Saturday, April 7, 2007

My Love Stories (6)

ကိုယ်ရန်ကုန်ကိုလာရောက်လည်ပတ်တဲ့ သူနဲ့တွေ့ဆုံတဲ့ကာလဟာ လက်ချိုးရေတွက်လို့ ရပါတယ်။ဒီလို ရေတွက်လို့ရတဲ့နေ့တွေထဲမှာ သူနဲ့ခွဲခွာရတော့မယ့် အပြန်ခရီးကို စတင်ဖို့ ပြင်ဆင်ရတဲ့နေ့ကိုတော့ မရောက်ချင်ဆုံးပါပဲ။ဒါပေမဲ့ အခုရောက်လာခဲ့ပြီလေ။
သူလိုက်ပို့တဲ့ ယုဇနပလာဇာမှာ၊မင်္ဂလာဈေးမှာ ဘာပစ္စည်းမှ မည်မည်ရရ မ၀ယ်ဖြစ်ခဲ့ ပါဘူး။ သူဝယ်ပေးတဲ့ လက်ဆောင်၊ရထားပေါ်မှာ စားဖို့ဝယ်ပေးတဲ့မုန့်တွေ ကိုလက်ခံယူပြီး ကြိုက်မကြိုက် ပြန်မပြောခဲ့တော့ သူကမင်းဘာဖြစ်နေတာလည်းတဲ့၊မျက်နှာကလည်း တစ်မျိုးပဲ ကိုယ်နဲ့နေရတာ မကြိုက်လို့လား၊ကိုယ်ဝယ်ပေးတာ မနှစ်သက်လို့လား၊ ကိုယ့်ဘက်က တာဝန်မကျေတာဘာရှိလို့လဲ မေးတယ်....ကိုယ်ကတော့ ဘာမှမရှိပါဘူး လို့ပြန်ပြောခဲ့ပေမယ့် ရင်ထဲမှာတော့ ၀မ်းနည်းနေတယ်၊ပူဆွေးနေတယ်ဆိုတာ သူသိအောင် မပြောပြခဲ့ပါဘူး။
မွန်းကော်ဖီဆိုင်မှာ အတူစားဖြစ်တဲ့ မုန့်နဲ့ကော်ဖီတွေကလည်း ကိုယ့်ကို မချိုမြိန်စေတော့ သလို၊ညနေတိုင်း ၀ယ်စားနေကြ ဘူးသီးကြော်ဟာလည်း အရသာမရှိသလိုပါပဲ။သူသိမှာပါ လေ ပုံမှန်စားနေကျ အားရပါးရစားတဲ့ကိုယ့်ပုံစံနဲ့မတူဘဲ ထူးခြားမှုရှိနေတာကို။ဒါကြောင့် သူတိတ်ဆိတ်စွာ ကိုယ့်ဘေးကအဖော်ပြုပေးနေတာ.....။
ရန်ကုန်မှာ နေခွင့်ရတဲ့ဒီရက်လေးမှာ ပျော်ရွှင်စွာနဲ့ ပြီးဆုံးဖို့ သူစီစဉ်ပေးတာကို ကိုယ် မငြင်းဖြစ်ပါ။မနက်စော စော သူ့သူငယ်ချင်းရဲ့မွေးနေ့ပွဲလုပ်ရာ လမ်း၅၀ကို သူ့သူငယ်ချင်းလင်မယားရယ်၊ကိုယ်တို့ နှစ်ယောက်ရယ်သွားဖြစ်ကြတယ်။ သူ့ရဲ့သူငယ်ချင်းတွေအပေါ်နွေးထွေးစွာကူညီတတ်ပုံ၊ ဘုရားတရားကြည်ညိုပုံတွေကို ပိုသိခဲ့ရပါတယ်။
နေ့လည်ပိုင်းမှာ တိရစ္ဆာန်ဥယျာဉ်သွားပြီးရေကူးကြတယ်။နည်းနည်းတော့ရယ်ရသလိုပါပဲ။ အားလုံး ရေမကူးတတ်ကြဘူးလေ။သူတို့ထက်စာရင် ကိုယ်ကကူးတတ်တော့ ၀မ်းနည်းတာ တွေမေ့ထား အားရပါးရကူးပစ်လိုက်တော့တာ။
သူ့သူငယ်ချင်း လင်မယားကဒီနေ့ သူတို့အိမ်ကိုပြန်တော့မှာဖြစ်သလို ကိုယ်ဟာလည်း နောက်တစ်နေ့မနက်မှာ ပြန်ရတော့မှာပါလား။မတွေးချင်ပေမဲ့ လက်တွေ့မှာ ဒီလိုဖြစ်နေတာ ဆိုတော့လည်း....။
သူ့သူငယ်ချင်းကို ကိုယ်မနက်ဖြန်ပြန်တော့မှာဖြစ်ကြောင်း၊ရန်ကုန်ရောက်ခိုက်ချက်ပြုတ် ကျွေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းတွေကိုပြောဖြစ်ပါတယ်။သူကမေးတယ် ပြန်ဖို့ပြင် ဆင်တဲ့နေရာမှာ ဘာတွေကျန်ခဲ့သလဲတဲ့။ကိုယ်ကတော့ အားလုံးပြည့်စုံပါပြီလို့။ မဟုတ်ဘူး မင်းရဲ့ မေတ္တာတွေ၊သံယောဇဉ်တွေ ကျန်နေခဲ့မှာတဲ့။ ဟုတ်တယ်...ကိုယ့် သံယောဇဉ်က တော့ အမျှင်တန်းနေခဲ့မှာပါ။
ကိုယ်ရဲ့ သံယောဇဉ်တွေ၊မျှော်လင့်ချက်တွေ....တမ်းတမှုတွေ........တွေ။
စွန့်ခွာသွားတဲ့...ထားခဲ့ရတဲ့ခံစားမှုမျိုးကို တစ်ခါမှ နင့်နင့်သီးသီးမခံစားဖူးပါ။အရာရာ ဆုံးရှုံး ခဲ့ရတဲ့၊ ဆွန့်လွှတ်ထားခဲ့ရတဲ့ ခံစားမှုမျိုးကိုပေါ့။အခုတော့ ကိုယ်ဟာ ကမ္ဘာမြေက ထွက်ခွာ သွားရတဲ့ အာကာသယာဉ်တစ်စီးရဲ့ ခံစားမှုမျိုးကို ခံစားနေရပါတယ်။ ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေ၊ အေးချမ်းမှုတွေပေးတဲ့ စိမ်းလန်းရာကမ္ဘာမြေကို ဝေးကွာလာတဲ့ အရှိန်နှုန်း တဖြည်းဖြည်း မြန်လာသလို ကိုယ့်ရဲ့ ၀မ်းနည်းမှုနှုန်းဟာလည်း တရိပ်ရိပ်ပါ။
ရထားပြူတင်းပေါက်ကနေ နှုတ်ဆက်နေတဲ့ မင်းကို တစ်ခါလေးပဲ လှည့်ကြည့်ခဲ့တာ မင်းကို မနှုတ်ဆက်ချင်လို့ ဥပေက္ခာပြုထားခဲ့တာ မဟုတ်ပါဘူး။ဝမ်းနည်းနေတဲ့ ၊ မျက်ရည်ဝဲချင်ချင် ဖြစ်နေတဲ့ ကိုယ့်မျက်နှာကို မင်းမြင်တွေ့သွားမှာ စိုးရိမ်လို့ပါ။ပတ်ဝန်းကျင်က ကြည့်လာမည့် မျက်လုံးတွေကိုလည်း မမြင်ချင်လို့ဆိုတဲ့အသိလည်းပါတာပေါ့ကွာ။
ရထားလက်မှတ်ကို ၀ယ်လို့အဆင်မပြေတုန်းက ကိုယ်တော်တော်ဝမ်းသာသွားတယ်။ဘာ ကြောင့်လည်း ခရီးသွားဖို့ အဆင်မပြေဖြစ်နေတာကိုလို့ဆိုရင် ကိုယ်ရန်ကုန်ရောက်ရောက် ခြင်း ရထားလတ်မှတ်ကို ၀ယ်ဖြစ်အောင်ဝယ်ဖို့ အဖေကမှာလိုက်တာကို ဘာကြောင့် လျစ်လျူရှုဖြစ်တာလည်း...မင်းနဲ့တတ်နိုင်သမျှ ကြာကြာနေမယ်ဆိုတဲ့ မဖြစ်ညစ်ကျယ် စိတ်ကူးလေးပေါ်လာလို့ ဆိုမင်းရယ်မလား။
ထားလိုက်ပါတော့လေ.....မင်းနဲ့ မကြာခင်ဆုံမယ်ဆိုတဲ့ စိတ်ကူး၊သူလည်း ကိုယ့်လိုဝမ်း နည်းမနေမှာလားဆိုတဲ့အတွေးတွေနဲ့ ကိုယ်ဟာ ရထားကြီးခေါ်ဆောင်ရာကို ဝေ့လည်လည် မျက်ရည်တွေနဲ့ တစ်ညလုံး လမ်းဘက်ကိုသာ ကြည့်ရင်းလိုက်ပါခဲ့တာ....တဖြေးဖြေးနဲ့ မင်းရှိရာရန်ကုန်ကို ဝေးကွာခဲ့တာ...ဝေး. ...ဝေး။
မှောင်မိုက်နေတဲ့ ညများကိုဖြတ်သန်းရဦးမယ်....ကိုယ့်ရဲ့ အခန်းထဲက ကက်ဆက်တွေတီဗီ တွေလည်းနှုတ်ဆိတ်နေကြလိမ့်ဦးမယ်။ အဖေ့ရဲ့ မင်းဘာဖြစ်နေတာလည်း မေးသံကိုလည်း မကြာခဏကြားရဦးမယ်။ ဘာကြောင့်လည်း မမေးပါနဲ့။
ဘယ်တော့မှလည်း မပိုင်ဆိုနိုင်တဲ့၊ ရယူပိုင်ဆိုင်ခွင့်များ၊ တွေးတောင်မတွေးတောသင့်တဲ့ အပြုအမူ များကို မျှော်လင့် တမ်းတမက်မောမိတဲ့ ကိုယ်တို့အဖြစ်ဟာ တက်မက်မှုလား၊ စမ်းသပ်မှုလား၊ အချစ်တစ်ခုလား ဘာမှမသေချာမရေရာတဲ့ အကြောင်းအရာတစ်ခုလား မသိပါ။ ကိုယ့်ရင်ထဲမှာတော့ မင်းမရှိရင် မဖြစ်တော့လောက်အောင် ဆိုတဲ့ခံစားမှုမျိုးကို ခံစားနေရပါတယ်။ပိုတယ်လို့များ မင်းထင်မလား...။ဘာကြောင့်ဆိုတာကိုတော့ မမေးပါနဲ့ ကွာ။
ကိုယ်တို့ ရှေ့ဆက်ရမဲ့ဘ၀မှာ သူငယ်ချင်းအဖြစ်၊ မိတ်ဆွေအဖြစ် ရှိနေဦးမယ်၊ရှိနေကြမယ် ဆိုတာ နှစ်ဦးသားနားလည်နေကြတယ်၊မကြာခင်ပြန်ဆုံမယ်....ဒါပေမဲ့ ချစ်ခွင့် ပိုင်ဆိုင်ခွင့် ဆိုတာတော့ မရှိ....လုံးဝ...လုံးဝ။
“နီးစပ်ဖို့လည်း မလွယ်တော့ဘူး၊ ဝေးသွားဖို့လည်း မခံနိုင်ဘူး၊ တွဲလက်ကလေး လွတ်ကာ သွားချိန်၊တို့နှစ်ယောက်နှုတ်ဆက်ချိန်လေးတွေ ပြန်မြင်ယောင်မိတယ်......တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ”....သီချင်းလေးမင်းကြားဖူးမှာပါနော်။ဟုတ်တယ် ကိုယ်တို့အချစ်တွေ ဟာလည်း ဆောင်းအိပ်မက်တွေပါ။အိပ်မက်ဆိုတာ နိုးလာချိန်မှာ ဘာမှမဟုတ်တာဘဲနော်..။
အေးစက်နေတဲ့ မိုးဖွဲတွေနဲ့အတူ ဝေ့၀ဲတိုက်ခတ်လာတဲ့ လေများကြောင့် လိုက်ကာတွေလှုပ် ရမ်းလာကြပြီ။ကိုယ့်ရဲ့ အခန်းလေးလည်းအေးစက်မာကျောလာတော့မည်။အေးစက်နေတဲ့ အခန်းထဲမှာ အထီးကျန်နေသူဟာကိုယ်တစ်ယောက်ထည်း။ သီချင်းတွေ၊ရုပ်ရှင်တွေ၊စာအုပ် တွေဟာ ကိုယ်နဲ့အဝေးဆုံး....။
ပြန်လည်တွေးဖြစ်နေတဲ့ ကိုယ့်ရဲ့ခရီးတစ်ခုအကြောင်း....ကိုယ့်ဘ၀မှာ မမေ့နိုင်တော့တဲ့ အဖြစ်အပျက်လေးတစ်ခု....တွေ့ဆုံခဲ့တဲ့ သူငယ်ချင်းချစ်သူ အားလုံး အခုအခါမှာတော့ တမ်းတမှု လွမ်းဆွတ်မှုတစ်ခု အဖြစ်သာ....။
အချစ်ဆိုတာ အနေနီးစပ်မှုလား၊လူပုဂ္ဂိုလ်နဲ့ သက်ဆိုင်ပါသလား၊နေရာဒေသ ပတ်ဝန်း ကျင် .....ကိုယ်တို့ အချစ်ကရော ဖြစ်သင့်ပါသလား...စိတ်လှုပ်ရှားမှုလေးပဲလား...အတွေးပေါင်းများစွာ...။
မတွေးချင်ဘူး...ဒါပေမဲ့ ရှေ့ဆက်ရမယ့်ကိုယ့်ဘ၀အတွက် မေ့နိုင်အောင် သာမာန်အဖြစ် အပျက်လေးတစ်ခု အဖြစ်သာ သဘောထားနိုင်အောင်ကျိုးစားရဦးတော့....မည်။
ကိုယ့် ကမ္ဘာ...ကိုယ့်အခန်းငယ်လေး မီးအလင်းရောင်ကင်းစွာ...အသံတိတ်ဆိတ်စွာ...အေးစက်နေတဲ့ အခန်းထဲမှာ ဂွမ်းစောင်ထူများရဲ့နွေးထွေးမှုကို သူ့ရင်ခွင်အဖြစ်စိတ်ကူးရင် ရင်း......။
ကျွန်တော်ရေးသားခဲ့သော စာလေးတွေနဲ့ပတ်သက်ပြီး....
- ကျွန်တော်ရေးထားတာတွေဟာ ဖတ်ရတာအဆင်ပြေချင်မှပြေပါ့မယ်။ကြိုတင်ရေးထား တာ မဟုတ်ဘဲ စိတ်ကူးထဲမှာပေါ်လာတဲ့ဟာကို လက်တန်းရေးခဲ့လို့ပဲဖြစ်ပါတယ်။
- ဖတ်ကောင်းအောင် ၀တ္ထုအသွင်ပေါ်လာအောင်မရေးဖွဲ့ခဲ့နိုင်ပါ။ဒိုင်ယာရီမှတ်တမ်းတစ်ခု အဖြစ်ပုံစံသာရေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲဒါတွေဟာ အဖြစ်မှန်တွေဖြစ်ပါတယ်။စိတ်ကူးသက် သက်မဟုတ်ပါ။
-အင်တာနက်သုံးရာကနေခင်မင်ခဲ့ရတဲ့ ချစ်ခင်နေဆဲသူငယ်ချင်းတစ်ယောက်အကြောင်းနဲ့ ကျွန်တော့်ရဲ့ ရန်ကုန်သွားခရီးစဉ်ကို ရောနှောရေးထားခြင်းဖြစ်ပါတယ်။
စိတ်ထဲမှာ ခံစားမိသမျှကို မျှဝေတဲ့သဘော၊ဖွင့်ဟလိုက်တဲ့သဘောပါပါတယ်။တခြားရည် ရွယ်ချက်မျိုးမရှိပါ။
ဖတ်မိသူရော၊မဖတ်မိသူများကိုပါ....ကျေးဇူးတင်ပါတယ်။

My Love Stories (5)

ဒီနေ့မြို့အနှံ့လျှောက်လည်ကြတယ်။သူရယ် ကိုယ်ရယ် သူ့သူငယ်ချင်းတွေရော အပါအ၀င် ပေါ့။သူနဲ့ဘေးချင်းယှဉ်လျှောက်တာ သူမကန့်ကွက်ပေမဲ့ သူ့လက်ကိုကိုင်တာကိုတော့သူ သဘောမကျဘူးသိလား။သူများတွေ သဘောပေါက်သွားမှာစိုးလို့တဲ့ ဒိုင်ယာရီလေးရယ်။
ပြည်သူ့ဥယျာဉ်မှာ ရေကူးကြတယ်။တိရစ္ဆာန်ဥယျာဉ်မှာ ဓာတ်ပုံရိုက်ကြတယ်။ ဗိုလ်တစ်ထောင်မှာ ညောင်ရေလောင်းတယ် ဆိပ်ကမ်းမှာ လေညင်းခံရင်းစကားတွေပြော ဖြစ်ကြတယ် သိလား။သူနဲ့သွားလာနေထိုင်ရတာ သူများတွေအတွက်တော့ မသိဘူး။ ကိုယ့်အတွက်တော့ သူနဲ့ဆက်ဆံရတာရောနေထိုင်ရတာရော နွေးထွေးကြင်နာမှုအပြည့်နဲ့ပဲ ဒိုင်ယာရီ ရယ်။
သူနဲ့ ဈေးဝယ်ထွက်တော့လည်း ရယ်ရတယ်သိလား။ကိုယ်က အညာသားဆိုတော့ ဒီဇိုင်းကို သိပ်မကြည့်ဘူး ခိုင်ခံတဲ့ အကြမ်းခံတဲ့ ဒီဇိုင်းကိုရွေးတာလေ။သူက ဒီဟာက အောက်သွားပြီ မမိုက်တော့ဘူး။ဒါကအခုခေတ်စားနေတာ စသဖြင့်ရွေးတာပေါ့။ဒါနဲ့သူဝယ် တာကိုလိုက်ကြည့် ကိုယ်သဘောကျရင်ကိုယ်လည်းဝယ်ပေါ့လေ။ဈေးဝယ်သွားရင် ဘူးသီးကြော်စားဖြစ်ကြသေးတယ် အရမ်းကောင်းတာပဲ သိလား ဒိုင်ယာရီ။
ညကြတော့ ရွှေတိဂုံဘုရားကို သွားဖူးကြတယ်။အလွန်ကိုကြည်ညိုစရာကောင်းတာပဲ။ လူတွေလည်း အများကြီးပဲသိလား။ကိုယ်အစားအသောက်ပျက်မှာစိုးလို့ သူ့သူငယ်ချင်းလင် မယားကို အိမ်မှာလိုက်အိပ်ဖို့ခေါ်နေတယ်။ဘုရားမှာ ဆီမီးထွန်းဆုတွေတောင်း ဘာဆုတွေ တောင်းလည်းမမေးနဲ့နော်။ပြောပြရင် ရယ်စရာဖြစ်နေဦးမယ် ဒိုင်ယာရီရယ် မင်းသိပါတယ်။
လမ်း(၃၀)ရောက်တော့ လမ်းဘေးဈေးတန်းက ဟင်းချက်စရာတွေဝယ်ကြတယ်။ အိမ်ရောက်တော့ သူ့သူငယ်ချင်းက ရခိုင်ဝက်သားချက်ကြွေးတယ်။မအီဘူး အသားက လည်းပျော့မသွားဘူး သရက်သီးအမှည့်ကို ဒီအတိုင်းထည့်ချက်တာ။ထမင်းစားပြီးတော့ မင်္ဂလာဈေးက ၀ယ်လာတဲ့ ဒီဗီဒီခွေတွေကိုကြည့်ကြတယ်။သူကတော့ စောစောအိပ်တာ။ ကိုယ်ကတော့ ဆက်ကြည့်တယ်လေ။ ဟိုလင်မယားအိပ်မှ ကိုယ်လည်းမျက်နှာသစ်ပြီး သူ့ဘေးမှာ ၀င်အိပ်တော့ သူကလှမ်းဖက်။ နောက်မှပဲဆက်ပြောတယ်မယ်ကွာ ဒိုင်ယာရီကြီးရယ်နော်...။
သူနဲ့နေထိုင်သွားလာရတာ ကျေနပ်ကြည်နူးစရာလေးတွေပဲရှိတယ်လို့မထင်နဲ့နော်။ ကိုယ်မကျေနပ်သဘောမကျစရာလေးတွေကိုလည်းပြောပြရဦးမယ် ဒိုင်ယာရီရဲ့။
မနက်မိုးလင်းတော့ ကိုယ်လည်းနိုးနေပြီ၊သူက မျက်နှာတောင်သစ်ပြီးနေပြီသိလား။ ဟိုလင်မယားကတော့ ထတောင်မထသေးဘူး။ဗိုက်စာတယ် မနက်စာသွားစားကြမယ်တဲ့။ ကိုယ်တို့ဆီမှာက ကိုယ့်အိမ်လာတဲ့ သူငယ်ချင်းပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်သူတို့အတွက်ကို ရော နည်းနည်းဖြစ်ဖြစ်ကျွေးလေ့ရှိတာ လေနော်။သူကဘာမှ မပြောတော့ သူခေါ်တဲ့နောက် လိုက်သွားတယ်။ အုန်းနို့ခေါက်ဆွဲသွားစားတာပေါ့။ သူစားတဲ့အတိုင်း ဘဲသွေးထည့်စားတာ နည်းနည်းတော့ညှီသလိုပဲနော်။ဂရုတစိုက်ကျွေးတာ ကျေနပ်ပေမဲ့ ဗိုက်မ၀သေးတာသူ့ကို မပြောလိုက်ဘူး သိလား ဟီးဟီး။တော်ကြာ အညာသားအစားကြီးတယ်ဖြစ်မစိုးလို့လေ ဒိုင်ယာရီရဲ့။
သူ့အလုပ်က စနေနေ့မှာ နေ့တစ်ဝက်ထိလုပ်ရတာမို့ ဒီနေ့တော့ အလုပ်သွားလိုက်ဦးမယ် နော် သူ့သူငယ်ချင်းလင်မယားရဲ့ အိမ်ကိုလိုက်သွားတဲ့။ညနေကြမှ ပြန်ဆုံမယ်တဲ့။ ကိုယ့်စိတ်ထဲမှာ တစ်မျိုးကြီးပဲ သူနဲ့ပဲနေချင်တာ ဆိုတဲ့စိတ်ဖြစ်နေမိတာ လုပ်သင့်တာ ဖြစ်သင့်တာကို လုပ်ရမှာပေါ့နော် အဲဒီလိုပဲဖြေသိမ့်ရတာပေါ့ ဒိုင်ယာရီရဲ့။
သူ့သူငယ်ချင်းအိမ်က ကလေးဆေးရုံဝင်းထဲမှာပဲလေ။ဘိလိယက်ခုံထောင်ထားတာကွ။ ကိုယ့်ကိုဘိလိယက် ၀ါ သနာပါရင်ကစားပါလားတဲ့။ကိုယ်က မကစားတော့ဘူးလို့ သူတို့ကစားတာကိုပဲထိုင်ကြည့်ဖြစ်ခဲ့တယ်။သူ့သူငယ်ချင်းလင်မယားကလည်း ကိုယ့်အပေါ် ကောင်းပါတယ်။ ရန်ကုန်က သူငယ်ချင်းအချင်းချင်းတောင်မှ ရာထူးကြီးကြီး၊၀င်ငွေကောင်း တဲ့ သူငယ်ချင်းက သူငယ်ချင်းတွေကြားမှာ ဆရာကြီးပဲနော်။ကိုယ်ထင်တာကိုပြော တာနော် ဒိုင်ယာရီ တစ်မျိုးမထင်နဲ့ဦး။
ညနေကိုယ်တို့ ၆နာရီလောက်မှ ဗိုလ်မြတ်ထွန်းလမ်းက ကိုယ့်အချစ်ဆုံးလေးရဲ့ တိုက်ခန်း ကို ကိုယ်တို့ပြန်လာကြတယ်။သူကပြန်ရောက်လို့ ကာရာအိုကေဖွင့်ပြီးသီချင်းဆိုနေပြီ။ သူသီချင်းတော်တော်ဆိုနိုင်တာပဲ။ မနက်အလုပ်မသွားခင်လည်းဆို ညညအိပ်ယာမ၀င်ခင် လည်းဆို။တစ်ယောက်တည်းနေရတာ ပျင်းလို့သီချင်းဆိုရင်း ၀ါသနာပါသွားတာတဲ့။
သူ့သူငယ်ချင်းလင်မယားက ဒီညကြာဇံကြော်ရယ်၊ထမင်းပေါင်းရယ် လုပ်ကျွေးတယ်။ သူကတော့ ဘာဖြစ်ဖြစ်စားတာပဲ။ချေးမများဘူးသိလား။ဒီလင်မယားကလည်း သူ့အပေါ် ကောင်းပါတယ်။နောက်တစ်ပတ်သူတို့မလာဖြစ်ရင်စားဖို့ အကြော်အလှော်တွေလည်း လုပ်ပေးတယ်။ဘာလူမျိုးလည်းတော့မသိဘူး ရခိုင်ဟင်းတွေတော့တော်တော်ချက်နိုင် တာပဲ။ကိုယ်လည်း စားကောင်းကောင်းနဲ့စားလိုက်တာ။
ညမအိပ်ခင် ဗိုလ်တစ်ထောင်ဘုရားကိုသွားကြသေးတယ်။ဆိပ်ကမ်းမှာလည်းသွားထိုင်ဖြစ် တယ် ။ စကားထိုင်ပြောနေလို့ကောင်းတုန်း ဆိပ်ကမ်းအလုပ်သမားအချင်းချင်းရန်ဖြစ်ပြီး ဓားနဲ့ခုတ်ကျလို့ ရဲတွေလာတော့ သူ့သူငယ်ချင်းမိန်းမက သွားစို့ ပြန်စို့တဲ့ ကြောက်နေတဲ့ ပုံစံပဲ။
ကိုရီးယားသရဲကားရယ်၊Promiseဆိုတဲ့ ကိုရီးယားတရုတ်ဖက်စပ်ကားရယ်ကြည့်ကြတယ်။ သူကတော့ ကိုရီးယားသရဲကားတွေတော်တော်ကြိုက်တယ်နဲ့တူတယ်။စီဒီတွေမှအများကြီး ပဲ ။ကိုယ်လည်း သရဲကားကြည့်လို့ကြောက်တဲ့ပုံစံနဲ့ သူ့နားကပ်ထိုင်ပြီးကြည့်တာပေါ့ ဒိုင်ယာရီရဲ့။

My Love Stories (4)

ကိုယ်တို့လမ်းလျှောက်လာကြတယ်...ဘတ်စ်ကားဂိတ်ကိုရောက်တော့မှ သူ့ခြေလှမ်းကိုမှီ တော့တယ်။အမြန်..အမြန် ခြေလှမ်းတွေ ကိုယ်တို့မန္တလေးနဲ့မတူတာတော့ အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ်လေ...အခုရန်ကုန်ရောက်ပြီ...သူကလည်းနွေးထွေးစွာကြိုဆိုတယ်...ကိုယ် အဆင်ပြေမှာပါ...။
ညအိပ်ရာဝင်ချိန်မှာ တွေးနေတတ်သည့်အတွေးများဖြစ်တဲ့ သူကျွန်တော့်ကိုချစ်ကော ချစ်ရဲ့လား၊အသုံးချဖို့...လိုအပ်နေလို့ဆိုတာကြောင့်လား၊ကိုယ့်သံယောဇဉ်အပေါ်သူတစ် မျိုးများ မြင်နေမလား စသည့်စသည့်အတွေးများဟာ ကျွန်တော့်ရင်ဘတ်မှခုန်ထွက်ခါ ပြူတင်းပေါက်လေးမှ တစ်ဆင့်ပြုတ်ကျသွားတဲ့ နေ့လေးတစ်နေ့ပါပဲ။
သူ့အခန်းရှိရာပထမထပ်ကို တက်လာ၊သူ့အခန်းလေးကို ၀င် မြင်လိုက်ရ တာတွေက ကွန်ပျူတာတင်ထားတဲ့ စာရေးစာပွဲရယ်၊ တီဗွီနဲ့ ဒီဗီဒီဖွင့်စက်တွေ ပြီးတော့ စားပွဲရဲ့တစ်နေရာမှာ ကိုယ့်စာတွေကို ဘူးနဲ့သေချာထည့်ထားတာတွေကို မြင်လိုက်ရတယ်။
ကိုယ်ဘာမှ မစားရသေးတာသူသိနေတာ အံသြစရာမကောင်းပေမဲ့.. သူပြင်ထားတွေကို အရင်စားမလား၊အား အရည်သောက်မပါဘူး အောက်ထပ်ကစားသောက်ဆိုင်ကို ငါးခေါင်းဟင်းချိုလှမ်းမှာမယ်၊ ရေအရင်ချိုးမလား၊ပြီးရင် မင်းဝတ်ဖို့ဘောင်းဘီက ဒီမှာနော် စတဲ့စကားသံတွေနဲ့ အတူ သူ့ရဲ့ကရုစိုက်မှုအတွက် ကျေနပ်မိတာတော့အမှန်ပါ။ ကိုယ့်နားကို ကပ်လာတဲ့ သူ့ဆီက ရတဲ့ကိုယ်သင်းရနံ့ဟာ ကိုယ့်ကို ခံစားမှုတစ်ခုပေးနေ သလိုစိတ်ထဲမှာခံစားရတာ တစ်မျိုးလေးပေါ့။
ဘယ်လိုမှ ရှောင်လို့မဖြစ်တဲ့ အခန်းကျဉ်းလေး....သူရုတ်တရက်ဝင်လာတာကြောင့် အခန်းတံခါး မပိတ်ထားမိတဲ့ ကိုယ့်အဖြစ်...သူ..သူတံခါးကို ပြန်မပိတ်ပဲ ၀င်လာခဲ့ပြီ။ ပြီးတော့ ပူနွေးစိုစွတ်တဲ့ အနမ်းတွေ....နူးညံ့တဲ့ အထိအတွေ့....ပထမဆုံးနေ့မှာပဲ ဦးဆုံး အတွေ့အကြုံကိုခံစားရတဲ့ ရင်ခုန်တာတွေဟာ အခုပြန်စဉ်းစားတဲ့အချိန်အထိ ပူနွေးနေဆဲပါ။
ဒီနေ့....ရန်ကုန်မရောက်ဘူးတဲ့ ကိုယ့်ကို ဘုရားအစုံ၊ပြည်သူ့ဥယျာဉ် စတာတွေကိုလိုက်ပို့ မယ်လို့သူပြောထားတာလေ။ကိုယ်ကတော့ နေရာဒေသ အသစ်ဖြစ်တာကြောင့်ရော၊ နေမြင့်အောင် အိပ်ကျင့်မရှိတာကြောင့်ရော အစောကြီးနိုးနေတာကြောင့် ထမင်းကြော်၊ မီးဖိုထဲက ရှိတဲ့ မုန့်ညင်းချဉ်လို စားစရာတွေကိုတောင် အသင့်ပြင်ပြီးနေတာကြာလှပေါ့။
Wow....မနက်ခင်း တံခါးပေါက်ကနေ ၀င်လာတဲ့လေနွေးနွေးနဲ့ အတူ လမ်းမပေါ်မှာ ရှင်းလင်းနေလိုက်တာ။လမ်းပေါ်မှာ သွားလာနေသူနည်းနည်းကလွဲလို့ လူသွားလူလာ သိပ်မရှိ ပါလား။ဒီအချိန်ဆိုရင် ကိုယ်တို့မန္တလေးမှာ ဆူညံနေပြီ။ မျက်နှာချင်းဆိုင်က ပုဇွန်တောင် အထက်တန်းကျောင်းအဆောက်အအုံကြီးကိုဆောက်နေတာ မြင့်မှမြင့်။ကိုယ်လို အမြင့် ကြောက်သူဆိုရင် ဒီလိုကျောင်းမျိုးမှာ တက်ဖြစ်မှာ မဟုတ်ဘူး။
ဟာ...ဟ အိပ်နေတာကလည်း ကလေးလေးကျနေတာပဲ ကွေးကွေးလေး။သူ့ပါးကိုနမ်း လိုက်တော့ ဟာကွာ မင်းကလည်းအေးစက်နေတာပဲတဲ့။သူ့ကို အတင်းနှိုး...သူကအတင်း ပြန်အိပ် ပျော်စရာတော့ အကောင်းသား။
ကိုယ်ချက်ထားတာတွေကို အားရပါးရစားနေတဲ့အတွက် ကိုယ်တော့ ၀မ်းသာကြည်နူး မိတာ အမှန်။သူက မင်းသာဒီမှာ အလုပ်ရလို့ ကိုယ်နဲ့အတူနေရင် ကိုယ်တော့ ၀က်ပုပ်ကြီး ဖြစ်လာမှာပဲတဲ့။မြန်မြန် အလုပ်ရပါရစေ အဆင်ပြေပါစေလို့ ကိုယ်ဆုတောင်းရတော့မှာပေါ့။
မင်းနဲ့ အတူနေခွင့်ရဖို့.....ပျော်ရွှင်နိုင်ဖို့.....။

My Love Stories (3)

လူတစ်ယောက်>>>>မနက်မနက်ဆိုရင် ကိုယ်တို့လမ်းကြားကို အမြဲတမ်းဖြတ်သန်းနေတာ နေ့တိုင်းပါပဲ။ လမ်းတွေ အိမ်တွေကိုသူ့တာဝန်အရ လိုက်လံပို့ဆောင်တဲ့ စာတွေအထုပ်တွေအများကြီး။
ကလင် ကလင် လိုမြည်နေတဲ့ဘဲလ်သံက အိမ်ခြံဝမှာအတန်ကြာမြည်နေတာနဲ့ ကိုယ်ကိုယ် တိုင်ပဲ အိမ်ရှေ့ကိုထွက်လိုက်တော့ စာတစ်ထပ်နဲ့အတူမြင်နေရတဲ့ လူတစ်ယောက်ကြောင့် ကိုယ်နည်းနည်းပျော်သွားသလိုပဲ။ ဘာကြောင့်လည်းတော့ မမေးပါနဲ့တော့။
စာတွေ တရွက်ပြီးတရွက် ကိုယ့်ရှေ့က စားပွဲပေါ်မှာ ရောက်သွားသလို ကိုယ့်မျက်နှာပေါ်က အပြုံးကလည်း ပိုပိုကြီးလာသလိုပါပဲ။သူ့အပေါ် လွမ်းဆွတ်ခဲ့ရတာတွေ တမ်းတမျှော်လင့်ခဲ့ရတာတွေကို အဝေးမှာထားခဲ့လိုက်ပါပြီ။
အိုး.....အဲဒီလိုတော့ မလုပ်ပါနဲ့ကွာ ကိုယ်လာနိုင်အောင်ကြိုးစားမယ်။ကိုယ့်ဓာတ်ပုံကို လည်း အများကြီးပို့လိုက်မယ်။ကိုယ်က ကိုယ့်ရုပ်ဆိုးတယ်ထင်လို့ မှတ်တမ်းတင်ဓာတ်ပုံက လွဲလို့ အလှဓာတ်ပုံမရိုက်တာကြာလှပေါ့။
မင်းဓာတ်ပုံတစ်ပုံကိုပဲမြင်ဘူးသေးတယ်။ကိုယ်တို့ခင်မင်ကြတာ တစ်နှစ်တောင်ရှိပြီ ကိုယ်တို့ အပြင်မှာ တွေ့ကြမယ်။ရန်ကုန်ကိုလာခဲ့ပါ။ဓာတ်ပုံမပို့ရင်၊ လာမတွေ့ရင် သူငယ်ချင်းအဖြစ် ကရပ်စဲပစ်လိုက်လို့ရတယ်ဆိုတဲ့မင်းစကားကြောင့်.>>>မင်းကို ကိုယ်လည်းအမှန် တစ်ကယ် တွေ့ချင်စိတ်ကြောင့် ကိုယ်လာမယ် မင်းဆီကို။
လာမယ်......အခုလာမယ်.......မင်းနဲ့တွေ့ရတော့မယ်။ကိုယ်ချစ်တဲ့သူနဲ့တွေ့ရတော့မယ် ဆိုတော့ ရင်ထဲမှာတစ်မျိုးကြီးပါလား။အပြင်မှာတွေ့ရင် သူကိုယ့်ကိုခင်ချင်ပါ့မလား။ ဒီထက်သံယောဇဉ်ထားချင်ပါ့မလား။ အဖေပြောသလို တခြားရန်ကုန်ကလူတွေလိုများ ကိုယ့်ဆီက ကိုယ့်ကိုအသုံးချလိုလို့...စသဖြင့် အတွေးတွေကတော့အများသား။
တော်ပြီကွာ မစဉ်းစားတော့ဘူး သွားမယ် ရန်ကုန်ကိုသွားမယ်။
စိတ်လှုပ်ရှားမှုများနှင့် စတင်တဲ့ခရီးဟာ အထူးအဆန်းဖြစ်နေတာတော့ အမှန်ပါပဲ။ တစ်ယောက်တည်းသွား....ကိုယ့်အားကိုယ်ကိုး ခရီးလေးမို့လေ။
ခါတိုင်းဆိုရင် မိသားစုဝင်တစ်ဦးဦးပါမှ ခရီးထွက်ကျင့်ရှိခဲ့တာပါ။ အပြစ်မဆိုသာတဲ့ အဖေ့ရဲ့ စိတ်မချခြင်းတွေနဲ့ ရစ်နှောင်ထားတဲ့ ကိုယ်ဟာ နည်းနည်းတော့ အားကိုချင်စိတ် ရှိနေသလိုပါပဲ။
ဒီခရီးဟာ ကိုယ့်အတွက် စွန့်စားခန်းကြီးဖြစ်သလို အဆန်းတကြယ် စိတ်လှုပ်ရှားမှုများဖြစ် ပေါ်စေတဲ့ခရီးလေးပါ။
အဖေကပြောတယ်...> ရန်ကုန်ကလူတွေရဲ့အကြောင်း၊ ခရီးစဉ်အကြောင်း၊ သူလာ မကြိုရင် ဘယ်လိုသွား ဘယ်မှာတည်း ဘယ်လိုလုပ်စတဲ့ မှာတမ်းတွေပေါ့။မိဘမေတ္တာပါ သလို စိတ်မချခြင်းတွေပါဝင်နေတဲ့ စကားသံတွေဟာ တစ်ခါတစ်လေ ကိုယ့်အတွက်နွေး ထွေးမှုကိုပေးသလို တစ်ခါတစ်လေတော့လည်း မကောင်းဘူးလို့ အဲဒီအချိန်က မခံစားတတ် ခဲ့တာအမှန်ပါပဲ။ခရီးသွားဖို့သာ စိတ်ကသန်နေတာလေ။
ဘာပဲဖြစ်ဖြစ်လေ အရွယ်ရောက်ပြီး ယောက်ျားလေးတစ်ယောက်အတွက် ကိုယ့်အားကိုယ် ကိုးလိုစိတ်ဖြစ်ပေါ်စေတဲ့၊ လောကသစ်တစ်ခုကို လျှောက်လှမ်းရသလို ခံစားရစေတဲ့၊ ကိုယ့်သံယောဇဉ်ရှိသူကိုတွေ့ရမယ့် ဒီခရီးဟာ အဆင်ပြေချောမွေ့ပါစေကြောင်း ကိုယ်ဆုတောင်းပါတယ်။
တဂျုံးဂျုံး.....ဂျုံး မည်နေတဲ့ ပုခက်လွှဲသလားထင်ရတဲ့ ရထားပေါ်မှာ အိပ်မပျော်ခြင်းများ စွာ အိပ်မပျော်သူဟာ ကိုယ်တစ်ယောက်ထဲလား။ ဘူတာတစ်ခုဝင်တိုင်း မည်မည်လာတတ် တဲ့ ရထားဥသြသံရယ် တံတားတွေကို အဖြတ်မှာ မည်လာတတ်တဲ့ တဂျုံးဂျုံး အသံတွေဟာ ကိုယ့်စိတ်လှုပ်ရှားနေတာကို တိုးမြှင့်စေတာတော့အမှန်ပါပဲ။
ရထားပြတင်းပေါက်ကနေ မည်းမည်းမှောင်မှောင်ထဲမှာ မြင်နေရတဲ့ လယ်ကွင်းတွေ၊ တောင်ပေါ်က စေတီတွေ၊ ညမှောင်မှောင်မှာ အလုပ်ရှုပ်နေကြတဲ့ လူတစ်ချို့ရယ်ကိုကြည့် ပြီး ဘာမှန်းမသိတဲ့ ခံစားမှုတစ်ခုဟာ ရင်ထဲမှာ တလှပ်လှပ်။
မနက်က ဘာမှန်းကိုမသိဘူး ရထားစီးခရီးသည်တွေ ဘူတာရုံမှာများမှများ...စုံစမ်းကြည့် တော့ အခုအဝေးပြေးကားခတွေ ဈေးတအားမြင့်နေတာကြောင့်ရထားစီးသူများလာတာတဲ့။ ဒါကြောင့်နေမှာ လက်မှတ်ကို သုံးရက်လောက်ကြိုဝယ်တာတောင် ကုန်ပြီတဲ့။တော်ပါသေး ရဲ့ ဘူတာက အမကကိုယ့်အသိဖြစ်လို့ သူကြိုဝယ်ပေးထားတာကိုပဲကျေးဇူးတင်နေရတာ။
မနက်ကျရင် ရထားကဘယ်နှနာရီဆိုက်မလဲ မသိဘူး။သူ့ကို ကိုယ်ဖုန်းဆက်ထားတဲ့အချိန် မဆိုက်ရင် သူကတော့ ရပ်စောင့်နေရတော့မှာ။ ဂျင်းအပြာရယ် တီရှပ်အဖြူရယ် သူဝတ်လာ မယ်။ဘူတာအထွက်က ရုပ်ထုတွေရှိတဲ့နားက ခုံတန်းမှာ သူစောင့်နေမယ်တဲ့။ အဖေပြော သလိုသူ ကိုယ့်ကိုယ် လိုလိုလားလားရှိပါ့မလား။ ရန်ကုန်မြို့ကြီးကကော ဘယ်လိုပုံစံလည်း ကိုယ့်ကို နွေးထွေးစွာကြိုဆိုမလား...အစိမ်းသက်သက်ကြိုဆိုမလား။
အခုချိန်မှာ ဘာမှမစဉ်းစားတာပဲကောင်းပါတယ်။ဒါပေမဲ့ ရထားသံတဂျုံး...ဂျုံးက ကိုယ့်ကို အိပ်မပျော်သူကို အိပ်မပျော်အောင်များ လုပ်နေသလား....ကွာ။
ငှက်ပျောသီးတွေ ရမယ်.....ငှက်ပျောသီးတွေ.....ရေရမယ်ရေ စတဲ့အသံတွေကြောင့် ရုတ်တရက်လန့်နိုးသွားတယ်။တိုးကြောင်ကလေးဘူတာရောက်ပြီမကြာခင် ရန်ကုန်ဘူတာ ကြီးကိုရောက်တော့မယ်ဆိုတာကြောင့် ကိုယ့်အထုပ်လေးတွေပြင်ဆင်ရပြီ မေ့မကျန်ခဲ့ အောင်ပေါ့။သေချာတာကတော့ ထိုးမုန့်ထုပ်တွေကိုသေချာစစ်ရတာပါပဲ။ သူကထိုးမုန့်ကြိုက်တယ် မဟုတ်လား။
ဘူတာထဲကို ၀င်ဖို့ ရထားဥသြဆွဲသံနဲ့ အတူကိုယ့်စိတ်တွေဟာ ပျော်ရွှင်သလိုလို၊စိုးရိမ်စိတ် ၀င်သလိုလိုနဲ့ ဟား...ဟား။လူတွေ လူတွေမြို့ထဲမှာ လူကျန်သေးရဲ့လားမေးရအောင် ဘူတာရုံမှာ ကြိတ်ကြိတ်တိုးနေတာ။အထုပ်အပိုးတွေကိုသေချာစွဲကိုင်ပြီး ဘူတာဝင်ပေါက် ဘက်ကို ထွက်လာခဲ့တယ်။ဟာ....သူ့ကိုလည်းမတွေ့ဘူး သေချာစောင့်နေမယ်ပြောပြီး တော့။အော်....ရှေ့ကလှမ်းကြည့်နေတဲ့ ကောင်လေးတစ်ယောက်..သူလည်းကိုယ့်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေတယ်။ သေချာပါတယ် သူပြောတဲ့အတိုင်းပဲ ကိုယ့်ကို နှုတ်ဆက်တယ်။ မင်းကိုဘူတာထဲလာစောင့်သေးတယ်...ရထားနားကောလာရှာတယ်.. လွဲနေမှာစိုးလို့ ပြောထားတဲ့အတိုင်းဒီနားကစောင့်နေတာ စတဲ့ စကားတွေနဲ့နွေးထွေးစွာ ကြိုဆိုတယ်။အခုမှတွေ့တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အမ်းနေသလိုပါပဲ။

My Love Stories (2)

မျှော်လင့်ရသောနေ့
မည်းမှောင်နေတဲ့ ဒီလိုညမှာ အသံလေးတစ်ခုကိုလွမ်းဆွတ်နေတယ်။မကြားရတာ တစ်ပတ်ရှိပြီ နော်။တိတ်ဆိတ်နေတဲ့ ညထဲမှာစာလည်းမဖတ်ချင်တော့ဘူး၊ကိုယ်သိပ်ကြိုက်တဲ့ သီချင်းကိုလည်း>> အိုး....တိတ်ဆိတ်နေတာနဲ့စာရင် ထဖွင့်လိုက်ပါဦးမယ်။တိုက်တိုက်ဆိုင်ဆိုင် သီချင်းလေးက ကိုယ့်ရဲ့ လွမ်းဆွတ်မှုကို ပံပိုးနေတာ Come Away With Me(Norah Jones)တဲ့။မင်းကိုယ့်နဲ့အတူ....လျှောက်လှမ်းနိုင်ပါ့မလား...။
တိတ်ဆိတ်တဲ့ည....လွမ်းဆွတ်နေတဲ့ည....မျှော်လင့်ချက်ထားမိနေသောည.....အထီးကျန်သူ တွေရဲ့ ထုံးစံအတိုင်း အတွေးနယ်ချဲ့ ကယောက်ကယက်ဖြစ်နေတာ.....ဟား.....။
- ကိုယ်ကတစ်ခုခုကို ပြောလိုက်တိုင်း မင်းကငြင်းဆန်တယ်ဆိုတာမရှိ အိုကေတဲ့။ကိုယ်က မင်းကိုချစ် တယ်လို့ပြောတော့ မင်းကလည်းကိုယ့်ကိုချစ်တယ်တဲ့ချစ်ခြင်းပြန်ပြောခဲ့တာ။ဒါဟာ....>
- သူ့ကိုသူငယ်ချင်းထက်သံယောဇဉ်ပိုနေတာကို သူလည်းသိတယ်၊ကိုယ်လည်းသိပါတယ်။ တစ်ယောက်ထဲ နေကျင့်ရှိနေတဲ့သူဟာ..ကြင်နာနွေးထွေးမှု၊ပြေပြစ်တဲ့ဆက်ဆံရေး ရှိသူ သူ့ကိုတွယ်တာတာဟာ >>>
..>ဒါမှမဟုတ် ကိုယ့်သံယောဇဉ်ကို သူပျက်ရယ်ပြုချင်တာလား။ကိုယ့်သံယောဇဉ်က သူများနဲ့မတူ တာတော့အမှန်ဖြစ်နေတာကိုးလေ။
သူငယ်ချင်းရေ မင်းအသံလေးတွေကို ပို့လွှတ်နေကျ၊ကိုယ်လည်း မင်းအသံကိုလက်ခံနေရတဲ့ ဆက်သွယ်ရေးကိရိယာ(ဖုန်း)လေးကို အခုပဲကောက်ကိုင်လိုက်ပါလား ကွာ။ကိုယ်မျှော်နေတယ်။
တမ်းတခြင်းဆိုတာ
မျှော်လင့်မိသူအတွက်ပါ။
ရင်ခုန်ခြင်းဆိုတာ
ချစ်မိသူအတွက်ပါ။
ကြည်နူးခြင်းဆိုတာ
ယုယတတ်သူအတွက်ပါ။
လွမ်းခြင်းဆိုတာ
မုန်းတတ်သူအတွက်ပါ။
အလွမ်းတွေနဲ့
ချစ်မိသူကိုယ့်အတွက်တော့
ရူးသွပ်ခြင်းပဲဖြစ်မှာပါ။
ဒီကဗျာလေးက ကိုယ့်အလွမ်းကို ကိုယ့်ခံစားချက်ကို ကိုယ့်အတွေးကို အထောက်အပံ့ ပြုဖော်ပြနေသလား။အလွမ်းဆိုတာ သူပြောသလို မုန်းတတ်သူအတွက်လို့ ကိုယ်တော့ မခံယူပါ။ကိုယ်ဟာချစ်တတ်သူသာ ဖြစ်တယ်လေ။ကိုယ့်အလွမ်းဟာ ဘာမျှော်လင့်ချက်လည်း သူ့ဆီကတုန့်ပြန်မှုတစ်ခုသာရချင်တာ.....>ထားပါတော့လေအခုကိုယ်သူ့ကို တမ်းတနေတယ် မျှော်လင့်နေတယ်.....။
ပြူတင်းပေါက်ဖွင့်လိုက်တော့ ဝေ့၀ဲနေတဲ့ လေပြေညှင်းတွေနဲ့အတူ ကြွေလွင့်နေတဲ့ သစ်ရွက်ကလေးတွေ ကလည်းကိုယ့်ကို မလွမ်းစေတော့ဘူး။
အိမ်ရဲ့မျက်နှာချင်းဆိုင်က ကြားနေရတဲ့ ပိုးအိစံရဲ့ အလွမ်းသီချင်းတွေကိုလည်း လိုက်ပါမလွမ်းဆွတ်တော့ပါ။
ကိုယ့်ရဲ့ အခန်းထဲမှာလည်း မီးတွေလင်းချင်းနေပါပြီ။ဂီတသံတွေလည်း ကြားနိုင်ပါပြီ။ ကိုယ့်ရဲ့ပျော်ရွှင်နေတဲ့ရယ်သံတွေကိုလည်းတစ်အိမ်လုံးကကြားရလို့ အဖေကတောင် မင်းဘာဖြစ်နေတာလည်းတဲ့။
ဒီလိုအဖြစ်အပျက်များကို မနက်ခင်းလေပြေတွေကယူဆောင်လာတယ်လို့ပြောရင် ရပါတယ်။မနက်ဆိုရင်ကိုယ်ဟာ နည်းနည်းနောက်ကျမှထလေ့ရှိတာ....ညညအိပ်မပျော်လို့ အိပ်တာနောက်ကျလိုပါပဲ။ဘာကြောင့်လည်းတော့ မမေးပါနဲ့တော့။