Wednesday, October 17, 2018

လစာမေးတာ ရိုင်းလား...



ကျွန်တော်တို့မြန်မာတွေမှာ အကျင့်လေး တစ်ခုရှိတယ်။ အဲ့ဒါက
ဘာလဲဆိုတာ လစာမေးတတ်တဲ့ အကျင့်ပါ။ ကျွန်တော်လည်း
မေးခဲ့ဖူးပါတယ်။ အဲ့ဒီအကျင့်လည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်
ဒီအကျင့်က ကောင်းရဲ့လား... အဖြေကတော့ Yes လို့ပြောလို့
ရသလို  No လို့လည်း ပြောလို့ရပါတယ်။ကိုယ်အရမ်းခင်လွန်း
တဲ့သူကို မေးတာက ကိစ္စမရှိပေမယ့် ကိုယ်နဲ့သိပ်မသိတဲ့သူကို
မေးတာ မကောင်းပါဘူး။ ကိုယ်အရမ်းခင်တဲ့သူတောင်
မဖြေချင်တဲ့သူရှိပါတယ်။ ဒီတော့ ဖြစ်နိုင်ရင်ဒီမေးခွန်းက
မလိုအပ်ပဲ မမေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။
ဥပမာ ကိုယ်က ဘဏ်မှာ အလုပ်လုပ်နေလို့ ချေးငွေထုတ်တဲ့သူ၊
ကားအရစ်ကျဝယ်တဲ့သူကို အလုပ်သဘောအရလစာမေးတာ
ကတော့ ကိစ္စမရှိပါဘူး။ ဒါက လိုအပ်လို့ မေးတာ ဖြစ်ပါတယ်။

မလိုအပ်ပဲ မေးတာကကတော့ အချို့သူတွေကို အနေရအထိုင်
ရခက်စေပါတယ်။ သူတို့ မဖြေချင်တဲ့ မေးခွန်းကို လာမေးတဲ့
အတွက် သူတို့အတွက် အဆင်မပြေပါဘူး။ နောက်ထပ် အရေး
ကြီးဆုံး အချက်က နိုင်ငံခြားသားတွေကို ဘယ်တော့မှ လစာ
မမေးမိပါစေနဲ့။ လစာမေးတာဟာ သူတို့အတွက်တော့ ရိုင်းတဲ့
အပြုအမူ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၄နှစ်လောက်က ကျွန်တော်နဲ့
ခင်တဲ့ စင်္ကာပူသူ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို လစာ
မေးခဲ့ဖူးပါတယ်။ သူက အဲ့ဒီမေးခွန်းဟာ ရိုင်းကြောင်း၊ သူတို့
ဆီမှာ အဲ့ဒီလိုမျိုး မမေးကြကြောင်း ပြန်ဖြေပါတယ်။  Culture
မတူလို့ မေးတာဖြစ်တဲ့အတွက် သူကစိတ်မဆိုးပေမယ့်
အခြားစိတ်ဆိုးနိုင်တဲ့သူတွေ ရှိလို့ နောက်မမေးမိဖို့လည်း
ကျွန်တော့်ကို သတိပေးခဲ့ပါတယ်။ အဲ့ဒီထဲက အခုချိန်ထိ
 နိုင်ငံခြားသားလည်း မမေးတော့ဘူး။ မြန်မာလည်း မမေး
တော့ပါဘူး။ (တကယ်သိဖို့ လိုတဲ့ ချွင်းချက်ကိစ္စအချို့မှာပဲ
မေးပါတယ်)

ဘာလို့ လစာမေးတာက ရိုင်းတာလဲ...

ဒီနေရာမှာ Quora အမေးအဖြေဝက်ဘ်ဆိုဒ်မှာ Edgar
Regalado ဆိုတဲ့ သူဖြေထားတဲ့ အဖြေလေးကို ကိုးကားပြီး
ဖြေပါမယ်။Edgar က သူ့ရဲ့အလုပ်မှာ လုပ်ဖော်ကိုင်ဖက်
၂ယောက်ရှိပါတယ်။ ရာထူးလည်း တူတဲ့အတွက် သူက
အဲ့ဒီ၂ယောက်ဘယ်လောက်ရနေလဲ သိချင်ခဲ့ပါတယ်။
အဲ့ဒီတော့သူကအဲ့ဒီ ၂ယောက် လစာဘယ်လောက်
ရနေလဲ မေးလိုက်ပါတယ်။ အဲ့ဒီ ၂ယောက်ကလည်း
သူတို့ရနေတဲ့ လစာကို မဆိုင်းမတွ ဖြေပါတယ်။
၏အဲ့ဒီအချိန်ထိ ပြဿနာမရှိသေးပါဘူး။ ဒါပေမယ့်
အဲ့ဒီ ၂ယောက်က Edgarကို လစာဘယ်လောက်ရလဲ
ပြန်မေးပါတယ်။ တကယ်တော့ Edgarက အဲ့ဒီ၂ယောက်
ထက် လစာပိုများနေပါတယ်။ သူပြန်ဖြေလိုက်တဲ့အချိန်
မှာတော့ ဟို၂ယောက် အံ့သြသွားခဲ့ပါတယ်။
ဟို၂ယောက် မျက်နှာပျက်သွားတာကို ကြည့်ပြီး လစာမေး
မိတဲ့ သူ့ကိုယ်သူ အပြစ်တင်နေမိခဲ့ပါတယ်။ အဲ့ဒီအချိန်က
စပြီး လစာမေးတာဟာ ကောင်းတဲ့အရာ တစ်ခု မဟုတ်မှန်း
Edgar သဘောပေါက်သွားခဲ့ပါတယ်။

အလုပ်တစ်ခုမှာ လစာမေးလိုက်ပြီး လစာမတူညီတဲ့အခါ
စိတ်အနှောက်အယှက်ဖြစ်တာ၊ သဘောမကျတာ၊ အလုပ်
မှာ မပျော်တော့တာ၊ သိမ်ငယ်တာ၊ စသဖြင့် ခံစားချက်မျိုးစုံ
ဖြစ်တတ်ပါတယ်။ လူဆိုတာ ဘယ်အလုပ်မှာ ဖြစ်ဖြစ် ကိုယ့်
ထက် ပိုတော်နေတဲ့သူရှိတတ်ပါတယ်။ ကိုယ့်ထက်ပိုရနေတဲ့
သူလည်း ရှိတတ်ပါတယ်။ အဲ့ဒါကို ဘယ်သူကတော့ ငါ့ထက်
ပိုရနေချည်ရဲ့ ဆိုပြီး ဒေါသလိုက်ထွက်နေလို့ မရပါဘူး။ မနာလို
လိုက်ဖြစ်နေလို့ မရပါဘူး။ လစာမသိခင်အထိတော့ အရမ်းခင်
ကြပြီး လစာသိသွားမှ မခေါ်နိုင် မပြောနိုင် ဖြစ်ကြတဲ့ အဖြစ်
အပျက်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် Companyအများ
စုမှာ လစာကို Confidential Information အဖြစ် သတ်မှတ်
ထားပါတယ်။ ဝန်ထမ်း အချင်းချင်း ပြောပိုင်ခွင့်မရှိပါဘူး။
ဒါပေမယ့် မြန်မာတွေကတော့ ပြောပါတယ်။ အချင်းချင်းလည်း
စကားကြုံတိုင်း မေးတတ်ကြပါတယ်။ သင့်ရဲ့ လစာကို
လူတစ်ယောက် သိသွားပြီဆိုရင် အဲ့ဒီ Company တစ်ခု
လုံး သိဖို့သိပ်မကြာပါဘူး။ စကားဆိုတာ အရမ်းကို ပျံ့နှံ့
လွယ်ပါတယ်။ လစာချင်းယှဉ်လို့  ကိုယ်က သာနေရင်တော့
ကိစ္စမရှိပေမယ့် တစ်ဖက်သူ ဘယ်လို ခံစားသွားရမလဲ
စဉ်းစားသင့်ပါတယ်။ သင်က လစာနည်းနေတဲ့သူဖြစ်ရင်
ရော ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ ဒီတော့ ဒီမေးခွန်း
ဟာ မေးဖို့ မသင့်တော်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဘယ်သူ
ဘယ်လောက်ရနေလဲ သိစရာ မလိုပါဘူး။ ကိုယ့်ကို
Companyက ပေးတဲ့ လစာကို ကျေနပ်ရင် အလုပ်လုပ်
ပါ။ မကျေနပ်ရင် နောက်အလုပ်တစ်ခုရှာပါ။

လစာမမေးသင့်တာတော့ သိပြီ...ကိုယ့်ကို မေးရင်ရော
ဘယ်လို ရှောင်ရှားမလဲ...ဒီမေးခွန်းအတွက်တော့ Quora
မှာပဲ Donna Currie ဆိုတဲ့ အမျိုးသမီးဖြေထားတဲ့မေးခွန်း
ကို တိုက်ရိုက် ဘာသာပြန်ပေးလိုက်ပါတယ်။

“လစာမေးတာဟာ အချို့အခြေအနေတွေမှာ ရိုင်းပါတယ်။
ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဥပမာ သင်က
အိမ်ခန်းတစ်ခုကို အရစ်ကျဝယ်တယ်ဆိုပါစို့ ဒါဆိုရင်တော့
သူတို့က သင့်လစာကို မေးမှာပါပဲ။ ဒီလိုမှ မဟုတ်ပဲ
လူတစ်ယောက်ယောက်က အကြောင်းပြချက် မရှိပဲ
သင့်လစာကို မေးတယ်ဆိုရင်တော့ သူတို့စပ်စုတာ
ဖြစ်နိုင်ပါတယ်။ သင်က သင့်လစာဟာ Confidential
Information (လျှို့ဝှက်ထားသင့်တဲ့ အချက်အလက်)လို့
သတ်မှတ်ထားပေမယ့် တစ်ယောက်ယောက်ကို ပြောမိ
လိုက်ရင် အဲ့ဒီသတင်းဟာ ပြန့်နှံ့သွားဖို့ များပါတယ်။
သိသွားတဲ့သူက သင်လျှို့ဝှက်ချက် အဖြစ် ထားချင်တာကို
ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူတို့ ပြောပြချင်တဲ့သူကို ပြောပြ
မှာပါ။

လစာကိစ္စမှ မဟုတ်ပါဘူး။ ကျန်းမာရေး၊ ဘာသာရေး၊
နိုင်ငံရေး၊ လိင်ကိစ္စ စသဖြင့် လူတွေမှာ မဖြေချင်တဲ့
အကြောင်းအရာတွေ ရှိတတ်ပါတယ်။ လူတိုင်းက မေးခွန်း
မေးတတ်ကြပေမယ့် အဲ့ဒီမေးခွန်းကို မဖြေဖို့အခွင့်အရေး
သင့်မှာ ရှိပါတယ်။ မေးခွန်းတိုင်းကို ဖြေဖို့ မလိုပါဘူး။
‘လစာဘယ်လောက်ရလဲ’ ဆိုတဲ့ မေးခွန်းက စကားဖွဲ့စည်း
ပုံအရ တိုက်ရိုက်ရိုင်းတဲ့မေးခွန်းမဟုတ်ပါဘူး။ မဖြေချင်တဲ့
လူတစ်ယောက်ကိုစိတ်မသက်မသာဖြစ်အောင် လုပ်လိုက်တာ
ကသာ ရိုင်းတာပါ။

ကျွန်မရဲ့ ယောက္ခထီးက ကျွန်မအိမ်ကို အလည်လာတိုင်း
ကျွန်မယောက်ျား(သူ့သား)ရဲ့ ကျန်းမာရေး အခြေအနေကို
မေးတတ်ပါတယ်။ ကျွန်မခင်ပွန်းကို တိုက်ရိုက်မေးစေ
ချင်ကြောင်း ကျွန်မ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် ယောက္ခထီး
က ‘ငါတို့မေးရင် သူကမဖြေဘူး’ လို့ ပြောလာပါတယ်။
အဲ့ဒါနဲ့ ကျွန်မလည်း ကျွန်မယောက်ျားကိုယ်တိုင်က
သူ့ရဲ့ ကျန်းမာရေး ကိစ္စကို အခြားသူနဲ့ မဆွေးနွေးချင်ဘူး
ဆိုရင် ကျွန်မလည်း သူ့ဆုံးဖြတ်ချက်ကို လေးစားရပါလိမ့်
မယ်။ သူလျှို့ဝှက်ထားချင်တဲ့ သတင်းအချက်အလက်ကို ကျွန်မ
မပြောချင်ပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ယောက္ခထီးနဲ့ ယောက္ခမ
က အဲ့ဒီသတင်းအချက်အလက်ကို သိရဖို့ အကြိမ်ကြိမ်ကြိုးစား
ခဲ့ပါသေးတယ်။ ‘နင့်ယောက်ျား ဘာဆေးတွေ သောက်နေရလဲ၊
နင်သိလား၊ နင်ငါတို့ကိုဘာလို့မပြောပြတာလဲ၊သူ့ဆရာဝန်က
ဘယ်သူလဲ၊ ဆရာဝန်ကို သိရင် ငါတို့မေးလို့ရတယ်လေ၊ စသဖြင့်
မေးခွန်းပေါင်းစုံမေးခဲ့ပါတယ်။

ကျွန်မခင်ပွန်းက သူကိုယ်တိုင်ပြောချင်ရင် ပြောပြပါလိမ့်
မယ်။ အခုက ကျွန်မဝေမျှလို့ရတဲ့ ကျွန်မရဲ့ ကိုယ်ပိုင်လျှို့ဝှက်
ချက်မဟုတ်လို့ ကျွန်မပြောပြလို့ မရတာပါလို့ ရှင်းပြခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ သူတို့လက်လျော့သွားခဲ့ပါတယ်။ သူတို့
သားရဲ့ ကျန်းမာရေးအခြေအနေကို သူတို့သိသင့်တယ်လို့
ခံစားနေရမယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ သူတို့သိသင့်
တဲ့ သတင်းအချက်အလက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ကျွန်မခင်ပွန်းက သိုသိုသိပ်သိပ်နေတတ်တဲ့သူဖြစ်ပြီး
သူဘာဆေးတွေသောက်နေရလဲဆိုတာ သူများကို ပြောပြ
ချင်သူ မဟုတ်ပါဘူး။ သူ့မပြောချင်တဲ့အရာကို သူ့ဘာသာ
လျှို့ဝှက်ထားတာလေ။ သူ့ဆုံးဖြတ်ချက်ကို ကျွန်မလေးစားဖို့
လိုပါတယ်။ မေးတဲ့သူက သူ့အဖေ၊ အမေဖြစ်နေခဲ့ရင်တောင်
ပေါ့။ အဲ့ဒီအဖြစ်အပျက်မတိုင်ခင်က လူတွေ မေးတဲ့မေးခွန်း
တိုင်းကို ဖြေပေးရမယ်လို့ ကျွန်မခံယူထားခဲ့တယ်။ ဒါပေမယ့်
အဲ့ဒီအချိန်ကစပြီး လူတွေမေးတဲ့  မေးခွန်းတိုင်းကို ကျွန်မ
မဖြေတော့ဘူး။ ကျွန်မဖြေမယ့် အဖြေတွေကို သေချာစဉ်းစား
လာတယ်။ ဖြေဖို့ အဆင်မပြေတဲ့ မေးခွန်းတွေဆို ကျွန်မဖြေဖို့
ငြင်းဆန်ပါတယ်။ အချို့သတင်းအချက်အလက်တွေက ကျွန်မ
ရဲ့ လျှို့ဝှက်ချက် မဟုတ်ဘူးလေ။ သူများရဲ့ လျှို့ဝှက်ချက်ကို
ကျွန်မ ဘာလို့ ဝေမျှရမှာလဲ။ သူက ကိုယ့်ကိုယုံလို့ ပြောထား
တာလေ။ ကျွန်မမဖြေချင်တဲ့ မေးခွန်းတွေ မေးရင် အဲ့ဒီမေးခွန်း
ကို မဖြေချင်ကြောင်း၊ အဲ့ဒီလို ကိစ္စမျိုးတွေ ကျွန်မမဆွေးနွေး
ချင်ကြောင်း ပြန်ပြောပါတယ်။ အခြားတစ်ခုခု ပြောရအောင်
လားဆိုပြီး စကားလမ်းကြောင်း လွှဲပါတယ်။ တစ်ခါတစ်လေ
ကျရင်တော့ ‘အဲ့ဒါက လျှို့ဝှက်ချက်ရှင့်’ ‘ကျွန်မမသိဘူး’
‘ကျွန်မမမှတ်မိဘူး’ စသဖြင့် ဖြေပါတယ်။ ကျွန်မမှာ လျှို့ဝှက်
ချက်အများကြီးတော့ မရှိပါဘူး။ ဒါပေမယ့် ရှိတဲ့ အနည်းငယ်
သော လျှိ့ဝှက်ချက်တွေဟာလည်း လျှို့ဝှက်ထားရမယ့် အရာ
တွေ ဖြစ်ပါတယ်။”

အထက်ပါအဖြေကတော့ Donna Currie ရဲ့ အဖြေဖြစ်ပါတယ်။
ဒီတော့ ကိုယ်မဖြေချင်တဲ့ မေးခွန်းကို မေးလာရင် ငြင်းဆန်
ရဲပါစေ။ ယဉ်ယဉ်ကျေးကျေး အပြောအဆိုနဲ့ ငြင်းလို့ရပါတယ်။
မဖြေချင်တာကို ရိုင်းတယ်လို့ ထင်သွားရင်လည်း ဂရုမစိုက်
ပါနဲ့။ ကိုယ့်လျှို့ဝှက်ချက်ကို တန်ဖိုးထားသလို သူတစ်ပါးက
ကိုယ့်ကို ယုံလို့ပြောပြထားတဲ့ လျှို့ဝှက်ချက်ကိုလည်း တန်ဖိုး
ထားပါ။ နောက်တစ်ခု သတိထားဖို့ ကျန်ပါသေးတယ်။

‘ဘယ်သူမှတော့ မပြောပြနဲ့နော်’ ဆိုပြီး အတင်းအဖျင်း၊
လျှို့ဝှက်ချက် တစ်ခုခုကို ပြောပြဖို့ အသိတစ်ယောက်ယောက်
က စကားစလာရင် ‘ငါတကယ်သိဖို့ လိုလား’လို့ ပြန်မေးကြည့်
ပါ။ လျှို့ဝှက်ချက်တွေဟာ ထမ်းထားရတာ ပင်ပန်းပါတယ်။
မလိုအပ်တဲ့ လျှို့ဝှက်ချက်တွေကို မသိတာ အကောင်းဆုံး
ပါပဲ။(အရင်းနှီးဆုံးသူငယ်ချင်းတွေ အချင်းချင်းပြောပြတာ
မျိုးကို ဆိုလိုတာ မဟုတ်ပါ) တစ်ချို့လျှို့ဝှက်ချက်တွေက
ကိုယ်မသိလည်း ဘာမှ မဖြစ်ပါဘူး။ စပ်စုတာလွန်ပြီး သိသွား
တော့မှ လာမေးတဲ့သူကို မပြောပြရင်လည်း မကောင်း၊
မသိဘူးပြောရင်လည်း လိမ်ရာကျ၊ ပြောပြရင်လည်း
မကောင်း၊ စသဖြင့် ဒုက္ခရောက်တတ်ပါတယ်။ သူတစ်ပါး
မပြောချင်တဲ့အရာတွေကို အတင်းအကြပ်မမေးပါနဲ့လို့
တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

#မိုးရှင်း (I.M.T)

Image Credit => Pixabay

No comments: