယ်။

          ရှေးခေတ်က အသုံးပြုခဲ့ကြတဲ့ အိမ်သုတ်ဆေးတွေမှာ ခဲဓာတ်ပေါင်းတွေပါဝင်ကြောင်း၊ အဆောက်အအုံ ဟောင်းတွေက ကွာကျလာတဲ့ သုတ်ဆေးအဖပ်တွေဟာ အိမ်ကြမ်းပြင်မှာ၊ အိမ်ပတ်ဝန်းကျင် မြေကြီးမှာရှိနေရာမှ လူတွေရဲ့ပါးစပ်ထဲကို ဝင်ရောက်နိုင်ပါတယ်။ အိမ်သုတ်ဆေးတွေမှာပါနေတဲ့ ခဲဓာတ်ပေါင်းတွေကြောင့် ကလေးသူငယ်တွေ ခဲဆိပ်သင့်ပြီး ဆေးရုံရောက်လာကြတဲ့ အဖြစ်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ကတည်းက  ရှိခဲ့ပါတယ်။

          ပန်းချီရေးတဲ့ ဆေးတွေမှာပါနေတဲ့ ခဲဓာတ်ပေါင်းတွေကြောင့် ကမ္ဘာကျော် ပန်းချီဆရာကြီးတွေ ခဲဆိပ် သင့်ရောဂါ ခံစားခဲ့ရတဲ့အကြောင်း၊ ကလေးကစားစရာတွေကို အလှခြယ်တဲ့ ရောင်စုံဆေးတွေမှာ ခဲဓာတ်ပေါင်း တွေ ပါဝင်နေခြင်းကြောင့်လည်း ကလေးတွေ ခဲဆိပ်သင့်နိုင်ကြောင်း၊ မြန်မာ့ရိုးရာ အိုးဖုတ်၊ ချိုးရုပ်၊ ပစ်တိုင်းထောင်၊ ဖိုးဝရုပ် စတဲ့ ကစားစရာတွေကို ရောင်စုံခြယ်ထားတဲ့ ဆေးတွေမှာ ခဲဓာတ်ပေါင်းတွေ ပါဝင်နေရင် ပါးစပ်နှင့် ကိုက်မိ၊ စုပ်မိတဲ့ ကလေးတွေကို ခဲဆိပ်သင့်နိုင်ကြောင်း သတိပေးရေးသားခဲ့ပါတယ်။ လူ့အသုံးအဆောင်နှင့် ကလေးကစားစရာတွေမှာ ခဲဓာတ်မပါဝင်ရအောင် ကြပ်ကြပ်မတ်မတ် လုပ်နေတဲ့ အမေရိကန်နိုင်ငံမှာလည်း ခဲနှင့်ပြုလုပ်ထားတဲ့ ဆွဲသီးကလေးကို မျိုချမိတဲ့ ကလေးတစ်ယောက် ဆေးရုံရောက်လာပြီး သွေးထဲမှာ ခဲဓာတ်ပေါင်းတွေ များနေတာကို တွေ့ရတဲ့အတွက် ကလေးတွေကို ဆွဲဆောင်နိုင်တဲ့ အဲဒီပစ္စည်းမျိုး အရေအတွက် တစ်သန်းခွဲကို ဈေးကွက်က ပြန်လည်ရုပ်သိမ်းခဲ့ရဖူးပါတယ်။

          ရိုးရာနည်းနှင့် ပြုလုပ်တဲ့ အိုးခွက်၊ ပန်းကန်၊ စဥ့်ထည်၊ြွေကထည်၊ မြေထည်ပစ္စည်းတွေမှာ ခဲဓာတ်ပေါင်းတွေ ပါဝင်နိုင်ကြောင်း၊ ဒီလို အိုးခွက်၊ ပန်းကန်တွေထဲမှာ အစားအသောက်တွေကို ထည့်ပြီး စားသောက်မည်ဆိုလျှင် စဥ့်ထည်၊ အိုးခွက်၊ ပန်းကန်တွေထဲက ခဲတွေဟာ အစားအသောက်တွေ၊ အထူးသဖြင့် အက်စစ်ဓာတ်သဘာဝရှိတဲ့ အစားအသောက်တွေထဲ ဝင်လာနိုင်ကြောင်း အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သာဓက ပေးပြီး ရေးသားတင်ပြခဲ့ပါတယ်။

          ခဲလုံးကလေးတွေပါတဲ့ နှစ်လုံးပြူးစရိတ်ကျည် (ကျည်ဆန်) မှန်ပြီးတော့ ချက်ချင်းအသက်မသေတဲ့ သားကောင်က ခဲဆိပ်သင့်ပြီး အချိန်အတန်ကြာမှ သေဆုံးနိုင်ကြောင်း၊ အဲဒီလိုနည်းနှင့် သေဆုံးတဲ့ တိရစ္ဆာန်ရဲ့ အသားကို စားမိသူ (လူ)မှာ ခဲဆိပ်သင့်ရောဂါ ရရှိနိုင်ကြောင်း၊ ခဲဆိပ်သင့်ပြီး သေဆုံးတဲ့ တိရစ္ဆာန်အသေကောင်တွေကို စားသောက်ကြတဲ့ လင်းတငှက်တွေ ခဲဆိပ်သင့်ပြီး သေဆုံးကြရပုံ အဖြစ်အပျက်တွေကိုလည်း တင်ပြခဲ့ပါတယ်။

          အသား၊ ငါး၊ နနွင်းမှုန့် စတဲ့ စားကုန်ပစ္စည်းတွေ အလေးချိန်ပိုများပြီး ပိုက်ဆံပိုရအောင် ဝိသမလောဘနှင့် ခဲသတ္တုတွေထည့်တာက မိမိကိုယ်ကျိုးတစ်ခုတည်း အတွက် သူတစ်ပါးကို ခဲဆိပ်သင့်စေ၊ ရောဂါရစေနိုင်ရုံမက အသက်သေဆုံးတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ပြစ်မှုဖြစ်တဲ့အတွက် လုံးဝမလုပ်သင့်ကြောင်း အသိပေးတင်ပြရင်း ဆောင်းပါး ပထမပိုင်းကို နိဂုံးချုပ်ခဲ့ပါတယ်။

ခဲဆိပ်သင့်ရောဂါ


          ဒီလဆောင်းပါးမှာ ခဲဆိပ်သင့်ရောဂါအကြောင်း ဆက်လက်ပြီး တင်ပြပါမယ်။ ခဲဆိပ်သင့်ရောဂါကို လူကြီး၊ လူငယ်လူရွယ်မရွေး ခံစားရနိုင်ပါတယ်။ မိခင်ရဲ့ ဝမ်းဗိုက်အတွင်းက သန္ဓေသားပင် ခဲဆိပ်သင့်ခြင်းရဲ့ဒဏ်ကို ခံစားရနိုင်ပါတယ်။ ခဲဆိပ်က ဦးနှောက်နှင့် အာရုံကြောတွေကို အဓိကအားဖြင့် ထိခိုက်စေပါတယ်။

          လူကြီးတွေမှာ ခြေတွေ၊ လက်တွေထုံခြင်း၊ ကျဉ်ခြင်း၊ ဗိုက်နာခြင်း စတဲ့ အသေးအမွှား ရောဂါဝေဒနာမျိုးမှအစ ဦးနှောက်ထိခိုက်ခြင်းနှင့် အသက်သေဆုံးခြင်းအထိ ပြင်းထန်နိုင်ပါတယ်။

          ခဲဆိပ်ကြွကက်သားတွေကို အလုပ်လုပ်ဖို့ လှုံ့ဆော်ပေးတဲ့ အာရုံကြောများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြေပြင်နှင့်အပြိုင် တစ်တန်းတည်းဆန့်ထားတဲ့လက်မှာ လက်ဖဝါးနှင့် လက်ချောင်းတွေကို (လက်ကောက်ဝတ် အဆစ်မှာ) အပေါ်သို့ လှန်ပြီးတင်ပေးရတဲ့ ကြွက်သားတွေ၊ ခဲဆိပ်ကြောင့် အလုပ်မလုပ်တဲ့အတွက် လက်ဖဝါးနှင့် လက်ချောင်းတွေ၊ လက်ကောက်ဝတ်မှ တွဲလောင်းကျ နေတာကို wrist drop လို့ ခေါ်ပါတယ်။

          ခြေဖဝါးနှင့် ခြေချောင်းတွေကို (ခြေချင်းဝတ် အဆစ်မှာ) အပေါ်သို့ လှန်တင်ပေးတဲ့ ကြွက်သားတွေကို လှုံ့ဆော်ပေးတဲ့ အာရုံကြောတွေ ခဲဆိပ်သင့်ပြီး ထိခိုက်ထားသူဟာ လမ်းလျှောက်တဲ့အခါ ခြေဖျားကို မြေကြီးမှ လွတ်အောင်မကြွနိုင်ဘဲ တရွတ်တိုက်ဆွဲနေတာကို foot drop လို့ ခေါ်ပါတယ်။ ကာလတာရှည် ခဲဆိပ်သင့်ခြင်း ကြောင့် သွေးအားနည်းသွားနိုင်ပါတယ်။ ခဲနှင့် ထိတွေ့ရတဲ့ လုပ်ငန်းတစ်ခုခု လုပ်နေသူတစ်ယောက် သွေးအားနည်းနေတဲ့အတွက် သွေးကိုစစ်ဆေးကြည့်တဲ့အခါ သွေးနီဥ အချို့မှာ အပြာရောင် အစက်ကလေးတွေ (baso-philic stippling) တွေ့ရတယ်ဆိုရင် အဲဒါဟာ ခဲဆိပ်ကြောင့် သွေးအားနည်းတာကိုပြတဲ့ လက္ခဏာဖြစ်ပါတယ်။

          ခဲဆိပ်ကြောင့် ကျောက်ကပ်လုပ်ငန်းလည်း ထိခိုက်နိုင်ပါတယ်။ ခဲဆိပ်ကြောင့် အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ မျိုးပွားနိုင်တဲ့စွမ်းအင် လျော့နည်းပြီး မြုံသွားနိုင်ပါတယ်။ ခဲသတ္တု အသုံးပြုတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေ ကလေးမရနိုင်ဘဲ မြုံနေတတ်တာကို ကြုံခဲ့ရတဲ့ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီလို စက်ရုံတွေမှာ အမျိုးသမီးတွေကို အလုပ်မခိုင်းဖို့၊ ထိရောက်တဲ့ အကာအကွယ်တွေပေးဖို့ စည်းမျဉ်းဥပဒေတွေ သတ်မှတ်ခဲ့ရပါတယ်။

ကလေးသူငယ်များ ခဲဆိပ်သင့်ခြင်း


          ခဲဆိပ်ဟာ ကလေးတွေကို အသက်အန္တရာယ်ကြုံ တွေ့တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ရှိ ဆေးရုံကြီးတစ်ရုံမှာ ဦးနှောက်အမြှေးရောင် ရောဂါလို့ အမည်တပ်ပြီး ကုသခံခဲ့ရတဲ့ ကလေးအချို့ဟာ အမှန်စင်စစ် ခဲဆိပ်သင့်ရောဂါ ခံစားခဲ့ရတာဖြစ်ကြောင်း ၁၈၉၂ ခုနှစ် (လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၇ နှစ်) ကတည်းက သိရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဗက်တီးရီးယားစတဲ့ ရောဂါပိုးတွေကြောင့်  ဦးနှောက်အမြှေးရောင်ရောဂါ (meningitis) ဖြစ်တဲ့ ကလေးများနှင့် ခဲဆိပ်သင့်ပြီး ဦးနှောက်ထိခိုက်ခံရတဲ့ (lead encephalopathy) ကလေးများဟာ ခြေတွေ၊ လက်တွေ ကောက်ကွေးပြီး တက်တဲ့ လက္ဓဏာချင်းတူတဲ့ အတွက် သေသေချာချာ မစုံစမ်းမစစ်ဆေးလျှင် မှားနိုင်ပါတယ်။

          မြန်မာနိုင်ငံမှာလည်း ၁၉၈၀ ပြည့်နှစ်တစ်ဝိုက်က စာရေးသူဟာ ရန်ကုန်မြို့ရှိ ကလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် အတက်ရောဂါနှင့် ရောက်လာတဲ့ ကလေးတိုင်းကို မိသားစုတွေက ဘာအလုပ်လုပ်သလဲ၊ ဘက်ထရီအိုးပြင်တဲ့ လုပ်ငန်းလုပ်သလား၊ အိမ်အနီး ပတ်ဝန်းကျင်မှာ ဘက်ထရီအိုးပြင်တဲ့လုပ်ငန်း ရှိသလား ဆိုတဲ့ မေးခွန်းမျိုးကို မပျက်မကွက် မေးခဲ့ရပါတယ်။ ခဲဆိပ်သင့်ပြီး ဦးနှောက်ထိခိုက်ခံလိုက်ရတဲ့ ကလေးဟာ အသက်သေဆုံးသွားနိုင်ပါတယ်။ မသေဘဲ ရှင်ကျန်ခဲ့သည့်တိုင် ဦးနှောက် ထိခိုက်ခြင်းဒဏ်ကြောင့် ခြေ၊ လက် မသန်စွမ်းခြင်း၊ စိတ်ဖွံ့ဖြိုးမှု စံမမီခြင်း၊ ဥာဏ်ရည်နိမ့်ခြင်းတို့ကို တစ်သက်လုံး ခံစားသွားရနိုင်ပါတယ်။

သန္ဓေသားကို ခဲဆိပ်သင့်ခြင်း

          ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ အော့အန်ခြင်းမှ သက်သာစေဖို့၊ စိတ်ငြိမ်ပြီး အိပ်ပျော်စေဖို့၊ Thalidomide ဆိုတဲ့ဆေးကို သောက်သုံးမိတဲ့ အမျိုးသမီးတွေဟာ ခြေ၊ လက်အင်္ဂါ ချို့ယွင်းမှုတွေပါတဲ့ ကလေးတွေကို မွေးဖွားလာတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြီးတစ်ခု ၁၉၆၁-၆၂ ခုနှစ် ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာ မိခင်မှီဝဲတဲ့ ဆေးဝါးတွေ၊ မိခင်ရဲ့သွေးထဲမှာရှိနေတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဟာ မိခင်ထံမှ သန္ဓေသားထံ ရောက်သွားပြီး၊ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပေါ် ကြီးထွားလာပြီး သုတေသနများပြုလုပ် လာကြပါတော့တယ်။

          သန္ဓေသားအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေအနက် ခဲ၊ အာဆင်းနစ် (arsenic) နှင့် အယ်လ်ကိုဟော (alcohol) တို့ကို သိလာပြီး ၁၉၇၀ ပြည့်နှစ်ရဲ့ နောက်ပိုင်းနှစ်တွေ (late 1970s) မှာ ခဲအကြောင်းလေ့လာမှုက ဦးစားပေးနေရာကို ရောက်ရှိခဲ့ပါတယ်။

          အမိဝမ်းမှ ကျွတ်လျှင်ကျွတ်ချင်း ကလေးရဲ့ ချက်ကြိုးမှ သွေးကို ဖောက်ပြီး နမူနာယူ စစ်ဆေးကြည့်တဲ့အခါ မိခင်ရဲ့သွေးမှာ ခဲဆိပ်ပမာဏများနေလျှင် ကလေးရဲ့သွေးမှာလည်း ခဲဓာတ်ပမာဏ များနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး မိခင်ရဲ့သွေးထဲမှာရှိတဲ့ ခဲဓာတ်ပေါင်းတွေဟာ အချင်း (placenta) ကို ဖြတ်ပြီး ချက်ကြိုးမှတစ်ဆင့် သန္ဓေသားထံ  ရောက်သွားနိုင်ကြောင်း၊ အဲဒီခဲဆိပ်က မွေးလာတဲ့ကလေးအပေါ် ဘယ်လိုဆိုးကျိုး သက်ရောက်နိုင်မယ်ဆိုတာတွေကို လေ့လာထားတဲ့ သုတေသနတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု  ဘော့စတန် (Boston) မြို့က ဆေးရုံကြီးတစ်ရုံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနကြီးတစ်ခုရဲ့ ပထမ ၂ နှစ်အတွင်း မွေးကင်းစ ကလေးငယ် ၁၂၀ဝ၀ ရဲ့ ချက်ကြိုးမှ သွေးနမူနာများကို ရယူနိုင်ခဲ့ပါတယ်။ ကလေး ၅၀ဝ၀ မှာ သွေးအတွင်း ခဲဓာတ်ပေါင်း ပမာဏများခြင်းဟာ အသေးစားကိုယ်အင်္ဂါ ချို့ယွင်းမှုတွေ ပါလာခြင်းနှင့် ဆက်နွှယ်ပတ်သက်မှု (association) ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

          အဲဒီသုတေသနကြီးကို နောက်ထပ် ၁၀ နှစ် ဆက်လက်ပြုလုပ်ခဲ့ရာမှာ ကလေးတွေကို အသက် ၆ လမှာ တစ်ကြိမ်၊ အသက် ၁၂ လ၊ ၂ နှစ်၊ ၄ နှစ် ၈ လနှင့် ၁၀ နှစ် အရွယ်တွေမှာ တစ်ကြိမ်စီ ထပ်မံတွေ့ဆုံပြီး သူတို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး (အိုင်ကျူ-IQ) ကို စစ်ဆေးခဲ့ပါ တယ်။ ချက်ကြိုးထဲက သွေးမှာ ခဲဆိပ်များခဲ့တဲ့ ကလေး ငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးက အသက် ၂ နှစ်အထိ သိသိသာသာ နိမ့်ကျနေတာကို တွေ့ခဲ့ရပါတယ်။ အသက် ၄ နှစ် ၈ လနှင့် ၁၀ နှစ်အရွယ်တွေမှာ စစ်ဆေးတွေ့ရှိရတဲ့ အိုင်ကျူဟာ အသက် ၂ နှစ်အရွယ်မှာ ရှိနေခဲ့တဲ့ သွေးအတွင်းက ခဲဓာတ်ပမာဏနှင့် ဆက်နွှယ်မှုမရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ အလားတူတွေ့ရှိမှုမျိုးကို အမေရိကန် ပြည်ထောင်စု Cincinnati မြို့နှင့် ဩစတြေးလျနိုင်ငံတို့မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာလည်း တွေ့ခဲ့ရပါတယ်။ အဲဒါတွေဟာ ခဲဆိပ်က ကလေးတွေမှာ မွေးရာပါ ဦးနှောက် ချို့ယွင်းမှုကို ဖြစ်စေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ဖြစ်ပါတယ်။

          သွေးထဲက ခဲဆိပ်အများစုဟာ အရိုးတွေထဲကို ဝင်ရောက်လာပြီး အဲဒီနေရာမှာ ကြာမြင့်စွာ တည်ရှိနေတတ်ပါတယ်။ အရိုးများအတွင်း ကိန်းအောင်းနေကြတဲ့ ခဲဓာတ်ပေါင်းတွေဟာ ဦးနှောက်၊ ကျောက်ကပ် စတဲ့ အင်္ဂါတွေကို ဒုက္ခမပေးနိုင်ပါဘူး။ သွေးထဲမှာ ရှိနေတဲ့ ခဲဓာတ်ပေါင်းတွေကသာ ဒုက္ခပေးခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာတဲ့အခါ ပြောင်းလဲလာတဲ့ ဇီဝကမ္မသဘာဝအရ သူ့ရဲ့အရိုးတွေထဲမှာ ကိန်းအောင်းနေတဲ့ ခဲဓာတ်ပေါင်းတွေဟာ အရိုးတွေထဲကနေ ထွက်လာပြီး သွေးထဲသို့ ဝင်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဘဝမှာ အမျိုးသမီးရဲ့ သွေးအတွင်း ခဲဓာတ်ပမာဏဟာ နဂိုကထက် မြင့်တက်လာတတ်ပါတယ်။ မြင့်တက်လာတဲ့ ခဲဓာတ်ပေါင်းတွေဟာ အချင်းကိုဖြတ်ပြီး သန္ဓေသားရဲ့သွေးထဲကို ရောက်သွားခြင်းအားဖြင့် သန္ဓေသားဟာ ခဲဆိပ်သင့်ခြင်းဒဏ်ကို ခံစားခြင်း ဖြစ်ပါတယ်။

ခဲဆိပ်၊ ကလေး၏ စိတ်ဖွံ့ဖြိုးမှုနှင့် ဥာဏ်ရည်ဥာဏ်သွေး

          သန္ဓေသားဘဝမှာ ကြုံတွေ့ရတဲ့ ခဲဆိပ်၊ လသား အရွယ်နှင့် ကလေးသူငယ်ဘဝမှာ ကြုံတွေ့ရတဲ့ ခဲဆိပ်တွေက ကလေးရဲ့ ဦးနှောက်ဖွံ့ ဖြိုးမှုကို ထိခိုက်ပါတယ်။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုကို ထိခိုက်ခြင်းဟာ ခဲဆိပ်ရဲ့ ကြောက်စရာအကောင်းဆုံး အန္တရာယ် ဖြစ်ပါတယ်။ ကလေးရဲ့ မှတ်ဥာဏ် (memory)၊ အာရုံစူးစိုက်နိုင်စွမ်း (concentration)၊ စဉ်းစားတွေးခေါ်မှု (thinking)၊ ဥာဏ်ရည်ဥာဏ်သွေး (IQ)၊ အရေး၊ အဖတ်၊ အတွက် (“အ” သုံးလုံး) ဆိုင်ရာ သင်ယူနိုင်စွမ်းတွေကို ထိခိုက် ယုတ်လျော့စေပါတယ်။ မူမမှန်တဲ့ အပြုအမူ (abnormal behavior) တွေကို ဖြစ်စေပါတယ်။ ကလေးရဲ့ သွေး ၁ ဒက်ဆီလီတာ (decilitre) မှာ ခဲဓာတ်ပမာဏ ၁ မိုက်ခရိုဂရမ် (microgram) မြင့်တက်လာရုံနှင့် ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေး (IQ) ဟာ ၂ မှတ်လောက် လျော့သွားနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေ ရှိပါတယ်။ ၁ ဒက်ဆီလီတာဟာ ၁ လီတာရဲ့ ၁၀ ပုံ ၁ ပုံရှိပြီး ၁ မိုက်ခရိုဂရမ်ဟာ ၁ ဂရမ် (မြန်မာအလေးချိန် ၁ ပဲသား ခန့်)ရဲ့ အပုံ တစ်သန်းပုံ တစ်ပုံသာ ရှိပါတယ်။ ငယ်စဉ်က ခဲဆိပ်သင့်ဒဏ်ခံခဲ့ရတဲ့ ကလေးတွေဟာ အရွယ်ရောက်တဲ့အခါ မူမမှန်တဲ့ အပြုအမူတွေ ပြုလုပ်ခြင်း၊ ကျောင်းပြေးခြင်း၊ ဆေးစွဲခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းတို့ကို ပိုပြီး ပြုလုပ်ကြတယ်လို့လည်း သုတေသနတွေမှာ တွေ့ရပါတယ်။

          ခဲဆိပ်နှင့်ပတ်သက်ပြီး ပညာရှင်တွေ အလေးထား ဆုံးအချက်က ကလေးတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေး (IQ)ကို ထိခိုက်စေခြင်းပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ ခဲပါတဲ့ အိမ်သုတ်ဆေးတွေ သုံးစွဲမှု ပိတ်ပင်ခဲ့တာ၊ ခဲပါတဲ့ မော်တော်ယာဉ်သုံးဓာတ်ဆီတွေ ထုတ်လုပ်ရောင်းချမှု ပိတ်ပင်ခဲ့တာ၊ ခဲနှင့်ပြုလုပ်တဲ့ ကလေးကစားစရာတွေ ပြုလုပ်ရောင်းချမှုကို ပိတ်ပင်ခဲ့တာ၊ ခဲပါတဲ့ စဥ့်ထည်၊ ကြွေထည်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချခြင်း၊ ခဲပါတဲ့ ဘယဆေးတွေ တင်သွင်းခြင်းတို့ကို တင်းကြပ်တဲ့ ဥပဒေ စည်းမျဉ်းများနှင့် ပိတ်ပင်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမှတ်တာဟာ အဓိက အကြောင်းရင်းက ကလေးတွေကို ခဲဆိပ်ကြောင့် စိတ်ဖွံ့ဖြိုးမှု၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးမှုကို မထိခိုက်အောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ခဲဆိပ်ကြောင့် ကလေးတွေ ဥာဏ်ရည်ဥာဏ်သွေးနိမ့်ခြင်းဟာ သူတို့အတွက်၊ သူတို့မိသားစုနှင့် အသိုင်းအဝိုင်းအတွက်သာမက နိုင်ငံရဲ့ဖွံ့ဖြိုးရေး၊ တိုးတက်ရေး၊ အနာဂတ်လုံခြုံ ရေးတို့ကိုလည်း ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက အရှည်ကြီးမျှော်ပြီး တွေးမိကြပါတယ်။

          ဂျာမနီနိုင်ငံမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ခဲပါတဲ့ သုတ်ဆေး ထုတ်လုပ်ရာ စက်ရုံတွေမှာ အလုပ်လုပ်ခွင့်မပြုတဲ့ ကျန်းမာရေးဥပဒေ ၁၈၈၆ ခုနှစ်ကပင် ရှိခဲ့ပါသတဲ့။ နိုင်ငံတစ်ဝန်း ခဲဆိပ်မပြန့်ရေး၊ ပြည်သူ တွေအတွက် ခဲဆိပ်အန္တရာယ် ကာကွယ်ရေးအစီအစဉ်တွေကို ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားမှာ ပြုလုပ်နေခဲ့တာ ကြာပါပြီ။ သူတို့လို ဖွံ့ဖြိုးလာဖို့ ကြိုးပမ်းနေတဲ့ ကျွန်တော် တို့နိုင်ငံမှာ ယခင်က သူတို့ကြုံခဲ့ရတာမျိုးတွေ မဖြစ်လာအောင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ ခဲဆိပ်အန္တရာယ်အကြောင်းကို ပြည်သူတွေ သေသေချာချာ သိရှိနားလည်အောင် ပညာပေးဖို့၊ နိုင်ငံအတွင်း ခဲဆိပ်ပြန့်မှု ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို သေသေချာချာလုပ်ဖို့၊ ဥပဒေစည်းမျဉ်းစည်းကမ်း တွေ ပြဋ္ဌာန်းသတ်မှတ်ဖို့၊ ရှိပြီးသား ဥပဒေတွေကို ခေတ်နှင့်အညီ ပြင်ဆင်ဖို့၊ ဖောက်ဖျက်သူတွေကို ထိရောက်တဲ့ အရေးယူမှု၊ ပြစ်ဒဏ်ချမှတ်မှုတွေ ပြုလုပ်ဖို့ လိုနေပါပြီ။

by ဒေါက်တာလှကြည် 

Monday, May 20, 2019

*** အစိမ်းရောင်ချယ် (Chlorophyll) နှင့် သွေးအားနည်းရောဂါ ***


💢 💢 💢 💢 💢

🍀 MWD: အရင်တစ်ပတ်တုန်းကတော့ အစိမ်းရောင်ချယ် Chlorophyll အကြောင်း အတော်လေးပြည့်ပြည့်စုံစုံသိခဲ့ရပါပြီ.. အခုတော့ Chlorophyll က သွေးအားနည်းရောဂါအပေါ်မှာ ဘယ်လိုများအကျိုးသက်ရောက်မှုရှိတယ်ဆိုတာလဲ အသေးစိတ်သိချင်ပါသေးတယ် ဆရာ..

Dr.KML: သွေးအားနည်းရောဂါဆိုတာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဗင် (Hemoglobin) လို့ခေါ်တဲ့ အနီရောင်ဓာတ်တွေလျော့နည်းသွားလို့ ဖြစ်ပါတယ်.. လူကိုကြည့်လိုက်ရင် ဖြူဖတ်ဖြူရော်လေးဖြစ်ပြီး အမောမခံနိုင်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်..

အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်တွေမှာ အဖြစ်များပါတယ်.. Hemoglobin လျော့နည်းရတဲ့ အကြောင်းရင်းများစွာအနက် သံဓာတ်ချို့တဲ့လို့ဖြစ်တဲ့ သွေးအားနည်းရောဂါ Iron Deficiency Anemia ဟာ အဓိကဖြစ်ပါတယ်.. ကိုယ်ဝန်ဆောင်မှာဖြစ်ရင် မိခင်ရော ကလေးပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်..

ကိုယ်ဝန်စရှိပြီဆိုကထဲက အာဟာရဓာတ်တွေဟာ လူနှစ်ယောက်စာအတွက် လိုလာတယ်.. အမေလုပ်တဲ့လူက ခါတိုင်းလိုပဲ ကိုယ်ဝန်မရှိခင်ကလိုစားတော့ လုံလောက်မှုမရှိတဲ့အတွက် သွေးအားနည်းရောဂါ ဖြစ်လာလေ့ရှိပါတယ်..
ဒီနေရာမှာ အဓိကပြောချင်တာကတော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်မှာပါတဲ့ Chlorophyll ရဲ့ Structure နဲ့ သွေးနီဥထဲမှာပါတဲ့ အနီရောင် Hemoglobin ဟာ ၉၉% တူညီနေတယ်ဆိုတာပဲ ဖြစ်ပါတယ်.. တစ်ခုပဲခြားနားပါတယ်.. Chlprophyll molecule ရဲ့အလယ်မှာ မဂ္ဂနီစီယမ် (Mg ++) ပါဝင်ပြီး Hemoglobin ရဲ့အလယ်မှာ သံဓာတ် (Fe ++) ပါဝင်တာပဲ ကွာခြားပါတယ်..

ဆိုလိုတာကတော့ ‘Chlorophyll is precursor of hemoglobin’ လို့ ဆေးပညာက ဆိုထားသလို Chlorophyll ပါတဲ့ဟင်းသီးဟင်းရွက်ကိုစားရင် ခန္ဓာကိုယ်ထဲရောက်သွားတာနဲ့ bone marrow လို့ခေါ်တဲ့ သွေးနီဥထုတ်လုပ်ပေးတဲ့ စက်ရုံတွေကနေ Hemoglobin အဖြစ် ပြောင်းလဲထုတ်လုပ်ပေးပါတယ်.. တစ်နည်းအားဖြင့် Mg++ ကိုဖယ်ထုတ်ပြီး Fe++ ကိုတပ်ပေးလိုက်တာနဲ့ Hemoglobin ဖြစ်သွားပါပြီ.. molecule တစ်ခုလုံးကို အစအဆုံး တည်ဆောက်ဖို့မလိုတော့ဘဲ နောက်ဆုံးအဆင့်တစ်ဆင့်ထဲသာ လုပ်ဖို့လိုပါတော့တယ်..

နောက်တစ်ခုက ဟင်းရွက်စိမ်းတွေမှာ အစိမ်းရောင်ချယ် Chlorophyll အပြင် သူနဲ့တွဲပြီး သံဓာတ် (Fe++) ပါ ပါပြီးဖြစ်လို့ အမြန်ဆုံးသွေးအားကောင်းလာမှာဖြစ်ပါတယ်..  ဒ့ါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကို မှာလိုတာကတော့ သွေးအားနည်းရောဂါကိုကာကွယ်ဖို့ Chlorophyll များများပါတဲ့ ဟင်းသီးဟင်းရွက်စိမ်းစိမ်းတွေကို များများစားပေးစေချင်ပါတယ်..

🍀 MWD: ဒါဆိုရင် ကိုယ်ဝန်ဆောင်အားတိုးဆေးတွေရော အမြဲသောက်ဖို့ လို/မလိုဆိုတာလေးလဲ ပြောပြပေးပါ ဆရာ..

တကယ်တော့ ကိုယ်ဝန်ဆောင်တစ်ဦးအနေနဲ့ မျှတတဲ့အစားအသောက်ကို စနစ်တကျသာစားမယ်ဆိုရင် ဆေးထိုးဆေးသောက်လို့ရတဲ့ပမာဏကို လျော့ကျစေမှာဖြစ်ပါတယ်.. ကျွန်တော်တို့လူဆိုတာ သတ္တဗေဒအရကြည့်ရင် အစုံစားသတ္တ၀ါအုပ်စုမှာ ပါဝင်ပါတယ်.. ဥပမာ ကျားတို့၊ ခြင်္သ့တို့က အသားစားသတ္တ၀ါအုပ်စုဖြစ်တယ်.. ဟင်းသီးဟင်းရွက်စားစရာမလိုဘူး..သွားကျွေးလဲ စားမှာမဟုတ်ပါဘူး.. နွားတို့ ဆိတ်တို့ကျတော့ အသီးအနှံသာစားတဲ့ သတ္တ၀ါတွေဖြစ်ပါတယ်.. အသားသွားကျွေးလဲ စားမှာမဟုတ်ပါဘူး..

လူကျတော့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် အစုံစားတဲ့ နို့တိုက်သတ္တ၀ါအုပ်စုဝင်ဖြစ်လို့ အားလုံးကို မျှမျှတတစားပေးဖို့လိုပါတယ်..

အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ ပိုပြီးလိုအပ်ပါတယ်.. အချို့က အသား၊ ငါးပဲစားပြီးတော့ ဟင်းသီးဟင်းရွက်လုံးဝမစားပါဘူး.. ဒါမှားပါတယ် .. ဟင်းသီးဟင်းရွက်မစားရင်လဲ သွေးအားနည်းရောဂါရနိုင်ပါတယ်..

ဆေးသောက်ရတယ်ဆိုတာ ဒုတိယအဆင့်ပဲဖြစ်ပါတယ်.. အစားအစာနဲ့လုံလောက်မှုမရှိလို့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပရိုတင်းဓာတ်တွေ ချို့တဲ့လာလို့ ကုသမှုအနေနဲ့ ပေးရခြင်းဖြစ်ပါတယ်.. ငွေကုန်ကြေးကျများတဲ့အပြင် တခါတရံမှာ Side effect တွေလဲ ပေးတတ်ပါတယ် တတ်နိုင်ရင်တော့ သဘာဝနည်းနဲ့ ကျန်းမာအောင် စားသောက်နေထိုင်တာကအကောင်းဆုံးဖြစ်ပါတယ်..
အချို့ သွေးအားနည်းရောဂါ အခြေအနေပိုဆိုးတဲ့ ကိုယ်ဝန်ဆောင်တွေကျတော့ သောက်ဆေးနဲ့တောင်မရတော့ဘဲ သံဓာတ်ပါတဲ့ထိုးဆေးတွေနဲ့ပါ  ကုသရလေ့ရှိပါတယ်.. ဒါကတော့ တတိယအဆင့်ပါ..

အခြေအနေအဆိုးဆုံး လူနာတွေကျတော့ မွေးကလဲမွေးတော့မယ်.. ရိုးရိုးမွေးလို့လဲ လွယ်ချင်မှလွယ်မယ်.. သွေးအားကလဲ အလွန်နည်းနေတယ်ဆိုရင်တော့ သွေးသွင်းကုသရတဲ့အထိ ဖြစ်တတ်ပါတယ်.. သွေးသွင်းတယ်ဆိုတာကတော့ သေသေချာချာ စစ်ဆေးပြီးမှသွင်းတာမဟုတ်ခဲ့ရင် ကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ HIVတို့ Hepatitis B တို့ Hepatitis C တို့ ကာလသားရောဂါတွေကအစ ငှက်ဖျားရောဂါအဆုံး ရောဂါတွေရနိုင်တာကြောင့် ဒီလိုမဖြစ်ရလေအောင် စောစောကတည်းက ဟင်းသီးဟင်းရွက်ကို ခါတိုင်းထက်၂ ဆ ၃ဆ ပိုစားပေးပါလို့ တိုက်တွန်းလိုပါတယ်..

🍀 MWD: အချို့ဟင်းသီးဟင်းရွက်မကြိုက်တဲ့သူတွေက သံဓာတ်ပါတဲ့အားဆေးကိုပဲသုံးဖို့ ပိုပြီးအားသန်ကြတယ် ဆရာ.. အဲဒါ ဆရာ့အမြင်လေးသိပါရစေ..

Dr.KML: သံဓာတ်ဆိုတဲ့နေရာမှာ ဒီနေ့ဈေးကွက်ထဲမှာတွေ့ရတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေမှာပါတဲ့ သံဓာတ်အများစုတွေဟာ Inorganic iron ဖြစ်ပါတယ်.. တစ်နည်းအားဖြင့် ဓာတုဗေဒနည်းနဲ့ပြုလုပ်ထားတဲ့ သံဓာတ်တွေဖြစ်ပါတယ်.. သဘာဝအစားအစာတွေမှာပါတဲ့ အထူးသဖြင့် အစိမ်းရောင်အရွက်တွေ၊ red meat လို့ခေါ်တဲ့ အမဲသားတို့လို အသားတွေမှာပါတဲ့သံဓာတ်ကိုတော့ organic iron တစ်နည်းအားဖြင့် သဘာဝသံဓာတ်လို့ ခေါ်ပါတယ်.. အစားအစာနဲ့မလုံလောက်ရင်တော့ ဖြည့်စွက်ဆေးဝါးအနေနဲ့ သံဓာတ်ပါတဲ့အားဆေးတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ မှီဝဲဖို့လိုပါလိမ့်မယ်..

🍀 MWD: ဒါဆိုရင် ဒီ Chlorophyll ပါတဲ့ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်းအစိမ်းစားတာရယ်၊ ပြုတ်စား၊ ချက်စားတာရယ်၊ ကြော်စားတာရယ် ဘယ်ဟာက အကောင်းဆုံးပါလဲ ဆရာ..

Dr.KML: အာဟာရတန်ဖိုးအရကြည့်ရင်တော့ ဟင်းသီးဟင်းရွက်စိမ်းတွေကို ရေနွေးလေးနဲ့ သေသေချာချာဆေးပြီး အစိမ်းအတိုင်းစားရင် အကောင်းဆုံးဖြစ်ပါတယ်.. ရေနွေးနဲ့ဆေးရတဲ့ရည်ရွယ်ချက်က ပါလာတဲ့အညစ်အကြေးတွေ၊ မြေသြဇာတွေ၊  ပိုးသတ်ဆေးတွေ၊ ရောဂါပိုးမွှားတွေကနေ အတတ်နိုင်ဆုံး ကင်းစင်အောင်ဖြစ်ပါတယ်..  ရေနွေးမှာ ၁၀ မိနစ် - ၁၅ မိနစ်စိမ်ထားပြီး ဆေးကြောသင့်ပါတယ်..

နောက်တစ်ခုကတော့ ပြုတ်တာတို့၊ ဟင်းချို၊ ချဉ်ဟင်းချက်စားတာတို့လဲ အာဟာရတန်ဖိုး အတော်များများကျန်ပါသေးတယ်.. ကြော်စားရင်တော့ ဆီနဲ့ဓာတ်ပြုပြီး hydrogenation ဖြစ်ကာ မဲသွားခဲ့ရင် Chlorophyll ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်.. ဒါပေမယ့် Organic iron တော့ ရမှာဖြစ်ပါတယ်.. ကျန်တဲ့အာဟာရဓာတ်တွေလဲ ဆုံးရှုံးမှုများတဲ့အတွက် ကြော်မယ်ဆိုရင် ခဏတဖြုတ်ပဲ ကြော်သင့်ပါတယ်..


#Chlorophyll
#Anemia
#MWDHealthTalk

မူလရေးသားမျှဝေ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

Sunday, May 19, 2019

Gym ဗဟုသုတ အတိုအထွာ


၁) မေး။ ကြွက်သားခွဲတာနဲ့ ထုတင်တာ ဘယ်လို လုပ်ရမလဲ???

၂) မေး။ အကျစ်ဆော့တာနဲ့ အပွဆော့တာ ဘာကွာလဲ???

၁) မေး။ ကြွက်သားခွဲတာနဲ့ ထုတင်တာ ဘယ်လို လုပ်ရမလဲ???

များသောအားဖြင့် ရင်ဘတ်ကြွက်သားနဲ့ ပတ်သက်ပြီး မေးတာများပါတယ်။ ရင်ဘတ်နှစ်ခုဟာ သီးခြားဖြစ်မနေပဲ၊ ပုံမပေါ်နေရင် ဘယ်လိုခွဲရမလဲပေါ့။

မြန်မာစကားအရ ထုတင်တာဆိုတာ Bulking လုပ်တယ်၊ ကြွက်သားခွဲတာ Definition ရအောင် လုပ်တယ်လို့ဆိုပါစို့။

Bulking ဘယ်လိုလုပ်မလဲ???

Bulk လုပ်တယ်ဆိုတာ ကြီးလာအောင် လုပ်တာ၊ ထုတင်တယ်ဆိုရင် တစ်နည်းပဲ ရှိပါတယ်။ များများစား၊ များများမပေါ့။

များများစားဆိုတာ အရင်ဆောင်းပါးတွေက ပြောတဲ့အတိုင်း Protein လုံလောက်အောင် ( ဥပမာ ပေါင်၁၄၀ လူဆို Protein 140grams) စား၊ Fats ကို 30-60grams စားပြီး ကျန်တာကို Carbohydrate နဲ့ဖြည့်၊ တစ်လကို ၂ပေါင်ကနေ ၃ပေါင် ကိုယ်အလေးချိန်တက်အောင်စားပါ။မစားသရွေ့ ဘယ်နည်းလမ်းနဲ့မှ ဘာထုကိုမှ တင်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာ တစ်ခုတည်းသော နည်းပါ။

ဒီနေရာမှာ ထုများများ မြန်မြန်တက်အောင် တစ်လ ၆ပေါင်တက်အောင် စားမယ်ဗျာ၊ မရဘူးလား ဆိုခဲ့ရင် စားပေါ့၊ ထုကတက်လာမှာပါပဲ။ ဒါပေမယ့် ပိုတက်လာတဲ့ ၄ပေါင် ထုဟာ ကြွက်သားမဟုတ်ပဲ အဆီပိုတွေပဲဖြစ်မှာပါ။ လူတစ်ယောက်မှာ တစ်လကို ကြွက်သားပမာဏ ၂ပေါင်ကနေ ၃ပေါင်အထိပဲ တက်နိုင်တဲ့ ကန့်သတ်ချက်ရှိပါတယ်။ ဒါ့ကြောင့်မလို့ တစ်လမှာ ၃ပေါင် ခန့်တက်အောင်စားတာကို Clean bulking (အဆီနည်းနည်းနဲ့ ထုတင်ခြင်း)လို့ ဆိုပြီး သင်လဲ ဒီလိုပဲ လုပ်သင့်ပါတယ်။

လေးလံတာ မပါ ဆိုတာကတော့ အရင်ဆောင်းပါးတွေမှာ ခဏခဏ ပြောခဲ့သလိုပါပဲ။ ကိုယ် ၈ကြိမ်ကနေ ၁၂ကြိမ်လောက်ပဲ လုပ်နိုင်တဲ့ အလေးပမာဏကို သုံးပြီး ၄ခေါက် သို့မဟုတ် ၅ခေါက် ပြန်ကြော့တာပါပဲ။

အချို့ကတော့ ဒီ ထုတင်တဲ့ကာလမှာ ပိုလေးလံတာကို ၃-၅ ကြိမ် x ၄ ကြော့ကြော့တာမျိုးရှိပါတယ်။ Bulking အကြောင်းကို နောင်ဆောင်းပါးတစ်ပုဒ်ရေးပေးပါမယ်။

နောက်တစ်ခု ကြွက်သားကွဲအောင် ဘယ်လိုဆော့ရမလဲ ???

အဖြစ်နိုင်ဆုံးက လုံလောက်အောင် ကြီးတဲ့ ကြွက်သားမရှိရင် ကွဲစရာ မရှိပါဘူး။ ရွှံနဲ့ ပုံဖော်သလိုပေါ့။ ရွှံမရှိရင် ဘယ်သူက ဘယ်လိုပုံဖော်နိုင်မလဲ။ ကွဲသွားအောင်၊ ခွဲချင်တယ်ဆိုရင်တော့ ကြွက်သားတက်အောင် လုပ်ပါ။

နောင်တစ်မျိုးလုပ်နိုင်တာက ရင်ဘတ်ကြွက်သား အပေါ်ပိုင်းကို လိုသလောက် မလေ့ကျင့်မိတာလဲ ဖြစ်နိုင်ပါတယ်။ အပေါ်ပိုင်းကြွက်သားသေးရင် ပြားနေတဲ့ ပုံပေါက်တတ်ပါတယ်။ ဒါ့ကြောင့်မလို့ ရင်ဘတ်ဆော့ရင် ခုံ အလျားလိုက်မှာ လှဲပြီး တွန်းတဲ့ Regular bench press တစ်ခုထဲမဆော့၊ ခုံကို တစ်စောင်း အပေါ်ထောင်ထားတဲ့ Inclined press ကို ထည့်ဆော့ဖို့လိုပါတယ်။ တစ်ချို့ Cable နဲ့ ရင်ဘတ်ဆော့တာကလဲ အပေါ်ပိုင်းကို ထိတာမလို့ နောင်တစ်ခေါက် ဆော့နိုင်အောင်  အောက်မှာ ပုံပြပေးထားပါတယ်။

၂) မေး။ အကျစ်ဆော့တာနဲ့ အပွဆော့တာ ဘာကွာလဲ???

မြန်မာ Fitness အသုံးအနှုန်းတွေများ တယ်ဆန်းကြယ်ပါတယ်။ အကျစ်တွေ အပွတွေ စုံလို့။

ကျစ်သွားအောင်၊ ပွသွားအောင်ဆိုတာ အစားအစာ ပမာဏကြောင့်ပါ။ Bodybuilding ဆိုတာ Gym မှာ သွားပြီး မ ထည့်လိုက်ရုံနဲ့ ပြီးတာမဟုတ်ပါဘူး။ Gym မှာလုပ်တာက တစ်နာရီ၊ လုပ်ပြီးတာကို ပြန်အချောသပ်ဖို့က Gym အပြင်က ၂၃နာရီ။ ဘယ်ဟာပိုအရေးကြီးသလဲ???

Gym ပြင်ပ ၂၃နာရီမှာ အနားယူတာ၊ အိပ်တာ၊ အစားအစာ စားတာ ပါပါတယ်။ ပွလာတယ်ဆိုတာ အမှန်ရှင်းရှင်းပြောရရင် စွတ်စပ်စားလို့ပါ။ ပွလာတာ ကြည့်ကောင်းအောင် ပြောတာ၊ ဝလာတယ်ပြောရမှာ။

သင်ဟာ ပိန်သူဆိုပါစို့။ အပေါ်ကပြောသလို တစ်လ ၂ပေါင်ကနေ ၃ပေါင်လောက်ပဲ ထိန်းမစားပဲ ပိုစားလို့ ကြာလာတာနဲ့အမျှ ဝလာတာပါပဲ။ Clean bulking (၂ပေါင်တက်အောင်) လုပ်ရမယ့်အစား Dirty bulking (၅ပေါင်လောက်တက်အောင်) လုပ်နေရင် အရင်အစက ပိန်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ Gym သွားလေ၊ ဝလာလေဖြစ်ပါလိမ့်မယ်။

သင်ဟာ ဝသူဆိုရင် သင်ချိန်စားရမယ့် ပမာဏဟာ တစ်လကို ၅ပေါင်ကနေ ၈ပေါင်အထိကျအောင် စားရပါမယ်။ ဒီလိုမှလျှော့မစားပဲ ဝတာကလဲဝ၊ Weight တက်အောင်လဲ ထပ်စားရင် ဘယ်လေ့ကျင့်ခန်းကမှ ကျစ်အောင် လုပ်မပေးနိုင်ပါဘူး။

အကျစ်ဆော့တယ်၊ အပွဆော့တယ်ဆိုတာ အစားစားတာ မှန်လား၊ မှားလား အပေါ်မှာပဲ မူတည်ပါတယ်လို့။


_______________

ဟုတ်ကဲ့။ Post တွေ တင်ပြီးသားကလဲ များပါ့၊ ဆောင်းပါးတစ်ခု တစ်ခုဆိုရင်လဲ အကြောင်းအရာများလို့ ဖတ်လို့ မကုန် ဖြစ်ကျတယ်ဟုတ်။ အခု ရေးမယ့် မေးခွန်းတိုလေးတွေရဲ့ အကြောင်းကို အရင်ဆောင်းပါးတွေမှာ ရှင်းလင်းအောင် ရေးခဲ့ဖူးပေမယ့် ဒီတစ်ခေါက် အမြန်မေး၊ အမြန်ဖြေ ပုံစံမျိုးနဲ့ အမေးများတာလေးတွေ တင်လိုက်ပါတယ်။ ခင်များတို့က တယ်လဲ ဂျီးများကျသကိုး။
😄😄😄

၁။ ဘယ်အချိန် လေ့ကျင့်ခန်း လုပ်ရမလဲ။ မနက်လား၊ ညလား။

တောင်ဘက်ပိုင်းမှာ ထွန်းတဲ့ကြယ်နဲ့ အရှေ့မြောက်ပိုင်းနားက ကြယ်နှစ်ခု တန်းတူ မကျတကျ အချိန်က အသင့်တော်ဆုံးပါ။ အဲအချိန်လုပ်ရင် လဆွဲအားရယ်၊ လွှင့်ထုတ်လိုက်တဲ့ သံလိုက်ဓါတ်လှိုင်းတွေကြောင့် တစ်ရက်လုပ်တာ တစ်နှစ်လုပ်တာနဲ့ ညီမျှတဲ့ အကျိုးတွေ ရစေပါလိမ့်မယ်။

ဟာ .. ဟုတ်လို့လား မမေးနဲ့။ မဟုတ်ဘူး။ ❌

မနက်၊ ည ကြိုက်တဲ့ အချိန်လုပ်ပါ။ ကိုယ့် လူနေမှု ပုံစံ၊ ကိုယ်အားတဲ့ အချိန်မှာလုပ်ပါ။ နေ့ခင်းကစ အလုပ်ဆင်းရမလား၊ ကျောင်းတက်ရမလား။ ဒါဆို မနက်လုပ်။ ညဘက်ပဲ အားလား၊ ဒါဆို ညဘက်လုပ်။ အဓိကက လေ့ကျင့်ခန်းမလုပ်မီ မိနစ် ၄၀၊ တစ်နာရီ အကြိုမှာ အစာတစ်ခုခုစားထားရင် ပိုကောင်းပါတယ်။ ဒါမှ အားအင် အပြည့်နဲ့ လုပ်လို့ရပါမယ်။

၂။ စလုပ်တာ ၈ ရက်ရှိပြီ။ အဲတာ ခုလက်မောင်းကြီး ကြီးလာလို့။

ဒါဆိုရင် ကံကောင်းလွန်းတယ်ဆိုရပါမယ်။ ကိုယ်တွေ့ အတွေ့အကြုံ ပြောရမယ်ဆိုရင် လက်မောင်းကို သေချာ အချိန်ပေး လုပ်ဖူးပါတယ်။ ရှေ့ရော၊ နောက်ရော ဦးစားပေး အနေနဲ့ပေါ့။

နှစ်လအကြာမှာ လုံးပတ်ကို ပေကြိုးနဲ့တိုင်းတော့ လက်မဝက်ပဲ ထွားလာတယ်။

ဒီလိုအချိန်မျိုးမှာ ၈ရက်နဲ့ လက်တွေကြီးလာတယ်ဆိုတော့ လာမေးတဲ့ သူဆီမှာများ နည်းလမ်းကောင်းတွေ ရှိနေသလား။

မဟုတ်ပါဘူး။ တစ်ပတ် ၈ရက်နဲ့ ဘာမှဖြစ်မလာပါဘူး။ လက်မောင်း၊ တင်ပါး၊ ခြေသလုံး၊ ဘယ်အသားပဲ ဖြစ်နေပါစေ။ ကြီးမလာပါဘူး။ ❌

တစ်လမှာ နည်းမှန်၊ အစားမှန်၊ ပြင်းထန်မှု မှန်မှန်နဲ့လုပ်ရင်တောင် ၁-၃ ပေါင်ကြားပဲ ကြွက်သားတက်နိုင်ပါတယ်။ မိန်းကလေးဆို ၁-၂ ပေါင်ကြားပေါ့။ ကြွက်သားတက်ခြင်းဟာ အလွန်တရာ ဖြေးညှင်းတဲ့ သဘာဝဖြစ်စဉ်ပါ။ ✅


၃။ ကြွက်သားတစ်ခုထဲကို နေ့တိုင်း မနားပဲ လုပ်ရမလား။

ဟိုးတစ်လောက အိမ်ဖော်မလေးတွေကို ညှင်းပန်း နှိပ်စက်တဲ့ အမှုတွေ ခေတ်စားသွားသေးတယ်။ အိပ်ချိန်နည်း၊ အစားအစာနည်းနဲ့ ကြာတော့ လူရော စိတ်ရော နားလန်မထူတော့ဘူး။

ဒီအတိုင်းပါပဲ။ ကြွက်သားတစ်မျိုးထဲ၊ လေ့ကျင့်ခန်းပုံစံ တစ်မျိုးထဲကို နေ့တိုင်းလုပ်ခြင်းဟာလဲ ညှင်းပန်း နှိပ်စက်ခြင်း တစ်မျိုးပါပဲ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် လူရော စိတ်ပါ ပန်းသွားပါလိမ့်မယ်။ ဒီအချိန်ကျ အရင် လုပ်နိင်တဲ့ အလုပ်ပါ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ❌

အနည်းဆုံး ကြားထဲမှာ ၁-၂ ရက်ခြားပါ။ ✅

၎။ အဆီတက်တာလား၊ ကြွက်သားတက်တာလား မသိဘူး။

ယောင်္ကျားလေးဆိုရင် ဘောင်းဘီကြပ်လာလား၊ အင်္ကျီကြပ်လာလား ပြန်မေးရမယ်။ အင်္ကျီအပေါ်ပိုင်း ရင်ဘတ်တွေ၊ ဂျိုင်းတွေ၊ ပုခုံးဆုံတွေ ကြပ်လာရင် ဒါက အကောင်း။ အဲ ၊ ဗိုက်ပဲ ပူလာပြီး ဘောင်းဘီ ခါးကြပ်လာရင် အနှုတ် လက္ခဏာ။ ❌

နောက်တစ်နည်းကတော့ ပိုလေးလံတာတွေ၊ ပိုခက်ခဲတာတွေ လုပ်နိုင်လာရင် ကြွက်သားတက်လာတယ် ဆိုရမယ်။ အဲ၊ အလေးချိန်တက်တာ ၄ ပေါင်အထပ်ဆို အဆီပါလာတာ ကြိမ်းသေတယ်။ ဒီအခါမျိုးဆို အစာပမာဏ ပြန်ထိန်းပါ။ ✅

၅။ Gym မှာ ၂-၃ နာရီဆော့တယ်။ လုံလောက်လား။

ပထမဆုံး အနေနဲ့ ၂-၃ နာရီ ဘယ်လိုတောင် ဆော့နိုင်တာလဲဗျာ လို့ ပြန်မေးရမလိုဖြစ်နေပြီ။

ဆော့သမျှ ကာလပတ်လုံးမှာ ၁နာရီခွဲလောက်တောင် တစ်ခါမှ မဆော့ဖူးဘူး။ ၁ နာရီ မပြည့်တပြည့်မှာတင် ရှိသမျှ အားကုန်နေပြီ။ ဒီအချိန်မှာ ၂-၃ နာရီဆော့တဲ့လူက လုံလောက်လားဆိုတော့ ဖြေရခက်ပါ့။

သိရမှာက Gym ထဲက ကြာချိန်က အရေးမကြီးပါဘူး။ ❌

အကျိုးရှိရှိ သုံးလိုက်တဲ့ ကြာချိန်ကပဲ အရေးပါပါတယ်။

အရေအတွက်ထပ် အရည်အသွေးက အရေးကြီးတယ်ဆိုသလိုပေါ့။ သင်ဟာ မိနစ် ၄၀နဲ့ တစ်နာရီကြားမှာ ဖတ်ဖတ်မောနေပြီဆို Gym ထဲက ဂုဏ်ယူဝင့်ကြွားစွာ ထွက်နိုင်ပါတယ်။ ✅

_____________



လေ့ကျင့်ခန်းတစ်မျိုးကို ဘယ်နကြိမ်လုပ်ရမလဲ ??? 

ဒီမေးခွန်းဟာ လေ့ကျင့်ခန်းလုပ်နေသူ အတွက်ရော၊ အလေးမသူတွေ အတွက်ပါ အရေးကြီးပါတယ်။

လုပ်တာ နည်းနေလို့ အကျိုးမရှိ ဖြစ်တတ်သလို လုပ်တာများတိုင်းလဲ Over training ဖြစ်ပြီး အကျိုးမရှိ အနာတရ ဖြစ်တတ်တာမို့ ဆောင်းပါးပေါင်း များစွာမှ ကောက်နှုတ်ပြီး ရေးလိုက်ပါတယ်။

ဘယ်နကြိမ်လဲ မပြောခင် အခေါ်အဝေါ် အသုံးအနှုန်းတွေ အကြောင်း အရင်ပြောရမှာပါ။

Muscle group - ကိုယ်လုပ်မယ့် ကြွက်သားပါ။ ဥပမာ ရင်ဘတ်ဆော့မယ်၊ တင်ပါး ပေါင်ဆော့မယ်ဆို ဒီနေ့ ဆော့မယ့် Muscle group ကို ရင်ဘတ်၊ တင်ပါး စသဖြင့် မှတ်ပါမယ်။

Exercises per muscle group - ဒီနေ့ ရင်ဘတ်ဆော့မယ်ဆို ရင်ဘတ်အတွက် ဆော့နိုင်မယ့် လေ့ကျင့်ခန်း အမျိုးအစားကို Exercises per muscle group လို့ ခေါ်ပါတယ်။ ရင်ဘတ်အတွက်ဆို ပုံမှန် ဒိုက်ထိုး၊ ခြေထောက်ခုံပေါ်တင် ဒိုက်ထိုး (declined push ups)၊ လက်ခုံပေါ်တင် ဒိုက်ထိုး (inclined push ups) စသဖြင့် သုံးမျိုးမက ဆော့လို့ရပါတယ်။ ရင်ဘတ်ကြွက်သား တစ်ခုထဲကိုပဲ ပုံ ၃၊ ၄မျိုးလုပ်လို့ ရပြီး အဲလိုမျိုးကွဲတွေကို Exercises per muscle group လို့ ခေါ်ပါတယ်။

Repetitions - အကြိမ်ရေ
ပုံစံတစ်မျိုးကို ဘယ်နကြိမ်လုပ်မလဲ ဆိုတဲ့ အဓိပ္ပါယ်ပါ။ အိပ်ထမတင် ပုံစံတစ်မျိုးကို တစ်ခါလုပ်ရင် ၁၀ ကြိမ် ထမယ်ဆိုရင် ၁၀ကြိမ်ကို 10 Reps လို့ ခေါ်ရမှာပါ။

Sets - အခေါက်ကြော့
အပေါ်က ဥပမာအတိုင်း အိပ်ထမတင် ပုံတစ်မျိုးကို ၁၀ ကြိမ်လုပ်ပြီး ၃ခေါက် ကြော့မယ်ဆို အခေါက်ရေကြော့တာကို Sets လို့ ခေါ်ပါတယ်။ 3sets ဆိုတာ ၃ခေါက် ပြန်ကြော့တယ်လို့ ပြောရမှာပါ။

Volume - စုစုပေါင်းလို့ အလွယ်ပြောလို့ရပါတယ်။ ပုံစံ ၂မျိုး (2 exercises) ရှိတယ်ဆိုပါစို့။ ပုံစံ ၁ကို အခေါက်ရေ (Sets) ၃ ခေါက်ကြော့မယ်။ ၁ ခေါက်မှာ (1set) အကြိမ်ရေ ၁၀ကြိမ် (10reps) လုပ်မယ်ဆိုရင် ပုံစံ ၁မှာ ဒီလိုရှိပါလိမ့်မယ်။

ပုံစံ ၁ (ရင်ဘတ်)
၃ ခေါက် x ၁၀ ကြိမ် = ၃၀ ကြိမ်

ပုံစံ ၂ (ရင်ဘတ်) အကြိမ်တူ ဆိုပါစို့
၃ ခေါက် x ၁၀ ကြိမ် = ၃၀ ကြိမ်

စုစုပေါင်း (ရင်ဘတ်) = ၆၀ ကြိမ် ကို Volume လို့ခေါ်ပါတယ်။ High volume workout လို့ပြောတာက စုစုပေါင်း အကြိမ်အရေအတွက်များတယ် ဆိုလိုပြီး Low volume workout ဆိုတာကတော့ စုစုပေါင်း အကြိမ်ရေနည်းနည်းလို့ ဆိုလိုတာပါ။

ဒါဆိုရင် Muscle groups၊ exercises per muscle group၊ Reps၊ Sets နဲ့ Volume ဆိုတာ ဘာလဲဆိုတာ သိပြီဆိုတော့ ကြွက်သားတစ်ခု (Muscle group) စီကို ဘယ်နှကြိမ် (Reps) လုပ်သင့်လဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

ဒီနေရာမှာ သိစေချင်တာက အခုပြောမယ့် အကြိမ်ရေတွေဟာ Guidelines ပါ။ ပုံသေနည်း အတိအကျ၊ ဒီလိုမှ ဒီလိုလို့ မဆိုလိုပါဘူး။ အခုပြောမယ့် အကြိမ်ရေတွေထက် ပိုလုပ်မှ ကြွက်သားပိုတက်လာတယ်၊ ဒီအကြိမ်ရေထက် နည်းလုပ်တဲ့သူကလဲ ကြွက်သားတက်လာတာပဲ ဆိုတဲ့ Result တွေလဲ ရှိမှာပါ။ ဒါဟာ လူတစ်ယောက်နဲ့ တစ်ယောက် တည်ဆောက်ပုံတွေ မတူတာမို့ တစ်သွေ မတိမ်းတူမှာမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာပြတဲ့ အကြိမ်အရေအတွက်က အနည်းဆုံးတော့ သံသယ၂မျိုးကို ဖြေရှင်းပေးမှာပါ။

သံသယ ၁ - လုပ်တာနည်းနေသလား ထင်နေသူများ

လုပ်တာနည်းလွန်းနေရင်လဲ ကြွက်သားကြီးထွားဖို့ နှောင့်နှေးတတ်ပါတယ်။ ဒီလို လူများအဖို့ အောက်ကပြမယ့် အကြိမ်ထက်နည်းနေရင် ပိုလုပ်နိုင်သေးတယ်ဆိုတာ သိသွားမှာပါ။

သံသယ ၂ - လုပ်တာများနေသူများ

လုပ်တာ ပြင်းထန်လွန်း၊ များနေလွန်းရင်လဲ အရမ်းပင်ပန်းတတ်ပါတယ်။ ကြွက်သား ကြီးထွားလိုသူတွေ အဓိက မဖြစ်ချင်ဆုံးက Over training ဖြစ်ပြီး ဒါဏ်ဖြစ်မှာပါပဲ။ ဒီလို လူများ အတွက် အောက်ကပြမယ့် အကြိမ်ထက်များနေရင် ပြန်လျှော့လုပ်နိုင်ပါတယ်။ အကြိမ်ရေလျှော့လိုက်ပေမယ့် သုတေသနတွေအရ ဒီဆောင်းပါးမှာ ပြမယ့် အကြိမ်အရေအတွက်ဟာ ကြွက်သားကြီးလာဖို့ လူတော်တော်များများ အတွက်လုံလောက်တာမို့ Over training ဖြစ်ခြင်းကနေ လျော့ပေါ့စေမှာ ဖြစ်ပါတယ်။

ကြွက်သား တစ်မျိုးအတွက် အကောင်းဆုံး အသင့်တော်ဆုံး အကြိမ်အရေအတွက် ???

ကြွက်သား အကြီး ( တစ်ပတ် 60-120 reps)

ကြွက်သားအကြီးတွေ ဖြစ်တဲ့ တင်ပါး၊ ပေါင်၊ ဗိုက်၊ ရင်ဘတ်၊ နောက်ကြော၊ ဗိုက်ဘေးသား တွေနဲ့ သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင် တစ်ပတ်မှာ အကြိမ်ပေါင်း ၁၂၀ ကြိမ် ထက် မပိုသင့်ပါဘူး။ ဥပမာ

တင်ပါး၊ ပေါင် ကြွက်သား

ထိုင်ထပုံစံ၁
၎ ခေါက် x ၁၀ ကြိမ်= အကြိမ် ၄၀

ထိုင်ထပုံစံ၂
၎ ခေါက် x ၁၀ ကြိမ်= အကြိမ် ၄၀

ထိုင်ထ ပုံစံ၃
၎ ခေါက် x ၁၀ ကြိမ်= အကြိမ် ၄၀

ဒါဆိုရင် တင်ပါး၊ ပေါင် ကြွက်သားအတွက် တင် အကြိမ်ပေါင်း ၁၂၀ ရှိပါပြီ။ ပုံစံ ၃မျိုး မလုပ်ပဲ ပုံစံ ၂မျိုးပဲ လုပ်မယ်ဆိုရင်တော့

ထိုင်ထပုံစံ၁
၅ ခေါက် x ၁၀ ကြိမ်= အကြိမ် ၅၀

ထိုင်ထပုံစံ၂
၅ ခေါက် x ၁၀ ကြိမ်= အကြိမ် ၅၀

စုစုပေါင်း အကြိမ် ၁၀၀ လုပ်နိုင်ပါတယ်။ ဒါဟာ ဥပမာပါ။ တစ်ခေါက်မှာ ၁၀ ကြိမ်ဆိုပေမယ့် အဲဒီ ၁၀ကြိမ်ဟာ တအားလွယ်မနေသင့်ပါဘူး။ လွယ်ကူနေရင် အလေးတုံး ကိုင်ပြီး လုပ်နိုင်ပါတယ်။ အပေါ်က ဥပမာဟာ ကြွက်သားအကြီးတွေအတွက် သုံးလို့ရတာမို့ ဒိုက်ထိုး (ရင်ဘတ်ကြွက်သား)၊ အိပ်ထမတင် (ဗိုက်ကြွက်သား) စတာတွေအတွက်လဲ မှီငြမ်း လုပ်နိုင်ပါတယ်။

အပေါ်က ဥပမာကိုပဲ စောဒကတက်ချင်တယ် ဆိုပါစို့။ တင်ပါးကြီးပဲ တစ်ပတ်မှာ ၂ရက်ဆော့မယ် ဆို ဘယ်လိုလုပ်မလဲ ??

လွယ်ပါတယ်။ အပေါ်က အတိုင်းကို တစ်ဝက်ပိုင်းပြီး ၂ ရက်ခွဲဆော့ပေါ့လို့ ပြောရမှာပါပဲ။ ၂ ရက်ခွဲပြီး ပေါ့ပေါ့ဆော့လို့ ရသလို၊ တစ်ရက်ထဲနဲ့ ခပ်ပြင်းပြင်းဆော့ထားရင် ကြွက်သား တစ်မျိုးအတွက် လုံလောက်ပါတယ်။ ၂ရက်ခွဲဆော့ရင်တော့ ၂ရက် Gym သွားရတာပေါ့။

ကြွက်သား အသေး (တစ်ပတ် ၃၀-၆၀ reps)

ကြွက်သားအသေးတွေ ဖြစ်တဲ့ လက်မောင်းနောက်၊ လက်မောင်းရှေ့၊ လက်ဖျံ၊ ခြေသလုံး စတာတွေအတွက် ကစားမယ်ဆိုရင် ကြွက်သားအကြီးထက် တစ်ဝက်လျော့၊ စုစုပေါင်း အကြိမ် (၃၀မှ ၆၀) အတွင်း ကစားလို့ရပါတယ်။

ကြွက်သားအသေးတွေကို အဓိက အာရုံစိုက်ပြီး အများကြီးလုပ်ဖို့ မလိုတဲ့ အကြောင်းကတော့ ကြွက်သားအကြီး လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမှာ ကြွက်သားအသေးတွေကို အတန်အသင့် သုံးပြီးသားမို့ပါပဲ။ ဥပမာ ဒိုက်ထိုးတယ်ဆိုရင် ရင်ဘတ်ကြွက်သား (အကြီး) သုံးရုံတင်မကပဲ လက်မောင်းနောက်သား (အသေး)ပါ အတန်အသင့် သုံးရပါတယ်။ ဒိုက်ထိုးပြီးသွားလို့ လက်မောင်းနောက်သား ဆော့မယ်ဆိုရင် အကြိမ်ရေ ခပ်နည်းနည်း ထပ်ဆော့ရုံနဲ့ လုပ်လောက်တာမို့ ကြွက်သားအသေးတွေဟာ အများကြီး လုပ်စရာ မလိုပါဘူးလို့ ပြောရတာပါပဲ။

ဥပမာ လက်မောင်း နောက်သား

ပုံစံ ၁
၂ခေါက် x ၁၀ကြိမ် = အကြိမ် ၂၀

ပုံစံ ၂
၂ခေါက် x ၁၀ကြိမ် = အကြိမ် ၂၀

ပုံစံ ၃
၂ခေါက် x ၁၀ကြိမ် = အကြိမ် ၂၀

ဒါမှ မဟုတ်
ပုံစံ ၁
၃ခေါက် x ၁၀ကြိမ် = အကြိမ် ၃၀

ပုံစံ ၂
၂၃ခေါက် x ၁၀ကြိမ် = အကြိမ် ၃၀ လုပ်လို့ရပါတယ်။

ဒီလောက်ဆိုရင် Gym မသွားခင် ဒီကြွက်သားကို တစ်ပတ် ဘယ်နရက်ဆော့မလဲ ဆုံးဖြတ်ပါ။ တစ်ပတ်မှာ တစ်ရက်လား၊ နှစ်ရက်လား ဆုံးဖြတ်ပြီးရင် ကြွက်သားတစ်ခုကို ပုံစံ ဘယ်နမျိုးဆော့မလဲ စဉ်းစားပါ။ ကိုယ်ဆော့မယ့် ရက်ပမာဏ၊ ပုံစံကွဲပေါ်မူတည်ပြီး အပေါ်ကပြထားတဲ့ ကြွက်သားအကြီး (၆၀နဲ့ ၁၂၀ကြိမ်ကြား) ၊ ကြွက်သားအသေး (၃၀နဲ့ ၆၀ကြိမ်ကြား) Guide အတိုင်း လုပ်နိုင်ပါတယ်။



_________________

လူတစ်ဦးနဲ့ တစ်ဦး တည်ဆောက်ပုံ အပေါ်မူတည်ပြီး ကိုယ့်ခန္ဓာကိုယ်က Recovery ကောင်းတယ်၊ ကြွက်သား သိပ်မနာဘူးဆိုရင် နည်းနည်းပိုလုပ်နိုင်ပါတယ်။ မမေ့ဖို့က ကြွက်သား ကြီးလာတယ်ဆိုတာ Gym ထဲမှာ ဖြစ်တာ မဟုတ်ပဲ၊ နားနေချိန် အာဟာရဖြည့်တင်းမှသာ ဖြစ်တာမို့ လေ့ကျင့်ခန်းလုပ်အပြီး နားရက်တွေမှာ ကောင်းကောင်းနား၊ ကောင်းမွန်တဲ့ အစာတွေစားဖို့ မမေ့စေချင်ပါဘူး။

အားလုံးပဲ Over train/ under train အမှားလေးတွေကနေ ကျော်လွှားနိုင်ပြီး Gym ကနေ အကောင်းဆုံး အကျိုးရရှိပါစေ။

မူလရေးသားတင်ဆက်သည့်စာမျက်နှာ - Golden_Dreams 

Saturday, May 18, 2019

SAMSUNG GALAXY S10 PLUS REVIEW EXPERIENCE



 ဒီတစ်ခါ Review လို့ခေါင်းစဉ်တတ်တာထက် User Experience လို့ပြောတာ ပိုမှန်ပါလိမ့်မယ်။ လက်ထဲစမရောက်ခင် Exclusive အနေနဲ့ခေါ်ပြတုန်းက First Impression မှာအတော်ကြွေခဲ့တဲ့ ဖုန်းတစ်လုံးပါ (P30 Pro မထွက်ခင်အထိ)။ Galaxy S10 Plus ဆိုတာက Galaxy S Series ရဲ့ ၁၀ နှစ်ပြည့်ထုတ်လုပ်ထားတဲ့ ဖုန်းတစ်လုံးပါ။ 2010 လောက်က ထုတ်လုပ်ထားတဲ့ Galaxy S နဲ့ ယှဉ်လိုက်မယ်ဆိုရင် အများကြီးတိုးတတ်နေတာကို တွေ့ရမှာပါ။ 4-inch AMOLED ကနေ 6.4-inch curved Dynamic AMOLED Infinity-O Display ထိ၊ Ultra Sonic Under Display Fingerprint Sensor တွေ၊ Glass and Aluminium Design တွေ၊ Triple Camera တွေ Dual-Selfie Cameras တွေ စသဖြင့် အများကြီးပြောင်းလဲသွားပါတယ်။

ဆိုတော့ Galaxy S10 Plus က နောက်ဆုံးပေါ် အမိုက်စား၊ အကောင်းဆုံးဖုန်းတစ်လုံး ဆိုတာလဲ မမှားပါဘူး။ အရမ်းမိုက်တဲ့ ဖုန်းဖြစ်တဲ့အတွက် အပြစ်ရှာမယ်ဆိုရင် အပြစ်နည်းနိုင်သလို Review လုပ်တဲ့အခါမှာလည်း ရင်ခုန်ဖို့အတော်နည်းသွားပါတယ်။ ပြောချင်တာက ဘာပဲ စမ်းသပ် အဆင်ပြေမှုတွေ အားသာချက်တွေ ရှိနေတော့ ပျင်းဖို့ကောင်းတဲ့အထိ ဖြစ်လာပါတယ်။ သုံးစွဲနေတဲ့ကာလတစ်ခုကကြာခဲ့ပြီဆိုတော့ ဘာတွေအားသာတယ် ဘယ်ဟာတွေက လွဲနေလဲဆိုတာကို ရေးသားဖို့ အချိန်ရောက်လာပြီးထင်ပါတယ်။

ဒီ Review ဖြစ်လာဖို့အတွက် ကျွန်တော်တို့မှာ Samsung S10 Plus ဆိုတဲ့ ဖုန်းကြီးပဲရှိပါတယ်။ အခြားသော Sale Unit ကဲ့သို့ ပြည့်စုံခြင်းတရားမရှိခဲ့ပါ။ Battery ပိုင်းဆိုင်ရာစမ်းသပ်ဖို့ Official Adaptor ပါမလာ၊ အသံပိုင်းဆိုင်ရာစမ်းသပ်ဖို့ AKG ဆိုတဲ့ နားကြပ်မျိုးမရှိပါ ဆိုတော့ ဒီအပိုင်းတွေနဲ့ ပက်သက်ရင် ရေးသားတာ နည်းကောင်းနည်းနိုင်ပါတယ်။ နောက်ပြီးတော့ ဒီဖုန်းက Pre-Production Unit ဆိုတာသေချာပါတယ်။ သုံးနေတဲ့အချိန်မှာလဲ Sale Unit နဲ့ ထူးခြားကွဲထွက်တဲ့ ပြဿနာတွေ မတွေ့ရတော့ Final Unit လို့ပြောရင်လဲ မမှားပါဘူး။ ဆိုတော့ Review လေးစလိုက်ရအောင်…


Design and Build Quality

ဖုန်းရဲ့ တည်ဆောက်ပုံနဲ့ Design ကိုကြည့်လိုက်မယ်ဆိုရင် Galaxy Note 8 ကို သွားသတိရစေမှာပါ။ ပြီးတော့ S10 Plus က Samsung ရဲ့ S Series နဲ့မတူတော့ပဲ Note Series နဲ့ပိုတူနေတာကို ခံစားရပါတယ်။ ကျောဘက်ခြမ်း Camera တွေကို တန်းစီထားပေးတာက အတော်လေး သပ်ရပ်သွားတယ်လို့ခံစားရတယ်။ ဒါက Note 8 နဲ့ Note 9 နဲ့ ယှဉ်ရင် Note 8 ကျောဘက်ခြမ်းကို ပိုကြိုက်မိတာကြောင့် ဒီ S10 Plus မှာလဲ Note 8 တုန်းက အကြိုက်ကို ပြန်ရတယ်လို့ ခံစားမိလို့ပါ။

ကျောဘက်ခြမ်းမှာ Heart Rate Sensor ရယ်၊ LED Flashlight ရယ်၊ Main Lens, Tele Lens နဲ့ Ultra Wide Lens တို့ကို စနစ်တကျ တန်းစီထားတာကိုတွေ့ရမှာပါ။ ပြီးတော့ Samsung Logo Trademark ကို မရေးတရေး မသိမသာလေး ဖော်ပြထားတာကိုတွေ့ရမှာပါ။ အဲ့အပြင် ကျောဘက်ပြောင်ကို ရိုးရိုးရှင်းနဲ့ တွေ့ရမှာပါ။ အမှတ်တမဲ့ကြည့်လိုက်ရင် SWAT ကရဲတွေကိုင်တဲ့ ဒိုင်း နဲ့တူပါတယ် :D

ရှေ့ဘက်ခြမ်းကိုကြည့်လိုက်ရင် သင်မြင်နေကြ S Series ဖုန်းနဲ့မတူတော့ပဲ Note နဲ့ဆင်နေသလိုခံစားရမှာပါ။ အပေါ်ဘက် ပါးလွှာတဲ့ ဘောင် အလယ်တည့်တည့်မှာ Speaker ပေါက်လေးကိုမြင်တွေ့ရပြီးတော့ အောက်ဘက် Chin မှာတော့ အရင် Series တွေထက် ပိုသေးငယ်တာကိုမြင်ရမှာပါ။ ပြီးတော့ Display မှာအပေါက်ဖောက် ထည့်ထားတဲ့ Dual Camera ကိုတွေ့ရမှာပါ။ Samsung ကတော့ Infinity-O Display လို့နာမည်ပေးထားပါတယ်။ အပေါ်ဘောင်တွေ ပါးသွားတဲ့အတွက် Proximity Sensor တွေ Ambient Sensor တွေက Display အောက်ကိုရောက်သွားပါတယ်။

Design ပိုင်းမှာတော့ စာရေးသူ အကြိုက်ထဲကတစ်ခုဆိုတာသေချာပါတယ်။ ဆန်းပြားမှုတွေ သိပ်မကြိုက်တဲ့ သူတွေအတွက်ဆိုပိုသင့်တော်မှာပါ။ မြင်တာနဲ့ လုံးဝ Premium ဖုန်းတစ်လုံး (သို့) အမိုက်စား တန်ဖိုးကြီးဖုန်းတစ်လုံးလို့ ခံစားရမှာသေချာပါတယ်။ Hands-on Feeling မှာ လက်ထဲကိုင်ကြည့်ဖူးတဲ့ ဖုန်းတွေထဲမှာ တစ်ကယ်ကို အရသာအရှိဆုံးဖုန်းလို့မြင်မိပါတယ်။ လွဲနေတာ ချောင်နေတာ ပျော့နေတာတွေမရှိပဲ အတော်လေး ကျစ်လစ်သော ဖုန်းတစ်လုံးဆိုတာသေချာပါတယ်။

ဘာရယ်တော့မဟုတ်ဘူး Personal အရ Design နဲ့ BQ ပိုင်းမှာ အလိုမကျတာလေးတွေရှိပါတယ်။ ပထမတစ်ခုက အရမ်းခေါင်းမာလွန်းတဲ့ Samsung လိုပြောရမလားမသိဘူး Bixby Button နဲ့ Vol Rocker ကို နေရာမချိန်းသေးတာပါ။ S8 ကနေ S Series, Note Series ကိုင်လာတဲ့သူတွေအတွက် အကျင့်ဖြစ်နေပေမဲ့ အခြား Brand ကနေပြောင်းကိုင်မဲ့သူတွေအတွက် တစ်ကယ်ကို ကသိကသောက်နိုင်တဲ့ Buttons Placement လို့ပြောရမှာပါ။ Designer အနေနဲ့လည်း Samsung Fan တွေအတွက်ပဲ အာရုံစိုက်လိုက်တဲ့ပုံပေါ်ပါတယ်။ ပြီးတော့ မှားတတ်တယ်ဆိုတဲ့ Feedback ကို ဂရုမစိုက်ပုံပေါ်ပါတယ်။ စာဖတ်သူအနေနဲ့ Samsung Fan ဖြစ်နေတယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့အခက်အခဲမဟုတ်ပါဘူး။

Buttons Placement ကဒီမှာတင်ပြီးသွားတာမဟုတ်ပဲ အရင် Model တွေမှာ အဆင်ပြေနေတဲ့ Power Button ကိုတောင် တလွဲလုပ်လိုက်ပါတယ်။ ဖုန်းတွေ အရမ်းကြီးလာတဲ့အခါ လက်တစ်ဖက်နဲ့ Buttons တွေကိုနှိပ်နိုင်ဖို့က လက်နဲ့အဆင်ပြေဖို့နေရာနားမှာထားတာအကောင်းဆုံးပါ။ အခုက အဆင်ပြေနေတဲ့ Power Button Placement က ဖုန်းအပေါ်ကို ပိုရောက်သွားတော့ လက်တစ်ဖက်ထဲကိုင်ပြီး လက်မနဲ့လှမ်းနိုပ်ဖို့မလွယ်တော့ပါဘူး။ ဘယ်လက်နဲ့ ကိုင်နေတဲ့သူ (သို့) ဘယ်သန်တွေအတွက်ဆို ပိုအဆင်မပြေတဲ့အနေအထားတစ်ခုကိုရောက်သွားပါပြီး။ ဖုန်းတစ်ခုလုံး မြင်မြင်ချင်း ကြွေခဲ့တဲ့ Impression တွေက Buttons Placement တွေမှာ စကျတယ်ဆိုရာမှာပါ။

Body Frame မှာ Aluminum ကို Stainless ဖြစ်အောင် လုပ်ထားတာတာ သပ်ရပ်တယ် လှတယ် အဆင်ပြေတယ်မိုက်တယ်ပေါ့။ နည်းနည်းလေးကြာလာတော့ ခံစားမိလာတာက ရှေ့ Glass အကွေးနဲ့ နောက် Glass အကွေားကြားမှာ Frame က အတိမဖြစ်ပဲ အနည်းငယ် Frame ကထွက်ပြီး အထစ်ကလေးဖြစ်နေတယ်လို့ ခံစားရပါတယ်။ အရင် Models တွေမှာ သေချာမခံစားမိပေမဲ့ အခု S10 Plus မှာတော့ အရင်ကထက် ပိုပြီး ဖြစ်နေသလား စိတ်ထဲထင်မိတယ်။ သေချာကြည့်ရင် မသိသာပေမဲ့ လက်နဲ့ပွတ်ကြည့်တဲ့အခါ သေချာပေါက်ခံစားမိမှာပါ။ ပြောရရင် Frame ကကြီးပြီး Glass တွေက အနည်းငယ်သေးနေသလိုဖြစ်နေတာပါ။ ဖြစ်လဲဖြစ်ပေါ့ဆိုပြီး ပေါ့ပေါ့တန်တန်နေပြီး ဘောင်းဘီအိပ်တွေ လွယ်အိပ်တွေထဲကို ဒီအတိုင်းထည့်ထားလိုက်တယ်။ Cover လည်းတပ်မကိုင်တော့ Hands-on feelings ကတော့ အပြည့်အ၀ရတာပေါ့လေ… နောက်မှ သတိထားမိတယ် ဖုန်းရဲ့ ကျောဘက် အပေါ် ညာထောင့်မှာ Frame နဲ့ Glass ကြားမှာ စက္ကူလိုလို၊ တစ်ရှူးလိုလိုလေး ညက်နေတယ်။ ထုတ်မရပြုမရ နောက်ဆုံး ဓာတ်ပုံရိုက်ပြီး ဖော်ပြလိုက်တယ်။

Design နဲ့ Build Quality မှာ အချုပ်အားဖြင့်ပြောရရင် ခေတ်မှီပြီး ရိုးရှင်းတဲ့ Design နဲ့ လှပသေပ်တဲ့ Build Quality လို့ပြောရမှာပါ။ Buttons Placement နဲ့ Frame Glass ကြား စက္ကူက အပြစ်လို့မဆိုလိုချင်ပေမဲ့ ဖြစ်တတ်တဲ့သဘောမှာရှိတဲ့ အားနည်းချက်တစ်ခုလို့ မြင်မိပါတယ်။ ဆိုတော့ အနုအရွနဲ့ ကိုင်ချင်တဲ့သူတွေအတွက်ကတော့ Skin သုံးရင်သုံး (သို့) Cover ကောင်းကောင်းလေးတပ်သုံးဖို့ အကြံပြုလိုပါတယ်။

Display

လက်ရှိအချိန်မှာ အကြိုက်ဆုံး Display ကို ပြောပါဆိုရင် ကျွန်တော် ခေါ်ပြမှာ Galaxy S10 Plus ပါ။ Color accuracy တွေ၊ High image contrast accuracy တွေ၊ Brightness တွေ၊ Color Gamut တွေ၊ Lowest Reflectance တွေမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ Display ပါ။ 6.4inch ကျယ်ပြီးတော့ WQHD+(1440 x 3040) resolution ရှိပြီး HDR10+ ကိုလည်း Support လုပ်ပါတယ်။ Display ပိုင်းကို ပြောရရင် A+ အဆင့်မှာရှိတဲ့ အတွက် အရမ်းကောင်းတဲ့ Display ပါ။

Is that S10 Plus Display Review??

မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး။ ဆက်ပြီးရေးဖို့ရှိပါသေးတယ်။ လိုရင်းကိုဆက်ရအောင် HDR10+??? ကဘာလဲ…. ဒါက Galaxies တွေထဲမှာ ပထမဆုံးပါတဲ့ Feature လို့ပြောရမှာပါ။ “+” ဆိုတာကတော့ Samsung က ဖန်တီးထားတဲ့ Key တစ်ခုပါ။ ဒီအကြောင်းကိုပြောဖို့ ကျွန်တော်တို့ Television တွေကို လက်လွှတ်လိုက်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက Display နည်းပညာပါ။

HDR10+ အကြောင်းမပြောခင် HDR10 နဲ့ Dolby Vision (DV) ကိုထည့်ပြောမှရပါမယ်။ Dolby Vision ဆိုတာ HDR10 ရဲ့ပြိုင်ဘက်ပါ။ TV(Branded) အများစုက HDR10 ကော Dolby Vision ကို Support လုပ်ကြပါ။ ဒါမဲ့ သူတို့တွေ ကြော်ငြာတဲ့အခါ Dolby Vision ကိုပဲ Point အနေနဲ့ အများစုကြော်ငြာလေ့ရှိပါတယ်။ DV နဲ့ HDR10 ဘာကွာလဲဆိုရင် Brightness ပိုင်းမှာ သိသိသာသာ ကွာခြားလေ့ရှိပါတယ်။ DV က 10,000 nits ထိ အလင်းအားပေးနိုင်ပြီး HDR10 ကတော့ 1,000 nits ထိပဲ အများဆုံးထုတ်ပေးနိုင်ပါတယ်။ Color Depth မှာဆိုရင်လည်း Dolby Vision က 12bit, HDR10 က 10bit စသဖြင့်ကွာခြားမှုတွေရှိပါတယ်။ (ဒီမှာပြောခဲ့တဲ့ ကိန်းဂဏန်းတွေက TV တွေမှာ Maximum Number များဖြစ်ပြီး ဖုန်းမှာလဲ အဲ့လိုရလိမ့်မယ်လို့ မဆုံးဖြတ်သင့်ပါ၊ လိုအပ်တဲ့အနေအထားတစ်ခုထိတော့ရတာ သေချာပါတယ်)

HDR10 ကို Samsung ကနေ “+” ပေါင်းထည့်လိုက်တဲ့အခါမှာဆိုရင် Metadata အလုပ်လုပ်ပုံတွေက HDR10 လို Static မဟုတ်တော့ပဲ Dynamic တစ်နည်းအားဖြင့် Frame-by-Frame နည်းနည်းနဲ့ အလုပ်လုပ်ပါတယ်။ ဒါက Dolby Vision နဲ့ အလုပ်လုပ်ပုံခြင်းတူသွားပါပြီ။ Static Metadata က တူညီတဲ့ ပုံရိပ်ကို တူညီတဲ့ Color တွေထပ်ပြီး Contrast Ratio နဲ့ Color Accuracy ကောင်းအောင်လုပ်ထားတာပါ။ Dynamic Metadata မှာတော့ တူညီတဲ့ပုံရိပ်ကို မတူညီတဲ့ Color တွေကိုထပ်ပြီး ပိုကောင်းအောင်လုပ်ထားတာပါ။ ဆိုတော့ HDR10 နဲ့ HDR10+ ကိုယှဉ်ကြည့်မယ်ဆိုရင် HDR10+ က Color Accuracy ပိုင်း၊ Contrast Ratio ပိုင်း နဲ့ Brightness ပိုင်းတွေမှာ ပိုပြီးအားသာပါတယ်။ ပိုပြီး Depth ဖြစ်တဲ့ Color တွေကိုရပါတယ်။ Brightness ပိုင်းမှာဆိုရင်လည်း အများဆုံး 5,000 nits (TV Numbers) ထိထုတ်ပေးနိုင်ပါတယ်။

Galaxy S10 Plus မှာဆိုရင် Brightness ကို On-paper အရ 800 nits ၀န်းကျင်ထိထုတ်ပေးနိုင်သော်လည်း GSMArena ရဲ့တိုင်းတာချက်အရ 385 nits ထိပဲရတယ်လို့သိရပါတယ်။ S10+ ရဲ့ AMOLED Panel ကတော့ 800 nits ထိရတာတော့ သေချာပါတယ်။ သင့်အနေနဲ့ လက်ထဲကဖုန်းကို 800 nits ထိ လင်းဖို့လည်း မလိုအပ်ပါဘူး။ ဖုန်းနဲ့ မီးထွန်းဖို့မှမဟုတ်တာ…


ဆိုတော့ ဒီလိုကောင်းမွန်တဲ့ဖုန်းကို ဒါတွေထည့်ပေးထားလို့ ကောင်းတယ်ဆိုတာမျိုး ရေးထားတာက သင့်အတွက် ပျင်းစရာကောင်းနေမှာပါ။ ဒီဖုန်းက လုံးဝ အပြစ်မရှိတာမျိုးလား?? မဟုတ်ပါဘူး ရှာကြံပြောပါမယ်။ Display ရဲ့ အပေါ်ဘောင်ကို ပါးအောင်လုပ်လိုက်နိုင်သော်လည်း အောက်ဘက် Chin က အပေါ်ဘက် Bezels ယှဉ်ရင် မညီမျှသေးပါ။ သို့သော် အောက်ဘက် Chin က အရင် ဖုန်းတွေထက် ပိုပါးလာပါတယ်။ အပေါ်ဘောင်ကို ပါးလိုက်ရတဲ့အတွက် Iris Scanner ကို ဖြုတ်လိုက်ပြီး Selfie အတွက် Punch Hole လေးကို ညာဘက်အပေါ်ထောင့်မှာ သုံးပေးထားပါတယ်။

Punch Hole က စိတ်အနှောက်အယှက်ဖြစ်စေလားဆိုရင် စသုံးခြင်းမှာတော့ နည်းနည်း ဂကြောင်နိုင်တယ်ဆိုပေမဲ့ နောက်ပိုင်းမှာ အသားကျလာတယ်။ ဒီ Hole လေးက တစ်မျိုးဆန်းတယ်ဆိုပေမဲ့ ရုပ်ရှင်ကြည့်တာ ကြိုက်တဲ့သူတွေအတွက်တော့ အနည်းငယ် မတင်မကျဖြစ်စေမှာပါ။ အပေါ်ထောင်မှာ တစ်ခုခု ကပ်နေသလို၊ အုပ်နေသလို စသဖြင့် ဖြစ်စေမှာပါ။ ကျွန်တော်အနေနဲ့ အပေါက်ပါတဲ့ ဖုန်းကို ၀ယ်တဲ့နောက် ဒါမျိုးဖြစ်မယ်ဆိုတာ ကျိန်းသေသိနေရင် ဒါကို အပြစ်လို့ မမြင်သင့်ပါဘူး။ Software Optimization အရ ဒီ Hole တွေ Notch တွေနဲ့ ပက်သက်လို့လဲ အဆင်ပြေအောင် လုပ်ပေးထားတယ်ဆိုတော့ သုံးစွဲသူအပေါ်ပဲ စိတ်အနှောက်အယှက်ဖြစ်တာ မူတည်မှာပါ။

Movies and Videos တွေကို ကြည့်တဲ့အခါ Hole ကို အပေါ်ဘက်ထောင့်မှာ ထားကြည့်ရင် အနည်းငယ် စိတ်အနှောက်အယှက်စတာကိုလက်ခံပါတယ်။ ဒါမဲ့ သင့်အနေနဲ့ Video ကိုချုံကြည့်လို့ရပါတယ်။ ဒီလိုမှမဟုတ် Full View ကိုမှ ကြည့်ချင်တယ်ဆိုရင် Hole ကို အောက်ဖက်ထားကြည့်ရင် ပိုအဆင်ပြေမယ်လို့ အကြံပေးချင်ပါတယ်။ လူ့မျက်လုံးရဲ့ သဘောအရ View တစ်ခုရဲ့ အပေါ်ဘက်ကို သတိထားမိလွယ်လို့ အောက်ဘက်ထားကြည့်ရင် အနှောက့်အယှက်ကင်းသလိုခံစားရမှာပါ။

Dynamic AMOLED ဆိုတာကလဲ Blue Light ကို Color တွေမကျပဲ မပြောင်းပဲ လျော့ချပေးတာဆိုတော့ မျက်လုံးထိခိုက်မှုတွေမှာပဲ အများကြီးကာကွယ်နိုင်ပါတယ်။ ဒီလိုကောင်းမွန်းတဲ့ Display ရဲ့ အရသာကို အပြည့်အ၀ခံချင်ရင်တော့ အလကားရတဲ့ Source က ရုပ်ရှင်တွေကြည့်မှာထက် Netflix တို့ Amazon Prime တို့ကဟာတွေကြည့်ရင်တော့ ပိုအရသာရှိမှာပါ။ S10 Plus ၀ယ်ယူသူတွေအတွက်လဲ Samsung က Cookie TV Package 3 လစာရရှိမှာဆိုတော့ HBO ကနေ GOT Season 8 အေးဆေးကြည့်လို့ရပါပြီ။

Audio

Headphone jack ကို အခုချိန်ထိထည့်ပေးထားတာ ကျေးဇူးတင်ရမှာပါ။ တစ်ဖက်မှာလည်း ဖြုတ်လိုက်တဲ့ Flagship ဖုန်းအချို့နဲ့ ယှဉ်မိရင် 3.5mm Jack ပါနေတာက ခေတ်နောက်ကျနေတယ်လို့လည်း တွေးမိနိုင်ပါတယ်။ ဒါတွေက သင့်ရဲ့အတွေးပေါ်ပဲမူတည်ပါတယ်။ Samsung လည်းအချိန်တော်တော်ကြာ ထည့်ပေးနေဦးမယ်လို့ မထင်ပါဘူး။ ဒါမဲ့ USB-C Earphone နဲ့လည်း နားထောင်လို့ရပါတယ်သေးတယ်။ တစ်ပြိုက်နက်ထဲ နားထောင်လို့တော့မရပါဘူး။ အသံ Quality ကကောဘယ်လိုနေမလဲဆိုတော့ Excellent Level မှာရှိပါတယ်။ ဒီလို Quality မျိုးကို သူ့မှာပါတဲ့ AKG နဲ့နားထောင်ပြီးဇိမ်ယူလိုက်ပါ။ Review Unit မှာ Earphone မပါတဲ့အတွက် ဇိမ်မယူဖြစ်ခဲ့ဘူး။ Speaker ပိုင်းမှာဆိုရင် Stereo Speaker ကိုတပ်ဆင်ပေးထားတယ်။ Loudness ပိုင်းကော Clarity ပိုင်းမှာကော လုံးဝ Impressive ဖြစ်ပါတယ်။ Galaxy S9 နဲ့ Note 9 တို့ထက် ပိုကောင်းပါတယ်။

Performance

မြန်မာပြည်ကိုသွင်းတဲ့အလုံးက သိတဲ့အတိုင်းပဲ Exynos 9820 ကိုသုံးထားတာပါ။ Exynos 9820 က Snapdragon 855 လို 7nm(Nanometer) မဟုတ်ပါဘူး။ Tech နဲ့ရင်းနီးတဲ့သူတွေတော်တော်များများက ဒီ Nanometer တွေကဘာကိုဆိုလိုလဲဆိုတာ သိကြပေမဲ့ မရင်းနီးတဲ့သူတွေအတွက်တော့ အကြမ်းဖျင်းရှင်းပြထားပါတယ်။ ဒီ Nanometer လေးတွေက SoC (Exynos 9820/SD 855) ပေါ်မှာတည်ဆောက်ထားတဲ့ Transitor လေးတွေရဲ့ Size ကိုပြောတာပါ။ ဒါလေးတွေက ဂဏန်းသေးလေ Size သေးတာဖြစ်တဲ့အတွက် Power သုံးစွဲခြင်းပိုသက်သာသလို Performance လည်းပိုကောင်းပါတယ်။ Mobile SoC တွေမှာ 7nm ထိတည်ဆောက်လာကြပါပြီ။ Kirin 980, Snapdragon 855 နဲ့ A12 Chip တို့က 7nm ထိအပြိုင်အဆိုင် တည်ဆောက်နေတဲ့အချိန်မှာ Samsung က 8nm ကိုပဲသုံးနေပါသေးတယ်။ ကိန်းဂဏန်းအရ ပြောရရင် Exynos 9820 က နှေးနိုင်တယ်လို့ပြောလို့ရနိုင်ပေမဲ့ လက်တွေ့သုံးကြည့်တဲ့အခါ သိသိသာသာ ကွာခြားတာမျိုးမရှိသလို သေချာပေါက်မြန်ဆန်လွန်းတယ်လို့လဲပြောလို့မရသေးပါဘူး။ စာဖတ်သူသေချာပေါက် တွက်ထားသင့်တယ်။ 7nm နဲ့ Samsung ရဲ့နောက်ဆုံးပေါ် SoC ရယ် One UI ရယ်ကြောင့် သွက်လက်လန်ပြန်နေမှာပါ။ လက်ရှိအချိန်မှာ အမြန်ဆုံးမဟုတ်တောင် အမြန်ဆုံးဖုန်းတွေထဲက တစ်လုံးပါ။

Bug
Bug
Samsung ရဲ့ နောက်ဆုံးပေါ်ဖုန်းဖြစ်တဲ့အပြင် Android Pie အခြေခံထားတဲ့ One UI အသစ်နဲ့ Exynos 9820, RAM 8GB တို့က လက်ရှိအချိန်မှာ လုံးဝ Lag တဲ့ဖုန်းမဟုတ်တာသေချာပါတယ်။ စာဖတ်သူ ဘာသုံးသုံး အဆင်ပြေနေမှာကိုတွေ့ရမှာပါ။ ဒါမဲ့အချို့အပိုင်းတွေမှာ Software ကြောင့် Bug တွေရှိနေသေးတာကိုတော့ အသိပေးပါရစေ…

Heat management ပိုင်းမှာတော့ စိတ်တိုင်းမကျသေးပါဘူး။ လက်ထဲဖုန်းကို လွတ်တဲ့သူမဟုတ်တော့ နွေးနွေးလေးဖြစ်တဲ့ Feel ကို ခံစားရပါတယ်။ Wifi Hotspot လွှင့်တဲ့အခါ ဖုန်းတိုင်းပူတတ်ပေမဲ့ S10 Plus ရဲ့ နွေးထွေးမှုက လွန်ကဲနေသလိုခံစားရပါတယ်။ Heat အပိုင်းမှာ အမြဲပူတတ်တာမျိုးမဟုတ်ပဲ Brightness တွေ အများအပြားတင်ကြည့်တာတွေ Data သုံးတာတွေ Game ဆော့တဲ့အခါမျိုးတွေမှာ ဖြစ်တတ်တာပါ။ ဒါမျိုးကလဲ S10 Plus တစ်ခုထဲဖြစ်တာမဟုတ်ပဲ Flagship တိုင်း Powerfull သုံးရင် ဖြစ်တတ်ပေမဲ့ S10 Plus အနည်းငယ်ပိုနေသလိုခံစားရတယ်။ ဒါမဲ့ အရင် S9 ထက်တော့ တိုးတတ်လာသာ သေချာပါတယ်။

သို့သော် စာဖတ်သူက SoC ကိုသာ အဓိကထားမဲ့သူဖြစ်ခဲ့မယ်ဆိုရင် S10 Plus ရဲ့ Exynos Version ကိုစဉ်းစားမှမဟုတ်ပါဘူး။ ဘာများကွာနိုင်လို့လဲ ကွာခြားချက်တွေကကော အရေးကြီးလားဆိုရင် ဒါက Personal Preference ပါလို့ပြောပါရစေ…

Experience

Samsung ဖုန်းတွေကို အရင်က ခံစားလို့မရတဲ့အပိုင်းတွေထဲမှာ UI ပါပါတယ်။ စာဖတ်သူက အရင်ဖုန်းတွေမှာ သုံးခဲ့တဲ့ TouchWiz UI ကို ကြိုက်ခဲ့သူမဟုတ်ပါ။ S8 မှစလို့ Experience UI အသစ်ကို မြင်တွေ့ခဲ့ပြီး စာရေးသူအမြင်တွေပြောင်းလာခဲ့ပါတယ်။ အခု One UI အသစ်မှာ အများကြီးပိုမိုက်သွားတယ်၊ ပိုကောင်းသွားတယ်ဆိုတဲ့ Feeling ကိုရလာပါတယ်။ လက်ရှိအချိန်မှာတော့ Pixel UI ပြီးရင် ဒုတိယအကြိုက်ဆုံးက One UI ဖြစ်လာခဲ့ပါပြီ။ သို့သော်မထင်မှတ်ထားတဲ့ Bug မချို့တွေရှိပါတယ်။ ဒါကို Software ပိုင်းမှာပြောသွားပါ့မယ်…

Software

ဖုန်းလက်ထဲကို စရောက်တော့ ပုံမှန်သုံးနေကြ ကိုယ့်အတွက် လိုအပ်သော Social App တွေ Game တွေ Productivity App တွေပါသွင်းလိုက်တယ်။ ထို့နောက် ကိုယ့် ဖုန်းကဲ့သို့ စိတ်ကြိုက်စသုံးပါတယ်။ One UI ရဲ့ တိုးတတ်ပြောင်းလဲမှုက တစ်ကယ်ကိုမိုက်ပါတယ်။ ရှင်းလင်းတဲ့ Interface တွေ လှပသေသပ်တဲ့ Icon အသစ်တွေက တစ်ကယ်ကို ဆွဲဆောင်မှုရှိပါတယ်။ S10e မှာ One UI က သေးငယ်တဲ့ Screen ပေါ်မှာ Run တာပြဿနာမရှိပေမဲ့ S10 Plus လိုဖုန်းမျိုးမှာကျ စိတ်အလိုမကျစရာလေးကို တွေ့ရပါတယ်။ အပြစ်ရှာတာမဟုတ်ပဲ ခံစားမိတာလေးကို ရေးသားခြင်းပါ။ S10 Plus လိုဖုန်းမျိုးက QHD+ Resolution ကိုရတဲ့ဖုန်းပါ ဒီလိုဖုန်းကို One UI ရဲ့ လှပတဲ့ Icon တွေနဲ့ အလှဆင်ရင် ဘယ်လောက်တောင် တောက်ပလိုက်မလဲ?? သို့သော် One UI Launcher မှာ Default Style က Icon တွေကို ကြီးပေးထားပါတယ်။ စေတနာနဲ့ကြီးထားတယ်ဆိုပေမဲ့ ကြီးမားတဲ့ Resolution ပေါ်မှာ Icon တွေက မကြည်သလို ခံစားရတယ်။ ဘယ်လိုပြောရမလဲ Resolution သေးတဲ့ပုံကို BillBoard အတွက် ချဲ့ကူးထားသလိုဖြစ်နေတာပါ။ လှပပုံ Icon လေးတွေက အစွန်းလေးတွေမှာ အနည်းငယ် Blur မိသလို မပြတ်သားတာတွေတွေ့ရပါတယ်။ ဒါကပြဿနာမဟုတ်ပါဘူး S10 Plus ပေါ်မှာ ခံစားမိချင်းပါ။

နောက်တစ်ခုက Widget Bug ပါ Default Launcher မှာ icon တွေကြီးနေလို့ သွားကလိတယ်ဆိုပါတော့ Home Screen Settings ထဲမှာ icon တွေသေးအောင် အများကြီးထည့်လိုက်တော့ Weather Widget က အောက်ပိုင်း အပျက်တွေ ဖြစ်ကုန်ပါတယ်။ Widget Space သေးလို့လားဆိုပြီး ချဲ့ကြည့်ပါတယ် Bug တစ်ခုလို့အဆင်မပြေတာကိုတွေ့ရပါတယ်။

Widget Bug
သတိမထားမိတဲ့ဖြစ်ရပ် – စာရေးသူက iOS သုံးသူပါ Facebook ကိုလည်း Two-Factor authentication လုပ်ထားပါတယ်။ iOS မှာ Facebook ကိုဝင်ရင် Code တောင်းပါတယ် ဖြည့်ပြီးဝင်လိုက်တာ အဆင်ပြေတယ်။ အဲ့နောက် Page Manager ကိုလည်း One Click နဲ့အေးဆေးပါပဲ။ S10 Plus ကိုစပြောင်းတော့ တိုင်ကပတ်ပြီ Facebook ကို Code ဖြည့်ပြီး ၀င်လို့ရပေမဲ့ Page Manager ထဲကို One Click နဲ့ ၀င်လို့မရဘူး “Application does not have permission for this action (10)” ဆိုတဲ့စာသားနဲ့အတူပေါ်လာပါတယ်။ ဘာများလဲပေါ့။ အခြားဖုန်းမှာ ၀င်ထားလို့လားဆိုပြီး Log Out လုပ်ပြီး ပြန်ဝင်ကြည့်တယ် အဆင်မပြေပြန်ဘူး။ နောက်တော့ One Click မဟုတ်ပဲ E-Mail နဲ့ Password အစအဆုံး သေချာရိုက်ထည့်ပြီးဝင်မှ Code ထပ်ပို့ပြီး ၀င်လို့ရခဲ့ပါတယ်။ ဒါက iOS မှာ ဘာမှမဖြစ်ခဲ့ပေမဲ့ S10 Plus မှာ စမ်းမိမှာ သတိထားမိတာပါ။ ထို့နောက် P30 Pro မှာ စမ်းတာလဲ အလားတူ ပြဿနာဖြစ်ခဲ့ပါတယ်… ဒါက S10 Plus ပြဿနာမဟုတ်ပါဘူး Facebook Page သုံးသူတွေကော Two-Factor authentication ထည့်ထားတဲ့သူတွေ သတိထားနိုင်အောင်လို့ပြောပြတာပါ။

နောက်တစ်ခုက Instant Article တွေကို Facebook မှာဖတ်ရင် စာအစွန်းတွေပျောက်နေပါတယ်… :3 အခြားဖုန်းတွေမှာမဖြစ်ပဲ Samsung S10 Plus မှာဖြစ်နေတာပါ။ ကျွန်တော်တို့ PLANET X page က Instant Article ကိုသုံးထားတော့ ကိုယ့် Page ကိုပြန်ဖတ်ကြည့်တဲ့အခါ ရေးထားတဲ့ စာတွေနဲ့ ဘယ်စွန်း ညာစွန်းတွေအပြည့်မပေါ်ပါဘူး။ အခြား Media Page တွေမှာလဲ ထိုနည်း ၄င်းကောင်းပါပဲ… ဒါက Samsung ရဲ့ One UI ကို Language မှာ English (Zawgyi) သုံးရင် ဖြစ်တတ်ပြီး English (Unicode) သုံးတဲ့အခါမျိုးမှာ မဖြစ်တတ်ပါဘူး…

Camera

နောက်ဆုံးပိုင်းရောက်လာပြီလို့ပြောရမှာ အလွယ်လေးပြောလိုက်ရရင် Camera ကောင်းတဲ့ဖုန်းဆိုတာသေချာပါတယ်။ ကျောဘက် Camera ၃ လုံးဖြစ်သွားပြီး Front Camera အနေနဲ့ ၂ လုံးဖြစ်သွားပါတယ်။ ကျောဘက်ခြမ်းမှာ Main Camera နဲ့ Tele Lens က S9 နဲ့အတူတူပဲ။ ဒါမဲ့ Ultrawide တစ်လုံး အပိုပါလာတယ် 16MP f/2.2 ကိုသုံးထားပြီး Field of view မှာ 12mm full frames lens လို ကျယ်တာကိုတွေ့ရပါတယ်။ S9 မှာတုန်းက Main Lens Dual Aperture က f/1.5 မှာဆိုရင် အနည်းငယ်ဖြူတာတွေ Sharpness ကျတွေရှိခဲ့ပေမဲ့ S10 Plus မှာတိုးတတ်လာတယ်လို့ပြောလို့ရပါတယ်။ သို့သော် အချိန်ကြာလာတဲ့နဲ့အမျှ Dual Aperture ရဲ့ အသုံးဝင်မှုက ဒီဖုန်းမှာ ပျောက်လာသလိုခံစားရတယ်။

ဒီဖုန်းကိုစမ်းသပ်ချိန်တုန်းက Lowlight Mode ရယ်လို့ သီးသန့်မထွက်သေးပေမဲ့ Samsung ရဲ့ Camera ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကြောင့် ညဘက်ရိုက်တဲ့အခါမှာ အတော်လေးအဆင်ပြေလာတာကိုတွေ့ရပါတယ်။ အရင်က f/1.5 နဲ့ f/2.4 Dual Aperture ထည့်ပေးထားတဲ့ ရည်ရွယ်ချက်က ညဘက်ရိုက်တဲ့အခါမှာ Lowlight ပုံကောင်းကောင်းထွက်ဖို့အတွက် အလင်းဖမ်းဖို့ တံခါးကျယ်ကျယ်ဖွင့်ပေးတဲ့သဘောပါ။ အခုချိန်မှာ Lowlight ကို Image Stacking နည်းတွေ Pixel Binning နည်းတွေနဲ့ ပိုကောင်းလုပ်နေကြပြီ။ ဒီလိုခပ်ဆင်ဆင်နည်းပညာနဲ့ Lowlight ကိုကောင်းအောင်လုပ်ပေးထားတဲ့ S10 Plus မှာ f/1.5 Aperture ဆိုတာလိုသေးလို့လား???

နောက်တစ်ခုက Dual Aperture က ဖုန်းတွေမှာသေသွားပြီလို့မြင်မိပါတယ်။ ဒီနည်းပညာကို အခြား ဘယ် Company မှလည်း လိုက်မလုပ်သလို ထူးခြားပြောင်မြောက်ပြီး အသုံးလဲမ၀င်ပါဘူး။ ဖုန်း Camera တွေဘယ်လောက်ပဲတိုးတက်လာ Camera တွေလိုလုပ်လို့မရတာတွေရှိပါတယ်။ Camera မှာ Aperture ကျဉ်းကျယ်က အလင်းဖမ်းဖို့အတွက် အများကြီးအသုံးဝင်သလို Focus ပြတ်ပြီး Blur တဲ့အခါမှာလဲ အများကြီးအသုံးဝင်ပါတယ်။ Samsung ရဲ့ Dual Aperture မှာဆိုရင် f/1.5 နဲ့ f/2.4 ကိန်းဂဏန်း ၂ မျိုးပဲသုံးလို့ရပါတယ်။ ကြားထဲက ဂဏန်းတွေ သုံးလို့မရပါဘူး။ အသုံးဝင်တဲ့နေရာပြပါဆိုရင် f/2.4 က နေ့ဘက်မှာ Detail တွေ Sharpness တွေကောင်းအောင် Overexposed မဖြစ်အောင် ရိုက်လို့ရတယ် f/1.5 က Lowlight ကောင်းဖို့အတွက် သုံးလို့ရပါတယ်။ Lowlight ကောင်းဖို့အတွက် Image Stacking ရှိနပြေီပဲ f/1.5 ကလိုသေးလို့လား??

Daylight မှာ ပုံထွက်ကောင်းဖို့အတွက် Aperture လျော့လိုက်ပေါ့ f/1.5 မှမလိုတော့တာ f/2.4 အထိလည်းထိုးဆင်းဖို့မလိုပါဘူး Lowlight အတွက်ကော Daylight အတွက်ပါ အသုံးဝင်မဲ့ Aperture အနေအထားဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်အထင် Samsung က တွက်ကိန်းမှားသွားတယ်ထင်ပါတယ် ဘယ်သူမှလိုက်မလုပ်တဲ့ Dual Aperture လေးကို အသုံးလဲဝင်ချင်တယ်၊ ပိုကောင်းမယ်ထင်ပြီး ကြိုးစားပြီးထည့်ထားပါသေးတယ် ထည့်ထားပြီး မကောင်းလာခဲ့ရင်??? လို့ တွေးမိတဲ့ပုံပဲ။ 3 သိန်းတန် ဖုန်းတွေမှာတောင် Image Stacking နည်းနဲ့ Lowlight ကို ကောင်းတဲ့အနေအထားဖြစ်အောင် Mode တွေ ထည့်ပေးနေတော့ Dual Aperture ဖြစ်ပြီး Lowlight မကောင်းရင် အပြောခံရမှာဆိုးလို့ Software နဲ့ပါ မသိမသာလေးထည့်ပေးလိုက်တာနေမှာပါ။ နောက်ပိုင်းမှာ Lowlight Mode သက်သက်အနေနဲ့ထည့်ပေးလိုက်တော့ f/1.5 ကဘယ်နားသွားသုံးမလဲ???

Image Quality ပိုင်းမှာတော့ အပြစ်ပြောစရာနည်းတယ်ဆိုရမှာပါ။ Point and Shoot တွေ ပဲဖြစ်ဖြစ် ရုတ်တရက်ထရိုက်တာပဲဖြစ်ဖြစ် Quality ကောင်းတဲ့ ရုပ်ထွက်ပေးနိုင်တာ သေချာပါတယ်။ သူ့ရဲက Ultra Wide မှာဆိုရင်လည်း စာရေးသူ သဘောအကျဆုံး Ultra Wide တစ်ခုဖြစ်ခဲ့ပါတယ်။ Scene optimizer ဖွင့်ရိုက်ရင်တော့ တစ်ကယ်ပိုလှတဲ့ ရုပ်ထွက်ကိုရပါတယ်။

Selfie မှာတော့ 10MP ကိုဖြစ်သွားတဲ့အပြင် 8MP Depth Sensor ပါဝင်ပါတယ်။ ဒီနေရာမှာလဲ အတွေးမှားတယ်လို့ပြောချင်ပါတယ်။ Depth Sensor ထည့်ပေးမဲ့အစား Ultra Wide ကိုထည့်သင့်ပါတယ်။ Depth Sensor က Live Focus အချိန်လေးပဲ အသုံးဝင်ခဲ့တာ ကျန်တဲ့အချိန်မှာ အပိုကြီးသက်သက်ဖြစ်နေသလိုကြီးပဲ ပိုဆိုးတာက Selfie ကို Dual Camera ပါလို့ပိုကောင်းပါတယ်လို့ ပြောရောင်းတာက……. သို့သော် ကွာခြားမှုမရှိဘူးလားဆိုရင် မဟုတ်ပါဘူး S10 နဲ့ယှဉ်တဲ့အခါ ပိုအဓိပ္ပာယ်ရှိတဲ့ Focus ကိုရပေမဲ့ ၀ယ်သုံးတဲ့သူတွေ သတိတောင်ထားမိမယ်မထင်ဘူး။ အဲ့အစားပိုအသုံးဝင်တဲ့ Ultra ကိုထည့်ပေးသင့်တယ်လို့မြင်မိတယ်။

Video ပိုင်းမှာ အတော်လေးမိုက်တယ် သူ့ရဲ့ Super Steady feature က အတော်ငြိမ်နေက ကျွစ်ဆင်ကြီးပါ။ အကြိုက်ဆုံးထဲက တစ်ခုက Shot Suggestions ဆိုတဲ့ Features ပါ သင်က ဓာတ်ပုံကောင်းကောင်းမရိုက်တတ်ရင်တောင် ဘယ်လို Angle မျိုးမှာရိုက်ရင်လှတယ်ဆိုတာမျိုးကို Suggest လုပ်ပေးတာပါ။

အချုပ်အားဖြင့် ပြောရရင် S10 Plus က Multi-Media ပိုင်းမှာ အတော်လေး ကျေနပ်စေတဲ့ဖုန်းဆိုတာ သေချာပါတယ်။ ကင်မရာကောင်းတယ်ဆိုပေမဲ့ Huawei လို လုပ်နိုင်တဲ့အင်အားမျိုးမပြနိုင်သေးဘူး…


အချုပ်အားဖြင့် ပြောရရင် S10 Plus က Multi-Media ပိုင်းမှာ အတော်လေး ကျေနပ်စေတဲ့ဖုန်းဆိုတာ သေချာပါတယ်။ ကင်မရာကောင်းတယ်ဆိုပေမဲ့ Huawei လို လုပ်နိုင်တဲ့အင်အားမျိုးမပြနိုင်သေးဘူး ဒီအချက်တွေကြောင့် Huawei ရဲ့ ကျော်တတ်ခြင်းကို ခံရဖိုပမြင်နေတယ်လို့ပြောတာပါ။ ဘာလို့ဒီစကားပြောလဲဆိုရင် Huawei က Camera ဦးစားပေးတစ်ခုထဲနဲ့ရင် 2019 Q1 မှာ Apple ကိုကျော်တတ်ခဲ့ပါပြီ သူ့အထက်မှာ Samsung တစ်ခုပဲရှိတော့တယ် ဒါတောင် Q1 ကာလ ကျော်တတ်ခဲ့စဉ်က P30 Series တွေရောင်းရတဲ့ အနေအထားမပါသေးပါဘူး။ ဒါကြောင့် Samsung အနေနဲ့ All Round ပြည့်စုံတဲ့ဖုန်းအနေအထားမှာ ရှိနေသော်လည်း Camera ဘက်ကိုသာ ပိုအားစိုက်လိုက်မယ်ဆိုရင်… ဆိုတော့ ဒီ S10 Plus က All Round ကောင်းတဲ့ဖုန်းမို့ စာဖတ်သူလိုချင်နေတဲ့ လောဘတွေကို ဖြည့်စီးပေးနိုင်ပါတယ်။ Game အပိုင်းလား? Movie ကြည့်ဖို့လား? သီချင်းပဲနားထောင်မလား? Camera ပဲရိုက်မလား? စသဖြင့်အကုန်ပြည့်စုံအောင် လုပ်ပေးထားသောလည်း စာဖတ်သူဝယ်တဲ့အခါ ခွင့်လွှတ်နိုင်တဲ့ မပြည်စုံတရားလေးတွေက ဒီဖုန်းမှမဟုတ်ဘူး ဖုန်းတိုင်းလိုလိုရှိနေဦးမှာ ဖြစ်ကြောင်းရေးသားရင်း…


မူလရေးသားတင်ဆက်သော စာမျက်နှာ - Planet X

Friday, May 17, 2019

လူကိုလူလိုမြင်သောအုပ်ချုပ်ရေး


        သာမန်ပြည်သူများကိုမဆိုထားဘိ ၊ လွှတ်တော်ကိုယ်စားလှယ်များ သွားလေရာတကောက်ကောက်ကိုပင် စရဖ (ခေါ်) စစ်ဘက်ဆိုင်ရာလုံခြုံရေး(ခေါ်) ယခင်စစ်ထောက်လှမ်းရေးလိုအဖွဲ့မျိုးတွေက တကောက်ကောက်လိုက်ကာ မှတ်တမ်းရယူ နေသည်ဆိုတော့ ကျွန်တော်တို့နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်သောအဖွဲ့အစည်းအချို့ကို အံ့သြမိသည် ။ လွှတ်တော်အမတ်များကိုသာမက အချို့သောနယ်မြို့လေးများတွင် စာပေဟောပြောပွဲများကျင်းပရာ အရပ်ဆီသို့ အနှီပုဂ္ဂိုလ်များရောက်လာကာ ဘယ်အချိန်ရောက်သည် ၊ ဘာကားစီးလာသည် ၊ ကားနံပတ်ကဘယ်သူ၊ယဉ်မောင်းကဘယ်သူ ၊ စာရေးဆရာက ဘယ်ဟိုတယ်မှာတည်းမည် ၊ ဘယ်စာရေးဆရာက ဘယ်ခေါင်းစဉ်ဖြင့်ဟောမည် ၊ ဘာအကြောင်းအရာတွေဟောမည် ၊ဘယ်အချိန်ပြန်မည် ၊ ဘယ်မြို့ကိုခရီးဆက်မည် စသည်ဖြင့် လာမေးတတ်ကြသည် ။ ကျွန်တော်ကတော့ ထိုသို့လာမေးသူတွေကိုတစ်ခွန်းပဲပြောသည် ။ ခင်ဗျားတို့သိချင်ရင် ညကျအစအဆုံးလာနားထောင် ။ အဲဒိကျ ကျွန်တော်တို့ တွေ ဘာ ဟောသလဲ ပြောသလဲဆိုတာ အားလုံးသိရမယ် ။ နားစွန်နာဖျားနဲ့တော့ အခုလာမေးပြီးမှတ်မနေနဲ့ ဟူ၍ဖြစ်သည် ။ စင်ပေါ်မှာလည်းကျွန်တော်ပြောသည်

“ ခင်ဗျားတို့မှာ ဒိပြင်အလုပ်မရှိဘူးလား ၊  စာရေးဆရာတွေ ဘယ်သွားတယ်၊ဘာလုပ်တယ် ၊ ဘာပြောတယ်ဆိုတာ နိုင်ငံတော်အတွက်အဲဒိလောက်အရေးကြီးနေလား ။ စာရေးဆရာတွေဟာ စင်ပေါ်မှာတရားဝင်ဟောပြောနေတာပါ ။ ပွဲပြီးရင် VCD အခွေလဲထွက်ဦးမှာ ။ နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်းတွေ လဲပြောမှာ မဟုတ်ဘူး ။ ကောင်းဖို့ကိုပဲပြောမှာ ။ အဲဒိတော့ ကျွန်တော်တို့ကို လာပြီးစုံစမ်းထောက်လှမ်းနေမယ့်အစား ဒီဒေသတစ်ဝိုက်မှာရှိတဲ့ နှစ်လုံးထီ ၊ သုံးလုံးထီ ၊ ဘောလုံးလောင်းကစားဒိုင်တွေကို လိုက်စုံစမ်းပါလား ၊ မစုံစမ်းလဲခင်ဗျားတို့သိပြီးသားပဲ ၊ အဲဒါတွေသွားဖမ်းပါလား ၊ သစ်မှောင်ခိုတွေ လိုက်စုံစမ်းပြီးဖမ်းပါလား၊ WY ဆေးပြားရောင်းတဲ့သူတွေ ၊ ရောင်းခိုင်းတဲ့ဒိုင်တွေ သွားစုံစမ်းပါလား၊ တရားမ၀င်သစ်ခိုး ခုတ်နေတဲ့သူတွေ ၊ တရားမ၀င် သစ်စက်တွေ ၊ တရားမ၀င် ကေတီဗီတွေ ၊ မာဆတ်တွေ ၊ ဖာခန်းတွေ လိုက်ပြီးစုံစမ်းပါလား ။ လူသတ်တရားခံတွေ ၊ဆိုင်ကယ်ပျောက်မှုတွေ ၊ တရားခံပြေးတွေ လိုက်စုံစမ်းပါလား၊ ငါးလောင်းပြိုင်လူသတ်မှု၊ လေးလောင်းပြိုင်လူသတ်မှု ၊ သုံးလောင်းပြိုင်လူသတ်မှု တွေကိုစုံစမ်းပါလား၊ တရားခံရှာပါလား ၊ ဘာဖြစ်လို့ တိုင်းပြည်ကိုအန္တရာယ်မပြုတဲ့သူတွေကို ခရုခါးတောင်းကျိုက်ပြီး အပိုတွေ လုပ်ပြနေတာလဲ “ ဟုမေးဖူးပါသည် ။ ထိုအခါ ဟိုလိုလိုသည်လိုလိုဖြင့် အနှီ ပုဂ္ဂိုလ်များ ပျောက်ကွယ်သွားကြသည် ။ နိုင်ရာဖိထောင်းသည့်အနေဖြ့င် မြို့ခံများ၊ အိမ်ရှင်များကို ပဲ သွား၍ မဲတော့သည် ။ အခုလဲ လွှတ်တော်ကိုယ်စားလှယ်များ အခမ်းအနားများတက်ရောက်လေရာ ၊ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ ဆုံရာနေရာများတွင် စရဖ ဆိုသူများက လိုက်လံသတင်းယူသည်ဆိုခြင်းမှာ ပြည်သူလူထုကိုရော ၊ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များကိုရော စော်ကားရာရောက်သည် ၊ခြိမ်းချောက်ရာရောက်သည် ။ ထိုသို့လုပ်နေကြခြင်းကို ပြည်သူလူထု၏ ပုဂ္ဂလိကလွတ်လပ်မှုနှင့်လုံခြုံရေးဥပဒေအရ တရားရုံးသို့ဦးတိုက်လျှောက်ထားပြီး (မတရားတာကိုငုံ့မခံကြပဲ ) ဥပဒေကြောင်းအရ ရင်ဆိုင်ကြဖို့ကောင်းသည် ။ ထိုသို့ဆက်မလုပ်စေရန် လွှတ်တော်တွင်းမှ ဥပဒေတွေ ပြဌာန်းကြဖို့ကောင်းသည် ။ မြန်မာနိုင်ငံသည်ခေတ်အဆက်ဆက် မရောင်ရာဆီလူးခဲ့တာကြာချေပြီ ။

      ဗိုလ်ချုပ်ခင်ညွန့်လက်ထက်တွင် အမျိုးသားထောက်လှမ်းရေးဆိုသည်မှာ အခြားမဟုတ် သူတို့အဘများ၏အာဏာကိုခြိမ်းချောက်လာနိုင်သော နိုင်ငံရေးသမား များ၊ ကျောင်းသားများ၊ရဟန်းသံဃာများကို မသင်္ကာသောစိတ် ဖြင့် ဆတ်ဆတ်ထိမခံ လိုက်လုံစုံစမ်းထောက်လှမ်းကာ အရေးယူဖမ်းဆီး၊နှိပ်စက်  ၊ ထောင်သွင်းအကျဉ်းချ ၊ လက်ရဲဇက်ရဲ လူမဆန်စွာ နှိပ်ကွပ်သောနည်းစနစ်ဖြစ်သည် ။ နိုင်ငံတော်ကြီးတွင်အတူနေထိုင်ကြသော နိုင်ငံသားအချင်းချင်း စားမာန်ခုတ်ကာ သင်္ကာမကင်းသော ခပ်ညံ့ညံ့စိတ်ဓာတ်ဖြစ်သည် ။ ထို့နောက် ပြည်သူကိုအခြေမခံသော သန္စေမမှန်သည့်ထောက်လှမ်းရေးတို့လည်း ကာလ၀ိပါက် နောက်ပိုးတက်ကာ  တစ်ဖွဲ့လုံး ပြိုကွဲပျက်စီးခဲ့ပါသည် ။ ထိုအဖြစ်အပျက်များကို နောက်တက်လာသော စရဖအဖွဲ့သည် သင်ခန်းစာယူသင့်သည် ။ ရဲတပ်ဖွဲ့မှအထူးသတင်းတပ်ဖွဲ့ စသည်များသည် အတိတ်ကဖြစ်ရပ်ကို နမူနာယူသင့်သည် ။ ဒုစရိုက်သမားများ ၊နိုင်ငံတော်အတွက် အန္တရာယ်ပေးနိုင်သူများ ကိုဖော်ထုတ်ရမည့်အစား အကာအကွယ်ပေး၍ ဖူးဖူးမှုတ်ထား၇မည့် တိုင်းပြည်၏အဆီအနှစ်များဖြစ်သည့် ပြည်သူု့ကိုယ်စားလှယ် လွှတ်တော်အမတ်များ၊ အနုပညာရှင်များကို လိုက်လံထောက်လှမ်းစုံစမ်းနေခြင်းသည်  “ခါးတောင်းကျိုက်တစ်ခြား၊ဖင်တစ်ခြား”ဆိုသော  စကားပုံလို လုပ်သင့်တာကို မလုပ်ပဲ ၊မလုပ်သင့်တာကိုလုပ်နေကြခြင်းဖြစ်ပါပေ၏ ။ နိုင်ငံတော်၏ငွေလဲကုန် ၊ သိက္ခာလဲကျ ၊ ပြည်သူလူထုကလည်းငြိုငြင်သော အလုပ်များကို ရပ်ဆိုင်းသင့်ပါသည် ။ ဒီမိုကရေစီလိုလားသူများအပေါ် မသင်္ကာသောစိတ် ၊ မလိုလားပဲရန်သူသဖွယ်ထင်မှတ်နေသောစိတ်သည် ယခင်စစ်အစိုးရလက်ထက်က စိတ်ထားမျိုးဖြစ်ပါသည် ။ ယခုအခါတွင် စစ်အစိုးရဟူ၍လည်းမရှိတော့ နိုင်ငံတော်သစ်ကို အစိုးရအသစ်ဖြင့် တည်ဆောက်နေပြီဖြစ်၍ ယခင်ကလွဲမှားခဲ့သော (ပြည်သူလူထုကို ပြန်၍မသင်္ကာဖြစ်နေတတ်သော )စိတ်ဓာတ်များ နိဂုံးချုပ်ဖို့တော်ပေပြီ ။ အဘများသိချင်၍ အောက်ကတင်ပြပေးနေရခြင်း ၊ အောက်ကတင်ပြပေးရန် အဘများမှခိုင်းစေခြင်းတို့ သည်လည်းရပ်တန့်ဖို့လိုမည်ဖြစ်သည် ။

                အစိုးရတစ်ရပ်ပဲဖြစ်ဖြစ် ၊ စစ်တပ်ပဲဖြစ်ဖြစ် ၊ ရဲတပ်ဖွဲ့ပဲဖြစ်ဖြစ် ၊ ထောက်လှမ်းရေးပဲဖြစ်ဖြစ် ပြည်သူလူထုကရွေးချယ်တင်မြှောက်သော အစိုးရကိုပဲ သစ္စာခံကာလုပ်ကျွေးပြုစုရမည်ဖြစ်သည် ။ ပြည်သူ့ကိုယ်စားလှယ်များကိုပြန်လည်ထောက်လှမ်းခြင်း၊ ပြည်သူု့ဘက်တော်သားဟူသမျှကို စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူလူထုကို ကာပြန်ခြင်းတို့သည် အိမ်ကြီးထဲတွင်အိမ်ငယ်ဆောက်ခြင်း(၀ါ)ရွာလွန်ရွက်တိုက်ခြင်းဖြစ်သည် ။ အတိုက်အခံပါတီကြီးတစ်ရပ်က ပါတီအချင်းချင်းလိုက်လံစုံစမ်းထောက်လှမ်းသောအဖြစ်များမှာ လူကြား၍ကောင်းသေး၏ ။ NLD အမတ်များကကြံ့ခိုင်ရေးအမတ်များကို ၊ ကြံ့ခိုင်ရေးအမတ်များက NLD အမတ်များကို ဘာတွေပြောသလဲ ဘာတွေလုပ်သလဲဟုစုံစမ်းထောက်လှမ်းကြခြင်းမှာ (နိုင်ငံရေးအရသာဖြစ်ပြီးအကြမ်းမဖက်ပါလျှင်) လက်ခံနိုင်ဖွယ်လုပ်ရပ်ဖြစ်ပါသည် ။ အမျိုးသားရေးအင်အားစုကြီးတစ်ခု၏လက်နက်ကိုင်အဖွဲ့အစည်း က ထိုသို့လုပ်ခဲ့လျှင် ၊လုပ်နေလျှင်တော့ လမ်းကြောင်းလွဲနေပြီဟုသာပြောချင်ပါသည် ။ မည်သူ့ကိုသစ္စာခံမည်နည်းဟူသော ပြသနာမှာအကြီးအကျယ်လွဲမှားနေပြီဟုဆိုချင်သည် ။ နိုင်ငံတစ်နိုင်ငံတွင် လွှတ်တော်သည်လည်းကောင်း၊ အစိုးရသည်လည်းကောင်း၊ တရားသူကြီးများသည်လည်းကောင်း ၊ တပ်မတော်သည်လည်းကောင်း(အစိုးရဟူရာ၌ တပ်မတော်ပါပြီးသားဖြစ်သည် ။ နိုင်ငံတကာမှာတော့ သပ်သပ်စီပြောကြလေ့မရှိ။ စကားချပ်) မဏ္ဍိုင်သုံးရပ်စလုံးနှင့် လက်နက်ကိုင်အဖွဲ့အသီးသီးသည် ပြည်သူလူထုကိုသာ သစ္စာခံရမည်ဖြစ်သည်  ။

 ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပြည်သူလူထု နေရာတွင်ထား၍  “ပြည်သူသာအမိ ၊ပြည်သူသာအဖ” ဟူ၍ ရိုသေလေးစား တန်းဖိုးထားကာ စောင့်ရှောက်ကာကွယ်ရမည်ဖြစ်သည် ။ထိုမှသာ လူကိုလူလိုမြင်သော အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်ပေါ်လာပေမည် ။ ထို လူကိုလူလိုမြင်သောအုပ်ချုပ်ရေး စနစ်တစ်ခုပေါ်လာမှသာ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဟူသော စစ်အစိုးရလက်ထက်ကတည်းက ကြွေးကြော်ခဲ့သော ဆီသယ်မလက်သုပ်ဖတ်လိုဖြစ်နေသော ဆောင်ပုဒ်ကြီး အသက်ဝင် ဖြစ်ထွန်းလာလိမ့်မည် ။ ကိုယ့်နိုင်ငံသာအးချင်းချင်း မသင်္ကာဖြစ်ကာ လိုက်လံစုံစမ်းထောက်လှမ်းနေသမျှကာလပတ်လုံး ထိုနိုင်ငံသည် ဘယ်တော့မှမကြီးပွားမတိုးတက်နိုင် ။

    ဥပဒေချိုးဖောက်မှုတစ်စုံတစ်ရာကြောင့် အတိုင်အတောခံရသူမှတစ်ပါး ဘယ် အမေရိကန် CIA ထောက်လှမ်းရေးမှ ကိုယ့် ဆီးနိတ်အမတ်များ၊ ကွန်ဂရက်စ် အမတ်များနောက်သို့တကောက်ကောက်လိုက်ကာ စုံစမ်းထောက်လှမ်းသတင်းရယူမနေပါ ။ ဘယ်ဗြိတိသျှထောက်လှမ်းရေး MI 6 မှ ပါလီမန်အမတ်များ မဲဆန္ဒရှင်များနှင့်တွေ့ ဆုံရာတွင် တကောက်ကောက်လိုက်ကာ စောင့်ကြည့်မနေပါ။ဘယ်ရုရှား KGB မှ ၊ ဘယ်အစ္စရေးထောက်လှမ်းရေး မော့ဆက်မှ မိမိအစိုးရ မိမိလွှတ်တော်ကိုယ်စားလှယ်များကို မသင်္ကာ ဖြစ်မနေကြပါ ။ နောက်ကလိုက်၍ ဘာလုပ်သည်ကို လိုက်မှတ်မနေကြပါ ။ထိုအစား ထောက်လှမ်းများ၏တာဝန်သည် ဆီးနိတ်အမတ်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ ၀န်ကြီးချုပ်များ၊သမ္မတများ ဘေးကင်းလုံခြုံရေးအတွက် လူဆိုးများကိုထောက်လှမ်းပါသည် ၊ လူဆိုးမြေအောက်လောကကို သတင်းထောက်လှမ်းပါသည် ။ အကြမ်းဖက်မှု လုပ်ကြံမှု များရန်မှ စုံစမ်းထုတ်ဖော်ကာကွယ်ပေးရပါသည် ။ လူထုတွေ့ ဆုံပွဲများ၊မဲဆွယ်စည်းရုံးရေးခရီးစဉ်များ၊ နိုင်ငံရေးဟောပြောပွဲများတွင် နိုင်ငံရေးသမားများ ဘေးကင်းလုံခြုံစေရန် ကန့်လန့်ကာနောက်ကွယ်မှ အိပ်သွန်ဖာမှောက် စီစဉ်ဆောင်ရွက်ပေးကြရပါသည် ။

ယခုသော်ကားမြန်မာနိုင်ငံတွင်ခေတ်အဆက်ဆက်ပြောင်းပြန်ဖြစ်နေပါသည် ။ ကိုလိုနီခေတ်ကတည်းကရှိခဲ့သော “သခင်ပေါက်စထောင်ခြောက်လ”  တို့ “အမေကမွေးထောင်ကကျွေး “တို့ ဆိုသည့်စကားပုံများလိုပင် နိုင်ငံရေးနှင့်ပတ်သက်မိသည်နှင့်  အပြစ်ပေးထောင်ချလိုသူများ၏ ဒုက္ခပေးခြင်းခံရမည်ဟူသော အယူအဆဟောင်းတစ်ခုမှယနေ့ထက်တိုင် မလွတ်မြောက်နိုင်သေးတာတွေ့ ရပေ၏ ။ နောင်လာလတံ့သောအနာဂတ်တွင်တော့ မိမိနိုင်ငံသားလူကြီးလူကောင်းများနောက်သို့ တကောက်ကောက်လိုက်လံစုံစမ်းနေမည့် အာဏာပိုင် လုံခြုံရေးအဖွဲ့များ ထက် လူဆိုးလူမိုက် ၊ဒုစရိုက်သမားများ၊နိုင်ငံတော်၏ရန်သူများ ၏နောက်သို့သာတကောက်ကောက်လိုက်ပြီး စုံစမ်းထောက်လှမ်းချေမှုန်းနေသည့်ပြည်သူ့ဝန်ထမ်းနိုင်ငံ့သားကောင်းများကိုသာတွေ့ ရလိမ့်မည်ဟု ယူဆမိပါသတည်း။

သရ၀ဏ်(ပြည်)