Wednesday, March 29, 2017

သားတွေကိုပြောပြပေးပါ


သားယောကျာ်းလေး မွေးထားတဲ့ မိဘတွေ ကိုယ့်သားကို ဒီစကားတွေ ပြောခဲ့ဖူးသလား ပြန်စဉ်းစားကြည့်ပါ
-“မိန်းကလေးတစ်ယောက် ဘယ်လိုပဲ ၀တ်စားထားပါစေ၊ ပြုမူနေပါစေ၊ အဲဒါဟာ သူ့ကို အဓမ္မပြုကျင့်ဖို့၊ အရှက်ခွဲဖို့၊ နောက်ပြောင်ဖို့ ဖိတ်ခေါ်နေတာ မဟုတ်ဘူး”
-“မိန်းကလေးတစ်ယောက်ရဲ့ အပျိုဘ၀ဆိုတာ ဆုတစ်ခုမဟုတ်လို့ အဲဒါကို ရယူလိုက်ရတယ်ဆိုပြီး မင်းကို ဂုဏ်တက်စေမှာလည်း မဟုတ်ဘူး”
-“မိန်းကလေးတစ်ယောက်ဟာ ယောကျာ်းလောက် ခွန်အားမရှိဘူးလို့ သတ်မှတ်ပြီး အတင်းအနိုင်ကျင့်လို့ မရဘူး”
-“မူးယစ်စေတဲ့အရာတစ်ခုခုကို သုံးစွဲထားလို့ အသိစိတ်ကင်းမဲ့နေတာကို အခွင့်အရေးယူပြီး မစော်ကားရဘူး”
ဒါတွေပြောပြဖူးပါသလား။ ဒါမှမဟုတ်
-သားဖြစ်သူဆီက ကျောင်းက မိန်းကလေးတစ်ယောက်ယောက်ကို အပျက်မ၊ ရှုပ်ပွေတဲ့မိန်းကလေး ဆိုပြီး သုံးနှုန်းပြောနေတာ ကြားမိလိုက်လို့ သားကို ခေါ်ဆုံးမဖူးတာရော ရှိပါသလား ပြန်စဉ်းစားကြည့်စေချင်တယ်။
ကျွန်မသိပါတယ်၊ မှတ်မိကြမယ် မထင်ပါဘူး။ အကြောင်းရင်းကတော့ မိဘတွေဟာ အဲ့လိုစကားမျိုးတွေကို ဘယ်တုန်းကမှ ပြောမပြခဲ့ဖူးလို့ပါပဲ။
ဒါပေမယ့် သမီးမိန်းကလေးတွေကိုတော့ ဒါတွေပြောပြပါတယ်
“မိန်းကလေးဆိုတာ အနေအထိုင်၊ အသွားအလာ ဆင်ခြင်ရတယ်၊ မဟုတ်ရင် လူကဲ့ရဲ့စရာဖြစ်မယ်”
“ယောကျာ်းလေးတွေ လုပ်သမျှ နင်လိုက်မလုပ်နဲ့၊ ဟိုက ယောကျာ်းလေး”
“လုံလုံခြုံခြုံ ၀တ်၊ ဒီလိုလျှပ်ပေါ်လော်လီ ၀တ်စားတာက အဓမ္မကျင့်ဖို့ ဖိတ်ခေါ်နေတာပဲ”
“အပြင်ကို တစ်ယောက်တည်းမထွက်နဲ့၊ ညဘက်တွေ လျှောက်လျှောက်မသွားနဲ့”
ဒီလိုဆုံးမစကားတွေကိုတော့ သမီးရှင်မိဘတွေ တော်တော်များများ ပြောလေ့ရှိကြပါတယ်။ ဒါတွေဟာ သမီးကို စိတ်ပူတာ၊ ဂရုစိုက်တာကြောင့် ဖြစ်သလို၊ မိန်းကလေးတွေကို အပြစ်တင်နေတဲ့၊ နှိမ့်ချနေတဲ့၊ ခွဲခြားဆက်ဆံနေတဲ့ ယဉ်ကျေးမှုတစ်ခုကို ရိုက်သွင်းနေတာလည်း ဖြစ်ပါတယ်။
ဒီလိုသင်ကြားမှုတွေဟာ ‘မိန်းကလေးတွေက ကိုယ်အဓမ္မအကျင့်မခံရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်၊ ယောကျာ်းဆိုတာ ကျားဆိုတဲ့အတိုင်း ပြုမူမှာပဲ’ ဆိုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတချို့နဲ့ ကျွန်မ စကားပြောဖူးပါတယ်။ သူတို့က ဒီလိုသင်ကြားမှုတွေဟာ မဖြစ်သင့်ဘူးလို့ မြင်ကြပေမယ့် မကောင်းတဲ့ယောကျာ်းတွေကလည်း ရှိနေလေတော့ ကိုယ့်သမီးကိုပဲ သူ့ကိုယ်သူ ကာကွယ်တတ်အောင် သင်ပေးရမှာပဲ၊ မတတ်နိုင်ဘူး လို့ ဆိုကြတယ်။
ဒါဆို စဉ်းစားကြည့်ရအောင်
အဲဒီ မကောင်းတဲ့ယောကျာ်း ဆိုတာ ဘယ်သူတွေလဲ
ရှင်တို့သမီးတွေကို တစ်ယောက်တည်းအပြင်မထွက်ရဲအောင် သောင်းကျန်းနေကြတဲ့သူတွေက ဘယ်သူတွေလဲ
ရှင်တို့သမီးတွေကို နှုတ်နဲ့စော်ကားတာ၊ ကိုယ်ထိလက်ရောက် စော်ကားတာ၊ အရှက်ရစေတာ၊ အဲဒီလူတွေကရော ဘယ်သူတွေလဲ
သားယောကျာ်းလေးတွေပဲ မဟုတ်ဘူးလား
ဒါဆို သူတို့တွေကို ဒီလိုဖြစ်လာအောင် ဘယ်သူတွေက ပြုစုပျိုးထောင်ခဲ့တာလဲ
စိတ်မကောင်းစွာနဲ့ပဲ ဖြေရရင် အဲဒါ ရှင်တို့ကိုယ်တိုင်ပဲ။
ကျွန်မတို့မှာ သတင်းအချက်အလက်တွေမြောက်များစွာ ရှိပါတယ်။ ဒီလိုကိစ္စရပ်တွေရဲ့ ကျူးလွန်သူအများစုဟာ သူစိမ်းသက်သက်တွေ မဟုတ်ကြဘူး။ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ၊ ရည်းစားဟောင်းတွေက ဒီလိုတွေ လုပ်နေကြတာပဲ။ သူတို့တွေဟာ ရှင်တို့သမီးတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေပြီးသားပဲ၊ သူတို့ကို ၀င်မလာအောင် အတင်းပိတ်ပင်ထားလို့ မရဘူး၊ သူတို့က သူစိမ်းတွေမှ မဟုတ်တာ၊ အတွင်းလူတွေလေ
ရှင်တို့ ဒါကို လက်ခံနိုင်မယ် မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ရှိသမျှ လူငယ်ယောကျာ်းလေးတွေ အားလုံးဟာလည်း ဒီလိုလူတွေလို့ ကျွန်မမဆိုလိုပါဘူး။
ကျွန်မပြောချင်တာက ကျွန်မတို့ရင်ဆိုင်နေရတဲ့ ယဉ်ကျေးမှုဆိုတာကြီးကြောင့်
တခုခုဖြစ်လိုက်တိုင်း နင်က အဲဒီအချိန်မှာ ဘာဝတ်ထားလဲ၊ အရက်တွေမူးနေသလား ဆိုပြီး အပြစ်တင်တဲ့လေသံနဲ့ အမေးခံနေရတယ်၊
ယောကျာ်းလေးတွေ ပြုမူသမျှ ကာကွယ်ဖို့ ရှောင်ရှားဖို့ကို မိန်းကလေးတွေမှာပဲ တာဝန်ရှိတယ်လို့ မိခင်တွေက ဆုံးမနေကြတယ်၊
ကျူးလွန်သူကောင်လေးက မိန်းကလေးထက် အသက်ငယ်နေလို့ဆိုပြီး ရက်(၃၀)ပဲ ထောင်ချဖို့ တရားစီရင်ရေးက ဆုံးဖြတ်နေတယ်။
မိသားစုတိုင်းက သားယောကျာ်းလေးတွေဟာ ဒီလိုယဉ်ကျေးမှု၊ ဒီလိုအသိတွေနဲ့ အရွယ်ရောက်လာကြတာပါ။ “ဒါတွေဟာ လက်ခံနိုင်စရာ မဟုတ်ဘူး၊ မှားယွင်းတဲ့အယူအဆတွေ”လို့ တစ်ခါမှ ပြောမပြခဲ့ဖူးဘူးဆိုရင်ပေါ့။
ကိုယ့်သမီးလေးကို ဒီလိုအဖြစ်တွေနဲ့ ကြုံရမယ်လို့ စိတ်တောင်မကူးကြည့်ချင်တာမို့ ရှောင်ရမယ်၊ ကာကွယ်ရမယ်ဆိုတာတောင် မိဘတွေက ပြောမထွက်ကြပါဘူး။ ဒီလိုမျိုး ကိုယ့်သားကို ပြောပြဖို့ဆိုတာကတော့ ပိုလို့တောင် ခက်ပါဦးမယ်။ ဘယ်သူမဆို ငါ့သားလေးကတော့ ဒီလိုလူမဟုတ်ဘူးလို့ပဲ တွေးကြမှာပေါ့။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပြောပါ လို့ပဲ တိုက်တွန်းပါရစေ
ကိုယ့်လိုပဲ တခြားသမီးရှင်မိဘတွေကို စိတ်ဒုက္ခ မရောက်စေချင်ဘူးဆို ပြောပြပါ
ကိုယ့်သားကိုချစ်တယ်ဆို၊ သူ့အနာဂတ်လေးကို မထိခိုက်စေချင်ဘူးဆို ပြောပြပါ
သားသမီးနဲ့ပတ်သက်ပြီး တာဝန်သိတတ်၊ တာဝန်ယူတတ်တယ်ဆို ပြောပြပါ
ယောကျာ်းဆိုရင် ဝေးဝေးကရှောင်သင့်တဲ့သတ္တ၀ါလို တစ်သက်လုံးကြောက်ရွံ့နေရမယ့် စိတ်ဒုက္ခမျိုး ကိုယ့်သမီး၊ ကိုယ့်တူမကို မခံစားစေချင်ဘူးဆို ပြောပြပါ။
မိန်းကလေးတွေကို အဓမ္မအကျင့်မခံရဖို့ ဘယ်လိုရှောင်ရှားရမယ့်အကြောင်း ပြောပြတာ၊ ဘယ်ယောကျာ်းကိုမှ အကြွင်းမဲ့မယုံဖို့ ပြောပြတာတွေက ရုတ်တရက်ကြည့်ရင် မှန်တယ်ထင်ချင်စရာကြီး။ ဒါပေမယ့် ဒီလိုတွေ ဆုံးမ၊ ပြောပြလာခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ခုချိန်ထိ ဒီကိစ္စတွေက ရှိတုန်းပဲမဟုတ်လား။ ဒါဆို စဉ်းစားဖို့ ကောင်းပြီ။ ကျွန်မတို့လုပ်နေတာ မှန်ရဲ့လား၊ ထိရောက်ရဲ့လား။
မထိရောက်ပါဘူး၊ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တာဝန်ရှိတဲ့ ယောကျာ်းလေးတွေကို သူတို့မှာ တာဝန်ရှိမှန်း သင်ပေးမထားလို့ပါပဲ။
ကျွန်မတို့ကံကောင်းပါတယ်၊ ဒီလိုကိစ္စတွေ မဖြစ်တော့အောင်၊ ကျွန်မတို့သမီးတွေ၊ တူမတွေ၊ မိန်းကလေးငယ်တွေ ဒီလိုအဖြစ်မျိုးတွေ မကြုံရတော့အောင် ကာကွယ်ပေးလို့ ရပါတယ်။ ကာကွယ်ပေးနိုင်စွမ်းလည်း ရှိတယ်။ ကိုယ့်အိမ်မှာ ကိုယ်ထိုင်နေရင်းနဲ့ကို လုပ်ပေးလို့ရပါတယ်။
ကျွန်မတို့လုပ်ရမှာကတော့ တစ်ခုတည်းပါ
အဲဒါကတော့ သားတွေကို ပြောပြပေးဖို့ပါပဲ။
ဒေါက်တာဖြိုးသီဟ (ဘာသာပြန်)
၂၀.၆.၁၆
မူရင်း – The conversation you must have with your sons by Carina Kolodny
Credit:  ဒေါက်တာ ဖြိုးသီဟရဲ့ Page 

No comments: