Tuesday, April 9, 2013

Useful Websites



ကျွန်တော် ဂျာနယ်တွေ မဂ္ဂဇင်းတွေဖတ်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာ အမှတ်မထင်တွေ့မိရင်ပဲဖြစ်ဖြစ် သဘောကျစရာ ဆိုက်လေး တွေကို ကူးကူးထားတတ်ပါတယ်။ ကိုယ်သိတဲ့ဆိုက်လေးတွေကို တစ်ခြားသူတွေလည်း သိစေချင်လာတာပေါ့ ကြာတဲ့အခါ။ သိပြီးအသုံးကျစေဖို့ပြန်လည် ဖော်ပြလိုက်ပါတယ်နော်။ ဒီတစ်ခါတော့ ရုပ်ရှင် ဂီတ အနုပညာနယ်ပယ်ကို စိတ်ဝင်စား သတင်းတွေ စောင့်ဖတ်ချင်သူများအတွက်ဖြစ်ပါတယ်။

www.rottentomatoes.com ရုပ်ရှင်ကြည့်သူများအတွက် သဘောကျစရာပါ။ ဘယ်လိုမျိုးရုပ်ရှင်ကားတွေ ရွေးချယ် ကြည့်ရှုဖို့အသင့်တော်ဆုံးဖြစ်မလဲဆိုတဲ့အပိုင်းကို အဓိကထားရေးသားဖော်ပြထားပါတယ်။ ဇာတ်ကားတစ်ကားချင်းစီရဲ့ အဆင့်သတ်မှတ်မှုတွေကိုလည်း ဖော်ပြပေးထားမှာဖြစ်ပြီး မတူညီတဲ့ ဝေဖန်သူတွေရဲ့ကွဲပြားတဲ့ သုံးသပ်ချက်တွေကိုလည်း ဇာတ်ကားတစ်ကားချင်းစီမှာ ကြည့်ရှုခွင့်ရဖို့ ဖော်ပြပေးထားပါတယ်။

www.gawker.com ဖျော်ဖြေရေးနယ်ပယ်ကလူတွေရဲ့ သတင်းတွေကိုအများဆုံးဖတ်ရှုနိုင်အောင်လွှင့်တင်ပေးထားတဲ့ ဆိုက်ဖြစ်ပါတယ်။ ပရိသတ်တွေကြား ထင်ရှားနာမည်ကျော်သူတွေရဲ့ အတွင်းရေးတွေကိုဖွပြချပြမှုတွေလည်းရှိနေပါတယ်။ နောက်ဆုံးရသတင်းတွေ ကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြပေးနေပါတယ်။ 

www.crackle.com ဟောလိဝုဒ်က ရုပ်ရှင်ဇာတ်လမ်းအရှည်တွေ တီဗီရှိုးလ်တွေနဲ့ MTV သီချင်းတွေကို အခမဲ့ကြည့်ရှု နိုင်အောင် လုပ်ပေးထားတဲ့ဆိုက်ဖြစ်ပါတယ်။ ဟာသ အက်ရှင် ဒရမ်မာ စသဖြင့် ခွဲခြားပြီးကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

www.funnyordie.com ဟာသတင်ဆက်မှုတွေကို အကောင်းမွန်ဆုံးစုစည်းဖော်ပြပေးနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာက နာမည်ကျော်ခဲ့တဲ့ ဟာသဗီဒီယိုကားတွေကိုလည်း ဒီဝက်ဘ်ဆိုက်မှာ ပြန်လည် ရှာဖွေနိုင်မှာပါ။

www.avclub.com နာမည်ကျော်သူတွေရဲ့ ရယ်မောစရာဘ၀အဖြစ်အပျက်အကြောင်းတွေ့ဆုံမေးမြန်းခန်းတွေလိုမျိုး သဘောကျဖွယ်တင်ဆက်မှုတွေနဲ့ ဖျော်ဖြေရေးဆိုက်တစ်ခုဖြစ်ပါတယ်။

www.metacritic.com ဂီတ ရုပ်ရှင် ဂိမ်းနဲ့ ရုပ်မြင်သံကြားတင်ဆက်မှုတွေ ဖန်တီးမှုတွေကို ဝေဖန်တဲ့နေရာမှာ ထိပ်တန်း အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ စနစ်တကျသုံးသပ်ပြထားတဲ့အမြင်တွေကို တွေ့မြင်ရပါမယ်။ တခြားလူတွေမြင်ပြီးသားအမြင် အပေါ်မှာ ထပ်ဆင့် အသေးစိတ်ဝေဖန်ပြမှာဖြစ်ပါတယ်။ ထုတ်လုပ်လက်စဇာတ်ကားတွေအကြောင်းနဲ့ ဖျော်ဖြေရေး နယ်ပယ်က ဖန်တီးမှုတွေအကြောင်းကိုလည်း ဖတ်ရှုခွင့်ရမှာပါ။

www.imdb.com ရုပ်ရှင်ပရိသတ်တွေနဲ့အတော်ရင်းနှီးနေမယ့်ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားချင်းစီရဲ့ အဆင့်သတ်မှတ်မှု ကိုလည်း အမြန်ဆုံးဝင်ရောက်ကြည့်ရှုနိုင်တဲ့ဆိုက်ပါ။ လိုရင်းကို ထိထိမိမိရေးသားဖော်ပြပေးတဲ့ အချက်ကလည်း အားသာချက်ပါပဲ။ ရုပ်ရှင်တစ်ကားရိုက်ကားရာမှာ အသုံးပြုထားတဲ့ ဘက်ပေါင်းစုံနည်းပညာတွေကိုလည်း ဇာတ်ကားအကြောင်းဖော်ပြမှုနဲ့အတူ ပူးတွဲတင်ဆက်ပေးထားပါတယ်။

No comments: