Tuesday, November 5, 2013

Hepatitis Q and A အသဲရောင်ခြင်း အမေး-အဖြေ


Tue, Aug 27, 2013 at 10:21 AM
အမေးများ -
(၁) Hepatitis ရောဂါတွေဟာ ဘယ်အကြောင်းတွေကြောင့် ဖြစ်တာပါလဲ။
(၂) ဘယ်လိုကာကွယ်သင့်ပါသလဲ။
(၃) ကာကွယ်ဆေးကို ဘယ်နှစ်ကြိမ်လောက်ထိုးမှ စိတ်ချရပါသလဲ။
(၄) မြန်မာနိုင်ငံမှာ Hepatitis A, B, C မှာ ဘယ်အမျိုးအစားက ဖြစ်တာများနေပါသလဲဆရာ။
(၅) သေဆုံးမှုအများဆုံးက ဘယ်အမျိုးအစားပါလဲဆရာ။
(၆) မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှုန်း သေဆုံးနှုန်း ဘယ်လောက်ရှိပါသလဲ။
အဖြေများ -
1. အသဲရောင်ရောဂါတွေဖြစ်ကြတဲ့ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး အားလုံးက ကူးစက်ရောဂါတွေဖြစ်ကြတယ်။ ဗိုင်းရပ်စ်
အများမျိုးကြောင့် ဖြစ်ရတယ်။
2. ကူးစက်နည်းတွေအလိုက် ကာကွယရမယ်။ ကာကွယ်ဆေးရှိတဲ့ အမျိုးအစားတွေဆိုရင် ကာကွယ်ဆေးထိုးထားနိုင်တယ်။ (စီ) ပိုးမှာ ကာကွယ်ဆေး မပေါ်သေးဘူး။ (အေ) က အများဆုံးဖြစ်ပြီး ပါးစပ်ကနေဝင်တဲ့ အစားအသောက်နဲ့ ရေကို သတိထားရတယ်။ (အေ) အတွက် ကာကွယ်ဆေးက လူဆိုင်းထိုးဘို့မလိုဘူး။
3. ကာကွယ်ဆေးထဲမှာ အဓိက (ဘီ) အတွက်သာ သတိထားပြီး ဆေးပါတ်လည်အောာင်ထိုးဘို့ သတိထားရမယ်။ ရောဂါကလဲဆိုးလို့ဖြစ်တယ်။ ဆေးထိုးနည်း စာတပုဒ်ရေးထားပါတယ်။ မိခင်မှာ (ဘီ) ပိုးရှိနေရင် မေးလာမဲ့ကလေးကို ပုံမှန် (ဘီ) ကာကွယ်ဆေးအပြင် နောက်တမျိုးကိုပါ မွေးပြီး ၁၂ နာရီအတွင်း ထိုးရမယ်။ တကြိမ်တည်းဖြစ်တယ်။ အလားတူ ဆရာဝန်၊ ဆရာမ၊ ဓါတ်ခွဲခန်းမှာလုပ်သူတွေ (ဘီ) ပိုးပါတဲ့သွေးဝင်မိတယ်ဆိုရင် အဲဒီ ဆေးမျိုး ချက်ချင်း ထိုးရတယ်။ ဆေးအဆက များတယ်။ ဈေးအလွန်ကြီးတယ်။ (အေ) ကာကွယ်ဆေးကို တချို့နိုင်ငံတွေမှာသာ အကန့်အသတ်နဲ့ ထိုးကြတယ်။ (စီ) ကာကွယ်ဆေး မပေါ်သေးပါ။
4. (အေ) က အများဆုံးဖြစ်တယ်။
5. ကုသရခက်တဲ့ (ဘီ) နဲ့ (စီ) ကြောင့် ဆက်ဖြစ်ရတဲ့ အသဲအလုပ်မလုပ်နိုင်တဲ့အခါမှာသာ သေနိုင်တယ်။ အသဲ အလုပ် မလုပ်နိုင်တာအပြင် ဆက်ဖြစ်လာနိုင်တဲ့ အသဲခြောက်တာနဲ့ အသဲကင်ဆာကြောင့် သေကြရတာက များတယ်။ (ဘီ) ရော (စီ) က သိပ်မကွာလှဘူး။ အသဲရောင် သပ်သပ်ကြောင့်တော့ မသေဘူး။
6. မြန်မာပြည်က ကိန်းဂဏန်းကို ဆရာမသိပါ။ မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာဆိုတဲ့ သတင်းကို ၇-၁၂-၂ဝ၁၂ နေ့က ဖတ်ရပါတယ်။

Hepatitis အသဲရောင်ခြင်း အမျိုးမျိုး

အရက်နဲ့ ဆေးတွေကြောင့် ဖြစ်နိုင်ပေမဲ့ အများဆုံးက (ဗိုင်းရပ်စ်) ပိုးတွေကြောင့် အသဲရောင်ရောဂါ ဖြစ်ရတယ်။ အဖြစ်အများဆုံးက (အေ) ပိုးကြောင့်ဖြစ်တယ်။ အရင်က အသဲရောင်တယ်ဆိုရင် ဒီတခုထဲရှိတယ် ထင်မှတ်ခဲ့ကြတယ်။ ပိုဆိုးတဲ့ (ဘီ) နဲ့ (စီ) တွေ ထပ်တိုးသိလာတယ်။ (ဒီ) နဲ့ (အီး) ကို သိပ်မပြောကြသေးပါ။

• Hepatitis Symptoms အသဲရောင်ရောဂါ လက္ခဏာတွေ
တချို့မှာ ပိုးဝင်တာခံနေရပေမဲ့ ကနဦးအဆင့်မှာ ဘာမှ မဖြစ်သလို နေနိုင်တယ်။ ခံစားရရင် (အေ-ဘီ-စီ) ကြောင့် ဖြစ်တာတိုင်း အားယုတ်၊ ပျို့ချင်၊ အန်ချင်၊ မစားချင်၊ ဗိုက်အောင့်၊ အသား-ဆီးဝါတာတွေ ခံကြရမယ်။ (ဘီ) နဲ့ (စီ) အဝင် ခံနေရသူတွေ နာတာရှည်အဆင့် ရောက်လာပေမဲ့ နှစ်နဲ့ချည်ပြီး လူကောင်းလိုလို နေနိုင်တယ်။ ဖြစ်ပြီဆိုရင်တော့ အသဲက သိပ်မကောင်းတော့ဘူးလို့ ပြောနိုင်တယ်။

• Hepatitis A အသဲရောင် (အေ)
အလွန်ကူးစက်မြန်တယ်။ သာမန်ကာရှန်ကာပါဘဲ။ တချို့ဖြစ်နေတာတောင် မသိကြဘူး။ အလိုလိုပိုးကလဲ ရှင်းသွာမယ်။ အစာနဲ့ ရေကနေကူးစက်တယ်။ "စအိုကနေထွက်ပြီး ပါးစပ်ကနေဝင်နည်း" နဲ့ ကူးစက်တဲ့ရောဂါတွေထဲက တခုဖြစ်တယ်။ သူ့ဖါသူ ပျောက်ပါမယ်။ ဆေးမလိုဘူးပြောရင် ရတယ်။ ရေ-အရည် များများသောက်ပါ။ အရည်ဆိုတာ အရက်မပါဘူး။ အနားယူပါ။

• Hepatitis B အသဲရောင် (ဘီ)
ဖြစ်စ သိပ်ဆိုးတာ မခံစားရဘူး။ မကြာခင် နေကောင်းသွားမယ်။ ကလေးတွေဖြစ်ရင် ဆိုးတယ်။ တနှစ်အောက်ကလေးတွေ ၉ဝ% မှာ တသက်လုံး ပိုးရှိနေလိမ့်မယ်။ ကြာရင်တော့ Liver damage အသဲထိခိုက်၊ Liver failure အသဲ အလုပ် မလုပ်နိုင်တာ နဲ့ Liver cancer အသဲ-ကင်ဆာဖြစ်လာနိုင်တယ်။ ပိုးရှိတဲ့ သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေ ကိုယ့်သွေးထဲ ဝင်တဲ့နည်းတွေနဲ့ ကူးစက်တယ်။ အမေရိကားမှာတော့ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုကနေ အတော်များများ ကူးစက်နေတယ်။ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓါး၊ သွားတိုက်တံ စတာတွေ အတူတွဲသုံးတာကနေလဲ ကူးနိုင်တယ်။ မအေကနေ မွေးလာတဲ့ ကလေးကိုလဲ ကူးတယ်။ လိင်ဆက်ဆံဘက် အဖေါ်များသူတွေ၊ မူးယစ်ဆေး ထိုးသူတွေ၊ ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်းတွေမှာ အလုပ်လုပ်သူတွမှာ ပိုဖြစ်နိုင်တယ်။

• Chronic Hepatitis B နာတာရှည် အသဲရောင် (ဘီ)
ဆေးကုတာရဲ့ ရည်ရွယ်ချက်က ပိုးတွေကို ထိန်းထားဘို့၊ အသဲကို မထခိုက်စေဘို့ဖြစ်တယ်။ ဆေးစစ်တာ ပုံမှန် လုပ်နေရမယ်။ Antiviral medications ဗိုင်းရပ်စ် ဆေးကို တချို့အတွက်ပေးမယ်။ ဆရာဝန်က ဆုံးဖြတ်ပါမယ်။

• Hepatitis C အသဲရောင် (စီ)
ပိုးအဝင်ခံရသူထဲက ၂၅% ဖြစ်ကာစနောက်မှာ ပိုးကင်းသွားနိုင်တယ်။ ကျန်တဲ့သူတွေက ပိုးနဲ့နေကြမယ်။ နာတာရှည် Chronic hepatitis C ကြောင့် ဆိုးဝါးတဲ့ ဆက်တွဲဖြစ်မှာတွေရှိတယ်။ သက်သာစေမဲ့ ဆေးကုနည်းတွေ ရှိပါတယ်။ သွေးကနေ အများဆုံး ကူးစက်တယ်။ သွေးသွင်းတာ၊ ဆေးထိုးအပ် အတူသုံးတာ၊ ထိုးကွင်းမင်ကြောင်ထိုးတာ၊ လှချင်လို့ ကွင်းတပ်ဆင်တာ၊ သိပ်မများပေမဲ့ မအေကနေ ကလေးကူးတာတွေ ဖြစ်နိုင်တယ်။ လိင်ကနေကူးတာလဲ များတော့မများဘူး။ လိင်ဆက်ဆံဘက် များရင်၊ HIV ပိုးရှိနေရင် ဖြစ်ဘို့ ပိုများတယ်။

• Chronic Hepatitis C နာတာရှည် အသဲရောင် (စီ)
အများဆုံး သုံးတဲ့ဆေးက Antiviral medications ဗိုင်းရပ်စ်ဆေးတွေဖြစ်တဲ့ Interferon ထိုးဆေး နဲ့ Ribavirin စားဆေးကို ရောပေးတယ်။ လူနာတဝက်လောက်မှာ ပျောက်တာဖြစ်ဖြစ် ထိန်းထားနိုင်တာဖြစ်ဖြစ် ရတာတွေ့ရတယ်။ ဒါပေမဲ့ ဘေးထွက်-ဆိုးကျိုးတွေတော့ ခံရမယ်။ လူတိုင်းကိုလဲ ပေးမရဘူး။

• Hepatitis Diagnosis ဘယ်လိုလုပ် ရောဂါမှန်းသိမလဲ
Chronic hepatitis နာတာရှည် အသဲရောင်နေသူတွေ အများစုက ရောဂါက အထဲမှာ နှစ်တွေများစွာ တိတ်တိတ်လေး ဒုက္ခပေးနေတယ်။ ရောဂါနာမည်ရှာ၊ အသေအခြာစောင့်ကြည်။ လိုအပ်ရင် ဆေးကုတာတွေ မလုပ်ရင် တနေ့မှာ ဆိုးဝါးတဲ့ အခြေအနေကို ရောက်လိမ့်မယ်။ ကံကောင်းတာက သွေးစစ်တာနဲ့ ဘာဆိုတာသိနိုင်တယ်။

• Complications နောက်ဆက်တွဲတွေ ဘာဖြစ်နိုင်သလဲ
- Cirrhosis အသဲခြောက်ရောဂါ အများဆုံးဖြစ်တယ်။ အသဲမှာ အမာရွတ်လို ဖြစ်တဲ့သဘောဘဲ။ Biopsy အသားစ ထုတ်ယူစစ်ဆေးနည်းနဲ့ သေခြာအောင်သိမယ်။ အသဲက အရင်လို သူလုပ်ရမဲ့ အလုပ်တွေ မလုပ်နိုင်ဖြစ်လာမယ်။ လုံးဝ မလုပ်နိုင်တော့တဲ့အဆင့် ရောက်လာနိုင်တယ်။ အားယုတ်၊ ပျို့၊ ပိန်၊ ရေဖျင်းစွဲ၊ ခြေထောက်ရောင်၊ အသား-ဆီးဝါတာတွေ ဖြစ်လာမယ်။ စိတ်ပါ မကြည်လင် ဖြစ်လာမယ်။
- Liver Cancer အသဲ-ကင်ဆာ ဖြစ်စေတဲ့အကြောင်းရင်းမှာ အသဲရောင်ခြင်းဟာ ထိပ်မှာနေတယ်။ နာတာရှည် အသဲရောင်သူတွေကို စောင့်ကြည့်နေရတာထဲမှာ ဒါလဲပါတယ်။ သွေးစစ်နေရင်း သိလာမယ်။ Ultrasounds, CT scans နဲ့ MRIs ကနေလဲ သိမယ်။ Biopsy နဲ့သေခြာစေမယ်။

• ဘာလုပ်ရမလဲ
- Hepatitis A သာဆိုရင် လက်ကိုသာ မကြာမကြာဆေးပါ။ B နဲ့ C ဆိုရင် လူအသုံးအဆောင် မှန်သမျှ သီးသန့်သုံးပါ။ အိမ်ရှိလူကုန် (ဘီ) ကာကွယ်ဆေးထိုးထားပါ။ အသဲအထူးကုဆရာဝန်ပြပါ။
- Monitoring Chronic Hepatitis နာတာရှည် အသဲရောင်တာကို စောင့်ကြည့်ခြင်း
နာတာရှည် အသဲရောင် (ဘီ) နဲ့ (စီ) အတွက် မလုပ်မဖြစ် လုပ်ရမယ်။ သွေးပုံမှန်စစ်နေရမယ်။ အသဲအခြေအနေကို သိချင်လို့ဖြစ်တယ်။ Ultrasounds နဲ့ CT scans တွေလဲလိုမယ်။ အသဲအခြေအနေ သင့်နေသမျှ နောက်ထပ်ဆေးကုဘို့ မလိုသေးဘူး။

- Liver Transplant အသဲအစားထိုးခြင်း
အသဲဆိုတာ ဇီဝဖြစ်စဉ်၊ အစာခြေစနစ်၊ အဆိပ်အတောက် ဖယ်ရှားရေးနဲ့ အရေးပါတဲ့ (ပရိုတင်း) တွေ လုပ်ပေးတာတွေ ဆောင်ရွက်ပေးတယ်။ လိုသလောက် မလုပ်နိုင်တော့ရင် မဖြစ်ဘူး။ အသဲအစားထိုးတာ လုပ်ရတော့မယ်။

• Hepatitis A and B Vaccines (အေ) နဲ့ (ဘီ) အတွက် ကာကွယ်ဆေး
အမေရိကားမှာ အသဲရောင်ပေါတဲ့ အရပ်ဒေသတွေ မသွားခင် ၁၂ လကနေ ၂၃ လအရွယ် ကလေးတွေကို (အေ) ကာကွယ်ဆေး ထိုးစေတယ်။ နာတာရှည် အသဲရောင် (ဘီ) နဲ့ (စီ) ရှိသူတွေလဲ ရောဂါမပြီးလောက်သေးဘူးဆိုရင် ထိုးထားသင့်တယ်။ (ဘီ) ကာကွယ်ဆေးကို မွေးကာစကနေ စထိုးရမယ်။ လူကြီးတွေလဲ ကူးနိုင်တဲ့အန္တရာယ်ရှိရင် ထိုးရမယ်။ (စီ) ကာကွယ်ဆေး မရှိသေးပါ။

• Protecting Your Liver အသဲကို ဘယ်လို ကာကွယ်မလဲ
နာတာရှည် အသဲရောင်နေသူတိုင်း အရက် မသောက်ပါနဲ့။ ဆေးသောက်တာလဲ ဆရာဝန်ညွှန်မှသာသောက်ပါ။ ပုံမှန် ဆေးစစ်နေပါ။

• STDs လိင်ဆက်ဆံခြင်းနဲ့ အသဲရောင်ရောဂါ
ယောက်ျားချင်း လိင်တူဆက်ဆံရင် ၁ဝ-၁၅ ဆ ပိုကူးစက်နိုင်တယ်။ အသဲရောင်ရောဂါတွေကို လိင်ကတဆင့် ကူးစက်နိုင်တာ ယောက်ျား-မိန်းမ အတူတူဘဲ။ အသဲရောင် (ဘီ) ဟာ HIV ထက် လိင်ကတဆင့် အဆ ၁ဝဝ ပိုကူးစက်နိုင်တယ်။ အသဲရောင် (အေ)၊ (ဘီ) ရော (စီ) ပါ လိင်ကတဆင့် ကူးစက်နိုင်ပေမဲ့ (စီ) ကအဖြစ် အတော်နည်းပါတယ်။

၂၁-၂-၂ဝ၁၂ နေ့ကသတင်းမှာ အသဲရောင် (စီ) ကြောင့်သေဆုံးရတာက HIV ကြောင့်သေရတာထက် များနေတယ်လို့ ပါတယ်။ ဒါက အမေရိကားမှာပါ။ ဒီရောဂါ ၂ မျိုးလုံးက ကူးပုံကူးနည်းတွေ တူကြတယ်။ သွေး-ဆေးထိုအပ်၊ မိခင်ကနေ ကလေး၊ လိင်ဆက်ဆံမှု (HIV က ပိုများတယ်) တွေကနေ ကူးစေတယ်။ ဆေးသစ် ၂ မျိုးပေါ်လာတယ်။ Protease inhibitors ခေါ်တယ်။ လက်ရှိသုံးနေတဲ့ Pegylated interferon နဲ့ Ribavirin တွေထက် ထိရောက်တာ တွေ့နေရတယ်။ ဒါပေမဲ့ Protease inhibitors အမျိုး ဆေးသစ် (Victrelis) က တပါတ်စာကို $1,100 ကုန်ကျတယ်။ ဆေးသစ် (Incivek) က တပါတ်စာ $4,100 ကျတယ်။ ကုန်ကျစရိတ်သာမကာ ဘေးထွက်-ဆိုးကျိုးတွေလဲ ကြည့်ရတယ်။ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၅-၃-၂ဝ၁၂

၂၈-၈-၂ဝ၁၃

Monday, November 4, 2013

အရှေ့ကိုလျှောက်ပါလို့.. အနောက်ကိုတဲ့.. မျှော်လိုက်ရင်



သူများယဉ်ကျေးမှု အတွန်းအတိုက် အဖိအဖေါ့တွေကြားမှာ ကိုယ့်ကိုယ်ကို အတော် လိုက်နိုင်မယ်။ လိုက်ရွှေ့နိုင်မယ်။  သူတို့ဆီက လေစိမ်းတွေလောက်တော့ အပျော့ ဆိုပြီး ထင်ခဲ့တာ။ ရုပ်သံလွှင့် အစီအစဉ်တခုက အမေနဲ့သမီး အတူတူ အင်တာဗျူးတာကိုကြည့်မိပြီး ကိုယ်ဖျားသွားတယ်။ ဆယ်ကျော်သက် လူငယ်တွေအတွက် သီးသီးသန့်သန့် ဖွင့်ပေးတဲ့ ဒီနေ့ခေတ် လူငယ်ဆေးခန်းတွေ အရေးပါတဲ့အကြောင်း ရုပ်သံဆွေးနွေးခန်း တခုမှာ အမေလုပ်သူနဲ့ သူ့သမီး ၁၈ နှစ်အရွယ်လောက် ဆွေးနွေးကြတာကို နားထောင်မိလို့...

"အမလေး …ခုမှ ကျမသမီးလေး အဆင်ပြေသွားတော့တယ်။ အရင်ဆို သမီးကိုယ်ဝန်... ကျမ လိုက်ဖျက်ဖျက်ပေးရတာ အရမ်း စိတ်ညစ်မှညစ်။ သမီးလေးလည်း ဒုက္ခ ခဏခဏရောက်လှတယ်…"

ဒါကို အမေကလည်း ရီရီမောမော ပေါ့ပေါ့ပါးပါး။ သမီးကလည်း အေးအေးဆေးဆေး။

ဒီလို တသီးတသန့်ဆေးခန်းတွေ ပေါ်လာတာ သိတ်ကောင်းကြောင်း၊ လူငယ်တွေ အတွက် အဆင်ပြေ အကျိုးရှိကြောင်း သမီးနဲ့ အတူတူ အင်တာဗျူးထိုင်တာ။ သူတို့အသံသူတို့ဟန်က ကိုယ့်အရိုးထဲက အခံတွေကို ဒက်ဒက်ထိ လှီးဖြတ်။ အဲဒီမှာ အရှေ့တိုင်းသား  လန်ကျသွားတယ်။ ကိုယ်အဆင်သင့် မဖြစ်သေးတာ အဲဒီမှာ အသိတခုရ။ ငါ့သွေးထဲ ဒီ အနေအထားလောက်အထိ လက်ခံနိုင်အား မရှိသေးပါလား။ဘွားကနဲ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိတယ်။

ပွင့်လင်းလိုက်ကြပါပေ့။ အမေကိုယ်တိုင် သမီးအတွက် ကိုယ်ဝန်လိုက်ဖျက်ပေးရတာ အကြိမ်ကြိမ်တဲ့။ ဒီဆေးခန်းတွေပေါ်လာမှ ဒုက္ခငြိမ်းရဆိုပါလား။ သမီးကလည်း သူတို့လို လူငယ်တွေ အချိန်မရွေး ၀င်နိုင်တဲ့ ဒီဆေးခန်းတွေကြောင့် သူ့မှာ ကိုယ်ဝန်ဖျက်စရာ မလိုတော့တဲ့ အကြောင်း။ အဆင်ပြေ အကျိုးရှိကြောင်း။

တသက်လုံး ကိုယ်သိထား လက်ခံထားတဲ့ မိန်းမ အိနြေ္ဒတို့ အပျိုစင် အယူအဆတို့။ အရှက်နဲ့ လူလုပ်တဲ့ကိစ္စ။ အမေနဲ့ သမီးကြား ဆက်ဆံရေး။ ကျားမ လိင်ဆက်ဆံမှု အကန့်အသတ်တွေ တန်ဖိုး ဖြတ်မှုတွေ။ တဖြတ်ထဲနဲ့ အကုန် ခုတ်ထစ် လှီးထုတ်လိုက်တာ။  စိန်ခေါ်ခံလိုက်ရတာ။

Youth Clinic ဆိုတာတွေကို ဒီနေ့ ဗြိတိန်နိုင်ငံ အနှံ့မှာ တွေ့နိုင်ပါတယ်။ လူငယ်တွေ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်အောင် တံခါးတွေ ဖွင့်ထားတယ်။ အသက် ၁၉ နှစ်အောက် လူငယ်တွေ။  တယောက်ထဲလား။ ဒါမှမဟုတ် စုံတွဲလား။ ဒါမှမဟုတ် မိဘ တယောက်ယောက်နဲ့လား။ ကြိုက်သလိုလား။ ၀န်ဆောင်မှုပေးတဲ့ အချိန်တွေ တိတိကျကျ သတ်မှတ်ပေးလို့။ တိုက်ရိုက် ၀င်ဆွေးနွေး တိုင်ပင်တာ၊ ကုသမှုခံယူတာတွေ လုပ်နိုင် ပါတယ်။

လိင်ဆက်ဆံရာကရတဲ့ ကလာမိုင်းဒီးယားလို အဖြစ်များ ကူးဆက်ရောဂါတွေကနေ ဂနို-ဆစ်ဖလစ်၊ လိင်အင်္ဂါစပ်ရေယုန်၊ လိင်အင်္ဂါမှာ ပေါက်တဲ့ ကြွက်နို့တွေကနေ အိပ်ခ်ျအိုင်ဗီအထိ။ နောက် အသည်းရောင်အသားဝါ၊ ဘီပိုး ကာကွယ်ဆေး ထိုးမလား ။ သန္ဓေတားနည်းတွေက မျိုးစုံ။ ကွန်ဒုံတွေ အလကား။ တခါ ပုံမှန်စားဆေး၊ ထိုးဆေးတွေမလို။ 

တက္ကသိုလ်-ကောလိပ် ကျောင်းသူတွေကြား  ၃ နှစ်ခံဆိုပြီး ခေတ်စားတဲ့ Contraceptive Implant ။ အဲဒါက ကျွမ်းကျင်ဆရာဝန်၊ ဒါမှမဟုတ် ဆေးဝန်ထမ်းက လက်မောင်း အရေပြားအောက်ထဲမှာ သွင်းပေးတာ။ ၄ စင်တီမီတာလောက် ရှိတဲ့ ကျု့လေး၊ ဆေးအပ်သွင်းတာလို့၊ မြန်မာမှု ပြုကြတယ်။ သူက ပရိုဂျက် စထုန်းဆိုတဲ့ မဟော်မုန်းတမျိုးကို ၃ နှစ်လောက် တတိတိ ထုတ်ပေးတယ်။ ရာသီတော့ လာမယ်။ ဒါပေမယ့် မမျိုး ဥမကြွေ။ ၉၉ ရာနှုန်း ကျော်အောင် စိတ်ချရသတဲ့။

အကာအကွယ် မယူပဲ လိင်ဆက်ဆံမိခဲ့လည်း ကိုယ်ဝန်မရအောင် ၂၄ နာရီ အတွင်း သောက်တဲ့ အရေးပေါ် ဆေးဆိုတာ ရှိသေးတယ်။ morning after pill ဆိုတဲ့ နံမည် ဆန်းဆန်းနဲ့ဆေး ရမယ်။

ကိုယ်ဝန် ရှိမရှိ စစ်ပေးတယ်။ မတော်တဆ ကိုယ်ဝန်ရသွားလည်း မပူနဲ့။ ကိုယ်ဝန် ဖျက်ပေးတယ်။ အင်္ဂလန်၊ ဝေလနယ်နဲ့ စကော့တလန်နယ်တွေမှာက ၂၄ ပတ်သား ကိုယ်ဝန်အထိ တရားဝင် ဖျက်ခွင့် ရှိတယ်။တချို့ ကတော့ ၁၆ ပတ် ၂၀ ပတ် အထိပဲ ဖျက်ခွင့်ပေးဘို့ ဥပဒေပြင်ဘို့ ကြိုးစားတယ်။ ခုထိတော့ မအောင်မြင်သေးဘူး။  ၂၄ ပတ်ထက်ပိုတဲ့ ကိုယ်ဝန်တောင် ခိုင်လုံတဲ့ အကြောင်းရှိရင် (ဥပမာ မိခင်က နှလုံးရောဂါနဲ့ ကလေးမွေးဘို့ မလွယ်တာ။ စိတ်ရောဂါ ရှိနေတာ။ အလိုမတူပဲ ကာမ ရယူလို့ ဖြစ်လာတဲ့ ကိုယ်ဝန်။ သန္ဓေသားက သိတ်အခြေအနေ ဆိုးတဲ့ ချို့ယွင်းချက်ဖြစ်နေတဲ့ ကိုယ်ဝန်၊ ဒါမျိုးတွေဆို) ကိုယ်ဝန် ဖျက်ခွင့်ပြုပါတယ်။ ဖျက်ဘို့တော့ ဆရာဝန်၂ ဦး ထောက်ခံချက် လိုတယ်။ ၂၄ ပတ်ကျော်မှ အကြောင်းမဲ့ ကိုယ်ဝန်ဖျက်မိရင်တော့ လူသတ်မှုပေါ့။ ထောင်ကြီးကြီး တကယ်ကျတယ်။

ရိုမန် ကက်သလစ် ဘာသာဝင်တွေများတဲ့ မြောက်အိုင်ယာလန် နယ်မှာတော့ ဘာသာရေး အရခွင့်မပြု။ ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေမရှိ။ ဒါကြောင့် တချို့ အင်္ဂလန်မှာ လာဖျက်ကြတယ်။

ကောလိပ်မှာ  ပညာရတဲ့ ကျွန်တော်
ဒီရောက်ခါစ ကိုယ် အလုပ်ပြီးချိန် Sheffield College မှာ ညနေအချိန်ပိုင်း ၃ နာရီလောက် ကိုယ်သင်ချင်တာလေးတွေ ၃ နှစ်လောက် သွားတက်ဖူးတယ်။ တညနေ ကျောင်းဆင်ဝင်ခန်းမထဲ ၀င်လိုက်တော့ ၂ ယောက်အိပ် ကုတင်ကြီး တလုံး သေချာပြင်ထားတာ သွားတွေ့တယ်။ ကျောင်းခန်းမ အ၀င်ဝမှာ ဘာများပါလိမ့်ပေါ့။ ကွန်ဒုံတွေလည်း အစီအရီ ချိတ်လို့။ စားပွဲတွေပေါ်မှာက လက်ကမ်းစာစောင်တွေ အထပ်လိုက်။ နဲနဲ စပ်စပ်စုစု လုပ်မှ ကျောင်းမှာ ဒီနေ့ ကောလိပ်ကျောင်းသူ ကျောင်းသားတွေ အတွက် အကာအကွယ်ယူ လိင်ဆက်ဆံခြင်း အကြောင်း ပညာပေးလှုံ့ဆော် ကင်ပိန်းလုပ်တာတဲ့။ လူငယ်တွေ သတိထားမိအောင် ပြတဲ့ ပါဖေါမင့် အခင်းအကျင်းမှာ ကျွန်တော် မျက်လုံးလည်းပြူးရ။ အသိတရားလည်းရ။ ပညာကို ဒီလိုပေးလို့ ရပါလား။

ရှုမြင်ပုံကွာ၊ ခံစားချက်ကွာ၊ ချဉ်းကပ်ပုံကွာ
ဒီမှာ သားသမီး ၁၆ နှစ်ပြည့်ရင် ညဘက် အပြင်ထွက်ခွင့် မိဘတွေက ပြုတယ်။ ဘွိင်းဖရင်း (Boy Friend)၊ (Girl Friend) ဂါးဖရင်း ဆိုတာ ဒီရောက်မှ ကိုယ်တွေက ကြားဖူး။ အဓိပ္ပါယ် အတိမ်အနက်ကို ဖြေးဖြေးချင်း ရှာဖွေနေရတာ။ သူတို့က အရွယ်ရောက်တာနဲ့ ရှိနေပြီ။ သူ့အဓိပ္ပါယ်က ရိုးရိုး သူငယ်ချင်းထက်တော့ ပိုတယ်။ အရွယ်ဝင်စမှာ အထူးသီးသန့် တွဲသွားတွဲလာ အဖေါ်။ 

အရွယ်ရောက်လို့ နှစ်ဦးသဘောတူရင် အတူတူ အိပ်လို့ရတယ်။  အသက်အတော်ကြီးတဲ့ အထိ တအိုးတအိမ် မဟုတ်ပေမယ့် အတူတူအိပ်။ အိမ်ထောင်ပြုဘို့ ရည်ရွယ်ချက်အထိ ထားချင်လည်းထား။ အဲဒီအထိ မရည်ရွယ်လည်း ကိစ္စမရှိ။ တယောက်ကို တယောက် ပြသနာ မလုပ်။ ကောင်မလေးကလည်း တသက်လုံးအတွက် အကဲခတ် နေတာဖြစ်နိုင်သလို အပျော်သဘောလည်း ဖြစ်နိုင်။ ကောင်လေးကလဲ အပျော်ကြံနိုင်။ အကဲစမ်းနိုင်။ တကယ် တသက်လုံးပေါင်းလို့ ရပြီလို့ (ထင်ကြရင်) အမျိုးသားက လက်ထပ်ခွင့် တောင်းမယ်။ လက်စွပ် ၀ယ်ပေးမယ်။ ကံကောင်းရင် အမျိုးသမီးက ခေါင်းငြိမ့်မယ်။ ဒါမှမဟုတ် ဒီလိုပဲနေချင်တယ်လို့ အမျိုးသမီးက ဆိုရင် ဆက်ကြိုးစားပေါ့။ တယောက်နဲ့ တယောက်ကြားမှာ ကျောရရုံကြံတယ်လို့ စွပ်စွဲတာမရှိ။ သာတာနာတာ မရှိ။ နစ်နာတာ မရှိ။ ပန်းကောင်းအညွန့်ကျိုး မရှိ။ ပန်းဦးပန်သူ မရှိ။ ညည်းငွေ့ရင် လမ်းခွဲ။

တချို့ ကောင်မလေးက ယောကျာ်းလေးဖေါ် တယောက်ထက်မကထားလို့ ဆိုပြီး ကောင်လေးကသူ့ ပြိုင်ဖက်တွေကို သွားရန်မရှာ။ လွတ်လပ်စွာပြိုင်။ ကောင်မလေးကို မျက်နှာများတယ်မပြော။ အထင်သေးတာတွေ မလုပ်။ အထင်တောင်ကြီးနေသေးတယ်။ ကိုယ်က ပြိုင်ဖက်ထက်သာအောင် ကြိုးစားပေါ့။ တခါကောင်လေးဖက်လည်း မိန်းခလေးဖေါ် တယောက်မက ထားလို့ ဆိုပြီး ကောင်မလေးကလည်း တော်ရုံ အသဲမကွဲ။ သူ့လမ်းမဆုံး။ သူ့အရပ် သူ့ဇာတ်။ ဟုတ်တော့ဟုတ်တယ်။

ဥရောပ အပျိုစင်
အရွယ်ရောက်တာနဲ့ လူငယ်တွေဟာ (Boy Friend)၊ (Girl Friend) ထားရင်း လိင်ကိစ္စ အတွေ့အကြုံ ရကြတာများတယ်။ ကျွန်တော့် အလုပ်ထဲမှာ ဥရောပ သူတွေ အတော်များများ အိမ်ထောင်ပြုတာ မဟုတ်ပဲ အိပ်ဖေါ် သူငယ်ချင်းထားတာ တွေ့ရပြီး၊ ဒါကို အထူးအဆန်း လုပ်မနေဘို့ဆိုတဲ့ အသိ၊ မကြာခင် ကျွန်တော်ရခဲ့ပါတယ်။ တလောကတင် ကျွန်တော် မိတ်ဆွေလင်မယားက သူတို့ မြေးရပြီဖြစ်ကြောင်း ၀မ်းသာအားရ ကျွန်တော့် ကို ပြောတယ်။ သူတို့သမီးမှာ ဘွိုင်းဖရင်းရှိတယ်။  အဲဒါနဲ့ ကလေးရတာ။
မင်္ဂလာ မဆောင်ရသေးဘူး။ ဒါမျက်နှာ ပူစရာ မဟုတ်ဘူး။ ဒီမှာ မင်္ဂလာဆောင်တာ အိမ်ထောင်ပြုတာ တော်တော် ပိုက်ဆံထောဘို့လိုတယ်။ ပိုက်ဆံပြည့်စုံမှ မင်္ဂလာဆောင် အခမ်းအနား ကျင်းပနိုင်တာမို့ တခါတလေ ကလေး ၂ ယောက်လောက်ရမှ မင်္ဂလာဆောင်နိုင်ကြ မိတ်ဆွေတွေဖိတ် ဧည့်ခံကျွေးမွေးကြ။ တကယ် အိမ်ထောင်ပြုဖြစ် ကြတာလည်း မရှား။ ဒါအထူးအဆန်း တခုမဟုတ်။ တခါဆို နာမည်ကြီး ဆဲလ်လီဘရီတီ အမျိုးသမီး တယောက် သားအိမ်ကင်ဆာနဲ့ ဆုံးကာနီးမှ လက်ထပ်ပွဲကျင်းပတာ။ တနိုင်ငံလုံးက ၀ိုင်းသနားကြေကွဲလို့။  ခုဆို ဗြိတိန်မှာ လက်မထပ်ပဲ အတူနေ အတွဲပေါင်း ပိုများလာနေပြီး စာရင်းအရ ၂.၉သန်း ရှိနေတယ်လို့ သိရပါတယ်။

တချိန်ထဲမှာ Single Parent ၂ သန်းရှိနေပါပြီ။ ဆိုလိုချင်တာ အိမ်ထောင်စုပေါင်း ၂ သန်းမှာ အမေ သို့မဟုတ် အဖေမရှိပဲ မိဘတယောက်ထဲနဲ့ ဒီကလေးတွေ ကြီးပြင်းနေကြတဲ့ သဘော။ ဗြိတိန် ကလေး ဦးရေရဲ့ ၄ ပုံ တပုံကျော် (၂၆ ရာခိုင်နှုန်း) ဟာ မိခင် သို့မဟုတ် ဖခင်မရှိပဲ ကြီးပြင်းနေကြတယ်လို့ စာရင်းတွေက ပြောတယ်။

အဲဒီ Single Parent ၂ သန်းမှာ ၉၅ ရာခိုင်နှုန်းက အမေတွေတဲ့။ အခြေခံကတော့ living together အတူတူနေရင်း ကလေးရ။ ဒါပေမယ့် အိမ်ထောင်မပြု။ နောက်ပိုင်းသဘော မတိုက်ဆိုင်တဲ့ အခါ ခွဲခွါကြ။ ဒါမှ မဟုတ် ယောကျာ်းတွေက ပစ်သွားတဲ့ အခါ Single Mother တွေ ဖြစ်လာပါရော။

ဒီက မိန်းမတွေက ပြတ်တယ်။ ယောကျာ်းအားမကိုးဘူး။ အစိုးရအားကိုးတာ။  ကလေးရှိပြီး ယောကျာ်းမရှိလို့ သိတ်မပူ။ ဒီ အနေအထားဆို အစိုးရကသေချာ ထောက်ပန့်တယ်။ အမေတယောက်ထဲ ကလေးကို ထိန်းသိမ်းပြုစု ပျိုးထောင်တဲ့ အခါ အလုပ်ထွက်လုပ်ဖို့ မဖြစ်နိုင်တဲ့ သဘာဝကို အစိုးရက ကောင်းကောင်းသိ၊ အလေးဂရု ထားတယ်။  ကလေး ၅ နှစ်သားလောက် အထိ အစိုးရက နေစားရိတ်၊ ကလေးစားရိတ်၊ မိခင် စားရိတ်တွေပေး၊ ထောက်ပန့်ထားလို့ ကလေးအမေတွေက စိတ်အေးလက်အေး ကလေးကို ပျိုးထောင်ချိန် ရပါတယ်။ ကလေး ၅ နှစ်ကျော် ကျောင်းပို့လို့ ရတဲ့ အရွယ်ရောက်မှ အမေတွေ အလုပ်ပြန်လုပ်ဖို့ အစိုးရက တိုက်တွန်းတတ်တယ်။ ဒါကိုယ့်ဆီက လိုက်လို့မမှီတဲ့ အစိုးရ လူမှုစောင့်ရှောက် လုပ်ငန်းစဉ် တခုပေါ့။
ဒီမှာက လူမှုပြသနာတွေကို  Gender equality နဲ့လည်း စဉ်းစားကြ၊ woman rights တွေနဲ့ ဆက်စပ်ချဉ်းကပ် ကြပါတယ်။ ကွင်းဆင်း သုတေသန ပြုချက်အရ လူငယ်တွေဟာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြားမှာ လိင်ဆက်ဆံမှု အတွေ့အကြုံ စတင်ရကြသတဲ့။ ရုပ်ဖြောင့်ဖြောင့် ပိုက်ဆံလည်းရှိ၊ နာမည်ကြီး ဆယ်လီဗရီတီ (Celebrity) တယောက်နဲ့ ကျမ အိပ်ဖူးပါတယ်လို့ သတင်းစာကနေ ထုတ်ကြွားတဲ့ အမျိုးသမီး ငယ်ငယ်ချောချောတွေ ဒီမှာတွေ့တော့ သူတို့ကိုယ် သူတို့ ယုံကြည်မှုကို ကျွန်တော် လက်ဖျားခါမိတယ်။

ကျား နဲ့ မ တယောက်ပြီး တယောက် ထည်လဲတွဲတာ။ (Partner)  ပါတနာ အနဲအများ ထားတာမှာတော့ ဗြိတိန်က ဥရောပနိုင်ငံတွေမှာ ဗိုလ်စွဲတယ်လို့ စာရင်းဇယားတွေက ပြောတယ်။ ဒါပေမယ့် အမေရိကားကို မမှီဘူးတဲ့။

လိင်ပညာပေးဘို့ လိုသလား
ကျွန်တော်တို့ တိုင်းပြည်မှာ လိင်ပညာပေးဖို့ လိုမလို စဉ်းစားတဲ့အခါ ကလေးမလေး တယောက်အကြောင်း ခေါင်းထဲ ပြန်ပေါ်ပေါ်လာတယ်။ ၁၉၉၈ တ၀ိုက်က ကျွန်တော် ဆေးခန်းတခုမှာ အလုပ်လုပ်နေတုန်း လူငယ် တစုံတွဲ ဆေးခန်းကို ရောက်လာပါတယ်။ ကလေးမလေးက အတော့်ကို ချောမောလှပပြီး အသက်က ၁၈ နှစ်တောင် မပြည့်သေးဘူး။ ဒါပေမယ့် သူ့ရောဂါ အခြေအနေက သိတ်ဆိုးတယ်။ အဖျားတွေ အကြီးအကျယ် တက်ပြီးမှ ရောက်လာတာ။ အဖျားကြီးမှာပေါ့။ ပုသိမ်အောက်ဖက်က တောနယ်တခုသွား၊ ကလေးဖျက်ချတာ သားအိမ်ကို ထိခိုက်ပြီး အဲဒီဒဏ်နဲ့ သားအိမ်ပုတ်နေတဲ့ အဆင့်၊ ဒီ သားအိမ်ကို ဖြတ်မထုတ်ပဲ သူ အသက်မရှင်ဘူး။ ခွဲစိတ် ဆရာဝန်နဲ့ မီးယပ်သားဖွား ဆရာဝန်တွေက သူ့အသက်ကို မနည်းကယ်ကြရတယ်။ ကလေးမလေး အသက်ရှင်သွားပေမယ့် သူ့မှာ သားအိမ်မရှိတော့ဘူး။ သူ့ဒီတသက် ကလေးမရနိုင်တော့ဘူး။အသက်ငယ်ငယ်လေးမှာ ဖြစ်တာဆိုတော့ အဲဒီအချက်က သူ့ဘ၀မှာ အကြီးအကျယ် ထိခိုက်နိုင်တယ်။ အတော် စိတ်ထိခိုက်စရာ ကောင်းတယ်။

အဲဒီအချိန် လှိုင်သာယာမှာ တာဝန်ကျနေတဲ့ တာဝန်ခံ ဆရာဝန်က ကျွန်တော်နဲ့ ကျောင်းနေဖက်။ သူ့ကို ကြုံလို့ မေးကြည့်တဲ့ အခါ မြို့နယ်ဆေးရုံကို ကလေးပျက်ကျလို့ ဆိုပြီး ဆေးရုံတက်လာတဲ့ လူနာ ဦးရေက လစဉ် ၂၅၀ လောက်ရှိနေသတဲ့။ သူ့အထင် ဆေးရုံကို မရောက်လာပဲ အပြင်မှာ တရားမ၀င် အရပ်လက်သယ်တွေနဲ့ ကလေးဖျက်ချနေတာ (ဒီ့ထက် ၅ ဆ မက) အဆမတန် များမယ်လို့ သူခန့်မှန်းတယ်တဲ့။

ကျွန်တော် သိသလောက် အစိုးရ ကျန်းမာရေး ဌါနက တောလက်သယ် အရပ်လက်သယ်တွေကို နယ်တကာအနှံ့ စနစ်တကျ စည်းရုံး၊ ၀မ်းဆွဲ ဆရာမ သင်တန်းတက်ခိုင်းတဲ့ ကိစ္စ လုပ်နေတာကြာပြီ။ သိတ်ကောင်းတဲ့ အစီအစဉ် တခုပါ။ ပိုစနစ်ကျ လာမယ်။ မိခင်ကလေး အသေအပျောက်လျော့ပါးမှာ အမှန်ပါ။

ခုလို ဒီဂျစ်တယ် နည်းပညာ ခေတ်ထဲမှာ ကျွန်တော်တို့ ဆီက လူတွေ အရွယ်မရွေး လိင်ပညာပေးဘို့ လိုမလား။ လိုရင် ဘယ်အရွယ်ကစပြီး ဘယ်နေရာမှာ ဘယ်လိုနည်းနဲ့ ဘယ်လောက်အထိ ပေးသင့် သလဲဆိုတာ ဆွေးနွေးသင့်တယ် ထင်ပါတယ်။
ကျွန်တော် အယူအဆကတော့ ခုခေတ်မှာ လူငယ်တွေကို အသက်၊ အတန်း အပိုင်းအခြားအလိုက် ကျောင်းပညာရေးထဲ အခြေခံ ဆေးပညာပေး လိင်ပညာပေး သင်ခန်းစာတွေ သိသင့်သမျှ ဘာသာရပ်တခုမှာ တွဲဖက် သင်သင့်တယ်လို့ မြင်ပါတယ်။
ဥရောပက ကလေးတွေကတော့ မူလတန်းနဲ့ အလယ်တန်း လွန်မြောက်ပြီးတာနဲ့ ကျောင်းသူကော ကျောင်းသားပါ ကျားနဲ့မ ခန္ဓာဗေဒနဲ့ ဖွဲ့စည်းပုံနဲ့  ခြားနားချက်၊ အပျိုဖေါ်လူပျိုဖေါ် Puberty ကိစ္စက ဘယ်လို။ ကောင်လေးတွေ အသံသြလာ။ နုတ်ခမ်းမွှေး ရေးရေးထွက်လာ။ ကောင်မလေးတွေ ရင်သားများ စူလာ။ ရာသီသွေး စဆင်း စသဖြင့်။ ကျားဟော်မုန်း။ မဟော်မုန်းတွေကဘာ။ သန္ဓေ ဘယ်လိုဆောင်။ သန္ဓေဘယ်လိုတား။ ကိုယ်ဝန်ပျက်တာ ဘယ်လို။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံရေးက ဘယ်လို။ လိင်ဆက်ဆံရေးကလာတဲ့ ကူးစက်ရောဂါတွေ ဆိုတာက ဘာတွေလဲ၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်က ဘာ။ အကုန်သိကြပြီ။ ဒါတွေကို မသိသင့်တာ ဘာရှိသလဲ။ ဘာသာရေးအရ ထိခိုက်တာ ဘာရှိသလဲ။ ကျွန်တော်ကတော့ ဘာမှ မရှိဘူးထင်တယ်။

အိန္ဒိယ ကျားနဲ့ တရုပ်ကျား နှစ်ကောင်ကြားက ရိုးရာ အကိုင်ခံရတဲ့ မြန်မာ့ဓလေ့များ
ငယ်ငယ်တုန်းက သီချင်းတွေ စာပေတွေထဲ လင်ကိုဘုရား သားကို သခင်ဆိုတဲ့ အသုံးအနှုန်းတွေ၊ အိမ်ဦးနတ် အယူအဆတွေ တော်တော်များများ ဖတ်ခဲ့ရ ကြားရ။ ကိုယ်က ယောကျာ်းလေးဖြစ်နေတော့ သဘောကျ သလိုလို။ အိန္ဒိယ ရိုးရာမှာလည်း ယောကျာ်းကသာ ပိုတန်ဖိုးရှိ အရေးပါတယ်။ တရုတ်ကလည်း ယောကျာ်းလေးကမှ မျိုးဆက် မျိုးရိုးအမွေကို ထိမ်းတယ်။ ကျားအဓိက အယူရှိတဲ့ ဧရာမ တိုင်းပြည်ကြီး ၂ ခုကြားမှာ မြန်မာပြည်က အလိုလို ဖိုဝါဒ ပဓါနဖြစ်တာ မဆန်းပါဘူး။ မိန်းခလေးတွေက အလိုလိုအောက်ကြေး ရောက်သွားတယ်။

သမီးတကောင် နွားတထောင် ဆိုတဲ့စကား၊ ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြား ဖြစ်အောင်ထားရမယ်။ အဖေတွေ အဖိုးတွေက ဒီလိုစကားတွေနဲ့ ကြပ်မတ်တယ်။ အဖွားတွေ အဒေါ်တွေက လင်ယူ မမှားစေနဲ့နော်။

လင်ကုန်ရှုံးတော့ တသက်လုံး မှောက်တယ်။ စာချိုးပြီး ခြိမ်းခြောက် ကြပြန်ရော။  မြန်မာ မိန်းခလေး ရိုးရာမှာ အလိုလို နာမ်နှိမ်ခံရပြီးသား။ မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရ ဆိုတော့ ခြေလှမ်းတောင် ရဲရဲလှမ်းဖို့ခက် လွတ်လွတ်လပ်လပ်နေမိတောင် နှံ့တယ်လို့ မိန်းမချင်း မေးငေါ့ခံရ။

"အကြွေပန်းရဲ့သဘော.... အနမ်းမခံဝံ့ တော့ပြီလား.... ဟောင်းတယ်လို့ စိတ်အားင်.... လေထဲပျံဝဲ.. မွှေးစေတဲ့ ရနံ့ဆိုတာ.... စိတ်နဲ့ ပိုသက်ဆိုင်တယ်.. ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်.."  ဆိုတဲ့ -သိတ်လှတဲ့ အဖွဲ့နဲ့ နူးညံ့တဲ့ သီချင်းလေး။

ဒီသီချင်းလေးကို တကယ်ကြိုက်မိဖူးတယ်။ တချိန်က။ ငဲ့ညှာတတ်တဲ့ အရင်းခံစိတ် စေတနာကို ကြိုက်တာ။ ခုငှဲ့ကြည့်တော့ ငါဒီလိုတွေးတာ မှန်ရဲ့လား။  မိန်းခလေး တယောက်မှာ ပြင်ဆင်ခွင့် မရှိဘူးလား။ တခါမှားတာနဲ့ လူညွန့်တုံးသင့်သလား ဆိုတဲ့ အယူအဆ ၀င်လာတယ်။ ကောင်မလေးတယောက် လင်ပစ်သွားတာနဲ့၊ လင်မယားကွဲတာနဲ့၊ တသက် လူတောမတိုးတော့ ဘူးလား။ တဘ၀လုံး အောက်စည်းက နေရတော့မှာလား။ ဒီလို ပြန်တွေးဖြစ်လာတယ်။

ခွန်ဆိုင်း  ( ၂၆-၁၀-၂၀၁၃ )
ခွန်ဆိုင်း - အရှေ့ကိုလျှောက်ပါလို့.. အနောက်ကိုတဲ့.. မျှော်လိုက်ရင် (၁၀) - နောက်ဆက်တွဲ

Sunday, November 3, 2013

အလုပ်မရှိသူများ၊ ကျွမ်းကျင်လုပ်သားရှား


ကမ္ဘာပေါ်တွင် နောက်ဆုံးပေါ်ထွက်လာသော ဈေးကွက်သစ်ဟု တင်စားခံနေရသည့် မြန်မာ့ဈေးကွက်သို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးမှုမှာ အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် အခြေခံလုပ်သား လိုအပ်ချက်ဖြည့်ဆည်းရန် လွယ်ကူသော်လည်း ထိပ်ပိုင်းစီမံခန့်ခွဲမှုအရာရှိ ကျွမ်းကျင်ဝန်ထမ်းများကိုမူ လိုအပ်သလောက်ရရှိရန် ခက်ခဲနေသဖြင့် ပြည်ပရောက် မြန်မာများ၊ နိုင်ငံခြားသားများကိုပင် ရှာဖွေနေရပြီဖြစ်ကြောင်း ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်နေသည့် ကုမ္ပဏီများကပြောသည်။

ယင်းပြဿနာကိုဖြေရှင်းရန် ပြည်တွင်းပြည်ပကုမ္ပဏီအများစုက ၂၀၁၂ ကတည်းက စတင်ကာ အလုပ်အကိုင်ပြပွဲများကျင်းပပြီး ၀န်ထမ်းလိုအပ်သူနှင့် အလုပ်ရှာသူကြား ပေါင်းကူးရန်ကြိုးပမ်းလာခဲ့သည်။ ထို့အပြင် ၂၀၁၃ သြဂုတ်၌ စင်ကာပူတွင်ပင် အလုပ်အကိုင်ပြပွဲ သွားရောက်ကျင်းပ၍ ကျွမ်းကျင်လုပ်သားများရရှိရန် ကြိုးပမ်းနေကြသည်။

လက်ရှိပြည်တွင်းလုပ်သားဈေးကွက်တွင် လုပ်ငန်းခွင်အတွင်း အတွေ့အကြုံရှိသော ကျွမ်းကျင်ဝန်ထမ်းများရရှိရန်ထက် ဘွဲ့ရကျောင်းဆင်း အလုပ်သင်ဝန်ထမ်းနှင့် ရုံးစာရေးအဆင့်ရှိ အောက်ခြေ၀န်ထမ်းများကိုသာ ရှာဖွေရရှိမှုလွယ်ကူနေသည်။ ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်ကြောင့် ယခုနှစ်အတွင်းမှစ၍ အလုပ်သင်ဝန်ထမ်းတစ်ဦးအား လစာငွေအနိမ့်ဆုံး ကျပ်ခုနစ်သောင်းနှင့်အထက် ပေးလာသကဲ့သို့ ကျွမ်းကျင်ဝန်ထမ်းအဆင့်ရှိ မန်နေဂျာရာထူးအတွက် ကျပ်ငွေတစ်သိန်းခွဲဝန်းကျင်မှ ကျပ်သိန်း ၃၀ ကျော်အထိပေးကာ အလုပ်ခေါ်ဆိုမှုများရှိလာသည်ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ကျော်ရှိသည့်အနက် အမှန်တကယ် အလုပ်လုပ်နိုင်သည့်ဦးရေ ၃၂ သန်းခန့်ရှိပြီး အလုပ်လက်မဲ့နှုန်းထား ၁၀ သန်းနီးပါးရှိနေကာ ပြည်ပသို့ သွားရောက်လုပ်ကိုင်သော မြန်မာအလုပ်သမားဦးရေမှာ သုံးသန်းခန့်ရှိကြောင်း အစိုးရ၏ကိန်းဂဏန်းများကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ အလုပ်လုပ်နိုင်သောအရွယ်အုပ်စုတွင် အလုပ်လက်မဲ့ပြဿနာ ကြီးမားနေပြီး အထူးသဖြင့် ဘွဲ့ရလုပ်ငန်းအတွေ့အကြုံမရှိသူများ အလုပ်ရရန် ခက်ခဲနေချိန်မှာပင် အလုပ်ရှင်များ၊ နိုင်ငံတကာကုမ္ပဏီများအတွက် ကျွမ်းကျင်ဝန်ထမ်းရရှိရန် ခက်ခဲနေခြင်းဖြစ်သည်။

အလုပ်အကိုင်ရှာဖွေနေသော နုပျိုသည့်အင်အားစုမှာ ၂၁ ရာစုခေတ် လုပ်ငန်းခွင်ဝင်ရန် အခြေခံလိုအပ်ချက်ဖြစ်သော ကမ္ဘာသုံးအင်္ဂလိပ်ဘာသာစကားနှင့် ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးမပြုနိုင်ခြင်းကြောင့် အလုပ်အကိုင်ရရန် ခက်ခဲနေသည်။ ထို့အပြင် အလုပ်အကိုင်ရှာဖွေနေသော ဘွဲ့ရလူငယ်များတွင် သင်တန်းဆင်းလက်မှတ်များ အမြောက်အမြားရှိသော်လည်း လက်တွေ့တွင် တတ်ကျွမ်းခြင်းမှုမရှိခြင်းက အဓိကပြဿနာပင်။

“အဓိကကတော့ သူတို့ဘက်မှာ အားနည်းတာက ဘာသာစကားနဲ့ office ပိုင်းဆိုရင် ကွန်ပျူတာအသုံးပြုမှုပိုင်း အားနည်းတယ်။ အင်တာနက်ဖေ့စ်ဘွတ်ခ်မှာ စာရိုက်နိုင်သလောက်နဲ့မရဘူး။ ကျွမ်းကျင်ဖို့လိုတယ်”ဟု CDC အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ဦးလင်းကျော်ထွန်းကပြောသည်။

ထို့အပြင် ပြည်တွင်းအလုပ်ခေါ်ကြော်ငြာအများစုမှာ လုပ်ငန်းအတွေ့အကြုံ၊ အသက်အရွယ်၊ ပြင်ပသင်တန်းလက်မှတ်များကို မကြာခဏ တောင်းခံလေ့ရှိခြင်းကြောင့် အလုပ်အကိုင်ရှာဖွေသူ အများစုအတွက် အခက်အခဲတစ်ခုဖြစ်လာကြောင်း သိပ္ပံဘွဲ့ရအမျိုးသားတစ်ဦးကပြောသည်။

“ဒီနိုင်ငံက ဘွဲ့ရတွေကို ဘွဲ့လက်မှတ်ပေးမယ့်အစား လုပ်ငန်းအတွေ့အကြုံလက်မှတ်ပဲပြောင်းပေးရင် ပိုကောင်းမယ်”ဟု အသက် (၂၆)နှစ်အရွယ်ရှိ အလုပ်ရှာဖွေနေသူ အမျိုးသမီးတစ်ဦးက သူ၏အမြင်ကိုပြောသည်။

ထို့အပြင် ဆယ်စုနှစ်ငါးစုတိုင် ညံ့ဖျင်းလှသော ပညာရေးစနစ်အောက်တွင် ပညာသင်ယူခဲ့ရသူများမှာ လုပ်ငန်းခွင်ဝင်ရန် ကျောင်းသင်ပညာရေးက အသုံးပြုမရ၍ လုပ်ငန်းအတွေ့အကြုံနှင့် ပြင်ပသင်တန်းများမှ သင်ယူတတ်ကျွမ်းလာမှုများကို ဦးစားပေးနေရကြောင်း အလုပ်အကိုင်ရေးရာကျွမ်းကျင်သူများကပြောသည်။

“အလုပ်လာလျှောက်သူတွေရဲ့ အားနည်းချက်က သူတို့ဘာလုပ်ရမှန်းမသိဘူး။ ဘွဲ့ရမျိုးစုံပါတာပဲ။ သူတို့အများဆုံးရတဲ့အလုပ်က office staff ပိုင်းပဲ၊ ရုံးအောက်ခြေပိုင်းပဲရကြတာများတယ်”ဟု Device ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ အထွေထွေမန်နေဂျာ ဦးစိုးညွန့်ကပြောသည်။

ကုမ္ပဏီများမှ လုပ်သားရှာဖွေပါက မန်နေဂျာရာထူးအောက်ရှိ အခြေခံဝန်ထမ်းများ ရရန်လွယ်ကူသော်လည်း ကျွမ်းကျင်ဝန်ထမ်းရှာဖွေပါက အချိန်ကြန့်ကြာမှုများရှိခြင်းကြောင့် ပြည်ပရောက် ကျွမ်းကျင်မြန်မာအလုပ်သမားများကို ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာလုပ်ငန်းအတွေ့အကြုံရှိသော ကျွမ်းကျင်လုပ်သားအများစုရှိရာ စင်ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကျွမ်းကျင်လုပ်သားများအဖြစ်ခေါ်ယူရန် လုပ်ငန်းရှင်များက စိတ်ဝင်စားလာသည်။

ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများက ငွေကုန်ကြေးကျခံကာ ပထမဆုံး အလုပ်အကိုင်ပြပွဲကို စင်ကာပူနိုင်ငံတွင် ယခုနှစ်သြဂုတ်လက သွားရောက်ကျင်းပခဲ့သည်။ ထပ်မံ၍ နိုဝင်ဘာလတွင် ကျင်းပရန်လည်း စီစဉ်နေသည်။ ပထမအကြိမ်အဖြစ် စင်ကာပူတွင် အလုပ်အကိုင်ပြပွဲကျင်းပခဲ့ရာ အလုပ်လျှောက်သူဦးရေ နှစ်ထောင်ကျော်ရှိသည်။ သို့သော် အလုပ်ခန့်အပ်သည့် လုပ်သားစာရင်းကို အတိအကျထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြပွဲမှကုမ္ပဏီအချို့ ကျွမ်းကျင်ဝန်ထမ်းများရခဲ့သည်။

ဒုတိယအကြိမ် ကျင်းပပြုလုပ်မည့်ပြပွဲကို စင်ကာပူနိုင်ငံရှိ ပင်နီဆူလာပလာဇာတွင် နိုဝင်ဘာ၂ ရက်မှ ၃ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ယခင်ပထမအကြိမ် ပါဝင်ပြသခဲ့သည့် ကုမ္ပဏီအရေအတွက်ထက် နှစ်ဆတိုးလာသည်။ အင်ဂျင်နီယာအလုပ်အကိုင်နှင့်ပတ်သက်သော အလုပ်နေရာအတွက် ဦးစားပေးခေါ်ဆိုသွားရန် ရှိသည်ဟုလည်း သိရသည်။ ထိုအချက်က ကျွမ်းကျင်လုပ်သားရှားပါးမှု ပိုကြီးမားလာကြောင်း ထင်ရှားသောသာဓကဖြစ်သည်။

“အဓိကကတော့ အရည်အချင်းကောင်းကောင်းရဖို့၊ ပညာအရည်အချင်းကောင်းကောင်းရမယ့်သူ လိုချင်လို့ပါဝင်ခဲ့တာ”ဟု စင်ကာပူအလုပ်အကိုင်ပြပွဲတွင် ပါ င်ပြသမည့် Mega Lifesciences ကုမ္ပဏီမှ HR မန်နေဂျာ ဦးထွန်းစည်သူကပြောသည်။

သြဂုတ်လက ကျင်းပခဲ့သော စင်ကာပူပြပွဲတွင် စင်ကာပူရောက် မြန်မာအလုပ်သမားအများစုက ၎င်းတို့သည် ပြည်တွင်းကုမ္ပဏီများထံ လုပ်ကိုင်မည်ဆိုပါက ၎င်းတို့ကို စင်ကာပူနိုင်ငံတွင်ရရှိသည့် လစာနှုန်းထားနီးပါးပေးရန် တောင်းခံမှုများရှိခြင်းကြောင့် ကုမ္ပဏီအများစုမှာ လတ်တလောအချိန်ထိ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးလျက်သာ ရှိသေးသည်။

“အစ်မ ဒီမှာ ဟိုမှာသွားခေါ်မယ့် ရာထူးမျိုးကို ခေါ်ကြည့်ပြီးပြီ။ အဲဒါ ဘယ်လိုကြောင့်လဲမသိဘူး။ အစ်မတို့လိုချင်တဲ့ပုံကို ဖော်နိုင်မယ့် ဂရပ်ဖစ်ကောင်းကောင်းလိုချင်တာ။ လူရှာတာ နှစ်လကျော်လောက်ကြာနေပြီ။ ဒါပေမဲ့ သူတို့ကြေညာတာ ကြည့်လိုက်ရင် မြန်မာပစ္စည်း မြန်မာကုမ္ပဏီမှန်း သိသာလွန်းတယ်။ အစ်မတို့က နိုင်ငံတကာမမီရင်တောင် ယိုးဒယားနဲ့ စင်ကာပူလောက်တော့ အရည်အသွေးမီချင်တာ။ အဲဒါရဖို့အတွက် အခု Job Fair ကို ပါဝင်ဖြစ်ခဲ့တာ”ဟု MMRD ကုမ္ပဏီမှ ဆက်ဆံရေးအရာရှိ ဂျက်ဆီကာမြင့်သင်းကပြောသည်။

ပြည်တွင်းကုမ္ပဏီအများစုအနေဖြင့် လုပ်ခလစာပေးစနစ်နှင့်ပတ်သက်၍ ၎င်းတို့ကျွမ်းကျင်မှုပေါ်မူတည်၍ ပေးမည်ဖြစ်သော်လည်း ပြည်တွင်းတွင် ရရှိနိုင်မည့်နှုန်းထားနှင့် နှိုင်းယှဉ်၍သာ ပေးသွားမည်ဖြစ်သည်။ စင်ကာပူရောက် ကျွမ်းကျင်လုပ်သားများအနေဖြင့် ပျမ်းမျှအားဖြင့် လုပ်ခလစာငွေကျပ် ၁၂ သိန်းနှင့်အထက် ရရှိရန်တောင်းဆိုကြသည်။

စင်ကာပူရောက် မြန်မာဝန်ထမ်းများမှာ အမိနိုင်ငံသို့ပြန်လာ၍ အလုပ်လုပ်ကိုင်လိုသော်လည်း လက်ရှိစင်ကာပူတွင်ရသော လုပ်ခလစာနီးပါးရရှိရန်နှင့် လက်ရှိဝင်ရောက်လာသော ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းခိုင်မာမှု ရှိ၊ မရှိမှာ မြန်မာနိုင်ငံရေးနှင့် ဆက်စပ်နေ၍ အခြေအနေကို စောင့်ကြည့်နေကြောင်း စင်ကာပူရောက် မြန်မာအချို့ကပြောသည်။

“အစ်မတို့ကတော့ လစာပိုင်းကိုတော့ သူတို့ဟိုမှာရသလောက်ကြီးတော့ မပေးနိုင်ဘူး။ သူတို့ရတဲ့လစာက ဟိုမှာနေစရိတ်ဖယ်ရတယ်။ ဒီမှာလုပ်ရင် နေစရိတ်မဖယ်ရဘူး။ ကိုယ့်မိဘဆွေမျိုးတွေနဲ့လည်း အတူနေရမယ်။ လစာကိုလည်း ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ညှိနှိုင်းပြီးတော့ပေးမှာပေါ့။ ကမ္ဘာ့ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်တော့ အားနည်းချက်ရှိတာပေါ့”ဟု ဂျက်ဆီကာမြင့်သန်းက ဆက်လက်၍ပြောသည်။

ထို့အပြင် ပြည်တွင်းကုမ္ပဏီများမှာ ပြည်ပကုမ္ပဏီများနှင့်အပြိုင် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားရရှိရန် ပြည်ပသို့ သွားရောက်ခေါ်ယူရသော်လည်း ၀န်ထမ်းများကို နိုင်ငံတကာကုမ္ပဏီများနှင့်အပြိုင် လုပ်ခလစာနှုန်းထား တိုးမြှင့်ခန့်အပ်ရန်မလွယ်ကူနိုင်ကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့မှ သုံးသပ်ပြောကြားသည်။

ရေးသားသူ- အေးမြတ်သူ

7Day News Journal

Saturday, November 2, 2013

အသေးအမွှား၊ ကလေးကစားစရာ မဟုတ်ပါ


“အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နေရာ ယူလာမှုတွေကို ပေါ့ပေါ့လေး တွေးပြီး လွှတ်ထားဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်တာတွေကို လုပ်ဖို့ အားပေး အားမြှောက် လုပ်နေတာတွေကလည်း ပတ်ဝန်းကျင်မှာ ပြည့်နေတာပဲ။ ဝန်းကျင်မှာ ဒါတွေ ရှိနေမှတော့ မပျက်စီးချင်လည်း ပျက်စီးတော့မှာ သေချာတယ်”
ဒေါက်တာသာမာစီလန် (မလေးရှား ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ)

မကြာသေးမီက မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်သို့ အသက်ရှစ်နှစ်နှင့် ၁၀ အရွယ် ညီအစ်ကိုနှစ်ယောက်က အရွယ်မရောက်သေးသည့် ပထမတန်း ကောင်မလေး တစ်ယောက်ကို မဟားဒယားပြုကျင့်မှု ဗီဒီယိုပြကွက်များ တက်လာသဖြင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ကလေးတွေပဲဟု သာမန် အလေးမထားစရာ ကိစ္စဟု ထင်လိုက်လျှင် မှားသွားပေ လိမ့်မည်။ ဤအရွယ်လေးတွေက ဤကိစ္စကို နားလည်နေကြပြီ ဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုလာပြီ ဖြစ်သည်။

ယခုတွေ့ မြင်လိုက်ရသည်က လူသိအောင်လုပ် ပေးလိုက်သည့် ကိစ္စလေးတစ်ခုသာ ဖြစ်ပြီး လူမသိ သူမသိနိုင်သော ကိစ္စပေါင်းများစွာ နောက်ကွယ်တွင် ရှိနိုင်သေးသည်။ ထိုအဖြစ်အပျက် များသည် ယနေ့ခေတ် လူငယ်များကို ကိုယ်စားပြုနေသည့် စဉ်းစားစရာလည်း ဖြစ်နေသည်။ သူတို့ ဘာတွေ သိနေသလဲ၊ ဘယ်လောက် သိနေသလဲ၊ ဘာကြောင့် သိနေသလဲ ဆိုသည့် အကြောင်းများမှာ မေးစရာကိစ္စများ ဖြစ်လာသည်။

မုဒိမ်းကျင့်ခံရခြင်း၏ ၈၀ ရာခိုင်နှုန်းသည် မိမိ ပတ်ဝန်းကျင်၊ မိမိ သိကျွမ်းသူများနှင့် ပတ်သက်နေကြောင်း မလေးရှားနိုင်ငံ ဆေးပညာအဖွဲ့ (MMA) ဥက္ကဋ္ဌ ဒေါက်တာ သာမာစီလန်က ဆိုပါသည်။

“မုဒိမ်းမှုဆိုတာ သဘောတူသည် ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ ဖြစ်တတ်တဲ့ သဘောရှိတယ်။ ဖြစ်စေတဲ့ အကြောင်းတရားတွေလည်း အများကြီးရှိတယ်။ လိင်စိတ်ကို နိုးကြား တက်ကြွလာစေတဲ့ အကြောင်းအရာတွေ၊ ပတ်ဝန်းကျင်က စေ့ဆော်တဲ့ တွန်းအားတွေ၊ ဖြစ်နိုင်တဲ့ အနေအထားတွေကို သတိ မမူတာတွေ၊ စူးစမ်းချင်တဲ့ ကလေးတွေရဲ့သဘာဝကို လျစ်လျူရှုထား တာတွေဟာ ကလေးတွေကို ဒီလိုလုပ်အောင် တွန်းပို့နေ သလိုဖြစ်တယ်” ဟု သူက ဆိုသည်။

ကလေးပီပီ စပ်စုခြင်းနှင့် သိချင်စိတ် ပြင်းပြခြင်းတို့ကို လူကြီးတွေက အချိန်မီ မထိန်းနိုင်လျှင် ကလေးများ မဟုတ်သည့်လမ်းသို့ ရောက်သွားနိုင်သည်။ သူပြောသည့် တွန်းအားနှင့် စေ့စော်အား များဆိုသည်မှာ မူးယစ်ဆေး၊ အရက်နှင့် ကလေးများကို အလေးမထား လုပ်ချင်ရာ လုပ်နေသည့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။

“မိဘတွေက အရေးကြီးတယ်။ သူတို့က အရေးပါတဲ့ နေရာမှာ ရှိနေတယ်ဆိုတာ သိတဲ့သူ နည်းတယ်။ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကိုယ်ကျင့်တရား၊ အရှက်နဲ့ သိက္ခာတွေကို သင်ပေးဖို့ အချိန်မရှိဘူး။ သူတို့ကလည်း အဲဒါတွေကို အရေးကြီးမှန်း မသိကြဘူး။ မိသားစုအတွင်း ဒုက္ခတွေ ရောက်ပြီး စီးပွားရေးအဆင် မပြေကြရင် ပိုဆိုးသေးတယ်။ အဲဒီမိသားစုအတွင်း ကြီးပြင်းရတဲ့ သူတွေအတွက် ကတော့ အချိန်မရွေး ပေါက်ကွဲဖို့ အသင့်ဖြစ်နေတတ်တယ်” ဟု ဒေါက်တာ သာမာက ဆိုသည်။

အချို့အချက်များကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်သည်။ ကလေးတွေ ဘာကြောင့် မဟုတ်တာ လုပ်သနည်းဆိုသည့် အချက်တွင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိတ်မနှံ့ခြင်းများကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း တွေ့ရသည်။ ထိုကလေးများကို အချိန်မီ မထိန်းသိမ်းနိုင်လျှင် သို့မဟုတ် လျစ်လျူ ရှုထားလျှင်လည်း ဤအဖြစ်မျိုးများကို ရင်ဆိုင်ရဖွယ်ရှိကြောင်း သူက ထောက်ပြထားသည်။

မလေးရှား ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ဟာမီဒါ ယူနွတ်က ၂၀၁၁ ခုနှစ် မတိုင်မီအထိ ကလေးသူငယ်ဆိုင်ရာ သာမန်ပြစ်မှုဟု သတ်မှတ်ခံရလောက်သည့် အမှုများကို တိုင်ကြားခဲ့ခြင်း မရှိသေးကြောင်း ထုတ်ဖော် ပြောကြားသည်။

သို့သော် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ ကလေးသူငယ် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှု ခုနစ်မှုနှင့် ယခုနှစ် စက်တင်ဘာလအထိ ခြောက်မှု ဖြစ်ပွားခဲ့သည်။ ထို ၁၃ မှုစလုံးသည် အသက် ၁၃ နှစ်အောက် မုဒိမ်းမှုများ ဖြစ်နေသည်။

ထိုကဲ့သို့ မကြုံစဖူး မုဒိမ်းမှုများ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ အစီရင်ခံစာကလည်း ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ကလေးသူငယ်များတွင် မဟုတ်တရုတ်ပုံများကို အချိန်မရွေး ကြည့်နိုင်သည့် အခွင့်အရေးများ ရနေကြသည်။ အထူးသဖြင့် အင်တာနက်တွင် ပက်ပက်စက်စက် တစ်တစ်ခွခွ ပုံများ၊ ဗီဒီယိုကားများကို မချိန်မရွေး ရယူကြည့်နိုင်သည်။ ထိုသို့ အလွယ်တကူ ကြည့်နိုင်စေရန် အတွက်လည်း မိုဘိုင်းလ် ဖုန်းများ၊ တက်ဘလက်များကို အလွယ်တကူ ဈေးပေါပေါနှင့် ဝယ်ယူ သုံးစွဲနိုင်သည်။ ထို့ကြောင့် ကာမ ရာဂစိတ်များ လူကြီးတွေသာမက ကလေးတွေပါ အချိန်မရွေး ပေါက်ကွဲရန် အားမြှောက်ပြုသလို ဖြစ်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ဆိုထားသည်။

“ကျွန်မ ပြစ်မှုကျူးလွန်တဲ့ ကလေးတစ်ယောက်ကို စစ်ဆေးကြည့်တော့ သူက ဟင်ဒီစကားပြော ရုပ်ရှင်ကားထဲမှာ မင်းသမီးက မလုံ့တလုံ အဝတ်အစားလေးနဲ့ ကတာကို ကြည့်ပြီး ဒီလို ကျူးလွန်ဖြစ် သွားတာလို့ ပြောတယ်။ သူက အဲဒီရုပ်ရှင်ကို ကြည့်ပြီး အသက် ၁၂ နှစ် သမီးလေးကိုသွားပြီး မဟားဒယား လုပ်တာ။ အဲဒီလိုလုပ်ဖို့ ကြိုတင် ပြင်ဆင်သွားတာတွေက သူ့မှာ အများကြီးပဲ။ အဲဒီလိုဟာတွေကို ဆောင်ထားရတယ် ဆိုတာကို သူ့အရွယ်လောက်နဲ့ ဘယ်လိုလုပ်ပြီး သိရတာလဲ။ သူက အဲဒီလို လုပ်ရတာတွေ၊ ဆောင်ရန်တွေကို အင်တာနက်ကနေ သိတာတဲ့လေ” ဟု ဒုတိယရဲမင်းကြီး ဟာမီဒါက ဆိုသည်။
ကလေးသူငယ်များသည် အထိန်းအကွပ်မရှိ အင်တာနက်သုံးခွင့်၊ ကြည့်ချင်ရာ ကြည့်ခွင့်များ ရနေသည့်အပေါ် ပြန်လည် စဉ်းစားရန် လိုကြောင်း ဟာမီဒါက ထောက်ပြထားသည်။

“သူတို့ အရွယ်တွေက ဘယ်ဟာက မှားပြီး ဘယ်ဟာက မှန်မှန်းသိမှာ မဟုတ်ပါဘူး။ ဘယ်သူကမှလည်း သူတို့ ကြည့်ရှုခံစားနေတာ တွေဟာ မကောင်းဘူးလို့ ပြောမယ့်သူလည်း ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့ ဘာလုပ်နေတယ် ဆိုတာ ဘယ်သူမှ မသိနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး ဂျိမ်းစ်နာရာဂမ်ကလည်း ကျောင်းများတွင် လိင်ကိစ္စကို အလေးမထားစရာ အသေးအမွှားပမာ သဘောထား နေကြခြင်းကို ပြစ်တင် ဝေဖန်ထားသည်။

“ ကျွန်တော်တို့ သိရတာတွေက လာပြီး တိုင်မှ သိကြရတာ။ လာမတိုင်တဲ့ အမှုတွေလည်း အများကြီးပဲ ရှိနိုင်တယ်။ ဒီလို ဖြစ်တာတွေကို ပြန်ပြီးသုံးသပ်ရင် ကျောင်းတွေမှာ အမျိုးသမီး အခွင့်အရေး ဆိုတာတွေကို ကောင်းကောင်း သင်ကြားခြင်း မရှိသေးဘူးဆိုတာ ထင်ရှားတယ်။ ကျောင်းတွေမှာ အဓိက အရေးကြီးတဲ့ အချက်နှစ်ချက်ကို သင်ဖို့ လိုသေးတယ်။ အဲဒါတွေကတော့ လူ့အခွင့်အရေးနဲ့ လိင်ပညာရေးဆိုတဲ့ ဘာသာရပ် နှစ်ခုဖြစ်ပါတယ်”

“ကျွန်တော် နှစ်ပေါင်း ၃၀ လောက် ကျောင်းသားတွေနဲ့ ထိတွေးဖူးပါတယ်။ အရွယ် မရောက်သေးဘဲ ကိုယ်ဝန်ဆောင်မှုတွေ၊ တရားမဝင် ကိုယ်ဝန် ဖျက်ချမှုမျိုးတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရတယ်”

“ကျွန်တော်တို့ သုတေသန လုပ်ထားချက် အရကတော့ မလေးရှားနိုင်ငံမှာ တစ်ရက်ကို တရားမဝင် ကိုယ်ဝန် ဖျက်ချမှုပေါင်း ၃၀၀ လောက် ဖြစ်လာတာပါပဲ။ ဒီနိုင်ငံမှာက နှစ်ပေါင်း ၂၀ လောက် လိင်ပညာရေး ဆိုတာကို လျစ်လျူရှု ခဲ့ကြတာပါ။ ဘာသာရေးဘက်ကပဲ နည်းနည်းပါးပါး ထိန်းကျောင်းတာလေးတွေပဲ ရှိတယ်”ဟု ဂျိမ်းစ်က ဆိုသည်။

“ရှင်တို့အနေနဲ့ ကလေးတွေကို အွန်လိုင်းပေါ်မှာ ဒီအတိုင်း လွှတ်မထားကြပါနဲ့။ သူတို့ကို စောင့်ကြည့်ပါ။ ဘယ်လိုင်းတွေကို သူတို့ ဝင်ကြည့်နေကြသလဲ။ ကလေးတွေ ဆိုတာ အလွန် စပ်စုစူးစမ်းလို ကြတယ်။ ဒါကြောင့် သူတို့ကို မျက်ခြေမပြတ်အောင် စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်။ စောင့်ရှောက်ရမယ့် အချိန်မှာ ပစ်ထားလိုက်ရင် ပန်းကောင်း အညွန့်ချိုးခံထားရသလို ဖြစ်သွား နိုင်ပါတယ်” ဟု ဟာမီဒါက ဆိုသည်။

ထိုအချက်ကို ဂျိမ်းစ်ကလည်း လက်ခံသည်။ ဆိုရှယ် မီဒီယာများကို သုံးခြင်းကအစ စောင့်ကြည့်သင့်ကြောင်း သူက ထောက်ခံသည်။ သူက…
“ကလေးတွေကို လွှတ်မထားပါနဲ့ ။ အမှုမဲ့ အမှတ်မဲ့ မထားပါနဲ့။ မိဘတွေ၊ ညီအစ်ကို မောင်နှစ်မတွေက မဟုတ်တာတွေကို အင်တာနက်မှာ ကြည့်နေပြီး၊ အနားမှာ ရှိနေတဲ့ မူကြိုတန်း ကလေးအရွယ်လောက်ကို အလေးထားစရာ မလိုဘူးလို့ ထင်လိုက်ရင် မှားလိမ့်မယ်။ အင်တာနက်ကို မသုံးရဘူးလို့တော့ သွားပြီးမပိတ်ပင် လိုက်ပါနဲ့။ အဲဒါကပိုပြီး ဆိုးသွားလိမ့်မယ်။ အဲဒီနည်းကလည်း မထိရောက်နိုင်ဘူး” ဟု ဆိုသည်။

“ အရွယ်မရောက်သေးတဲ့ ကလေးတွေက လူကြီးတွေ ကိစ္စတွေကို အရမ်း စိတ်ဝင်စားကြတယ်။ ဒါကြောင့် သူတို့ကို လိင်ကိစ္စနဲ့ ပတ်သက်တာတွေကို ရှင်းပြနိုင်အောင် ကြိုးစားရမယ်။ နောက်တစ်ချက်က မိဘနဲ့ သားသမီးတွေကြားမှာ နှောင်ဖွဲ့တတ်တဲ့ သံယောဇဉ်ကြိုးကို ခိုင်မာအောင် ပိုပြီး လုပ်ရမယ်။ ရင်းရင်းနှီးနှီး သားသမီးတွေနဲ့ နေထိုင်ပြောဆိုပြီး လိင်ကိစ္စဆိုတာကို အသေးအမွှားကနေ၊ အလေးထားစရာ ကိစ္စတွေအထိ ရှင်းလင်း ပြောပြနိုင်အောင် ကြိုးစားရမယ်။ ကျောင်းတွေက မပြောရင် သူတို့နဲ့ အနီးစပ်ဆုံးက မိဘတွေပဲ ရှိတာကြောင့် မိဘတွေက ပြောရမယ်။ ဒီလို ရှင်းလင်း ပြောပြနိုင်မှ သူတို့ လမ်းမှားကို ရောက်မသွားမှာပေါ့။ သူတို့ အရွယ်ရောက်လာချိန်အထိ သာယာ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးရင် စိတ်လေတာတွေ၊ တလွဲ သာယာနေတာတွေ မရှိနိုင်ဘူးပေါ့”
“ဥပဒေကြောင်း အရလည်း တားဆီးကာကွယ် ပေးထားဖို့ လိုတယ်။ အရွယ်မရောက်သေးတဲ့ ၁၂ နှစ် အရွယ်လေးတွေ အပြစ်ကျူးလွန်ရင် ဘယ်လို အရေးယူမယ်ဆိုတဲ့ ဥပဒေလည်း ရှိဖို့လိုတယ်” ဟု သူက ဆိုသည်။

မလေးရှားနိုင်ငံ မိဘများ ပညာရေးလှုပ်ရှားအဖွဲ့ (PAGE) ဥက္ကဋ္ဌ နူးဇီမာအဘဒူရာမင် ကလည်း ကျောင်းသားများကို လိင်ပညာရေးနှင့် ပညာပေးရန် အရေးကြီးကြောင်း သဘောတူသည်။ သို့သော် ပျံ့နှံ့နေသော လိင်အသားပေး ပုံများ၊ ဗီဒီယို ဇာတ်လမ်းများ နေရာတိုင်းလိုလိုတွင် အလွယ်တကူ ရရှိနေခြင်းကလည်း ပြဿနာရပ်တစ်ခု ဖြစ်ကြောင်း သူက ထောက်ပြထားသည်။ သူမ အနေဖြင့် ကျောင်းများရှိ ကွန်ပျူတာခန်းများတွင် မလိုအပ်သည့် လိုင်းများသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်ရန် ကြိုတင် ကာကွယ်ရေးစနစ် (Fire-walls) များ တပ်ဆင်ထားရန် အကြံပြုထားသည်။

“ကျောင်းသားတွေကို Facebook မသုံးရဆိုတဲ့ ကန့်သတ်ချက်မျိုးတွေနဲ့ ပိတ်ပင်စရာတော့ မလိုဘူး။ သူ့အသက်အရွယ် အပိုင်းအခြားနဲ့သာ သုံးခွင့်ပြုသင့်တယ်” ဟုလည်း ဇီမာက ဆိုသည်။ သူက အင်တာနက်ကို ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ ဆင်ဆာဖြတ်ခြင်းတို့သည့် အဖြေ မဟုတ်ကြောင်း လက်ခံထားသည်။

“မိဘတွေအနေနဲ့ အကောင်း၊ အဆိုးကို ခွဲခြားပြီး သဘောပေါက်အောင် ရှင်းပြဖို့ လိုမယ် ထင်တယ်။ အမှား၊ အမှန် ခွဲခြားနိုင်အောင် လေ့ကျင့် သင်ပေးဖို့လည်း လိုလိမ့်မယ်။ အင်တာနက်ကို အသုံးမပြုနဲ့ ဆိုပြီး ပိတ်လိုက်ရင် ဒီနေရာပိတ်၊ အခြားတစ်နေရာ ရောက်သွားမှာပဲ။ ကလေးတွေကို မလုပ်ရဆိုပြီး တားမြစ်မယ့်အစား အကျိုးရှိအောင် ဘယ်လိုသုံးရတယ် ဆိုတာတွေကို လမ်းညွှန် ပြပေးနိုင်ရင် ပိုကောင်းမယ်။ အကောင်းမြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီး ကိုယ်လည်း အကျိုးရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိတာတွေကို ထုတ်လုပ်မှု တစ်ခုခုအနေနဲ့ ရလဒ် ပေါ်လာအောင် သုံးစွဲခိုင်းရင် ပိုကောင်းမယ် ထင်ပါတယ်” ဟူ၍ ပြောကြားချက်သည် ခေတ်သစ် မိဘများနှင့် ဆရာများအတွက် စဉ်းစားစရာ ဖြစ်သည်။

Ref: Rising Cases of Minors Raping Minors, by New Sunday Times, 2013 October

အယ်ဒီတာတစ်ဦး

The Voice Weekly


မလေးရှားနိုင်ငံအတွင်း အရွယ်မရောက်သေးသည့် လိင်မှုဆိုင်ရာ ဆိုးရွားသည့် အဖြစ်အပျက်များ
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ : မလေးရှားနိုင်ငံ ဒေသဆိုင်ရာ သတင်းစာ တစ်စောင်၏ ဖော်ပြချက်အရ၊ သုံးတန်း တက်နေသော အသက် ကိုးနှစ်အရွယ် မိန်းကလေး တစ်ယောက်သည် အိမ်နီးချင်း ၁၄ နှစ်အရွယ် ကောင်လေး တစ်ယောက်နှင့် မှားယွင်းဖောက်ပြားကာ ကိုယ်ဝန်ရှိလာပြီး သားယောက်ျားလေး တစ်ယောက် ဖွားမြင်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် : အသက် ၁၂ နှစ်နှင့် ၁၄ နှစ်ကြား လူငယ် ရှစ်ဦးသည် အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ကွာလာကူဘူဘာရူ မြို့ရှိ လူမနေသော အိမ်ကြီးတစ်လုံးတွင် မုဒိမ်း ပြုကျင့်မှုကြောင့် အဖမ်းခံကြရသည်။

ထိုမုဒိမ်းမှု ကျူးလွန်ခံရသည့် မိန်းကလေးသည် အခင်းဖြစ်ပွားသည့်နေ့ မတိုင်မီကတည်းက ကျောင်းပြေးပြီး အိမ်ကိုလည်း ပြန်မလာခဲ့ကြောင်း ဒေသဆိုင်ရာရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မိန်းကလေးသည် သူ့အိမ်နှင့် မိုင် ၁၀၀ ခန့်ဝေးသည့် အိမ်ပျက်ကြီးသို့ ရောက်လာပြီး အိပ်စက်နေစဉ် ထိုသို့ မုဒိမ်းကျင့်ခံရခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် : မာလက်ကာမြို့တွင် နေထိုင်သော လေးတန်း ကျောင်းသားနှင့် နှစ်တန်းကျောင်းသား နှစ်ယောက်သည် ပထမတန်း တက်နေသည့် ကျောင်းသူလေး တစ်ဦးကို အတင်းအဓမ္မ ပြုကျင့်နေသည့် ဗီဒီယိုပြကွက်များ လူကြီးများကြည့်သည့် Website တစ်ခုပေါ်သို့ တက်လာသည်။

ထိုညီအစ်ကို နှစ်ယောက်သည် ကျောင်းရှိ ကွန်ပျူတာခန်းတွင် လူကြီးကြည့် ဇာတ်လမ်းများကို ကြည့်ခဲ့ပြီးနောက် ကျောင်းမှ ကောင်မလေးကို အိမ်သို့ ခေါ်သွားပြီး မဟားဒယား ကျင့်ခဲ့ကြောင်း မိန်းကလေး၏ မိခင်က ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

Friday, November 1, 2013

HIV ပိုးနဲ့ မွေးလာခဲ့တဲ့ ကလေးမလေး တစ်ယောက် ရောဂါပျောက်



AIDS ကုထုံး ပေါ်ဖို့ အခက်ကြုံ
 ကမ္ဘာပေါ်က AIDS ရောဂါ ဝေဒနာရှင် သန်းပေါင်းများစွာ အတွက် ကုစားနိုင်မယ့် ကုထုံးတရပ် ဖော်ထုတ်နိုင်ဖို့ဟာ သိပ္ပံ ပညာရှင်တွေ စိုးရိမ်တာထက် ပိုပြီး ခက်ခဲ နိုင်တယ်လို့ သုတေသန တွေ့ရှိချက် အသစ်တွေက ဖော်ပြ နေပါတယ်။
၃ နှစ်တာ လေ့လာချက် များအရ AIDS ရောဂါ ဖြစ်ပေါ်စေတဲ့ HIV ဗိုင်းရပ်စ်ပိုး ပမာဏဟာ အရင်က ထင်ထားတာထက် အဆ ၆ဝ ကျော် ပိုပြီးကြီးနေတာကို တွေ့ရှိ လာရပါတယ်။

HIV ပိုး ကူးစက် ခံထားရတဲ့ လူတယောက်ဟာ ARV ဆေး သောက်တာ ရပ်လိုက်တာနဲ့ ပိုးပမာဏ ဘာကြောင့် ချက်ချင်း ပြန်တက် လာရတာလဲ ဆိုတာကို ကလာပ်စည်း သိပ္ပံ ဂျာနယ်မှာ ရှင်းပြ ထားပါတယ်။
ဗိုင်းရပ်ပိုး အုပ်စုကြီးကို ဖြိုခွင်းနိုင်တဲ့ ဆေးဝါး တွေသည်သာလျှင် ဒီရောဂါ လုံးဝ ကင်းစင်သွားအောင် ကုသ နိုင်လိမ့်မယ်လို့ သုတေသီ အကြီးအမှူးက ပြောပြပါတယ်။


HIV ပိုးနဲ့ မွေးလာခဲ့တဲ့ ကလေးမလေး တစ်ယောက် ရောဂါပျောက်

ဆရာရှင့် ကျွန်မ သူငယ်ချင်း တစ်ယောက် လွန်ခဲ့တဲ့ ၇ နှစ်လောက်က HIV positive ဖြစ်ပါတယ်။ နောက် ဆေးမှန်မှန်သောက်ရင်း မနှစ်က ဆေးစစ်တော့ HIV negative ဖြစ်နေပါတယ်။ ထပ်ခါထပ်ခါ စစ်တာလဲ ဒီအဖြေ ပါပဲ။ သူ့ အမျိုးသမီးကလဲ negative ပါပဲ ဆရာ။ HIV ကို ပျောက်နိုင်တဲ့ ဆေးမရှိဘူးလို့ သိထားတော့ ဒါက ဘယ်လိုဖြစ်တာပါလဲ ဆရာ။ ကျေးဇူးပြုပြီး ရှင်းပြပေးစေလိုပါတယ်ရှင်။

၎-၃-၂ဝ၁၃ အမေရိကန်ပြည်ထောင်စု၊ မစ္စစပိမှ HIV ပိုးနဲ့မွေးလာခဲ့တဲ့ ကလေးမလေး တယောက် ရောဂါပျောက် အမေရိကန်ပြည်ထောင်စု၊ မစ္စစပိမှာ ကလေးမလေးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က HIV ပိုးနဲ့ မွေးလာ ခဲ့ပါတယ်။ သူ့ကိုဆေးကုသတာ အောင်မြင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ ပဌမဆုံး အထောက်ထား တွေ့လာရပါပြီ။ ဒီ နာမည်မဖေါ်တဲ့ ကလေးမကို ဆေးပညာအရ “အလုပ်ဖြစ်အောင်ပျောက်သွားပြီ” လို့ သတ်မှတ်ပါတယ်။ တနှစ် အတွင်းမှာ HIV ကူးစက်ရောဂါ ဘာလက္ခဏာမှ ပေါ်မလာပါ။ တကယ်လို့သာ ဒီကလေးမလေး ဆက်ပြီး ကျန်းမာနေမယ်ဆိုရင် ကမ္ဘာ့ဆေးပညာ သမိုင်းမှာ ဒုတိယလူသား ဖြစ်လာပါလိမ့်မယ်။

ဒီတွေ့ရှိချက်ကို အတ္တလန်တာမှာ ရှိတဲ့ ၂ဝဝ၃ ခုနှစ် (ရီထရို-ဗိုင်းရပ်စ်) နဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါများ ကွန်ဖရင့်မှာ ထုတ်ဖေါ်လိုက်တာဖြစ်ပါတယ်။ (ဘာလ်တီမိုး)၊ ဂျွန်-ဟော့ပကင်း တက္ကသိုလ်က ဒေါက်တာ ဒီဘိုရာ ပါဆော့ဒ် ဟာ သုတေသန လုပ်သူတွေထဲက ဦးဆောင်သူတယောက်ပါ။

ကလေးမလေးဟာ သူ့မိခင်က ကိုယ်ဝန်ဆောင်နေတုံး HIV ပိုးရှိနေပေမဲ့ ဆေးကုသမှု မယူခဲ့လို့ HIV ပိုးနဲ့မွေးလာခဲ့ပါတယ်။ ကလေးကို မစ္စစပိ-တက္ကသိုလ် ဆေးပညာဌာနကို လွှဲလိုက်ပြီး antiretroviral treatment ဆေးကို နာရီ ၃ဝ အတွင်းမှာ ကုသပေးပါတယ်။ ဆရာဝန်တွေက ထုံးစံမဟုတ်တဲ့ ဆေးပေးနည်း သုံးကြပါတယ်။ (AZT, 3TC, Nevirapine) ဆေး ၃ မျိုး လုံးကိုပေးတာပါ။

ဆေးကုကာစ ကလေးမရဲ့ HIV viral load ဗိုင်းရပ်စ် လုဒ်က များပါတယ်။ တလသမီးမှာ သိသိသာသာနည်းလာတယ်။ တလပြည့်တော့ မရှိတော့ပါဘူး။ ဒီနောက်မှာ ၁၂ လကနေ ၁၅ လသမီးအရွယ် အထိ ဆေးဆက် ကုသပေးပါတယ်။
အကြောင်းမှလှချင်တော့ ကလေးရော အမေပါအဆက်အသွယ်မရဖြစ်သွားပါတော့တယ်။ ကလေးမ ၂၃ လသမီးမှာ ပြန်ရောက်လာပါတော့တယ်။ အံ့အားသင့်စရာကောင်းတာက သမီးလေးမှာ viral loads မတွေ့တော့ပါ။ ဒါတောင်မှ ဆေးမပေးတာ တနှစ်ရှိနေပါပြီ။ သိထားဘို့က ဒီလိုတွေ့တာ အင်မတန် အားရှိစရာပါ။ ဒါပေမဲ့ တယောက်သာ ရှိပါသေးတယ်။ မအေကိုလဲ ဗိုင်းရပ်စ် အရေအတွက် ထိန်းထားနေပါတယ်။

ကလေးမလေး အရင် တယောက်ဟာ “ဘာလင်ကလူနာ” လို့ခေါ်တဲ့ Timothy Brown ဖြစ်ပါတယ်။ ၁၉၉၅ တုံးက သူ့မှာ ပိုးတွေ့လို့ ၁၁ နှစ်ကြာ ဆေးကုတယ်။ ဆေးတန်ခိုး ထက်တာတွေ့ရတယ်။ သူ့ကို ဒေါက်တာ (ဂျီရို ဟတ်တာ) ကနေ (လူကီးမီးယား) အတွက် (စတင်မ်-ဆဲလ် ထွန်စပလန့်) လုပ်ပေးခဲ့တယ်။ ဒိနောက် (ဘရောင်း) ကို HIV ဆေးမလိုတော့ဘူး။

http://edition.cnn.com/2013/03/03/health/hiv-toddler-cured/index.html
ဒေါက်တာတင့်ဆွေ
ဒေါက်တာတင့်ဆွေ - HIV ပိုးနဲ့ မွေးလာခဲ့တဲ့ ကလေးမလေး တစ်ယောက် ရောဂါပျောက် 

UNAIDS ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံဆောင်ရွက်
  ကမ္ဘာတ၀ှမ်း HIV/AIDS ဝေဒနာရှင်များအား အကူအညီပေးရေး ကုသမဂ္ဂ အစီအစဉ် (UNAIDS) က ဝေဒနာရှင်များ အပေါ် ခွဲခြားဆက်ဆံမှု လုံးဝ အဆုံးသတ်ရေး ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခန့်အပ်မှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ကြောင်း UNAIDS သတင်း ထုတ်ပြန်ချက်အရ သိရသည်။ UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibé နှင့် မကြာသေးခင်က နေပြည်တော်၌ တွေ့ဆုံရာတွင် ကမ်းလှမ်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ခြင်း ဖြစ်သည်။

“ဒီလို ရွေးချယ်တာဟာ ကျမအတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ လူ့အဖွဲ့အစည်းနဲ့ စည်းခြား ဝေးကွာနေရပြီး၊ လူသား ဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးရဖို့ မြှင့်တင် စောင့်ရှောက်ရမှာပါ။ ကျမ အနေနဲ့ အသံမဲ့နေသူတွေရဲ့ ပဲ့တင်သံ ဖြစ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိ မြန်မာပြည်တွင် HIV ရောဂါပိုး ကူးစက်ခံရသူပေါင်း ၄၀၀၀၀ ခန့်ရှိကြောင်း၊ ရောဂါ သံသယရှိပါက လျင်မြန်စွာ စမ်းသပ်မှု ခံယူရန်နှင့် အချိန်မီ ကုသမှု ခံယူရန် လိုအပ်ကြောင်း သိရသည်။


AIDS လူနာသစ်များ အတွက် ဈေးနှုန်းမြင့် ဆေးဝါးများသာ သုံးစွဲတော့မည်

ဈေးနှုန်း မြင့်မားသော်လည်း နေ့စဉ်တစ်ကြိမ်သာ သောက်သုံးရန် လိုအပ်ပြီး ဆေးယဉ်ပါးမှုကို ကာကွယ်နိုင်စွမ်းရှိသော TDF Based ဆေးဝါးများကို ၂၀၁၄ ခုနှစ်တွင် ရရှိမည့် AIDS လူနာသစ်များ အတွက် ပိုမို သုံးစွဲသွားမည် ဖြစ်ကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်မှ လက်ထောက် ညွှန်ကြားရေမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ အမျိုးသားမူဝါဒအရ လာမည့် ၂၀၁၄ ခုနှစ်တွင် ARV ဆေးသောက်သုံးရန် လိုအပ်သည့် လူနာ တစ်သောင်းထိ တိုးမြှင့်ပေးရန် စီစဉ်ထားပြီး အဆိုပါ လူနာသစ် အားလုံးနီးပါးသည် TDF Based ဆေးဝါးများ ရရှိမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

DF Based ဆေးဝါးများသည် ပြည်တွင်းတွင် ကျယ်ပြန့်စွာ သုံးစွဲနေသော ARV ဆေးတွဲများကို စုစည်းထားခြင်း ဖြစ်ပြီး အကျိုးအာနိသင် ပိုမြင့်မားသောကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သုံးစွဲရန် တိုက်တွန်း ထားသော ဆေးအမျိုးအစား ဖြစ်ကြောင်း AIDS ဝေဒနာရှင်များအတွက် ဆေးဝါး ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနက သုံးစွဲမည့် DF Based ဆေးဝါးများ၏ အနိမ့်ဆုံး တန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ မှ ၁၄၀ ထိရှိကြောင်း၊ ယင်းကြောင့် ၂၀၁၃ ခုနှစ်တွင် AIDS ဝေဒနာရှင် တစ်ထောင်ကျော်ကိုသာ ယင်းဆေးဝါးများ ပံ့ပိုးခဲ့ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။
“လူနာအဟောင်းနဲ့ အသစ်ကို တဖြည်းဖြည်းချင်း ပြောင်းပြီး ပေးသွား မှာပါ။ လောလောဆယ်တော့ လူနာ အဟောင်းတွေက အရင်ဆေးတွဲတွေကိုပဲ ပေးဦးမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

TDF Based ဆေးဝါးများသည် အသည်းရောဂါ ရှိသူများနှင့် ကိုက်ညီပြီး နောက်ဆုံးပေါ် နည်းစနစ်နှင့် ထုတ်လုပ်ထားသောကြောင့် ဆေးယဉ်ပါးမှုလည်း နည်းပါးကြောင်း၊ ယခင်ဆေးဝါးများသည် ဆေးသောက်ချိန် မမှန်ပါက ဆေးယဉ်ပါးမှု အလွယ်တကူ ဖြစ်တတ်သောကြောင့် TDF Based ဆေးဝါးများကိုသာ အသုံးပြုနေရကြောင်း HIV/AIDS ဆေးဝါးများ အခမဲ့ ပေးဝေနေသော ကရုဏာလရိပ်အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာပြုံးမွန်အိက အကြံပြုသည်။
အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်အရ ARV ဆေး ရရှိသူများသည် ၂၀၁၂ ခုနှစ်တွင် ၅၃၀၀ ဦး၊ ၂၀၁၃ ခုနှစ်ကုန်တွင် ၆၀၀၀ ဦးနှင့် ၂၀၁၄ ခုနှစ်တွင် ၇၀၀၀ ဦးထိ တိုးမြှင့်သွားရန် စီစဉ်ထားသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၁
The Voice Weekly - AIDS လူနာသစ်များ အတွက် ဈေးနှုန်းမြင့် ဆေးဝါးများသာ သုံးစွဲတော့မည်