Saturday, April 27, 2013

ရွှေဖရုံသီးပြုတ်ချိုချို၊ ပဲပြားအစာသွပ် နှင့် ဆော့စ်ကောင်းကောင်း (သက်သတ်လွတ်)


သူငယ်ချင်းတို့ရေ တစ်ခါတလေ စိတ်ကူးပေါက်မိတာက သက်သတ်လွတ်ဟင်းလျာကို တကယ်ကောင်းကောင်းလေး ချက်ပြုတ်တတ်ရင် ဘယ်အသားမှမစားဘဲ နေမယ်လို့ပေါ့နော်။ ဟဲဟဲ ဒါပေမဲ့ သိတယ်မဟုတ်လား လူဆိုတာက လျှာဖျားအရသာလေးကို မက်မောတာ ရသာရုံကိုစွဲမက်တာက စွဲမြဲနေပြီဆိုတော့ကာ စိတ်ကူးပဲရှိပါတယ်လေ။ အခု ရှမ်းပြည်ဘက်ပြန်ရောက်တုန်း ရွှေဖရုံသီးခပ်စီးစီးလေးနဲ့ ပဲပြားအစာသွပ်တို့ကို ထမင်းပူပူလေးနဲ့စားဖို့ချက်ပြုတ်လိုက်ပါတယ်နော်။

ရွှေဖရုံသီးကတော့ ၀ယ်တတ်ကြည့်တတ်မှ ခပ်စီးစီးလေးနဲ့စားလို့ကောင်းမယ့်အသီးအမျိုးအစားကိုရနိုင်မယ်ထင်ပါတယ်။ တခြား ဟင်းချက်ပစ္စည်းတွေကတော့ နေရာတိုင်းဝယ်လို့လွယ်နေတာပါပဲ။

ရွှေဖရုံသီးပြုတ်ချိုချို
ရွှေဖရုံသီး - လေးဆယ်သား (အခွံနွှာရေဆေးပြီး တစ်လက်မအရွယ်တုံးထားပါ)၊ ကြက်သွန်နီ - နှစ်ဥ (ပါးပါးလှီး ရေဆေးထားပါ)၊ ကြက်သွန်ဖြူ - ၁၀မြွှာ (ညက်အောင်ထောင်းထားပါ)၊ပင်စိမ်းရွက် - အနည်းငယ် (အရွက်ခြွေပြီး ရေဆေးထားရန်)၊ ဆား၊သကြား အနည်းငယ်

ဟင်းချက်မည့် ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ဆီပူလျှင် ကြက်သွန်အဖြူ၊အနီထည့် ဆီသတ်ပါ။ ကြက်သွန်များနွမ်းသွားရင် ရွှေဖရုံသီး၊ရေ သင့်တင့်ရုံနဲ့ ဆား၊ သကြားတို့ကိုထည့်ပြီး ရွှေဖရုံသီးနူးတဲ့အထိ တည်ပါ။ ဟင်းရည်ဆူပွက်ပြီး ရွှေဖရုံသီးလည်းနူးသွားရင် အရသာမြည်းပြီး သုံးဆောင်ပါ။

ပဲပြားအစာသွပ်နှင့် ဆော့စ်ကောင်းကောင်း (သက်သတ်လွတ်)
ပဲပြား ၂တုံး၊ ပဲပင်ပေါက် ၅ကျပ်သား၊ ဂေါ်ဖီ ၁စိတ် (နှစ်ဆယ်သားခန့်)၊ငရုတ်သီးအနီတောင့် ၁၀တောင့်၊ ငရုတ်ချဉ်ရေ စားပွဲတင်ဇွန်း ၁ဇွန်း၊ သကြား၊ဆား အနည်းငယ်၊ ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ဇွန်း၊ ဗီနီဂါရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ ဆီ ၁၅ကျပ်သား

ပြုလုပ်ပုံ
ယခုပြုလုပ်မည့်ဟင်းလျာမှာ ဆော့စ်ကောင်းကောင်းဖြစ်နေမှ အရသာတွေ့မှာဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ ငရုတ်ချဉ်ဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်၊ သကြား၊ဗီနီဂါရည်၊ဆားနည်းနည်းတို့ကိုခွက်တစ်ခုမှာထည့်ပါ။ ငရုတ်သီးစိမ်း အနီတောင့်ကို အညှာခြွေ၊ အစေ့ပါ ရောထောင်းကာ ၄င်းခွက်ထဲရောထည့်ပြီး သမအောင် မွှေထားရပါမယ်။

ပဲပင်ပေါက်ကိုရေဆေးပြီး နှစ်ပိုင်းဖြတ်ထားပါ။ ဂေါ်ဖီကိုလည်း ပါးပါးနုပ်နုပ်လေးလှီးပြီး ရေဆေးထားပါ။ ပဲပြားအတုံးကို ၄ပိုင်း ပိုင်းပြီး ၄င်းအပိုင်းတွေကို ထောင့်ဖြတ်ထပ်ပိုင်းကာ ၃မြှောင့်ပုံတွေရအောင်လှီးပါ။

အားလုံးပြင်ဆင်ပြီးရင် ဆီပူအိုးထဲတွင် ပဲပြားအတုံးလေးများကို ရွှေရောင်သန်းလာတဲ့အထိကြော်ပြီး ပန်းကန်ထဲဆယ်ယူကာ ဆီစစ်ထားပါ။ 

ပဲပြားကြော်များ အေးပြီဆိုရင် ၃မြှောင့်ရဲ့ အရှည်ဆုံးဘက်ကို ဓားနဲက အလျားလိုက်လှီးဟပြီး အစာသွတ်ရန်နေရာထဲကို ပဲပင်ပေါက်နှင့် ဂေါ်ဖီကို သင့်တင့်ရုံထည့်သွင်းပြီး ပန်းကန်ပြားတစ်ချပ်မှာ အချဉ်ရေ ပန်းကန်ကို ၀ိုင်းပတ်စီထည့်၍ ပဲပြားကြော်အစာသွပ်ကို သုံးဆောင် နိုင်ပြီဖြစ်ပါတယ်။

အသားမပါရင် မတင်းတိမ်နိုင်တဲ့သူများအတွက် အရံဟင်းအဖြစ် ၀က်ပျားအိုးကပ်ကြော်ဟင်းကို စီစဉ်ပေးပါ့မယ်။

ဝက်ပျားအိုးကပ်ကြော်
ဝက်သား (ပေါင်သားနုနု) အစိတ်သား၊ချင်း လက်တစ်ဆစ် (ညက်အောင်ထောင်းထားရန်)၊ ဆား၊သကြား အနည်းငယ်၊ ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းသေး ၁ဇွန်း၊ ဆီ သုံးကျပ်သားခန့်

ပထမဆုံး ၀က်ပျားအိုးကပ်ကြော်ကို ပြုလုပ်ရာတွင် မတူးမကပ်တဲ့ ဒယ်အိုးပြားကို အသုံးပြုရမှာဖြစ်ပါတယ်။ ၀က်သားကို နှစ်လက်မ အရွယ် ခပ်ပါးပါး အပြားအလွှာလေးဖြစ်အောင်လှီးပါ။ ၀က်သားကို ချင်း၊ငရုတ်ကောင်းမှုန့်၊ပျားရည်၊ဆား၊သကြားတို့ဖြင့် သမအောင် နယ်ပါ။ ပြီးရင် ဒယ်အိုးပြားထဲ ဆီထည့်၍ ဆီပူလာရင် ၀က်သားပျားပြားများကိုထည့်ပြီး အပူပေးပါ။ အကျက်ညီအောင် ဟိုဖက်ဒီဖက် လှည့်ပေးပါ။ ၀က်သားကို ပါးပါးလွှာလွှာလေး လှီးထားတဲ့အတွက် နူးပြီးအကျက်မြန်ပါတယ်။ အရောင်ကလေးများ နီရဲလာပြီး အနံ့ လေးမွှေးလာရင် ပန်းကန်ထဲ ဆယ်ယူပါ။ငရုတ်ကောင်းရနံ့နဲ့ ချင်းနံ့လေး မွှေးနေတဲ့ ၀က်ပျားအိုးကပ်ကြော် ကျက်သွားပါပြီ။

No comments: