Saturday, November 22, 2025

ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

 ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

......................................




IGCSE (International General Certificate of Secondary Education) ​မေးခွန်းထဲမှာ


ဘာသာ​တရားလေ့လာမှုပညာရပ် 


(Religious Studies) အတွက် ထုတ်ထားတဲ့ ​နမူနာ sample မေးခွန်း​တွေ ရှိပါတယ်။ 


အဲဒီ​မေးခွန်း​တွေထဲက စိတ်ဝင်စားစရာ​မေးခွန်းတစ်ခုက လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality နဲ့ပတ်သက်တဲ့​မေးခွန်းတစ်ခုပါလာပါတယ်။ 


လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality ကို ဘာသာတရား​တွေက ဘယ်လို သ​ဘောထားသလဲဆိုတဲ့​မေးခွန်းပါပဲ။ 


ဒါ​ကြောင့် IGCSE ​မေးခွန်း​တွေကို ​လေ့လာရင် ​လူမှုအဖွဲ့အစည်းရဲ့ အရှိတရားနဲ့ ကိုးကွယ်မှုဘာသာတရား​တွေရဲ့ 


ထိပ်တိုက်ကြုံ​တွေ့​နေရတဲ့ ပြဿနာကို မီး​​မောင်းထိုးပြ​နေတာပါ။ 


၂၁ ရာစု လူ့အဖွဲ့အစည်းက ကိုးကွယ်မှု ဘာသာတရားဆို​တဲ့ စည်း​ဘောင်တစ်ခုက​နေ နှိပ်ကွပ်ပစ်ပယ်လိုက်ခြင်းဟာ လူသားတစ်ဦးရဲ့ဖြစ်တည်ခွင့်​တွေကိုပါ လျစ်လျူရှု​ရာ​ရောက်​စေသလား ဆိုတဲ့ 


စဥ်းစားမှုကို ဦးတည်ပါတယ်။ 


လူမှုအဖွဲ့အစည်းရဲ့ တည်ရှိမှု​တွေနဲ့ ချိန်ကိုက်​စဥ်းစားရမယ့်  Critical question အဖြစ်​တွေ့ရပါတယ်။ 


​မေးခွန်းက


Explain why religious people have differing attitudes towards homosexuality. 


(ဘာသာ​ရေးသမား​တွေက လိင်တူဆက်ဆံ​ရေးအ​ပေါ် မှာ မတူကွဲပြားတဲ့သ​ဘောထား​တွေ ဘာ​ကြောင့်ရှိတယ်ဆိုတာ ရှင်းပြပါ)ပဲဖြစ်ပါတယ်။ 


ဒီ​​မေးခွန်း က ရပ်တည်ချက်​တွေကို ဘယ်လို အ​ကြောင်းသင့်အကျိုးသင့် မျှတချင့်ချိန် justify  လုပ်​ဖြေရမယ့်


​မေးခွန်းမျိုးမှာပါတယ်။ 


​မေးခွန်းရဲ့ အသွားအလာကို ကြည့်ရင်


ဘာသာ​ရေးသမား​တွေရဲ့ ရှု​ထောင့်ကို ​တွေကို ဆန်းစစ်ခိုင်းတာ​ပေါ်လွင်ပါတယ်။ 


​မေးခွန်းကလည်း ကွဲပြားတဲ့သ​ဘောထား ဘာ​ကြောင့်ရှိရတယ်ဆိုတာ ရှင်းပြပါဆိုပြီး ယဥ်ယဥ်​လေးနဲ့ ​မေးပါတယ်။ 


ဤ​နေရာမှာ ဘာသာတရား နဲ့ လူအဖွဲ့အစည်းကို ဘာ​တွေက ကန့်သတ်ခြားနားလိုက်သလဲဆိုတာကို ခွဲခြား​စဥ်းစား​သုံးသပ်​စေခြင်းဖြစ်ပါတယ်။ 


​မေးခွန်းကို အပိုင်းသုံးပိုင်းဆွဲထုတ်ကြည့်ရင်


၁။ ဘာသာ​ရေးပုဂ္ဂိုလ်များ


 (Religious people)


၂။ လိင်တူဆက်ဆံ​ရေး


(Homosexuality)


၃။ ကွဲပြားတဲ့ သ​ဘောထားများ


( differing attitudes)


ဆိုပြီး​​တွေ့ရမှာဖြစ်ပါတယ်။ 


ပထမဆုံး​ဆွေး​​နွေးရမှာက  ဘာသာ​ရေးပုဂ္ဂိုလ်များ (religious people) ကို ​ဆွေး​နွေးရမယ်ထင်ပါတယ်။ ညာသာ​ရေးပုဂ္ဂိုလ် ဆိုတာ ဘာသာ​ရေး အဆုံးအမ တစ်ခုခု​အောက်​တွင် လိုက်နာကျင့်ကြံသူများ လို့ ပဲဖွင့်ဆိုရပါလိမ့်မယ်။ 


ဘာသာတရားအဆုံးအမ ​တွေက လိင်တူဆက်ဆံ​ရေး အပေါ် ဘယ်လိုရှုမြင်သလဲ ဆိုတာနဲ့


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်တူ ဆက်ဆံ​ရေးအ​ပေါ် ဘယ်လို မြင်သလဲဆိုတာပါကွဲခြားမြင်ရမယ်တူပါတယ်။ 


ဆိုလိုတာက ဓမ္မနဲ့လူပုဂ္ဂိုလ်ကို အရင်ခွဲခြားဖို့လိုပါတယ်။ 


ဓမ္မက လူ​တွေကို တ​ပြေးညီဆက်ဆံတယ်ဆို​ပေမဲ့


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက တ​ပြေးညီဆက်ဆံနိုင်စွမ်းရှိပါသလား ဆိုတာကိုပါ ဆင်ခြင်မိဖို့ပါပဲ။


 ဒုတိယတစ်ချက်ဖြစ်တဲ့


လိင်တူဆက်ဆံ​မှု homosexuality 


အ​ပေါ် 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေအ​နေနဲ့ လက်မခံနိုင်တဲ့ ကိစ္စရပ်တစ်ခု အဖြစ် ဒီ​မေးခွန်းကို စတည်​ဆောက်ထားပါတယ်။ 


ဒီ​မေးခွန်းဟာ ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ အမြင်​နဲ့သ​ဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ  ဆန်းစစ်​စေတဲ့ ​မေးခွန်းတည်​ဆောက်မှုပုံစံလို့ သုံးသပ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ 


ဖြစ်နိုင်​ခြေ သ​ဘောထား​တွေကို ဆွဲထုတ်ကြည့်ရင်


၁။ သဘာဝတရားနဲ့ မ​လျော်ညီ​ဆန့်ကျင်ဖောက်ပြန်လို့


၂။ ရွံ့မုန်း ထိတ်လန့်စရာ​ကောင်းလို့


၃။ လူ့အဖွဲ့အစည်းရဲ့အများစုက လက်မခံလို့ 


၄။ ဘာသာတရားနဲ့ ​ဆန့်ကျင်​သွေဖည်​နေလို့ 


၅။ အစဥ်အလာလက်ခံမှုက​နေဖောက်ပြန်​ သွေဖည်​နေလို့  ဆိုတဲ့ 


အစသဖြင့် အချက်​တွေကို ရပါတယ်။ 


အဲဒီအချက်​တွေက​နေ လူဖြစ်ခြင်းကို


လူ​တွေကပဲ  ငြင်းပယ်​မိ​နေသလို ဖြစ်​နေသလားဆိုတာ အစဆွဲထုတ်စဥ်းစားခိုင်း တယ်လို့မြင်မိပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှု Homosexuality ဆိုတာ အကျင့်လား၊ လူလား ဆိုတာ ခွဲခြားဖို့ လိုလိမ့်မယ်ထင်ပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှုဆိုတာ လူ မဟုတ်ဘူး လူရဲ့ စိတ်နဲ့ဗီဇ​ပေါ် ခို​​အောင်း​နေတဲ့ သဘာဝတစ်ခုပါ။ 


IGCSE က ဘာသာ​တရား​တွေအ​ပေါ်


ခြုံငုံ​မေးတာဖြစ်လို့ 


ဗုဒ္ဓဘာသာအ​နေနဲ့  လိင်တူခြင်းစုံမက်မှု homosexuality ကို ဘယ်လိုသ​ဘောထားသလဲဆိုတာပါ။ 


ဗုဒ္ဓက လူ့အဖွဲ့အစည်းကို စဥ်းစာတဲ့အခါ 


ကာယကံ ၃ ပါး


ဝစီကံ ၄ ပါး


မ​​နောကံ ၃ ပါး​ပေါ်မှာပဲ ဆုံးဖြတ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လိင်တူစက်မက်သူပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ်


ချမ်းသာသူပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် 


မ​ကောင်းတာကို ကျူးလွန်ရင် မ​ကောင်းတဲ့လူပါပဲ။ 


လိင်တူစုံမက်မှု homosexuality ကို


ဗုဒ္ဓက ​ပေတံ  ၁၀ ခုနဲ့တိုင်းပါတယ်။ 


အဲဒီ​  လူမှုကျင့်ဝတ် ပေတံ​ (Social Morality Criteria) တွေကို ဘယ်မှာ ​တွေ့ရသလဲဆိုရင်  မူလပဏ္ဏာသပါဠိ​တော်နဲ့ နိဒါနဝဂ္ဂသံယုတ် ပါဠိ​တော်မှာ  ဒုစရိုက်တရား ၁၀-ပါး ဆိုပြီး ​တွေ့ရပါတယ်။ 


လိင်တူစုံမက်မှု homosexuality ဆိုတာ 


(၁) သူ့အသတ်ကိုသတ်သလား


(၂) သူ့ဥစ္စာကို ခိုးယူတာလား၊ 


(၃) သူ့မယားကို သွားလာလွန်ကျူးတာလား ဆိုပြီး


အဲဒီသုံးပါးနဲ့ မကောင်းမှုကို ကိုယ်နဲ့ ပြုတဲ့  ကာယဒုစရိုက် ၃-ပါးနဲ့ ကျူးလွန်​နေတာလားဆိုတာ ဆန်းစစ်ရပါမယ်။ 


​​​နောက်ပြီး


(၄) မဟုတ် မမှန်တဲ့ စကားကို အမှန်အဟုတ် လို ​ပြော​နေတာလား 


(၅) သူနှစ်ယောက်တို့ရဲ့ အချစ်ကိုပျက်အောင် ကုန်းတိုက်​နေတာလား


(၆) အကြမ်းအတမ်း ငေါက်ငမ်းဆဲရေး​နေတာလား၊ 


(၇) အပေါ့အဖျင်း အနှစ်ကင်းတဲ့ စကားကို ပြော​နေတာလား ဆိုပြီး 


မကောင်းမှုကို နှုတ်ဖြင့်တဲ့  ဝစီဒုစရိုက် လေးပါးနဲ့ ဆန်းစစ်ရပါမယ်။ 


​နောက်ပြီး 


(၈) သူရဲ့ဥစ္စာကို ငါ့ဥစ္စာဖြစ်ရင် ကောင်းမှာပဲလို့  စိတ်ထဲမှာ အောက်မေ့​နေသလား


(၉) သူတစ်ပါးကို ငြိုးထား ရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်​နေတာလား၊ 


(၁၀) ဝိပ္ပလ္လာသ အမြင်​တွေနဲ့ စိတ်ထား အယူမှား​နေတာလားဆိုပြီးလည်း 


မကောင်းမှုကို စိတ်နဲ့ ကြံစည်တဲ့ မနောဒုစရိုက် ၃-ပါးကို ကျူးလွန်​နေတာ လားဆိုတာ သုံးသပ်ဆုံးဖြတ်ဖို့လိုပါတယ်။ 


ဗုဒ္ဓဘာသာက ဓမ္မအ​ပေါ် ပဲရပ်တည်ပညတယ်။ လူပုဂ္ဂိုလ်​တွေအ​ပေါ်မှာမျက်နှာမလိုက်ထားပါဘူး။ 


အ​ပေါ်က ဒုစရိုက် ၁၀ ပါးဟာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချကိကို ပျက်ယွင်း​စေပါတယ်။ 


လိင်တူစုံမက်ခြင်း homosexuality က


လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုဟန်ချက်ကို ပျက်ယွင်း​စေတယ်ဆိုရင် ဗုဒ္ဓဘာသာက


ဒုစရိုက်လို့သတ်မှတ်ပါတယ်။ 


ဗုဒ္ဓဘာသာက လူတစ်​ယောက်ရဲ့လွတ်လပ်စွာ ဖြစ်တည်ခွင့်ကို ကန့်သတ်​နေတာမဟုတ်ဘူး။ ကိုယ်ကျင့်တရား​ဖောက်ဖျက်မှုကိုသာ ဒုစရိုက်လို့ သတ်မှတ်တာဖြစ်ပါတယ်။ 


​IGCSE ​မေးခွန်းကို ပြန်​ကောက်ရရင် 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်စုံမက်မှုကို ဘယ်လိုသ​ဘောထားသလဲဆိုရင် 


ဒုစရိုက် ၁၀ ပါးနဲ့ ညီမညီ ဆုံးဖြတ်သ​ဘောထားသင့်တယ်လို့ သာ​ဖြေရပါမယ်။ 


ဒုစရိုက် ၁၀ ပါးရှု​ထောင့်အရကြည့်ရင် 


လိင်တူစုံမက်ခြင်း homosexuality ကို သီးသန့်ကန့်သတ်ထားတဲ့ ဥပ​ဒေမျိုး 


ဗုဒ္ဓ ဘာသာက​နေ ထုတ်မထားဘူးဆိုတာပါပဲ။ 


ဗုဒ္ဓဝါဒအရ အကုသိုလ်ကံအရ ဖြစ်လာတဲ့ ဝဋ်ခန္ဓာကိုယ်ကို နည်းလမ်းမှန်တဲ့ညလမ်းညွန်မှုမ​ပေးပဲ ပစ်ပယ် ကန့်သတ်လိုက်မှာလားဆိုတာပါပဲ။ 


ခန္ဓာကိုယ်တည်​ဆောက်ပုံကိုပဲကြည့်ပြီး လူ့အဖွဲ့အစည်းက​နေ ပစ်ပယ်လိုက်တဲ့အရာ​ရော လူ့အဖွဲ့အစည်းတရားမျှတမှု(social justice )ကို ဘယ်​လောက်​တောင်ချိုး​​ဖောက်လိုက်တာလဲ ဆိုတာပါ 


ထည့်သွင်းစဥ်းစားဖို့ပါ။ 


ဗုဒ္ဓက လူရဲ့ဖြစ်တည်ခွင့်​တွေကို ပယ်မြစ်ကန့်သတ်ဖို့ဆိုတဲ့ အချက်က​နေ မသွားဘဲ အကျင့်သီလတည်​ဆောက်မှု အပိုင်း ကသာ လူရဲ့ဖြစ်တည်ခွင့်ကို ချဥ်းကပ်တာ​တွေ့ရပါတယ်။ 


ဒါ​ကြောင့် လူပုဂ္ဂိုလ် နဲ့ အကျင့်သီလကို ကွဲဖို့လိုပါလိမ့်မယ်။


ဘယ်လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် အကျင့်သီလ​ဖောက်ပြန်ရင် ဒုစရိုက်သမားပါပဲ။


လိင်တူစုံမက်ခြင်း homosexuality က


အထက်က ​ဖော်ပြထားတဲ့ ဒုစရိုက်တစ်ခုခုကိုသာ​ဖောက်ဖျက်ရင် 


ဒုစရိုက်သမားပါပဲ။ 


ဘာမှ မ​ဖောက်ဖျက်​သေးရင်​တော့ သူ့ကို ဒုစရိုက် သမားလို့​တော့ စွပ်စွဲခွင့် မရှိပါဘူး။ 


လိင်တူစုံမက်စိတ်ရှိ​ပေမဲ့ အဲဒီဒုစရိုက် ၁၀ ပါး​တွေကိုသာ မကျူးလွန်ပဲ 


ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားတယ်ဆိုရင် အပြစ်တင်စွပ်စွဲခွင့်မရှိပါဘူး။ 


ဓမ္မ​ပေတံအရ  homoseuality ဆိူတဲ့ အဲဒီ​မေးခွန်း ကို ​ဖြေကြည့် ရင် အကျင့်သီလအထိုင်​ပေါ်မှာသာ ဗုဒ္ဓကရပ်တည်ထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ် အသွင်သဏ္ဌာန်များ​ပေါ်မှာ  မရပ်တည်ထား​ကြောင်း အ​ဖြေထွက်ပါတယ်။ 


အကျင့်သီလနဲ့လူကို ခွဲခြားမြင်ပြီး 


လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချက်ကို အကျိုးသင့်အ​ကြောင်းသင့် ညီညွှတ်မျှတစွာ ဆုံးဖြတ်ခြင်း သာ ဗုဒ္ဓဝါဒဖြစ်​ကြောင်း ​​ဆွေး​နွေးပါတယ်။ 


လူကို လူလိုသာမြင်၍ 


ကိုယ်ကျင့်တရားကို ကိုယ်ကျင့်တရားဟု သာ ခွဲခြားမြင်နိုင်ပါ​စေ ​မေတ္တာရည်လျက်။ 


(အာကာမိုးသူ)


၁၀း၃၇ ည


၁၇.၉.၂၀၂၀ အိမ်

Thursday, November 20, 2025

ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

 


ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

◾️ပန်းချီကို ဘယ်အချိန်လောက်ကတည်းက စိတ်ပါဝင်စားခဲ့တာလဲဆရာ၊ ပြောပြပေးပါဦး။

ကျွန်တော်က ပန်းချီကို မူလတန်း ကျောင်းသားဘ၀ကတည်းက စိတ်ပါဝင်စားတယ်။ ကျွန်တော် မှတ်မိသရွေ့လေးတန်းမှာ ဖတ်စာအုပ်ထဲက ပန်းချီပုံတွေ ကူးရေးတယ်။အလယ်တန်းရောက်တော့လည်း ဆရာမရှိဘူး။ ကိုယ့်ဘာသာကိုယ်လျှောက်ရေးတယ်။

မှတ်မိတာတော့ အထက်တန်းကျောင်းရောက်တော့ ရှုမ၀မဂ္ဂဇင်း၊ သွေးသောက်၊ မြ၀တီ မဂ္ဂဇင်းတွေထဲက ပန်းချီပုံတွေ ကူးရေးတယ်။ ဦးသောင်းဟန်၊ ဦးကိုလေး၊ ဦးစန်းလွင်တို့ရဲ့ပန်းချီကားတွေကို ကူးရေးတာ။ ၁၀ တန်း အောင်တော့ကျွန်တော် မကွေးကောလိပ်ရောက်တယ်၊ ကောလိပ်ရောက်တော့လည်း ဆရာမရှိသေးဘူး။ ကိုယ့်ဘာသာကိုယ် ရေးနေတာ။

Second  Year အောင်တော့ ရန်ကုန်တက္ကသိုလ်ရောက်လာတယ်။အဲဒီမှာ ဆရာ ဦးလွန်းကြွယ်က တက္ကသိုလ် ပန်းချီသင်တန်း ဖွင့်တယ်။ အဲဒီမှာ သင်တန်းစတက်တယ်။ ၁၉၆၈-၁၉၇၀ ပြည့်နှစ်အထိပေါ့။ ဦးလွန်းကြွယ်ဆီက အခြေခံပန်းချီပညာကို ရတာပေါ့။

ဘွဲ့ရပြီးတော့ ပန်းချီတွေ ရေးနေတယ်၊ ဆီဆေးမရေးသေးဘူး။ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုတင်ဝင်း၊ ကိုဖေညွန့်ဝေတို့က မန္တလေး ပန်းချီကျောင်းဆင်းတွေ။ သူတို့က ပန်းချီပြပွဲတွေလုပ်နေတော့ အားကျတာပေါ့။ သူတို့က ဆီဆေးတွေရေးတယ်။

ကျွန်တော် ဆီဆေးမရေးသေးဘူး၊ အားကျတယ်။ ငါလဲရေးမယ်၊ပြပွဲတွေလုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ၁၉၇၂ ခုနှစ်မှာ ကျွန်တော့်အိမ်က ပိုက်ဆံတောင်းပြီး ပိတ်တွေ၊ ဆီဆေးတွေ ဝယ်ပြီး ဆီဆေးစရေးတယ်။ ၁၉၇၃ ခုနှစ်မှာ ဆရာဦးနန်းဝေ ဦးဆောင်တဲ့တပေါင်းပန်းချီပြပွဲမှာ ပထမဆုံးစပါတယ်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တက္ကသိုလ်ဆရာ ဦးနန်းဝေနဲ့ အတူပြတာ။ကျွန်တော်က ကျောင်းသားဟောင်းအနေနဲ့ ဝင်ပြတယ်။ပန်းချီပြပွဲတွေကို နှစ်စဉ်ပြတယ်။ ဦးကြီးမြင့်စော၊ အောင်

ကျော်မိုး၊ စံမင်း၊ မောင်သိဒ္ဓိ၊ တင်မောင်ဦးတို့နဲ့အတူ အုပ်စုပွဲတွေပြတယ်။

များသောအားဖြင့် တက္ကသိုလ်ကလိပ်ခုံးခန်းမမှာပြတာများတယ်။ ၁၉၈၄ ခုနှစ်မှာ ဆရာကြီးဦးသိန်းဟံဆီမှာဆီဆေးရေးနည်း သင်တယ်။ မောင်ဩ၊ ကိုလှိုင်ဘွားတို့ရဲ့ဆရာပေါ့။ ဆရာဦးသိန်းဟံဆီမှာ ဆီဆေးရေးနည်း ပညာကိုသင်ခဲ့တယ်၊ အလင်းနဲ့ အမှောင် အကြောင်းလည်း သူ့ဆီမှာသင်ခဲ့တယ်။

နောက် ဆရာပေါ်ဦးသက်နဲ့ တွေ့တယ်။ သူကလည်းပန်းချီသင်တန်းဖွင့်တော့ ကျွန်တော် တက်သေးတယ်။ ရန်ကုန်ပန်းချီကျောင်းက သင်တာက မျက်စိနဲ့ မြင်တာကို တူအောင်ရေးတဲ့နည်း၊ မန္တလေးကျောင်းက စိတ်အမြင်နဲ့ ဖွဲ့စည်းတည်ဆောက်တာ မတူ ဘူးပေါ့နော်။

ဆရာဦးပေါ်ဆီက စိတ်အမြင်နဲ့ ရေးတာကိုကျွန်တော် ရလိုက်တယ်ပေါ့နော်။ ၁၉၇၉ ခုနှစ်မှာ တစ်ကိုယ်တော်ပြပွဲလုပ်တယ်။ ဆီဆေးတွေနဲ့ပဲပြတယ်။ ပန်းချီကား သုံးကားရောင်းရတယ်။ ကား ၃၀ ကျော် ပြတယ်။ကျွန်တော် အဲဒီပန်းချီပြပွဲပြပြီး ရှက်သွားတယ်။

အဲဒီတုန်းကဘာတွေရေးလဲဆို မြန်မာမှု၊ ကျောင်းကန်ဘုရား၊ လယ်ယာလုပ်ငန်း၊ မင်းသမီးကတာ၊ တိုင်းရင်းသားပုံတွေ၊ ရွှေတိဂုံစေတီပုံတို့ရောင်းရမယ့် အကြောင်းအရာတွေပဲ ရေးပြတယ်။ ကျွန်တော်ပန်းချီစာအုပ်တွေလည်း ဖတ်တယ်။

အထူးသဖြင့် အမေရိကန်ထုတ် The Artist Magazine ၊ International Artist ၊ Arts Newsစာအုပ်တွေကို မိတ်ဆွေတွေက အမေရိကားက ပို့ပေးတယ်။တစ်ကိုယ်တော်ပြပွဲ ပြတယ်ဆိုတာ ကိုယ်ဘာတွေတွေ့ထားလဲ၊ သိထားလဲ ဆိုတာကို ထုတ်ပြရတယ်။

ကျွန်တော့်ပထမဆုံးပြပွဲက ရောင်းတမ်းတွေ ရေးပြခဲ့တာဖြစ်နေတော့ ရှက်သွားတယ်။ ပန်းချီကားသုံးကားပဲ ရောင်းရတယ်။ ကိုယ်ဘာမှသိပ်မသိသေးဘဲနဲ့ ရောင်းရနိုင်လောက်တဲ့ အကြောင်းအရာတွေ၊ တိုင်းရင်းသားတွေ၊ မြန်မာမှုတွေ၊ ရှုခင်းတွေကို ရေးပြီး ပြတာဆိုတော့လေကျွန်တော် ရှက်သွားတယ်။

ရှက်ပြီးတော့ တစ်ကိုယ်တော်ပြပွဲကိုမပြဖြစ်တာ နှစ်ပေါင်း(၂၀)ကြာသွားတယ်။ အုပ်စုပွဲတွေကိုတော့ အခါအားလျော်စွာ ဝင်ပြတယ်။၁၉၇၉ ခုနှစ် ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲပြီးကတည်းက နှစ်(၂၀)တိတိ တစ်ကိုယ်တော်ပြပွဲ မပြရဲတော့ဘူး။

ကျွန်တော် သဘာ၀ကြီးကို လေ့လာတယ်။ ဆီဆေး အကြောင်းကိုနှံ့နှံ့စပ်စပ် လေ့လာတယ်။ ရေးနည်းတွေ အမျိုးမျိုးရေးကြည့်၊စမ်းကြည့်တယ်။ Sketch ပုံကြမ်းတွေ အများကြီး လုပ်တယ်။မိုးကောင်းကင်ကို ကြည့်ရေးတယ်၊ လယ်ကွင်းတွေ ကြည့်ရေးတယ်၊ဈေးတွေ ကြည့်ရေးတယ်၊ ကော်ဖီပန်းကန်ကြည့်ရေးတယ်၊ကိုယ်စီးတဲ့ဖိနပ်ကို ကြည့်ရေးတယ်။

မျက်စိထဲ တွေ့ရာ စိတ်ထဲငြိနေတာတွေကို ပုံကြမ်းတွေ ရေးမှတ်တယ်။ ဖောင်တိန်၊ ခဲတံ၊ မင်၊Pastel ၊ ရေဆေး၊ ဆော့ပင်၊ ဆီဆေးနဲ့ ရေးတဲ့ ပုံကြမ်း Sketch တွေအများကြီးရှိတယ်။ ၁၉၉၇ ခုနှစ်မှာ ငါ့ပုံကြမ်းတွေ အများကြီးရှိတယ်။ ပုံကြမ်းတွေပြမယ်ဆိုပြီး ပုံ ၁၀၀ ကို လောကနတ်ပန်းချီပြခန်းမှာ ဒုတိယတစ်ကိုယ်တော်ပွဲ ပြတယ်။

လူတွေက အရမ်းသဘောကျတယ်။ အများကြီး ဝယ်ယူအားပေးတာလည်းရှိတယ်။နှစ်(၂၀)ကျော်ကြာမှ နောက်ထပ် တစ်ကိုယ်တော်ပြပွဲမှာကိုယ်လေ့လာမှတ်သားထားတာကို ပြဖြစ်သွားတယ်။ ကျွန်တော့်ဘ၀မှာ ထူးခြားချက်တစ်ခု၊ အမှတ်တရတစ်ခုလို့ ပြောလို့ရတယ်။

ဆီဆေးမီဒီယံကို ဘယ်လိုကြောင့် အရေးများတာလဲဆိုတာပြောပြပေးပါဦး ဆရာ။

ရေဆေးကတော့ အခါအားလျော်စွာ ရေးတယ်။ အခရိုင်းလစ်ကို ရေးကြည့်တယ်။သူက မီဒီယံကတော့ အခြောက်မြန်တယ်၊ကျွန်တော် သဘောမတွေ့ဘူး၊ သိပ်မရေးတတ်ဘူး။ ဆီဆေးကတော့ ကျွန်တော် တော်တော် ရေးတတ်တယ်။

အဲဒီလို ရေးနေရင်းနဲ့ကျွန်တော်က မိုးကောင်းကင်ကြီးကို စိတ်ဝင်စားတယ်၊ နေ့တိုင်းကြည့်တယ်၊ ရာသီမရွေးကြည့်တယ်။ ကြည့်ရင်းနဲ့ မိုးကောင်းကင်ကြီးကို ပန်းချီဆွဲဖြစ်တာပေါ့။ မိုးကောင်းကင်ကြီးက တိမ်ရှိမှကြည့်လှတာပေါ့။ တိမ်ပန်းချီကားတွေ အများကြီးရလာတယ်။

ရန်ကုန်မြို့ရဲ့တိမ်၊ ရှမ်းပြည်ကတိမ်၊ ပုဂံကတိမ်၊ တိမ်တွေကမတူဘူး။ ရန်ကုန်မြို့က တိမ်က ပင်လယ်နဲ့ နီးတော့နိမ့်တယ်။အညာပုဂံကျတော့ တိမ်တွေက မြင့်တယ်။ မိုးကောင်းကင်အရောင်ကလည်း ရန်ကုန်က ကောင်းကင်အပြာနဲ့ ပုဂံကကောင်းကင်အပြာ၊ တောင်ကြီး၊ ကလောက ကောင်းကင်အပြာမတူဘူး။

တောင်ကြီး၊ ကလောက ကောင်းကင်ပြာက အေးတဲ့အပြာ။ ပုဂံက ပူတဲ့အပြာ။ ရန်ကုန်က ကောင်းကင်က မပူတဲ့အပြာ။အရောင်နာမည်နဲ့ ပြောရရင် ရန်ကုန်ကောင်းကင်က Cobalt blue ။ ရှမ်းပြည်ရဲ့ ကောင်းကင်အပြာက Cerulean blue၊ ပုဂံကောင်းကင်အပြာက Ultramarine blueပေါ့။

ကောင်းကင်က အပြာမှာတောင်ကောင်းကင်အပြာချင်း မတူတာ သိလာတယ်။တိမ်တောင်၊ တိမ်လိပ်တွေ တိမ်မျှင်တွေ တိမ်ရဲ့နေ့ ၊ ည ပြောင်းတဲ့ အရောင်အမျိုးမျိုး တွေ့လာတယ်။ မိုးကောင်းကင်ကိုကြည့်ပြီး ကျွန်တော်ပန်းချီတွေရေးဖြစ်တာ အများကြီးဖြစ်လာတယ်။

တိမ်တွေရဲ့အလှတွေကို ပန်းချီကားအဖြစ် ရေးဖွဲ့ပြီး တိမ်ပြာဆိုပြီး ပြပွဲကို ၂၀၀၀ပြည့်နှစ်မှာ ပြတယ်။ ဒါကလည်း အမှတ်တရပါပဲ။

ကျွန်တော်က portrait တွေ ရေးခဲတယ်။ အပျော်ပဲရေးတာ။ များသောအားဖြင့်ပန်းချီအသိုင်းအဝိုင်းက သူငယ်ချင်းတွေကိုပုံကြည့်ရေးပေးတယ်။ ရေဆေး၊ pastel၊charcoal ၊ ဆီဆေးနဲ့ ရေးတယ်။ နောက်ရင်းနှီးတဲ့လူတွေက portrait အပ်တော့ နည်းနည်းပါးပါး ရေးပေးတယ်။

portrait ရေးတာလက်ဝင်တယ်၊ ခက်တယ်၊ တာဝန်ကြီးတယ်။ဒါပေမဲ့ ဘာလို့လဲမသိဘူး  portrait တွေ ရေးမိ သွားတယ်။ ပန်းချီအသိုင်းအဝိုင်းက လူတွေရဲ့ portrait  တွေ အပ်တာက လေး၊ ငါးပုံလောက်ပဲရှိတာ။ ရေးရင်းနဲ့ များလာတော့ ကျွန်တော် portrait  (၁၀၀) ပြပွဲလုပ်တယ်။

ကျွန်တော့်ဘ၀မှာ အထူးခြားဆုံး အမှတ်တရ ပန်းချီပြပွဲသုံးပွဲပါပဲ။

◾️ဆရာ့ရဲ့ (၂၆) ကြိမ်မြောက်မှာ Abstract လက်ရာတွေ ချပြဖြစ်ပုံကိုလည်း ပြောပေးပါဦး။

ဒီပွဲကလည်း အင်မတန် ထူးခြားတယ်ပြောလို့ရတယ်။ တစ်ခါတလေ စိတ်လိုလက်ရရှိမှ တစ်ကားစ၊ နှစ်ကားစလောက်ပဲ ရေးတော့တယ်။  Abstractပန်းချီက ဘယ်ကပေါ်လာလဲ၊ ဘယ်ကစဖြစ်လဲဆိုတာ လေ့လာတယ်၊စာတွေဖတ်တယ်။

Abstract ပန်းချီက ရုရှားပန်းချီဆရာ Kandinsky က စတယ်လို့ ပြောရင် ဖြစ်တယ်။ ရုရှားပန်းချီဆရာ Kandinskyက ဂျာမနီပန်းချီဆရာတွေနဲ့ ပေါင်းပြီး ပန်းချီလာရေးတယ်။ သူက Vincent Van Gogh တို့ကို အားကျပြီး ခပ်ကြမ်းကြမ်းနဲ့ စုတ်ချက်ကြမ်းကြမ်းတွေ ရေးဟန်၊ expressionism တွေ ရေးတာပေါ့။

တစ်ရက် သူက ပန်းချီရေးနေရင်းနဲ့လမ်းလျှောက်ထွက်သွားတယ်။ ပြန်လာတော့ခုနက ရေးခဲ့တဲ့ ပန်းချီကား မရှိတော့ဘဲ ပန်းချီကားအသစ်တစ်ချပ် ရောက်နေတယ်။သူကြည့်ရင်းနဲ့ တော်တော်ကြည့်ကောင်းတဲ့ပန်းချီကားဖြစ်နေတယ်။

ဒီပန်းချီကား ဘယ်သူလာရေးသွားလဲမေးတော့ တစ်ယောက်မှမလာဘူးပေါ့။ ကြည့်ရင်းနဲ့ သူရေးတဲ့ကားကဇောက်ထိုးဖြစ်နေတာ။ တစ်ယောက်ယောက်က ကြည့်ပြီး ဇောက်ထိုးထားသွားတာ။ သူကအံ့ဩသွားပြီး သဘောကျသွားတယ်။ ခုနကသူရေးထားတဲ့ကား ဇောက်ထိုးထားတာ ဘာမှမသိဘဲ ပန်းချီကားအဖြစ် သူသဘောကျနေတယ်။

ပန်းချီကားဆိုတာ တိုက်ဖြစ်မှလား၊ အိမ်ဖြစ်မှလား၊ ဘုရားကျောင်းဖြစ်မှလား၊ သစ်ပင်ဖြစ်မှလား၊ တိမ်ဖြစ်မှ ပန်းချီကားလားဆိုပြီး သူတွေးရင်းနဲ့ ပန်းချီကားဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေရေးမှ မဟုတ်ဘူး၊ မတူတဲ့ အရောင်တွေဆန်းကြယ်စွာ ပေါင်းစပ်နေလည်း ပန်းချီကားဖြစ်တယ်ဆိုတာ အတွေးပေါက်သွားတယ်၊စဉ်းစားမိသွားတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီဆရာ ဦးခင်မောင်ရင်ဆိုတာ တစ်သက်လုံး Abstractရေးသွားတဲ့ ပန်းချီဆရာကြီး။နောက်ဦးဝင်းဖေလည်း Abstract ပန်းချီဆရာအနေနဲ့ နာမည်ကြီးတယ်။ ဦးခင်မောင်ရင်ကအင်္ဂလိပ်စာ အတော်ဖတ်တယ်။ သူက Abstract မှာ နှစ်မျိုးပဲရှိတယ်။ Soft Edge နဲ့Hard Edge တဲ့။

အနား၀နဲ့ အနားဖြတ်ပေါ့။

အနား၀ဆိုတာ စုတ်နဲ့ရေးတယ်၊ ဆေးတွေလောင်းတယ်။ အနားဖြတ်ဆိုတာကတော့တိတိကျကျ ရေးတာပေါ့။ အနားတွေကို ပြတ်ပြတ်သားသား ရေးတာမျိုးပေါ့။ ဦးခင်မောင်ရင်က အနား၀ကိုရေးတယ်။ ဦးဝင်းဖေက အနားဖြတ် ရေးတယ်။ မတူကြဘူးပေါ့။ မရောဘူး။

ကျွန်တော်ကလည်း Square ကို သဘောကျတော့ ဆီဆေးကိုလည်း ပိုနားလည်တယ်ဆိုတော့ ဆေးတွေ လောင်းချတယ်၊ ဖြန့်တယ်၊စီးဆင်းရာစီးတယ်။ ဒါက ကျွန်တော် လုပ်တာမဟုတ်ဘူး၊ သူ့အလိုလိုဖြစ်တာ။ အဲဒီထဲမှာမှ Square တွေကို ကြိုက်တဲ့ နေရာလေးကိုထည့်တယ်။

ပထမတော့ ရေဆေးနဲ့ လုပ်တယ်၊ နောက်တော့ ဆီဆေးနဲ့ လုပ်တယ်။ နိုဝင်ဘာလမှာတစ်ကိုယ်တော်ပွဲ လုပ်ဖို့ရှိတယ်။ ရက်ကလည်းနှစ်လ၊ သုံးလလောက်ပဲ လိုတော့တယ်။ ဒီနည်းကိုပဲ ရေးမယ်ဆိုပြီး ဆေးတွေလောင်းတယ်၊ ခြောက်အောင်ထားတယ်။

ပြီးတော့ Square လေးတွေကို ကြည့်ကောင်းအောင်နေရာချတယ်။ တစ်လအတွင်းမှာ ပန်းချီ ကား၅၀ ကျော် ရေးပြီးတယ်။ Abstract ကို ရေးရတာ ပိုပြီးစိတ်ပျော်ပြီးလွတ်လပ်မှုကို ပိုခံစားရတယ်။

◾️ရှေ့ဆက်ရော ဆရာ WPM အနေနဲ့ အနုပညာဖန်တီးမှုအပိုင်းမှာ ဘယ်လိုမျိုးဖန်တီးသွားဖို့တွေရှိပါသလဲ။

နောက်ဆို ကျွန်တော် Abstract ရေးနည်းကို သဘောကျတယ်။ အခုကတော့ Soft Edge နဲ့Hard Edge ပေါင်းပြီး ရေးတာပေါ့နော်။ ဒါနဲ့မတူတဲ့ နောက်ဖန်တီးမှုကို စဉ်းစားနေတယ်။ ရလာလို့ရှိရင်လည်း ဖန်တီးမှုအသစ်တွေကို ထပ်ရေးဖို့ရှိတယ်။

အရင်နဲ့ မတူတဲ့ပထမဆုံးအကြိမ် အနုပညာဖန်တီးမှုမှာ ကိုယ်လုပ်ချင်ရာလုပ်တဲ့ဟာကို သဘောကျပြီး ဝယ်ယူအားပေးလို့ ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာနဲ့မှလည်းလဲလို့မရဘူး၊ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော် ထင်တယ် အနုပညာသမားတွေ အများကြီး ရှိတယ်။

စာပေ၊ ဂီတ၊ရုပ်ရှင်တွေ၊ အနုပညာဖန်တီးရှင် အမျိုးမျိုးထဲမှာ ပန်းချီဆရာတွေက ပီတိကို ခံစားမှုအရ

ဆုံး အနုပညာရှင်လို့ထင်တယ်။

◾️ပန်းချီကားဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး လူငယ်အနုပညာရှင်ကို မျှဝေအကြံပေးလိုတာမျိုးလည်း ဖြည့်စွက် ပြောပါဦး။

ကျွန်တော်ပြောချင်တာက နံပါတ် (၁)သဘာ၀တရားကို နားလည်အောင်ကြိုးစားပါ၊၊သဘာ၀ကြီးကို ကျေကျေ ညက်ညက် သိအောင်လေ့လာပါ။ (၂) သဘာ၀ကို လေ့လာပြီးရင်ကိုယ်ရေးမယ့် ဆေးအကြောင်းကို ကောင်းကောင်းနားလည်အောင် ကြိုးစားပါ။

ဆီဆေး၊ရေဆေး၊ Pastel ပေါ့ ကောင်းကောင်းသိအောင်စမ်းသပ်ပါ။ (၃) ပြီးရင်တော့ ငါဘာတွေ ဖန်တီး ရေးဆွဲမလဲ၊ ကိုယ် ရေးမယ့် အကြောင်းအရာက ကိုယ်တကယ်နားလည်ထိတွေ့ ခံစားမှုရှိဖို့လိုတယ်။ နားလည်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုင်စွဲမယ့် မီဒီယံကိုလည်း တကယ်နားလည်တတ်ကျွမ်းအောင် အမြဲကြိုးစားအားထုတ်နေပါလို့ ပြောချင်တယ်။

လူတွေက အသံဂီတကို ခံစားနားလည်လွယ်တတ်တယ်။ အစားအသောက်တွေလည်း ပါးစပ်အရသာ ခံစားတတ်တယ်။ မျက်စိအရသာကျတော့ ခံစားတာအားနည်းတယ်။အဲဒီတော့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ သဘာ၀ကြီးကို များများကြည့်ပေးပါလို့ပြောချင်တယ်။

စုရတနာ-တွေ့ဆုံမေးမြန်းသည်။

***စံတော်ချိန်သတင်းစာမျက်နှာမှကူးယူဖော်ပြသည်။