တရုတ်နိုင်ငံရဲ့ ပညာရေး (၂)
တရုတ်ပြည်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲပြီးသွားပြီ။ ဒီလ ၂၃ ရက်နေ့မှာ အမှတ်တွေထွက်လာပြီး ကျောင်းသားတွေက မိမိရဲ့ ရမှတ်နဲ့မီတဲ့ တက္ကသိုလ်ကို လျှောက်မယ်။ တက္ကသိုလ်ကျောင်းတွေကတော့ ကျောင်းသားတွေ မိမိကို လာရွေးတာကို စောင့်မှာ မဟုတ်ဘူး။ တက္ကသိုလ်တွေကလည်း ကျောင်းသားကောင်းတွေရဖို့ လူသွား “လု” ရမယ်။
ကျွန်မက ယူနန်ပြည်နယ်မှာ ကျောင်းသားခေါ်ခြင်းလုပ်ငန်းကို တာဝန်ခံလို့ မနက်ဖန်ကစပြီး ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ကို အများသိလာဖို့၊ ကျောင်းသားတွေရဲ့ စုံစမ်းမှုတွေဖြေပေးဖို့ အွန်လိုင်းကနေ စတင်လုပ်ဆောင်တော့မယ်။ ဇွန်လနဲ့ ဇူလိုင်လက ကျွန်မတို့ အလုပ်အရမ်းများတဲ့ ကာလဖြစ်ပါတယ်။
တရုတ်ပြည်မှာ ကျောင်းသားတွေက မိမိရဲ့အမှတ်အရ မိမိသဘောကျတဲ့ တက္ကသိုလ်တွေကို ရွေးနိုင်တဲ့အပြင် တက္ကသိုလ်ကျောင်းတွေကလည်း ကျောင်းသားကောင်းတွေကို နည်းမျိုးစုံဖြင့် ဆွဲခေါ်ရပါတယ်။
ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ကျောင်းတစ်ကျောင်းရဲ့ အဆင့်အတန်းကို အကဲဖြတ်တဲ့ အချက်က သုံးချက်ရှိပါတယ်။
နံပါတ် ၁ -- ကျောင်းသားကောင်းတွေရှိရပါတယ်။ ကျောင်းဘယ်လောက်ကောင်းကောင်း၊ ဆရာဘယ်လောက်တော်တော် ကျောင်းသားမတော်ရင် အလကားပဲ။ ဒါကြောင့် ကျောင်းကောင်းဖြစ်ချင်ရင် ကျောင်းသားကောင်းတွေကို အရင် ဆွဲခေါ်ရပါတယ်။
နံပါတ် ၂ -- ကျောင်းကောင်းရပါတယ်။ ကျောင်းကောင်းတယ်ဆိုတာ hardware နဲ့ softward နှစ်မျိုးစလုံးကောင်းရပါတယ်။
hardware ကဘာလဲဆိုတော့ ကျောင်းရဲ့အဆောက်အဦးတွေပါ။ အခု တရုတ်ပြည်ရဲ့ ပထမတန်းစား တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းဝင်းက ပန်းခြံလို လှတယ်။ အိမ်သာက လေဆိပ်ကအိမ်သာလောက်သန့်ရှင်းတယ်။ အဆင့်မြင့်တဲ့ စာကြည့်တိုက်နဲ့ စာသင်ခန်းတွေရှိတယ်။ ကျွန်မတို့ရဲ့ ကျောင်းစာကြည့်တိုက်မှာ ခေတ်အမီဆုံး ကွန်ပျူတာတွေရှိပြီး ကျောင်းသားတွေ ကြိုက်သလိုသုံးလို့ရပါတယ်။ စာကြည့်တိုက်ထဲမှ ၄-၅ ယောက်လောက်နေနိုင်တဲ့ ဆွေးဆွေးခန်းတွေရှိပါတယ်။ ကျောင်းသားရော၊ ဆရာဆရာမတွေရော သုံးချင်ရင် ကြိုတင်ချိန်းလို့ ရပါတယ်။ စာကြည့်တိုက်က နှစ်တိုင်း နိုင်ငံအသီးသီးမှ အသစ်ထုတ်တဲ့ စာအုပ်နာမည်စာရင်းတွေကို ဆရာဆရာမတွေကို ပြပြီး ဝယ်လိုတာကို ရွေးခိုင်းပါတယ်။ မြန်မာစာအုပ်တွေကတော့ Front ရဲ့ ပြဿနာကြောင့် နာမည်စာရင်းမလုပ်နိုင်ဘဲ အခုထိ စာအုပ် ၂၀၀၀ လောက်က ဂိုဒေါင်မှာပဲ ထားနိုင်တယ်။ စာအုပ်စင် မတင်နိုင်သေးပါဘူး။
softward ဆိုတာက ကောင်းမွန်တဲ့ သင်ကြားမှုနဲ့ ဆရာ၊ ဆရာမတွေ ရှိခြင်းကို ဆိုလိုတာပါ။ ကောင်းမွန်တဲ့သင်ကြားမှုမှာ ခေတ်မီတဲ့ ဘာသာရပ်နဲ့ ကောင်းမွန်တဲ့ သင်ရိုးညွန်းတမ်း ရှိရပါတယ်။
အခုခေတ်က လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ တက္ကသိုလ်ကျောင်းမှာ သင်ပြတဲ့ဘာသာရပ်တွေက ခေတ်နဲ့ မလိုက်ဘူးဆိုရင် ကျောင်းသားတွေက အသုံးဝင်တဲ့ ပညာရရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတို့ ကျောင်းမှာ ငါးနှစ်တစ်ခါ သင်ရိုးညွန်းတမ်းကို ပြုပြင်ရတယ်။ နိုင်ငံခြားဘာသာအပြင် ခေတ်မီတဲ့ တခြားဘာသာရပ်အသစ်တွေကိုလည်း သင်ပေးနေပါတယ်။ အခုကတော့ တခြားနာမည်ကြီးတဲ့ တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး ဘာသာရပ်ဖြတ်ကျော်တဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးနေပါတယ်။
အခုကျွန်မတို့ကျောင်းမှာ သင်ကြားပို့ချပေးနေတဲ့ နိုင်ငံခြားဘာသာစကားရပ်အမျိုးပေါင်း ၁၀၁ မျိုးရှိတဲ့အပြင် နိုင်ငံခြားဘာသာ မဟုတ်တဲ့ အခြားဘာသာစကားအမျိုး ၂၀ ကျော်ရှိသေးတယ်။ ဒီဘာသာစကားတွေကို သင်ပြတဲ့အခါမှာ အင်္ဂလိပ်လိုနဲ့ သင်ပြတာများပါတယ်။
ကျောင်းသားတွေက Major နိုင်ငံခြားဘာသာစကားအပြင် တခြားဘာသာစကား ၁၀၀ ကျော်ထဲကမှ မိမိကြိုက်နှစ်သက်သေးတဲ့ ဘာသာစကားတစ်ခုကို ရွေးပြီးသင်လို့ ရပါသေးတယ်။ ကျောင်းထဲမှာလည်း ဘာသာရပ်ဖြတ်ကျော်ပြီး ဒီပလိုမာရအောင် တွဲသင်လို့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ တက္ကသိုလ်ကျောင်းသူတွေက အင်မတန် ပင်ပန်းပါတယ်။ တစ်ပတ်လုံးမှာ တနင်္လာနေ့ကနေ တနင်္ဂနွေအထိ နေ့တိုင်းလိုလို သင်တန်းရှိနေပါတယ်။ ကျောင်းစာသင်ခန်းတွေက နေ့တိုင်း နံနက် ၈ နာရီကနေ ည ၁၀ အထိ အတန်းအပြည့်ရှိတယ်။
စာကြည့်တိုက်မှာလည်း နေ့တိုင်း လူအပြည့်၊ နေ့တိုင်း မနက် ၈ နာရီ မရောက်ခင် ကလေးတွေက တန်းစီပြီး စာကြည့်တိုက်ဖွင့်တာကို စောင့်နေပြီ။
ကျောင်းသားတွေ ပင်ပန်းသလို ဆရာ၊ ဆရာမတွေလည်း အရမ်းပင်ပန်းတယ်။ တရုတ်ပြည်ရဲ့ တက္ကသိုလ်တွေက ပြိုင်ဆိုင်မှုအရမ်းများတယ်။ ပြည်တွင်းမှာ ပြိုင်ဆိုင်နေကြတဲ့အပြင် တစ်ကမ္ဘာလုံးနဲ့လည်း ပြိုင်ဆိုင်ရတယ်။ ဒါကြောင့် တက္ကသိုလ် ဆရာ၊ ဆရာမတွေက အရမ်းပင်ပန်းတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေက အပင်ပန်းဆုံးနဲ့ ဖိအားအများဆုံး လူတန်းစားဖြစ်ပါတယ်။ ကျွန်မရဲ့ ဘဝမှာတော့ ပိတ်ရက်ဆိုတာ မရှိဘူး။ တစ်နှစ်လုံးမှာ နွေးဦးပွဲတော်မှာပဲ ၃-၄ ရက်လောက် နားတယ်။ ကျန်တဲ့နေ့တွေမှာ ရတဲ့အချိန်နဲ့ အလုပ်လုပ်ရတယ်၊ စာဖတ်ရတယ်။
[ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ မြန်မာစာဘာသာရပ်ဌာန၏ တွဲဖက်ပါမောက္ခ ဆရာမ ဒေါ်စောကြည်၏ “တရုတ်နိုင်ငံရဲ့ ပညာရေး” ဆောင်းပါးကို ကူးယူဖော်ပြပါသည်။]
No comments:
Post a Comment