Sunday, May 26, 2024

ပန်းချီတော်ဆရာချုံ

 ပန်းချီတော်ဆရာချုံ



ဆရာချုံ သည် ကုန်းဘောင်ဆက် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တော်မှစ၍ ထင်ရှား ကျော်စောလာသော မန္တလေးမြို့မှ မြန်မာပန်းချီဆရာ အနုပညာသည်ကြီးတစ်ဦး ဖြစ်သည်။


မြန်မာဘုရင်ကိုမှီလိုက်သော ဆရာချုံနှင့် သားများ

ဆရာချုံ၏ မွေးသက္ကရာဇ်ကို အသေအချာ မသိရသော်လည်း မြန်မာသက္ကရာဇ် ၁၂⁠၂၈ ခုနှစ်(ခရစ် ၁၈၆⁠၆ခုနှစ်)တွင် မွေးဖွားသည်ဟု ခန့်မှန်းရသည်။ မောင်ချုံကိုမွေးဖွားစဉ်က မြင်ကွန်း၊ မြင်းခုံတိုင်ညီနောင်တို့သည် မင်းတုန်းမင်းတရားကြီးကို ပုန်ကန်ခြားနားနေသောကြောင့် မန္တလေး၊ အမရပူရ ၊ စစ်ကိုင်း၊ အင်းဝနှင့် အထက်အညာတစ်ဝိုက်တွင် ရွာသူရွာသားတို့သည် ပြေးလွှားပုန်းလျိုးကွယ်လျိုးနေကြသည့်အခါ ဖြစ်သည်။ ထိုသို့ကာလပျက်ကြီးတွင် မောင်ချုံကို ဖွားမြင်ခဲ့ရသဖြင့် မိဘများက မောင်ယာချုံဟု အမည်ပေးခဲ့ကြသည်။ ထို့နောက်တွင် မောင်စံချုံဟု အမည်ပြောင်းသည်။ နောက်ဆုံးမောင်ချုံ ဟူသော အမည်မှာ ရွှေနန်းတော်ကြီးအတွင်း ရောက်ရှိပြီး ပန်းချီတော်ဖြစ်သည်အထိ တွင်၍သွားလေသည်။ မောင်ချုံကို မိဘနှစ်ပါးက ရှေးမြန်မာထုံးစီအတိုင်း ဘုန်းတော်ကြီးကျောင်းတွင်အပ်နှံ၍ ပညာသင်ကြားစေသည်။ ဘုန်းကြီးကျောင်းတွင် မင်္ဂလသုတ်၊ ရတနာရွှေချိုင့် ၊ ပရိတ်ကြီး စသည့်တို့ကို သင်အံလေ့လာရင်း ပန်းချီပုံဆွဲဝါသနာသန်လှသဖြင့် ဘုန်းကြီးပျံ၊ မယ်တော်ပျံများ ကြုံကြိုက်သည့်အခါ ဆေးဖျော်စုတ်ဆေးစသည့် တောက်တိုမည်ရ အလုပ်များကို ဝင်ရောက်လုပ်ကိုင် ကူညီတတ်သည်။ ရိုးသားဖြောင့်မတ်ပြီး သွက်လက်ဖျတ်လတ်သဖြင့် စပ်ဆရာများက မောင်ချုံကို ဆရာတော်ကြီးထံခွင့်ပန်၍ ခေါ်ယူပြီး ပန်းချီပညာ သင်ပေးသည်။


မောင်ချုံသည် စပ်လုပ်ငန်းကို အောက်ခြေမှစ၍ လုပ်ကိုင်ရရာ ဝါးခွဲသည့်အခါ ဝါးခွဲရသည်။ ငြမ်းဆင်သည့်အခါ ဆင်ရသည်။ အောက်ခံဆေးသုတ်သည့်အခါ သုတ်ရသည်။ ခြူးပန်း၊ ကနုတ်တို့ကို ဆရာလုပ်သူက ကြောင်းပေးသည့်အခါ ဆေးဖြည့်ရသည်။ တစ်ကွက်ချင်းရေးပြသွားသည်ကို ထပ်တူထပ်မျှဖြစ်အောင် ကြိုးစား၍ တုပရေးခြယ်ရာက သုံးနှစ်ခန့် ကြာသည့်အခါ ခြူး၊ ပန်းကနုတ်တို့၏ အခြေခံကို သိတန်သလောက်သိလာသည်။ ခံဆေး ၊ အုပ်ဆေးအကြောင်းကို သဘောပေါက်သင့်သလောက် ပေါက်လာသည်။ အတိုင်းအထွာ အချိုးအစားနှင့် ပုံစံထုတ်လုပ်နည်းများကိုလည်း သိမြင်လာသည်။ ရွှေမင်၊ ငွေမင်တို့ကိုလည်း သူ့နေရာနှင့်သူ အကွက်စေ့အောင် ရေးတတ်ခြယ်တတ်လာသည်။ နှီး၊ ဝါး၊ ကြိမ်တို့ဖြင့် ရုပ်လုံးရုပ်ကြွ လုပ်ပုံလုပ်နည်းများကိုလည်း လက်တွေ့ဝင်ရောက် လုပ်ကိုင်ရာမှ အခြေခံကို နားလည်လာသည်။ ဒုမင်္ဂလ၊ သုမင်္ဂလ ခွဲခြား၍ လုပ်ရကိုင်ရသည့် စပ်ပန်းချီခေါ် ယာယီပန်းချီလုပ်ငန်း၏ အခြေခံကို မောင်ချုံ အတော်အသင့် သိမြင်နားလည်လာသည့်အခါ မောင်ချုံ၏ရှေ့ရေးကို မျှော်ကိုး၍ ဆရာဘုန်းတော်ကြီးက ပန်းချီတော်ဦးကြာညွန့်၏သား ဆရာစာထံသို့ ပို့ပေးသည်။ ထိုအချိန်တွင် မောင်ချုံသည် (၁၄)နှစ်သားအရွယ်ရှိပေပြီ။ ဆရာစာထံတွင် တပည့်ခံရင်း ရွှေရေးပန်းချီ၊ ငွေရေးပန်းချီနှင့် ဆေးရေးပန်းချီဆိုင်ရာ ရေးပုံခြယ်ပုံများကို လေ့လာရသည်။ သီပေါမင်းလက်ထက် ပန်းချီဆိုင်ရာရေးပုံ၊ ခြယ်ပုံများကို လေ့လာရသည်။ သီပေါမင်းလက်ထက် ပန်းချီတော်အဖြစ် အမှုထမ်းရွက်နေသော ဆရာစာမျက်စိကွယ်၍ အလုပ်ခွင်မှ အနားယူသော် ဆရာချုံကို ပန်းချီတော်အဖြစ် ဆက်လက်ခန့်ထားခဲ့သည်။ ထိုစဉ်က ဆရာချုံမှာ (၁၆) နှစ်သားအရွယ်မျှသာ ရှိသေးသည်။ ပန်းချီတော်အဖြစ် အမှုထမ်းစဉ် ရိက္ခာတော် ငွေကျပ်ချိန် (၄၀) (၅၀) ခန့်ရသည်ဟု အဆိုရှိသည်။ ထိုခေတ်က မန္တလေးရတနာပုံနေပြည်တော်သို့လာရောက် အမှုထမ်းကြသော အီတာလျံပန်းချီဆရာ နှစ်ဦးရှိကြရာ ထိုသူတို့ထံမှလည်း ဆရာချုံသည် ပန်းချီပညာရပ်များနှင့် ပန်းချီပစ္စည်းကိရိယာများကို ရလိုက်လေသည်။


ထို့ကြောင့်ပင် ဆရာချုံ၏ လက်ရာများတွင် အနောက်တိုင်းပန်းချီနည်းစနစ်များ ထည့်သွင်းရေးဆွဲနိုင်သည်ကို တွေ့ရသည်။ ဆရာချုံ၏ ညီလာခံ၊ နန်းမြို့တွင်း တစ်နေရာ စသော ကားတို့တွင် ရှေးရိုးမြန်မာပန်းချီနည်းဖြစ်သော မျဉ်းရေးဆေးခြယ်ခြင်းကို အခြေခံထားသော်လည်း အနီးအဝေးမြင်ကွင်းသဘော၊ အလင်းအမှောင်တို့ဖြင့် ရေးဖော်သည့် ထုထည်သဘောများ စနစ်တကျ ထည့်သွင်းရေးချယ်နိုင်သည်ကို တွေ့ရသည်။


ဆရာချုံသည် ပန်းချီတော်အဖြစ် အမှုထမ်းရင်း မျက်စိကွယ်နေသည့် ဆရာစာကို ဆက်လက်ပြုစုလုပ်ကျွေးသည်။ ဆရာချုံသည် နန်းတွင်းသို့ ပန်းချီတော်အဖြစ် ရောက်ရှိသည့် အချိန်တွင် နေပြည်တော်၌ ပုံတူရေးခြယ်မှု ခေတ်စားလျက်ရှိပေပြီ။ ဦးကြာညွန့်အသက်ထင်ရှားရှိစဉ်ကတည်းက ကြိုးပမ်းရေးဆွဲခဲ့သည့် ပုံတူရေးခြယ်နည်းစနစ်သည် အမြစ်တွယ်နေပြီ ဖြစ်သည်။ ခဲဖြင့်၎င်း၊ ဆေးရောင်စုံဖြင့်၎င်း၊ မင်းမှူးမတ်တို့၏ ပုံတူများကို တစ်စတစ်စ ရေးခြယ်လာကြရာ ရေးရိုးရေးစဉ် ရှေးရိုးမြန်မာ့ပန်းချီတွင် ပုံတူရေးခြယ်နည်းသည် တစ်က႑ာ အဖြစ် သက်ဝင်လှုပ်ရှားလာခဲ့ပေသည်။ ဆရာချုံ အပါအဝင် နန်းတွင်းပန်းချီတော်များသည်၎င်း၊ နန်းတွင်းပန်းချီတော်များသည်၎င်း၊ နန်းတော်ပြင်ပမှ ပန်းချီပညာရှင်များသည်၎င်း၊ မိသားစုပုံနှင့် တစ်ဦးချင်းစီ၏ ပုံများကို ပုံတူအဖြစ် ရေးဆွဲကြသည်။


ဇာတ်နိပါတ်သရုပ်ဖော်ပုံများအကြားတွင် ပုံတူပန်းချီကားများကို ကြိုကြားကြိုကြား မြင်တွေ့လာသည်မှာ အမြင်ဆန်းသလိုလိုရှိသည်။ မင်းမှူးမတ်နှင့် ထေရ်ကြီးဝါးကြီးရဟန်းတော်များ၏ပုံတူများကို စတင်ရေးခြယ်ကြရာမှ နောင်သောအခါ အရပ်သူအရပ်သားတို့၏ ပုံတူများကို တစ်စတစ်စ ရေးခြယ်သည့်အဆင့်သို့ကူးပြောင်းရောက်ရှိလာခြင်း ဖြစ်ပေသည်။ ဆရာချုံပုံတူရေးသည့်အခါ ရေးသည်။ မင်း၊ မိဖုရားတို့၏ ကောင်းမှုစေတီပုထိုးများတွင် နံရံပန်းချီရေးခြယ်သည့်အခါ ရေးခြယ်ရသည်။ တစ်ခါတစ်ရံ မင်း၊ မိဖုရား၊ သမီးတော်၊ သားတော်ကလေးများကို ကြည့်ရှုမှတ်သားစိမ့်သောငှာ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော် ဗုဒ္ဓဝင်ကျမ်းထွက်များကို ကောက်နုတ်စီစဉ်၍ ပုရပိုက်ဖြူပေါ်တွင် ဆေးရောင်စုံဖြင့် ဆေးရေးပန်းချီခြယ်ရသည်။ ဝဲယာမင်းမိဖုရားတို့၏ ကုသိုလ်တော်စေတီပုထိုးများကို ပုရပိုက်ဖြူဖြင့် ရေးကူးခြင်း စသည်တို့ကိုလည်း ပြုလုပ်ရသည်။ နန်းတွင်းပန်းချီတော်တစ်ဦးအနေဖြင့် ဆရာချုံသည် မြေပုံ၊ ထွက်တော်မူ အခမ်းအနားနှင့် ဆင်ခင်း၊ မြင်းခင်းပုံများကို ရံဖန်ရံခါ ရေးဆွဲပေးရသည်။ မြေပုံများမှာနယ်မြေအပိုင်စားပေးမှုများနှင့် စပ်လျဉ်း၍ မြို့စား၊ ရွာစား၊ နယ်စားများအား သက်ဆိုင်ရာနယ်မြေတစ်ရပ်⁠ရပ်ကို ဘုရင်က အပိုင်စားပေးသည့်အခါ နယ်မြေသရုပ်ပြမြေပုံကိုပါ ပူးတွဲပေးအပ်လေ့ရှိသည်။ထွက်တော်မူအခမ်းအနားနှင့် ဆင်ခင်း၊ မြင်းခင်းပုံများကို များသောအားဖြင့် ပိတ်၊ ပိုး၊ ဖဲ စသည့် ဖျင်များပေါ်တွင် ရေးခြယ်လေ့ရှိပြီး ပြည်ပမှ သံတမန်များနှင့် ဧည့်သည်တော်များကို လက်ဆောင်အဖြစ် ချီးမြှင့်ပေးလပ်လေ့ရှိပေသည်။

ရှေးမင်းအဆက်ဆက်တို့လက်ထက်တွင် ဆက်သခဲ့သော ဆင်ဖြူတော်များနှင့် စပ်လျဉ်း၍ ဆရာချုံသည် မူပွားများကို ရေးခြယ်ရသည့်အခါ ရေးခြယ်ရပြီး ဆင်၊ မြင်းတို့၏ ကြန်အင်လက္ခဏာပြုပုရပိုက်များနှင့် အာကာသသျှတ္တရကျမ်းလာ(၁၂) ရာသီခွင်နှင့် နေလနက္ခဆိုင်ရာများကိုလည်း ပုရပိုက်အမျိုးမျိုးကို ရေးခြယ်ရာတွင် ဗေဒင်ပုရပိုက်များလည်း ပါသည့်အခါ ပါပေသည်။


ထို့ပြင်ဆရာချုံသည်ရံဖန်ရံခါ ရွှေနန်းလက်သုံးပုရပိုက်ငါးဆူတွဲများအနက်မှ သင့်တော်ရာပုံများကို ရွေးချယ်ကူးယူပေးရသည်။ ရေကင်းလှည့်လည်ရာတွင်လည်းကောင်း စီးနင်းအသုံးဝင်သည့် ပဉ္စရူပလှေတော်၊ သတ္တရူပလှေတော်၊ ဒွါဒသရူပလှေတော်၊ တောင်သုံးမှိုင်းလှေတော်၊ ကရဝိက်ဖောင်တော် စသည့်လှေတော်ဖောင်တော်အမျိုးမျိုးနှင့် ကန်တော့ခံထွက်တော်မူရာတွင် မင်း၊ မိဖုရား၊ မှူးမတ်တို့ စီးနင်းမြဲဖြစ်သည့်ဝေါအမျိုးမျိုး၊ ရထားအမျိုးမျိုး နှင့် စီးတော်ဆင်အမျိုးမျိုးကို မှတ်တမ်းတင်ရေးဆွဲရာ၌ ကသည်းမြင်း၊ အက္ကပတ်မြင်းနှင့် မြင်းခင်းသဘင်တွင် ပါမြဲဖြစ်သည့် မြင်းများပါ မကျန်ခဲ့ပေ။ စည်တော်အမျိုးမျိုးကိုလည်း မှတ်တမ်းတင်ရပေရာ ရှေ့တော်ပြေး ဝင်စည်ထွက်စည်နှင့် တစ်ဖက်ပိတ်စည်မျိုးစုံကိုပါ လေ့လာရေးခြယ်ရပေသည်။ ဝဲယာမင်းခမ်းတော်ပစ္စည်းနှင့် စပ်လျဉ်း၍ ထီးဖြူတော်၊ ယပ်၊ ရေတကောင်း၊ ကွမ်းအစ်၊ စလင့်ကြာကြီး၊ ကလပ်၊ ယပ်မား၊ ခြေနင်း၊ သန်လျက်နှင့် အုပ် စသည့်တို့ကို စာရင်းကောက်ယူ၍ မှတ်တမ်းတင်ရေခြယ်ရသည့်နည်းတူ မဟာသင်္ကြန်တော်အခမ်းအနား၊ ရွှေနန်းတော်ကြီးသိမ်းအခမ်းအနား၊ အိမ်ရှေ့အိမ်တော်သိမ်းအခမ်းအနား၊ မင်းညီမင်းသားအိမ်သိမ်းအခမ်းအနား၊ မှူးတော်မတ်တော်ကြီးတို့အိမ်သိမ်းအခမ်းအနားထွက်တော်မူရာတွင် ခင်းကျင်းရသည့် ဝတ်ထုပစ်စည်းမျိုးစုံကိုပါ မှတ်တမ်းတင် ရေးချယ်ရပေသည်။ ထွက်တော်မူကြီးများနှင့်ဆက်လျဉ်း၍ ၁၈၆၅ ခုနှစ်က မင်းတုန်းမင်းတရားကြီး ကျောက်တော်ကြီးဘုရားကို ထွက်တော်မူကြီးအဖြစ် ထွက်တော်မူသည့်အခမ်းအနားမျိုးကိုလည်း ဆရာချုံသည် ပြန်လည်ကူးယူ၍ မှတ်တမ်းတင်ရေးခြယ်ခဲ့ရသည်။ ယင်းထွက်တော်မူကြီးသည် ကုန်းဘောင်ခေတ်နောက်ပိုင်း၊ မြန်မာ့နန်းတွင်း မင်းပွဲသဘင်များအနက် အကြီးကျယ်ဆုံး အခမ်းအနားဆုံးနှင့် အစုံအလင်ဆုံး မင်းခမ်းမင်းနားတစ်ရပ်ဖြစ်ကြောင်း သိရပေသည်။


ရှေးမင်းတို့လက်ထက် သမီးတော်၊ တူမတော်၊ မြေးတော်တို့နှင့်တကွ မိဖုရား၊ မောင်းမမိသံတို့၌ ဆင်ယင်ထုံးမြတ်ရိုးဖြစ်သော မဏိကိုးပါး၊ လေးပါးရာသီ၊ နဂါးပတ်ကျော့ကွင်း၊ ပုလဲကွန်ချာ၊ ရတနာမဏ္ဍိုင် ၊ မောရဂီဝါ၊ ဟင်္သာစာခွန့်၊ ပုစဉ်းတောင်ဖြင့် စသည့်ဆံထုံး (၅၅) မျိုးအပြင် သားတော်များ၊ သျှောင်ထုံးမင်္ဂလာအခမ်းအနားတွင် ဆင်ယင်မြဲသျှောင်(၁၂) ရက် ၊ သမီးတော်များနားထွင်းမင်္ဂလာအခမ်းအနားတွင် ဆင်ယင်မြဲရတနာ စည်းပုံတော်လေးရပ်၊ နဖူးစည်းပါရတနာချုပ်သျှောင်ပုံ ၊ နဖူးစွဲပရိတ်ချည်ကုံးပ်သျှောင်ပုံ(၁၀)မျိုး ၊ ကိုယ်ဝတ်ရွှေပုစွန်ဆီအင်္ကျီတော်အမျိုးမျိုး၊ မလ္လိကာအဆင်တန်ဆာတော်၊ မဟလ္လတာအဆင်တန်ဆာတော်၊ မကိုဋ်တော်လေးဆူ ၊ မင်းဧကရာဇ်တို့၏ ဆင်ယင်မြဲမကိုဋ်တော် ၊ စိန္တာမဏိမကိုဋ်တော် ၊ ဗြဟ္မတန်ဆာဘုရင်တော်၊ သိကြားတန်ဆာဘုရင်တော် ၊ မောက်တို ၊ မောက်ရှည် နှင့် ကိုယ်ဝတ်တန်ဆာတော် မျိုးစုံကိုလည်း ရေးရခြယ်ရပေသည်။ ထို့အတူ အိမ်ရှေ့မင်းနှင့် သားတော်၊ သမီးတော်များအား ပေးသနားသည့် ဗောင်း ၊ နားတောင်း၊ ဝတ်လုံ၊ စလွယ် ၊ ဘွဲ့ဖြူများ၊ မှူးတော်မတ်တော်ကြီးများအား ပေးသနားသည့် ဗောင်း၊ နားတောင်း ၊ ဝတ်လုံ၊ စလွယ်၊ ဘွဲ့ဖြူများ၊ ထို့အောက်နေရာငါးရာနေမှူးတော်မတ်တော်တို့အား ရာထူးကြီးငယ်အလို ပေးသနားသည့် ဗောင်း ၊ နားတောင်း ၊ ဝတ်လုံ၊ စလွယ်၊ ဘွဲ့ဖြူများ၊ နန်းတွင်းနေသူတို့ အသုံးအဆောင်အမျိုးမျိုး၊ စည်းပုံ ၊ထိပ်ချုပ်ပန်း နှင့် ဖက်၍ ဝတ်ဆင်မြဲအင်္ကျီကြီး၊ လက်များတုရင်ရောင်အင်္ကျီကြီး၊ ရွှေထီးရွှေနန်းအဆက်ဆက်၊ အမိန့်တော်ထွက်၊ ထုံးမြတ်ရိုး ၊ ဆံထုံးခုနှစ်လုံးပုံ၊ ယင်းနှင့်တွဲဖက်၍ ဝတ်ဆင်မြဲ ဒွါဒရာပါ လက်ဖျားနှစ်ဖက်တုရင်တပ် တန်ဆာကြီးလေးမျိုး ၊ ပန်းသွယ်နားတောင်း အမျိုးမျိုးကိုလည်း ရေးခြယ်မှတ်တမ်းတင်ရပေသည်။


ထို့ပြင်မှန်နန်းတော်အတွင်း ထားရှိသည့်သိကြား၊ ဗြဟ္မာ ၊ စတုလောကပါလနတ်ရုပ် ၊ ဒန္တိမုခနတ္တိုင်ကျမ်းထွက် ၊အဋ္ဌဝီသနတ်(၂၈)၊ လောကီကျမ်းထွက် ၊ သူရသတီ၊ စန္ဒီ ၊ပရမိသွာ ၊ မဟာပိန္နဲ ၊ ဂေါရမန္တနတ် (၅)၊ ရာဇမတ္တဏကျမ်းထွက် ဗနီနတ္ကစ၍ မာရ်နတ်ရောက် နတ်ကြီး (၁၅)ပါး ၊ကိုယ်စောင့်နတ် (၁၂)ပါး ၊ ရုက္ခစိုး ၊ ဘုမ္မစိုး ၊ အာကာသစိုး ၊ ရိုးရာနတ်များနှင့် ဘေးတော်များလက်ထက်တော် အရပ်ရပ်မြို့ရွာများက လာရောက်ဆက်သသည့် ဇော်ဂျီ ၊ ပုဏ္ဏား ၊ လူ ၊မျောက် ၊ နဂါး ၊ ဂဠုန်၊ ကိန္နရာ၊ ကျား ၊ ဆင် ၊ ကျီးဖြူ ၊ ကုလားအုပ်နွား ၊ စာမရီ၊ မြင်း ၊ ဆိတ် ၊ ကရဝိက် ၊ ဥဒေါင်း ၊ခြင်္သေ့၊ ကြက်၊ လူကဖွားသော ဘီလူး၊ ဆင်ဖြူတော်၊ မျောက်ဖြူနှင့် ရခိုင်ပါ ကြေးရုပ်နှင့် အမြောက်အမျိုးမျိုးကို ရေးခြယ်မှတ်တမ်းတင်ရသည်။ ရွှေနန်းလက်သုံး ပုရပိုက်များသည် နန်းဓလေ့သရုပ်ဖော်ရုပ်ပြ စာအုပ်ကြီးများသဖွယ် ဖြစ်သည့်အတွက် မြန်မာ့နန်းတွင်း၌ အရေးပါအရာရောက်သည့်နှင့် နန်းတွင်း ပန်းချီတော်များအဖို့လည်း အမြဲထာဝစဉ် လက်ကိုင်ပြုရမည့် ပုရပိုက်ကြီးများ ဖြစ်ပေသည်။ ထို့ကြောင့်ဆရာချုံသည် ပန်းချီတော်ဘဝတွင် ရွှေနန်းလက်သုံးပုရပိုက်များကို ကြေညက်အောင် အကြိမ်ကြိမ်လေ့လာ၍ ကူးယူရေးဆွဲခြင်း ဖြစ်ပေသည်။


ဆရာချုံတစ်ယောက် လူလားမြောက်၍ မြန်မာ့နန်းတွင်း၌ ပန်းချီတော်အဖြစ် အမှုထမ်းနေသည့်ခေတ်ကာလတွင် မြန်မာ့ရိုးရာပန်းချီသည် နံရံပန်းချီမှ ပုရပိုက်ပန်းချီသို့ ကူးပြောင်းခဲ့ပြီး ပုရပိုက်ပန်းချီများ အရှိန်ရအားကောင်းစ ကာလဟုဆိုရမည်။ ပန်းချီအနုပညာများသည်လည်း နန်းတွင်းသို့ စုသေးစုန်စာရင်းဝင်အဖွဲ့ အစည်းတစ်ရပ်အနေဖြင့် စနစ်တကျရောက်ရှိလာကြပြီး ရွှေရေးပန်းချီ ၊ငွေရေးပန်းချီ ၊ဆေးရေးပန်းချီ တာဝန်အဆင့်ဆင့်ပန်းချီတော်၊ ပန်းချီတော်ခေါင်း ၊ပန်းချီတော်အုပ်ဟူ၍ ရာထူးအဆင့်ဆင့်ဖြင့် နန်းဓလေ့တို့ကို မှတ်တမ်းတင်နေချိန်ဖြစ်လေသည်။ အကြောင်းအရာပိုင်းအနေဖြင့် ဗုဒ္ဓွမြတ်စွာ၏ဂုဏ်တော်ဘွဲ့ မှသည် ပဒသေရာဇ် ဧကရာဇ်တို့၏ ဘုန်းတော်ဘွဲ့ဆီသို့ပြောင်းလဲလာပြီး နန်းစနစ်ပိုင်း အနေဖြင့်မူ အနီး၊ အဝေးစနစ်ကို မြန်မာပန်းချီဆရာများ တစ်စတစ် ပြောင်းလဲ ကြိုးပမ်းအားထုတ်ခြင်းမှာ ထူးခြားချက် တစ်ရပ်ဟုဆိုရပေမည်။ ထိုကဲ့သို့သော အနီး၊ အဝေးစနစ်ဖြင့် ရေးဆွဲပုံ ရေးဆွဲနည်းဟု မိန့်ဆိုကြသည်။ ဖော်ပြပါ အနီး၊ အဝေးစနစ်ကို (၁၈)ရာစု မြန်မာပန်းချီလောကတွင် ကြိုကြားကြိုကြား တွေ့မြင်လာရပြီး ပန်းချီတော်ဦးကြာညွှန့်၏ လက်ရာပုရပိုက်ပန်းချီများတွင် အများဆုံးတွေ့မြင်ရပေသည်။ ယင်းစနစ်ကို ဆရာစာနှင့် ဆရာချုံတို့ ဆက်လက်ကြိုးပမ်းအားထုတ်ကြရာ တစ်စတစ်စတိုးတက်အောင်မြင်လာသည့်သဘောကို တွေ့မြင်ရပေသည်။ အထူးသဖြင့် ဆရာချုံရေးဆွဲသော မိသားစုပုံများမှ နောက်ခံတိုင်တန်းလျားများတွင် အထင်အရှားတွေ့မြင်နိုင်ပေသည်။ ဆရာချုံသည် ယင်းအနီး၊ အဝေးစနစ်မျိုးကို လေ့လာရေးဆွဲနေရာမှ သဘာဝနည်းမှ အနီး အဝေးစနစ်သို့ တဖြည်းဖြည်း တစ်စတစ်စပြောင်းလဲ ရေးခြယ်သည်။ ရာခိုင်နှုန်းကြည့် အောင်မြင်မှု မရသော်လည်း ဆရာချုံ၏လုံ့လ၊ ဝီရိယ၊ ဇွဲနှင့် ကြိုးပမ်းအားထုတ်မှုကြောင့် အတော်အသင့်အောင်မြင်သည်ဟု ဆိုရပေမည်။ သို့ကလို ပန်းချီတော်ဆရာချုံသည် ပန်းချီပညာကို နေ့မအားညမနားကြိုးပမ်းအားထုတ် ရေးဆွဲနေစဉ်အတွင်း အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွား၍ အင်္ဂလိပ်တို့၏ ဖမ်းဆီးခြင်းခံရကာ (၃)လမျှအကျဉ်းခံခဲ့ရသည်။ အကျဉ်းမှလွတ်သောအခါ ဆရာချုံအား ' ကာနယ်ဆလေဒင် ' က သူ့ထံ၌ အမှုထမ်းရန် ခေါ်သည်ကို တိုင်းတစ်ပါးသားတို့ လက်အောက်တွင် အမှု့မထမ်းလိုသဖြင့် ငြင်းပယ်ခဲ့လေသည်။


သီပေါမင်း ပါတော်မူပြီးသည့်နောက် ဗြိတိသျှခေတ်ဦး၌ ဆရာချုံ သည် မန္တလေး၌ပင် ပန်းချီပညာဖြင့် ဆက် လက်၍ အသက်မွေးသည်။ ဆရာချုံသည် နောင်လာနောက်သားများ အမှတ်တရနှင့် ဇာတိမာန်တက်စိမ့်သောငှာ အရှင်နှစ်ပါး ပါတော်မူပုံကို ပန်းချီရေးခဲ့လေသည်။ ထို့ပြင်ဆရာချုံသည် လယ်ထွန်မင်္ဂလာသဘင်ကို ပြန်လည်ရေးဆွဲမှတ်တမ်းတင်သည်။ ရှေးအခါက နန်းမြို့အတွင်း မင်းမှူးမတ်တို့သွားလာထိုင်နေထိုင်ကြပုံကို ပန်းချီဖြင့် ခြယ်မှုန်းသည်။ တွေ့ကြုံခဲ့သည်တို့ကို ပြန်လည်ရေးမှတ်သည်။ ပိတ်ကားတွင်လည်းရေးဆွဲသည်။ ပုရပိုက်တွင်လည်း ခြယ်မှုန်းသည်။ သို့သော် ထီးသုဉ်း ၊ နန်းသုဉ်း ၊ မြို့သုဉ်းသုံးညဖြင့် တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်နေရချိန်မို့ အားပေးမည့်သူမရှိ။ ဝယ်ယူချီးမြင့်သူမရှိချေ။ အခက်အခဲအမျိုးမျိုးကြားမှ ဆရာချုံသည် ထွက်ပေါက်ကို ရှာကြံခဲ့သည်။ အများမိုးခါးရေသောက်သလို သူမသောက်လို ။ မိမိတတ်ကျွမ်း ယုံကြည်ရာအလုပ်မျိုးကိုသာ လုပ်ကိုင်လိုသူ ဖြစ်သည်။


ဆရာချုံသည် ပိတ်များကို လက်မ (၂၀)ပတ်လည်အရွယ် ပိုင်ဖြတ်ကာ သစ်သားဖြင့် ဘောင်ကြက်လုပ်ပြီးနောက် ပုံတူ ၊ ရှုခင်း၊ နန်းမြို့ရိုး ၊ ဘုရားပုထိုးနှင့် ဇာတ်နိတ၏ပါတ်တို့ကို ရေးခြယ်သည်။ ပန်းချီကားနှစ်ဆယ် ၊ အစိတ်ခန့်စုမိသောအခါ ဆောင်းအကုန်နွေအကူး စပါးပေါ်ချိန်တွင် ကျင်းပလေ့ရှိသည့်ဘုန်းတော်ကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံများမှ တလားကြီးလောင်တိုက် စသည်များတွင် ချိတ်ဆွဲပြသ၍ ရောင်းချခဲ့သည်။ တစ်ခါတစ်ရံ မဏ်ဍပ်အငယ်စားထိုးပြီး ပန်းချီကားများ ချိတ်ဆွဲပြီးဘုန်းကြီးပျံများတွင် ပြသသည်။ ၁၈၉ဝပြည့်နှစ်လောက်တွင် ဆရာချုံသည် ထိုသို့တီထွင်ပြသကြောင်း မှတ်သားရသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပသော တစ်ကိုယ်တော်ပန်းချီပြပွဲမျိုးဟု ဆိုရပေမည်။ နောင်အခါ ဆရာချုံကိုအားကျ၍ အခြားပန်းချီဆရာများကလည်း ထိုသို့ပြသကြောင်း သိရပေသည်။


ဆရာချုံသည် ပုံတူ ၊ ရှုခင်း နှင့် နိပါတ်တော်အကြောင်းအရာများန၏ကိုသာမက နန်းတွင်းမိသားစုတို့၏ နေပုံထိုင်ပုံများကိုလည်း မကြာခဏရေးဆွဲလေသည်။ မင်းသားတစ်ယောက် ၊ မင်းသမီးနှစ်ယောက်နှင့် အခြွေအရံပါသောပုံများကို ဆရာချုံအများဆုံးရေးဆွဲလေ့ရှိပေသည်။ ယင်းပုံများတွင် ရှေးမြန်မာမင်းမှုထမ်းနှင့် နန်းတွင်းသူနန်းတွင်းသားများ၏ ဆင်ယင်ထုံးဖွဲ့မှုကိုသာမက ရှေးမြန်မာအမျိုးသမီးများ ဆေးပေါ့လိပ် (ပြောင်းဖူးဖက်လိပ်) ကိုင်ဟန်နှင့် သားငယ်အားနို့တိုက်ဟန်များ ပါဝင်တတ်လေသည်။ ဗြိတိသျှတို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးပြီဆိုသော်လည်း အနေအထားမကျသေးပေ။ ငြိမ်ဝပ်ပိပြားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရချိန်ဖြစ်သည်။ တစ်နေရာနှင့်တစ်နေရာ ကူးသန်းသွားလာရေးအတွက် ကမောက်ကမဖြစ်နေရာ ဝမ်းရေးအတွက်ပြည်သူတို့ အနိုင်နိုင်လုံးပမ်းနေရချိန် ဟုဆိုရပေမည်။ ဝမ်းဝဖူလုံပါမှ အနုပညာကိုအားပေးနိုင်မည့် အခြေမျိုးတွင် ပြည်တွင်းမှ တိုင်းရင်းသားထက် ပြည်ပမှ ခရီးသည်နှင့် ဗြိတိသျှစစ်တပ်မှ စစ်ဗိုလ်များ၏ ဝယ်ယူအားပေးမှုကို အနုပညာသည်များ မျှော်ကိုးနေရချိန်ဖြစ်သည်။ ထို့နောက် ဆရာချုံသည် ငယ်ဆရာ ဆရာတော် ဦးတိသ၏ဖိတ်ခေါ်ချက်အရ မအူပင်မြို့နယ် မလက်တိုရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဆရာချုံမိသားစုကို ဆရာတော်ကနေရေးစားရေးကို တာဝန်ယူထားလေရာ အပူအပင်သိပ်မရှိလှချေ။ဆရာချုံသည် ဆရာတော်၏ ကူကုံးကျောင်းတိုက်ဝင်းအတွင်းရှိ ပထမအာရုံခန်တန်ဆောင်းအတွင်း ချိတ်ဆွဲရန် ငရဲကြီးရှစ်ထပ် သရုပ်ဖော်ပန်းချီကားကို ရေးဆွဲပေးခဲ့သည်။ တစ်စတစ်စ သတင်းပျံ့နှံ့သွားရာ ဆရာတော်၏ ဒါယိကာ ၊ ဒါယိကာမများက နိပါတ် ၊ရာဇဝင်ကားများ အပ်နှံကြသည်။ဆရာချုံသည် မလက်တိုရွာသို့ ရောက်နေသော်လည်း အတတ်ပညာခန်းနှင့် အဆက်မပြတ်ပေ။ မန်တလေးမှတစ်ဆင့် အင်းဝ၊ မုံရွာ၊ ပခုက်ကူမြို့များသို့ သွားရောက်ကာ ပန်းချီဆွဲသည်။


သို့ကလိုနှင့် ဝမ်းရေးအတွက် ဆရာချုံသည် ရရာအလုပ်ကိုလက်ခံသည်။ ရရာအလုပ်ဆိုသော်လည်း မိမိတတ်ကျွမ်းသည့်ပန်းချီပညာဖြင့် ရိုးရိုးသားသားအသက်မွေးဝမ်းကျောင်းခြင်း ဖြစ်သည်။ သို့သော်ရွှေနန်းတွင်း ပန်းချီတော်ဝမှာကဲ့သို့ နေရာအတည်တကျမရှိချေ။ ကသီလင်တဖြစ်ရသည်။ တစ်ခါတစ်ရံ အလှူမဏ္ဍပ်ဆင်ယင်မွမ်းမံရသည်။ တစ်ခါတစ်ရံ ပိုက်အချို့ကို မိတ်တူဆွဲပေးရသည်။ ဘုန်းကြီးပျံများကြုံကြိုက်သည့်အခါ စပ် (ခေါ်)ယာယီလုပ်ငန်းကို အများနှင့်ပူးပေါင်းလုပ်ကိုင်ရသည်။ ဆရာချုံ၏ဘဝသည် နှဲသမား၏ ပါးစပ်ကဲ့သို့ ပိန်လိုက်ဖောင်းလိုက် ဖြင့်(၁၂)နှစ်မျှ အချိန်ကုန်ခဲ့သည်။ ထို(၁၂)နှစ်အတွင်း မန္တလေးမိုးတားကျောင်းတိုက် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာတွင်ဆရာတော်ဘုရားကြီး၏ ပုံတူကိုရေးဆွဲပေးဖူးသည်။ ရွှေဘိုနယ် ဇင်းကုန်း၊ ထန်းတပင်နှင့် တစ်မိုင်လောက်အကွာ ဝေဠုန်ဝန်ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူစဉ်အခါက တလားကြီး ၊ လောင်တိုက်တို့တွင် ချိတ်ဆွဲရန် ကားလေးချပ်ရေးဆွဲပေးဖူးသည်။ မေမြို့အနီးစခန်းဆင်ခေါင်းကြီးရွာ ၊ သူကြီးဦးခေါင်းလောင်း၊ ဒေါ်အဲလင်တို့၏ အလှူမဏ္ဍပ်ကို တခမ်းတနား ဆင်ယင်ပေးဖူးသည်။ ကသာခရိုင် မန်လည်မှ ဒကာ၊ဒကာမများ အပ်နှံသဖြင့် မိသားစုပုံလေးချပ်ရေးဆွဲဖူးသည်။ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များတွင် ချိတ်ဆွဲ၍ ကိုးကွယ်ပူဇော်ရန်အလို့ငှာ အပ်နှံကြသည့် မဟာမုနိရုပ်ရင်မြတ်ကြီးပုံတော်ကို အရွယ်အစား အမျိုးမျိုးရေးဆွဲပေးရသည်။ ထိုခေတ်က သုံးပေပတ်လည်အရွယ်ကားတစ်ချပ်ကို စရိတ်ငြိမ်း (၁၀) ကျပ်ရသည်။ သို့သော် အမြဲတမ်းဝင်ငွေမှန်သည့်အလုပ်မျိုး မဟုတ်သဖြင့် ဆရာချုံတို့လို အနုပညာသည်တို့၏ ဘဝသည် အာမခံချက်မရှိပေ။


ထို့နောက် ဆရာချုံတို့မိသားစုသည် ၁၉၁၁ ခု နှောင်းပိုင်းတွင် မအူပင် မလက်တိုရွာမှတစ်ဆင့် ရန်ကုန်သို့ ပြောင်းရွေ့ခဲ့ကြသည်။ ရန်ကုန်မြို့ ကျုံးကြီးလမ်းထောင့်မှ (ယခင် အဆွေတော်ဆံသနေရာ) နှစ်ထပ်ပျဉ်ထောင်အိမ်လေးခန်းတွဲ၌ ငှားရမ်း၍အခြေစိုက်နေထိုင်သည်။ ရန်ကုန်သို့ ရောက်ခဲ့သော်လည်း ဆရာချုံမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။ ရန်ကုန်တွင်လည်း မိမိပညာကို အားပေးခြင်းမရှိရကား ဆိုင်းဘုတ်များ ရေးဆွဲခြင်းဖြင့် ဆင်းတောင့်ဆင်းရဲနေထိုင်ရလေသည်။ ဆရာချုံသည် မင်းနေပြည်တော် မန္တလေးတွင်လည်း မြန်မာ့ပန်းချီကို အားပေးမည့်သူမရှိ။ ရန်ကုန်တွင်လည်း အရာသွင်းသူမရှိတော့သဖြင့် မြန်မာမှုပန်းချီကို အတော်စိတ်ကုန်သွားပုံရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာချုံသည် ကျုံကြီးလမ်း၌ နေထိုင်နေစဉ် ပန်းချီဆရာ ဦးဘလုံနှင့် ခေတ်ပြိုင်ရေးဆွဲနေသူ ပန်းချီဆရာ ဦးဘစိန်က ဆရာချုံထံသွားပြီး မြန်မာမှုပန်းချီသင်တန်းပေးရန် တောင်းပန်သောအခါ- မြန်မာမှုပန်းချီတွေကို မင်းလိုက်စားလို့တော့ ဟန်မယ်မထင်ဘူးကွယ်။ ငါတယ်အားမပေးချင်ဘူး၊ ဒီပညာတွေက မင်းခမ်းမင်းနားနဲ့ ဘုရားပုထိုးတွေမှာသာ သုံးတာကွ၊ အခု တို့ရဲ့မင်းလည်း မရှိတော့ဘူး၊ ကုလားမင်း အုပ်စိုးနေပြီ။ ဗုဒ္ဓကိစ္စက ကြည့်ပြန်တော့လည်း သာသနာ့ဒါယကာမရှိတော့ သာသနာမကွယ်လျှင် တော်သေးသပေါ့ကွယ်။ ဒါကြောင့် မြန်မာမှုပန်းချီကို ဗဟုသုတအဖြစ် လေ့လာပေါ့ကွယ်။ ကုလားလက်ထက် ကုလားပန်းချီပဲ ကြိုးစားသင်ရင် ကောင်းလိမ့်မယ်ထင်တယ် မောင်ဘစိန်ရာဟု ဆရာချုံက ပြောခဲ့လေသည်။ တကယ်ပင် ဆရာချုံသည် မြန်မာမှုပန်းချီကို စိတ်ကုန်ခဲ့ပြီး တစ်ခါတစ်ရံ ပန်းချီပညာဖြင့် အသက်မွေးခြင်းကိုပင် စွန့်လွှတ်၍ ဆန်အရောင်းအဝယ်လုပ် ကုန်ကူးရန်ပင် စိတ်ကူးဖူးသည်ဟု ဆိုသည်။


ထို့နောက် ဆရာချုံသည် လက်တည့်စမ်း၍ ရုပ်ရှင်ကြော်ငြာများ ရေးဆွဲလိုသဖြင့် ရုပ်ရှင်ရုံပိုင်ရှင်တို့နှင့် ဆက်သွယ်ခဲ့လေသည်။ ထိုအချိန်မှစ၍ အင်္ဂလိပ်၊ တရုတ် ရုပ်ရှင်ပိုစတာများကို စမ်းသပ်ရေးဆွဲသည်။ တစ်စတစ်စဖြင့် ဆရာချုံ နာမည်ထွက်လာသည်။ ဆရာချုံရေးဆွဲသော ပိုစတာကားချပ်များမှ အထူးသဖြင့် ဆင်ရုပ်နှင့် ကျားရုပ်များသည် လက်ရာမြောက်ပြီး သဘာဝကျလှလေရာ တစ်နေ့တွင် အိန်အန်ထောင်ကနားဆေးတိုက်သူဌေးကိုယ်တိုင် လာရောက်ပြီး ဆရာချုံ၏ထံတွင် ကျားတံဆိပ်ဆေးကြော်ငြာများအပ်နှံလေသည်။ ကျားသူဌေးနှင့် ဆက်သွယ်မိသည့် အချိန်မှစ၍ ဆရာချုံ၏ နေရေးစားရေးမှာ ပူပင်စရာမလိုတော့ပေ။ ကနားသူဌေးသည် ဆရာချုံ ရန်ကုန်မရောက်မီက ဆေးကြော်ငြာများကို မြန်မာနှင့် တရုတ် ပန်းချီဆရာအချို့ထံတွင် အပ်နှံဖူးသည်။ ကျားရုပ်များသည် လှပသော်လည်း အားမာန်မပါသဖြင့် အသက်မဝင်ဘဲ ရှိသည်။ ဆရာချုံက ကျားရုပ်များကို နိုင်နိုင်နင်းနင်း ရေးဆွဲနိုင်မှန်းသိသည့်အခါ ကျားဆေးတိုက်ကြော်ငြာများကို ဆရာချုံထံ အမြဲအပ်နှံပေတော့သည်။ ဆရာချုံသည် ကျားဆေးတိုက်ကြော်ငြာများ ရေးလိုက်၊ ရုပ်ရှင်ပိုစတာကြော်ငြာများ ရေးလိုက်သဖြင့် တဖြည်း⁠ဖြည်း လက်ရာတက်လာသည်။ သားကိုမြနှင့် ကိုခတို့ကလည်း ဝိုင်းဝန်းလုပ်ကိုင်ပေးရာ ဆရာချုံနှင့် သားအဖများ ပန်းချီလုပ်ငန်း ဟူ၍ တစ်စတစ်စ ထင်ပေါ်လာသည်။ လေးနှစ်ခန့်ကြာသောခါ လုပ်ငန်း တစ်စတစ်စမှ အရှိန်ရလာခဲ့ပြီး တပည့်လက်သားများနှင့် တိုးချဲ့လုပ်ကိုင်လိုသည့်အတွက် အခြားသူစိမ်းများကို မခေါ်ယူတော့ဘဲ ကိုကျောက်နှင့် ကိုပုတို့ကို ရန်ကုန်သို့ ခေါ်ယူသည်။ များမကြာမီ ကျားသူဌေးက ကိုပု၏နေပုံထိုင်ပုံနှင့် ရိုးသားမှုကို သဘောကျလှသဖြင့် သားအမှတ်ဖြင့် မွေးစားလိုသည့်အတွက် ဆရာချုံထံ ခွင့်ပန်လေရာ ဆရာချုံကလည်း ရှော⁠ရှောရှူ⁠ရှူဖြင့် ခွင့်ပြုလေသည်။ ကျားသူဌေး စင်္ကာပူသို့ တစ်နှစ်တစ်ခေါက် ပြန်တိုင်းလိုလို ကိုပုပါသွားတတ်ပြီး နောင်အခါ တရုတ်အသိုင်းအဝိုင်းတွင် အောင်ဘွန်ပု ဟူ၍ အမည်တွင်ကာ စင်္ကာပူတွင် နေထိုင်ခဲ့လေသည်။


ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ကိုပုသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ကိုရင်ဝတ်သည်။ ထို့နောက်ပဉ္စင်းတက်သည်။ နောက်ဆုံး ရေစကြိုတွင် ပျံလွန်တော်မူသည်။ ဆရာချုံသည် ပန်းချီရေးဆွဲနေသော်လည်း ဝါသနာကို မဖျောက်နိုင်ဘဲ အားလပ်သည့်အခါ သရက်တောကျောင်းတိုက်အတွင်းသို့ သွားရောက်၍ ဖိုထိုးလေ့ရှိသည်။ အဂ္ဂိရတ်ဆိုင်ရာသိုက်သမိုင်းနှင့် ကျမ်းစာအုပ်များ ကိုလည်း ရှာဖွေဖတ်ရှုသည်။ ရပ်ရေးရွာရေးကိစ္စများကိုလည်း မေ့လျော့လေ့မရှိ။ ဘီ⁠ဘီအမ်အေ (ခေါ်) ပုညကုသလဗဟုကရအသင်း တွင် အသင်းဝင်လူကြီးတစ်ဦး ပါဝင်ဆောင်ရွက်သည်။ ဆရာချုံနှင့်သားများသည် ပန်းချီကိုသာမက အားလပ်သည့်အခါ နတ်၊ ဗြဟ္မာ၊ သိကြား၊ (၃၇) မင်း၊ ဘီလူး၊ ဇော်ဂျီ၊ မြင်း၊ သူငယ်တော်၊ ရဟန်းနှင့် ပန်း၊ ခြူး၊ ကနုတ်အမျိုးမျိုးကို ထုလုပ်ရောင်းချသည်။ ကိန္နရာ၊ ကိန္နရီ၊ ဟင်္သာ ၊ ခြင်္သေ့၊ မင်းသားမင်းသမီးရုပ်တုများကို သီးခြားအပ်နှံလျှင်လည်း ထုလုပ်ပေးသည်။ အပ်ထည်များပြားလာသည့်အခါ မန္တလေးမှ ပညာသည်များ အကြောင်းကြားပြီး ခွဲဝေလုပ်ကိုင်ကြသည်။ မန္တလေးမှ ပညာသည်များကလည်း ဆရာချုံနှင့် သင့်တော်မည့် လုပ်ငန်းများရှိသည့်အခါ ခွဲဝေပေးတတ်သည်။ အလုပ်လုပ်ရာ၌ သူ့စည်းကိုယ့်စည်းထားပြီး လုပ်ကိုင်လေ့ရှိရာ လာရောက်ပြီး အပ်နှံသရွေ အလုပ်အားလုံးကို တစ်ဦးတည်းက လက်ဝါးကြီးအုပ်ပြီး လုပ်ကိုင်သည့်စနစ်မျိုးကို ဆရာချုံ မကျင့်သုံးပေ။ ကျွမ်းကျင်ရာ ဆီလျော်ရာ ပညာသည်များနှင့် ဆရာချုံသည် ခွဲဝေလုပ်ကိုင်လေ့ရှိသည်။ ထို့ကြောင့် ဆရာချုံသည် ရန်ကုန်သို့ ရောက်နေသော်လည်း မန္တလေးနှင့်လည်း အဆက်မပြတ်၊ မအူပင်၊ မလက်တို၊ ညောင်တုံး စသည် မြစ်ဝကျွန်းပေါ်ဒေသများနှင့်လည်း အဆက်အသွယ် မပြတ်ပေ။ ဆရာချုံကား အလွန်မြန်မာဆန်သူတစ်ဦးဖြစ်လေရာ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံကအစ မြန်မာစိတ်ပြင်းပြသူတစ်ဦး ဖြစ်သည်။ ဆရာချုံသည် အသားလတ်၍ အရပ်မနိမ့်မမြင့် အလွန်မွန်ရည်၍ သိမ်မွေ့သည်။ ဆေးပေါ့လိပ်ကြိုက်သည်။ အဂ္ဂိရတ်ဝါသနာထုံသည်။ သူတစ်ပါး၏ကျေးဇူးကို အထူးသိတတ်သည်။ စည်းစနစ်ကြီးသည်။ ဘာသာရေးတွင်လည်း ကိုင်းရှိုင်းသည်။ ရှေးအခါက သျှောင်နောက်တွဲထုံးလေ့ရှိပြီး ရန်ကုန်ရောက်အခါက သျှောင်နောက်တွဲထုံးလေ့ရှိပြီး ရန်ကုန်ရောက်ခါမှ ခေါင်းတုံးတုံးကြောင်း သိရသည်။ ခေါင်းတုံးလိုက်သော်လည်း ခေါင်းပေါင်း သို့မဟုတ်တဘက်မပတ်ဘဲနှင့် ဘယ်အခါမှ မတွေ့ရပေ။ ဘောင်းဘီကိုလည်း လုံးဝ မဝတ်ပေ။ ပန်းချီရေးဆွဲလျှင် သီချင်းကလေး တညည်း⁠ညည်းဖြင့် ရေးဆွဲတတ်သည်။ ပညာကိုဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလျှင် သီချင်းကလေး တညည်း⁠ညည်းဖြင့် ရေးဆွဲလျှင် သီချင်းကလေး တညည်း⁠ညည်းဖြင့် ရေးဆွဲတတ်သည်။ ပညာကိုဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလျှင် ကျကျနန သင်ကြားပြသပေးလေ့ ရှိသည်။ နေမှုထိုင်မှု၊ ဝတ်စားဆင်ယင်မှုတွင် အလွန် မြန်မာဆန်သူ ဖြစ်သည်။ ဆရာချုံ၏ တပည့်များအနက် ပန်းချီဦးဘစိန်၊ ဦးဘဇော်၊ ဦးအောင်မြတ်ကျော်တို့မှာ ထင်ရှားသည်။ ပန်းချီဦးဘစိန်သည် ဆရာချုံရေးဆွဲပြသော ပုံကြမ်းများကို အခြေပြုပြီးနောက် ရွှေဘုံနိဒါန်းနှင့် လောကဗျူဟာကျမ်း ခေါ် အင်ရုံစာတမ်းလာ အဆိုအမိန့်များကို ပေါင်းစပ်ပြီး သူရိယ၊ ကြီးပွားရေး စသော မဂ္ဂဇင်းများတွင် မြန်မာမှုကဏ္ဍဖွင့်ကာ ပြန်လည် ရေးသားဖော်ပြသည်ကို တွေ့ရပေသည်။ ပန်းချီဦးဘဇော်သည် ဆရာချုံထံမှ ခြူး၊ ကနုတ်နှင့် ကောက်ကြောင်းရေးနည်းရေးဟန်များတို့ကို မှီး၍ ရှေးမြန်မာပန်းချီကို တစ်ခါတစ်ရံ ပြန်လည် စမ်းသပ်ရေးဆွဲခဲ့သည်။ ပန်းချီဦးဘစိန်သည် ဆရာချုံထံမှ ရွှေနန်းလက်သုံး ပုရပိုက်လာ အကြောင်းအရာများနှင့် မြန်မာမှုများကိုသာမက ပိုစတာရေးနည်းရေးဟန်နှင့် ဆေးဖျော်နည်း၊ အရောင်ချွတ်နည်း၊ ထိန်းနည်းချွတ်နည်းများကို ပါ လေ့လာဆည်းပူးခဲ့သည်။


ဘဝနိဂုံး

ပန်းချီတော်အဖြစ် အသက်(၁၇) နှစ်အရွယ်မှ စ၍ အမှုထမ်းခဲ့သော ဆရာချုံသည် အသက်(၅၀) အရွယ် ၁၂၇၈-ခုနှစ် (ခရစ်-၁၉၁၈-ခုနှစ်)တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်းနေအိမ်၌ပင် ကွယ်လွန်သွားခဲ့လေသည်။ ပန်းချီသက်တမ်း(၃၄) နှစ်အတွင်း ဆရာချုံသည် စပ်ပန်းချီ၊ ပန်းပု၊ ရုပ်လုံး၊ ဗိသုကာ၊ လက်သမား စသည့် ပညာရပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရာ မြန်မာ့ပန်းချီပန်းပုလောကတွင် ဆရာချုံလို ပညာစုံသည့် ပုဂ္ဂိုလ်မျိုးသည် ရှာမှရှားသည်ဟု ဆိုရပေမည်။ ဆရာချုံကွယ်လွန်ခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း (၉၀) နီးပါးရှိပြီဖြစ်သော်လည်း ဆရာချုံကွယ်လွန်ခြင်းသည် မြန်မာ့နန်းတွင်းပန်းချီသမိုင်းတွင် ကွင်းဆက်ပြတ်ခြင်းပင် ဖြစ်သည်။ ပန်းချီတော် ဟူသော ဝေါဟာရသည်လည်း မြန်မာ့ပန်းချီသမိုင်းတွင် နိဂုံးချုပ်လေပြီဟု ဆိုရပေမည်။ ဆရာချုံသည် ပထမဇနီးမှ ကိုမြ ၊ ကိုခ၊ မတင်နှင့် မတင်ဥတို့ ထွန်းကားခဲ့သည်။ ဒုတိယဇနီး ဒေါ်ငွေခင်မှ သားမောင် အေးကြည်နှင့် သမီး မတင်နုတို့ ဖွားမြင်သည်။ မည်သို့ဆိုစေ မြန်မာ့ပန်းချီလောကတွင် သူမတူအောင်ထူးချွန်ပြောင်မြောက်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပည့်တပန်းများအား ပန်းချီပညာ အမွေပေးခဲ့သော မျိုးချစ်စိတ် အလွန်ထက်သန်သည့် ပန်းချီတော် ဆရာချုံကွယ်လွန်သွားသဖြင့် မြန်မာ့အနုပညာလောကအတွက်နှမြောတသဝမ်းနည်းစရာပင် ဖြစ်ပါသည်။


ကျမ်းကိုးစာရင်း

(က) ဆရာချုံ မြန်မာ့စွယ်စုံကျမ်း (အတွဲ-၂) ၊ ရန်ကုန်၊ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ပကြိမ် ၁၉၅၅ ။ စာ ၄၂၀- ၄၂၁။

(ခ) ဦးမင်းနိုင်၊ ပန်းချီတော်ဆရာချုံး၊ ရန်ကုန် စာပေဗိမာန်၊ ပကြိမ် ၁၉၈၀။

(ဂ) ပန်းချီလှတင်ထွန်း ဆရာချုံ (၁၈၆၇ ခန့် ၁၉၁၇ ခန့်) ဒို့ကျောင်းသားစာစောင် (၁၉၇၁ ခု၊ မေလ) စာ ၃၃-၃၉။

#𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_𝚆𝚒𝚔𝚒𝚖𝚎𝚍𝚒𝚊

Friday, May 24, 2024

မြန်မာနိုင်ငံအတွင်းရှိသော သံဃာ့ဂိုဏ်းကြီး(၉) ဂိုဏ်း

 မြန်မာနိုင်ငံအတွင်းရှိသော သံဃာ့ဂိုဏ်းကြီး(၉) ဂိုဏ်း




(၁) သုဓမ္မာဂိုဏ်း

(၂) ရွှေကျင်ဂိုဏ်း

(၃) ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း

(၄) ဓမ္မဝိနယာနုလောမ(မူလဒွါရဂိုဏ်း)

(၅) အနောက်ချောင်း ဒွါရဂိုဏ်း

(၆) ဝေဠုဝန်နိကာယဂိုဏ်း

(၇) စတုဘုမ္မိကမဟာသတိပဌာန်(ငှက်တွင်း)ဂိုဏ်း

(၈) ဂဏဝိမုတ် ကူးတို့ဂိုဏ်း

(၉) ဓမ္မယုတ္တိနိကာယ(မဟာရင်)ဂိုဏ်းတို့ဖြစ်ကြပါသည်။


(၁) #သုဓမ္မာဂိုဏ်း


တာဝတိံသာနတ်ပြည်တွင် 

သိကြားမင်းသည် သုဓမ္မာဇရပ်တော်၌ 

မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ ရှိသည်။ 


ဤအစဉ်အလာအရ 

မြန်မာဘုရင်များလက်ထက်တော်က 

သာသနာရေးဆိုင်ရာ မှုခင်းများကို 

ဆရာတော်ကြီးများစုဝေးဆုံးဖြတ်ရာ၌ 

ထိုနေရာဌာနကို "သုဓမ္မာ" ဟုခေါ်သည်။ 


ယင်းအစည်းအဝေးသို့

တက်ရောက်ခွင့်ရသော 

ဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြား

တစ်စည်းတစ်လုံးတည်းရှိစဉ်က 

မြန်မာနိုင်ငံတွင်သံဃာအားလုံးသည် 

သုဓမ္မာဝင်ဆရာတော်ကြီးများ၏ 

အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ 


ထိုသို့ရှိနေရာမှ 

မင်းတုန်းမင်းကြီးလက်ထက်တွင်

'ရွှေကျင်'ဂိုဏ်းခွဲထွက်သွားသောအခါ 

ရွှေကျင်ဂိုဏ်းဝင်မဟုတ်သော သံဃာများကို သုဓမ္မာ ဂိုဏ်းဝင်အဖြစ်ခေါ်ဆိုကြသည်။


(၂) #ရွှေကျင်ဂိုဏ်း


မင်းတုန်းမင်းကြီးသည် 

ဝိနည်းသိက္ခာအလွန်လေးစား၍ 

အကျင့်ပဋိပတ်နှင့်ပြည့်စုံသော 

ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရကို အလွန်တရာကြည်ညို၍ 

သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း တောင်နန်းမိဖုရားခေါင်စင်္ကြာဒေဝီ၏ ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့်

မောင်းထောင်ဆရာတော်ကို

သာသနာပိုင်တင်မြှောက်ခဲ့ရသည်။ 


အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံသွားရောက်ရာ စကားမပြောဆိုပဲ နေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ 


ယင်းနောက် ၁၂၁၄ ခုနှစ်တွင် 

ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် 

သုဓမ္မာသို့ကြွရန်ဆင့်ဆိုရာ မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက 

အတင်းအကြပ် ခေါ်ဆိုရန် စီမံရာတွင် 

မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် 

လွတ်လပ်စွာသီတင်းသုံးနိုင်သည်ဟု 

အမိန့်ထုတ်ပြန်ခဲ့သည်။ 


ထိုအချိန်မှစ၍ 

ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏ တပည့်သံဃာတော်အဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်ဟုခေါ်ဆိုကြသည်။


(၃) #ဒွါရဂိုဏ်း (၃) ဂိုဏ်း


သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် ပဲခူးတိုင်းအုတ်ဖိုမြိုမှ ဆရာတော်အရှင်ဥက္ကံသဝိမာလာသည် ရေသိမ်၌ ရဟန်းခံခြင်းကိုအကြောင်းပြု၍ အင်္ဂလိပ်အစိုးရလက်အောက်ရှိ သုဓမ္မာဂိုဏ်းဝင် ဆရာတော်များနှင့် အငြင်းပွားခဲ့သည်။ 


အုတ်ဖိုဆရာတော်သည် 

မိမိတပည့် ရဟန်းများနှင့် သီးခြားဂိုဏ်းခွဲခဲ့သည်။ ဘုရားရှိခိုးရာ၌ 

ကာယကံ၊ ဝစီကံ၊ မနောကံဟူ၍ ရှိခိုးခြင်းမပြုရ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရဟု ဒွါရဖြင့် ရှိခိုးမှ မှန်ကန်သည်ဟု 

အုတ်ဖိုဆရာတော်က ဆုံးဖြတ်သည်။


(ယခုတော့

ထိုသို့ဘုရားရှိခိုးသည်ကိုမတွေ့ရတော့ပါ။ တစ်နိုင်ငံလုံးနီးပါး ကာယကံ၊ ဝစီကံ၊ မနောကံဖြင့်သာ ရှိခိုးကြသည်။)


ဇိနတ္တပကာနီကျမ်းပြု

ကျီးသဲလေးထပ်ဆရာတော်(သုဓမ္မာဂိုဏ်း)က ကံဖြင့်ရှိခိုးမှမှန်ကန်ကြောင်းငြင်းခုံကြသည်။ 


ထို့ကြောင့် အောက်မြန်မာနိုင်ငံ၌ 

အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရဂိုဏ်းဟုခေါ်ကြသည်။ သုဓမ္မာဂိုဏ်းကိုမူ ကံဂိုဏ်းဟုခေါ်ကြသည်။ 


နောက်ပိုင်းတွင်မူ ကံဂိုဏ်းဟုမခေါ်တော့ပဲ သုဓမ္မာဂိုဏ်းဟုပင်ပြန်လည်ခေါ်ကြသည်။ 


ယင်းဒွါရဂိုဏ်းသည် 

(က) အနောက်ချောင်းဒွါရ၊ 

(ခ) မဟာဒွါရ၊ 

(ဂ) မူလဒှါရ ဟူ၍ 

(၃) မျိုး ထပ်၍ကွဲသွားကြပြန်သည်။


(က) အနောက်ချောင်းဒွါရဂိုဏ်း


ဒွါရဂိုဏ်းချူပ်အုတ်ဖို

ဆရာတော်ကြီးလက်ထက်မှာပင် 

ငါးသိုင်းချောင်းရေတံခွန်ကျောင်းတိုက် 

ဆရာတော်ကြီးကို အခြားသောဒွါရဂိုဏ်းဝင် ကျောင်းတိုက်ကြီး (၆)တိုက်မှ သံဃာတော်များက ပထမပါရာဇိက

( မာတုဂါမဖြင့်ဖောက်ပြန်သည့်အမှု)ဖြင့် စွပ်စွဲကြသည်။ 


ဂိုဏ်းချုပ် အုတ်ဖိုဆရာတော်ကြီးသည် 

အစွပ်စွဲခံရသည့်ဆရာတော်ကြီးဘက်မှ ရပ်တည်ခဲ့သဖြင့် ကျောင်း(၆) ကျောင်းမှသံဃာတော်များသည် သီးခြားဂိုဏ်းတည်ထောင်ကြသည်။ 

"ငဝန်မြစ်"ကို 

အနောက်ချောင်းဟု ထိုဒေသတွင်ခေါ်ကြသည်။ ယင်းအနောက်ချောင်းကိုအစွဲပြု၍ ရေကြည်၊ ငါးသိုင်းချောင်းတစ်ဝှိုက်ရှိ အဆိုပါဒွါရဂိုဏ်းကို 

အနောက်ချောင်းဒွါရဂိုဏ်းဟုခေါ်ကြသည်။


(ခ) မဟာဒွါရဂိုဏ်း


ဒွါရဂိုဏ်းချူပ်အုတ်ဖိုဆရာတော်ကြီးသည် ဗေဒင်ကျမ်းတတ်ကျွမ်းလှသည်ဟုဆိုသည်။ ယခု လက်ရှိအများလက်ခံသတ်မှတ်ထားသော လပြည့်လကွယ်နေ့များသည် ဗေဒင်နည်းအရ တွက်ချက်ရာ၌ အမှန်တကယ်လမပြည့်သေး၊ လမကွယ်သေး၊ လပြည့်ကျော် တစ်ရက်ရောက်မှ လပြည့်သည်။ 

လဆန်းတစ်ရက်ရောက်မှ လကွယ်သည်ဟုဆို၍ (၁၅)ရက် တစ်ကြိမ်လပြည့် ၊လကွယ်သိမ်ဝင်၍ သံဃာဥပုသ်ပြုခြင်းကိုဆောင်ရွက်သည်။ 


အခြားသော သုဓမ္မာဂိုဏ်းဝင်နှင့်

ရွှေကျင်ဂိုဏ်းဝင် သံဃာများသည် 

လပြည့်၊ လကွယ်နေ့များ၌ 

သိမ်ဝင်ဥပုသ်ပြုကြသော်လည်း 

ဒွါရဆရာတော်ကြီးနှင့်တပည့်များသည် 

လပြည့်ကျော် (၁) ရက်နေ့နှင့် 

လဆန်း(၁)ရက်နေ့ရောက်မှသာ 

သိမ်ဝင်ဥပုသ်ပြုကြသည်။


အုတ်ဖိုဆရာတော်ကြီး 

၁၂၆၇ ခုနှစ်တွင်ပျံလွန်တော်မူပြီး နောက်ပိုင်းတွင် ၁၂၈၀ ပြည့်နှစ်၌ ဒွါရဂိုဏ်းဝင်သံဃာတော်များသည် (ရာဇပဓာနံ)ဟူသော မြတ်စွာဘုရား၏အမိန့်တော်အရ လပြည့်လကွယ်ကိစ္စကို 

အစိုးရမင်းတို့၏ ဆုံးဖြတ်ချက်သည်သာ 

အတည်ဖြစ်သည်ဟူသော ဒေသနာအရ 

ဒွါရဂိုဏ်းဝင် သံဃာတော်အများစုသည်

အများနည်းတူ လပြည့်နေ့နှင့် လကွယ်နေ့များတွင် သိမ်ဝင်ဥပုသ်ပြုကြပါသည်။ 


ယင်းဒွါရဂိုဏ်းမှာ 

အခြားသောဒွါရဂိုဏ်းများထက် 

သံဃာအရေအတွက်များပြားသောကြောင့် မဟာဒွါရဂိုဏ်းဟု ခေါ်ကြသည်။ ဤဂိုဏ်း၏အမည်အပြည့်အစုံမှာ (ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း) ဖြစ်ပါသည်။


ဓမ္မာနုဓမ္မ = တရားအတိုင်းလိုက်နာသော


မဟာ = သံဃာများပြားသော


ဒွါရ = ဘုရားရှိခိုးရာ၌ (ဒွါရဖြင့်ရှိခိုးသော)၊


နိကာယ = သံဃာ့အစုအဝေး ( ဖြစ်သည်။ )


(ဂ) မူလဒွါရဂိုဏ်း


အုတ်ဖိုဆရာတော်ကြီးပျံလွန်တော်မူပြီးနောက် မဟာဒွါရဂိုဏ်းဝင်သံဃာများသည် လပြည့် လကွယ်ကိစ္စကို 

အခြားဂိုဏ်းသံဃာများနှင့်အတူ 

ပြန်လည်လက်ခံကြသော်လည်း 

အချို့သောဒွါရဂိုဏ်းသံဃာများမှာ 

အုတ်ဖိုဆရာတော်ကြီးချမှတ်ခဲ့သည့် မူအတိုင်း လပြည့်ကျော် (၁)ရက်နှင့် လဆန်း (၁) ရက်တို့တွင် သိမ်ဝင်ဥပုသ်ပြုမြဲ ပြုကြ၏။ 


ထိုသို့မူလအတိုင်းရှိသည့် ဒွါရဂိုဏ်းကို 

မူလဒွါရဟု ခေါ်ဆိုကြသည်။


မူလဒွါရဟူသောအမည်၏ရှေ့တွင် 

'ဓမ္မဝိနယာနုလောမ' ဟုထပ်ဆင့်ဝိသေသနပြုထားသည်။ 

( ဓမ္မ + ဝိနယ + အနုလောမ ) 

သုတ္တံ၊ အဘိဓမ္မာတရားတော်နှင့်လည်းကောင်း၊ ဝိနည်းနှင့်လည်းကောင်းလျော်ညီသောဂိုဏ်းဟုဆိုလို၍ အမည်အပြည့်အစုံမှာ 

'ဓမ္မဝိနယာ နုလောမူလဒွါရနိကာယ' ဂိုဏ်းဟုခေါ်ဆိုကြသည်။


စကားချပ်။

ဒွါရဂိုဏ်းချုပ်ဆရာ‌တော်မှာ (ပဲခူးတိုင်း အုတ်ဖိုမှမဟုတ်ပါ။) ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် အင်္ဂပူရမှ အုဂ်ဖိုရ်လို့ စကားလုံးပြောင်းခေါ်ကြတာဖြစ်ပြီး၊ နောက်ပိုင်းမှ အင်္ဂပူလို့ ပြောင်းခေါ်ကြသည်ဟုလည်း သိရှိရပါသည်။)


(၆) #ဝေဠုဝန်နိကာယဂိုဏ်း


ရန်ကုန်မြို့၊ ဗဟန်းရပ်ကွက်၊ 

သီလရှင်ကျောင်းအတွင်းရှိ 

ဝါးကျောင်း၌နေထိုင်သောကြောင့် 

ယင်းဆရာတော်ကို ဝေဠုဝန်ဆရာတော်ဟုခေါ်ဆိုကြသည်။ 


ယင်းဆရာတော်သည် ဗဟန်းဝေဠုဝန်ကျောင်းတိုက်ကို တည်ထောင်ပြီးနောက် အင်းလျားဝေဠုဝန်ကျောင်းတိုက်၊ စမ်းချောင်းဝေဠုဝန်ကျောင်းတိုက်၊ ပုသိမ်နှင့်မြန်အောင်မြို့များရှိ ဝေဠုဝန်ကျောင်းတိုက်များကို တည်ထောင်ခဲ့သည်။ 


ယင်း၏တပည့်သံဃာများကို 

ဝေဠုဝန်ဂိုဏ်းဟုခေါ်ဆိုကြသည်။

ဒွါရဂိုဏ်းနှင့်ပေါင်းသင်းဆက်ဆံသဖြင့် 

'ဝေဠုဝန်ဒွါရဂိုဏ်း'ဟုလည်း ခေါ်ဆိုကြသည်။


(၇) #စတုဘုမ္မိက_မဟာသတိပဌာန်ငှက်တွင်းဂိုဏ်း


စစ်ကိုင်းမြို့၏အနောက်ဘက် 

မင်းဝန်တောင်တန်း၌ ပုဇဉ်းထိုးငှက်များ

တွင်းတူးရာမှ လိုဏ်ဂူဖြစ်လာပြီး 

ယင်းငှက်တွင်းများရှိသောနေရာ၌

တည်ရှိသောဘုန်းကြီးကျောင်းကို 

ငှက်တွင်းချောင်ဟုခေါ်ဆိုကြသည်။ 


ယင်းငှက်တွင်းချောင်ဆရာတော်ဦးပဏ္ဍဝသည် မင်းတုန်းမင်းလက်ထက်၌ 

မဟာသတိပဌာန်သုတ်တော်လာ 

(၃၂)ကောဠာသကမ္မဌာန်းကို

ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသသည်။ 


ထို့အပြင် အစဉ်အလာအားဖြင့် 

ကာမ၊ ရူပ၊ အရူပ ဟူသော (ဘုံ၃ပါး) ကို ဟောပြောလေ့ရှိရာမှ နိဗ္ဗာန်ကိုပင် ဘုံတစ်ခုအနေဖြင့်ထည့်သွင်း၍ 

ဘုံ (၄) ပါးရှိသည်ဟု ဟောပြောခဲ့ခြင်းကြောင့် စတုဘုမ်မိက 

(စတု=လေး၊ ဘုမ္မိက= နေရာ/တည်ရာဌာနဘုံရှိခြင်း) ဟု အမည်တစ်ခု ထပ်ဆင့်တိုးခဲ့သည်။ 


ထို့ကြောင့် ဤဂိုဏ်းကို 

စတုဘုမ္မိကမဟာသတိပဌာန်

ငှက်တွင်းဂိုဏ်းဟုခေါ်ဆိုကြသည်။


(ဂ) #ဂဏဝိမုတ်ကူးတို့ဂိုဏ်း


ထားဝယ်မြို့နယ်၊ ကူးတို့ရွာ

ဆရာတော် ဦးက္ကုန္ဒဝံသသည် 

တောရဆောက်တည်၍ တရားကျင့်သုံးလျက်ရှိသည်။ သုဓမ္မာဂိုဏ်းချူပ်၊ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်များက 

မကြာခဏ ဆင့်ခေါ်သဖြင့် 

ယင်းသို့ဆင့်ခေါ်ခံရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် မန္တလေး၊ သုဓမ္မာ သာသနာပိုင်ထံ မေတ္တာစာတင်သွင်းခဲ့သည်။ 


သာသနာပိုင်ပခန်းဆရာတော်က 

၁၂၅၈ ခုနှစ်တွင် ယင်းတောရကျောင်းဆရာတော်ကြီးကို ဆင့်ခေါ်ခြင်းမပြုနိုင်စေရန် သုဓမ္မာဂိုဏ်းမှ အလွတ် 'ဂဏဝိမုတ္တိ' (ဂဏ=ဂိုဏ်း၊ ဝိမုတ္တိ=လွတ်ခြင်း) ဟု စာချွန်တော်အမိန့် ထုတ်ပြန်ပေးခဲ့သည်။


ထို့ကြောင့်ယင်းဆရာတော်ကြီး၏ 

တပည့်အစဉ်အဆက်တို့ကို 

' ဂဏဝိမုတ္တိကူးတို့' ဂိုဏ်းဟု ခေါ်ဆိုကြသည်။ 


သုဓမ္မာဂိုဏ်းမှအလွတ်ဖြစ်သော

ကူးတို့ရွာမှ ဆရာတော်ကြီး၏ 

တပည့်သံဃာများဟုဆိုလိုသည်။ 

မူလဆရာတော်ကြီးကတော့ 

တောရဆောက်တည်လို့ ကင်းလွတ်ခွင့်ရတယ်။ အခုတပည့်တွေကရော 

ဆရာတော်ကြီးကဲ့သို့ အားလုံးပဲ တောရဆောက်တည်ကြသလား၊ 

မဆောက်တည်တဲ့ရဟန်းတွေကို 

ကင်းလွတ်ခွင့်ပေးသင့်သလား၊ စဉ်းစားစရာပါပဲ။


(၉) #ဓမ္မယုတ္တိနိကာယ_မဟာရင်ဂိုဏ်း


မဟာရင်ဆရာတော်သည် 

၁၂၀၃ခုနှစ်တွင် ယိုးဒယားနိုင်ငံ၌ မွေးဖွားခဲ့၍ ငယ်မည်မှာ "ဦးရင်"ဖြစ်သည်။ 


ယိုးဒယားနိုင်ငံ 

'ဓမ္မယုတ္တိ နိကာယ' (တမယွတ်)ဂိုဏ်း၌ ရဟန်းပြု၍ ပါဠိစာပေများကို မဟာအဆင့်အတန်းအောင်မြင်သည်အထိ 

စာပေသင်ကြားတတ်မြောက်ခဲ့သည်။ 


ထိုအခါ ဦးရင်အမည်ကို 

မဟာဘွဲ့နှင့်ပေါင်းစပ်၍ မဟာရင်ဖြစ်လာသည်။ မဟာရင် အမည်ရှိဆရာတော်ကြီးသည် မော်လမြိုင်မြို့နယ် 'ကတိုး'ရွာ၌ ကျောင်းတိုက်တည်၍ စာပေပို့ချသည်။ 


ယင်း၏တပည့်သံဃာများကို 

'မဟာရင်ဂိုဏ်း' ဟုခေါ်ဆိုကြသည်။ 

ယိုးဒယားနိုင်ငံရှိ မူလပင်မဂိုဏ်း၏အမည်ကိုပူးတွဲ၍ 

'ဓမ္မယုတ္တိနိကာယ မဟာရင်' ဂိုဏ်း ဟုခေါ်ဆိုကြသည်။


ဓမ္မ = တရားတော်ကို ၊


ယုတ္တိ = အထောက်အထားပြုသော ၊


နိကာယ = သံဃာအစုအဝေး ။ဟူ၍ဖြစ်ပါသည်။


အထက်ပါ......

နိုင်ငံတော်အသိအမှတ်ပြု

သံဃာဂိုဏ်းကြီး ( ၉ ) ဂိုဏ်းတို့သည်

ဘုရားဟောပိဋကတ် ( ၃ ) ပုံအနက် 

သုတ်နှင့်အဘိဓမ္မာတို့တွင် 

အယူအဆတူမျှကြသော်လည်း

စောင့်ထိန်းလိုက်နာအပ်သည့် ဝိနည်းပိုင်းဆိုင်ရာတို့တွင် အလေးအပေါ့ အတိမ်အနက်စသည်ဖြင့် ကွဲလွဲမှုရှိကြသည်ကိုအကြောင်းပြု၍ ကွဲပြားနေကြခြင်းသာ ဖြစ်ပါသည်။


ထို့ကြောင့်ပင်လျှင် 

မြန်မာပြည်၏ရှင်မဟာဗုဒ္ဒဃောသဟုပင် ဂုဏ်ပြုခေါ်တွင်ရသည့်

တောင်မြို့(အမရပူရမဟာဂန္ဓာရုံ)

ဆရာတော်အရှင်ဇနကာဘိဝံသက 

သံဃာအစည်းအဝေး တစ်ခုတွင် 

အဆိုပါဂိုဏ်းများအားလုံးဖျက်သိမ်းပြီး 

ထေရဝါဒစစ်စစ်သံဃာဟုသာ သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ဖူးကြောင်း မှတ်သားကြည်ညိုခဲ့ရဖူးပါသည်။


ခေတ်အမြင်ရှိလှသော 

ဆရာတော်၏ဥာဏ်တော်ကိုသာ 

ကြည်ညိုဦးခိုက်ရပါသည်။


သို့သော်....

ထိုစဉ်က အကြောင်းကြောင်းများကြောင့် ဆရာတော် ဘုရား၏ရည်မှန်းချက် မအောင်မြင်ခဲ့ရပေ....။


တစ်ချိန်သောအခါတွင်ကား 

ဆရာတော်မျှော်မှန်းသကဲ့သို့ 

ဖြစ်လာနိုင်ပါစေ ဟုသာ.......

မျှော်လင့်ဆုတောင်းမိပါသည်။


ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။


#Credit မူရင်းရေးသားသူ

#OldBurma

#ရှေးရှေးတုန်းကဗမာပြည်

Wednesday, May 8, 2024

ကွန်ပျူတာတွေမှာ Virus ရှိနေရင်

 


°°°°°°°°°°°°°°°°°°°°

ကိုယ့်ကွန်ပျူတာတွေမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတလ်... Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါတလ်.....


အရင်ဆုံးစစ်ဆေးကြည့်ရှု ရမှာကတော့ ...

  Tools Menu က Folder Options ပျောက်နေခြင်း

  Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျနေခြင်း

  Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း

  Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း

  Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း


  Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း  Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း  Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း  My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)


  Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)


အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပျူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။


အရင်ဆုံး System Restore Point တစ်ခုကို ဖန်တီးပါ။


Start > All Programs > Accessories > System Tool > System Restore ကိုဖွင့်ပါ။ Create a restore point ကိုရွေးပြီး Next ကိုနှိပ်ပါ။ Restore point description မှာ နာမည်တစ်ခုပေးပါ။ (ဥပမာ Before Repair ဆိုတာလိုမျိုးပေါ့။) ပြီးရင် Create ကိုနှိပ်ပါ။ Restore Point Created လို့ပေါ်လာရင် Restore point တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ပါပြီ။ Close ကိုနှိပ်ပြီး ထွက်ပါ။


Registry Editor ကိုအသုံပြုပြီး ပြင်ဆင်မှာ ဖြစ်လို့

Registry Database ကို backup လုပ်ထားနည်း

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Start > Run ကိုဖွင့်ပါ။ regedit လို့ရိုက်ထည့်ပါ။ File > Export ကိုရွေးပါ။ နာမည်တစ်ခုကို ပေးပြီး save လုပ်ပါ။


Windows ကို Repair လုပ်နိုင်ဖို့ အတွက် Windows ခွေ တစ်ချပ်ရှိထာဖို့လိုပါလိမ့်မယ်။ ( Windows CD တိုင်းကတော့ Windows ကို Repair လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။)

System Restore Point နဲ့ Registry ကို backup လုပ်ပြီးပြီးဆိုရင် အရေးကြီးတာတစ်ခု လုပ်ရပါလိမ့်မည်။ Data တွေကို Backup လုပ်ထားဖို့ပါပဲ။


Task Manager, Registry Editor & Folder Options ကိုဖော်ယူခြင်း

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Task Manager, Registry Editor and Folder Option ကိုဖော်ယူဖို့အတွက် အရင်ဆုံး ကွန်ပြူတာမှာ Virus ကင်းဖို့လိုပါသည်။


ပထဆုံး Task Manager ပွင့်၊ မပွင့် ကြည့်ပါ။ Start > Run မှာ taskmgr လို့ရိုက်ထည့်ပါ။ (Crtl + Alt + Del). Task manger has been disabled by your administrator”

လို့တွေ့ရရင် Task Manger ကို Virus ကတော့ပိတ်သွားပြီလို့ ယူဆနိုင်ပါတယ်။ Task Manager ကို registry ကနေပြန်ဖွင့်ရလိမ့်မယ်။


Start > Run မှာ regedit လို့ရိုက်ထည့်ပါ။ Registry ပွင့်တယ်ဆိုရင် Task Manager and Folder Options ကို Manual ပြန်ဖွင့်လို့ရပါတယ်။

 Registry ကိုဖွင့်ပြီး

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\Explorer မှာ No Folder Options ဆိုတဲ့ Key ကိုတွေ့ရင်ဖျက်ပါ။ (Right Click > Delete) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\System မှာ “Disabled TaskMgr” ဆိုတဲ့ Key ကို တွေ့ရင်လည်းဖျက်ပါ။


HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Run (AND) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\Run က Key တွေအားလုံးကိုလည်းဖျက်ပါ။ 


အဲဒါတွေက ကွန်ပြူတာ ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် Program စာရင်းတွေဖြစ်ပါတယ်။ Virus က အဲဒီ နေရာကနေ စတင် Run တာပါ။ အားလုံးပြီးရင်တော့ ကွန်ပြူတာကို Restart ချပါ။ Folder Options and Task Manager ပြန်ရမရစစ်ပါ။ ပြန်မရဘူးဆိုရင် Registry ကိုပြန်ဖွင့်ပြီး HKEY_CURRENT_USER\ Software\ Microsoft\Windows\C urrentVersion\ Policies\ Explorer ကိုပြန်သွားပါ။ “No Folder Options” ပြန်ရောက်နေတယ်ဆိုရင် Virus မသေသေးပါဘူး။ Virus ကိုအရင်သတ်ပါ။


အကယ်၍ Registry ပွင့်ပြီး ကွန်ပြူတာ Restart ကျသွားရင်တော့ ကွန်ပြူတာမှာ Virus ရှိနေပါသေးတယ်။ ပြီးတော့ Run လည်း run နေသေးပါတယ်။ Virus ကင်းအောင် အရင် လုပ်သင့်ပါတယ်။ (Kaspersky ကိုအသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။)


ဒါမှမဟုတ် “Registry editing had been disabled by your administrator” လို့တွေ့ရရင် Registry ကိုလည်း Virus ကပိတ်သွားပါပြီ။ အဲဒါဆိုရင်တော့ Tools တစ်ခုခုသုံးမှအဆင်ပြေနိုင်ပါတော့မည်။ (e.g Cover XP). အဲဒါတွေအပြင် iRepair Man လို့ခေါ်တဲ့ Program လေးတစ်ခုကို အသုံးပြုနိုင်ပါသည်။ သူက Folder Options, Task Manager and Registry ကိုပြန်ဖွင့်ပေးပါလိမ့်မည်။ http://www.isoft.ygn.cc မှာ Download ချယူနိုင်ပါသည်။


Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း။


Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း ဖြစ်နေပြီးဆိုရင်တော့ အဲဒီ Folder ဟာ User ရဲ့ Folder အရောင်ဆောင်ထားတဲ့ Virus တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ File ကို Right click နှိပ်ပြီး Type of file မှာကြည့်ကြည့်ပါ။


File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေတယ်။ User ဟာ Folder ကို Double click လုပ်လိုက်ပြီဆိုတာနှင့် ကွန်ပြူတာထဲကို Virus ကတန်းဝင်သွားပါပြီ။


များသောအားဖြင့် Virus ကိုက်နေတဲ့ စက်မှာ သွားတပ်မိတဲ့ Memory Stick တွေမှာ တွေ့ရများပါသည်။


မှိန်နေတဲ့ Folder တွေကတော့ User ရဲ့ Folder အစစ်တွေပါပဲ။ ထင်းနေတဲ့ Folder တွေကတော့ Folder အယောင်ဆောင် File လေးတွေပဲဖြစ်ပါတယ်။ File ကို Select လုပ်လိုက်တဲ့ အခါ Detail မှာ Application လို့ပေါ်နေတာကို သတိထားမိမှာပါ။ မှိန်နေတာလေးတွေကို မြင်ရတယ်ဆိုရင်တော့ ဒီ Folder တွေပါဝင်တဲ့ Drive တစ်ခုလုံးကို Virus Scan စစ်ပေးပါ။ ထင်းနေတဲ့ အယောင်ဆောင် Virus အားလုံးကိုတော့ Antivirus Software ကဖျက်သွားပါလိမ့်မယ်။ မှိန်နေတဲ့ Folder တွေကို Select လုပ်ပြီး File > Properties ကိုရွေးပါ။ Hidden မှာ Click ဖြုတ်ပါ။ Apply > OK ကိုနှိပ်ပါ။ ပြန်မြင်ရပါလိမ့်မည်။


တကယ်လို့ မမြင်ရတော့ဘူးဆိုရင် Tools > Folder Options > View > Do not show hidden files and folder ကိုရွေးထားမိလို့ မမြင်ရတာပါ။ အဲဒါကို Show hidden files and folder ကို ပြောင်းရွေးရင် Hide ဖြစ်နေတာတွေပြန်မြင်ရလာမှာပါ။ တစ်ခါတစ်လေမှာ Show hidden files and folder ကိုရွေးတာတောင် Tools > Folder Options > View > Do not show hidden files and folders ကိုပြန်ရွေးကြည့်ရင် Do not Show ပဲပြန်ဖြစ်နေတတ်ပါတယ်။ (အဲဒါက Rootkit တွေကြောင့်ဖြစ်တဲ့ ပြဿနာပါ။


 Windows ကို repair လုပ်မှပြန်ကောင်း လာတော့မှာ ဖြစ်ပါတယ်။) နောက်ထပ်တစ်ခုကတော့ keyboard ပေါ်က F3 ကိုနှိပ်ပါ။ Search Box တက်လာရင် All files and folders ကိုရွေးပါ။ More advanced Options က Search hidden files and folders ကိုအမှန်ခြစ်လုပ်ပေးပါ။


All or part of the file name မှာ *.* လို့ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ။ မှိန်နေတဲ့ Folder တွေကို select လုပ်ပြီး File > Properties ကိုရွေး၊ Hidden မှာ အမှန်ခြစ်ဖြုတ်ပြီး Apply > OK ကိုရွေးလိုက်ရင် ရပါပြီ။


သူများစက်မှာ သွားတပ်လာတဲ့ Memory stick ကို ကိုယ်စက်မှာတပ်ပြီးရင် Double click မနှိပ်လိုက်ပါနှင့်။ Virus ပါလာတယ်ဆိုရင် ချက်ချင်းကူးနိုင်ပါသည်။ Antivirus Software နှင့် Scan အရင်စစ်ကြည့်ပါ။ Antivirus Software မရှိဘူးဆိုရင် Drive ကို Right Click နှိပ်ကြည့်ပါ။ Open ကထိပ်ဆုံးရောက်နေရင် Memory Stick ထဲမှာ Virus ၀င်နေပါတယ်။


Anti-Virus Software တစ်ခုခုတင်ပြီးတော့ Scan လုပ်ကိုလုပ်ရပါတော့မည်။

Wednesday, May 1, 2024

အင်ဗာတာ(Inverter)အဲကွန်းနဲ့ ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ?

 ⛔⛔အင်ဗာတာ(Inverter)အဲကွန်းနဲ့ ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ?#ဘယ်ဟာကပိုကောင်းသလဲ?




♦ကျနော့်ကို ဘယ်အဲကွန်းကကောင်းသလဲလာမမေးပါနဲ့

ကျနော်မဖြေတတ်ဘူး

♦ဘယ်အဲကွန်းကမီတာခသက်သာလဲလာမေးမယ်?

အအေးနှုန်းကစက်မှာဖော်ပြတဲ့အတိုင်းတကယ်ဟုတ်ရဲ့လားလာမေးမယ်?

ဘယ်စက်တာရှည်ခံလဲလာမေးမယ်?

ဘယ်စက်အပိုပစ္စည်းပေါလဲလာမေးမယ်?

အာမခံစိတ်ချရလားလာမေးမယ်

ဆိုရင်တော့ တိတ်တိတ်ကလေးလာမေးပါ ကျနော်သိတာ လေးဖြေပေးပါမယ်။


🛑အင်ဗာတာဖြစ်စေရိုးရိုးဖြစ်စေ

အဲကွန်းတိုင်းက အခန်းထဲကအပူကို စုပ်ယူပြီး

အောက်ဒိုးယူနစ်ကနေ အပြင်ကို 

အပူစွန့်ထုတ်ပေးတာချင်းအတူတူပါ။

အအခန်းကိုအေးအောင်လုပ်​ ပေးတာချင်း အတူတူပါ။


🛑ပါဝင်တဲ့အစိတ်အပိုင်းအတွေကလည်းတူသလို

အလုပ်လုပ်ပုံကလည်းအတူတူပါ။


🛑ဒါဆိုဘာက မတူတာလဲဆိုရင် 

#အင်ဗာတာအဲကွန်းမှာတော့

ပါဝင်တဲ့အစိတ်အပိုင်းတွေထဲကမှ

 လျှပ်စစ်သုံးပြီးလည်ပတ်နေရတဲ့ မော်တာတွေဖြစ်တဲ့

♦️အခန်းတွင်းအင်ဒိုးယူနစ်တွေထဲကပန်ကာမော်တာ၊♦️အောက်ဒိုးယူနစ်တွေထဲကကွန်ပရက်ဆာမော်တာနဲ့ပန်ကာတွေရဲ့အလုပ်လုပ်တဲ့ အမြန်နှုန်းက အခန်းရဲ့အပူချိန်၊ရာသီဥတုနဲ့လူဦးရေလိုက်လို့ အလိုအ​ လေျာက် ပြောင်းလဲပြီး အတိုးအလျော့လုပ်လို့အမြန်နှုန်းကို ကစားပေးနိုင်တာပါ။ 


အဲဒီလိုအမြန်နှုန်းလျော့တော့ ဘာဖြစ်လဲဆိုရင် ကြာရှည်သုံးတဲ့အခါ ပျမ်းမျှအနေနဲ့တွက်ရင် မီတာခသက်သာတာပါပဲ။


💢မော်တာတွေရဲ့ လည်ပတ်နှုန်းက ၂၀%လျော့သွားတိုင်းအကြမ်းအားဖြင့် လျှပ်စစ်စားသုံးမှုက ၄၀% ကျော်လောက်သက်သာတာပါပဲ။


🛑ရိုးရိုးအဲကွန်းကတော့

ပန်ကာမော်တာတွေနဲ့ကွန်ပရက်ဆာရဲ့လည်နှုန်းက

အခန်းထဲမှာအေးသည်ဖြစ်စေပူသည်ဖြစ်စေ

ချိန်ညှိထားတဲ့အပူချိန်ထိမအေးမချင်း

လူကချိန်ထားတဲ့အတိုင်းလည်ပတ်နှုန်း

မပြောင်းလဲပဲစက်ကပုံသေအမြင့်ဆုံး

အမြန်နှုန်းနဲ့အမြဲအ လုပ်လုပ်နေမှာပါ။


သတ်မှတ်အပူချိန်ရောက်ပြီဆိုရင်လုံးဝရပ်သွားပြီး

အခန်းရဲ့အပူချိန်က ပြန်တက်ပြီး သတ်မှတ်ချိန်ညှိထားတဲ့အပူချိန်ကျော်တာနဲ့ ပြန်လည်ပါတယ်။


(ကွန်ပရက်ဆာက ခဏခဏ လည်လိုက်ရပ်လိုက်လုပ်ရင်

သက်တမ်းတိုနိုင်ပါတယ်၊ စမောင်းမောင်းချင်းမှာ

လျှပ်စစ်ဆွဲအားကိုများလို့ အကြိမ်ရေများများလည်လိုက်ရပ်လိုက်ဖြစ်လေ

လျှပ်စစ်စွမ်းအင်ပိုကုန်လေပါ)




🛑အင်ဗာတာတွေမှာကတော့အခန်းထဲမှာ

ပူနေရင် ကွန်ပရက်ဆာနဲ့ပန်ကာတွေကို

မြန်မြန်လည်ပြီး အခန်းကိုသတ်မှတ်ထားတဲ့

အပူချိန်အနေအထားထိအေးစေဖို့

မြန်မြန်အလုပ်လုပ်ပေးမှာပါ ။

အေးမြသွားရင်တော့ လည်နှုန်းကိုလျော့ချပြီး

စွမ်းအင်ကိုချွေတာပေးပါလိမ့်မယ်။

အခန်းထဲမှာအရမ်းပူချိန်ဆိုရင်တော့ သူ့ရဲ့ကွန်ပရက်ဆာနဲ့ပန်ကာ‌ မော်တာတွေရဲ့လည်ပတ်နှုန်းက သာမာန်အဲကွန်းက လည်ပတ်နှုန်းထက်မြင့်သွားလို့ လျှပ်စစ်ပိုကုန်တဲ့အချိန်လည်းရှိပါတယ်။‌


♦️♦️အရေးကြီးတဲ့တချက်က

အင်ဗာတာအဲကွန်းသုံးတဲ့ အခန်းဟာ အပူမလုံ၊လေမလုံရင်၊စက်ရဲ့Capacityနဲ့မကိုက်ညီပဲ စက်အရွယ်ကသေးနေရင်အဲကွန်းကွန်ပရက်ဆာက High Speedနဲ့လည်‌ နေမှာဖြစ်လို့ လျှပ်စစ်စွမ်းအင်ပိုသုံးစွဲပြီးမီတာခပိုကုန်ကျနိုင်ပါတယ်။


(လျှပ်စစ်မော်တာတွေက လည်နှုန်းမြန်လေလေ လျှပ်စစ်စွမ်းအင်သုံးစွဲမှုပိုများလေလေပါ)


🛑အဲဒီလိုအခန်းမှာ

သတ်မှတ်အပူချိန်ရောက်ပြီဆိုတာနဲ့

အင်ဗာတာအဲကွန်းအများစုက ရိုးရိုးအဲကွန်းတွေမှာလို ကွန်ပရက်ဆာနဲ့ အောက်ဒိုးယူနစ်ကြီးတခုလုံးကို

လုံးဝရပ်တန့်ပစ်တာမျိုးမလုပ်ပဲ စက်ရပ်မပစ်ပဲ

အနိမ့်ဆုံးလည်ပတ်နှုန်းနဲ့ဆက်ပြီးတော့

လည်ပတ်နေစေပြီး လျှပ်စစ်ကိုချွေတာရင်း

အခန်းရဲ့အပူချိန်ကိုထိန်းပေးထားတဲ့အတွက်

ရံဖန်ရံခါ အပူများများထုတ်ဖို့ အခန်းကိုမြန်မြန်ပြန်အေးစေဖို့ လိုတဲ့အချိန်ကလွဲလို့

အမြဲတမ်းကြီး မြန်နှုန်းမြင့်မြင့်နဲ့လည်နေစရာမလိုပဲ

အခန်းကိုအေးနေအောင် 

အငြိမ်ထိန်းထားနိုင်ပါတယ်။


⛔အဲဒီလိုမတူညီမှုတွေကနေ

သုံးစွဲသူတွေအတွက်ဘာတွေ

အားသာစေသလဲဆိုရင်တော့


♦️ရိုးရိုးအဲကွန်းတွေကစက်မောင်းနေတဲ့တလျှောက်

အခန်းကသတ်မှတ်ထားတဲ့အပူချိန်ထိမအေးမချင်း

ပုံသေနှုန်းနဲ့ လည်နေတဲ့အတွက် နာရီနဲ့အမျှ လျှပ်စစ်

ကပုံသေနှုန်းနဲ့ကုန်နေပြီး မီတာခတက်နေမှာပါ။




⛔ပြည်တွင်းမှာရောင်းချနေတဲ့

ရိုးရိုးအဲကွန်းတွေအများစုကတော့ 

9000BTU/hr (တကောင်စက်)

တနာရီမောင်းရင် စက်အများစု

မီတာယူနစ်အနေနဲ့( 0.9)ယူနစ်

(တယူနစ်နီးပါ) တက်ကြပါတယ်။

တချို့စက်အနည်းစုပဲ 

တနာရီကို (0.7)ဝန်းကျင်လောက်သာတက်တာပါ။


⛔တနေ့ကို (၁၀) နာရီသုံးမယ်ဆိုရင်တော့

စက်အမျိုးအစားလိုက်လို့တနေ့ကို

လျှပ်စစ်ယူနစ် (၇) က ယူနစ်(၉) ကြား

ကုန်ကျပါလိမ့်မယ်။ တနှစ်ဆိုရင်တော့


✍🏻၉ ယူနစ် × ၃၆၅= ၃၂၈၅ယူနစ် ယူနစ်ကုန်ပါမယ်။♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️


✍🏻မီတာခအနေနဲ့ ၃၂၈၅ × ၁၂၀= ၃၉၄၀၀၀ ကုန်ကျနိုင်ပါတယ်။

၁၀နာရီထက်ပိုမောင်းရရင်တော့ ဒီထက်ပိုကုန်ပါမယ်။

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️


⛔အဲဒီအချိန်မှာ အင်ဗာတာအဲကွန်းကိုသုံးရင်တော့

တနေ့စာအတွက် ကွန်ပရက်ဆာနဲ့မော်တာတွေဟာ

အခန်းထဲမှာအေးနေချိန်

မလိုအပ်ရင်ဖြည်းဖြည်းပဲလည်လို့

လည်နှုန်းလျော့လေလေ လျှပ်စစ်စွမ်အင်ကုန်တာ

သက်သာလေလေပါ။အဲဒါကြောင့် စက်သံလည်းငြိမ်တဲ့အပြင် မီတာခလည်းသက်သာစေပါတယ်။


⛔ရိုးရိုးစက်နှင့်ယှဉ်ရင်စက်အမျိုးအစားလိုက်လို့ ၃၀%ကနေ ၅၀%ကျော်ထိသက်သာနိုင်ပါတယ်။


⛔ဂျင်းအာဗာတာစက်တွေလည်းအများကြီးရှိပါတယ်။

ဆိုလိုတာက ရိုးရိုးNon inverterနဲ့ဘာမှမထူးတဲ့စက်တွေပြောတာပါ။ပိုလာတာက ‌ဆားကစ်တွေပိုလာတော့ မြန်မာပြည်လျှပ်စစ်နဲ့ စက်မြန်မြန်ပျက်တာပါပဲ။


⛔အဲဒါကြောင့်တနှစ်ရဲ့မီတာခအနေနဲ့

တကောင်အားအဲကွန်း(9000Btu/hr)

အင်ဗာတာစက်အမျိုးအစားလိုက်လို့

စက်တလုံးအနေနဲ့တနှစ်ကို 


ကျပ် 120000/- ဝန်းကျင်ကနေ 

200000/- ဝန်းကျင်ထိသက်သာနိုင်ပါတယ်။


⛔အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းရဲ့

ဝယ်ရင်းစျေးထက်

တလုံးကို လက်ရှိပေါက်စျေးအရ

တံဆိပ်အမျိးမျိုးလိုက်လို့ 

၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ပဲပိုကုန်လို့ 

တနေ့ ၁၀ နာရီနဲ့ တနှစ်ကျော်ကျော်

သုံးရင်ကို အတူတူကုန်ကျတာဖြစ်လို့

ရေရှည်မှာ အင်ဗာတာအဲကွန်းက 

ငွေကြေးပိုချွေတာနိုင်မှာပါ။


⛔စက်ရဲ့သက်တမ်းကလည်း ရိုးရိုးစက်နဲ့ယှဉ်ရင်

အရပ်အပြုနည်းလို့ ပိုပြီးသက်တမ်းရှည်ပါလိမ့်မယ်။


⛔အဲကွန်းအလုံးရေအများကြီးသုံးတဲ့ ဟော်တယ်၊တည်းခိုခန်းလို

အဆောက်အဦးတွေဆိုရင်တော့

အင်ဗာတာအဲကွန်းသုံးတဲ့ အဆောက်အဦးတွေက

အများကြီး ငွေကြေးချွေတာနိုင်မှာပါ။


♦️♦️အားသာချက်အားနည်းချက်အနေနဲ့♦️♦️


⛔အင်ဗာတာအဲကွန်းရဲ့စျေးနှုန်းက 

ရိုးရိုးစက်နဲ့ယှဉ်ရင်အနည်းဆုံး ကျပ်၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ထိပိုနိုင်ပါတယ်။


⛔အင်ဗာတာစက်က လျှပ်စစ်မီးမတည်ငြိမ်အတက်အကျများရင်ရိုးရိုးစက်လိုမဟုတ်မဟုတ်ပဲ လျှပ်စစ်ပိုင်းဆိုင်ရာ

ဆားကစ်တွေ အခန့်မသင့်ရင်ပျက်စီးတတ်ပါတယ်ပါတယ်။

ဒါပေမယ့်ပုံမှန်အားဖြင့်တော့ ဗို့အားနည်းရင်ကို

ကောင်းကောင်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။


⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်

အသံဆူညံမှုပိုနည်းလို့ အခန်းတွင်းမှာပိုပြီး

တိတ်ဆိတ် ငြိမ်သက်နေပါလိမ့်မယ်။အခန်းကို

အမြန်ဆုံးအေးမြစေပါလိမ့်မယ်။

အအေးနှုန်းတည်ငြိမ်စေပါလိမ့်မယ်။


⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်

လည်အားကို အရမ်းမမြင့်စေပဲထိန်းချုပ်ပြီးထားလို့

လျှပ်စစ်သုံးစွဲမှု အများကြီးသက်သာတဲ့အတွက်

လစဉ်မီတာခတော့ ချွေတာနိုင်ပါလိမ့်မယ်။

(စက်အမျိုးအစားလိုက်လို့ လက်ရှိသုံးစွဲနေတဲ့

အဲကွန်းစာရင် မီတာခ ၅၀%ကျော်ထိသက်သာတဲ့

အင်ဗာတာအဲကွန်းအမျိုးအစားတွေကို

ရွေးချယ်ဝယ်ယူသင့်ပါတယ်)


⛔အင်ဗာတာအဲကွန်းဟာ

 ဖုန်နဲ့အညစ်အကြေးထူထပ်ပီး၊ အင်းဆက်ပိုးတွေ များတဲ့နေရာဒေတွေမှာတပ်ဆင်သုံးစွဲရင်တော့ အောက်ဒိုးယူနစ်က လျှပ်စစ်ဆားကစ်တွေကို

ဒုက္ခပေးတတ်လို့ ထိန်းသိမ်းမှုစရိတ်ပိုကုန်ကျနိုင်ပါတယ်။ခဏခဏ Error တက်လို့ပျက်တတ်ပါတယ်။


⛔အင်ဗာတာအဲကွန်းတွေရဲ့အပိုပစ္စည်းတွေဟာရိုးရိုးအဲကွန်းရဲ့အပိုပစ္စည်းတွေနဲ့ယှဉ်ရင်တော့ 

စျေးနည်းနည်းပိုကြီးနိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်

ပြုပြင်နိုင်သူတော့နည်းပါးနေပါသေးတယ်။

ပြုပြင်စရိတ်တော့ ပိုကုန်တာရှိနေပါသေးတယ်။

(အပိုပစ္စည်းတွေတော့အလွယ်တကူရရှိနေပါပြီ)


⛔လူတိုင်းအင်ဗာတာအဲကွန်းတွေသုံးရင်တော့

လျှပ်စစ်စွမ်းအင်ချွေတာနိုင်လို့ သဘာပတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းနိုင်သလို ပိုလျှံတဲ့လျှပ်စစ်ကို

တိုင်းပြည်အနေနဲ့အကျိုးရှိစွာသုံးစွဲနိုင်ပါမယ်။

(သုံးစွဲဖို့လည်းတိုက်တွန်းပါတယ်)။တကယ့်အစစ်ကိုပြောတာပါ။ဂျင်းအင်ဗာတာကတော့မထူးပါ။


အင်ဗာတာအဲကွန်းကို စျေးမတတ်နိုင်လို့သုံးစွဲဖို့အဆင်မပြေသေးရင်တောင်

သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့စွမ်အင်ချွေတာဖို့

အင်ဗာတာမဟုတ်တဲ့ရိုးရိုးအဲကွန်းတွေထဲကမှ တချို့သော အင်ဗာတာအဲကွန်းနီးပါး လျှပ်စစ်သုံးစွဲမှု သက်သာတဲ့ပြည်တွင်းမှာရောင်းချနေပြီဖြစ်တဲ့ EER , COP မြင့်တဲ့ ရာသီဉတုနဲ့ကိုက်ညီတဲ့

အဲကွန်းအမျိုးအစားတွေကိုရွေးချယ်သုံးစွဲကြဖို့

တိုက်တွန်းပါတယ်။


#ကိုနန္ဒမိုး