Monday, October 5, 2009

ရာသီ၁၂ပါးနှင့် အချစ်မေတ္တာ


လူတွေကိုယ်စီမွေးဖွားကြ သေဆုံးကြရာမှာ မွေးဖွားရာ ရာသီခွင်ပေါ်မှာ မူတည်ပြီး အကျင့်စရိုက် ကွဲပြားကြတယ်။ စိတ်နေ သဘောထားကွဲကြတယ်လို့ ယူဆကြပါတယ်။ အသက်ရလာတော့ ချစ်သူတွေထားကြတယ် ချစ်သူတွေရကြတယ်။ ကိုယ့် ချစ်သူရဲ့ စိတ်နေသဘောထားကို သိထားတော့ သူ့ရဲ့အချစ်စိတ်သဘာဝကို လည်းနားလည်နိုင်မယ်ထင်ပါရဲ့။

အခု ဆရာ စံဇာဏီဘိုရဲ့ စာအုပ်လေးတစ်ခုကိုဖတ်ကြည့်ပြီး သဘောကျတာနဲ့ အောက်ပါ အကြောင်းအရာလေးကို ကူးယူ ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ပြီး သယ်ရင်းတို့ အဆင်ပြေ ပြေချစ်နိုင်ကြပါစေ။

မိဿရာသီဖွား ARIES (မတ် ၂၁ မှ ဧပြီ ၂၀) ကြား
မိဿရာသီဖွားများကို"The ardent lover" ပြင်းပြင်းပြပြနှင့် ချစ်တတ်သောသူများဖြစ်သည်။ ချစ်ခြင်းမေတ္တာအပေါ်၌ အလေးအနက်ထားတန်ဖိုးထားသည်။ ခံစားချက်ပြင်းထန်သည်။

ပြိဿရာသီ TAURUS (ဧပြီ 20 မှ မေ 20ကြား)
ပြိဿရာသီဖွားများကို "The Sensual Lover" ဟုသတ်မှတ်သည်။ မနောအာရုံထဲမှ တိမ်းညွှတ်၍ချစ်တတ်သော မေတ္တာရှင်များဖြစ်သည်။ အပြည့်အ၀ ခံစားချက်နှင့် ပေးဆပ်သော မေတ္တာရှင်များဖြစ်သည်။ ခံစားမှုအနှစ်သာရကို အလေးထားသောသူဖြစ်သည်။ ချစ်ခဲသည်။အချစ်မြဲသည်။

မေထုန်ရာသီ GEMINI (မေ 21 မှ ဇွန် 21ကြား)
မေထုန်ရာသီဖွားများကို "The eloquent lover" များဟုသတ်မှတ်သည်။ လေးနက်သောမေတ္တာရှင် ဖြစ်သည်။ အဓိပ္ပာယ်ပြည့်ဝသောမေတ္တာကို လိုလားသူဖြစ်သည်။ အချစ်မေတ္တာ၏ လှုံ့ဆော်မှုအပေါ် အလေးအနက်ထားသောသူဖြစ်သည်။ အချစ်ဆိုသောအရာ၏ အနှစ်သာရကို ဖော်ကျူးနိုင်သောသူဖြစ်သည်။

ကရကဋ်ရာသီ CANCER (ဇွန် 22 မှ ဇူလိုင် 22ကြား)
ကရကဋ်ရာသီဖွားများကို "The Caring Lover" များဟု သတ်မှတ်သည်။ ချစ်သူအပေါ်၌ ကြင်နာသော ပေးဆပ်သော၊ အချစ်အပေါ်၌ အလေးအနက်ထားသော၊ မေတ္တာတရားအား တန်ဖိုးထားသော အချစ်ပိုင်ရှင်များဖြစ်သည်။ ကိုယ်က ဂရုစိုက်သော အချစ်မေတ္တာကို ဖော်ကျူးသည့်သူများဟု သတ်မှတ်သည်။

သိဟ်ရာသီ LEO (ဇူလိုင် 23 မှ သြဂုတ် 22ကြား)
သိဟ်ရာသီဖွားများကို "The Proud Lover" များဟုသတ်မှတ်သည်။ မြင့်မြတ်ထည်ဝါသော အချစ်ပိုင်ရှင်များဖြစ်သည်။ ချစ်ခြင်းမေတ္တာအပေါ် အထိမခံ အချစ်မာနကြီးသော မေတ္တာရှင်များဖြစ်သည်။ သိက္ခာရှိရှိ ချစ်တတ်သောသူများ၊ အချစ်မေတ္တာအပေါ် တန်ဖိုးထားတတ်သောသူများဖြစ်သည်။

ကန်ရာသီ VIRGO (သြဂုတ် 23 မှ စက်တင်ဘာ 22ကြား)
ကန်ရာသီဖွားများကို "The Discerning Lover" များဟု သတ်မှတ်သည်။ အချစ်စစ် အချစ်မှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသော၊ အလိုက်သိသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သည်။ ထက်မြက်သော အမြင်နှင့် အချစ်ကို ပိုင်ဆိုင်ထားသောသူဖြစ်သည်။

တူရာသီ LIBRA (စက်တင်ဘာ 23 မှ အောက်တိုဘာ 22ကြား)
တူရာသီဖွားများကို "The Winsome Lover" များဟု သတ်မှတ်သည်။ စွဲမက်စရာကောင်းသောမေတ္တာကို ပိုင်ဆိုင်ထားသောသူများဖြစ်တတ်သည်။ မေတ္တာတရားကြီးမားသည်။ ချစ်သူအပေါ်ချစ်တတ်သော၊ စွန့်လွှတ်သွားမည်ကို စိုးသောသူများဖြစ်သည်။

ဗြိစ္ဆာရာသီ SCORPIO (အောက်တိုဘာ 23 မှ နိုဝင်ဘာ 21ကြား)
ဗြိစ္ဆာရာသီဖွားများကို "The Jealous Lover" များဟုသတ်မှတ်သည်။ သ၀န်တိုတတ်သောအချစ်ကို ပိုင်ဆိုင်သည်။ ကိုယ်ကသာ ချစ်သူကိုချစ်မည်။ ကိုယ့်ချစ်သူအား တစ်ပါးသူက လာချစ်မည်ကို မလိုလား။ အမြဲတစေ သ၀န်ကြောင်နေသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သည်။ အချစ်ဆိုသောအရာသည် သ၀န်တိုတတ်ခြင်းအပေါ် အခြေခံသည်ဟု ယူဆသူများဖြစ်သည်။

ဓနုရာသီ SAGITTARIUS (နိုဝင်ဘာ 22 မှ ဒီဇင်ဘာ 21ကြား)
ဓနုရာသီဖွားများကို "The Adventurous Lover" များဟုသတ်မှတ်သည်။ စွန့်စား၍ ချစ်တတ်သူများဖြစ်သည်။ ချစ်သူအပေါ် စွန့်စွန့်စားစားပေးအပ်၍ ချစ်တတ်သည်။ စိတ်သောကဖြစ်စရာများ အတိုက်အခံများကြားမှ အချစ်ဆိုသောအရာကို မျက်စိမှိတ်၊ စွန့်စားချစ်တတ်သူများဖြစ်သည်။

မကာရရာသီ CAPRICORN (ဒီဇင်ဘာ 22 မှ ဇန်န၀ါရီ 19ကြား)
မကာရရာသီဖွားများကို "The Consistent Lover" များဟု သတ်မှတ်သည်။ တူညီသောမေတ္တာကို တုံ့ပြန်တတ်သော နှလုံးသားပိုင်ရှင်များဖြစ်သည်။ ကိုယ်က ချစ်သလောက် ကိုယ့်အပေါ်ပြန်ချစ်သောသူကို လိုလားသည်။ စရိုက်သဘာဝချင်းကိုက်ညီသော အချစ်ကို လိုလားသောသူများဖြစ်သည်။ အချစ်ကြောင့် အေးချမ်းမှု လိုလားသူများဖြစ်သည်။

ကုမ်ရာသီ AQUARIUS (ဇန်န၀ါရီ 20 မှ ဖေဖော်ဝါရီ 18ကြား)
ကုမ်ရာသီဖွားများကို "The Dispassionate Lover" မေတ္တာရှင်ဖြစ်သည်။ ကိုယ်ကျိုးကြည့်လေ့မရှိ၊ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားသည်။ ပေးဆပ်သော မေတ္တာနှင့် ချစ်တတ်သောသူဖြစ်သည်။ မိမိအပေါ်၌ ရိုးသားမှုအပြည့်နှင့် ချစ်ခြင်းကို လိုလားသည်။

မိန်ရာသီ PISCES (ဖေဖော်ဝါရီ 19မှ မတ်လ 20ကြား)
မိန်ရာသီဖွားများကို "The Romantic Lover" ဟုသတ်မှတ်သည်။ အချစ်အပေါ် အလွန်တန်ဖိုးထားသည်။ နက်နက်နဲနဲချစ်တတ်သည်။ ခံစားချက်အပြည့်နှင့် နှလုံးသားကို ပိုင်ဆိုင်ထားသည်။ မိမိစိတ်ကူးနှင့် တည်ဆောက်ထားသော အချစ်မေတ္တာအား ပိုင်ဆိုင်လိုသည်။

ရာသီတစ်ခုချင်းစီ၏ ချစ်ခြင်းမေတ္တာအပေါ် ဖော်ပြခြင်းသည် တစ်ဦးနှင့်တစ်ဦး သိရှိရန်ဖြစ်သည်။ မည်သို့သော အချစ်မေတ္တာကို ပိုင်ဆိုင်ထားရသည်ကိုသိလျှင်ပင် ချစ်ခြင်းမေတ္တာအတွက် တစ်စုံတစ်ရာသော အထောက်အကူရ စေရန်ဖြစ်သည်။

Zar Ni

Friday, October 2, 2009

Inn Lay Lake and Mingun Bell

သူငယ်ချင်းတို့ရေ ၀ါလကင်းလွတ် သီတင်းကျွတ်တဲ့ကာလမှ ကျောင်းတွေပိတ်ကြတယ်။ ရုံးကနေ အားလပ်ရက်ယူပြီး ခရီးထွက်ကြတယ်။ ကိုယ်တို့တွေ ပြည်ပကိုအလည်မထွက်ဘဲ ကိုယ့်တိုင်းပြည်တွင်းမှာပဲ လည်လည်သွားကြရအောင်လား။

အင်းလေးဖောင်တော်ဦးဘုရားပွဲ သွားရအောင်
"ငွေသင်ဖြူးလေးခင်းထားသလို၊ သတင်းစကားဆိုလောက်တယ် x x ရေပေါ်မှာ အိမ်ကလေးတွေဆောက်မယ် xx တောင်ပိုင်းက ရှမ်းပြည်နယ် xx ရှမ်းမလေးတွေလည်း ချောပါတယ်" ဆိုသည့်သီချင်းစာသားအတိုင်း အင်းလေးကန်၏ အလှအပနှင့် ရိုးရာဓလေ့များမှာ ရှမ်းပြည်နယ်တစ်ခုလုံးသာမက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဂုဏ်ယူ ၀င့်ကြွားလောက် ပေသည်။

ထိုသို့စိတ်ဝင်စားဖွယ်၊ သွားရောက်လည်ပတ်ချင်စဖွယ်အတိပြီးသော အင်းလေးကန်၏ အကြီးကျယ်ဆုံးသော ပွဲတော် တစ်ခုဖြစ်သော ဖော်တော်ဦးဘုရားပွဲတော် ကျင်းပချိန်ဆိုလျှင်ကား ဆိုဖွယ်ရာမရှိတော့ပြီ။
မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးဖြစ်သော အင်းလေးကန်မှာ အရှည် ၂၂ကီလိုမီတာ၊ အကျယ်၁၁ကီလိုမီတာရှိပြီး၊ ပင်လယ် ရေမျက်နှာပြင်အထက် ၁၃၂၈မီတာတွင်တည်ရှိပါသည်။ ကန်တစ်ဖက်တစ်ချက်တွင် တောင်တန်းများ ၀န်းရံလျက်ရှိပြီး ထိုမှ ဖြတ်၍လာသော လေနုအေးအားရှူရှိုက်ရသည်မှာ သန့်ရှင်းမှုရှိလှပေသည်။

အင်းလေးကန်အတွင်း ရွာပေါင်းနှစ်ဆယ် နီးပါး ရှိပြီး ထိုရွာများမှ နယ်ခံများ၏ စီးပွားရေးဖြစ်သော ရေပေါ်စိုက်ချင်းများ၊ကနူးလှေများအား ခြေဖြင့်လှော်ခတ်ကာ ငါးဖမ်း သောဓလေ့များမှာ ရှုမငြီးဖွယ်ဖြစ်သည်။
အင်းလေးကန်အတွင်းနေထိုင်သူအများစုမှာ ရှမ်းလူမျိုးများနှင့် ယဉ်ကျေးမှု၊ဓလေ့ထုံးစံများပါကွဲပြားခြားနားသော အင်းသား များပင်ဖြစ်သည်။ အင်းသားများမှာ မူရင်းနေထိုင်သူများမဟုတ်ဘဲ မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်း ထားဝယ်မြို့ဘက် မှ ပြောင်းရွှေ့လာသည်ဟု အဆိုရှိခဲ့သည်။
ရှေးမှလာသော စကားများအရ ထားဝယ်မြို့မှ ညီအစ်ကိုနှစ်ဦးသည် ညောင်ရွှေစော်ဘွားထံတွင် အလုပ်အကျွေးပြုရန်လာ သည်မှ နောက်ထပ်မိသားစုပေါင်းများစွာကို ဆင့်ခေါ်ကာ အင်းသားများအဖြစ်တည်ရှိလာကြောင်း ယုံကြည်မှုများရှိခဲ့သည်။

အင်းလေးကန်ဒေသတွင် နေထိုင်သော အခြားလူမျိုးများမှာ ရှမ်း၊တောင်သူ၊ပအို့ဝ်၊ဓနု၊ကယား၊တော်ဂိုနှင့် ဗမာလူမျိုးများ လည်း နေထိုင်လျက်ရှိရာ ရိုးရာဓလေ့များစွာအား လေ့လာနိုင်မည်ဖြစ်သည်။
အင်းလေးကန်၏ အထူးခြားဆုံးပွဲတော်ဖြစ်သော ဖောင်တော်ဦးဘုရားပွဲတော်အား နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိရာ ဒေသခံအင်းသားနှင့် ရှမ်းလူမျိုးများ၏ ဘာသာရေးဓလေ့ထုံးစံများအား လေ့လာနိုင်မည်ဖြစ်သည်။ အင်းလေးရေပြင်ကျယ်တွင် ဘုရားများ ပင့်ဆောင်ရာဖောင်တော်အား ရွာအသီးသီးမှ ယာယီစံကျောင်းတော်များသို့ တာဝန် ကျရွာမှ ရွာသားများ၏ ရိုးရာလှေများဖြင့် ဆွဲခေါ်ပင့်ဆောင်ခြင်း၊ ရေပြင်တွင် လှေများ၊ မော်တော်များရပ်၍ စောင့်မျှော်ပြီး ဘုရားဖူးသော ဓလေ့များမှာ ခဲယဉ်းသောတွေ့ကြုံမှုများပင်ဖြစ်သည်။

ဗုဒ္ဓဘာသာအယူအရ သီတင်းကျွတ်တွင် မြတ်စွာဘုရားမှ လူ့ပြည်ကိုဆင်းသက်သည် ပမာပြု၍ ဖောင်တော်ဦးဘုရားများ အားလည်း သီတင်းကျွတ်တွင် ကန်အတွင်းသို့ ရွာစဉ်လှည့်လည်အပူဇော်ခံသည့်ဓလေ့လည်းဖြစ်သည်ဟု ယူဆကြသည်။
လှေဦးထိပ်တွင် ဆွမ်းတင်ပြီး ဖောင်တော်အား ဦးတိုက်သည့်မြင်ကွင်းများ၊၀တ်ရုံမည်းကြီးများဝတ်ဆင်ပြီး ဆွမ်းအုပ်ရွက် လာသောမြင်ကွင်းများမှာ ဒေသခံများ၏ဘာသာတရားကိုင်းရှိုင်းမှုအား အထင်အရှားပြသလျက်ရှိသည်။

ဖော်တော်ဦးဘုရားပွဲသို့ သွားရောက်ဖူးမြော်ရင်း အင်းလေးကန်အတွင်းရှိ အခြားစိတ်ဝင်စားဖွယ်များလည်း လေ့လာ လည်ပတ်နိုင်မည်ဖြစ်ရာ ဟဲယာရွာမရှိ ရေပေါ်ဈေးမှာ မြန်မာခရီးသွားလုပ်ငန်းတွင် အရေးတယူပြု၍ ခရီးစဉ်ရေးဆွဲကာ လိုက်ပို့ ပို့ဆောင်ရသောခရီးစဉ်တစ်ခုဖြစ်သည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် သဘာဝမဟုတ်သော ရေပေါ်ဈေးအား များဖြင့် တုပဖန်တီးကာ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်လျက်ရှိရာ များစွာအောင်မြင်လျက်ရှိသည်။ အခြားစိတ်ဝင်စားဖွယ် နေရာများဖြစ်သော ခေါင်တိုင်၊ရတနာမာန်အောင်ဘုရားနှင့် ငဖယ်ချောင်ကျောင်းအားလည်း သွားရောက်လေ့လာနိုင်သည်။ ငဖယ်ချောင်ကျောင်းအား ကြောင်ခုန်ကျောင်းဟု လူသိများပြီး အဆိုပါကျောင်းတွင် ရှမ်း၊တိဘက်၊ပုဂံနှင့် အင်းဝခေတ်မှ လက်ရာပုံစံဘုရားဆင်းတုတော်များအား လေ့လာဖူးမြော်နိုင်သည်။

ထိုသို့ လေ့လာဖွယ် စိတ်ဝင်စားဖွယ်ရာ အင်းလေးကန်သို့သွားရောက်ရန် ရထားလမ်း၊ကားလမ်းများဖြင့် စိတ်အေးသက်သာ စွာ သွားရောက်နိုင်သည်။ ရထားလမ်းကိုအသုံးပြုလိုသူများအနေဖြင့် ရန်ကုန်မှ ရွှေညောင်သို့ ရထားဖြင့် သွားရောက်ပြီး ရွှေညောင်မှ ကားလမ်းဖြင့် ညောင်ရွှေသို့သွားရောက်နိုင်သည်။
ကားဖြင့် သွားလိုသူများအနေဖြင့်လည်း ညောင်ရွှေသို့တိုက်ရိုက်သွားရောက်နိုင်သည်။ ညောင်ရွှေရှိဟိုတယ်များတွင် တည်းခိုနိုင်ပြီး၊ စီးလုံးငှားပဲ့ထောင်(သို့မဟုတ်) လိုင်းပဲ့ထောင်များဖြင့် ၂နာရီကြာစီးနင်းပြီးပါက ဖောင်တော်ဦးဘုရားသို့ ရောက်မည်ဖြစ်သည်။ ပဲ့ထောင်စီးလုံးငှားဈေးနှုန်းမှာ ၂သောင်းကျပ်ဝန်းကျင်ဖြစ်ရာ မိသားစုများသောခရီးသွားများနှင့် သင့်တော်သည်။ မိမိအစီအစဉ်နှင့် မဟုတ်ဘဲ ဘုရားဖူးယာဉ်များနှင့်လိုက်ပါလိုသူများအတွက်မူ စရိတ်ငြိမ်း၊ပဲ့ထောင်ခပါ တစ်ရက်လျှင် ၁သောင်းနှုန်းဖြင့် ၄ရက်၊၅ရက်၊၆ရက်ခရီးစဉ်များဖြင့်လည်းသွားရောက်နိုင်ပေသည်။

မင်းကွန်းခရီးသွားရအောင်
မင်းကွန်းရွာလေးဟာ စစ်ကိုင်းတောင်ရဲ့ မြောက်ဘက် မင်းကွန်တောင်ခြေမှာတည်ရှိပြီး မန္တလေးမြို့ရဲ့အနောက်မြောက် ဘက် ခုနှစ်မိုင်ကွာဝေးပါတယ်။ မင်းကွန်းကို မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကို ဖြတ်ပြီး မော်တော်ကားနဲ့သွားလို့ရသလို စစ်ကိုင်းကနေ ကားနဲ့လည်း သွားရောက်နိုင်ပါတယ်။
မင်းကွန်းက ပုထိုးတော်ကြီး၊ ခြင်္သေ့ကြီး၊ ခေါင်းလောင်းကြီးနဲ့ မြသိန်းတန်စေတီစတဲ့ နေရာတွေကို ပြည်တွင်းဘုရားဖူးတွေ နဲ့ နိုင်ငံခြားသားဧည့်သည်တွေ စိတ်ဝင်စားလာရောက်ကြတယ်။ ဒါ့အပြင် မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံး တော်မူခဲ့ရာ ဓမ္မနာဒစာသင်တိုက်နဲ့ တိပိဋက ဓရလောင်းလျာ အရှင်မြတ်တို့ သီတင်းသုံးရာ မိုးမိတ်ကုန်းမြေရှိကျောင်း၊ သမိုင်းဝင်စေတီပုထိုးများ၊ပြတိုက်ကြီးများနဲ့ ကျောက်စာတိုက်များကို ဖူးမြော်လေ့လာနိုင်ပါတယ်။

ပုထိုးတော်ကြီး
ပုထိုးတော်ကြီးကို ဘိုးတော်ဘုရားက သက္ကရာဇ်၁၁၅၂ခုနှစ်မှာ စတင်တည်ထားခဲ့တယ်။ ကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်း နားဆုံးစေတီကြီး တစ်ဆူအဖြစ် ဥာဏ်တော်အမြင့်ပေ ၅၀၀အထိတည်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ပြီးဆုံးသည်အထိ မတည်နိုင် ခဲ့ပါဘူး။ ယခုအခါ စတုရန်းပေ ၄၅၀၊ အမြင့်ပေ ၁၆၂နဲ့ ပုထိုးတော်ကြီးကို တစ်ပိုင်းတစ်စဖူးတွေ့ရပါတယ်။ ပုထိုးတော်ကြီးဟာ ထုထည်ကြီးမားပြီး တခြားစေတီတွေလို ထုံးရောင်၊ ရွှေရောင်မတောက်ပဘဲ သံဃာတော်တွေဆင် မြန်းတဲ့ သင်္ကန်းရောင်ညိုညိုတောက်ပနေတာကို ထူးထူးခြားခြားတွေ့ရတယ်။ ပုထိုးတော်ကြီးကို ဘိုးတော်ဘုရားက အပြီး သတ်မတည်နိုင်ခဲ့ပေမဲ့ ပုထိုးတော်ကြီးအတွင်းမှာ ဌာပနာတိုက်ပေါင်း ၂၁တိုက်ဆောက်လုပ်ပြီး ဘုရား၊ ရဟန္တာတို့ရဲ့ ဓာတ် တော်၊မွေတော်တွေ၊ နှစ်ကျိပ်ရှစ်ဆူရှိတဲ့ ဘုရားရှင်တို့ရဲ့ ရွေငွေရုပ်တုတွေ၊ဗုဒ္ဓ၀င်ရွှေငွေရုပ်တုတွေနဲ့ ကုန်းဘောင်မင်းဆက် ဘုရင်များနဲ့ ဆွေမျိုးတွေရဲ့ ရွှေရုပ်တုတွေကို ဌာပနာထားခဲ့တယ်လို့သိရတယ်။
ပုထိုးတော်ကြီးဟာ သက္ကရာဇ်၁၂၀၀ပြည့်နှစ်(ခရစ်နှစ်၁၈၃၈) ငလျင်ဒဏ်ကြောင့်လေးဘက်လေးတန် ပြိုကျခဲ့ရတယ်။ ယခုအခါကွဲအက်ပဲ့ထွက်နေတဲ့ အုတ်သားတွေကို တစ်စည်းတစ်လုံးတည်းအဖြစ် မြင်တွေ့ရပါတယ်။

ခြင်္သေ့ကြီး
ပုထိုးတော်ကြီးရဲ့အရှေ့ဘက်ဧရာဝတီမြစ်ကမ်းနဖူးမှာ ၉၅ပေစီအမြင့်ရှိတဲ့ ခြင်္သေ့ကြီးနှစ်ကောင်ကိုတွေ့နိုင် တယ်။ ဘိုးတော်ဘုရားက ပုထိုးတော်ကြီးရဲ့အရွယ်အစားနဲ့ကိုက်ညီအောင် ဆောက်လုပ်ခဲ့လို့ ခြင်္သေ့ကြီးတွေဟာလည်း ထုထည်ကြီးမားတယ်။ ခရစ်နှစ် ၁၈၃၈ခုနှစ်က လှုပ်တဲ့ ငလျင်ကြောင့် ရှေ့ကိုယ်ပိုင်းများပြိုကျခဲ့ရတယ်။ ယခုအခါ ပြိုကျပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ခြင်္သေ့ကြီးတွေရဲ့ အနီးအနားမှာ တွေ့ရပါတယ်။

မြသိန်းတန်စေတီ
ဘိုးဘွားရိပ်သာ ဆိပ်ကနေတက်လာပြီး ဘိုးဘွားရိပ်သာကိုလေ့လာအပြီး ထွက်လာတဲ့အခါ မင်းကွန်းခေါင်းလောင်းကြီးကို ပထမဦးဆုံးတွေ့ရတယ်။ မင်းကွန်းခေါင်းလောင်းကြီးဟာ ခေါင်းလောင်းတွေထဲမှာ ကမ္ဘာ့တတိယအကြီးဆုံးခေါင်း လောင်း ကြီးအဖြစ်နဲ့ တီးနိုင်၊ထိုးနိုင်တဲ့ ခေါင်းလောင်းများထဲက ကမ္ဘာမှာအကြီးဆုံးခေါင်းလောင်းကြီးအဖြစ် မှတ်တမ်းဝင်တယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ ခေါင်းလောင်းကြီးနှစ်လုံးဟာ မင်းကွန်းခေါင်းလောင်းထက်ပိုကြီးပေမဲ့ မြေစိုက်ခေါင်းလောင်း ဖြစ်တဲ့အတွက် မတီးနိုင်မထိုးနိုင်ဘူးလို့သိရတယ်။

မင်းကွန်းခေါင်းလောင်းကြီးကို ဘိုးတော်ဘုရားက ပုထိုးတော်ကြီးနဲ့အရွယ်အစားကိုက်ညီအောင် အချိုးကျ သွန်းလုပ်စေ ခဲ့တယ်။ ခေါင်းလောင်းကြီးကို သွန်းလုပ်ရာမှာ ကြေးချိန်ပိဿာပေါင်း ၅၅၅၅၅ ပိဿာအသုံးပြုခဲ့တယ်။ အလွယ်တကူမှတ် သားနိုင်အောင် မင်းဖြူမှန်မှန်ပြော ဆိုတဲ့သင်္ကေတတစ်ခု ခေါင်းလောင်းကြီးပေါ်မှာ ရေးထားတာတွေ့ရတယ်။ ၁၈၃၈ခုနှစ်က ငလျင်ကြောင့်ခေါင်းလောင်းကြီး ပြုတ်ကျခဲ့ရာ ကြေးချိန် ငါးပိဿာခန့်ပဲ့ထွက်သွားခဲ့တယ်လို့ဆိုတယ်။

မင်းကွန်းခေါင်းလောင်းကြီးရဲ့ မြောက်ဘက် ကိုက်၅၀၀ခန့်အကွာမှာ မြသိန်းတန်စေတီကြီးရှိတယ်။ တာဝတိံသာ နတ်ပြည်ကို ပုံစံချတည်ထားခဲ့တယ်လို့ဆိုတယ်။ စေတီတော်ကြီးရဲ့အောက်ခြေကနေတရွေ့ရွေ့မြင့်တက်လာတဲ့ ရေလှိုင်းအတွန့်ပုံစံတွေက သီတာခုနှစ်တန်၊တောင်ခုနှစ်ထပ်ကို ရည်ရွယ်ပြီး တည်ထားတာဖြစ်တယ်လို့ဆိုတယ်။ တခြားစေတီတော်တွေလို တံတိုင်းကို လေးထောင့်မလုပ်ဘဲ အ၀ိုင်းပြုလုပ်ထားတာတွေ့ရတယ်။ စေတီတော်ကြီးမှာ အရှေ့ဘက်မှ မုခ်ပေါက်တစ်ခုသာရှိပါတယ်။ မြသိန်းတန်စေတီတော်ကြီးရဲ့ ရှေးမြန်မာဗိသုကာလက်ရာတွေကို ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေက စိတ်ဝင်တစားရှိကြတယ်။

အညာမြေအလှ
ပုထိုးတော်ကြီး မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြသိန်းတန်စေတီတော်တို့ဟာ တစ်နေရာနဲ့ တစ်နေရာ ဈေးဆိုင်တန်းလေး တွေ ဆက်သွယ်နေတယ်။ ပန်းချီပြခန်းတွေနဲ့ ရွှေချည်ထိုးလက်ရာတွေကို ကြည့်ရှုရင်းနဲ့ သွားလို့ရတယ်။ တချို့ကလည်း မင်းကွန်းရောက်အမှတ်တရတီရှပ်တွေနဲ့ ချည်ထည်အင်္ကျီတွေကို ၀ယ်ရင်းသွားကြတယ်။ ပန်းလေးတွေ ဆေးခြယ်ထားတဲ့ မင်းကွန်းဒေသထွက် ၀ါးပေတံနဲ့ ၀ါးခမောက်တွေကလည်း အမှတ်တရ၀ယ်ချင်စရာပါ။
ပုထိုးတော်ကြီးရဲ့အနီး ထနောင်းပင်ရိပ်အောက်က ထမင်းဆိုင်တွေမှာ အကြော်မျိုးစုံ၊ အသုပ်မျိုးစုံ စားရင်း ပုထိုးတော်ကြီး နောက်ခံနဲ့ အညာမြေရှုခင်းကိုကြည့်ရင်းနဲ့ အပန်းဖြေနိုင်ပါတယ်။

လာချင်ရင်ခရီးမဝေး
မင်းကွန်းကို ရေလမ်း၊ ကားလမ်းနဲ့ သွားလို့ရတယ်။ ရေလမ်းကနေသွားမယ်ဆိုရင် မန္တလေးမြို့၂၆ဘီလမ်း အနောက်ထိပ်၊ မရမ်းခြံထိပ်မှာ မင်းကွန်းမော်တော်ဆိပ်ရှိတယ်။ မနက် ၅း၀၀နာရီကနေ ညနေ ၄း၀၀နာရီအထိ နေ့စဉ်ပြေးဆွဲနေတယ်။ မင်းကွန်းမှာတော့ ဘိုးဘွားရိပ်သာဆိပ်မှာ ဂိတ်ဆုံးတယ်။ အဆန်တစ်နာရီခွဲ၊ အစုန်လေးဆယ့်ငါးမိနစ်မော်တော်စီးရတယ်။ မော်တော်ခက တစ်ယောက်ကျပ်၅၀၀ပါ၊ အလှူအတန်းလုပ်တဲ့သူတွေနဲ့ သင်တန်းတချို့ကတော့ မော်တော်စင်း လုံးငှား ကြတယ်။ စင်းလုံးငှားမယ်ဆိုရင် အသွားအပြန် ကျပ်၂၄၀၀၀ ရှိတယ်လို့သိရတယ်။ဇိမ်ခံသင်္ဘောတွေကတော့ နိုင်ငံခြား သား ဧည့်သည်တွေလောက်သာ စီးကြတယ်။

မင်းကွန်းကို ကားနဲ့သွားမယ်ဆိုရင် မန္တလေး-စစ်ကိုင်းလမ်းကသွားတယ်။ စစ်ကိုင်းမင်းဝံတောင်ရိုးတစ်လျှောက် ဧရာဝတီ မြစ်ကမ်းနဖူးမှာ ကားလမ်းဖောက်ထားတယ်။ တောင်တန်းတောင်ကြားတစ်လျှောက်ကွေ့ကောက်နိမ့်မြင့်တဲ့ကားလမ်းမှာ တောတောင်နဲ့မြစ်ရှုခင်း လှပသာယာတာကိုမြင်တွေ့နိုင်တယ်။ကားလမ်းဘေးမှာ ကြီးလေးကြီးအပါအ၀င်ဖြစ်တဲ့ ဘိုးတော် ဘုရားတူးဖော်ထားတဲ့ ကြက်ထောင့်ကန် ရေကန်ကြီးလည်းရှိပါတယ်။ မိုးမိတ်ကုန်းမြေကိုသွားမယ်ဆိုရင် ကားနဲ့ သွားတာ ပိုပြီးအဆင်ပြေတယ်။

လှည်းကလေးနဲ့လည်
မင်းကွန်းကိုမော်တော်နဲ့လာတဲ့သူတွေ တောင်ရိုးက သီလရှင်ချောင်တွေနဲ့ မိုးမိတ်ကုန်းမြေ၊ဘုရားစုံဖူးဖို့အတွက် ပေါင်းမိုး လှည်းတွေ အငှားလိုက်တာရှိတယ်။ မော်တော်ဆိုက်တာနဲ့ လှည်းသမားတွေက ကြိုဆိုနေတာပါ။

ကဲခရီးသွားတဲ့အခါ အိမ်သုံးဆေးဝါးလေးတွေဆောင်သွား၊ အစားမသရမ်းနဲ့ ဒါဆိုပျော်ရွှင်ဖွယ် ကောင်းတဲ့ခရီးလေးဖြစ်မှာ မလွဲပါဘူး။ သူငယ်ချင်းတို့ ပျော်ရွှင်ပါစေနော်။
ဇာနည်

Wednesday, September 30, 2009

Terribly Headache

ခေါင်းကိုက်လို့ အော်နေရပါသလား
လူအများစုဟာ လုပ်ငန်းခွင်မှာ တစ်နေ့လုံး စိတ်ဖိစီးမှုတွေရှိခဲ့ရင် (ဒါမှမဟုတ် အရက်သောက်တာ များသွားခဲ့ရင်) ခေါင်းကိုက်ဝေဒနာခံစားရလေ့ရှိတယ်။ သို့သော် ဘ၀ရဲ့အစိတ်အပိုင်းအဖြစ် တစ်ခါတစ်ရံ ခေါင်းကိုက်တာကို လက်ခံနိုင်ပေမဲ့ အကြိမ်ကြိမ် ခေါင်းကိုက်တာလည်း ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေကတော့ သွေးကြောများ ညှစ်ခြင်း၊ရောင်ရမ်းခြင်း၊ကြွက်သားများ ဖျတ်ခနဲ ရုန်းပြီး ကျုံ့ခြင်း (သို့မဟုတ်) တစ်နေရာမှာ ရောဂါဖြစ်လို့ (ခေါင်းကိုက်ခဲခြင်း)တို့ကြောင့် ဖြစ်နိုင်တယ်။


လူအများစုကတော့ ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေးတွေကို ကိုယ့်ဘာသာကိုယ် ၀ယ်သောက်လေ့ရှိတယ်။ သို့သော် ခေါင်းကိုက်တာ မကြာခဏဖြစ်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် (သို့မဟုတ်) သင့်ဆရာဝန်ကို အောက်ပါမေးခွန်းများ မေးကြည့်ပါ။

ခေါင်းကိုက်တာ လူနေမှုအကျင့်စရိုက်ကြောင့်လား။
"စိတ်ဖိစီးမှုများတာကြောင့် ခေါင်းကိုက်တာနဲ့ တွဲဖြစ်တတ်တယ်။ စိတ်ဖိစီးမှုများရတဲ့အထဲ အရက်နဲ့ဆေးလိပ်ပါ တွဲလိုက်တော့ ပိုဆိုးရွားသွားစေတယ်" လို့ မက်ကွာရီ ယူနီဗာစီတီရဲ့ စိတ်ကျန်းမာရေးစင်တာမှ စိတ်ပညာရှင် ဂျိုနသန်တက်စ်တန်က ရှင်းပြပါတယ်။ ကြွက်သားတောင့်တင်းနေခြင်း၊ ကသိကအောင့်ဖြစ်ရခြင်း၊(အသေးအဖွဲကိစ္စတွေကြောင့်) စိတ်မကြည်မလင် (အနှောင့်အယှက်)ဖြစ်ခြင်းတို့ကြောင့်နဲ့ စိတ်ပြေလက်ပျောက် စိတ်အပန်းပြေရန် အခက်အခဲဖြစ်နေခြင်းတို့က သင့်ကို ခေါင်းပိုကိုက်စေအောင် ၀န်ထုတ်ဝန်ပိုးဖြစ်စေပါသတဲ့။

ကျန်းမာရေးပညာရှင် ဒေါက်တာချောင်ရင်းချန်ရဲ့ ပြောပြချက်အရ 'သောကကြောင့် ခေါင်းကိုက်တာဟာ အဖြစ်အများဆုံး အမျိုးအစားဖြစ်တယ်၊ ဦးခေါင်းရိုးပေါ် အုပ်ထားတဲ့ကြွက်သားတွေ ကျုံ့တဲ့အတွက်ကြောင့်ဖြစ်တယ်၊ ကိုယ်စိတ်နှစ်ပါးဖိစီးမှုကြောင့် ဖြစ်လေ့ရှိတယ်' လို့ဆိုပါတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
"သင်ခေါင်းကိုက်တာဟာ စိတ်ဖိစီးမှုကြောင့်လားဆိုတာ သေချာရန် သင့်ဆရာဝန်နှင့်ပြပါ။ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စိစစ်ဝေဖန်ပါ" လို့ ဂက်စ်တန်က အကြံပေးပါတယ်။ ယောဂ၊လေ့ကျင့်ခန်း၊အိပ်ရေး၀၀အိပ်ခြင်း၊ ကောင်းစွာအစာစားခြင်းနဲ့ တရားထိုင်ခြင်းများက စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းများကို သက်သာစေနိုင်ပါတယ်။

ခေါင်းကိုက်ရတာ အစားအစာတွေကြောင့်လား
အစာမစားဘဲ နပ်ကျော်သွားရင် သွေးတွင်း အချိုဓာတ် ကျဆင်းသွားတယ်။ အဲဒီ့အခါ သင့်ခန္ဓာကိုယ်ထဲမှာ အက်ဒီနလင် ခေါ် ဟော်မုန်းကို ပိုထွက်စေပါတယ်။ သည်ဟော်မုန်းက သွေးကြောတွေပေါ် သက်ရောက်မှုဖြစ်စေတော့ ခေါင်းကိုက် လာရခြင်းဖြစ်တယ်။ သင်စားတဲ့ အစားအစာတွေကြောင့် သင်ခေါင်းကိုက်တယ်လို့ထင်ရင် အစာမှန်မှန်စားခြင်းနဲ့ အချို ဓာတ်နည်းတဲ့ အဆာပြေစားစရာများက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ကဖင်းဓာတ်၊ MSG ကဲ့သို့ အနံ့ အရသာမြှင့်ထားတဲ့ အစားအစာများ၊ ချောကလက်များနှင့် ချိစ်တို့ကလည်း ခေါင်းကိုက်စေနိုင်ပါသတဲ့။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
ကဖင်းသောက်ခြင်းကို ဖြတ်ရန်ကြိုးစားပါ။ သို့သော် ကဖင်းကို တဖြည်းဖြည်းချင်းဖြတ်ပါ။ နို့မဟုတ်လျှင် ကဖင်းချက်ချင်းဖြတ်တဲ့အတွက် ခေါင်းပိုကိုက်စေနိုင်ပါတယ်။

ဟော်မုန်းတွေကြောင့်ခေါင်းကိုက်တာလား
အချို့သော ခေါင်းကိုက်ခြင်းများဟာ အမျိုးသမီး၏ ရာသီသွေးစက်ဝန်းနှင့် သက်ဆိုင်နှီးနွယ်နေတတ်ပါတယ်။ ရာသီမဆင်း ခင်၊ ဆင်းနေစဉ်အတွင်း သို့မဟုတ် ရာသီလာပြီးနောက် ချက်ချင်းကိုက်တတ်တယ်လို့ ဒေါက်တာချောင်က ရှင်းပြပါတယ်။ ဒါဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီဘုန်းဟော်မုန်းတို့ ပြောင်းလဲမှုနှင့် နှီးနွယ်နိုင်ပါတယ်။ အချို့အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ခံစားရတဲ့ ရောဂါစုအပြင် အခြားဝေဒနာတွေ နဲ့တွဲပြီး ခေါင်းကိုက်တတ်ပါသေးတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
လစဉ် သည်အချိန်မျိုးမှာပဲ ခေါင်းကိုက်တတ်တယ်ဆိုရင် ဆရာဝန်နှင့်ပြပါက ခေါင်းကိုက်ပျောက်ဆေး သို့မဟုတ် သန္ဓေ တားဆေးပြားပေးခြင်းဖြင့် ဟော်မုန်းတွေ မှန်ကန်လာအောင် ကူညီပါလိမ့်မယ်။ နဂိုကတည်းက သင်ဟာ သန္ဓေတားဆေး ပြားသောက်နေသူဆိုရင် အခြားအမျိုးအစားမတူတဲ့ ဆေးပြား သို့မဟုတ် ဆေးညွှန်းပြောင်းပေးပါလိမ့်မယ်။ အချို့သော အမျိုးသမီးတွေက ဟိုနီယိုပက်သစ် ကုထုံးနှင့် သက်သာနိုင်ပါတယ်။

မျက်လုံးတွေကြောင့် ခေါင်းကိုက်တာလား
မျက်မှန်ကျွမ်းကျင်သူ ပေါ်လာမိုနာကိုရဲ့ ရှင်းပြချက်အရာ မျက်မှန်ကြောင့်လည်း ခေါင်းကိုက်တတ်ပါသတဲ့။ အထူးသဖြင့် ဒီဂရီမမှန်တဲ့မျက်မှန်၊ ကိုယ်နဲ့ ဒီဂရီမကိုက်တဲ့ မျက်မှန်မျိုး တပ်ဆင်မိလျှင် မျက်စိကြည့်ရတာ အားနည်းပြီး ခေါင်းကိုက်ပါ တယ်။ မျက်စိရောဂါတွေဖြစ်တဲ့ ထောင့်ကျဉ်း၊ ရေတိမ်နဲ့ နားထင်အဆစ်အမြစ် ရောင်ရမ်းပါကလည်း ခေါင်းကိုက်တတ် ပါတယ်။

ကျွမ်းကျင်သူ၏အကြံပေးစကား
မျက်စိမှန်မှန် စစ်ဆေးစမ်းသပ်ပါ။ ကွန်ပျူတာရှေ့ အချိန်အကြာကြီး အချိန်ဖြုန်းလျှင် မိနစ်၃၀ခန့်တိုင်းမှ မျက်စိကိုအနား ပေး၊ အဝေးက သစ်ပင်စိမ်းစိမ်းတွေ စိုက်ကြည့်ပါ။

ကိုယ်ဟန်အနေအထားကြောင့် ခေါင်းကိုက်ရတာလား
စားပွဲကုလားထိုင်မှာ နာရီပေါင်းများစွာကြာအောင် ထိုင်အလုပ်လုပ်ပြီးနောက် သင်ခေါင်းကိုက်လာတယ်ဆိုရင် ဒီပြဿနာ ကတော့ သင့်ရဲ့ ကိုယ်ဟန်အနေအထားကြောင့် ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စားပွဲပေါ် လက်နှစ်ဖက်ထောက် လိုက်ရင် သင့်ရှပ်အင်္ကျီ ပခုံးချုပ်ရိုးကြောင်းအပေါ်မှာ နားရွက်နှစ်ဖက်က ချိန်လုနီးပါးဖြစ်နေခြင်း သို့မဟုတ် သင်ထိုင်တဲ့ ကုလားထိုင်က သိပ်မြင့်လွန်း(သို့) နိမ့်လွန်းတဲ့အတွက် ခန္ဓာကိုယ်က တောင့်တောင့်ကြီး အလုပ်လုပ်ရတဲ့အတွက် ကိုယ် အနေအထားမမှန်တော့ ကြာရှည်လာတဲ့အခါခေါင်းကိုက်လာရခြင်းဖြစ်တယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
အခြားကိုယ်ဟန်အနေအထားတွေကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ဥပမာ ၀မ်းဗိုက်ကိုခေါက်ပြီး အိပ်ပျော်သွားမိတာ စားပွဲပေါ်မှာ ခေါင်းအုံးမအုံးဘဲ အိပ်ပျော်သွားတာတွေကလည်း ခေါင်းကိုက်နိုင်သေးတာပဲ။ လည်ပင်းကို ထောက်ကူပြီး သက်သောင့်သက်သာဖြစ်စေတဲ့ ခေါင်းအုံးတစ်လုံး ထားပြီး အိပ်ရပါမယ်။ ဒါမှမဟုတ်ရင် လည်ပင်းကြီးခေါက်ပြီး ခေါင်းကိုက်နိုင်တယ်။

သွားတွေကြောင့် ခေါင်းကိုက်တာလား
သွားတွေနဲ့ အစာကိုကြိတ်ဝါးခြင်း သို့မဟုတ် အံကြိတ်ခြင်းကလည်း ခေါင်းကိုက်စေပါသတဲ့။ ခံတွင်းနဲ့ မေးရိုးရောဂါ အထူးကုဆရာဝန် ဒေါက်တာ တောဘတ်ဖော်စ်ရဲ့ ရှင်းပြချက်အရ ခံတွင်းနှင့် မေးရိုးရောဂါတွေကြောင့် ဦးခေါင်းတစ်ဖက်တစ်ချက် မျက်လုံးအထက်နားဆီမှာ ခေါင်းကိုက်ဝေဒနာ ခံစားနိုင်ပါတယ်တဲ့။ မေးရိုးအဆစ်အမြစ်များ ချက်ကနဲမြည်ပြီး နားကိုက်နိုင်ပါသတဲ့။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
သင်ဟာ သွားခေါနေသူဖြစ်လျှင် အစာဝါးတဲ့အခါ ရှေ့ကိုပိုကိုက်မိတာ သို့မဟုတ် အောက်က သွားတွေနဲ့ပေါင်းပြီး ၀ါးလို့ မရတာတွေ ရှိနိုင်တယ်။ အဲဒီအခါ မေးရိုးဆိုင်ရာရောဂါတွေ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်သွားဆရာဝန်နှင့် တိုင်ပင်ပြသပါ။

ဦးနှောက်ကြောင့် ခေါင်းကိုက်တာလား
ဦးနှောက်ဟာ ခေါင်းကိုက်တဲ့ဝေဒနာ မခံစားရပါ။ သို့သော ဦးနှောက်အနီးပတ်ဝန်းကျင်ရှိ အရာများဖြစ်တဲ့ ဦးနှောက်အမြှေး ပါး၊ ဦးနှောက်သွေးကြောနဲ့ ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းတွေကြောင့် ခေါင်းကိုက်နိုင်ရတယ်လို့ ဦးနှောက်နှင့် အာရုံ ကြောအထူးကုဆရာဝန် ဒေါက်တာ ဟန်ရစ်ကရန့်ဇ်က ရှင်းပြပါတယ်။ သွေးကြောတွေ ကျယ်လာ(သို့) ကျဉ်းလာတဲ့အခါ နာကျင်ကိုက်ခဲတတ်တယ်။ အမြင်ပြောင်းလဲလာတယ်။ မအီမသာဖြစ်လာတယ်။ ခြေလက်ထုံကျင်တတ်တယ်။ တစ်ခါတစ်ရံသွေးကြော ဖောင်းလာပြီး သွေးကြောတွေ ပေါက်ထွက်သွားကာ ဦးနှောက်သွေးကြောပြတ်တတ်ပါသေးတယ်။ သတိထားသင့်တဲ့ တစ်ချက်ကတော့ ရုတ်တရက် ခေါင်းကွဲမတတ် ထိုးပြီး ခေါင်းကိုက်ရင် ဒါဟာ အရေးပေါ်ဆေးကုသဖို့ လိုတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
ရုတ်တရက် ချက်ခြင်း ပုံမှန်မဟုတ်ဘဲ ခေါင်းကိုက်ပါက အရေးပေါ် ဆေးကုသမှု လိုအပ်တယ်။ မျက်စိပြာ/၀ါးသွားခြင်း မျိုးရှိခဲ့လျှင် (သို့မဟုတ်) အဖျားရှိလျှင် (သို့မဟုတ်) အပြုအမူဆိုင်ရာပြောင်းလဲမှုရှိရင် အရေးပေါ်ချက်ခြင်း ကုသရန်လို သည်။ မကြာခဏ ခေါင်းကိုက်လာရင် ခေါင်းတစ်ခြမ်းကိုက်တဲ့ မိုင်ဂရိန်း ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်ပျောက်ဆေးကို ကိုယ့်ဘာသာကိုယ်သောက်တာထက် တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် ကုသမှုခံယူပါ။ အချို့သော ခေါင်းကိုက်ပျောက်ဆေး တွေဟာ လူကိုပိုပြီးဆိုးစေတတ်ပါတယ်။

ဒေါက်တာဖြူပြာနွယ်

Tuesday, September 29, 2009

မိမိ အသားအရေနဲ့ လိုက်ဖက်တဲ့ အရောင်တွေ ရွေးချယ်တတ်ဖို့

အ၀တ်အထည်ဆိုရာမှာ ဒီဇိုင်းမျိုးစုံ အရောင်အသွေးမျိုးစုံရှိနေကြပါတယ်။ တခြားသူဝတ်ဆင်ထားတာကို မြင်ပြီး ကိုယ် လည်းလိုက်ဝတ်ရာမှာ လိုက်ဖက်သွားတာရှိသလို ကိုယ်ဝတ်ထားပါမှ မလိုက်ဖက်တာမျိုးဖြစ် သွားတာလည်းရှိပါ တယ်။ မိမိရဲ့ ခန္ဓာကိုယ်ပုံစံ၊ အသားအရောင်နဲ့ လိုက်ဖက်ညီတဲ့ အရောင်ကာလာ၊ ဒီဇိုင်းကိုရွေးချယ်ဝတ်ဆင်မှသာ ဖက်ရှင်ကျ မယ်မဟုတ်လား။

အခု ကျွန်တော်ပြောပြမယ့်နည်းလေးတွေကတော့ ဘယ်အရောင်ကို ရွေးချယ်ရမယ်၊ ဘယ်အရောင်ကို ပစ်ပယ်ရမယ် ဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

မိမိရဲ့အသားအရောင်
အမျိုးအစား (၁) – အအေးဓာတ်များတဲ့နေရာတွေမှာနေထိုင်တဲ့ လူတွေရဲ့ အသားအရေအမျိုးအစားဟာ ပြာနှမ်းနှမ်း သို့မဟုတ် ပန်းရောင်သန်းနေတတ်တဲ့ အမျိုးအစားပါ။ ဒါပေမယ့် ဖြူဖတ်ဖြူရော် ဖြစ်နေတတ်သလို အညိုရောင်၊ အမည်းရောင်အသားအရေမျိုးတွေလည်း ရှိတတ်ပါတယ်။
အေးတဲ့ရာသီမှာ နေထိုင်တဲ့သူတွေဟာ ဆံပင်အနက်ရောင်နဲ့ မျက်လုံးအရောင်ရင့်ရင့်ရှိတတ်ပါတယ်။ အာရှတိုက်သား တချို့နဲ့ အာဖရိကန် အမေရိကန် လူမျိုးစပ်တွေဟာ ဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။

အမျိုးအစား(၂) – ပူပြင်းတဲ့ ရာသီဥတုလွှမ်းမိုးတဲ့ နိုင်ငံသားတွေက ဖျော့တော့ပြီး ပန်းရောင်လွှမ်းတဲ့ အသားအရေ ရှိပါတယ်။ ဒီလို လူတွေကတော့ ပုံမှန်အားဖြင့် ဆံပင် ရွှေအိုရောင်၊ အနက်ရောင်နဲ့ မျက်လုံးအရောင်ဖျော့ဖျော့ ပိုင် ဆိုင်ကြပါတယ်။

အမျိုးအစား (၃) – အေးမြလန်းဆန်းတဲ့ရာသီဥတုနဲ့ နိုင်ငံသားတွေရဲ့ အသားအရေဟာ ၀င်းဝါနေ တတ်ပါတယ်။ သူတို့တွေဟာ အနီရောင်၊ အနက်ရောင်ဆံပင်နဲ့ ပျားရည်ရောင်မျက်လုံးပိုင်ရှင်တွေပါ။

အမျိုးအစား(၄) – ခြောက်သွေ့တဲ့ ရာသီဥတုမှာ နေထိုင်လေ့ရှိသူတွေဟာလည်း ၀င်းလက်တဲ့ အသားအရေမျိုးရှိကြသူ တွေပါ။ ဒါ့ပြင် နို့နှစ်ရောင်နဲ့ အညိုရောင် အသားအရေမျိုးကိုလည်း ပိုင်ဆိုင်တတ်ကြပါတယ်။ ဒီအသားအရေပိုင်ရှင်တွေဟာ မြက်ခြောက်ရောင်၊ စတော်ဘယ်ရီ အနီရောင် ဆံပင်အရောင်တွေရှိတတ်ပြီး မှဲ့ခြောက်နဲ့ ပါးအို့နီနီ ရှိတတ်ပါတယ်။ မျက်လုံးအရောင်ကတော့ အစိမ်း ဒါမှမဟုတ် အပြာရောင် ဖြစ်တတ်ပါတယ်။

အသားအရေနဲ့ လိုက်ဖက်တဲ့ အ၀တ်အစားအရောင်ကို ရွေးချယ်မယ်ဆိုရင်
ပထမ အမျိုးအစားပိုင်ရှင်တွေဟာ ထင်ရှားတဲ့ အရောင်တွေကို ရွေးချယ်သင့်ပါတယ်။
ဥပမာ – အဖြူရောင်၊ အနက်ရောင်၊ မဲနယ်ပြာရောင်၊အနီရောင်နဲ့ ပန်းရောင်တောက်တောက်တွေမျိုးပေါ့။ သနပ်ခါးရောင်၊လိမ္မော်ရောင်နဲ့ ရွှေရောင်လိုမျိုး အရောင်မလွင်တာတွေကို ရှောင်ပါ။

ဒုတိယအမျိုးအစားပိုင်ရှင်တွေကတော့ ဖျော့တော့တဲ့အရောင်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နှင်းဆီရောင်ဖျော့ ဖျော့၊ အပြာရောင် စတာမျိုးပေါ့။ ခရမ်းပြာနုရောင်၊ ဇီးရောင်၊နီညိုရောင်လေးတွေနဲ့ဆို အရမ်းလိုက်ဖက်မှာပါ။ အနက်ရောင်နဲ့ လိမ္မော်ရောင်တွေကိုတော့ ပစ်ပယ်လိုက်ပါတော့။

ဝင်းဝါတဲ့ အသားအရေပိုင်ရှင်တွေကတော့ အညိုဖျော့ရောင်၊ သနပ်ခါးရောင်၊လိမ္မော်ရောင်၊ရွှေရောင်နှင့် အညိုရင့်ရင့်တွေ ကို ရွေးချယ်နိုင်ပါတယ်။ မဲနယ်ပြာတို့၊ အပြာရောင်တို့ကိုတော့ မ၀တ်ချင်ပါနဲ့။

နောက်ဆုံး အသားအရေအမျိုးအစားပိုင်ရှင်တွေအတွက်ကတော့ အညိုဖျော့၊ အညိုရောင်၊ ရွှေဝါရောင်နဲ့ ရွှေညိုရောင်တွေ က အသင့်တော်ဆုံးဖြစ်မှာပါ။ အနက်ရောင် အပါအ၀င် ခပ်မှိုင်းမှိုင်းအရောင်တွေကို စိတ်ကူးထဲတောင် မထည့်နဲ့နော်။

အမြင်တွေကို လှည့်စားဖို့
သင့်ရဲ့ ပကတိအသားအရောင်အမြင်ပြောင်းသွားစေဖို့အတွက် ဆံပင်အရောင်ဆိုးခြင်းနဲ့ မိတ်ကပ်ပစ္စည်းတွေ(အမျိုးသမီး တွေအတွက်) က ကူညီပေးနိုင်ပါတယ်။ သင့်အသားအရေ ကောင်းခြင်း၊ မကောင်းခြင်းကိုသိခြင်းဟာလည်း အရောင်တွေ ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေတာမို့ ဖော်ပြထားတဲ့ နည်းလေးတွေနဲ့ စမ်းသပ်ကြည့်ရအောင်လား။ သင်လိုအပ်မည့်အရာတွေကတော့ အဖြူရောင် တဘက်တစ်ထည်၊ မှန်တစ်ချပ်နဲ့ ရွှေ၊ငွေ လက်ဝတ်ရတနာတစ်စုံစီပါ။

အဆင့်(၁) လက်ဖျံအတွင်းဘက်ကို ကြည့်လိုက်ပါ။ သွေးကြောစိမ်းတွေက အ၀ါရောင်အသားအရေပေါ်မှာ မြင်နေရတယ် ဆိုရင် သင့်အသားအရေကျန်းမာတယ်လို့ ဆိုရမှာပါ။ သွေးကြောတွေက အပြာရောင်သန်းနေမယ်ဆိုရင်တော့ အသား အရေကို ဂရုစိုက်ဖို့လိုပါလိမ့်မည်။

အဆင့်(၂) မျက်နှာပေါ်အောင် သင့်ဆံပင်တွေကို ပိုနီတေးလ်ပုံစံလေးစည်းလိုက်ပါ။ မျက်နှာကို ဆေးကြောသန့်စင်လိုက်ပြီး တဘက်အဖြူကို လည်ပင်းနဲ့ ပခုံးတစ်ဝိုက်မှာလွှားတင်ထားလိုက်ပါ။ တဘက်ရဲ့ အရောင်ဟပ်မှုကြောင့် သင့်မျက်နှာက ၀င်းဝါနေမည်ဆိုရင် အသားအရေကြည်လင်တာ ဖြစ်ပြီး၊ ပြာနှမ်းနေမယ်ဆိုရင်တော့ အသားအရေ ညစ်နွမ်းနေပါပြီ။

အဆင့်(၃) ရွှေ၊ငွေရတနာတွေနဲ့လည်း စမ်းသပ်ကြည့်လို့ရပါတယ်။ သင့်အသားအရေကောင်းခြင်း၊ မကောင်းခြင်းကို ဆုံးဖြတ်ရာမှာတော့ ဒီနည်းလမ်းက အထောက်အကူဖြစ်လှပါတယ်။ ငွေထည်နဲ့ ကြည့်ရတာလိုက်ဖက်တယ်ဆိုရင်တော့ သင့်အသားအရေဟာ သိပ်မကျန်းမာလှဘူးလို့ ယူဆနိုင်ပြီး ရွှေရောင်နဲ့ လိုက်တယ်ဆိုရင်တော့ အသားအရေ ကြည်လင် တယ်လို့ ပြောနိုင်ပါတယ်။

အဆင့်(၄) သင့်ရဲ့ ဆံပင်နဲ့မျက်လုံးတို့ရဲ့အရောင်ကို ကြည့်ပြီးတော့လည်း ဆုံးဖြတ်နိုင်ပါတယ်။ အသားအရောင်ဖျော့တော့ တဲ့သူတွေမှာ အများအားဖြင့် အပြာရောင် ၊ အစိမ်းရောင်၊ မီးခိုးမျက်ဝန်းတွေရှိကြပြီး ရွှေရောင်၊ အနက်ရောင် အညိုရောင် ဆံနွယ်ပိုင်ရှင်တွေဖြစ်ကြပါတယ်။ အသားအရေကြည်လင်သူတွေကတော့ အညိုရောင်၊ အနက်ရောင်၊စိမ်းညို့ရောင် မျက်ဝန်းတွေနဲ့ အနက်ရောင်၊အညိုရောင်၊ရွှေအိုရောင်၊ အနီရောင်၊ ဇီးရောင်ဆံနွယ်တွေနဲ့ လိုက်ဖက်လှပါတယ်။

ဇာနည်
Ref: http://www.ehow.com/

The Meaning of Color in Fashion

ဘာအရောင်ဝတ်မလဲ၊ဘယ်အရောနဲ့လိုက်ဖက်မလဲ၊စဉ်းစားရကျပ်နေလား။ အရောင်တွေနဲ့ဖက်ရှင်က သင်နဲ့ဘယ်လိုပတ်သက်မလဲဆိုတာရော..။

မနက်တိုင်း သင်ဝတ်တဲ့ အ၀တ်အစားတွေက သင့်အကြောင်းအတော်များများနဲ့ အဲဒီနေ့မှာ သင့်ခံစားမှု ဘယ်လိုရှိတယ် ဆိုတာ အခြားသူများကို ပြောပြပေးနိုင်ပါတယ်။ သင့်ရဲ့ လက်ဆွဲအိတ်သေးသေးလေး တစ်ခုကလည်း စကားပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။

ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်တွေကို ရွေးချယ်ပြီး ကိုယ်ပိုင်စတိုင်လ်ကို ဖန်တီးလိုက်ပါ။ ဒီတော့ အရောင်တွေအကြောင်းကိုနားလည်အောင် ကြိုးစားပြီး သူတို့နဲ့ပျော်ကြည့်ပါလို့။

အဖြူ
ဖက်ရှင်မှာတော့ ပေါ်ပြူလာဖြစ်တဲ့အရောင်ပါပဲ။ လင်းတယ်၊ အလယ်အလတ်ကျတယ်၊ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တယ်။
နွေအရောင်လို့ သတ်မှတ်ကြပြီး အဲဒီကာလတွင်းမှာ ရွေးချယ်ဝတ်ဆင်ကြပါတယ်။ သင့်ဝတ်စုံထဲမှာ အနည်းနဲ့အများ အမြဲပါနေတတ်ပြီး ဘယ်အရောင်နဲ့မဆို လိုက်ဖက်ပါတယ်။ အပြာရောင် ဂျင်းဘောင်းဘီ၊ မီးခိုးရောင် စတိုင်လ်ဘောင်းဘီ၊ ချည်သားဘောင်းဘီလေးတွေ စတာတွေနဲ့ လိုက်ဖက်ပါတယ်။

သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးသားနူးညံ့ခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပြီး လွတ်လပ်မှုနဲ့ မရှုပ်ထွေးတဲ့ ပွင့်လင်းလန်းဆန်းတဲ့ ခံစားမှုကိုဖြစ်စေပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ဖြူဖွေးတဲ့ မင်္ဂလာဝတ်စုံနဲ့ ဆို ချစ်စဖွယ်ကောင်းတယ် မဟုတ်လား။

အကြံပြုချက် – သင့်စိတ်ဓာတ်တွေ လင်းလက်တောက်ပနေအောင် အဖြူရောင်နည်းနည်းတော့ပါအောင် ၀တ်ဆင်ပါ။ အဖြူရောင် အပေါ်ဝတ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီစတာတွေပေါ့။

အနက်
ဖက်ရှင်မှာတော့ ပေါ်ပြူလာဖြစ်တဲ့အရောင်ပါပဲ။ အမြဲစတိုင်လ်ကျပြီး ဘယ်တော့မှ ခေတ်မတုံးပါဘူး။ အောက်ပိုင်းအတွက် အဆင်ပြေပါတယ်။ အဖြူနဲ့ပြောင်းပြန်ဆန့်ကျင်ဘက် အရောင်ဖြစ်ပေမယ့်သူလည်း ဘယ်အရောင်နဲ့မဆို လိုက်ဖက်ပါ တယ်။

ဒါပေမယ့် အပေါ်ပိုင်းအတွက်လည်း ပေါ်ပြူလာဖြစ်ပြီး ၀တ်ဆင်သူကို ပိန်သွယ်သယောင် ထင်ရစေပါတယ်။ အမျိုးသမီးတွေအတွက်ဆို ပန်းရောင်အိတ်လို အသုံးအဆောင်တွေနဲ့ လိုက်ဖက်တဲ့ အရောင်ပါပဲ။

လျှို့ဝှက်တဲ့အရောင်ဖြစ်လို့ နက်ရှိုင်းတဲ့ ခံစားမှုကိုရစေပါတယ်။ ဂုဏ်ကျက်သရေဆောင်တဲ့ အရောင်တစ်မျိုးဆို လည်းမမှားပါဘူး။

အကြံပြုချက် – အနက်ရောင် အပေါ်ဝတ်အင်္ကျီကိုဝတ်ထားရင် မျက်နှာကိုသတိမူမိစေတဲ့အတွက် မျက်နှာကိုသန့်စင်ကြည်လင်အောင်ထားသင့်ပါတယ်။ အနက်နဲ့တခြားအရောင်ရင့်တွေတွဲဝတ်လိုက်ရင် ဆွဲဆောင်မှုရှိတဲ့ ရင့်ကျက်မှုအသွင်ကို ရစေပါတယ်။

အနီ
ဖက်ရှင်မှာ ခံစားမှုကို ထိထိမိမိပြနိုင်တဲ့ အရောင်ဆိုရင် အနီကိုပဲ ပြရမှာပါ။ အရောင်အားလုံးထဲမှာ အထင်ရှားဆုံးနဲ့ အသွက်ဆုံးအရောင်ဖြစ်ပါတယ်။ ဆွဲဆောင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ဖန်တီးနိုင်ပါတယ်။ ၀တ်ဆင်သူရဲ့ စိတ်လှုပ်ရှားမှု၊ ရဲရင့်မှု၊ စွမ်းအင်၊ စိတ်ပါဝင်စားမှုနဲ့ ယုံကြည်မှုတွေကို ပြသပါတယ်။

Sexy အရောင်လည်းဖြစ်ပါတယ်။ ရည်မှန်းချက်၊ အချစ်နဲ့ စွဲမက်မှုစတာတွေနဲ့လည်း ဆက်နွှယ်တဲ့အရောင်ပါ။

အကြံပြုချက် – mood အမျိုးမျိုးကို ထင်ရှားစေဖို့ အနီကို အနီရောင်မိသားစုထဲက အရောင်နဲ့ပဲ တွဲဝတ်ပါ။

အ၀ါ
ပေါ့ပေါ့ပါးပါးဖက်ရှင်မှာ အသုံးများပါတယ်။ ပျော်ရွှင်မှုကိုပြသောအရောင်ပါတဲ့။ တောက်ပသော အဆင်း ၊ အိနြေ္ဒရှိသော အ၀ါရောင်ဝတ်ဆင်သူပါ။

အနီနဲ့တူပြီး ဆွဲဆောင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် ပိုပြီးပျော်ရွှင်တောက်ပတဲ့ မျိုးဖြစ်စေပါတယ်။ ၀တ်ဆင်သူက သူရှိရာအုပ်စုထဲကို ပျော်ရွှင်လန်းဆန်းမှုသယ်ဆောင်လာနိုင်ပါတယ်။ အပြောင်းအလဲ နှစ်သက်သူတွေ အကြိုက်တွေ့တဲ့အရောင်ပေါ့။ အကောင်းမြင်ဝါဒနဲ့ ရှင်သန်သွက်လက်မှုကို ပေါ်လွင်စေတဲ့အရောင်ဖြစ်ပါတယ်။

အကြံပြုချက် – အရောင်ရင့်တွေနဲ့ တွဲဖက်ဝတ်ဆင်ရင် နုပျိုသွက်လက်တဲ့ အသွင်ဖြစ်စေပါတယ်။

အပြာ
အများစုကြိုက်တဲ့ ပေါ်ပြူလာအရောင်ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ နေရာအနှံ့မှာ ဒီအရောင်ကိုတွေ့မြင် နေရတာအမှန်လေ ကောင်းကင်ပြာကနေ ပင်လယ်ပြာပြာ၊ ဖြူစင်တဲ့ကလေးတွေရဲ့မျက်ဝန်းလဲ့ပြာပြာ၊ ဖက်ရှင်ကျလှတဲ့ ဂျင်းဘောင်းဘီတွေမှာပေါ့။ ခံစားမှုအပိုင်းအရ အနီ၊ အ၀ါတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သက်သောင့်သက်သာရှိတဲ့ အမြင်မျိုးဖြစ်စေပါတယ်။ နေ့ဘက်ဝတ်ဆင်လို့ကောင်းတဲ့အရောင်ဖြစ်ပါတယ်။

နွေရာသီကောင်းကင်နဲ့ပင်လယ်ကို ကိုယ်စားပြုပြီး တည်ငြိမ်မှု၊ခင်တွယ်မှု၊ဈာန်ဝင်စားမှုတွေကို ဖော်ညွှန်းပါတယ်။
အကြံပြုချက် – အဖြူနဲ့တွဲဝတ်ရင် လန်းဆန်းတဲ့အသွင်ဆောင်ပါတယ်။

ပန်းရောင်
မိန်းကလေးတွေ ပိုမိုနှစ်သက်တဲ့အရောင်ပါပဲ။ ငယ်ရွယ်သူလေးတွေနဲ့အလွန်လိုက်ဖက်တဲ့အရောင်ပေါ့။ ချစ်ခြင်းတရားကို ဖော်ညွှန်းရာလည်းရောက်ပါတယ်။

အပြာနဲ့ဆင်တူပါတယ်။ မျက်လုံးကို နှစ်သိမ့်ကျေနပ်စေနိုင်တဲ့ အရောင်ဖြစ်ပါတယ်။
သဘာဝအားဖြင့် ချစ်စရာကောင်းပြီးကြာရှည်ခံတဲ့အသွင်ဆောင်ပါတယ်။ ပန်းရောင်ဟာ ချစ်ခြင်းမေတ္တာရဲ့ နူးညံ့မှုအသွင်ကိုလည်းဆောင်ပါတယ်။ ပန်းရောင်ဝတ်တဲ့မိန်းကလေးတွေက ကြည်သာချိုမြတဲ့ အသွင်ဆောင်ပါတယ်။
အမျိုးသားများအတွက်ကတော့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်အဖြစ်ထင်ဟပ်စေမှာပါ။

အကြံပြုချက် – ပန်းရောင်နည်းနည်းပေါင်းစပ်လိုက်ရင် မိန်းကလေးဆန်တဲ့အသွင်ဆောင်သွားရော။ ယောက်ျားလေးတွေအတွက်တော့ သတိထားဝတ်ဆင်သင့်တဲ့အရောင်ပါ။

အစိမ်း
စိုပြေလတ်ဆတ်တဲ့အရောင် ကြည့်သူမြင်သူတွေရဲ့မျက်စိထဲ သတိပြုမိစေတဲ့အရောင်တစ်ခုပါ။ စိမ်းစိုလန်းဆန်းသော ငယ်ရွယ်နုပျိုခြင်းကို ကိုယ်စားပြုခြင်းမည်ပါတယ်။

မိုးရွာပြီးနောက်ပိုင်း စိမ်းစိုနေတဲ့သစ်တောတစ်အုပ်ကိုမြင်ယောင်ကြည့်လိုက်ပါ။ နုပျိုစိမ်းလန်းတဲ့ ပြန်လည် လန်းဆန်းမှု ကိုဖြစ်စေတဲ့ အသွင်ကိုဆောင်ပါတယ်။ အစိမ်းရောင်ဝတ်တဲ့သူတွေမှာ ကျန်းမာကြံ့ခိုင်တဲ့သဘောဆောင်ပြီး အစိမ်းရောင်ရင့်ရင့်ဝတ်ဆင်သူများမှာ စွမ်းအင်ပြည့်နေတဲ့ သဘောတွေနဲ့ ပြည့်စုံပါတယ်။
ငယ်ရွယ်နုပျိုမှုရဲ့ သင်္ကေတ၊ အကောင်းမြင်ဝါဒရဲ့ စိမ်းလန်းမှုပါ။

အကြံပြုချက် – အ၀ါရောင် ဒါမှမဟုတ် အနီရောင်နဲ့တွဲဝတ်ရင်တော့ မျက်စိထဲမှာထင်းကနဲဖြစ်နေစေပါတယ်။ ခရစ်စမတ်လို ပွဲတော်များမှာ ထူးထူးခြားခြားတွဲဝတ်လို့ရတာပေါ့။

လိမ္မော်ရောင်
လူတွေရဲ့အမြင်မှာ ထူးထူးခြားခြား သတိထားမိအောင်စွမ်းတဲ့အရောင်ပါ။
စွဲမက်ဖွယ် အနီရောင် နဲ့ ပျော်ရွှင်ဖွယ် အ၀ါရောင်အတွဲအစပ်ကို လိမ္မော်ရောင်က သမမျှတစေပါတယ်။ အ၀ါရောင်လိုပဲ လိမ္မော်ရောင်ဟာ နှစ်လိုဖွယ်ဖြစ်စေတဲ့အရောင်ပါ။ ၀တ်ဆင်သူအနေနဲ့ နွေးထွေးမှု၊ စွမ်းအင်၊ပြောင်းလဲမှုသဘော၊ ကျန်းမာမှုတို့ကိုကိုယ်စားပြုပါတယ်။

အနီရောင်လို အာရုံစူးစိုက်မိစေတဲ့ အရောင်ဖြစ်စေပေမဲ့ လိမ္မော်ရောင်က ပိုမိုလန်းဆန်းတက်ကြွစေပါတယ်။ ဒါပေမဲ့ လိမ္မော်ရောင်အုပ်စုထဲက ကတော့ တခြားအရောင်တွေအပေါ် လွှမ်းမိုးသွားတာမျိုး လျော့နည်းပြီး ငြိမ်သက်နွေးထွေးမှု ကိုဖြစ်စေပါတယ်။

အကြံပြုချက် – တခြားသူများကိုအာရုံစူးစိုက်မှုရစေချင်ရင်တော့ တောက်ပတဲ့လိမ္မော်ရောင်ကိုသုံးပြီး နှစ်လိုဖွယ်နွေးထွေးမှု ကိုရချင်ရင်တော့ တခြားလိမ္မော်ရောင်ခပ်နုနုအုပ်စုထဲ ကရွေးချယ်ဝတ်ဆင်သင့် ပါတယ်။

ခရမ်းရောင်
သဘာဝလောကကြီးထဲမှာ အတွေ့ရနည်းတဲ့အရောင်ပါပဲ။ တခြားသူတွေရဲ့ နှစ်လိုမှုတွေကို သိမ်းယူနိုင်တဲ့ ညှို့ငင်ဆွဲဆောင်နိုင်တဲ့ အရောင်တစ်ခုပါပဲ။

တစ်ခါတစ်ရံမှာ ဖန်တီးထားသော အသွင်အဖြစ် ထင်မြင်စေတဲ့သဘောပေါ်လာတတ်ပါတယ်။ ခရမ်းရောင်ရဲ့ သဘောသဘာဝဟာ စည်းစိမ်၊တော်ဝင်ဆန်မှု၊ချမ်းသာခြင်းနှင့် ခေတ်မီဆန်းပြားမှုကို အလိုလိုပြဆိုပါတယ်။

အကြံပြုချက် – ခရမ်းရောင်ဟာ မိန်းမဆန်တဲ့အသွင်၊ ပြီးတော့ ချစ်စရာ့အသွင် အထူးသဖြင့် ပေါ့ပါးလှပတဲ့သဘော ဖြစ်စေတဲ့အတွက် မိန်းကလေးတွေအနေနဲ့ ညနေခင်းပွဲတက်ဝတ်စုံများမှာ ဒီအရောင်ကိုရွေးချယ်သင့်ပါတယ်။ ယောက်ျားလေးတွေအနေနဲ့တော့ ဂုဏ်သရေရှိပွဲအခမ်းအနားများတွင် ၀တ်ဆင်ခြင်းဖြင့် တင့်တယ်နိုင်ပါတယ်။

အညိုရောင်
သဘာဝအရောင်အုပ်စုထဲမှာ ကမ္ဘာမြေနဲ့ အနီးစပ်ဆုံးပါပဲ။
ဝတ်ဆင်သူများအတွက် အရည်အချင်းရှိမှု၊ ပြည့်ဝပေါကြွယ်မှု၊ အစစ်အမှန်ဖြစ်မှု သဘာဝကျမှု တွေကိုပြဆိုပါတယ်။ safari styles အတွက်အဆင်ပြေစေတဲ့အရောင်ဖြစ်ပါတယ်။

အာရုံစူးစိုက်မှု သိပ်မဖြစ်စေပေမဲ့ လူအများစုရွေးချယ်မိကြတဲ့အရောင်တစ်ခုပါ။
အကြံပြုချက် – အညိုရောင်အုပ်စုများဟာ ခန့်ထည်မှုကိုလည်းဖြစ်စေတဲ့အတွက် ရုံးတွင်းမှာဝတ်ဆင်နိုင်၊ အိုကေစေနိုင် လို့ ယူနီဖောင်းအတွက်ရွေးချယ်လိုက်ပါ။

ကဲ....ရှေ့ဆက်သွားရင်တော့ အရောင်တွေကအများကြီး။လိုက်ဖက်တဲ့ အရောင်လေးတွေ ကိုခံစားပြီး ကိုယ့်အကြိုက်၊ ကိုယ့်သဘောထားကို ဖော်ပြနိုင်လောက်ပါပြီ။

အရောင် စည်းမျဉ်းလေးတွေ
- တစ်ရောင်တည်းကိုအသားပေးပါ။(အဖြူ၊ အပြာ၊ အနီ စသဖြင့်)
- လိုက်ရင်မိုက်တယ်။ (အ၀ါနဲ့ အစိမ်းစသဖြင့်)
- အလယ်အလတ်အရောင်တွေကို ပေါင်းစပ်ဖို့သုံးပါ။ (အဖြူ၊ မီးခိုးရောင် စသဖြင့်)
- အမျိုးအစားတူအရောင်တွေကို ရောစပ်ပါ။ (Sky blue နဲ့ Navy blue စသဖြင့်)

ကိုယ်ပိုင်စတိုင်လ်ဖြစ်ဖို့တော့ သတိပြုပါ။ ဖက်ရှင်ကျကျဖြင့် သွားလာလှုပ်ရှားကြစို့လား။