တရုတ်ရိုးရာ လက်ဖက်ရည်ယဉ်ကျေးမှုနှင့် လက်ဖက်ရည်အနုပညာ
တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေလို့ ဆိုလိုက်တာနဲ့ မပါမဖြစ်အရာ ၂ မျိုးမှာ အရက်နဲ့ လက်ဖက်ရည်ပင် ဖြစ်သည်။ အရက်နှင့် လက်ဖက်ရည်သည် တရုတ်လူမျိုးတို့၏ ရိုးရာအခမ်းအနားများ၊ မင်္ဂလာဧည့်ခံပွဲ၊ ဘိုးဘေးဘီဘင်ကန်တော့ပွဲမှသည် အခမ်းအနားပွဲအမျိုးမျိုးတွင် မပါမဖြစ် အရာများဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် လက်ဖက်ပင်ကို အစောဆုံး တွေ့ရှိခဲ့ကြသူများမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ဝန်းကျင်ကတည်းကပင် လက်ဖက်ရည်သည် အရက်ထက်ပင်စော၍ ရိုးရာထုံးတမ်းပွဲများ၊ ဧည့်ခံပွဲများတွင် အသုံးပြုခဲ့ကြကြောင်း သိရသည်။ အစောပိုင်းကာလများတွင် အရက်ကို ဘိုးဘေးကန်တော့ပွဲ၊ နတ်ပူဇော်ပွဲများတွင်သာ အသုံးပြုခဲ့ပြီး လက်ဖက်ရည်ကိုမူ နန်းတွင်းအခမ်းအနားပွဲများတွင် ဧည့်ခံသည့်အခါ အသုံးပြုခဲ့သည်။
လက်ဖက်ရာဇဝင်
ဒဏ္ဍာရီအရ လက်ဖက်ပင်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဒဏ္ဍာရီဧကရာဇ် ၈ ပါးခေတ် 三皇五帝 က တရုတ်လူမျိုးတို့၏ ဘိုးဘေး ဧကရာဇ် ရှန့်နုန် 神農 က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုကြသည်။ ရှန်းနုန်သည် တရုတ်လူမျိုးတို့၏ ဆေးပညာနှင့် စိုက်ပျိုးရေးပညာကို သင်ကြားပေးခဲ့သော ဖခင်ကြီး ဖြစ်ပေသည်။ ရှန်းနုန်သည် ဆေးပညာထွန်းကားစေရန်အတွက် မြောက်မြားစွာသော အပင်နှင့် မှိုများကို မြည်းစမ်းခဲ့ပြီး လူသားတို့အတွက် အကျိုးရှိစေမည့် ဆေးကျမ်းစာကို ရေးသားပေးခဲ့သည်။ ထိုအထဲတွင် မည်သည့်အပင်က ဆေးဝါးဖြစ်စေသည်၊ မည်သည့်အပင်နှင့် မှိုက စားသောက်ရန်သင့်သည်၊ မည်သည့်အပင်နှင့် မှိုက အဆိပ်ရှိသည်တို့ကို လက်ဆင့်ကမ်း ပညာအမွေပေးခဲ့လေသည်။ ရာဇဝင်အရ ရှန်းနုန်သည် မွှေးရနံ့သင်းသော လက်ဖက်ပင်ကို မြည်းစမ်းကြည့်ရင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ပထမဆုံး လက်ဖက်ရွက်ကို ဝါးစားကြည့်ရာ စိတ်ကြည်လင်သလို ခံစားရသည်ဟု ဆိုသည်။ ထို့ကြောင့် လက်ဖက်ရွက်တစ်ချို့ကို အိမ်သို့ ယူလာခဲ့လေသည်။ လက်ဖက်ရွက်များသည် ရက်အတော်ကြာသွားသည့်အတွက် ခြောက်သွေ့ကုန်ကြလေသည်။ ထိုအချိန် ရှန်းနုန်သည် ရေနွေးပူပူကို ငှဲ့ထည့်ထားစဉ် လက်ဖက်ရွက်ခြောက်တစ်ချို့ ရေနွေးထဲ ကျသွားလေသည်။ ရှန်းနုန်လည်း ထိုလက်ဖက်ရည်ကို သောက်ကြည့်လိုက်ရာ ထူးကဲသောအရသာကို မြည်းစမ်းမိပြီးနောက် ထိုအရသာကို စွဲမက်သွားလေသည်။ ပြီးနောက် လက်ဖက်ရည်သည် လူကို လန်းဆန်းတက်ကြွအောင် လှုံ့ဆော်ပေးနိုင်ကြောင်းကိုပါ တွေ့ရှိသွားလေသည်။ နောက်ထပ် မှတ်တမ်းတစ်ခု၌ ရှန်းနုန်သည် အဆိပ်ပင် ၇၂ မျိုးကို မြည်းစမ်းကြည့်ပြီးနောက် အလွန်နေမကောင်းဖြစ်လျက်ရှိသည်။ ထိုအချိန် သူ့ဘေးနားတွင် ကျလျက်ရှိသော အရွက်လေးများကို ဝါးပြီး ထွေးထုတ်လိုက်သည်။ ထိုအရွက်လေးများကို ဝါးစားလိုက်သည့်အခါ လန်းဆန်းအားပြည့်သွားသလို ခံစားရသည့်အတွက် အရွက်များကို အကုန်ဝါးစားလိုက်လေသည်။ ထိုအခါ ရှန်းနုန်ကိုယ်တွင်းရှိ အဆိပ်များအားလုံးလည်း ပြယ်သွားသည်ဟု ဆိုသည်။ ထို့ကြောင့် တရုတ်ဆေးပညာတွင် လက်ဖက်ရွက်နှင့် ကန်စွန်းရွက်သည် အဆိပ်ပြယ်စေသော ဂုဏ်သတ္တိရှိသည်ဟု ရေးသားခဲ့ကြလေသည်။ ကနဦး သမိုင်းမတင်မီခေတ်က တရုတ်လူမျိုးများသည် လက်ဖက်ရွက်ကို လက်ဖက်ရည်အဖြစ် သောက်သုံးခြင်းထက် လက်ဖက်ရွက်ကို စာသုံးခြင်းက ပိုများခဲ့ကြောင်း သိရသည်။ နောက်ပိုင်းခေတ်များတွင်မှ လက်ဖက်ရည်သောက်သုံးခြင်းဓလေ့ ပိုတွင်ကျယ်လာပြီး လက်ဖက်ရည်သောက်သုံးခြင်းကို ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ဖော်ဆောင်ခဲ့ကြလေသည်။
အစောဆုံးသမိုင်းမှတ်တမ်း
ကျိုးမင်းဆက်ခေတ် (ဘီစီ ၁၀၄၅ ခုနှစ်မှ ၂၅၆ ခုနှစ်) ၏ မှတ်တမ်းများတွင် လက်ဖက်ခြောက်သည် ကျိုးခေတ်က တော်ဝင်မျိုးနွယ်၊ ဘုရင့်မျိုးနွယ်တို့အတွက် ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်ခဲ့သည်ဟု သိရသည်။ ထိုခေတ်က အထက်တန်းလွှာများသာ လက်ဖက်ခြောက်ကို သုံးဆောင်ခွင့်ရကြသည်။ အထက်တန်းလွှာများသည် လက်ဖက်ခြောက်ကို ရေနွေးဇလုံထဲထည့်ပြီး ချိုးရေအဖြစ် အသုံးပြုခဲ့ကြသလို စိတ်ကြည်လင်စေရန် သောက်သုံးရသည့် ဆေးဝါးများတွင်လည်း လက်ဖက်ကို ထည့်သွင်းအသုံးပြုခဲ့ကြသည်။ လက်ဖက်ခြောက်ကို ရေနွေးပွက်ပွက်ဆူထဲ ထည့်ခတ်ပြီး အစားအစာ၊ ဆေးဝါးနှင့် လက်ဖက်ရည်အဖြစ် သုံးစွဲခဲ့ကြသည်။ လက်ဖက်ရွက်ကို အသုံးပြုကာ ဟင်းလျာ၊ ဟင်းရည် ချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြသေးသည်။ ကျိုးခေတ်ယဉ်ကျေးမှုမှတ်တမ်းများအရ ကျိုးခေတ်ကတည်းကပင် လက်ဖက်ရည်ယဉ်ကျေးမှု စတင်နေပြီဖြစ်ပြီး နန်းတွင်း၌ လက်ဖက်ရည်ဧည့်ခံပွဲအခမ်းအနားများကို ကျင်းပလေ့ရှိကြောင်း သိရသည်။ လက်ဖက်ခြောက်သည် တရုတ်ပြည်တောင်ပိုင်းတွင်သာ ထွက်ရှိပြီး တောင်ပိုင်း၏ အထူးဒေသထွက်ကုန်လည်း ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ကာလများတွင် တောင်ပိုင်း၌ တာဝန်ကျသော အရာရှိများသည် ဧကရာဇ်ထံမှ မျက်နှာသာရရှိရန်အတွက် တောင်ပိုင်းမှ လက်ဖက်ကောင်းကို ဆက်သပေးလေ့ ရှိသည်။
စုန့်မင်းဆက်ခေတ်၏ လက်ဖက်ရည်ယဉ်ကျေးမှု
တရုတ်မင်းဆက် အဆက်ဆက်တွင် လက်ဖက်ရည်ယဉ်ကျေးမှုများ တစ်ခုနှင့် တစ်ခု မတူညီပဲ တမူထူးခြားစွာ ရှိခဲ့ကြသည်။ ယခု Post တွင် အဓိကပြောချင်တာက လျိုရိဖေးရိုက်ကူးထားသည့် ဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် 夢華錄 (A Dream of Splendor) ထဲမှ စုန့်မင်းဆက်ခေတ်၏ လက်ဖက်ရည်ယဉ်ကျေးမှုအကြောင်းပင် ဖြစ်သည်။ စုန့်မင်းဆက်ခေတ် (၉၆၀ ခုနှစ်မှ ၁၂၇၉ ခုနှစ်) သည် တရုတ်ပြည်၏ မင်းဆက်ခေတ်များတွင် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ချမ်းသာကြွယ်ဝမှု အမြင့်မားဆုံး ခေတ်တစ်ခေတ် ဖြစ်ခဲ့သည်။ စုန့်ခေတ်မှ လက်ဖက်ရည်ယဉ်ကျေးမှုသည် ယနေ့ထက်တိုင် ကမ္ဘာကျော်ပြီး စုန့်ခေတ်ယဉ်ကျေးမှုကို ဂျပန်၊ ကိုးရီးယား၊ အရှေ့အလယ်ပိုင်းနှင့် အနောက်တိုင်းနိုင်ငံများမှ လက်ဆင့်ကမ်း ဖြန့်ဝေသယ်ဆောင်ခဲ့ကြလေသည်။ စုန့်ခေတ်က လက်ဖက်ရည်ဧည့်ခံပွဲအခမ်းအနားများသည် စာပေယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို နှီးနှောဖလှယ်ရာ ပွဲများဖြစ်ကြသည်။ စုန့်ခေတ်တွင် လက်ဖက်ရည်ဧည့်ခံပွဲများကို အထက်တန်းလွှာ တော်ဝင်မျိုးနွယ်၊ စာပေပညာရှင်များသာမက သာမန်ပြည်သူများပါ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ဒါဆို စုန့်မင်းဆက်ခေတ်ရဲ့ လက်ဖက်ရည်ယဉ်ကျေးမှုက ဘယ်လောက်ထိ ထွန်းကားခဲ့သလဲ ? ဘယ်နိုင်ငံတွေအထိ ပျံ့နှံ့ခဲ့သလဲ ? ဆိုတာ လေ့လာကြည့်ရကြပါစို့။
စုန့်မင်းဆက်ခေတ်၏ လက်ဖက်ရည်ဖျော်နည်းများ
တျန့်လက်ဖက်ရည် (點茶) သို့မဟုတ် Green Tea (末茶 - Matcha) ၏ အစ
စုန့်ခေတ်တွင် လက်ဖက်ခြောက်ကို အမှုန့်ကြိတ်ပြီး လက်ခြောက်မှုန့်များဖြင့် ဖျော်ရသော တျန့်ချာ 點茶 လက်ဖက်ရည်သည် နာမည်ကြီးသည်။ တျန့်ချာဖျော်နည်းသည် ထန်မင်းဆက်ခေတ်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး စုန့်ခေတ်နှင့် အနည်းငယ်ကွဲပြားမှုရှိသည်။ စုန့်ခေတ်၏ တျန့်ချာဖျော်နည်းမှာ လက်ဖက်မှုန့်များကို လက်ဖက်ရည်ခွက်ထဲ ထည့်ပြီး ရေနွေးအနည်းငယ်ဖြင့် မွှေထားရမည်။ ပြီးနောက် ရေနွေးအနည်းငယ်ကို ထည့်ပြီး ဝါးဖြင့်ပြုလုပ်ထားသော လက်ဖက်ရည်မွှေတံဖြင့် ပထမတစ်ခေါက် မွှေခဲ့သည့်အချိန်အတိုင်း ထပ်မံမွှေပေးပါမည်။ အမြှုပ်ထလာပါက တတိယအကြိမ် ရေနွေးအနည်းငယ် ထည့်ပြီး ထပ်မွှေပေးရမည်။ စတုတ္ထအကြိမ် ရေနွေးထည့်မွှေပြီးသည့်အခါတွင် သောက်သုံးနိုင်ပြီ ဖြစ်သည်။ စုန့်ခေတ်တွင် လက်ဖက်ရည်အမြှုပ်ပေါ်၌ အနုပညာပုံဖော်ခြင်း (Tea Art) ကို ပြုလုပ်နေပြီ ဖြစ်သည်။ စုန့်ခေတ်က လက်ဖက်ရည်အနုပညာပုံဖော်နည်းမှာ လက်ဖက်မှုန့်များကို ပထမအဆင့်အတိုင်း ရေနွေးအနည်းငယ်ဖြင့် ပျစ်ပျစ်လေး ထည့်မွှေပေးပြီး အလှပုံဖော်သည့် တုတ်တံလေးဖြင့် ပန်းချီ၊ စာလုံးများကို ရေးသားပုံဖော်လေ့ရှိကြသည်။ ထိုခေတ်အခါက ဂျပန်နိုင်ငံမှလာသော ပညာတော်သင် ဘုန်းတော်ကြီးများသည် စုန့်ခေတ်လက်ဖက်ရည်ယဉ်ကျေးမှုကို သင်ကြားပြီး ဂျပန်ပြည်သို့ ယူဆောင်သွားခဲ့လေသည်။ ဂျပန်တို့သည်လည်း တရုတ်နည်းတူ လက်ဖက်ရည်အခမ်းအနားများတွင် စုန့်လက်ဖက်ရည်ဖြင့် ဧည့်ခံလေ့ရှိသည်။ ဂျပန်လို 抹茶 (Matcha) ဆိုသည်မှာ လက်ဖက်ခြောက်ကို အမှုန့်ကြိတ်ခြင်းဟု ဆိုလိုခြင်း ဖြစ်သည်။ တရုတ်စာလုံး 末茶 ၏ အရှေ့တွင် 打 ကျစ့်ဖန်ကို ထည့်ရေးထားခြင်း ဖြစ်သည်။
စုန့်ခေတ်က လက်ဖက်ရည်ဖျော်ပြိုင်ပွဲ (鬥茶)
စုန့်ခေတ်တွင် လက်ဖက်ရည်ဖျော်ပြိုင်ပွဲများကို ကျင်းပလေ့ရှိကြောင်းကို ပန်းချီနှင့် စာပေမှတ်တမ်းများအရ သိရသည်။ ပြိုင်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ အရည်အချင်းရှိသော အဖျော်ဆရာများ၊ အရသာကောင်းမွန်သော လက်ဖက်ရည်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရန်ပင် ဖြစ်လေသည်။ လက်ဖက်ရည်၏ တန်ဖိုးအရည်အသွေးကို အမြဲထိန်းသိမ်းလိုသော ဘိုးဘေးတို့သည် ပြိုင်ပွဲဝင်တို့၏ လက်ဖက်ရည်ဖျော်စပ်ပုံ၊ လက်ဖက်ရည်၏ အရောင်အသွေး၊ အရသာနှင့် ခွက်ထဲမှ ရေချိန်မှတ်ကို ကွက်တိဖျော်ထည့်နိုင်စွမ်းများကို စစ်ဆေးအကဲဖြတ်ပေးကြလေသည်။
လက်ဖက်ရည်၏ အရည်အသွေးကို ဤနည်းလမ်းများဖြင့် စစ်ဆေးအကဲဖြတ်ရသည်။
၁။ အကယ်၍ ရေနွေးသည် လုံးဝအဖြူရောင်ဖြစ်နေပြီး ဖျော်စပ်ရာတွင် အသုံးပြုမည့် လက်ဖက်ရွက်သည်လည်း နူးညံ့နေရမည်ဖြစ်သည်။
၂။ အကယ်၍ လက်ဖက်ရည်၏ အရောင်သည် အစိမ်းရောင်သမ်းရုံလေးသာဆိုပါက လက်ဖက်ရည်ဆူရန် လိုနေသေးသည့် သဘောပင် ဖြစ်သည်။
၃။ အကယ်၍ လက်ဖက်ရည်သည် ပြာနှမ်းနေပြီး မီးခိုးရောင်ဖြစ်နေပါက လက်ဖက်ရည်အဆူလွန်သွားသည့် သဘောဖြစ်သည်။
၄။ အကယ်၍ လက်ဖက်ရည်သည် အဝါရောင်ဖြစ်နေပါက အချိန်မတိုင်မီ ခူးဆွတ်ထားသော လက်ဖက်ရွက်ကို သုံးထားသောကြောင့် ဖြစ်သည်။
၅။ အကယ်၍ လက်ဖက်ရည်သည် နီကြင်ကြင်ဖြစ်နေပါက အခါလွန်မှ ခူးဆွတ်ထားသော လက်ဖက်ရွက်ကို အသုံးပြုထားသောကြောင့် ဖြစ်သည်။
၆။ ခလောက်တံဖြင့် မွှေထားသော လက်ဖက်ရည်ကို လောင်းထည့်ပြီးသည့်အခါ အမြှုပ်များသည် အချိန်အတော်ကြာသည့်အထိ ပျောက်မသွားပဲ ရှိနေရမည်။ ခဏအတွင်း အမြှုပ်များ ပျောက်ကွယ်သွားပါက ညံ့ဖျင်းသော လက်ဖက်ရည်ဖျော်သူအဖြစ် သတ်မှတ်ခံရလေသည်။ အမြှုပ်များ နောက်ဆုံးမှ ပျောက်သွားသည့် လက်ဖက်ရည်ခွက်သည် နောက်ဆုံးအဆင့်သို့ တက်ရောက်သွားနိုင်မည် ဖြစ်သည်။ အမြှုပ်မရှိသည့်အခါ လက်ဖက်ရည်ခွက်ထဲမှ အရည်သည် သင့်တော်သော ရေပြင်ညီမျဉ်းအမှတ်တွင် ရှိနေရမည် ဖြစ်သည်။ ရေအမှတ်ကိုကြည့်ပြီးမှ အနိုင်ရသူကို ဆုံးဖြတ်လေ့ရှိသည်။
ပြိုင်ပွဲဝင်များသည် နေရာအနှံ့မှ လာသော လက်ဖက်ရွက်များကို အသုံးပြုပြီး အကောင်းဆုံး ယှဉ်ပြိုင်လေ့ ရှိကြသည်။ အလွန်တော်သည့် လက်ဖက်ရည်ဖျော်သူသည် လက်ဖက်ရွက်ကို ကြည့်ပြီး ဘယ်ဒေသမှ လာသည်၊ ဘယ်ရာသီထွက် လက်ဖက်ရွက်ဖြစ်သည်၊ ဘယ်နေရာတွင် စိုက်ပျိုးထားသည်ကအစ ခန့်မှန်းနိုင်သည်ဟု ဆိုကြသည်။ ထိုအရည်အချင်းမျိုးကို တကယ့်ပြိုင်ပွဲကြီးများတွင် စစ်ဆေးလေ့ ရှိသည်။ လက်ဖက်ရည်ဖျော်ပြိုင်ပွဲသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းရုံသာမက လက်ဖက်ရည်၏ အရည်အသွေးနှင့် အဖျော်ဆရာ၏ အရည်အချင်းကိုပါ မြှင့်တင်ပေးနိုင်ပေသည်။
လက်ဖက်ရည်ပွဲနှင့် သက်ဆိုင်သောပစ္စည်းများ
လက်ဖက်ရည်ပွဲတစ်ပွဲ၏ အသက်မှာ လက်ဖက်ခြောက်အပြင် လက်ဖက်ရည်ထည့်ရမည့် လက်ဖက်ရည်ခွက်အစုံလိုက် ဖြစ်သည်။ ထန်ခေတ်က လက်ဖက်ရည်ခွက်များသည် အဖြူရောင်ကြွေခွက်များသာ ဖြစ်ကြပြီး ထန်ခေတ်၏ အယူအဆအရ လက်ဖက်ရည်အရောင်ကို အဖြူရောင်ကြွေခွက်ထဲ ထည့်ပြီး သောက်သုံးမှသာ လိုက်ဖက်ညီသည်ဟု ဆိုကြသည်။ စုန့်ခေတ်ရောက်သည့်အခါ၌ ထိုအယူအဆနှင့် ပြောင်းပြန်ဖြစ်သွားပြီး ဖူကျန့်ပြည်နယ်မှ ထွက်ရှိသည့် အနက်ရောင်နှင့် အညိုရောင်သမ်းနေသော ကျန့်ကျန်ကြွေခွက်များမှာ နိုင်ငံတစ်ဝှမ်း အလွန်ခေတ်စားခဲ့သည်။ ထိုအချိန်က ကျန်းကျန်ကြွေခွက်သည် လူကြိုက်များပြီး ခွက်အတွင်း၌ ကျောက်စိမ်းရောင်အစင်းကြောင်းများက စွဲဆောင်မှုတစ်ခုလို ဖြစ်နေခဲ့သည်။ ထိုအစင်းကြောင်းများသည် ယုန်မွှေးနှင့်လည်း ဆင်တူသည်ဖြစ်သောကြောင့် ယုန်မွှေးကြွေခွက် 兔毫盞 ဟုလည်း ခေါ်သေးသည်။ ထိုခေတ်ကာလက လက်ဖက်ရည်ကြွေခွက်အစုံနှင့် လက်ဖက်ခြောက်သည် လူတန်းစားမရွေး ကြိုက်နှစ်သက်ကြသော မက်မောဖွယ်ရာ လက်ဆောင်မွန်များ ဖြစ်ကြပေသည်။ ယနေ့ထိလည်း တရုတ်လူမျိုးအများစုသည် လက်ဖက်ရည်ခွက်၊ လက်ဖက်ခြောက်၊ အရက်ကောင်းကောင်း၊ ဆေးလိပ်ဗူးတို့ကို လက်ဆောင်ပေးပါက ဝမ်းမြောက်ဝမ်းသာ လက်ခံလေ့ရှိသည်။
စုန့်နန်းတွင်းမှ လက်ဖက်ရည်ယဉ်ကျေးမှု
စုန့်ဧကရာဇ်များသည် လက်ဖက်ရည်အခမ်းအနားပွဲများဖြင့် တည်ခင်းပြုလုပ်ရသည်ကို နှစ်သက်ကြသည်။ အထူးသဖြင့် ရာထူးချီးမြှင့်သည့်အခမ်းအနား၊ စာပေပညာရှင်ကို ချီးကျူးဂုဏ်ပြုသည့် အခမ်းအနား စသည့် အခမ်းအနားမျိုးစုံတို့တွင် ရှေးမင်းဆက်များကဲ့သို့ အရက်ဖြင့် ဂုဏ်ပြုခြင်းထက် လက်ဖက်ရည်ဖြင့်သာ ဂုဏ်ပြုခဲ့ကြသည်။ ထို့အပြင် အစိုးရဝန်ကြီးဌာနများတွင်လည်း မြင်းနှင့် လက်ဖက်ခြောက် ကုန်သွယ်ရေးဝန်ကြီးဌာနကို ဖွင့်လှစ်ထားပြီး ထိုဝန်ကြီးဌာနသည် စစ်ရေးနှင့် စီးပွားရေးအတွက် အလွန်အရေးပါသည့် နေရာတွင် ရှိလေသည်။
ပဏ္ဍာဆက်လက်ဖက်ခြောက် (貢茶 - ကုံ့ချာ)
လက်ဖက်ထွက်ရှိသော ဒေသတိုင်းကို လက်ဖက်ပဏ္ဍာဆက်သရန်အတွက် ဒေသခံအရာရှိတစ်ဦးနှင့် နန်းတွင်းမှ စေလွှတ်လိုက်သော အရာရှိတစ်ဦးတို့ကို ပူးတွဲခန့်အပ်ထားလေ့ ရှိသည်။ စုန့်ဧကရာဇ်များသည် လက်ဖက်ရည်ကို ကြိုက်နှစ်သက်သူများဖြစ်ကြလေရာ မင်းဧကရာဇ်တို့သာ သုံးဆောင်ခွင့်ရသော ပေယွမ်လက်ဖက်ဥယျာဉ်ကို ဖူကျန့်ပြည်နယ်တွင် စိုက်ပျိုးထားလေသည်။ မင်းဧကရာဇ်တို့ နည်းတူပင် အမတ်၊ အရာရှိများသည်လည်း လက်ဖက်ထွက်ရာ ဒေသများတွင် ကိုယ်ပိုင်ခြံဝန်းများဖြင့် စိုက်ပျိုးလေ့ရှိကြသည်။ မင်းဧကရာဇ်က နှစ်သက်သော ဒေသထွက် လက်ဖက်ခြောက်များကို နှစ်စဉ် ပဏ္ဍာဆက်သရလေသည်။ သို့သော်လည်း မင်းဧကရာဇ်မှ ကြိုက်နှစ်သက်သည့် ဒေသထွက် လက်ဖက်ခြောက်သည် ထိုဒေသရှိ လက်ဖက်ခြောက်ကုန်တန်ဖိုးကို တိုးမြှင့်သွားစေနိုင်သည်။ ထိုလက်ဖက်ခြောက်မျိုးကို ငွေကြေးတတ်နိုင်သူများက ဈေးကြီးပေးပြီး တကူးတက ဝယ်ယူသောက်သုံးလေ့ရှိကြသည်။
နဂါးဇာမဏီလက်ဖက်ခြောက်အခဲ (龍鳳茶餅)
ပေယွမ်လက်ဖက်ဥယျာဉ်သည် တော်ဝင်နန်းတွင်းမှ ပိုင်ဆိုင်သော လက်ဖက်ဥယျာဉ်ဖြစ်ပြီး လက်ဖက်နှင့် ပတ်သတ်သော နည်းပညာကိုလည်း ထိုဥယျာဉ်တွင် တီထွင်ဆန်းသစ်ခဲ့ကြသည်။ ထိုအထဲတွင် လက်ဖက်ကို လက်ဖက်ရည်ခွက်ထဲတွင် နှပ်ပြီး လုံးထားကာ လက်ဖက်ခွက်အရွယ်အစားတိုင်း အခြောက်လှမ်းထားသော လက်ဖက်ခြောက်အခဲများကို စုန့်ခေတ်တွင် အသုံးပြုခဲ့ကြသည်။ ထိုလက်ဖက်ခြောက်လုံးအခဲပေါ်တွင် နဂါးပုံနှင့် ဇာမဏီပုံကို ပုံနှိပ်ထားသည့်အတွက်ကြောင့် ပေယွမ် နဂါးဇာမဏီလက်ဖက်ခြောက်အခဲ (龍鳳茶餅) ဟု ခေါ်ကြသည်။ နဂါးသည် ဧကရာဇ်၊ ဇာမဏီသည် မိဖုရားခေါင်ကြီးကို ကိုယ်စားပြုလေသည်။ နောက်ပိုင်းတွင် ထိုလက်ဖက်ရည်ကို 烏龍茶 ဟုလည်း ခေါ်ဆိုခဲ့ကြသည်။
ဂုဏ်ပြုချီးမြှင့်လက်ဖက်ရည် (賜茶)
စုန့်ခေတ်တွင် စာပေထူးချွန်ဆုရ စာပေပညာရှင်များ၊ မှူးမတ်၊ စစ်သူကြီး၊ အရာရှိများကို ဂုဏ်ပြုချီးမြှင့်သည့်အခါ စုန့်ဧကရာဇ်က ဂုဏ်ပြုအရက်အစား ဂုဏ်ပြုလက်ဖက်ရည်ကို တိုက်လေ့ရှိသည်။ ဧကရာဇ်ချီးမြှင့်သည့် လက်ဖက်ရည်သည် အမြင့်ဆုံးချီးမြှောက်ခံရခြင်းဟု သတ်မှတ်ထားကြလေသည်။ ထို့အပြင် ဧကရာဇ်သည် လက်ဖက်အကောင်းတကာ့ အကောင်းဆုံးကို ပိုင်ဆိုင်ထားသူဖြစ်သည့်အလျောက် ဧကရာဇ်ထံမှ လက်ဖက်ခြောက်ချီးမြှင့်ခံရပါက အထိုက်တန်ဆုံး ချီးမြှင့်ခံရသည်ဟု မှတ်ယူလို့ရပေသည်။
သာမန်ပြည်သူတို့၏ မိသားစုကိစ္စများတွင်လည်း ထို့နည်းတူစွာပင် ဖြစ်ပေသည်။ မင်္ဂလာအခမ်းအနား၊ မွေးနေ့မင်္ဂလာအခမ်းအနား၊ ဧည့်ခံပွဲများတွင်လည်း ဂုဏ်ပြုလက်ဖက်ရည်ဖြင့် အရင်ဦးစွာ ဧည့်ခံပေးလေ့ရှိသည်။ ယနေ့ခေတ်ထိတိုင်အောင် မင်္ဂလာအခမ်းအနားတွင် သတို့သားနှင့် သတို့သမီးတို့သည် နှစ်ဖက်မိဘများကို လက်ဖက်ရည်ဆက်၍ ကျေးဇူးတင်စကား ပြောရလေသည်။ ပြီးနောက် သတို့သားနှင့် သတို့သမီးတို့ အပြန်အလှန် လက်ဖက်ရည်ခွက်ကို လဲ၍ သောက်သုံးကြရလေသည်။ ထို့အပြင် တရုတ်ပြည်ရှိ Company များတွင် ကော်ဖီဖြင့် ဧည့်ခံခြင်းထက် လက်ဖက်ရည်ဖြင့် ဧည့်ခံကြသည်ကိုသာ တွေ့ရပေလိမ့်မည်။
မြင်းနှင့် လက်ဖက်ခြောက်ကုန်သွယ်ရေးဌာန
စုန့်မင်းဆက်ခေတ်၌ အရေးပါဆုံးသော ဝန်ကြီးဌာနမှာ မြင်းနှင့် လက်ဖက်ခြောက်ကုန်သွယ်ရေးဌာန 茶马司 ဖြစ်သည်။ စုန့်မင်းဆက်နှင့် တိဗက်ဘုရင့်နိုင်ငံတို့အကြား ကုန်သွယ်ရေးလုပ်သည့် လမ်းကြောင်းကို မြင်းနှင့် လက်ဖက်ခြောက်ကုန်သွယ်ရေးလမ်းမဟု ခေါ်ဆိုကြသည်။ အကြောင်းမှာ တိဗက်တို့သည် စုန့်နိုင်ငံမှ လက်ဖက်ခြောက်ကို နှစ်သက်ကြသလို စုန့်နိုင်ငံအနေဖြင့်လည်း ကျင်း၊ လျောင်၊ ရှီးရှ နိုင်ငံများကဲ့သို့သော မြင်းတပ်အားကောင်းသည့် နိုင်ငံများနှင့် ရင်ဆိုင်နေရသည့်အတွက် မြင်းကောင်ရေများစွာ လိုအပ်ပေသည်။ ထို့ကြောင့် တိဗက်နှင့် စုန့်မင်းဆက်တို့သည် အကျိုးတူအတွက် ကုန်သွယ်ခဲ့ကြခြင်း ဖြစ်လေသည်။ နောက်ပိုင်းတွင် ထိုလမ်းကြောင်းကို ဖြတ်တောက်ရန်ကြိုးပမ်းခဲ့ကြသည့်အတွက် မြင်းနှင့် လက်ဖက်ခြောက် ကုန်သွယ်ရေးဌာနကို ဖျက်သိမ်းပြီး သာမန်ကုန်သည်နှင့်သာ ကုန်သွယ်ခဲ့ရလေသည်။
တိဗက်သည် ကျယ်ဝန်းသော်လည်း လက်ဖက်စိုက်ပျိုးနိုင်သည့် မြေဧရိယာမှာ များစွာမရှိပေ။ ထို့အပြင် တိဗက်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ သုံးဆောင်ရန်အတွက်နှင့် အဆီချရန်အတွက် တိဗက်အများစုက လက်ဖက်ရည်ကို သောက်သုံးလေ့ရှိရာ လက်ဖက်လိုအပ်ချက်မှာ မြင့်မားလေသည်။ ထို့ကြောင့် တိဗက်တို့ထံတွင် အလျှံပယ်ပေါများသော မြင်းနှင့် တစုန့်မင်းဆက်မှ လက်ဖက်ခြောက်ကောင်းကို ကုန်သွယ်လဲလှယ်ခဲ့ကြလေသည်။ ထို့အပြင် တိဗက်-တစုန့် အကျိုးတူကုန်သွယ်ရေးကြောင့် တရုတ်ပြည် အနောက်တောင်ပိုင်းဒေသသည် အေးချမ်းတည်ငြိမ်ပြီး စီးပွားရေးကောင်းလာခဲ့သည်။ ထိုလမ်းကြောင်းမှတစ်တင့် ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအပြင် အခြားသော ကုန်စည်များကိုလည်း ကူးသန်းရောင်းဝယ်ခဲ့ကြလေသည်။
လက်ဖက်ရည်နှင့် စာပေပညာရှင်
လက်ဖက်ရည်သည် စာပေသမားများအတွက် မရှိမဖြစ် လိုအပ်သည့် သောက်သုံးစရာတစ်ခု ဖြစ်လာခဲ့သည်။ ရှေးခေတ်က စာပေသမားအများစုသည် အရက်ကိုသာ သောက်သုံးလေ့ရှိသော်လည်း စုန့်ခေတ်မှ စာပေသမား အများစုသည် လက်ဖက်ရည်ကိုသာ သောက်သုံးလေ့ရှိကြသည်။ ရှေးခေတ်က ကဗျာဆရာကြီးများသည် အရက်အကြောင်းကို ကဗျာစပ်ကြသလို စုန့်ခေတ်မှ ကဗျာဆရာတို့ကလည်း လက်ဖက်ရည်အကြောင်း၊ လက်ဖက်ရည်ယဉ်ကျေးမှုကို ကဗျာရေးစပ်ခဲ့ကြလေသည်။ စုန့်ခေတ်မှ ပညာရှင်များသည် လက်ဖက်ရည်နှင့် ပတ်သတ်သည့်အကြောင်းအရာများကို သေချာနှံ့စပ်အောင် မှတ်တမ်းတင်ပေးခဲ့သည်။ ထိုသူတို့၏ ကျေးဇူးကြောင့်သာ ယနေ့ခေတ်လူတို့ လက်ဖက်ရည်အကြောင်းကို သိခွင့်ရခဲ့ကြလေသည်။
ဗဟုသုတအနေဖြင့် ပြောပြရလျှင် ဥက္ကဋ္ဌကြီး မော်စီတုန်းသည် လက်ဖက်ရည်ကိုသာ သောက်သုံးပြီး ကော်ဖီတစ်ခါမှ မသောက်ဖူးခဲ့ပေ။ မော်စီတုန်းသည် သွားတိုက်ရာ၌ ခံတွင်းသန့်ရှင်းရေးအတွက် အာလုတ်ကျင်းသည့်အခါ လက်ဖက်ရည်ဖြင့်သာ အာလုတ်ကျင်းလေ့ရှိသည်ဟု သိရသည်။
No comments:
Post a Comment