Sunday, March 20, 2016

သင်္ကြန်ထမင်းနှင့် ငါးခြောက်ပြုတ်ကြော်





မွန်လူမျိုးတို့ရိုးရာ သင်္ကြန်ထမင်းနဲ့အတူ တွဲဖက်စားဖို့ ငါးခြောက်ပြုတ်ကြော်တို့ကို ချိန်ခါမှီချက်စားနိုင်စေဖို့ ကူးယူဖော်ပြလိုက်ပါတယ်။

သင်္ကြန်ထမင်း
ပါဝင်ပစ္စည်းများ
ပေါ်ဆန်းမွှေးဆန် နို့ဆီဘူး (၂)လုံး၊ မြေအိုးကြီး (အဖုံးပါ) ၁လုံး၊ စဥ့်ကွဲစ (အိုးပြုလုပ်တဲ့အစ) ၁၀ခု၊ ဖယောင်းတိုင် ၁တိုင်

ပြင်ဆင်ချက်ပြုတ်ပုံ
ဆန် ၂လုံးကို ရေခန်းမဟုတ် အရည်နဲ့ချက်ပါ။ ထမင်းအိုး ဆူပွက်လာပြီး ဆန်လေးတွေရှည်ထွက်လာလို့ ငှဲ့လို့ရရင် မီးဖိုပေါ်မှချလိုက်ပါ။

ထမင်းရည်ကို ငှဲ့ပြီး ထမင်းကို ဒီအတိုင်းပဲထားပါ။ ပြန်မနှပ်ရပါဘူး။

စဥ့်ကွဲစလေးများကို ရဲနေအောင် မီးဖုတ်ပြီး မြေအိုးထဲထည့်ပါ။

ဖယောင်းတိုင်ကိုလည်း ထည့်လိုက်ပါ။ ပြီးလျှင် မြေအိုးကို အဖုံးခဏအုပ်ပြီးထားပါ။ စဥ့်ကွဲစများကို မီးဖုတ်ထားတဲ့အရှိန်နဲ့ ဖယောင်းတိုင် ပျော်သွားပြီး အဖုံးအုပ်ထားတဲ့ မြေအိုးအတွင်းမှာ ဖယောင်းနံ့လေးသင်းနေမှာဖြစ်ပါတယ်။

အားလုံးပြီးလျှင် မြေအိုးထဲကို အရည်ငှဲ့ထားတဲ့ ထမင်းကိုထည့်ပါ။ ရေအေးအေးလေးကို ထမင်းမြုပ်အောင်ထည့်ပေးပြီး အဖုံးပြန်အုပ်ပေးပါ။ ခဏနေရင် သုံးဆောင်လို့ရပါပြီ။ သင်္ကြန်ထမင်းလေးက မြေသင်းနံ့နဲ့ ဖယောင်းနံ့လေး သင်းနေမှာဖြစ်ပါတယ်။

ငါးခြောက်ပြုတ်ကြော်
ပါဝင်ပစ္စည်းများ
ငါးကွန်းရှပ်အသားချောင်း ၅၀ကျပ်သား၊ ကြက်သွန်ဖြူ ၅ကျပ်သား၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ပဲဆီမွှေး ၁၅ကျပ်သား၊ နနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးအနီ အရှည်အခြောက်တောင့် အနည်းငယ်။

ပြင်ဆင်ချက်ပြုတ်ပုံ

-       ငါးကွန်းရှပ်ခြောက်ကို အပိုင်းလေးများပိုင်းပြီး အနည်းငယ်နူးအောင် ပြုတ်၍ အသားနွှင်ထားပါ။ အချိုအရသာနယ်ပါ။
-       ကြက်သွန်ဖြူကို ဆီချက် ချက်ပြီး အဖတ်လေးများဆယ်ထားပါ။
အားလုံးပြီးလျှင် ဒယ်အိုးပြားထဲ ဆီထည့်ပါ။ ဆီပူလျှင် နနွင်းမှုန့်ထည့်ပြီး နွှင်ထားတဲ့ ငါးခြောက်များထည့်ကြော်ပါ။ အကျက်ညီအောင် ဟိုဘက်ဒီဘက် မွှေပေးပါ။

ငါးခြောက်များ ရွှေရောင်သမ်းလာရင် ဒယ်အိုးထဲမှဆည်ပြီး ဆီစစ်တဲ့ ဆန်ကာနဲ့ဆီစစ်ထားပါ။ ဆီစစ်သွားရင် ပန်းကန်ထဲပြောင်းထည့်ပြီး အပေါ်ယံမှ ဆီသတ်ထားတဲ့ ကြက်သွန်ဖြူအကြော်များ ဖြူးပေးပါ။

ပြီးလျှင် ငရုတ်သီးအနီတောင့်များကို ကြော်ပြီး သင်္ကြန်ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

ချက်ပြုတ်ပြသူ - အန်တီမီးမီး

အခြားချက်ပြုတ်ပြသူက - ထက်မိသားစု 

No comments: