⛩️ မြန်မာတွေက ‘China’ ကို ဘယ်လိုအကြောင်းကြောင့် ‘တရုတ်’ လို့ ခေါ်ကြတာလဲ။ ⛩️
China ကို ကျွန်တော်တို့ မြန်မာတွေက တရုတ် လို့ ခေါ်ကြတယ်။ တရုတ်တွေကလည်း ကျွန်တော်တို့ မြန်မာတွေကို မြန်တျန့် လို့ ခေါ်ကြတယ်။
မြန်မာကို မြန်တျန့် လို့ ခေါ်တာက ဘာသာစကား အသံထွက် ဖလှယ်မှုအရ နီးစပ်မှုရှိပြီး ချိုင်းနား (China) ကို မြန်မာတွေက တရုတ် လို့ ခေါ်တာကျတော့ အသံဖလှယ်မှုအရ အလွန် ကွဲလွဲတဲ့အတွက် ကျွန်တော့အဖို့ အတန်းပညာရေး သင်ယူစဉ်ကာလမှာ ပဟေဋိတခု ဖြစ်ခဲ့ပါတယ်။
ပဟေဋိ ဖြစ်ခဲ့တဲ့ ဒီကွဲလွဲမှုကို လက်လှမ်းမီရာ အများသူငှါများကိုလည်း မေးကြည့်စူးစမ်းခဲ့ပါတယ်။ အတော်တော်များများကလည်း မသိကြပါဘူး။ China ကို ‘တရုတ်’ လို့ ခေါ်ဝေါ်ခဲ့တာလဲ သမိုင်းကြောင်းကို ရှင်းလင်း ရေးသားထားတဲ့ စာအုပ်စာပေတွေလည်း မရှိသလောက်ပါပဲ။
ကျွန်တော် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ကာလမှာလည်း ကိုယ်သိချင်ခဲ့တဲ့ အကြောင်းအရာတခုကို အခါအားလျော မေးမြန်း စုံစမ်းကြည့်ပါတယ်။ ကျေနပ်စရာကောင်းတဲ့ အဖြေမရခဲ့ဘူး။
ဒီလိုနဲ့ အနှစ် ၂၀လောက် ကြာညောင်းခဲ့ပြီး internet တွင်တွင်ကျယ်ကျယ် အသုံးပြုလို့ ရတဲ့ကာလမှာတော့ ကိုယ်သိချင်ခဲ့တဲ့ အကြောင်းအရာတခုကို ပြန်လည်သတိရလို့ Google မှာ တရုတ်ပြေးမင်း လို့ ရိုက်ထဲ့ပြီး ရှာကြည့်ပါတယ်။
ပုဂံမင်း၊ နရပတိစည်သူမင်း အကြောင်းတွေ ပေါ်လာတယ်။ ဖတ်ရှုကြည့်တယ်။ ငဆောင်ချမ်း တိုက်ပွဲ အကြောင်းလည်း ဖတ်ရှုရတယ်။ မွန်ဂိုတာတာ တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့တာကို ဖတ်ရတယ်။
ဒီနေရာမှာ ‘တာတာ’ ဆိုတဲ့ စကားလုံးက တရုတ် နဲ့ ဆက်စပ်နေမလား လို့ စဉ်းစားမိတယ်။ မွန်ဂို လို့ မရေးဘဲ မွန်ဂိုတာတာ လို့ ရေးထားတာကို သံသယ ဖြစ်မတယ်။ မွန်ဂို နဲ့ တာတာ သည် အတူတူပဲလား၊ ပေါင်းစပ်ထားတာလား။
ကမ္ဘာ့မြေပုံကို ပြန်ကြည့်ပြီး တရုတ် မွန်ဂိုလီးယား၊ မန်ချူးရီးယား၊ တိဗက်၊ ရုရှား၊ တူရကီ နိုင်ငံများရဲ့ နယ်နမိတ် ထိစပ်မှုကို လေ့လာဖြစ်သွားတယ်။ အာရှ ဥရောပ ပိုးလမ်းမအကြောင်း ပြန်လည် ဖတ်ရှုဖြစ်တယ်။ ‘တူရကီ’ အသံထွက်
သည် ‘တရုတ်’ နဲ့ အသံဖလှယ်မှုအရ ဆက်စပ်နေမလားလို့ အတွေးဝင်လာတယ်။ တွေးရင်းတွေးရင်းနဲ့ ငါ့မှာ ဘာစာအုပ်များ ရှိနိုင်သေးသလဲလို့ စဉ်းစားမိတယ်။
စဉ်းစားရင်း စဉ်းသားရင်းနဲ့ ရေးရေးလေး ပေါ်လာတယ်။ လွန်ခဲ့သော ၅နှစ်လောက်က ရန်ကုန် ကို ပြန်
ရောက်တဲ့ကာလမှာ Physics major က သူငယ်ချင်း တယောက် ဖြစ်တဲ့ Sabe Lwin လက်ဆောင်ပေးခဲ့တဲ့ စာအုပ်တအုပ်မှာ ဖေါ်ပြထားတဲ့ အကြောင်းအရာ အချို့ကို အမှတ်ရမိတယ်။ စာရေးဆရာက တရုတ်သွေးနှောတဲ့ သမိုင်းပညာရှင် တယောက် ဖြစ်တာကို ပြန်ပြောင်းမှတ်မိသွားတယ်။
အိမ်ရှေ့က စာအုပ်ဘီဒို မှာ အမှတ်ရမိတဲ့ စာအုပ်ကို သွားရှာတယ်။ တွေ့ပါပြီ။
စာအုပ်အမည်က -။
SELECTED WRITINGS OF U YI SEIN
ဦးရည်စိန် ၏ လက်ရွေးစင် စာတမ်းများ။
စာအုပ်ကို ယူပြီး ဖတ်ကြည့်တယ်။ စာအုပ်ဆိုသော်လည်း မဂ္ဂဇင်းမှာ ရေးထားတဲ့ အကြောင်းအရာများကို ပြန်လည်စုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေထားတာပါ။
ရေးထားတဲ့ အကြောင်းအရာတွေက ရှေးတရုတ်တို့ သိခဲ့သော ပျူနိုင်ငံများ၊ ပျူအကြောင်း၊ ဗိသာနိုး၊ သုဝဏဘူမိ၊ ရှေးဟောင်း ထိုင်း ရှမ်းများ၊ တိဗက်၊ ထိုင်း ရှမ်း၊ စိန့်တိုင်း တို့ ဖြစ်ပြီး ဒီထဲက စိန့်တိုင်း ခေါင်းစဉ်အောက်မှာ တရုတ် တရက် ဟူသော အမည်များ၏ ဇာစ်မြစ် ကို ဖတ်ရှု ကြည့်ပါတယ်။
ဒီစာအုပ်ရဲ့ စာမျက်နှာ 431 ကနေ 440 မှာ ဆရာကြီးရဲ့ ရေးသားမှုတွေဖြစ်တဲ့
တရုတ် တရက် ဟူသော အမည်များ၏ ဇာစ်မြစ် ခေါင်းစဉ်ခွဲ အောက်က အကြောင်းအရာတွေကို အကျဉ်းချုပ်ကြည့်ရင်.......
BC 403-220 အချိန်အခါက ယခု တရုတ်နိုင်ငံ ၏ အနောက်ဖက်တွင် Chin အမည်ရှိသော ပဒေသရာဇ်နယ် ရှိခဲ့သည်။ ထိုနယ်တွင် Cheng အမည်ရသောမင်းလက်ထက်၌ အခြားသော ပဒေသရာဇ်နယ်များကို တိုက်ခိုက်အောင်မြင်ပြီး တရုတ်နိုင်ငံ တခုလုံးကို စုစည်း၍ ချင် မင်းဆက်ကို တည်ထောင်ခဲ့သည်။
မိမိကိုယ်ကိုလည်း Shi Huang Di ပထမ ဧကရာဇ် ဟူသော ဘွဲ့ကို ခံယူသည်။ တရုတ်တို့က Qin Shi Huang Di ဟု ခေါ်ကြသည်။
Shi Hung Di တက်လာပြီးသည့်နောက် တရုတ်နိုင်ငံ မြောက်ဖက်တွင် မကြာခဏ ချင်းနင်းလာရောက်တတ်သည့် တုရ်က် အနွယ်ဝင် အမျိုးစု (Turkie Tribes) ဖြစ်သော Hun တို့ကို ဟန့်တားနိုင်ခဲ့သည်။
Shi Hung Di သည် တရုတ်နိုင်ငံ အနောက်တောင်ဖက်တွင် ရှိသော Tien Kingdom ကိုလည်း သိမ်းပိုက်ရန် ကြံစည်လာသည်။
Chin မင်းဆက် ကို အိန္ဒိယတိုင်းသားတို့က စိန (Cina) ဟု ခေါ်ဝေါ်ပြီး Chin မင်းဆက် အုပ်စိုးသောဒေသကို စိနရဋ္ဌ ဟု ခေါ်တွင်လာသည်။
Shi Hung Di ကွယ်လွန်ကြီး ၃နှစ်အကြာတွင် Chin Dynastry ပျက်သုဉ်းပြီး Han Dynasty တက်လာသည်။
သို့သော်လည်း အိန္ဒိယတိုင်းသားတို့က စိနဒေသ (စိနရဋ္ဌ) ဟု ဆက်လက် ခေါ်တွင်သည်။ ယင်းအမည်သည် ဥရောပနိုင်ငံအထိ ပြန့်သွားပြီး ဥရောပတိုင်းသားတို့က စိန (Cina) ကို အသံဖလှယ်ထားသည့် ချိန (China) ဟု ခေါ်ဝေါ်ကြသည်။
မြန်မာတို့ကလည်း တရုတ်ဒေသကို စိန၊ စိန့် ၊ စိန့်တိုင်း (စိန့်ပြည်) ဟု ခေါ်ဝေါ် ခဲ့ကြသည်။
ခရစ်နစ် ၁၃ ရာစု နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ မွန်ဂိုတပ်များ ဝင်ရောက်လာသည်။ မွန်ဂိုတပ်တွင် တုရ်က် (Turk) စစ်သည်များစွာ ပါလာသည်။ Turk ကို တိဗက်သားတို့က ဒရုဂ် (Drug) ဟု ခေါ်ကြသည်။ (ရှင်ဒိသာပါမောက္ခ ၏ ကျောက်စာတွင် မွန်ဂို တို့ကို တရုတ် ဟု သုံးနှုံးရေးသားထားသည်)
မွန်ဂိုစစ်သည်တို့သည် စိန့်သားတို့နှင့် ဝတ်စားဆင်ယင်မှု အားဖြင့်သော်လည်းကောင်း၊ ဘာသာစကား အားဖြင့်သော်လည်းကောင်း မတူညီကြောင်းကို ပုဂံမြန်မာသားတို့က ကောင်းစွာ ခွဲခြားသိမြင်ခဲ့သည်။
ထို့ကြောင့် မြန်မာတို့သည် အရှေ့မြောက်ဖက်က ချင်းနင်းဝင်
ရောက် လာသူများကို ‘စိန့်’ ဟု မခေါ်ဘဲ ‘တရုတ်’ ဟူသော အမည်ကို သီးခြားခေါ်ဝေါ်ကြသည်။ သို့ရာတွင် မြန်မာတို့သည် မွန်ဂို (Mongol) နှင့် တုရ်က် (Turk) ကို သတိမမူကြဘဲ အားလုံးကို တရုတ် ဟု ရောထွေးပြီး ခေါ်လိုက်သည်။
မွန်ဂို တို့ ချင်းနင်းဝင်ရောက်မှုသည် ပုဂံပြည်ကြီးတခုလုံးကို စိုးမိုးခဲ့၍ မြန်မာတို့၏ မှတ်သားမှုတွင် မွန်ဂို တုရ်က် အခေါ်အဝေါ်မှာ အတော်ခိုင်မြဲစွာ စွဲရစ်ခဲ့သည်။
ပုဂံခေတ် ပျက်သုဉ်းသွားသည့်အခါ မြန်မာတို့က China ကို ယခင်က ခေါ်ခဲ့သောအမည် "စိန့် " ဟု မခေါ်တော့ဘဲ မွန်ဂို တုရ်က် တို့အား ခေါ်ခဲ့သောအမည် ‘တရုတ်’ ဟူသော အခေါ်အဝေါ်ကို အသုံးပြု ခေါ်ဝေါ် ခဲ့သည်။
မြန်မာတို့သည် စိန့်သားတို့ကို တရုတ် ဟု ပြောင်းလဲ ခေါ်ဝေါ်လာပြီးနောက် ညောင်ရမ်းခေတ် ရောက်လာသောအခါ စိနရဋ္ဌ (ယခု တရုတ်ပြည်) ကို မန်ချူးတို့က စိုးမိုးလာသောခါ မြန်မာတို့က စိန့်တို့ကို တရုတ်၊ မန်ချူးတို့ကို တရက် ဟု ခွဲခြား ခေါ်ခဲ့ကြသည်။ (မြန်မာဘာသာတွင် ဖြုတ်ဖျက်၊ ရုတ်တရက် ဟူ၍ သုံးလေ့ရှိသည်)
နောက်ပိုင်းတွင် စိန့် ၊ တရုတ်၊ တရက် တို့ကို တိကျစွာ မခွဲခြားတော့ဘဲ အားလုံးကို ‘တရုတ်’ ဟု ရောထွေးခေါ်လိုက်တော့သည်။
ဆရာရဲ့ ရေးသားဖေါ်ပြမှုများဟာ အကြောင်းအကျိုုး ခိုင်လုံမှု ရှိပြီး ယုံကြည်ရတဲ့ အနေအထား ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေကို ရေးခဲ့တဲ့ သမိုင်းဆရာသည် ဦးရည်စိန် ဖြစ်ပါတယ်။ ဆရာကြီး ဦးရည်စိန် ရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်မှာ -
ဆရာ ဦးရည်စိန်ကို ၁၉၂၄ ခုနှစ်တွင် ဖျာပုံမြို့၌ မွေးဖွါးသည်။ မြန်မာ့သမိုင်း အဖွဲ့ စဖွဲ့စဉ်ကပင် ၁၉၅၅ မှ ၁၉၈၄ ခနှစ်အထိ အကြီးတန်းသုတေသန အရာရှိ၊ ထို့နောက် မြန်မာစာအဖွဲ့ဝင် (၁၉၈၈) နှင့် မြန်မာ့သမိုင်း အဖွဲ့ဝင် (၁၉၉၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ခုနှစ်တွင် Taipei မြို့၌ ကွယ်လွန်သည် ဟုဖေါ်ပြထားပါတယ်။
အရပ်ထဲမှာ ပြောဆိုနေကြတဲ့ ‘တရုတ်’ အခေါ်အဝေါ် နဲ့ ပါတ်သက်တဲ့ ကြောင်းအရာများဟာ သမိုင်း အထောက်အထား အချက်အလက်များ တင်ပြထားခြင်း၊ ပုံနှိပ်ထုတ်ဝေထားခြင်း မရှိတာကို သတိပြုမိပါတယ်။ သို့ပါသောကြောင့် သမိုင်းပညာရှင် ဦးရည်စိန် တင်ပြထားတဲ့ တရုတ် စကားလုံး ဇာစ်မြစ် စာတမ်းကို မှန်ကန်သော သမိုင်းအချက်အလက် တင်ပြချက်အဖြစ် ယူဆပါတယ်။
‘တရုတ်’ ဆိုတဲ့ အခေါ်အဝေါ်သည် မြန်မာများက တုရ်က် (တူရကီ) Turkey ကို ရည်ညွန်းခဲ့တာ ဖြစ်ပြီး ယခင်က မြန်မာများ ခေါ်ဝေါ်ခဲ့သော စိန (Cina) အမည်သည် ခေတ်အဆက်ဆက် မြန်မာများက ‘တုရ်က်’ နှင့် ရောထွေးစွာ မှတ်သားခေါ်ဝေါ်ခဲ့၍ ‘တရုတ်’ ဆိုတဲ့ အခေါ်အဝေါ် တွင်ကျယ်ခဲ့ကြောင်း ကျွန်တော် နားလည်သဘောပေါက်သွားပါတယ်။
ကျွန်တော့လိုပဲ အခြားသိချင်သူများ ရှိပါက ဖတ်ရှုလို့ရအောင် မှတ်စုရေးသား၍ မျှဝေအပ်ပါသည်။
(24.11.2019)




