Tuesday, October 14, 2025

ဓားသွားမကြွေ၊ လှံမခွေဖို့

 


__________________________


■ စံအောင်ကျော်


(စံအောင်ကျော်သည် ဆောင်းပါးများကို အခါအားလျော်စွာ ရေးသားနေသူ ဖြစ်သည်)


ISP Column ဆောင်းပါးတွေကို တောက်လျှောက်ဖတ်လာခဲ့တာမှာ ထင်ပေါ်လာလို့ သတိထားမိတဲ့အကြောင်းအရာတခု ရှိလာတယ််။ ဒါကတော့ တော်လှန်ရေးရဲ့ အမည်းကွက်ပါ။ ကျနော်ကိုယ်တိုင်ကတော့ တော်လှန်ရေးနယ်မြေထဲမှာ ရှိနေတာမဟုတ်ပေမဲ့ တော်လှန်ရေးနယ်မြေထဲကနေ ပဲ့တင်လာထပ်တဲ့ အသံတွေကို နားထောင်ရမိတာကဖြင့် စိတ်အားလျော့ဖို့ကောင်းပါတယ်။


တော်လှန်ရေးဆိုတာဟာ အမည်းကို ဖယ်ရှားပြီး အဖြူနဲ့အစားထိုးဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တခုလို့ ယေဘုယျမြင်ကြည့်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တော်လှန်စိတ်ဓာတ်နဲ့ အမူအကျင့်တချို့ဟာ အမည်းထဲမှာပဲ ပျော်ဝင်နေကြတဲ့ပုံပါပဲ။ တော်လှန်ရေးနယ်မြေထဲကနေလာတဲ့ ဆောင်းပါးတချို့ကို နမူနာထုတ်ပြကြည့်ပါ့မယ်။


“စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်”


ကရင်နီစစ်ဘေးရှောင်တဦးဖြစ်တဲ့ ဆူးငယ်ငယ်ရဲ့ ဆောင်းပါးရဲ့ကောက်စာပါ။ ‘သိမ်းယူသွားသည်’ဆိုတဲ့စကားလုံးက သာမန်အားဖြင့် စစ်တပ်ဘက်က ကျူးလွန်မှုတွေမှာ တွေ့ရလေ့ရှိတဲ့စကားလုံးပါ။ အခုကိစ္စမှာတော့ တော်လှန်ရေးဘက်ကလူတွေက လုပ်ဆောင်တာပါ။ ဒါ့အပြင် စစ်တပ်ကလူတွေမရှိတဲ့ မြို့ရွာတွေမှာ အများပြည်သူပိုင် ဆိုင်ကယ်၊ ရွှေထည်၊ ငွေကြေးနဲ့ အိမ်ထောင်ပရိဘောဂတွေ ပျောက်ဆုံးနေတဲ့ကိစ္စကိုလည်း ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါသေးတယ်။


နောက်တပုဒ်ကတော့ ရခိုင်ဘက်ကအကြောင်းအရာပါ။ NLD အစိုးရလက်ထက်မှာရော၊ စစ်အာဏာသိမ်းလိုက်ချိန်မှာရော ရခိုင်ပြည်နယ်ဟာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်း AA က မြို့တွေ၊ ရွာတွေ၊ နယ်မြေတွေ အများအပြားသိမ်းပိုက်နိုင်ချိန်ရောက်ခဲ့ပြန်တော့လည်း ရခိုင်လူထုကတော့ ဆက်သွယ်ရေးကျိန်စာသင့်မှုထဲမှာ ဆက်ပြီးမွန်းကျပ်နေရတဲ့အကြောင်းကို ရေးထားတာပါ။ အဲဒီအချိန်မှာပဲ AA ကတော့ဆက်သွယ်ရေးလုပ်ငန်းတွေကနေ လစဉ် ကျပ်သိန်းထောင်ချီရှိမယ်လို့ ဆောင်းပါးရှင်က ခန့်မှန်းပါတယ်။


တော်လှန်ရေးနယ်မြေထဲလာတဲ့ နောက်ထပ် ဆောင်းပါးတပုဒ်ကတော့ ‘ရယ်စရာပြောတာ မရယ်လိုက်ရဘူး’ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ တော်ဝင်မောင်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဘဏ္ဍာငွေအကျပ်အတည်းတွေကြားထဲကနေ အရင်းအမြစ်နည်းပါးစွာနဲ့ တော်လှန်ရေးလုပ်ကြတယ်။ စာရေးသူက မရယ်ရဘူးဆိုပေမဲ့ သူ့ရဲ့စာတပိုဒ်ကိုဖတ်မိတော့ နာနာကျင်ကျင် ရယ်လိုက်မိပါတယ်။ ဆောင်းပါးမှာပါတဲ့အတိုင်းပဲ ဆွဲထုတ်ပြပါမယ်။


“တိုင်းရင်းသားဒေသမှာပဲ အခြေစိုက်တဲ့ တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့”


ဒီအကြောင်းအရာတွေကို ကြားသိရတာက တော်လှန်ရဲဘော်တွေရော၊ ပြည်သူတွေရောအတွက်တော့ မချိတင်ကဲဖြစ်စရာပါ။ လတ်တလောမှာပဲ ထွက်ရှိလာတဲ့ ဆောင်းပါးတပုဒ်ကလည်း တော်လှန်ရေးနယ်မြေထဲကပါပဲ။ လွတ်မြောက်နယ်မြေလို့ လွယ်လွယ်ခေါ်နေကြပေမဲ့ အဲဒီနယ်မြေထဲက သာမန်လူတွေအတွက် တကယ်ပဲ လွတ်မြောက်တာဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ထားပြီး တော်လှန်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အဝန်းအဝိုင်းထဲက အခွင့်ထူးခံစားရနေတဲ့ကိစ္စကို မီးမောင်းထိုးထားတာပါ။


ဒါတွေဟာ အကြောင်းအရာတချို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းက ပုပ်လို့ပေါ်လာတဲ့ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ လိင်အကြမ်းဖက်မှုလို၊ မူးယစ်နဲ့ လောင်းကစားလို ကိစ္စတွေ။


အခုဆို တိုင်းပြည်ဟာ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ ဒုက္ခများနေတာ ငါးနှစ်ထဲကို ဝင်လာခဲ့ပါပြီ။ အလင်းရောင်ကို ဘယ်အချိန် ပြန်ရမယ်ဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စတင်ခဲ့တဲ့ စစ်ရေးအောင်ပွဲတွေဟာ ပြည်သူတွေအကြားမှာ ဖျက်ခနဲအလင်းရောင်တွေ လက်စေခဲ့ပါတယ်။ လူထုတွေအနေနဲ့တော့ ကိုယ့်ကို နင်းခြေဖျက်ဆီးထားတဲ့ စစ်တပ်ရဲ့ အရှက်တကွဲအကျိုးနည်းမှုတွေကို ကြည့်မြင်ခွင့်ရခဲ့ကြတာမို့ လက်ခုပ်လက်ဝါးတီးပြီး ကျေနပ်ခဲ့ရတဲ့ကာလပါပဲ။  ဒါပေမဲ့ စိတ်မကောင်းစရာပါ။ အောင်ပွဲတွေအထပ်ထပ်ရလာ၊ နယ်မြေစိုးမိုးမှုတွေ၊ သိမ်းပိုက်ထိန်းချုပ်နိုင်မှုတွေ များလာတာနဲ့အတူ တော်လှန်ရေးအုပ်စုတွေအကြား နယ်မြေအငြင်းပွားမှုတွေ၊ လူမျိုးရေး အငြိုးအတေးတွေ စတာတွေအပြင် ပြည်သူအပေါ် အနိုင်ကျင့်တဲ့ကိစ္စ ပိုပြီးကြားလာရတယ်။ ဒါ့အပြင် စစ်အောင်ပွဲတွေနဲ့အတူ တွဲပါလာတဲ့တော်လှန်အရသာချိုမြမြမှာ ယစ်မူးနေမှုတွေလည်း ရှိပါသေးတယ်။


အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီဝေဖန်ထောက်ပြမှုတွေဟာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ နားထဲကို ရောက်မှ ရောက်ပါလေစပါပဲ။ လူ့သဘာဝအရမှာလည်း ထိတ်ထိတ်ကြဲအောင်မြင်နေချိန်မှာ သွားပြီးဝေဖန်တာမျိုးဟာ အရာထင်ဖို့ခက်ပါတယ်။ ဘာလို့ဆို အောင်မြင်မှုအခိုးအငွေ့တွေ ပိတ်ကာနေတတ်လို့ပါပဲ။ 


တနေ့ကပဲ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဖြစ်ရပ်တခုကလည်း အခုအကြောင်းအရာနဲ့ ချိတ်ဆက်နေပါသေးတယ်။ ဗီဒီယိုဖိုင်ကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်ကိုရော ကြည့်မိဖတ်မိသလောက်ကတော့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ အနေအထားလို့ နားလည်ရပါတယ်။ ပြည်သူလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ စကားအချေအတင်ဖြစ်ကြတာပါ။ အိမ်ရှင်မိသားစုဘက်က မှန်တယ်လို့ မဆိုလိုပေမဲ့ စကားများတဲ့အထိ မဖြစ်စေဘဲ တစ်ဖက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရည်ရည်မွန်မွန်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်နိုင်ဖို့လိုတာတော့အမှန်ပါပဲ။ လူ့သဘာဝမို့ စိတ်တိုတတ်တာဆိုပေမဲ့ လက်နက်ကိုင်အဖွဲ့ဝင်အနေနဲ့ ဒေါသကို အဆုံးစွန်ထိထိန်းထားနိုင်ဖို့ လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။ မတော်တဆ လက်ပါတဲ့အထိ ဖြစ်လာတဲ့အခါ အရင်ဆုံးနစ်နာရမှာက လက်နက်မဲ့ပြည်သူဖြစ်နေလို့ပါပဲ။ တဖက်မှာလည်း အခုလိုမျိုးကိစ္စတွေမှာ လက်ကိုင်ထားရမယ့် ကျင့်ဝတ်တွေ၊ လုပ်ထုံးစည်းမျဉ်းတွေကိုလည်း စနစ်တကျ လေ့ကျင့်ထားဖို့လည်း လိုပါလိမ့်မယ်။


မကြာသေးခင်ကာလမှာတော့ စစ်တပ်ဟာ ရှိသမျှခွန်အား၊ နည်းနာအစုံနဲ့ ထိုးစစ်တွေ ပြန်လုပ်လာပါတယ်။ လက်လွှတ်လိုက်ရတဲ့ နယ်မြေတချို့ကိုလည်း ပြန်ယူနေပါတယ်။ ဒီအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။ ဒီတော့လည်း လူထုကပေးအပ်ခဲ့တဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားဖို့နဲ့ စွန်းပေနေတဲ့ အမည်းကွက်တွေကို ဆေးကြောဖို့ မဖြစ်မနေ လိုပါလိမ့်မယ်။


စစ်တက္ကသိုလ်ဆရာဟောင်းလည်းဖြစ်၊ ထင်ရှားတဲ့စာရေးဆရာလည်း ဖြစ်တဲ့ (ဦး)အောင်သင်းရဲ့ ကဗျာစာသားတချို့နဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါမယ်။

“ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်

ပြည်သူ့ခွန်အား၊ မကိုးစားသော်

ဓားသွားကျိုးကြေ၊ လှံသွားခွေအံ့”


တော်လှန်ရေးရဲ့ တကယ့်အောင်ပွဲဆိုတာ လက်နက်အားနဲ့ နယ်မြေကို သိမ်းပိုက်ရယူခြင်းမဟုတ်ဘဲ ပြည်သူလူထုရဲ့ နှလုံးသားကို သိမ်းပိုက်ရရှိခြင်းဖြစ်တယ်ဆိုတာကို မမေ့ဖို့လိုပါမယ်။


[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။]


ISP_Column

Saturday, October 11, 2025

❝ လူတစ်ယောက်ကို ဘာကြောင့် အပိုင်းအပိုင်း ခု-တ်သ-တ်ရတာလဲ ❞

 


၁၉၉၉ လောက်တုန်းက The Sopranos ဆိုတဲ့ မှုခင်းရုပ်သံဇာတ်လမ်းတွဲ တစ်တွဲ ထွက်ဖူးတယ်။ Season နှစ်ခုနဲ့၊ အပိုင်း ၂၀ ပါတယ်။ အဲဇာတ်လမ်းထဲက ၂၀၀၇ မှာထွက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာဆိုရင် လူ-သတ်သမား Tony Sopranos က သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အရင်းခေါက်ခေါက်ကို ရှော့ပစ်လိုက်တယ်။ ရိုးရိုးရှော့တာမဟုတ်၊ အပိုင်းပိုင်း ခုတ်-ဖြ-တ်ပြီးကို၊ ပြီးရင် အ-လောင်းကို ပုံဆိုးပန်းဆိုး (အရှော့ခံလိုက်ရသူကို မသိအောင်)ရစရာမရှိအောင်.. ခု-တ်ပစ်ပြီး အ-လောင်းကို ဖျောက်တယ်။ ဒီလိုမျိုး ထိတ်လန့်တုန်လှုပ်စရာဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ပါတယ်။


အဲဒါနဲ့ များမကြာမီ အမေရိကန် တောင်ပိုင်းမှာ လူသ-တ်မှုတစ်ခု ဖြစ်ရော။ အသက် ၁၅ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် ညီအစ်ကိုနှစ်ယောက်က သူတို့အမေရင်းကို ခုတ်ပြီး အ-လောင်းဖျောက်ဖို့ ကြံစည်တာ။ ကံဆိုးချင်နေတော့ သူတို့ အ-လောင်းဖျောက်ဖို့ လုပ်နေတဲ့အချိန်မှာ.. ရဲတွေနဲ့ တည့်တိုးတယ်၊ ညီအစ်ကို နှစ်ကောင်လုံး အဖမ်းခံလိုက်ရတယ်။ ရဲကလဲ စစ်တယ်၊ မင့်တို့ ဘာလို့အဲလိုလုပ်ကြတာလဲ စစ်တော့ The Sopranos ဇာတ်ကားကြည့်ပြီး အဲဒီပုံစံအတိုင်း အပိုင်းပိုင်းခု-တ်သ-တ်ချင်လို့ဆိုပြီးထွက်ဆိုတယ်။


◾အဲဒါနဲ့ ဆင်တူတဲ့ Mindhunter ဇာတ်ကားတို့၊ ပြီးရင် Conversations with a Killer: The Ted Bundy Tapes တို့၊ Night Stalker: The Hunt for a Serial Killer တို့ဆိုလဲ စိတ္တဇ ကွင်းဆက်လူသ-တ်သမားတွေအကြောင်း ပြန်ရိုက်ထားတာ။ ကြမ်းကြမ်းကြုတ်ကြုတ် လူသ-တ်နေကြသူတွေရဲ့ စိတ်နေသဘောထားတွေ၊ မှန်းရခက်တဲ့ အပြုအမှုတွေ၊ လောကကြီးကို မြင်တတ်ကြတဲ့ သူတို့ရဲ့အမြင်တွေအကြောင်းကို ပညာပေးအနေနဲ့ ပြန်ရိုက်ပြထားတာ။


ဒီနေရာမှာ မေးစရာမေးခွန်းတွေက အဲလို Horror Movie တွေ ကြည့်တိုင်း ဇာတ်ကားထဲမှာ ပါတဲ့ အနိဋ္ဌာရုံတွေဟာ လူ့စိတ်ကို ပြောင်းလဲပစ်နိုင်လားဆိုတဲ့ မေးခွန်းမျိုး မေးဖို့ရှိပါတယ်။ ခပ်တိုတို ပြောရရင် “ ပြောင်းလဲပစ်နိုင်တယ် ” လို့ ​ဖြေရမယ်။ ဒီလိုမျိုး လူ့စိတ်အမှောင်ဘက်ခြမ်းကို သိရှိနားလည်အောင် ပညာပေးအနေနဲ့ ပြန်ရိုက်တဲ့ဇာတ်ကားတွေကို အသက် ၁၈ နှစ်မပြည့်တဲ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာမှာ နဂိုအခံထိခိုက်နာကျင်ဖူးတဲ့သူတွေ ကြည့်မိသွားတယ်ဆိုရင် ဦးနှောက်မှာ Neural Mirroring လုပ်တတ်ပါတယ်၊ မြန်မာလိုပြောရင် “ ပုံတူကူးတာ ” ပေါ့။


◾ဒီစာကို အစကတော့ မရေးဘူးပဲ ဆုံးဖြတ်ထားတာပါ။ ဒါ​ပေမဲ့ တစ်ဖက်မှာလဲ လူသ-တ်မှုတွေ၊ ဓား-ထိုးလုယက်မှုတွေ၊ မြန်မာပလာဇာလို လူစည်းကားတဲ့နေရာ (တကယ်) က ကားပါကင်မှာ နေ့ခင်းကြောင်တောင် အသ-တ်ခံရတဲ့အမှုတွေ စသဖြင့် အနိဋ္ဌာရုံပေါင်းစုံကို ကြားနေရ၊ မြင်နေရတော့ ကျွန်တော်အပါအဝင်၊ ဒီပြစ်မှုတွေက ဘာကြောင့် ဖြစ်ရတာလဲ၊ ဘာလို့ အဲလိုလုပ်ကြတာလဲဆိုတာ မေးခွန်းတွေ ထုတ်လောက်ကြမယ်ထင်ပါတယ်။ 


ဒါ့ကြောင့် ဒီစာထဲမှာ ဘာလို့ လူ-သတ်တာလဲ၊ အထူးသဖြင့် အခုမီဒီယာ ကယက်ရိုက်နေတဲ့ အပိုင်းပိုင်း ခု-တ်-သတ်ခံရတဲ့သတင်းမှာ လုပ်ခဲ့တဲ့သူက ဘယ်လိုလူမဆန်တဲ့စိတ်နဲ့ လုပ်တာလဲဆိုတာကို စိတ်ပညာ.. လေ့လာလိုက်စားသူတစ်ယောက်အနေနဲ့ သိသလောက်ပဲ မျှဝေလိုက်ပါတယ်။ စကားပလ္လင်ခံလိုတာက စာရေးသူဟာ ပညာသင် အဆင့်ပဲ ရှိသေးတာမို့ ဒီဆောင်းပါးကို.. ပြီးပြည့်စုံတဲ့ ဆောင်းပါးလို့ မမြင်စေချင်ပါဘူး။ ဒါပေမဲ့ ဆောင်းပါးဆုံးသွားတဲ့အခါ ❝ ဘာလို့ အပိုင်းပိုင်း ခုတ်-သတ်ရတာလဲ ❞ ဆိုတာကို သိသွားပါမယ်လို့ ယူဆပါတယ်။


🔳

ပထမဆုံး ပြောလိုတာက နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက အားရစရာမရှိတာ၊ ပြည်သူ့လုံခြုံရေး (Public Safety) က စည်းပေါက်နေတာအပြင် ပြည်တွင်းစစ်တွေကြောင့်လို့ဆိုနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအဆိုပြုချက်က အခြေခံလိုအပ်ချက်ပဲမို့.. ယတိပြတ်မှန်ပါတယ်။ နိုင်ငံရေး၊ နိုင်ငံအတွင်း ပဋိပက္ခ အပွတ်အတိုက်များတာ၊ အုပ်ချုပ်သူတွေက ပြည်သူတွေအပေါ်မှာ အလေးမထားတာ စသဖြင့် အကြောင်းတရားတွေပေါ့။


ဒါဖြင့်.. နိုင်ငံရေးစနစ် ကောင်းတဲ့နိုင်ငံ၊ ပြည်သူ့လုံခြုံမှုကို ဦးစားပေးတဲ့နိုင်ငံ၊ လူသ-တ်မှုဆိုတာနဲ့ အရေးတယူပြုကြတဲ့နိုင်ငံ၊ ပြည်သူတွေကို အရေးထားတဲ့နိုင်ငံတွေမှာ ဒါမျိုး အခုကြားနေရတဲ့ သ-တ်ဖြတ်မှုတွေ မရှိဘူးလား မေးမယ်ဆိုလဲ အဖြေဟာ ရှိပါတယ်။ နည်းတာရယ်၊ များတာရယ်၊ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကွာခြားသွားတာလဲ ပါမှာပေါ့။


တခြားတစ်ဖက်မှာလဲ.. ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကလဲ ရှိလိမ့်မယ်။ ဥပမာ - အကြွေးမပေးနိုင်လို့ အကြွေးရှင်ကို သူသွားလေရာ.. ထောက်လှမ်းပြီး လူပြတ်ချိန် ရှော့လိုက်တာတို့၊ အချစ်ရေးကိစ္စမှာ ကိုယ့်ချစ်သူကထားခဲ့လို့ သူ့လက်ရှိရည်းစားကို ရှော့ပစ်လိုက်တာတို့၊ နိုင်ငံရေး မငြိမ်မသက်ချိန်မှာ ဝမ်းရေးခက်ခဲလာတာနဲ့အမျှ တခြားဟာထက် လုဖို့ ယှက်ဖို့ ငွေကို လူသ-တ်လောက်တဲ့နည်းနဲ့ ရှာဖွေတာတို့ အစသဖြင့် အကြောင်းတရားမျိုးစုံ ရှိနေနိုင်ပါတယ်။


ဒါပေမဲ့ ဒီဆောင်းပါးမှာ Judiciary နဲ့ The Law of Rule လို့ဆိုတဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးအပိုင်းကို ပြောမှာမဟုတ်တာမို့ နည်းနည်းလေးကျော်သွားပါရစေခင်ဗျာ။


🔳 

အစောပိုင်းကို ပြန်ဆွဲပြောရရင်.. Nerual Mirroring လုပ်တဲ့ကိစ္စ၊ ဦးနှောက်က ပုံတူကူးယူနိုင်လားဆိုတဲ့ အချက်ပါ။


လူသားတွေရဲ့ ဦးနှောက်ထဲမှာ.. Mirrior Neuron ဆိုတာ ပါတယ်။ ဒီကောင်က ဦးနှောက်က တစ်ခုခု မှတ်ယူတော့မယ်ဆိုရင် အားပေးအားမြှောက်လုပ်တာမျိုးတွေ ရှိတယ်။ ပိုရှင်းသွားအောင် ပြောရရင် ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ အသံတွေ၊ အမူအရာတွေ၊ ကိုယ်ဟန်ကိုယ်ပန်တွေကို လိုက်တုတာနိုင်မျိုးဟာ Mirror Neuron ကြောင့်ပါ။


လူစင်စစ် ခွေးလို ဟောင်နိုင်တာ၊ ကြောင်လို မြောင်အသံနဲ့ ငြီးပြတတ်တာ၊ အဆိုတော် မိုက်ကယ်ဂျက်ဆင်အတိုင်း လိုက်ကပြနိုင်တာ၊ မက်ဆီရဲ့ ကစားဟန်အတိုင်း ဘောလုံးကစားပြနိုင်တာဟာ ဦးနှောက်က “ ပုံတူကူးယူပြ ” နိုင်တဲ့ဥပမာတွေပဲ။


◾လူတွေရဲ့ အပြုအမူကို လေ့လာတဲ့စိတ်ပညာ Albert Bandura ကလဲ Mirror Neuron အကြောင်းကို စမ်းသပ်ဖူးပါတယ်။


လူကြီးတစ်ယောက်က BoBo အရုပ်တစ်ရုပ်ကို ကလေးတွေ အရှေ့မှာ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ်ပြတယ်။ အဲဒါကို ကလေးတွေကလဲ BoBo အရုပ်ကို သူတို့ အားရှိသလောက် ကြမ်းကြမ်းတမ်းတမ်းပဲ ပြန်ရိုက်တာကို တွေ့ရတယ်။


အမှန်က ဒီလိုမျိုးဦးနှောက်က ပုံတူကူးယူတတ်တဲ့အကျင့်က မွေးရာပါဗီဇလို့ ဆိုရမှာပါ။ ဒီနေရာမှာ တစ်ခုမှတ်ထားစေလိုတာက လူတကာရဲ့အပြုအမူတိုင်းကို ကျွန်တော်တို့က လိုက်ပြီး အတုမြင်အတတ်သင်၊ တစ်နည်း ပုံတူကူးယူနေတာ အမြဲတမ်းလားဆိုလဲ မဟုတ်ပါဘူး။ ကိုယ့်စိတ်က ထိုက်တန်တယ်၊ မတန်တယ်ထင်မှ လိုက်ပြီး ကူးယူတတ်တာမျိုးပါ။


အထူးသဖြင့် အောင်မြင်နေတဲ့လူတွေရဲ့ စကားပြောဆိုပုံတွေ၊ နာမည်ကြီးနေတဲ့လူတွေရဲ့ ဖက်ရှင်အတိုင်း လိုက်ပြီးဝတ်စားဆင်ယင်တာတွေ၊ ချမ်းသာနေတဲ့လူတွေရဲ့ ငွေရှာ ငွေစု ရင်းနှီးမြှုပ်နှံမှုပုံစံတွေ.. စသဖြင့် ကိုယ်က ထိုက်တန်ပါတယ်ထင်ရင် လိုက်တုပါတယ်။ ဆိုးတာတွေကို ပုံတူကူးတာကလဲ ဒီသဘောပဲ၊ ကိုယ့်အတွက် စိတ်ကျေနပ်မှုတစ်ခု ပြန်ရတယ်ဆိုတဲ့ ထိုက်တန်မှုမျိုးနဲ့ ဆိုးတာ ပေတာမျိုး တုပါတယ်။


ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကိုယ်နဲ့ ရန်ငြှိုးရန်စ မရှိဘဲ (ရှိခဲ့ရင်တောင်) ကိုယ် ကြည့်ဖူးတဲ့ဇာတ်ကား၊ ပုံဝတ္ထု၊ ရုပ်ပြ စတဲ့နေရာကနေ လာတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေကို ကိုယ့်မသိစိတ်ထဲမှတ်ပြီး ပြန်အသုံးချတာကို တွေ့ရမှာပါ။ The Sopranos ဇာတ်ကားကို ကြည့်ပြီး သူတို့အမေရင်းကို သွေးအေးအေးနဲ့ ပြန်သ-တ်သွားတဲ့ ညီအစ်ကိုတွေရဲ့ ဖြစ်ရပ်ဟာလဲ ဒီသဘောပဲ။ အလားတူ ပုံစံတူဖြစ်ရပ်တွေလဲ ကမ္ဘာနေရာအနှံ့မှာ အများကြီးရှိပါတယ်။


◾နောက်တစ်ခု၊ ဦးနှောက်က ပုံတူကူးယူတဲ့အခါမျိုးမှာ Trend ကိုလဲ လိုက်တတ်တယ်။


ပြီးခဲ့တဲ့နှစ်တွေတုန်းက.. အွန်လိုင်းပေါ်မှာ သမီးရည်းစားချင်း ကတ်ကြေးနဲ့ ထိုး-သတ်တဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ကြားခဲ့ရတယ်။ အထူးသဖြင့် ကောင်လေးက သူ့ကိုထားခဲ့လို့ဆိုပြီး သူ့ရည်းစားဟောင်းကို ရှော့ပစ်လိုက်တာမျိုးတွေ၊ အဲဒီဖြစ်ရပ်မတိုင်ခင်ဆိုလဲ.. ရည်းစားဟောင်းကို ဘယ်လိုပြန်တုံ့ပြန်ရမယ်ဆိုတဲ့ စာတွေ၊ မှုခင်းတွေ အများကြီး တွေ့ရတယ်။


တလောကဆို ဗီယက်နမ်က အပိုင်းပိုင်း ခုတ်-သတ်ပြတဲ့ ဗီဒီယိုဖိုင် အများစု လိုင်းပေါ်မှာ ​ပျံ့လာတာ တွေ့ရတယ်။ Policy တွေ ဘာမှ မပေးထားတဲ့ တယ်လီဂရမ်တို့၊ Dark Web ထဲမှာ အဲဒါတွေ အများကြီး။ အသိတစ်ယောက် လာပို့လို့ ကြည့်လိုက်တာ၊ တော်ရုံအသည်းမာတဲ့ ကိုယ်တောင် ကြက်သီး ဗြန်းခနဲထသွားတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ်ကြည့်လိုက်တော့ အဲမှာ သတိထားမိတာတစ်ခု သွားတွေ့တယ်။


သ-တ်တဲ့သူက.. ဓ-ားအကြီးကြီးတစ်ချောင်းကို ကိုင်ထားတယ်။ သ-တ်ဖို့ အားပေးတဲ့သူက.. အပြာကားကို ဖွင့်ရင်း လိင်အာသာဖြေနေတယ်၊ ဖြေရင်း လိင်စိတ်တက်လာတဲ့အချိန် သ-တ်တဲ့သူက လည်မျိုကို အစိမ်းလိုက်ကြီး ခု-တ်ချပစ်လိုက်တာ၊ သွေးဆိုတာ ဖြာခနဲပဲ။ နောက်ထပ် ဘာလုပ်သေးလဲဆိုတော့ ကိုယ်အင်္ဂါအစုံကို လှီးတယ်။ အပိုင်းလိုက် ခု-တ်တယ်။


ဒါက.. တစ်ယောက်ပဲလားဆို မဟုတ်ဘူး။ မတူညီတဲ့ လူတွေ၊ မိန်းကလေးရော ယောက်ျားလေးတွေရော ပါတယ်။ သူတို့လဲ အဲဒီဗီဒီယိုဖိုင်ကို ကြည့်ဖူး၊ မြင်ဖူးတယ်လို့ ယူဆလို့ ရတယ်။ မဟုတ်ရင် အဲလောက်ကြီး အရဲစွန့်ကြမယ်လို့ မထင်ဘူး။


◾တစ်ခါ ကိုယ့်ကိုယ်ကိုယ် Suicide ပြန်လုပ်ပြတဲ့ Vd ဆိုလဲ my day တွေမှာ Trend ဖြစ်ခဲ့ဖူးတယ်။ တကယ်ဆိုးပါတယ်။ (မပြောပြတော့ဘူး)


ဆိုတော့ ဒီဖြစ်ရပ်မှန်တွေကို ကြည့်လိုက်ခြင်းအားဖြင့် လူ့ဦးနှောက်ဟာ Trend အနောက်ကို.. လိုက်ပြီး ပုံတူကူးယူတတ်တဲ့ သဘောမှာ ရှိတယ်။ ဒီနေရာမှာ လူသ-တ်မှုတွေ ဖြစ်တာ၊ ကွင်းဆက်လူသ-တ်သမားတွေ ကျူးလွန်နေကြတာ၊ စိတ္တဇလူသ-တ်သမားတွေ လူသ-တ်တာ၊ လူသ-တ်မှု ဖြစ်စဉ်တွေဟာ ဦးနှောက်ရဲ့ Neural Mirrioring ကြောင့်ပဲလားဆို ဒီတစ်ခုကြောင့်တင် မဟုတ်ပါဘူး။ 


အဲဒါအပြင်ကို ဗီဇ၊ ပတ်ဝန်းကျင်၊ ကျူးလွန်သူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့လဲ ဆိုင်ပါတယ်။ ဒါဆို ဘယ်လိုဆက်နွှယ်နေလဲ။


🔳

လူသ-တ်မှုဖြစ်စေတဲ့ အကြောင်းပြချက်မှာ ပထမဆုံးပြောရမယ်ဆိုရင် ဦးနှောက်အကြောင်းပဲ အရင်ပြောရမှာပါ။ ဦးနှောက် အပြင်လွှာရဲ့ အရှေ့ဆုံးမှာရှိတဲ့... Orbitofrontal Cortex က ကျွန်တော်တို့ ဆုံးဖြတ်ချက်ချဖို့၊ ဒေါသမထွက်အောင် ထိန်းချုပ်ပေးဖို့ အဓိက အလုပ်လုပ်ပေးတယ်။ အဲအပိုင်း အားနည်းနေသူဆိုရင် စိတ်တိုတာ၊ စိတ်ဆတ်တာ၊ ဝုန်းဒိုင်းကြဲတာ၊ နောက်ဆုံးကျ.. လူသ-တ်ဖို့ ဝန်မလေးတဲ့အထိ ဖြစ်စေတယ်။ 


မရှက်တမ်းဝန်ခံရရင် စာရေးသူ ဘုန်းမောင်ဦးကလဲ အဲလို အားနည်းနေသူတစ်ယောက်လို့ ဝန်ခံရမှာပါ။ သို့သော်လဲ လူသ-တ်လောက်တဲ့ထိ စာနာမှုကင်းမဲ့တာမျိုး ကျွန်တော့်မှာ မရှိသေးပါဘူး။ ဘာလို့ဆို.. ကျွန်တော့်မှာ စိတ်ဒဏ်ရာကြီးကြီးမားမားမရှိတာ၊ စာနာနွေးထွေးတတ်တဲ့ မိသားစုတွေ.. သူငယ်ချင်းတွေ.. လုပ်ဖော်ကိုင်ဖက်တွေ ရှိခဲ့ဖူးတာ၊ စာကောင်ပေမွန်နဲ့ထိတွေ့ဖူးတာ ဒါတွေကြောင့် လူသ-တ်လောက်တဲ့အထိ စာနာမှုမမဲ့သေးဘူးလို့ ဆိုရပါလိမ့်မယ်။


◾ဒီသဘောက လူသ-တ်သမားတစ်ယောက် ဖြစ်စေတဲ့ အကြောင်းပြချက်ကို ကိုယ်နဲ့ယှဉ်ပြီး ဥပမာပေးတာလိုက်တာပါ။ အမှန်တကယ်တမ်း မျိုးရိုးဗီဇအပြင်.. လူတွေဟာ သူတို့ ကြီးပြင်းတဲ့မိသားစု၊ သူတို့ပေါင်းသင်းနေတဲ့လူတွေ၊ သူတို့ လိုက်စားနေတဲ့ပညာရပ်တွေနဲ့ သက်ဆိုင်တာ တွေ့ရပါတယ်။


မှုခင်းစိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Helen Morrison ပြုစုခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာဆို လူသ-တ်သမား ၁၃၅ ယောက်ရဲ့ တူညီတဲ့စိတ်ဓာတ်နှစ်ခု ထင်ထင်ရှားရှား တွေ့ရပါတယ်။ ပထမတစ်ခုက ခန္ဓာကိုယ်ထဲမှာ ခရိုမိုဇုမ်း (chromosome) တွေ မူမှန်နေတာရယ်၊ နောက်တစ်ခုက လူသ-တ်သမားတိုင်းဟာ “ ထိုက်တန်လို့ ငါလုပ်တာ ” ဆိုတဲ့ Mindset ကို လက်ကိုင်ထားကြပါတယ်။


ခရိုမိုဇုန်း မူမမှန်တာ လူသ-တ်လောက်စေတဲ့အထိ ဖြစ်စေပေမဲ့ တချို့မူမမှန်တဲ့လူတွေက လူသ-တ်သမားတွေမဖြစ်ဘဲ တခြားနယ်ပယ်မှာ ကျော်ကြားနေတဲ့လူတွေ၊ လူတွေကို အကျိုးပြုနေတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒီအထဲမှာ Mr. Bean သရုပ်ဆောင်တဲ့ Rowan Atkinson လိုလူ၊ နက်ဗ်ကြော သိပ္ပံပညာရှင် James Fallon လိုလူတွေတောင် ပါနေကြတယ်။


◾ခရိုမိုဇုမ်းထက် ငယ်ဘဝမှာ မေတ္တာငတ်ခဲ့တာမျိုးတွေ၊ အဖေက နေ့စဉ်နဲ့အမျှ အမေ့ကို ရိုက်နေတာကို ခဏခဏ တွေ့ခဲ့ရတာတွေ၊ ကျောင်းတွင်း အနိုင်ကျင့်ခံခဲ့ရတာတွေနဲ့ အများကြီးဆက်နွှယ်နေပါတယ်။ ဆိုတော့ ဒီလိုမျိုး ဆိုးတာနဲ့ ကလေးငယ်တွေတိုင်းမှာ.. Orbitofrontal Cortex အားနည်းသွားပါတယ်။


ဒီ့အတွက်ပဲ လူတစ်ဖက်သားအပေါ် မှိုချိုးမျှစ်ချိုး ပြောပစ်ဖို့ ဝန်မလေးတာ၊ ကိုယ်ထိလက်ရောက်ရိုက်ဖို့ မရွံ့နေတာ၊ ကလေးဆို အနိုင်ကျင့်ဖို့၊ ဒီ့ထက်ဆိုးတာဆို မုဒိ-မ်းကျင့်ဖို့၊ ကျင့်ပြီး လူသ-တ် အကောင်ပျောက်ဖို့ လက်ရဲဇာက်ရဲလာတယ် ဆိုရမှာပါ။ နောက်တစ်ခုက.. ထိုက်တန်တယ်ဆိုတဲ့ Mindset ပါ။


Serial Killer (ကွင်းဆက်လူသ-တ်သမား) တွေ ကျူးလွန်မှုတွေကို ကြည့်လိုက်ရင် အများစုက ပုံစံချင်းဆင်တူကြပါတယ်။ အဲဒါထက် သူတို့လက်ကိုင်ထားတဲ့ စိတ်က တစ်ခါလုပ်လို့ ရရင်၊ ပထမတစ်ခါ ကျူးလွန်တာ လွယ်ကူသွားခဲ့ရင်၊ ဒါမှမဟုတ် သူတို့အတွက် လွတ်လွတ်လပ်လပ်ဖြစ်ခဲ့မယ်ဆိုရင် နောက်ထပ်ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။ ကိုယ်နဲ့ ရန်ငြှိုးရန်စမရှိတဲ့လူကိုတောင် ဆင်တူရာ လိုက်သ-တ်ပါတယ်။


◾နောက်တစ်ချက်က Transference ပဲ။ Transference ကို နားလည်အောင်ပြောရရင် ကိုယ့်ကို လုပ်သွားတဲ့သူက တစ်ယောက်၊ ကိုယ်ပြန်လုပ်သွားတဲ့သူက တစ်ယောက်။ အဲဒီမှာ ကိုယ်ပြန်လုပ် (ပြန်သ-တ်တဲ့သူ)က ကိုယ့်ကိုလုပ်သွားတဲ့သူနဲ့ ပုံစံချင်း သွားဆင်နေတာမျိုးတွေ ဖြစ်နေတာပဲ။


ဆိုပါစို့၊ ကိုယ့်ကို အသည်းခွဲသွားတဲ့ ကောင်မလေးပုံစံက အသားဖြူဖြူ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်။ ဒါကိုပဲ ကိုယ်က အသားဖြူဖြူ.. အရပ်မြင့်မြင့်.. ဆံပင်ရှည်တဲ့မိန်းမတွေ မြင်ရင် ရွံတယ်။ သ-တ်ပစ်ချင်လောက်အောင် မုန်းတယ်ဆိုတာမျိုး။ တကယ်တမ်း ကိုယ်မုန်းနေတဲ့လူက ကိုယ်နဲ့ ဘာရန်ငြှိုးရန်စမှ ရှိမနေဘူး။


နောက်ထပ် အဖေက အမေ့ကို လက်ပါလို့ ယောက်ျားယူဖို့၊ ယောက်ျားဆို ဘယ်ယောက်ျားမှမကောင်းဘူးလို့ မြင်ကြတဲ့ အမျိုးသမီးတွေ၊ မုဒိ-မ်းကောင်ကြောင့် မလိုချင်ဘဲ ရခဲ့တဲ့ကိုယ်ဝန်ကို မွေး.. ပြီးရင် ကလေးက မုဒိ-မ်းကောင်နဲ့ တူနေတာ မြင်တိုင်း ကလေးကို အမုန်းတရားနဲ့ ပြောဆိုတဲ့မိခင်၊ ဒါတွေဟာ Transference တွေရဲ့ သဘောထဲမှာ ပါပါတယ်။


🔳

ဒီနေရာမှာ အများစု မေးခွန်းထုတ်ကြတာက ဘာလဲဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်အနေနဲ့ ဒါမျိုးလုပ်နိုင်လားဆိုတာပါ။ အဖြေကတော့.. လုပ်နိုင်ပါတယ်။


◾၁၉၉၃ ခုနှစ်၊ အင်္ဂလိပ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အသက် ၁၀ သာ ရှိသေးတဲ့ ကလေးနှစ်ယောက်က အသက် ၃ နှစ်ပဲ ရှိတဲ့ ကလေးကို သ-တ်တဲ့အမှု။ ဒီအကြောင်းကို Murder of Innocence ခေါင်းစဉ်နဲ့ Google မှာ သွားဖတ်လို့ရတယ်။


◾၂၀၀၂ ခုနှစ်၊ ဂျာမဏီနိုင်ငံမှာ ကိုယ့်ရဲ့ မိသားစုဝင် ၅ ယောက်ကို ေ-သနတ်နဲ့ ရှော့ပစ်ခဲ့တဲ့အမှု၊ တရားခံကြည့်တော့ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ ဒီအ​ကြောင်းကိုလဲ Germany family murder 2002 teenager (Keyword) နဲ့ ရှာဖတ်လို့ ရပါတယ်။


◾၂၀၂၄ ခုနှစ်၊ တောင်ကိုးရီးယားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အမှု၊ ကောင်လေးက ဆယ်ကျော်သက် ၁၇ နှစ်၊ အသ-တ်ခံရတဲ့သူက အတန်းဖော်။ ဒီသတင်းကို Comment မှာ ချထားပါတယ်။


ပြောချင်တာကတော့ ကလေးတွေဟာလဲ ကျူးလွန်နိုင်ပါတယ်။ Percentage တော့ နည်းတာပေါ့။ FBI စာတမ်းတွေအရ လူသ-တ်မှုတွေရဲ့ ၇ % လောက်က ကလေးတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဆိုတော့ ဒါကို ကြည့်ခြင်းဖြင့် ကလေးပဲ၊ ဒါမျိုးတော့ မလုပ်လောက်ဘူးလို့ ထင်လို့မရပါဘူး။


ဆယ်ကျော်သက် ကလေးတွေက လူကြီးတွေထက် ပုံတူကူးယူမှုအပိုင်းမှာ ပိုမြန်သလို၊ ပိုသွက်ပါတယ်။ အများစု ကွင်းဆက်လူသ-တ်သမားတွေဟာ ကြီးမှ ကျူးလွန်ကြတာထက် ငယ်ငယ်ကတည်းက လက်ဇလက်နတွေ ရှိနေတာ အများကြီးတွေ့ရတယ်။


📌 Ratsasan ဆိုတဲ့ အိန္ဒိယဖြစ်ရပ်မှန်ဇာတ်ကားကို သွားကြည့်ကြည့်ပါ။ ကွင်းဆက်လူသ-တ်သမားက လူကြီးဆိုပေမဲ့ သူငယ်ငယ်ကတည်းက မိန်းမတွေကို မုန်းတီးနေတဲ့လူ၊ အသက်ငယ်ငယ်နဲ့ မိန်းကလေးတွေမြင်ရင် သ-တ်ပစ်ချင်တဲ့စိတ်က သူ့ကိုယ်ထဲ စီးဆင်းနေတယ်။ စိတ်ဝင်စားဖို့လဲ ကောင်းသလို တစိမ့်စိမ့် ကျောချမ်းဖို့လဲကောင်းတယ်။


🔳

ဒါဆို ဒီလို လူသ-တ်မှုတွေကို လျော့လာအောင် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။ ပပျောက်သွားအောင် လုပ်ဖို့ဆိုတာ အဖက်ဖက်က ပြည့်စုံနေရမှာမို့ အတတ်နိုင်ဆုံး လျော့ကျအောင်ပဲ အရင်လုပ်ရမှာပါ။


ဖြစ်နိုင်ရင် အနိဋ္ဌာရုံဖြစ်စေတဲ့ ဇာတ်ကား၊ ဝတ္ထု၊ ဓာတ်ပုံတွေကို မကြည့်တာပိုကောင်းပါတယ်။ Psychopath ကို အသားပေးရိုက်တဲ့ဇာတ်ကား၊ ပုံဖော်ထားတဲ့ ဝတ္ထုတွေရဲ့ ရည်ရွယ်ချက်က လူ့စိတ်အမှောင်ခြမ်းကို နားလည်အောင် ချပြဖို့ပါ။ မကြည့်တတ်ဘူးဆိုရင်.. အတုခိုးတတ်ပါတယ်။ လုံးဝ မကြည့်ရဘူးလို့တော့ မပိတ်ပင် မတားမြစ်ချင်ဘူး။


ကြည့်တဲ့သူက အသက်မပြည့်သေးတဲ့သူဆိုရင် အန္တရာယ် အင်မတန်များပါတယ်။ အဲဒါထက်ဆိုးတာက ဇာတ်လမ်းမှာပါတဲ့ ဇာတ်ဝင်ခန်း၊ ဇာတ်ကားထဲက လူသ-တ်သမားတွေရဲ့ပုံစံ၊ လူသ-တ် အ-လောင်းဖျောက်တဲ့ပုံစံအတိုင်းကို လိုက်လုပ်ခဲ့တဲ့ဖြစ်ရပ်တွေ၊ မှုခင်းတွေ အများအပြားတွေ့ရပါတယ်။


◾မိဘတွေအနေနဲ့ ကိုယ့်ကလေး Bully လုပ်တာမျိုး၊ ဒါမှမဟုတ် Bully လုပ်တာခံရတာမျိုးဆိုရင်.. သတိထားပြီး ဆုံးမပြောပြဖို့ လိုပါတယ်။ ကလေးပဲ ဒါမျိုးမလုပ်လောက်ဘူးဆိုတာမျိုး မတွေးစေချင်သလို၊ အလိုလိုက်ထားတာ၊ အတင်းအကျပ် ဖိနှိပ်ချုပ်ခြယ်တာမျိုးတွေက လွဲမှားနေတဲ့ ဆုံးမနည်းတွေပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို လူသ-တ်ရတဲ့အကြောင်းအရင်းရဲ့ အခြေခံသဘောတရားကို သိရှိလောက်မယ် ထင်ပါတယ်။ ဖြစ်နိုင်ရင် ဒီဆောင်းပါးကို လက်ဆင့်ကမ်းမျှဝေပေးဖို့ တိုက်တွန်းပါတယ်.. ခင်ဗျား။


ဘုန်းမောင်ဦး

အောက်တိုဘာ ၉၊ ၂၀၂၅။


Ref;

1. Inside Criminal Mind by Stanton E. Samenow

2. The Psychology of Murder | Psychology Today

3. Understanding the mind of a serial killer

4. Transference: What It Means and How It Affects Therapy

5. Orbitofrontal cortex: definition, structure and function | Kenhub

6. Characteristics of family killers revealed by first classification study | Birmingham City University

7. နိုင်ငံကျော်မှုခင်းဇာတ်လမ်းများနှင့် ထောင်တွင်းဖြစ်ရပ်မှန် ဇာတ်လမ်းများ | ဆရာ လင်းမြတ်တေဇ

၈. မှုခင်းနှင့် လျှို့ဝှက်သည်းဖို (ဘာသာပြန်ဝတ္ထုတိုများ) | ဆရာ မောင်ခေတ်ထွန်း

၉. The murder of innocence | James Bulger murder | The Guardian


Disclaimer

This article is for educational purposes only, sharing information about homicide and psychopathic killers. It is not intended to harm or target any specific individual. Therefore, even if some keywords may seem to conflict with Facebook's policies, I request that it not be banned.


***ဆရာ ဘုန်းမောင်ဦး၏ စာမျက်နှာမှကူးယူဖော်ပြသည်။