Sunday, November 19, 2023

ရန်ကုန်မြို့တည်ဆောက်ပုံသမိုင်းနှင့် #ရှေးဟောင်းစေတီပုထိုးများပျောက်ကွယ်သွားရခြင်း

 “အင်္ဂလိပ်ခေတ် #ရန်ကုန်မြို့တည်ဆောက်ပုံသမိုင်းနှင့် #ရှေးဟောင်းစေတီပုထိုးများပျောက်ကွယ်သွားရခြင်း အကြောင်း”




ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင် ပါရှိသော 

၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် 

အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၏ပုံပင် ဖြစ်ပါသည်။


ယနေ့ ရန်ကုန်ဟု ဖြစ်လာလတ္တံ့သော အရပ်ဒေသသည်ခိုင်မာသောသမိုင်းကြောင်းများအရ အေဒီ ၆ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး 

ဦးအောင်ဇေယျသည် ၁၇၅၅ခုနှစ်တွင်

မွန်လူမျိုးများအား အောင်မြင်ပြီးနောက် 

ရန်အပေါင်း ကုန်စင်သည့်အဓိပ္ပါယ်ဖြင့်

ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပြီး 

ယင်းမတိုင်မီအချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး၏အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်သည့်ဆိပ်ကမ်းကို 

မူလနေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန်ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ 

ကောက်ခံခြင်း၊ မြို့ရိုးတံတိုင်းများ၊ ခံတပ်များ 

ဆောက်လုပ်ခြင်း၊ မြို့ရွာ စည်ကားအောင် 

ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကိုဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။


အလောင်းမင်းတရားကြီးလက်ထက် 

ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ 

မြောက်ဘက်တွင် ဆူးလေဘုရား၊ 

တောင်ဘက်တွင် ရန်ကုန်မြစ်၊ 

အရှေ့ဘက်၌ ကုန်သည်လမ်း၀န်းကျင်၊

(သိမ်ဖြုလမ်းနား အထိ) 

အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ်

စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် 

အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား 

ကုန်သည်များ၊ မင်းမှူထမ်းများဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသ ဖြစ်သည်။




#ပထမ_အင်္ဂလိပ်_မြန်မာစစ်ပွဲ


၁၈၂၄ - ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်တို့သည်

ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို

ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း 

စစ်ပွဲအပြီးတွင် အုပ်ချုပ်ရေးအာဏာကို 

မြန်မာမင်းများလက်သို့ ပြန်လည်အပ်နှင်းခဲ့လေသည်။


ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့တလုံးအား သိမ်းယူ၍ 

ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ် 

အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒြ္နားဖရေဇာ၏ ဒီဇိုင်းကို အခြေခံကာ ယနေ့ခေတ် 

ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။


ထိုခေတ်ကာလမှ ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်းတမ်းပြီး တောင်ကုန်း၊ စိမ့်စမ်း ရေထွက်များ ပေါများ၍ အချို့နေရာများတွင် ဒီရေ အတက်အကျနှင့် ပင်လယ်ရေ 

ဝင်ရောက်ပင် ဝင်ရောက်နိုင်လေ၏။ 


ဆူးလေစေတီတော်၏ ပတ်ပတ်လည်သည် 

အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်

ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင် 

ရန်ကုန်မြစ်မှတဆင့် စေတီတော်သို့ လှေ၊ သင်္ဘောများဖြင့်ပင်တိုက်ရိုက် ဖူးမျှော်နိုင်လေသည်။


ဖရေဇာ Plan အရ တောင်ကုန်းများကိုဖြို၊

အင်းအိုင်များကို မြေဖို့ရာမှ ပျောက်ကွယ်သွားခဲ့ရာ

ယခု မဟာဗန္ဓုလပန်းခြံအတွင်းရှိ ရေကန်ကြီးမှာ 

ထိုအင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော အစိတ်အပိုင်းဖြစ်ပြီး ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးသည်။




#ရွှေတိဂုံစေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်းအတိဖြစ်ကာ 

သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့်

ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူးလာသူများသည် 

လူအုပ်စုအများဖြင့်သာ လာရောက်လေ့ရှိကြပြီး 

ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။ 


ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေ

ရွာတွင် ရေကန်ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က 

အိုင်ကို ကန်တှောကလေးအိုင် (Kandawgalay Tank) လို့ ခေါ်ပြီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခေါ်ပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှောကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။


ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့် 

မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များကို ရန်ကုန်မြစ်အတွင်းသို့ရောက်အောင် စနစ်တကျ သွယ်တန်းခြင်း၊ လမ်းများကို ဖောက်လုပ်ခြင်း အစရှိသဖြင့် မြို့တော်သစ်ကို တည်ဆောက်ခဲ့ကြလေသည်။


ထိုသို့ တည်ဆောက်ရာတွင် လမ်းနှင့် မလွတ်၍ ၊ 

စီမံကိန်းနှင့် မကိုက်ညီ၍ ဘုရားစေတီပုထိုးများ၊

ဗလီများကို ဖျက်ဆီးခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အများအပြားကို ရွှေ့ပြောင်းစေခဲ့လေသည်။


မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသားသည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။


“ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံနေရာတွင် 

ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး 

၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ

၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခေါ်များကြသည်။




"ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတော်လမ်း 

ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတော်များ 

ခြင်္သေ့ရုပ်များ ရှေးက ရှိခဲ့ဖူးသည်။ 

ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။”


“ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေးနေရာတွင် 

ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ 

အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်းကို သစ်သားဖြင့် ကာရံထားသည်။ 

၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။


ကျိုက်မဲသံကရော(ခ) #ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟနဿတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များ ရှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက် 

ဘုရားကုန်းတော်ကို တက်ရန် ဘုရားအရှေ့စောင်းတန်းလမ်း 

ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။


 “”ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ 

ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင် 

ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီးဦးရွှန်း နေသည်။ ကျောင်းတှောတိုက် ခှောသည်။


“၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။ 

သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။”


မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ 

ထိုခေတ်ကာလမှ ရန်ကုန်မြို့ရှိ သာသနိက အဆောက်အအုံများအကြောင်း တစွန်းတစ ဖြစ်ပါတယ်။ 

ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်းအရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်းစေတီ ပုထိုး အတော်များများ ပါသွားကြောင်း သိသာ ထင်ရှားပါလေသည်။ 

ဆရာ သိန်းကြီးပြောသွားသည့် ကျိုက်မြတ်သံချို စေတီနှင့် သျှင်ပင်ရွှေကြိုး စေတီတို့မှာ အခြားမဟုတ်၊ 

လက်ရှိပုံထဲတွင် ဆူးလေ စေတီတော်၏ အနောက်နားခပ်ကျကျတွင် ဖူးတွေ့ရသော စေတီ နှစ်ဆူပင် ဖြစ်လေသည်။


ဒီနေရာမှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်း

တင်ပြပေးပါရစေ။ ကျွန်တော် ဟိုတလောက 

ဖတ်လိုက်ရသည့်ပို့စ် အချို့တွင် ”သိမ်ကြီးဈေး” မရှိစဉ်က အဲဒီနေရာမှာ ”ကျိုက်မြတ်သံချို”ဆိုတဲ့ စေတီတော်ကြီး ရှိပြီး မွတ်စလင်တွေက စျေးဆောက်ဖို့ တောင်းလို့ပဲ

 ဖြိုချဖျက်ဆီးလိုက်သလိုလို၊ ဗလီ ပဲ ကျန်ခဲ့သလိုလို၊ 

ဆူးလေ စေတီတော်၏ ဝတ္တက မြေနေရာ မှာ 

ဗလီပဲ လာဆောက်လိုက် သယောင်ယောင် နှင့် 

ဟိုလိုလို ဒီလိုလို မသေချာ မရေရာ သောအထောက်အထားများနှင့် လုပ်ကြံဖန်တီး ရေးသားထားသည်ကို 

ဖတ်ရှူလိုက်ပါတယ်။ ဒါကြောင့် နှောင်းလူတို့ 

အမှတ် အမှား နိုင်ရန် အတွက် သမိုင်းအမှန်ကို

ဒီနေရာမှာ တခါတည်းရှင်းလင်းတင်ပြအပ်ပါသည်။


မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို 

မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့် 

သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်စီးခံလိုက်ရခြင်းမှာ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်သည်။ထိုအရင်က အနီးအနားတွင် ဘာဗလီ မှ မရှိပါချေ။မည်သည့် စူလတန်ကုမ္ပဏီမှလည်း အင်္ဂလိပ် အစိုးရထံ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။


သမိုင်း အမှန်မှာ ထိုသို့ ဖြိုချဖျက်စီးခံလိုက်ရပြီး

နှစ်နှစ် ကြာသောအခါတွင်မှ ၁၈၅၄ ခုနှစ်တွင် 

ယခု သိမ်ကြီးစျေး ဟုဖြစ်ပေါ်လာမည့်နေရာကို 

မော်လမြိုင် အခြေစိုက် “စူရတီဘရားဘဇားရ် ကုမ္ပဏီလီမိတက်”မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ

စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့် 

ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးစျေးသာ ဖြစ်သည်။၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနောက် ပိုင်းမှ အေ၊ဘီ၊စီ ရုံများကို နာရီစင်နှင့် တကွ ပြန်လည်တည် ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။


သိမ်ကြီးစျေးရှိ ဗလီ ဆိုသည်မှာလည်း ၂၅လမ်းထဲရှိ 

ဘီရုံနှင့် ကပ်ရပ်ရှိနေသော ဗလီကိုသာ မှားယွင်းဆိုလိုခြင်း

ဖြစ်ဟန်တူသည်။လထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို 

ဖြိုပြီး ဗလီကို ချန်ကာ စျေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို 

သက်သေပြအပ်ပါသည်။


အပြည့်အစုံကို ဖတ်ရှူလိုသူများ


ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက် 

အထား နောက်တစ်ခုမှာ အင်္ဂလိပ်အစိုးရ၏ စီမံကိန်းနှင့် 

မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်

သိမ်ကြီးစျေးနှင့် ကပ်လျက်ရှိသော ရဟန္တာသိမ်တော်ကြီးအား ပြန်လည်နေရာ ချထားပေးပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်၏ Chapter Nine, Planning of Modern city စာမျက်နှာ ၁၉၅ တွင်

ဤသို့ ဖော်ပြထားခြင်း ဖြစ်ပေသည်။


A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a “Mogul Mosque” was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the “Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the “Thaingee” on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the “Foken Chinese temple”on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between “Mg Taw Lay” and 31st Streets.


ဒါကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်အစိုးရဟာ 

ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ 

ပြန်လည် ရောင်းစားခဲ့သော်လည်း၊ 

ရဟန္တာ သိမ်တော်ကြီးနှင့်တကွ၊ ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊ တရုတ်ဘုံကျောင်းများ၊ 

ဟိန္နုဘုရားကျောင်းနှင့် ဂျူး ဘုရားကျောင်းတို့အား 

အသီးသီး အခမဲ့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း ထင်ရှားစွာ သိနိုင်လေသည်။

ဆူးလေ စေတီတော်ကြီး၏ ဝတ္တကမြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။


ထိုစဉ်က ဆူးလေစေတီတော်သည် 

ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီး ရေပတ်လည်ဝိုင်းရံလျှက် ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ 

သာယာ၀တီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ်အဖြစ် သမုတ်ကာ 

ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ 

ဖြစ်ပေါ်၍ စေတီတော်၀န်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီး၀န်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် 

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ တည်ရှိခဲ့သည်ဟုဆို၏။


ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် 

ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။


ထို့နောက် စီမံကိန်းနှင့် မလွတ်ဟု အကြောင်းပြကာ

စေတီ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား 

သရက်ဥယျာဉ်(ယခု ဗိုလ်ချုပ်လမ်းပေါ်ရှိ သရက်တော ကျောင်းတိုက်များ)တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်တို့သည် ကျိုက်မြတ်သံချို စေတီအား 

ဖြိုဖျက်ခဲ့ပြီးနောက် ဆူးလေစေတီကြီးအား

ဆက်လက် ဖြိုဖျက်ရန် ကြိုးပန်းကြ၏။


သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊

 မဖျက်ဆီးရ ဆူးလေစေတီအား ကွေ့ပတ်သွားရမည်´ဟု 

အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း

ဆူးလေစေတီတော် ၀တ္တကမြေဖြစ်သည့် 

ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏ 

ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် 

ကုန်းတော်ငယ်ဖြစ်နေခြင်း ဖြစ်၏။ 

ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် 

သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။


တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေအနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင် ဖြစ်ပါသည်။


ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း 

ရှေးဟောင်း သမိုင်းဝင် အဆောက်အဦဖြစ်ပြီး 

၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပြီးနောက် 

ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို 

ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ်ကြသော ခေါင်းဦးရွှေမှိုင်းနှင့် ခေါင်းဦးရွှေသိုင်း တို့အား အစ္စလာမ် ဘာသာဝင်တို့၏

ထုံးစံ အတိုင်း ဝတ်ပြုရန် မြေနေရာ နှစ်နေရာအား

လှူဒါန်းပေးသနားတော် မူခဲ့လေသည်။


တနေရာမှာ ယခု အောင်ဆန်းကွင်းဟု ဖြစ်ပေါ်လာမည့်နေရာ အနီးရှိ တခြမ်းပဲ့ဗလီဖြစ်ပြီး နောက်တစ်နေရာမှာ 

မင်္ဂလာ တောင်ညွန့် မြို့နယ်အတွင်းရှိ ပိန္နဲကုန်း ရခိုင် 

ဂျာမေ ဗလီ တို့ဖြစ်ကြသည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် အင်္ဂလိပ်တို့မှ စီမံကိန်း အရ လမ်းဖောက်ခဲ့ရာ လမ်းနှင့်မလွတ်၍ ဖဲ့ချခဲ့ရပြီး 

ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်းဘေး)တွင် 

နေရာ အစားပြန်ပေးကာ တစ်ခြမ်းပဲ့ ဗလီဟူသော 

အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း

လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့်အထဲတင် 

ပါသွားကြလေသည်။


အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊ 

အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော 

အခြေခံ အဆောက်အအုံများဆောက်လုပ်ပေးခြင်း၊

ပန်းခြံများ၊ရေကန်များ ဖန်တီးခြင်း၊ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ရန်ကုန်မြို့တော်ကို အလှဆင်ကာ အရှေ့တိုင်း၏ လှပသော ဥယျာဉ်မြို့တော် အဖြစ်

နာမည်ကျော်ကြားခဲ့ဖူးလေသည်။ 


၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း

လမ်းအမည်၊ ပန်းခြံအမည်များကို ကိုလိုနီ အင်္ဂလိပ် 

အမည်များမှ မြန်မာ အမည်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင်တော့ မြို့တော် ရန်ကုန် စာလုံးပေါင်းအား “Rangoon “မှ ” Yangon”သို့ ပြောင်းလဲ 

သတ်မှတ်ကာ အခြားသော အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြလေသည်။


နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်

နယ်ချဲ့ဆိုသည်မှာ ကျူးကျော်ခံရသော နိုင်ငံ၏ 

သယံဇာတများကို အနည်းနဲ့ အများ ထုတ်ယူ

ဖျက်ဆီးသွားကြသည်သာ ဖြစ်သည်။

အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး 

နှစ် တစ်ရာကျော် အုပ်ချုပ်သွားသလို 

ကျွန်တော်တို့ မြန်မာလူမျိုးများသည်လည်း 

အင်အားကောင်းစဉ်အချိန်က အိမ်နီးချင်း အယုဒ္ဓယမြို့ကို တိုက်ခိုက်ကာ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုရား ကျောင်းကန်များကို ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် ဖြစ်သော်ငြားလည်း 

ဖျက်စီးပြီး တမြို့လုံးကို မီးတင်ရှို့ခဲ့ဖူးသည့်သမိုင်းလည်း 

ရှိခဲ့ဖူးသည်။ ပဒေသရာဇ် စနစ်နှင့် ကိုလိုနီနယ်ချဲ့ စနစ်တို့၏ ဆိုးမွေများကို ခံစားလိုက်ရခြင်းပင် ဖြစ်သည်။


#နိဂုံးချုပ်အနေနဲ့ပြောရရင်ဖြင့်


နိုင်ငံတနိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ 

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အရှိတရားအတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။

ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက်ရမည်

ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင် 

သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ 

ပေါ်ထွက်လာအောင် ပညာပေးရမည်သာ ဖြစ်ပါတယ်။


သို့သော်လည်း မိမိလူမျိုး၏ အမျိုး၊ဘာသာ၊

သာသနာ ချစ်စိတ်ကို မဟုတ်၊ မမှန်သော နည်းလမ်းဖြင့် 

မြင့်တက်လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော်တဲ့ 

နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ 

ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လည်းဘကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ ရပါတယ်။


သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို 

သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟောပြောပြီး 

နားမလည်တဲ့ ပရိသတ်ကို ရမ်းရွှီးလိုက်ခြင်းမျိုးတော့ 

မဖြစ်သင့်သလို လက်လဲ လက်မခံနိုင်ပါ၊

နှောင်းလူများ အမှတ်မှားနိုင်ပြီး ရှက်ဖွယ်လိလိသာ

ဖြစ်ပါတော့သည်။


ကိုးကား

-Journal of the Burma Research Society (JBRS)http://igpweb.igpublish.com/…/journal-of-the-burma-research…

– B.R. PEARN ရေးသားသည့် History of Rangoon

-Megacity Yangon: Transformation Processes and Modern Developments

http://books.google.com.mm/books…

သမိုင်းအကြောင်း

https://www.facebook.com/pg/www.history/about/

Credit


#KHANTNYARTHU


Friendship Family World 

မြန်မာ့သမိုင်းအကြောင်းအရာနှင့် မှတ်သားစရာများ 

Thu Zar Aye April 


ဆက်စပ်ပို့စ်

https://m.facebook.com/story.php?story_fbid=655570500085150&id=100068966187084&mibextid=9R9pXO


https://m.facebook.com/story.php?story_fbid=655412823434251&id=100068966187084&mibextid=9R9pXO

Sunday, November 12, 2023

Narcissistic Personality Disorder

 အခွင့်ထူးခံချင်သော စိတ်ကစဥ့်ကလျားရောဂါ

(Narcissistic Personality Disorder)

-----------------------------------------




မောင်မောင် ဟာ ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးသူပါ။ ဘယ်လောက်ထိအထင်ကြီးသလဲဆိုရင် သူ ဘာလုပ်လုပ်၊ ဘယ်သွားသွား အခြားသူတွေက သူ့ကို၊ သူလုပ်တဲ့အလုပ်ကို အမြဲစောင့်ကြည့်နေတတ်ပြီး သူ့ ကို အချိန်ပြည့်မနာလိုဖြစ်နေတယ်လို့ ယူဆသူပါ။ သူ့ရဲ့အတွေးအခေါ်၊ အယူအဆတွေနဲ့ အကြံပေးချက်တွေကို လက်မခံသူ၊ ဝေဖန်သူ၊ မှားနေကြောင်းထောက်ပြသူတွေဟာ သူ့လောက်ဉာဏ်မမှီသူတွေ ဖြစ်ပြီး မောင်မောင်ဟာ အဲ့လိုလူတွေနဲ့ပေါင်းသင်းလေ့မရှိပါဘူး။ သူ ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်ထိ အတွေးအခေါ်တွေမြင့်မားကြောင်း နဲ့ ဘယ်အတိုင်းအတာထိ စွမ်းဆောင်နိုင်ကြောင်းကို ထပ်တလဲလဲ ချီးကျူးသူတွေ ကိုသာ မောင်မောင်က ရွေးချယ်ပေါင်းသင်းပါတယ်။ သူဟာ ကိုယ်ချင်းစာစိတ်ကင်းမဲ့လေ့ရှိပြီး အလုပ်မှာ၊ အိမ်မှာ၊ ပတ်ဝန်းကျင်မှာ လူမှုရေးဆိုင်ရာပြဿနာတွေကို ဆက်တိုက်ကြုံတွေ့နေရပါတယ်။ မောင်မောင်ဟာ သူ့ကောင်မလေးကသာ ကမ္ဘာ့အကောင်းဆုံးလက်တွဲဖော်ဖြစ်တယ်လို့ ထင်မှတ်နေသူဖြစ်ပြီး တစ်ဖက်မှာလည်း သူ့ဆံပင်အရေအတွက်ကို မမှတ်မိလို့ဆိုပြီး ကောင်မလေးကို အမြဲပြဿနာရှာလေ့ရှိသူဖြစ်ပါတယ်။


မောင်မောင်ခံစားနေရတဲ့စိတ်ရောဂါကို Narcissistic Personality Disorder (ခေါ်) တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လူမှုစရိုက်လက္ခဏာ ကစဥ့်ကလျားရောဂါ လို့ ခေါ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးရှိခဲ့ရင် ဝေးဝေးက ရှောင်သင့်ပြီး ဒီလိုလူမျိုးနဲ့ ချစ်သူဖြစ်နေရတယ်ဆိုရင်တော့ သင်ဟာ အင်မတန်ကံဆိုးသူဖြစ်ပါတယ်။ မျက်ရည်နဲ့ မျက်ခွက်မပြတ်ရအောင်ဖြစ်နေတတ်ပြီး အစားရှောင်စရာတောင်မလိုပဲ စိတ်ဆင်းရဲတဲ့ဒဏ်ကြောင့် ဝိတ်ကျနိုင်သူတွေ ဖြစ်ပါတယ်။ ဒီ post မှာတော့ NPD စိတ်ရောဂါရှင်တွေရဲ့ ရောဂါလက္ခဏာတွေ နဲ့ ကြိုတင်ကာကွယ်နည်းတွေကို ပြောပြပေးသွားမှာပါ။


~ NPD ရောဂါလက္ခဏာများ


၁။ မိမိရဲ့အရေးပါအရာရောက်မှုကို ပုံကြီးချဲ့ခြင်း

၂။ အများသူငါရဲ့လေးစားချစ်ကြည်မှုနဲ့အာရုံစိုက်မှုကို အမြဲလိုအပ်နေခြင်း

၃။ ဘာအလုပ်မှမလုပ်ရသေးပဲနဲ့အလုပ်တွေအများကြီးလုပ်ပြီးအောင်မြင်မှုတွေရနေပြီလို့ ထင်ခြင်း

၄။ မိမိရဲ့ ပင်ကိုစွမ်းရည် (talent) တွေကို ပုံကြီးချဲ့ပြောတတ်ခြင်း

၅။ မိမိရရှိထားတဲ့ အောင်မြင်မှု၊ လက်တွဲဖော်၊ အလုပ်အကိုင် ကသာ အကောင်းဆုံးလို့ယူဆခြင်း

၆။ မိမိသည် ကျန် သာမန်သူအားလုံးထက် ထူးခြားသူဖြစ်တယ်လို့ ထင်မြင်ခြင်း

၇။ စကားဝိုင်းတွေမှာ အမြဲလုပြောလေ့ရှိခြင်း

၈။ မိမိ အကျိုးအမြတ်ရဖို့ အခြားသူများကို အသုံးချခြင်း

၉။ အခြားသူတွေရဲ့ လိုအပ်ချက် နဲ့ ခံစားချက်တွေကို ဘယ်သောအခါမှ ထည့်မစဥ်းစားပေးခြင်း

၁၀။ တခြားသူတွေ သူ့အပေါ်မနာလိုဖြစ်နေတာကိုပဲ လိုချင်ပြီး လူတိုင်းက သူ့ကိုမနာလိုဖြစ်ပါတယ်လို့ ယုံကြည်ခြင်း

၁၁။ မောက်မာပြီးအထက်စီးဆန်တဲ့အမူအရာမျိုးရှိခြင်း နဲ့

၁၂။ အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ လိုချင်တပ်မက်ခြင်း


~ NPD ဖြစ်စေတဲ့အကြောင်းရင်းများ


(၁) ပတ်ဝန်းကျင် - မိဘအုပ်ထိန်းမှုနည်းလမ်းအလွဲတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ကလေးများ (ဥပမာ - ကလေးကို အလွန်အထင်ကြီးပေးခြင်းအားဖြင့် စိတ်ကြီးဝင်စေခြင်း နဲ့ ကလေးကို အလွန်အမင်း ဝေဖန်ပြီး စိတ်အားငယ်စေခြင်း)


(၂) မျိုးရိုးဆက်ခံမှု - သင့်အဖေဟာ NPD ဝေဒနာရှင်တစ်ဦးဆိုရင် သင်ဟာလည်း NPD ဖြစ်နိုင်ခြေရာခိုင်နှုန်းများပါတယ်။


(၃) နာဗ်ကြောဆိုင်ရာဇီဝဗေဒ - ဦးနှောက်၊ အပြုအမူ နဲ့ တွေးခေါ်မှု သုံးခုကြားက အချိတ်အဆက်ပြဿနာတွေကလည်း NPD ကိုဦးတည်စေပါတယ်။


~ ကြိုတင်ကာကွယ်ခြင်း


(၁) ကလေးဘဝကစိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိခဲ့ရင် စိတ်ကျန်းမာရေးပညာရှင်ဆီမှာ စောနိုင်သမျှစောစော ကုသမှု ခံယူပါ။


(၂) မိသားစုဝင်တွေကြားယုံကြည်မှုတည်ဆောက်ပြီး ခံစားချက်ဆိုင်ရာပဋိပက္ခတွေကို ဖြေရှင်းပါ။


(၃) မိမိ သား၊ သမီးကို NPD မှကာကွယ်ရန် parenting (မိဘအုပ်ထိန်းခြင်းဆိုင်ရာ) နည်းလမ်းအမှန်တွေသင်ယူပါ။




အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။


~ ကိုးကား


(1)  Ronningstam, E. (2010). Narcissistic Personality Disorder: Current Review in Curr Psychiatry Rep (12:68-75) 

(2)  Narcissistic Personality Disorder – Symptoms and Causes by Mayo Clinic

Wednesday, November 1, 2023

ဂန္ထဝင်ဇာတ်မင်းသားကြီးတစ်ဦး သို့မဟုတ် ပုလဲစိန်"

“ဂန္ထဝင်မတွင်ခဲ့သော ဂန္ထဝင်ဇာတ်မင်းသားကြီးတစ်ဦး သို့မဟုတ် ပုလဲစိန်"




မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အပိုင် ကျပင်းကျေးရွာအုပ်စုဝင် ကုက္ကိုတန်းကျေးရွာသည် ဆင်ဖြူကျွန်း-ချောက် သွား ကားလမ်းမကြီး၏ ဘယ်ဘက်ခြမ်းတွင်တည်ရှိသောရွာကြီးတစ်ရွာဖြစ်၏။


ကုက္ကိုတန်းကျေးရွာမှာ ရုပ်ကြီးစင်ပိုင်ဆရာညို(ကျပင်းဆရာဖီး၏ ဇာတ်ဆရာ)၊ မင်းသမီးကြီး ရွှေဘော်မြ(ခ) ဦးမြခဲ၊ ဦးသောင်း(ခေါ်) နိုင်ငံကျော်ဇာတ်မင်းသားကြီး

ဦးပုလဲစိန် တို့ကို မွေးဖွားပေးခဲ့သော ရွာကြီးပင်ဖြစ်လေသည်။


ကျွန်တော် ယခုရေးနေသော ‘ နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန်' ၏ ဘဝဇာတ်ကြောင်းသည် ပြီးပြည့်စုံသော အကြောင်းအရာ ဟု မဆိုသာပေ။ အဘယ်ကြောင့်မူ စာရေးသူသည် နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန် ကို မြင်ဖူး၊ တွေ့ဖူးခြင်းမရှိ၊ ကြားဖူးယုံသာရှိသူဖြစ်သည်။

စာရေးသူ၏ ဇာတိ နေပူကန်ရွာနှင် ကုက္ကိုတန်းရွာသည်

(၂)ဖာလုံခန့်ဝေးမည်ထင်သည်။ နှစ်ရွာ့ တစ်ရွာ ဖြစ်သော်

လည်း ဦးပုလဲစိန်၏ မိဘများကို စာရေးသူမိဘများမှပြော

၍ သိခွင့်ရခဲ့သည်။ ဦးပုလဲစိန် ကိုဖြင့် နှစ်နှစ်ကာကာ မသိခဲ့ပါ။

ယခုအခါတွင် စိတ်ပါလက်ပါ လေ့လာထားသောအချက်အလက်များသည်ပင် ‘နိုင်ငံကျော်ဇာတ်မင်း

သားကြီး ဦးပုလဲစိန်' အကြောင်း အကျဉ်းမျှသာဖြစ်ပါလိမ့်မည်ဆိုတာကိုဦးစွာ ဝန်ခံပါသည်။


“ဇာတိချက်ကြွေ မွေရပ်မြေနှင့်ငယ်နာမည်"

---------------------------------

ကုက္ကိုတန်းကျေးရွာတွင် ဓါးမဦးချနေထိုင်ကြပါသော

တောင်သူမျိုးရိုး ဦးဉာဏ်+ ဒေါ်လှဝိုင်း တို့မှ မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ တပိုတွဲလဆန်း(၈)ရက်၊ သောကြာ နေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။ ငယ်မည်မှာ

‘မောင်သောင်း 'ဖြစ်သည်။


“ ဆရာထံမှာပညာရှာ"

-----------------

တောင်သူမျိုးရိုးမှ ဆင်းသက်မွေးဖွားလာသော

‘ မောင်သောင်း' ကလေးသည် ငယ်စဉ်ကပင် အဆို၊ အက

ဝါသနာကြီးကာ ရပ်ရွာပွဲများတွင် ပါဝင်သီဆိုခဲ၏။ ဒေသခံသဘင်သည်များထံတွင်လည်း နည်းခံလေ၏။

‘ ပုလဲစိန်' လောင်းလျာ ‘ မောင်သောင်း' ကလေး ထိုသို့

အဆို၊အက ဝါသနာကြီးသည်မှာ ရေခံမြေခံကောင်းသော

ရပ်ရွာဒေသ ကြောင့်ပင်ဖြစ်ပေလိမ့်မည်။

၁၉၄၉ ခုနှစ်တွင် သဘင်ပညာရှင်‘ ဗလလေး'(ဦးထွန်းရင်)

ဆင်ဖြူကျွန်းမြို့သို့ရောက်ရှိလာ၏။ ‘ ဗလလေး'သည်

‘အောင်ဗလ' ကျော်ကြားစကပင် အနီးကပ် တပည့်ခံကာ

သဘင်ပညာသင်ယူခဲ့ပြီး၊ “ အောင်ဗလ" အမည်မှ ‘ ဗလ'

ကိုယူကာ ‘ဗလလေး' ဟု ကျော်ကြားလာသူဖြစ်၏။

‘ အောင်ဗလ' ထံမှ သဘင်ပညာရော နာမည်ပါဆက်ခံ၍

မင်းသားအဖြစ်ရော ယောက်ျား မင်းသမီးအဖြစ်ပါ ကပြနိုင်သော ထင်ရှားသည့် သဘင်ပညာရှင် တစ်ဦးဖြစ်လေသည်။

သဘင်ရည်ပြည့်ဝသော ‘ ဗလလေး'(ဦးထွန်ရင်)သည်

အသက်အရွယ်ကြီးရင့်လာသောအခါ သူ့ဆရာရင်း၏မြို့လည်းဖြစ်၊ သူ့အပေါင်းအသင်များရှိရာ မြို့ဖြစ်သည့်

“ ဆင်ဖြူကျွန်း" သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

‘ ဗလလေး' သည် ညဦးပိုင်းများ၌ ဆင်ဖြူကျွန်းမြို့၏

မြို့လယ်ခေါင်လမ်းမတော်အရှေ့ဖျားမှ အနောက်ဖျားထိအောင် လမ်းလျှောက်ရင်း ကြေးစည်တီးကာ အန္တရာယ်ကင်းဂါထာများကိုရွတ်လေ့ရှိသည်။ သူ့အား “မင်းသားဘဘကြီး" ဟု ခင်မင်စွာ ခေါ်ဝေါ်ကြလေသည်။

“ မင်းသားဘဘကြီး" (ခေါ်) “ ဗလလေး" (ဦးထွန်းရင်)

ကို သိရှိသူများက မေတ္တရပ်ခံကြရာ ‘ ဗလလေး'သည်

‘ ဦးကြာခ'၊ ‘ဦးချစ်စိန်' စသောသူများနှင့် ဇာတ်ဖွဲ့စည်းကာ

ဆင်ဖြူကျွန်းမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများတွင် ကပြလေသည်။ ‘ ဗလလေး' သဘင်အနုပညာကို သိကျွမ်းထားသူများက မင်းသမီး အဖြစ်လည်း ကပေးရန် တောင်းဆိုကြ၏။ ‘ ဗလလေး' သည် ‘ ဆရာအောင်ဗလ' ၏ တပည့်ရင်းအနေးဖြင့် ကပြပေးလိုသော်လည်း အဝတ်အစား အခက်အခဲရှိနေပါကြောင်း၊ မိန်းမမင်းသမီးတို့၏ ထဘီအင်္ကျီတို့ကို ယောက်ျားမင်းသမီးက ဝတ်ဆင်လေ့မရှိသည့်

အတွက်ကြောင့် မင်းသမီးလိုကပြရန် အဆင်မပြေသေးကြောင်းကို နှစ်ပါးခွင် ပရိကံစကားအဖြစ်ဖြင့် တောင်းပန်လေသည်။

ထိုလောက် သဘင်ပညာတတ်ကျွမ်းသော ဆရာ‘ဗလလေး'ထံတွင် ‘ ပုလဲစိန်' လောင်းလျာ လူငယ် ‘ မောင်သောင်း' သည် လက်ထပ်သင် တပည့်အဖြစ်ဖြင့်ခံယူကာ

‘ ဗလလေး' ၏ ဇာတ်အဖွဲ့တွင် ပါဝင်လေတော့၏။ ဆရာ

‘ဗလလေး'၏ သင်ပြမှုဖြင့် အကကောင်း၊ အသံကောင်း၊

အဆိုကောင်းသော ‘ မောင်သောင်း' သည် ‘၁၃၁၂ ခုတပေါင်းလဆန်း(၁၄/၁၅)ရက်များ၌ ပြတောက်ရွာ ဦးထီးရှိန် ဆိုင်းအဖွဲ့နှင့်(သူ၏ဆရာ ဗလလေး (ဦးထွန်ရင်)ခေါ်

ဘဘကြီးအပါအဝင်) ကူရင်းချောက်ဘုရားပွဲမှ စတင်ကပြခဲ့ရာ ရွာကျောင်းဆရာတော်က ‘ မောင်ပုလဲ' ဟု ခေါ်တွင်ရာက‘ မင်းသားပုလဲ'၊ ‘ဗလလေး'၏ သင်ပြပေးမှုဖြင့် အကကောင်း၊ အသံကောင်း၊ အဆိုကောင်း‘မောင်သောင်း' သည်ရှေ့ထွက်မင်းသားလေး ‘ ပုလဲစိန်'၊ ထို့နောက် ခေါင်းဆောင်မင်းသား‘ပုလဲစိန်' ဟု နာမည်ကောင်းနှင့် ကျော်ကြားလာလေ၏။


“စတင်ကျော်ကြား သဘင်သမား"

---------------------------

နောက်ပိုင်း တောင်ငူ မှ ‘ဦးထွန်းကြည်' နှင့် ပေါင်းစပ်ကာ‘ကေတုသီရိ ပုလဲစိန်' ဇာတ်အဖွဲ့ကြီးကို ဖွဲ့စည်းတည်

ထောင်ကြလေသည်။ ၁၉၆၉ ခုနှစ် လောက်တွင် ရန်ကုန်ပွဲဦးထွက်အဖြစ် ‘ မိုးကောင်းဘုရား' ပွဲတော်၌ ကပြရာ မင်းသား‘ပုလဲစိန်' စတင်ကျော်ကြားလာလေ၏။ မြန်မာ့အသံ ဇာတ်သဘင်အခန်း၌လည်း နှစ်ပါးသွားခွင်ကို အသံလွှင့်လေရာ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့လေသည်။

ထို ရန်ကုန်ခွင် ပွဲဦးထွက်၌ပင် မင်းသား‘ ပုလဲစိန်' သည်

ဆင်ဖြူကျွန်းမြို့သား ကျပင်းဒေသသား၊ ဂန္ထဝင်သဘင်

ပညာ အကျော်အမော် ‘အောင်ဗလ' ၏ မျိုးနွယ်ဆက်မင်းသား ‘ ကေတုသီရိပုလဲစိန်' ဟု နှစ်ပါးခွင် ပရိကံပြောကြားရာ၌လည်း ထိုသို့ပင် ထုတ်ဖော်ပြောကြားခဲ့၏။

‘ ကေတုသီရိပုလဲစိန်'ဟု နာမည်ယူရသည်မှာ တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့် ပဋိညာဉ်ပြုချက် အရသာဖြစ်သည်။

‘ကေတု'သည် ရှေးခေတ် တောင်ငူ ၏ အမည်သင်္ကေတ၊

‘သီရိ' သည် ကျက်သရေဆောင်၊ တောင်ငူမြို့ကျက်သ

ရေဆောင်မင်းသား‘ပုလဲစိန်' ဟု ဆိုလိုခြင်းပင်တည်း--- ။

ဆင်ဖြူကျွန်း ကျပင်းဒေသကမူ မင်းသား‘ပုလဲစိန်' သည်

ဆင်ဖြူကျွန်း ကျပင်းဒေသသား ဖြစ်သည့်အပြင် ကိုယ့်ဒေသ၌ပင် သဘင်ပညာသင်ယူကာ သဘင်လောထဲသို့

ဝင်ရောက်တာဖြစ်ပါလျက် တောင်ငူမြို့ကို အမွှမ်းတင်သည့် အမည်ယူသည်ကို မကျေနပ်ကြချေ။




‘အတည်' မဟုတ် ‘ယာယီ'အမည် သာဖြစ်

--------------------------------


မင်းသား ‘ပုလဲစိန်'သည် တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့်

တွဲဖက်စဉ်က ခေတ္တမျှသာ ထိုအမည်ကိုယူခဲ့ပြီး ကိုယ်ပိုင်

သီးခြားဇာတ်အဖွဲ့ဖြင့် လှုပ်ရှားသော ဘဝတစ်လျှောက်

လုံး ၌ပင် ‘ ပုလဲစိန်' အမည်ဖြင့်သာ ကပြခဲ့လေသည်။

ဆင်ဖြူကျွန်းမြို့သား သဘင်ပညာအကျော် ‘အောင်ဗလ'

၏ သဘင်ပညာနှင့်ဂုဏ်ကို စောင့်ထိမ်းဆက်ခံသူ ဖြစ်

သည်။ဆင်ဖြူကျွန်းမြို့နှင့်ဒေသကို ဖော်ထုတ်ဂုဏ်တင်သူလည်းဖြသ်သည်။ ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်တွင်

ဆင်ဖြူကျွန်းဒေသမှ ဂန္ထဝင်စာပေရှင်နှင့်သဘင်ပညာရှင်ကြီးများ ထွက်ပေါ်လာခဲ့ပြီးသည်၏နောက်၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်းခေတ်၌လည်း ဆင်ဖြူကျွန်း- ကျပင်ဒေသ

သား နိုင်ငံကျော်ဇာတ်မင်းသားအဖြစ် ထွက်ပေါ်လာသူမှာ

ကုက္ကိုတန်းရွာသား ‘ပုလဲစိန်'ပင်ဖြစ်လေသည်။


“ဆရားကောင်းများထံ နည်းလမ်းခံ"

-----------------------------


‘ပုလဲစိန်' ဇနီး မင်းသမီး‘ခင်ဝင်းကြည်' သည် အက၊ အဆို ပိုင်နိုင်သည့် မင်းသမီး‘လှလေးစိန်' ခေါ် ‘ လင်ပန်းခွေ

လှစိန်' ၏တူမဖြစ်၏။ ‘ လှလေးစိန်'၏ ခင်ပွန်းမှာ မင်းသား

အကတွင် ‘ ကြောင်လိမ်အကကို' တီထွင်ကပြခဲ့သူ၊ ဇာတ်သီချင်းများကိုလည်း ရေးစီနိုင်သူ နာမည်ကျော်မင်းသား

‘ခေတ်ပါတီ'ပင်ဖြစ်၏။ ‘ပုလဲစိန် 'တို့ ဇနီးမောင်နှံသည်

မင်းသား‘ခေတ်ပါတီ'နှင် ဒုတိယဇနီး ‘ မင်းသမီး ‘ ပဂိုးကြည်'တို့ထံ သဘင်ပညာဆည်းပူးရင်း တွဲဖက်ပါဝင် ကပြ

ခွင့်ရခဲ့၏။ ထို့ပြင် ‘ ပုလဲစိန်' ပြည်မြို့၌ ကပြစဉ်က သဘင်

ပညာပြည့်ဝသည့် ဇာတ်စာရေးဆရာ မင်းသား‘ အမယ်ကြီးအို ဦးအောင်စိန်'နှင့် ဆုံဆည်းကာ ထပ်မံဆည်းပူခွင့် ရခဲ့ပြန်သည်။

ထိုသို့ဖြင့် ‘ ပုလဲစိန်' သည် လက်ထပ်သင်ဆရာ၊ နည်းခံဆရာ၊ ပညာရှင်များထံမှ အက၊ အဆို၊ အငို၊ အပြော၊ ဇာတ်စီး၊ သဘော စသည့် သဘင်ပညာရပ်ဆိုင်ရာ တို့ကို

ဆည်းပူးခဲ့ကာ သမားစဉ်ကြေသည့်ပြင်‘ အမြင်သစ်' နှင့်

‘ထွင်ဉာဏ်စစ်' ပါရှိသည့် ဇာတ်ဆရာမင်းသား ဖြစ်လာခဲ့

လေသည်။


ပညာဖြင့်နွဲ ‘ပုလဲစိန်' ပွဲ

-----------------

‘ပုလဲစိန်' သည် နောက်ပိုင်း ဇာတ်တော်ကြီးကို စနစ်တကျ

ကပြ၏။ ‘ဂန္ဓာရုံ'၊ ‘ရေဝတီ' စသည့် ရိုးရာယဉ်ကျေးမှုတို့ကို

အသံကောင်း၊ အဆို၊ အငို၊ အပြောတို့ဖြင့် ကပြသည်။

နောက်ပိုင်း ဇာတ်ကြီးကဏ္ဍကို သဘင်ပညာပြည့်ဝမှသာ

ကောင်းစွာတင်ဆက်နိုင်၏။ ခေတ်ပြိုင် ဇာတ်အဖွဲ့အချို့သည် နောက်ပိုင်း‌ဇာတ်တော်ကြီး တင်ဆက်မှုတွင် လျော့ရဲရဲ

ဖြသ်လာကြသည်။ အချို့မှာ ဖြစ်ကတတ်ဆန်းပင် လုပ်လာကြ၏။ ‘ ဦးပုလဲစိန်' က မြန်မာ့ယဉ်ကျေးမှု ဇာတ်ကြီးပိုင်းကို ထိန်းသိမ်းကာ ‘ ဟာကွက်' မရှိ ‘ လုံ'အောင် တင်ဆက်လေ့ရှိ၏။

‘ နှစ်ပါးသွားခွင်' ကို ပရိသတ် အာရုံအထားဆုံးဖြစ်၏။

‘ နှစ်ပါးသွားခွင်' သည် မင်းသားမင်းသမီးတို့၏ အက၊ အဆို၊ အပြော၊ လူရွှင်တော်တို့၏ ဟာသရသ ပြက်လုံးဖြင့်

ရွှင်မြူးစရာ မြိုင်ဆိုင်ကာ သဘင်ပညာ အစုံပါသည့်ကဏ္ဍ

ဖြစ်၏။ ‘ ပုလဲစိန်' ၏ ဇာတ်တွင် မင်းသား မင်းသမီးများ

အကကောင်း၊ အသံကောင်း၊ အဆိုပိုင်သူတို့နှင့်ပြည့်စုံ၏။

မင်းသားတစ်လှည့် မင်းသမီးတစ်လှည့် ကကြ၏။ မင်းသားနှင့် မင်းသမီး ‘ တွဲက' တို့လည်းပါ၏။ မင်းသား ‘ပရိကံ'

ပြောပုံလည်း စနစ်ကျ၏။ ထိုသည်မှာ နှစ်ပါးသွားခွင်၏

ကောင်ခြင်းပင်ဖြစ်၏။

‘ပုလဲစိန်နှစ်ပါးသွား' သည် မူမှန်သောမြန်မာ့သဘင် နှစ်ပါးသွားခွင်သာဖြစ်သည်။

‘အော်ပရာ' သည် ပြဇာတ်မထွက်ခင်၊ ‘ဇာတ်လမ်းတို'

တင်ဆက်မှုဖြစ်၏။ အချိန်တိုအတွင်း ဦးတည်ချက်ထိမိအောင် တင်ဆက်သည့်ခွင်ဖြစ်သည်။ ‘ အော်ပရာ' ကိုလည်း

ပရိသတ်များက နှစ်သက်ကြသည်။ ဦးပုလဲစိန်သည် အတွေးအမြင်မှန်ကန်ရေး၊ ဝိသမလောဘကင်းစင်ရေး၊ လူမှုစီးပွားမျှတရေးတို့ကို ဦးတည်ချက်ထားသည့် အော်ပရာများကို တင်ဆက်ခဲ့လေသည်။ ဇာတ်စာရေးဆရာ‘ မြင်ခြံ

အောင်နိုင်' ၏‘ ဒို့ခေတ်ရောက်ပြီ'၊ ‘ ငွေတစ်ကျပ်နှင့် ငမိုး'၊

ဆိုင်းဆရာစိန်ဗိုလ်တင့် ၏‘ ဖက်ခွက်စား' တို့မှာ ဦးပုလဲစိန်

အထူးနာမည်ကြီးသော အော်ပရာများဖြစ်လေသည်။

‘ဒို့ခေတ်ရောက်ပြီ' အော်ပရာသည် စိတ်ကူးယဉ်မှုလွန်ကဲနေသည့် အဂ္ဂိယတ်သမား၏ လွဲမားသောရပ်တည်မှုဇာတ်လမ်းဖြစ်၏။ အသံကောင်း အဆိုပိုင်သော မင်းသား

‘ပုလဲစိန်' အဂ္ဂိရတ်ရူးဇာတ်ရုပ်၌ ကပြရာ ထိုအဂ္ဂိရတ်ရူး‘ရွှေ'

ကိုတပ်မက်လွန်ပြီး အရူးဖြစ်သွားပုံ၊သူ့ကိုအများက ပစ်ပယ်

ကြပုံတို့ဖြင့်တင်ဆက်ရာ‘မင်းသားပုလဲစိန်' ငိုချင်းဆိုပုံ၌--

‘ရွှေ --- ရွှေ --- ရွှေ ---' ဟု အဆွဲ အရှည်ဆွဲ၍ ပြောင်မြောက်စွာဆိုငိုသည်မှာ ‘ ရွဲကုန်သည် အော်ပရာ'တွင်

‘ ရွှေမန်းတင်မောင်'၏ ‘ရွှေ---'အဆွဲထက် မသာသည်သာရှိမည်၊ အောက်မနိမ့်ဟု ချီးကြူကြလေသည်။

ထိုသို့ တိုးတက်သောအသိ၁အမြင်ဖြစ်စေသည့်‘အော်ပရာ'

ဇာတ်လမ်းတို့ကို ‘ ဦးပုလဲစိန်' ဆင်နွှဲ ကပြခဲ့လေသည်။


“ဟောပြောပုံခွင်" ပြန်လည်တင်

--------------------------

ဦးပုလဲစိန်ဇာတ်သည် နှစ်များစွာတိမ်မြုပ်နေသော

“ အဟောအပြော" ကဏ္ဍကို ပြန်လည်ဖော်ထုတ် တင်ဆက်ခဲ့သေး၏။ ‘ အပြောအဟော' (ဝါ) ‘ ဟောပြောပွဲ' ဟူသည်မှာ နှစ်ပါသွားမထွက်ခင် ‘ဇာတ်စာရေးဆရာ' ကဖြစ်စေ၊

‘မင်းသားကြီး'ကဖြစ်စေ၊ ဗဟုသုတဖြစ်ဖွယ်တို့ကိုဆိုင်းချက်

နှင့်အညီ အပြောကောင်းကောင်းဖြင့် မိနစ်နှစ်ဆယ်ခန့်ဟောပြောသည့်ကဏ္ဍဖြစ်၏။

ထိုသို့ ဟောပြောပွဲကဏ္ဍကို ဒုတိယကမ္ဘာစစ် မတိုင်ခင်၁၉၃၈/၁၉၃၉ ခုနှသ်လောက်တွင် ဇာတ်အဖွဲ့ကြီးအချို့ကထည့်သွင်းခဲ့ကြလေသည်။ ‘ မင်္ဂလာဦးအောင်မောင်း'

၏ဇာတ်၊ ‘အောင်လံတော်ခင်စိန်'၏ ဇာတ်တို့တွင် ဇာတ်စာရေးဆရာ ‘ ဦးစံခို'(လွတ်လပ်ရေးခေတ်၌ အလင်္ကာကျော်စွာဘွဲ့ရသူ)က မျိုးချစ်စိတ် ပွားများရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး တို့ကို ဟောပြောလေ့ရှိ၏။ အခြားဇာတ်အချို့၌

မင်းသားကြီး‘ဒုတိယဖိုးစိန်'၊ ဇာတ်စာရေးဆရာ‘အဘိဓမ္မာသောင်း' တို့ ဟောပြောကြလေသည်။


ဦးပုလဲစိန် ၏ ဇာတ်တွင်မူ၊ ဆင်ဖြူကျွန်းမြို့‘နွယ်တမယ်ရွာ' သား ဘက်စုံရ‘ဦးဇီးကွက်'(ဦးစံခင်)က ဟောပြောလေ့ရှိ၏။ ‘ဦးဇီးကွက်' က ဇာတ်ကသည်မှာ ဖျော်ဖြေမှု သက်

သက်သာမဟုတ်၊ ပွဲကြည့်သူများ အသိအမြင်တိုးပွားစေသည့် အနုပညာအလုပ်လည်းဖြစ်ကြောင်း၊ မြန်မာရာဇဝင်၌

မြင်စိုင်းခေတ်က‘ငါးစီးရှင်ကျော်စွာ' ဘုရင်ကိုယ်တိုင်‘ဒိုင်းနှင့်ကာ' ကို ကိုင်ကာ‘ကာချင်း' ဆို၍ ကာ,ကကာ အမျိုး

သားဇာတ်မာန် တက်ကြွစေရန် လှုံ့ဆော်ခဲ့ကြောင်းတို့ကိုဟောပြောလေ့ရှိခဲ့သည်။


“ဇာတ်ဆရာ ဦးပုလဲစိန်' က ပွဲကြည့်ပရိသတ်အကျိုး

ရှိစေသည့် ‘ အဟောအပြောကဏ္ဍ'ကို ပြန်လည်ဖော်ထုတ်ပေးခြင်းပင်---။"


“မြိုင်ထ"

-------

‘မြိုင်ထ' ဟူသည်မှာ မင်းသားနှင့် မင်းသမီးတို့ တောမြိုင်လမ်းခရီးတွင် တောတောင်သဘာဝကို ‘မြိုင်ထ' သီချင်းဖြင့် သီဆိုကြကာ သီချင်းနှင့်လိုက်ဖက်သည့် အကအမူတို့ဖြင့် တင်ဆက်သော နှစ်ပါးသွားခွင်ဖြစ်သည်။

အသံကောင်း၍ အဆိုပိုင်မှသာ ပီပြင်သောမြိုင်ထ ခွင်ဖြစ်နိုင်သည်။

ဦးပုလဲစိန်၏ ဇာတ်ကြီးဆယ်ဘွဲ့မြိုင်ထ(ဝေဿန္တရာမြိုင်ထ---)တို့သည် တစ်မူဆန်းသစ်၏။ ဆယ်ဘွဲ့ဇာတ်တော်လာ

ဖြစ်စဉ်တို့ကို နောက်ခံရုပ်သေပြကွက်ဖြင့် စီစဉ်ထားရှိပြီး၊

အသံကောင်း၊ အဆိုပိုင်သော ဦးပုလဲစိန်က ဇာတ်ခုံရှေ့ပိုင်းလက်ျာဒေါင့်မှ ဇာတ်တော်ဖြစ်စဉ်ကို ‘ မြိုင်ထအကဟန်'ဖြင့်ကပြခဲ့သည်။ ‘ဝေဿန္တရာမြိုင်ထ၊ မြိုင်ဟေဝန်မြိုင်ထ' တို့သည် ‘ ဦးပုလဲစိန်' ၏ လူကြိုက်များသော မြိုင်ထများပင်ဖြစ်လေသည်။


“ထင်ပေါ်၍ စင်တော်ကောက် ဇာတ်တော်ပြိုင်ပွဲ ဆုဆင်နွဲ"

-------------------------------------------

‘ဦးပုလဲစိန်'သည် ၁၉၉၀ ခုနှစ်မှစ၍ မကွေးမြို့တွင်

အခြေစိုက်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်မှ ကြီးမှူးကျင်းပသော

‘ဆို က ရေး တီး နှင့် ဇာတ်သဘင်ပြိုင်ပွဲတွင် မကွေးတိုင်းကိုယ်စားပြု ဇာတ်တော်ကြီးပြိုင်ပွဲဖြစ်သော‘ ဝေဿန္တရာဇာတ်တော်ကြီး' ဖြင့် နိုင်ငံတော်အဆင့်‘တတိယဆု' ကိုရရှိခဲ့သည်။


နောင်နှစ်များတွင်ကား သဘင်ပညာရှင် ဦးပုလဲစိန်သည်အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရလေသည်။


“ဝမ်းတစ်ထွာနှင့် သဘင်ပညာရပ်အဖြာဖြာ"

--------------------------------

ဇနီးသည် မင်းသမီးကြီး ဒေါ်ခင်ဝင်းကြည် ကွယ်လွန်ပြီးသည်၏ နောက်တွင် ဦးပုလဲစိန်သည် မကွေး၊ ချောက်၊

လယ်ကိုင်း မြို့များတွင် ဝမ်းတစ်ထွာအတွက် ဘက်ပေါင်းစုံ

သဘင်ပညာရပ်အဖြာဖြာကို အသုံးချကာ ရုံပွဲ၊ ဗလာပွဲ မရွေး ကပြ၍ ဘက်စုံသဘင်ပညာရှင်တို့သာ စွမ်းဆောင်နိုင်သည့်‘ ဘုန်ကြီးပျံဧးယာဉ်ကျူးပွဲ၊ ဘုရားထီးတင်ရတုဆိုပွဲများကို ဝမ်းရေးအတွက် လှုပ်ရှားသီးဆိုရလေသည်။


‘ဦးပုလဲစိန်' သီဆိုအသံသွင်းခဲ့သော မြိုင်ထ၊ ဇာတ်တော်ကြီးနှင့် အခြားသောအသံသွင်းဇာတ်များကို ရန်ကုန်မြို့‘အောင်လံတော်' တေးသံးသွင်းမှ တစ်ပြည်လုံးဖြန့်ချီပေးခဲသည်။


‘ဇရာ,ဆည်းဆာနဲ့ ဂန္ထဝင်၏ ဂန္ထဝင်မတွင်သည့်အချိန်ခါ'

-------------------------------------------

အသက်အရွယ် အိုမင်းကြီးရင့်လာသောအခါ ဦးပုလဲစိန်သည် မွေးဖွားရာဇာတိ ကုက္ကိုတန်းရွာသို့ နေထိုင်ရန်ပြန်လာခဲ့လေ၏။ ‘တောင်ဝှေးလဲတုန်းက ဖိုးသူတော်ကယ်နိုင်ခဲ့ပေမယ့် ဖိုးသူတော်လဲသောအခါတွင် တောင်ဝှေးကတစ်ဖန်

ပြန်လို့မကယ်' နိုင်သောဘဝကို ရောက်ရှိလာလေသည်။


သို့သော် ‘စလင်း၊ ဆင်ဖြူကျွန်း၊ တညောင် တို့၌ လာရောက်ကပြကြသော သဘင်သည်အချို့က လာရောက်ကန်တော့ကြ၏။


“သဘင်ပညာရှင်ကြီး ဦးပုလဲစိန်သည် ၂၀၀၉ ခုနှစ်၊ အသက်(၇၇)နှစ် အရွယ်တွင် သူချစ်သောရွာ၊ သူချစ်သောအနုပညာကို စွန့်လွှတ်သွားခဲ့ပြီ၊ ကုက္ကိုတန်းရွာသုဿန်၌ပင် ဂန္ထဝင် ဇာတ်မင်းသားကြီးကို မထင်မရှား မြုပ်နှံသင်္ဂြိုလ်လိုက်ရပေတော့သည်။


အောင်လွင်ဦး

ဆင်ဖြူကျွန်း


စာညွှန်း---

(၁) ‘ ဆင်ဖြူကျွန်းမိတ်ဆက်'

(၂) ‘ ပြည်သူချစ်သောအနုပညာရှင်များ'

ဆင်ဖြူကျွန်းအောင်သိန်း

(၃)‘အောင်ဗလ သဘင်ရောင်ရှိန် ဆက်ခံနွှဲသည့် ဦးပုလဲစိန်' - စင်္ကြာကိုကို။

(ဆင်ဖြူကျွန်းမဂ္ဂဇင်း အမှတ်(၆)၊ဒီဇင်္ဘာ၊ ၂၀၁၆၊ စာမျက်နှာ(၂၁၆)