Wednesday, August 11, 2010

ချစ်စရာ ကလေးငယ် (၂)

ဖြစ်ရပ် (၂)

"ဗြန်း ... ဗြန်း"
စားပွဲပေါ် ကြိမ်လုံးကျသံကြောင့် သူငယ်တန်း (ခ) ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ငါးနှစ်အရွယ် ကလေးငယ်တို့သည် မျက်လုံးကလေးများ ၀ိုင်းကာ ဆရာမကို ကြည့်နေကြ၏။
"ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါ အိမ်မဟုတ်ဘူး။ ကျောင်း ...ကျောင်း"
မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင်ပစ်တင်လိုက်သည်။
"ကဲ အားလုံး 'ဏ' ကြီး တစ်မျက်နှာ ရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင်ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာ လုပ်ခဲ့ကြရမယ်။ ကြားကြလား၊ ကိုင်း... ရေးကြတော့"
တစ်တန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ စာအုပ်တွေ ရှေ့မှာထားကာ ခုံတွေပေါ်မှာကလေးငယ်များ ငြိမ်ငြိမ်လေးတွေ ထိုင်နေကြသည်။ လက်ကလေးတွေက လွဲ၍ သူတို့မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။
ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့် ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှစည်သူအောင် 'ဏ' ကြီး အရေးမှားနေကြောင်း၊ တွေ့လိုက်ရ၏။ သူက စည်သူအောင်ကိုတိုးတိုးလေး ခေါ်လိုက်သည်။
"စည်သူအောင် စည်သူအောင် နင်ရေးတာ မှားနေတယ်။ ကကြီး ဖြစ်နေတယ်"
စည်သူအောင်က တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံ ရသည်။

"ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ"
မေမီစိုးက သူ့စာအုပ် ထောင်ပြလိုက်သည်။
"မေမီစိုး"
ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲက စာအုပ်လွတ်ကျသွားလေသည်။
"ဘာဖြစ်လို့ စကားပြောရတာလဲ၊ အခုချက်ချင်း၊ ခုံပေါ်မှာ ဒူးထောက်စမ်း၊ဒူးထောက်ပြီး ရေး၊ နောက်တစ်ခါ လှုပ်ဝံ့ လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာ မိသွားမယ်"
မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး တုန်နေသည်။ ဒူးနှစ်ဖက်၏ အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ် လေးလား မသိ၊ ဖိမိလျက်သား ဖြစ်နေသည်။သို့သော် သူနေရာ မရွှေ့ရဲ၊ မလှုပ်ရဲ၊ သည်အတိုင်း ပေ၍ စာရေးရ၏။ ကြာသော်
ဖိမိထားသည့် နေရာက တစ်စတစ်စ နာကျင်၍လာသည်။ နဖူးမှာ ချွေးတွေ စို့လာ၏။အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက်နေရသည့်အဖြစ်။ ဒူးအောက်က ပြင်းထန်လာသည့်ဝေဒနာ၊ အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်၊ နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။
သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။
"အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော် အငိုဝါသနာပါတယ်နဲ့ တူတယ်၊ထွက်ခဲ့စမ်း ရှေ့ကို"
 ကြိမ်လုံးသံ ဗြန်းခနဲအောက်၌ သူငယ်တန်း (ခ) သည် တုန်လှုပ်သွားလေသည်။

မေးခွန်း - *အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာနားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအားရိုင်းပင်းကူညီစိတ်ကို ပျိုးထောင် မပေးသင့်ဘူးလား။


လူတွေဟာ ချယ်ရီသီးနဲ့ စတော်ဘယ်ရီသီးလေးတွေ ဘယ်လိုအရသာ ရှိတယ်ဆိုတာသိအောင် ကလေးတွေ နဲ့ ငှက်ကလေးတွေကို မေးရမယ်။
                                                      Johann Wolfgang von Goethe


 ဖြစ်ရပ် (၃)


"ကဲဟယ်"

ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးသည် မျက်ရည်လည်လာ၏။ မိခင်၏ အားမလို အားမရ ဖြစ်မှု၊ စိတ်မရှည်မှုတို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

"ဒီလောက်လေးမှ မတွက်တတ်ဘူးလား ... ဟင်။ ထောင်စမ်း၊ ညာဘက်လက်ကလက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံး ချောင်းထောင်၊ ဟာ ... လေးချောင်းထောင်ပါဆို၊ မထောင်တတ်ဘူးလား။ လေးချောင်း၊ လေးချောင်း၊ ဟောဒီလို လေးချောင်း"

ကလေးမှာ အယောင်ယောင် အမှားမှား ဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှလက်လေးချောင်း ထောင်ဖြစ်သွားသည်။

"ဟုတ်ပြီ ကဲ ... ပေါင်းတော့၊ လေးနဲ့ သုံးပေါင်း၊ ဟဲ့ ပေါင်းလေ၊ဘာကြောင်ကြည့်နေတာလဲ"

"တစ် ... နှစ် ... သုံး ... ငါး ... ခြောက်"

 " ဘာ သုံး ပြီးရင် ဘာလဲ။ ဟဲ့ ... သုံး ပြီးတော့ ဘာ ... လဲ ... ဟားတစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးလားဟင်။ အဖျင်း၊ အ.အ၊ အတုံး၊ နင်တော်တော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ်တို့ဆို အပေါင်းအနှုတ်တောင်ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲ သိတဲ့ကောင်။ သွား ...လက်ပိုက်ပြီး တစ်နာရီတိတိ ရပ်နေ၊ သွား ... ငါမဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ်မကြံနဲ့ တိုင်မှာ ကြိုးနဲ့ တုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင်းဆော့ရလိမ့်မယ် မထင်နဲ့"

ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည်လေးနှစ်အရွယ် ဖြစ်ပါသည်။

မေးခွန်း - မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူ ပြောလျှင် သင် လက်ခံပါမည်လား။

ကလေးငယ်တစ်ယောက်ဟာ ပညာရှိတစ်ယောက် မဖြေနိုင်လောက်တဲ့ မေးခွန်းတွေ မေးတတ်ကြပ်ါတယ်။

                                                                                                အမည်မသိ

ချစ်စရာ ကလေးငယ် (၁)

ကလေးဆိုတာ နောက်တက်ခေတ်ရဲ့ခေါင်းဆောင်ပါ။ သူတို့လေးတွေဟာ အပြစ်ကင်းသည်တဲ့။ သူတို့ အပြစ်ကင်းကင်းဆိုတဲ့ ကလေး စရိုက်လေးတွေ အမြဲရှင်သန်နေအောင် ကျွန်တော်တို့ အရွယ်ရောက်လူကြီးများ၊ မိဘများ၊ ဆရာသမားများက ထိန်းကျောင်းပေး နားလည်ပေးကြ ပါသလားလို့ ကျွန်တော် ဦးဆုံးစဉ်းစားမိပါတယ်။  မိဘကရော ကလေးတွေကို မိမိအတ္တ အတွက် အသုံးချရာ၊ ဆရာ သမားကရော ဆရာဆိုတဲ့ နေရာကို အသုံးချတာ၊ အား.. တွေးကြည့်မိရင် မေးခွန်းပေါင်းများစွာပါ။

ကလေးတွေရင်ထဲ ကြောက်စိတ်ဆိုတာကြီး ၀င်သွားအောင်၊ မ၀ံမရဲနောက်တွန့်နေအောင်၊ သူတစ်ပါးကိုသာ အားကိုချင်စိတ်ဖြစ်ပေါ်နေ အောင် တမင်တကာမဟုတ် အမှုအမှတ်မဲ့လေးတွေ လုပ်မိတတ်ခဲ့တာ မိဘတွေကော လူကြီးတွေကော သတိထားမိပါရဲ့လား။

ကလေးစာပေ ကလေးတွေအတွက် ကလေးတွေကိုယ်စားဆိုတဲ့  စကားလုံးကြီးမသုံးချင်ပေမဲ့ ကလေးတွေကို ချစ်တတ်တဲ့ကျွန်တော် သူတို့လေးတွေ လွတ်လပ်ပျော်ရွှင်ပညာရည်ပြည့်ဝပြီး နောက်လာမယ့် နှစ်များစွာမှာ တောက်ပနေတာကိုပဲမြင်ချင်မိသူဖြစ်တာကြောင့် ဖတ်မိတဲ့ ဆောင်းပါး စာအုပ်လေးတွေမှာ ဖြစ်ရပ်လေးတွေ အကြောင်းအရာလေးတွေကို ပြန်လည် ဝေငှပေးချင်ပါတယ်။ ဖတ်ကြည့်ကြပါဦး....။
ကလေးများအရေး တကယ်ပဲ စိတ်ပူမိပါတယ်။ သားသား မီးမီးများ အားလုံး ခြောက်လှန့်ခံရခြင်းမှ ကင်းဝေးပါစေ။


"ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂါတ်ဟာ နောင်မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာဘဲရှိပါတယ်"
                                                                         ဒေါ်အောင်ဆန်းစုကြည်

ဖြစ်ရပ် (၁)

ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင်တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။သူ့မျက်နှာမှာ အပျော်ဖြင့် ၀င်းပနေ၏။ အိမ်သို့ မြန်မြန် သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှု ကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။ အားရ၀မ်းသာ ဖြစ်သွားကြမည့်မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ "ဒါမှ င့ါသား ... ကွ" ဟူသော အဖေ၏ချီးမွမ်းသံကို ကြားချင်လှပြီ။ ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကိုခံယူချင်လှပြီ။ ကလေးငယ်သည် ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။

ရှေ့မှာ အိမ်ကို မြင်နေရပြီ။

အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွှန့်တို့ကိုခြေဖျားဖြင့် ခတ်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာ မအံ့သြနိုင်ဘဲအိမ်ပေါ်သို့ တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း "အဖေရေ ... အမေရေ" ဟုအော်ခေါ်လာခဲ့၏။

အဖေသည် ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့်သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါအပြေးကလေး ချဉ်းကပ်သွားလေသည်။

"အဖေ ... ကျွန်တော် စာမေးပွဲအောင်တယ်ဗျ သိလား"

"ဟင် ဟုတ်လား၊ တယ်တော်ပါလား၊ လာစမ်းပါဦးကွ"

အနီးသို့ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲမြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းခနဲ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲခံစားလိုက်ရပြီး မျက်စိထဲမှာ ၀င်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည် ရှေ့သို့
စိုက်ခနဲ ကျသွားလေသည်။

မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏အနီရောင်မျက်နှာကို မြင်လိုက်ရသည်။

"အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ"

ကလေးငယ်သည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် မော့ကြည့်နေ၏။နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။

"ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ"

 ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဘီရိုပေါ်မှ ကြိမ်လုံးကိုဆွဲယူလိုက်သည်။

"မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း... ပထမက ဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား"

အိမ်ခန်းထဲမှ ထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက်ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။

"ဟင်း ... သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင် စကားစပ်ပြီး ကြွားဦးမှာ၊ သူများကြွားတာခံရဦးမယ်။ တောက် ..."

"ကိုင်း ... လာခဲ့စမ်း၊ ဟိုဘက်လှည့်"

တင်ပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့်ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။

မေးခွန်း - *ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ်နည်းပါးသွားပြီး ညံ့သည်ထက် ညံ့လာလျှင် ကလေးကြောင့်ပါလား ... မိဘကြောင့်ပါလား။*

The Child is the father of the Man.
                                 William Wordsworth

Tuesday, August 10, 2010

အမျိုးသားကျန်းမာရေး အထူး ဆောင်းပါး (ကျန်းမာ ရွှင်လန်း အောင်မြင်လိုသော အမျိုးသားများ အတွက်)

အမျိုးသားတွေရဲ့ သက်စောင့်ဟော်မုန်းတွေ ထဲက တစ်ခု ဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) ဆိုတာ အားလုံးကြားဖူး ကြမှာပါ။ (နောက်တစ်ခု ကတော့ အဲန်ဒရိုဂျင် (Androgen) ဆိုတာ ဖြစ်ပါတယ်) ဟော်မုန်းလို့ ပြောလိုက်တာနဲ့ လူအများက ဘာကိုပဲ ပြေးစဉ်းစားမိသလဲဆိုတော့ လိင်ကိစ္စမှာ အသုံးဝင်မှုကိုပဲ တွေးမိကြပါတယ်။ ဟော်မုန်းဆေးလို့ပြောရင်ပဲ ဟိုဆေးလိုလို ဒီဆေးလိုလို ထင်တတ်ကြပါတယ်။

တကယ်တမ်းကတော့ လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းများ များပြားစွာ ရှိနေပြီး အဲဒီဟော်မုန်း တစ်ခုချင်းစီမှာ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေ ရှိနေပါတယ်။ အဲဒီတာဝန်တွေဆိုတာကလည်း ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ အသက်ရှင် ရပ်တည်ရေး ဓာတုဓာတ်ပြုမှုတွေ ၊ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုနဲ့တစ်ခု အချက် ပေး ညှိနှိုင်း ဆောင်ရွက်မှုတွေ အတွက် အထောက်အပံ့ ပစ္စည်းတွေအနေနဲ့၊ အချက်ပြပစ္စည်းတွေ အနေနဲ့ အသက်ရှင်ရေး လုပ်ငန်းစဉ် (Vital Activities) များကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်မှာ ပုံမှန် ကာယ ဥာဏ စွမ်းရည်တွေ ထက်မြက်နေစေဖို့၊ အာရုံ စူးစိုက်နိုင်စွမ်း ဖန်တီးတီထွင်နိုင်စွမ်း တွေကောင်းမွန်နေစေဖို့၊ အကောင်းမြင်စိတ် ကြိုးစားတည်ဆောက်လိုစိတ် အောင်မြင်မှု ပန်းတိုင်ဆီ သွားချင် တဲ့စိတ်ဓာတ်အင်အားတွေ ပုံမှန်တက်ကြွနေစေဖို့၊ လူမှုရေးမှာ အပြုသဘောဆောင်ပြီး အောင်မြင်နိုင်ဖို့၊ မျိုးဆက်ပွားကိစ္စမှာ ကျန်းမာရွှင်လန်းပြီး စိတ်သွားတိုင်း ကိုယ်ပါနေစေဖို့က တက်စတိုစတီရုန်း မရှိမဖြစ် လိုအပ်လှပါတယ်။

ဒါကြောင့် တက်စတိုစတီရုန်း လိုအပ်တဲ့ ပမာဏထက် နည်းသွားခဲ့ရင် လိင်မှုကိစ္စမှာ စွမ်းဆောင်ရည် ကျဆင်းလာရုံမျှမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာ ထိခိုက်စေမှာဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေ မှာလဲ သွားထိခိုက်လို့ ကျန်းမာရေးလဲ အဖက်ဖက်ကနေ ကျဆင်းလာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဆိုရင် ဘာကြောင့်မှန်း မသိဘဲ ဒေါသထွက်နေခြင်း၊ အားငယ်နေခြင်း၊ ကြိုးစားအားထုတ်လိုစိတ် လူတွေကြားထဲ ပြောဆိုဆက်ဆံလိုစိတ် လျော့ပါးနေခြင်း စတဲ့ အထက်မှာ ပြောခဲ့တဲ့ ကောင်းကျိုးတွေရဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။

ဒီလိုတွေခံစားနေရရင်လဲ ကျွန်တော်တို့ဟာ တက်စတိုစတီရုန်း နည်းနေလို့ ဆိုတာ သတိထားမိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို ကျန်းမာရေးဗဟုသုတမျိုးက တော်ရုံနဲ့ မသိနိုင်တာရယ်၊ လက္ခဏာတွေက အရမ်းသိမ်မွေ့လွန်းပြီး မသိသာလွန်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားများ အနေနဲ့ အထက်ပါ လက္ခဏာများ ကာလကြာရှည် မိမိမှာ ခံစားနေရလားဆိုတာ ဆန်းစစ်ကြည့်ပါ။ တက်စတိုစတီရုန်းဟော်မုန်းဟာ ကိုယ်ထဲမှာ ပြည့်ပြည့်၀၀ ရှိနေမယ်ဆို အစစအရာရာ ကောင်းကျိုးတွေက များလှပါတယ်။ ဒါကြောင့် မက်ဖန်ပရိသတ်များအတွက် တက်စတိုစတီရုန်း ပြည့်ဝအောင် စားသောက်နေထိုင် နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁)ငါးကို တတ်နိုင်သမျှ နေ့စဉ်လိုလို စားပေးပါ။
ငါးတွေထဲမှာပါတဲ့ အဆီတွေဟာ တက်စတိုစတီရုန်းပမာဏ တက်လာစေရုံ မကဘဲ နှလုံးရောဂါများ ဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလည်း တစ်ဝက်တိတိ လျှော့ချပေးတယ်လို့ အတိအကျ တွေ့ရှိထားပါတယ်။(ယနေ့ ကမ္ဘာမှာ အမျိုးသားတွေဟာ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေထက် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားမှု ၅ ဆမြင့်မားနေတာကို တွေ့ရှိရတာမို့ ဆင်ခြင်သင့်ပါတယ်) ငါးတွေရဲ့ အဆီဟာ ဆံပင်မွေးညင်းတွေကို သန်စွမ်းလှပစေပြီး အရေပြားကို စိုပြေ၀င်းမွတ်စေတယ်၊ မကောင်းတဲ့ သွေးတွင်းအဆီ ကိုလက်စထရော တွေကို လျှော့ချပေးတယ်၊ အလုပ်လုပ်ပြီးသွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို သိသိသာသာ ခံနိုင်ရည် ရှိစေတယ်လို့ ဆိုပါတယ်။ အဆစ်အမြစ်တွေရဲ့ လုပ်ငန်းဆောင်တာကို မြှင့်တင်ပေးပြီး ပျက်စီးယိုယွင်းခြင်းကို ထိရောက်စွာ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါတွေထက် အသိသာဆုံး အကျိုးကျေးဇူးကတော့ ငါးမှန်မှန်စားပေးရင် ရက်ပိုင်းအတွင်း လိင်မှုကိစ္စမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်မှု ရရှိလာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလို စွမ်းတဲ့ အရာတွေထဲမှာ ငါးဆီတွေဟာ ဈေးအပေါဆုံးနဲ့ ထိရောက်မှုအရှိဆုံး အကျိုးအများဆုံး ဖြစ်တယ်လို့ ပညာရှင်များက ထောက်ခံချက် ပေးထားပါတယ်။

(၂)ကြက်သွန်ဖြူ၊သံလွင်ဆီနဲ့ အခွံမာသီးအဆံများ၊ဥများ စားပေးပါ။
အထက်ပါစားစရာများဟာ သင့်ရဲ့ တက်စတိုစတီရုန်း ပမာဏကို အမှန်တကယ် သိသာစွာ တက်စေမှာဖြစ်ပါတယ်။ ဒီအရာတွေ အားလုံးမှာ တက်စတိုစတီရုန်း ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းတွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်။ allicin လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုးဟာ ကြက်သွန်ဖြူထဲမှာ ပါဝင်ပြီး တက်စတိုစတီရုန်း မြင့်မားရေး အတွက် အဓိက အားပေးပြီး ဒီအာနိသင်ကို လိုချင်ရင် လတ်ဆတ်တဲ့ ကြက်သွန်ဖြူကိုပဲ စားရတယ်လို့ သိရပါတယ်။

(၃)သွပ်ဓာတ် (Zinc) ကိုဖြည့်စွက်ပေးပါ။
တက်စတိုစတီရုန်းကို ခန္ဓာကိုယ်ထဲမှာ များပြားစွာ ထိန်းသိမ်းထားနိုင်ဖို့ zinc လိုပါတယ်။ zinc ချို့တဲ့မှုဟာလဲ ထူးထူးခြားခြား သိသာတဲ့ လက္ခဏာတွေ တော်ရုံနဲ့ မပြတဲ့အတွက် ကျွန်တော်တို့ မသိနိုင်ဘဲ ချို့တဲ့နေတတ်ပါတယ်။ ဒီက နေ့စဉ် အစားအသောက်ပုံစံ နဲ့ကတော့ zinc ချို့တဲ့မှု ဖြစ်ဖို့ လူတိုင်း တော်တော်လေး နီးစပ်ပါတယ်။
နောက်တစ်ချက်က ကိုယ်ထဲမှာ ရှိတဲ့ Aromatase လို့ခေါ်တဲ့ အဲန်ဇိုင်း (Enzyme) တစ်မျိုးက ရှိပြီးသား တက်စတိုစတီရုန်းတွေကို မိန်းမဟော်မုန်း အီစထရိုဂျင်တွေအဖြစ် ပြောင်းပစ်ပါတယ်။ ဒါကို zinc တစ်မျိုးထဲကသာ ဟန့်တားနိုင်လို့ ကိုယ်ထဲမှာ zinc ချို့တဲ့နေမယ်ဆိုရင် အသက်ကြီးရင် အီစထရိုဂျင်ကြောင့် ဖြစ်တဲ့ ကင်ဆာတွေတောင် ဖြစ်လာနိုင်ပါတယ်။ zinc ကြွယ်ဝတဲ့ စားစရာတွေကတော့ ဂျုံ၊ သလဲသီး၊ နာနတ်သီး၊ အခွံမာသီးအဆန်များ၊ နေကြာစေ့ ၊ဖရုံသီးစေ့(အ၀ါ၊အနက်) စတာတွေ ဖြစ်ပါတယ်။ (Becozinc ဘီကိုဇင့်ဆိုတဲ့ ဆေးတစ်မျိုးလဲ ကြော်ငြာနေတာတွေ့ရပါတယ်။ သောက်သုံးနိုင်ပါတယ်။ ဘယ်အားဆေးကိုမှ တစ်ခါသောက်ရင် ၁၀ ရက်ဆက်တိုက်ထက်တော့ မသောက်တာ အကောင်းဆုံးပါ၊ ရက်အနည်းငယ် ခြားပြီး ပြန်သောက်နိုင်ပါတယ်)

(၄)ပန်းဂေါ်ဖီစိမ်းနဲ့ အစိမ်းရောင် အသီးအရွက်များစားပေးပါ။
ဒါတွေက zinc လိုပဲ တက်စတိုစတီရုန်း ကနေ အီစထရိုဂျင် ပြောင်းလဲသွားခြင်းကို ဟန့်တားပေးပါတယ်။

Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

(သူငယ်ချင်းများအတွက် www.mutdfan.com မှ သီဟသစ်(ဆေး-၂) ၏ ဆောင်းပါးကို တိုက်ရိုက် ကူးယူဖော်ပြပေးလိုက်ပါတယ်)

အမျိုးသားများ မသိမဖြစ် ရောဂါများ(၂) အချိန်မကြာဘဲ ကိစ္စပြီးခြင်း ဖြေရှင်းရန်

Masters and Johnson method ခေါ် ဂျွန်ဆင်နည်းစနစ်

နူးညံ့သိမ်မွေ့ပြီး အလုပ် ရခက်ပေမယ့် တကယ် ထိရောက်တဲ့ နည်းမို့ ဦးစားပေး တင်ပြလိုက် ပါတယ်။
မိမိရဲ့ ခံစားချက်အမြင့်ဆုံး ရောက်တော့မယ့် အချိန်မတိုင်ခင် စက္ကန့် ပိုင်း အလိုမှာလာတဲ့ ဖီလင်တွေကို သေချာ အာရုံခံစားပြီင်္း မှတ်သားထားပါ (ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခါနီး ဖြစ်လာတဲ့ ခံစားချက်ပေါ့)။ ဒီခံစားချက် ရအောင် အဖော်နဲ့ ပဲဖြစ်ဖြစ် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် လေ့ကျင့်ရင်း ရယူပါ။
အဲလို ကြိုသိလာနိုင်ပြီဆိုရင် အဲလို သိတာနဲ့ တပြိုင်နက် ရပ်ပစ်လိုက်ပြီး အနားယူလိုက်ပါ။
အဲလို လေ့ကျင့်ဖူးတာ ကြာလာပြီဆိုရင် ကြိမ်ဖန်များလာပြီဆို ပြီးချင်တဲ့ ခံစားချက် တစ်ခါပေါ်တိုင်း ပြီးပစ်လိုက်တဲ့ မထိန်းနိုင်တဲ့ အကျင့်ကို ထိန်းနိုင် လာကြပါလိမ့်မယ်။ ဘာလို့ လဲဆိုတော့ ဒီပြဿနာက ရောဂါကြောင့်ဖြစ်တာက နည်းပြီး ခံစားမှုနောက် လိုက်မိကြလို့ ဖြစ်ပါတယ်။
ထိန်းနိုင်လာရင် သင်သဘောပေါက်လာပါလိမ့်မယ်။သင့်ရဲ့  Point of No Return လို့ ခေါ်တဲ့ လိုသလောက်ဆွဲထားနိုင်တဲ့ ခံစားချက်ပါ ။ ဘာဆေးမှမလိုပဲ တကယ် ထိရောက်ပါတယ်။ နောက်ပြီး အောင်မြင်သွားရင်လဲ လွယ်လွယ်နဲ့ ပြီးတဲ့ အကျင့်ကို ပြန်မလုပ်ပါနဲ့ ။ပြန်ပျက်သွား တတ်တယ်။
နောက်တန်ဖိုး ရှိတာတစ်ခုပြောရရင် အဲလိုပြီးခါနီးတိုင်း တစ်ခါထိန်း နောက်တစ်ခါထပ်ထိန်းရင် ခံစားချက်က မကျသွားပဲ အရင်ပြီး တာတွေနဲ့ မတူတော့ပဲ အရမ်းမြင့်မားတဲ့ ခံစားချက်ကို ရနိုင်ပါတယ်။ Multiorgasm လို့ ခေါ်ပါတယ်။ နောက်တော့ ဆွေးနွေးပေးပါ့မယ်။ လောလောဆယ် မမြန်အောင်ပဲ လုပ်ကြဦး။ အဓိကက စိတ်ပဲဖြစ်ပါတယ်။ ပြီးချင်တာကိုပဲ ကြိုက်နေရင် မြန်မှာပဲပေါ့။ ခရီးကြာကြာဆက်ရတာ ပျော်မွေ့တဲ့စိတ်ထားမှ တကယ် ပျော်ရတာမှန်း သဘောပေါက်အောင်လုပ်ပါ။

Kegel exercises ခေါ် ကြွက်သားလေ့ကျင့်ခန်းများ
ဒါကတော့ စအိုနဲ့ အင်္ဂါကြားက ကြွက်သားတွေသန်စွမ်းပြီး ထိန်းနိုင်လာအောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ ဆီးသွားရင်း ၀င်လေနဲ့ အတူ အောင့်လိုက်ပါ။ ၅စက္ကန့်ကနေ ၁၀ စက္ကန့်အောင့်ထားပြီး ထွက်လေနဲ့ အတူ ပြန်ပေါက်ပါ။ ဒီအတိုင်း ဆီးတစ်ခါ သွားတိုင်းမှာ အနည်းဆုံး ၃ခါရအောင်လုပ်ပါ။ အရမ်း အောင့်တက်သွားတတ်လို့  အားနဲ့ အရမ်းမလုပ်ပါနဲ့ သက်တောင့် သက်သာပဲလုပ်ပါ။ သေချာလေ့ကျင့်သွားလို့  အသားကျ သွားချိန်မှာ ကြွက်သားတွေဟာ တကယ်မြန်မြန်မပြီးသွားအောင် ပြီးခါနီးတိုင်းညှစ်လိုက်ရုံနဲ့ ထိန်းနိုင်လာပြီး ဒီလို သန်စွမ်းလာလို့ ပိုညှစ်နိုင်တဲ့အတွက် စိတ်ကျေနပ်မှုကို အတိုင်းဆမရှိ ရစေပါတယ်။

စိတ်ကျရောဂါကျဆေးများနှင့် ကုသခြင်း
စိတ်ကျ ရောဂါဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ယူပြီးကုတဲ့နည်းပါ။ စိတ်ကျဆေးတွေက သုက်လွှတ်တာ ကြာစေပါတယ်။ (ဒီဆေးတွေရဲ့ တခြားဆိုးကျိုးတွေများလှတာမို့ ဆရာဝန် ညွှန်ကြားချက်နဲ့ သာသောက်သင့် ပါတယ်။ ကမ္ဘာမှာ အသုံးများပြီး ထိရောက်မှုရှိတဲ့ ဆေးတစ်မျိုးကတော့ Dapoxetine ဖြစ်ပါတယ်။ အားလုံး သိချင်နေကြပြီး အမေးအများဆုံးကိစ္စမို့ အချိန်မဆိုင်းပဲ အမြန်ဖြေပေးလိုက်ရပါတယ်။လတ်တလောဖြေရှင်းနည်းတွေကော အချိန်နဲ့ အမျှ တိုးတက်လာအောင် ဖြေရှင်းနည်းတွေကိုကော သေချာဖြေပေးလိုက်ရပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့  မျှော်လင့်ပါတယ်။ အချိန်မတန်ခင် ကျေနပ်မှုမရခင် ကိစ္စပြီးခြင်းရဲ့ အကြောင်းချင်းရာစုံကို နောက်ဆက်လက် တင်ပြပေးပါဦးမယ်။

ဒေါ်လာတစ်သန်းအမှတ်သို့ ဖိနှိပ်ခြင်း
အရင်တုန်းက ဘုရင်တစ်ပါးက ပညာရှင်တွေကို ဒီအမှတ်လေး အကြောင်း သိချင်လို့ မေးရတာ ဒေါ်လာတစ်သန်းပေးရတယ်လို့ ဆိုရိုးစကားရှိလို့ ဒီလိုခေါ်ကြတာ ဖြစ်ပါတယ်။သူက ကပ္ပာယ်အိတ်ရဲ့ အဆုံးနဲ့ စအိုကြား အချိုင့်လေး ဖြစ်ပါတယ်။ လတ်တလောသုတ်လွှတ်ချင်လာရင် လက်ခလယ်နဲ့ ပေါင်ကြားကနေဖိပိတ်ထားလို့ ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လဲ ဒါက တကယ်မထိန်းနိုင်တဲ့သူတွေ အတွက် သိပ်မထူးလှဘူး လို့လဲ သိရပါတယ်။

 (ဆက်လက်ဖော်ပြပါဦးမည်)

Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

(သူငယ်ချင်းများအတွက် www.mutdfan.com မှ သီဟသစ်(ဆေး-၂) ၏ ဆောင်းပါးကို တိုက်ရိုက် ကူးယူဖော်ပြပေးလိုက်ပါတယ်)


အမျိုးသားများ မသိမဖြစ်ရောဂါများ(၁)

(၁)အမျိုးသားသဘာဝတောင့်တင်းရန် အခြေခံလိုအပ်ချက်များ
လိင်စိတ်လှုံ့ဆော်တဲ့ မြင်ကွင်း၊ အသံ၊အထိအတွေ့ အနံ့(သို့) စိတ်ကူးပုံဖော်မှုစသဖြင့်တစ်ခုခုကြောင့်ဖြစ်လာရတဲ့သဘာဝဖြစ်စဉ် တစ်ခု ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ဒီအခါမှာ ဗဟိုအာရုံကြောအဖွဲ့အစည်းက လိင်တံဆီသွားတဲ့ သွေးပမာဏများလာအောင် လှုံ့ဆော်မှု တွေထုတ်ပေးပါတယ်။ ဖိုအင်္ဂါကို အဓိကဖွဲ့စည်းထားတဲ့ ကေဗားနပ်စ်တစ်သျှူးအမျိုးအစားတွေဟာ ရေမြှုပ်လို ဂုဏ်သတ္တိရှိပြီး သွေးတွေ ကို စုပ်ယူထားကာ မာခဲလာပါတယ်။အထွက်သွေးပြန်ကြောတွေကိုလည်းကျဉ်းပစ်လိုက်တဲ့အတွက် သွေးဟာလိင်တံထဲမှာ ဆက်လက် ပိတ်မိနေပြီး မာတောင့်မှုကို လိုသလောက်ထိန်းထားနိုင်တာဖြစ်ပါတယ်။ ပုံမှန်မာတောင့်မှုဖြစ်စေဖို့ အောက်ပါအချက်(၄)ချက်လို အပ်ပါ တယ်။
(၁)လိင်တံသွေးကြောများဆီသို့လှုံ့ဆော်မှုများ ပုံမှန်ပို့နိုင်သော ကောင်းမွန်သည့်အာရုံကြောအဖွဲ့အစည်း
(၂)လိင်တံရှိသွေးလွှတ်ကြောသွေးပြန်ကြောများ၏ ချို့ယွင်းချက်ကင်းခြင်း
(၃)ပုံမှန်သွေးများထိန်းထားနိုင်ပြီး ကြီးထွားလာစေရန်လိုအပ်သော smooth muscles ချောမွတ်ကြွက်သားများ၏ ကောင်းမွန်သန်စွမ်းမှု
(၄)၀င်လာသောသွေးများပြန်မထွက်လာနိုင်အောင်ထိန်းထားနိုင်ခြင်း
ဒီတော့ ပန်းသေပန်းညှိုးဖြစ်ရခြင်းဟာ အထက်ပါအချက်(၄)ချက်ထဲက တစ်ချက်(သို့)တစ်ချက်ထက်ပို ချို့ယွင်းနေလို့ ဖြစ်ပါတယ်။

(၂)ပန်းသေပန်းညှိုးခြင်းဆိုတာဘာလဲ

ကာမဆက်ဆံမှုလုပ်လို့ရလောက်အောင် မာတောင့်မှုမရနိုင်တာ(သို့)အဆုံးထိမထိန်းထားနိုင်တာဖြစ်ပါတယ်။တစ်ကိုယ်ရည်အာသာဖြေရာမှာပဲဖြစ်ဖြစ် အဖော်နဲ့ပဲဖြစ်ဖြစ် မရနိုင်တာဖြစ်ပါတယ်။အသက်အရွယ်တိုင်းမှာဖြစ်နိုင်ပါတယ်။ဒါပေမယ့် လူကြီးတွေမှာပိုဖြစ်လေ့ရှိတာက ပန်းသေခြင်းဟာ အခြား ရောဂါတွေနဲ့ဆက်စပ်ဖြစ်လေ့ ရှိလို့ ပါ။

(၃)အကြောင်းအရင်းများ
ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရမှုကြောင့် အရွယ်တိုင်းမှာ ဖြစ်တတ်ပါတယ်။အမျိုးသားအင်္ဂါကို ထောက်ပံ့ပေးနေတဲ့ သွေးကြော၊ အာရုံကြောတွေ တစ်နည်းနည်းနဲ့ထိခိုက်သွားရင် ဖြစ်နိုင်ပါတယ်။ဆီးချို၊သွေးတိုး၊သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော များခြင်း၊အ၀လွန်ခြင်းနဲ့ သွေးကြောနံရံတွေမှာ အဆီခဲတွေပိတ်တဲ့ Atherosclerosis ရောဂါတွေနဲ့ဆက်စပ်ပါတယ်။တခြား အာရုံကြောရောဂါများ၊ Multiple Sclerosis  (ဒီရောဂါနဲ့ ဆေးလိပ်သောက်ခြင်းဆက်စပ်ပုံကို ကျန်းမာရေးသတင်းများက " ငယ်ငယ်ကတည်းကဆေးလိပ်စွဲနေပြီဆိုရင် " မှာဖတ်ရှုနိုင်ပါတယ်) စတဲ့ရောဂါတွေကြောင့်လဲဖြစ်နိုင်ပါတယ်။
နောက်အခြားရောဂါတွေဖြစ်လို့ သောက်ရတဲ့ဆေးတွေကြောင့် အမျိုးသားသဘာဝထိခိုက်ရတာလဲရှိပါတယ်။ ဒါကတော့ ယာယီလောက်ပါပဲ။ဒီတော့ သင်ဟာ ဆေးတစ်ခုခုကို စသောက်လို့ သိသိသာသာစိတ်သွားတိုင်းကိုယ်မပါတော့ဘူးဆိုရင် ဆရာဝန်နဲ့ပြန်တိုင်ပင်ပါ။တကယ်လို့ ဆေးကြောင့်ဆိုရင် ဆရာဝန်က ဆေးရဲ့အချိန်အဆ သို့ မဟုတ် အချိုးအဆကို ပြောင်းပေး ပါလိမ့်မယ်။
ဆေးလိပ်သောက်ခြင်း၊အရက်အလွန်အကျွံသောက်ခြင်း၊တခြားတရားမ၀င်ဆေးဝါးတွေ မှီဝဲခြင်း၊သောက၊စိတ်ဖိစီးမှု၊စိတ်ကျရောဂါတွေ ကလဲ တိုက်ရိုက်ဖြစ်စေပါတယ်။ခါးရိုးနဲ့တင်ပဆုံပိုင်းထိခိုက်မှု၊ဆီးလမ်းကြောင်းဆိုင်ရာခွဲစိတ်မှု တို့ရဲ့နောက်ဆက်တွဲ အနေနဲ့လဲ ဖြစ်တတ် ပါတယ်။အခြားအကြောင်းရင်းတွေကတော့.........လေဖျန်းဖူးခြင်း၊ခန္ဓာကိုယ်အောက်ပိုင်းအကျိတ်ဖြစ်လို့ ဓာတ်ကင်ဖူးခြင်း၊လည်ပင်းက သိုင်းရွိုက်အကျိတ်က သိုင်းရွိုက်ဟော်မုန်းလုံလောက်စွာမထုတ်နိုင်ခြင်း ၊အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) အားနည်းခြင်း၊ဆေးရွက်ကြီးသုံးစွဲခြင်း၊ကိုယ်နဲ့ အဖော်ကြားမှာ ပြဿနာတစ်ခုခုရှိခြင်း၊ဘ၀ရဲ့ပုံရိပ်များပြောင်းလဲခြင်း(ဥပမာ အငြိမ်းစား ယူပြီးသွားခြင်း၊အလုပ်အကိုအပြောင်းအလဲတွင်အဆင်မပြေခြင်း၊အထီးကျန်အဖော်မဲ့ခြင်း) စသဖြင့်တို့ ဖြစ်ပါတယ်။
ထူးထူးခြားခြားအနေနဲ့ မာကျောပြီးသေးတဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး နေ့ စဉ်ရက်ဆက်ခရီးရှည်ကို စက်ဘီးနင်းရင် ပန်းသေပန်းညှိုးဖြစ်ဖို့  အားပေးတယ်လို့ သိရပါတယ်။ဘာလို့လဲဆိုတော့ အမျိုးသားအင်္ဂါရဲ့ သွေးကြောတွေပုံမှန်ကျဉ်းနေကျဖြစ်သွားတတ်လို့ ပါပဲ။ဒီတော့ စက်ဘီးစီးတဲ့မက်ဖန်ပရိသတ်တွေလဲ သတိထားဦး။(သိပ်တော့မပူပါနဲ့။ဒီကိစ္စကို အတည်ပြုဖို့ ပညာရှင်တွေငြင်းခုန်နေကြဆဲပါ။ အသေးစိတ်ကို http://news.softpedia.com/news/Bike-Riding-Induces-Impotence-46676.shtml  မှာဖတ်ကြည့်ပါ။)
အမျိုးသားတွေသားကြောဖြတ်လိုက်ခြင်းကတော့ သဘာဝမလာနိုင်တော့ခြင်းကို လုံးဝမဖြစ်စေနိုင်ပါဘူး။ခွဲစိတ်မှုလုပ်ထားလို့  နာကျင်မှုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ အနှောင့်အယှက်ဖြစ်ရုံပါပဲ။

(၄)လက္ခဏာများ
မာကျောမှုသဘာဝမလာနိုင်တော့ပေမယ့် ကာမစိတ်ကတော့ ရှိနေမြဲဖြစ်နိုင်ပါတယ်။သုက်လွှတ်နိုင်ပါတယ်။ပြီးဆုံးမှုအရသာ ခံစားနိုင် ပါသေးတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ၊မိမိကိုယ်ကိုယုံကြည်မှုနည်းပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်ကျမှု တွေနောက်ကလိုက်လာလို့  သေချာကုသင့်ပါတယ်။တိတိကျကျပြောရရင် တချို့က ပထမတော့လာတယ်၊လမ်းတစ်ဝက်မှာ ကျသွားတယ် ဒါမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါမျိုးဆိုရင်တော့ သွေးကြော သို့  အာရုံကြောပြဿနာဖြစ်ဖို့ များပါတယ်။

(၅)ကုသခြင်းနည်းလမ်းများ
ပန်းသေပန်းညှိုးခြင်းဟာစိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အများဆုံးဖြစ်လို့ အစားအသောက်သင့်တင့် မှန်ကန်စွာစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုမှန်မှန် လုပ်ပေးခြင်း တို့ နဲ့ပြန်ကောင်းလာနိုင်ပါတယ်။ပြီးတော့အထက်ကဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေထဲက ကိုယ်လျှော့လို့ ရတဲ့ အချက်တွေကို လျှော့ချရပါမယ်။အဓိကကတော့ ဆေးလိပ်ပါ။ သူကသွေးကြောအာရုံကြောတွေကို တိုက်ရိုက်ဖျက်ဆီးပါတယ်။သင့်ရဲ့ယောက်ျားပီသမှုစွမ်းပကားကို ဆေးလိပ်မီးခိုးငွေ့တွေကြားမှာ လွင့်မျောမသွားပါစေနဲ့။

(က)နေထိုင်မှုပုံစံပြောင်းပစ်ခြင်း
ဆေးလိပ်၊ဆေးရွက်ကြီး(ကွမ်းယာ) စတာတွေကို တတ်နိုင်ရင်ဖြတ်ပါ။အရက်ကို ဆင်ခြင်ပါ။ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ။စွဲသောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်တာလားသိရအောင် ဆရာဝန်ကို ပြန်မေးပါ။
(ခ)ဆေးကုထုံးနဲ့ကုခြင်း
Viagra , Cialis, Levitra တို့ လိုဆေးတွေကို သင့် အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သုံးစွဲနိုင်ပါတယ်။သင်ဟာနှလုံးရောဂါရှိလို့  လျှာအောက်ငုံရတဲ့ Nitrol (GTN) နဲ့ တခြား Nitrate ပါတဲ့ဆေးတွေသောက်နေရရင်တော့ ၂၄ နာရီအတွင်းတွဲသောက်လို့ အန္တရာယ် ရှိတယ် သိရပါတယ်။မပူပါနဲ့ ။ အပ်စိတ်ကုထုံး၊စိတ်ပညာကုထုံး.......ဘာကုထုံးညာကုထုံး စသဖြင့်တွေရှိပါသေး တယ်။အကောင်းနီးပါးပြန်ကောင်းနိုင်ပါသေးတယ်။

(၆)ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ
(၁)ခါး၊ခြေထောက်၊တင်ပါး၊ပေါင်၊အမျိုးသားအင်္ဂါ၊ဝှေးစေ့ စသည်တို့ ထိခိုက်မှုနောက်မှာ သဘာဝမလာတော့ဘူးဆိုရင်
(၂)ဆီးခုံမွေးတွေ ချိုင်းမွေးတွေ သိသိသာသာ ကျွတ်ပြီး ရင်သားတွေကြီးလာရင်
(၃)ခါးနာနေပြီးနောက်မှာဖြစ်ရင်
(၄)ဆေးတစ်ခုစသောက်လို့ နောက်မှာဖြစ်ရင်
(၅)ဆီးချို၊သွေးတိုး စတဲ့အထက်မှာဖော်ပြခဲ့တဲ့ရောဂါတွေဖြစ်ပြီနောက် မှာဖြစ်ရင် ပြသင့်ပြီဖြစ်ပါတယ်။


ဒါပေမယ့် တစ်ခါတစ်ရံမှာပဲဖစ်ြတာဆိုရင်တော့ မပြပါနဲ့ဦး။အကြိမ်အရေအတွက်စိတ်လာတယ်ဆိုရင်တော့ ပြသင့်ပါတယ်။ များသော အားဖြင့် တစ်ခါတစ်ရံ ဖြစ်တတ်တဲ့ ပြဿနာတွေကတော့ သူ့ အလိုလိုပျောက်သွားတတ်တာ များပါတယ်။နောက်တစ်ခါပြန်ဖြစ်မှာပဲဆိုပြီး ကြောက်မနေပါနဲ့ ။သင့်ရဲ့အဖော်ကိုလည်း ပွင့်လင်းစွာတိုင်ပင်ပြီး စည်းဝါးကိုက်ညီမှုကို ရယူပါ။ဆရာဝန်တွေနဲ့ ကျန်းမာရေးပညာရှင်တွေနဲ့  တိုင်ပင်ဆွေးနွေးဖို့ မရှက်ပါနဲ့ ။ပွင့်လင်းစွာဖွင့်ဟပါ။

(ဆက်လက်ဖော်ပြပါဦးမည်)

Translated by : သီဟသစ်(ဆေး-၂) Mutdfan.com

(ဆိုက်မှ သူငယ်ချင်းများအတွက် www.mutdfan.com မှ သီဟသစ်(ဆေး-၂) ၏ ဆောင်းပါးကို တိုက်ရိုက် ကူးယူဖော်ပြပေးလိုက် ပါတယ်)