Sunday, May 14, 2017

Galaxy S8+ vs iPhone 7 Plus Comparison

Samsung Galaxy S8+  နဲ့ iPhone 7 plus ကိုနှိုင်းယှဉ် သုံးသပ်ချက် ။ အဓိကကျတဲ့အချက်အလက်များကိုနှိုင်းယှဉ်သုံးသပ်အမှတ်ပေးလိုက်ပါတယ်။


***Galaxy S8+ vs iPhone 7 Plus Comparison by Thet Naing Soe ***

ဖုန်းရဲ့ရှေ့ဘက်ခြမ်း ဒီဇိုင်းဆန်းသစ်မှု
—————
iPhone 7 Plus ကတော့ရှေ့ဘက်ခြမ်းမျက်နှာပြင်ဒီဇိုင်းပြောင်းလဲမှုမရှိပါဘူး ။ အရင် iPhone 6s Plus ရဲ့ရှေ့မျက်နှာပြင်ဒီဇိုင်းအတိုင်းပါပဲ။ ဒါပေမယ့် Home Button နေရာမှာတော့ Pressure Sensitive Button ဖြစ်သွားပါတယ် ။ တကယ့် Button မဟုတ်တဲ့အတွက် ဖုန်းကိုပါဝါပိတ်ထားတဲ့အချိန်ဆိုရင် သာမန်မျက်နှာပြင်အနေအထားဖြစ်သွားပြီး Home Button နေရာကိုလုံးဝနှိပ်လို့မရတော့ပါဘူး ။ iPhone 6s ကတည်းကပါဝဝင်ခဲ့တဲ့ Force Touch နည်းပညာလည်းဆက်လက်ပါဝင်လာပါတယ်။ Samsung Galaxy S8,S8+ မှာအထင်ရှားဆုံးဒီဇိုင်းပြောင်းလဲသွားမှုကတော့ ဖုန်းရဲ့ မျက်နှာပြင်ပြည့်နီးပါးနေရာယူပြီး Screen မျက်နှာပြင်အနည်းငယ်ရှည်တဲ့ Curved & Rounded Corner Display နဲ့ဒီဇိုင်းထုတ်ထားခြင်းပါ။ Samsung ကတော့ Galaxy S8 ရဲ့ Display အသစ်ကို Infinity Display လို့အမည်ပေးထားပါတယ်။ Galaxy စီးရီးဖုန်းတွေမှာပါနေကျဖြစ်တဲ့ Home Button ဟာလည်း S8,S8+ မှာမပါဝင်တော့ပါဘူး။ S8,S8+ မှာ Home Button လုံးဝမပါဝင်တော့တာတော့မဟုတ်ဘဲ Home, back, multitasking နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက် Button ၃ ခုကိုတော့ ဖုန်းရဲ့အောက်ခြေ Screen ဖန်သားပြင်ရဲ့အောက်ထဲမှာ pressure sensitive button အနေနဲ့ ထည့်သွင်းထားပြီး ဒီ 3D Touch နည်းပညာကိုတော့ Samsung က Invisible Home Button လို့အမည်ပေးထားပါတယ်။ Apple ရဲ့ Force Touch နည်းပညာနဲ့အနည်းငယ်ဆင်တူပါတယ်။ ဖုန်း Screen မျက်နှာပြင်တစ်ခုလုံး Pressure Sensitive ဖြစ်တာမဟုတ်ဘဲ Home Button နေရာတွေသီးသန့်ပဲဖြစ်ပါတယ်။ 3D Touch မဟုတ်မဟုတ်စမ်းချင်ရင် ဖုန်းကို Lock Screen အနေအထားမှာဖြစ်ဖြစ် ဖုန်းရဲ့ Screen အောက်ခြေပိုင်းကိုဖိနှိပ်ကြည့်လိုက်ပါ။ “ဒုတ်” ဆိုပြီး Vibrate တစ်ချက်တုန်ပြီး Screen ပွင့်ပါလိမ့်မယ်။ ဒါကြောင့် Galaxy S8 ဟာသူ့ရဲ့အရင် S7 Edge ထက်သိသာတဲ့ရှေ့မျက်နှာပြင်ဒီဇိုင်းပြောင်းလဲမှုကြီးဖြစ်ခဲ့ပါတယ် ။ S7 Edge ကတည်းကစတင်ပါဝင်ခဲ့တဲ့နည်းပညာဖြစ်တဲ့ Always On Display နည်းပညာလည်းပါဝင်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့ရှေ့ဘက်ခြမ်းမျက်နှာပြင် ဒီဇိုင်းဆန်းသစ်မှုမှာတော့ Galaxy S8+ ကိုအမှတ်ပိုပေးပါတယ်။

Winner - S8+

ဖုန်းရဲ့နောက်ဘက်ခြမ်း ဒီဇိုင်းဆန်းသစ်မှု 
------------
iPhone 7 Plus မှာဆိုရင် ဖုန်းရဲ့ကျောဘက်ခြမ်းမှာသိသာတဲ့ပြောင်းလဲမှုအနေနဲ့ Dual Camera ပါဝင်လာခြင်း ၊ Antenna လိုင်းစင်းများကို ဖုန်းရဲ့ အပေါ် ၊ အောက်ဘောင်အနားသတ်တွင်ပြောင်းလဲနေရာချ ဒီဇိုင်းဆင်ထားခြင်း စသည်ဖြင့် အရင် iPhone 6s Plus ထက်အနည်းငယ်ပိုသိသာစေတဲ့ပြောင်းလဲမှုတွေစတင်လုပ်လာခဲ့ပါတယ်။ ဒါပေမယ့် Dual Camera က Body အပြင်ဘက်ကိုအနည်းငယ်ထွက်နေတာကအနည်းငယ်ရုပ်ဆိုးတယ်လို့ခံစားရပါတယ်။ Galaxy S8 မှာတော့ ဖုန်းရဲ့နောက်ကျောဘက်ခြမ်းဒီဇိုင်းအားဖြင့်သိသာထင်ရှားတဲ့ပြောင်းလဲမှုမရှိပါဘူး ။ ဒါပေမယ့် FingerPrint Sensor ကိုဖုန်းရဲ့ကျောဘက်ခြမ်းမှာ Sensor နေရာသေးသေးရှည်ရှည်ဒီဇိုင်းလေးနဲ့ ကင်မရာရဲ့ဘယ်ဘက်ခြမ်းမှာနေရာချဒီဇိုင်းထုတ်လိုက်ခြင်းက စိတ်ပျက်ဖွယ်အနေအထား ဒီဇိုင်းဖြစ်သွားစေတယ်လို့ယူဆပါတယ်။ FingerPrint Sensor ပေါ်လက်တင်ဖို့လိုလာပြီဆိုရင်ပဲ Sensor နေရာကသေးတာကြောင့် ဟိုစမ်း ဒီစမ်းနဲ့အချိန်ကြာစေပြီး စိတ်ရှုပ်စရာတစ်ခုလိုဖြစ်နေပါတယ်။ Galaxy S7 နဲ့ယှဉ်လိုက်ရင် ဖုန်းရဲ့နောက်ဘက်ခြမ်းမှာ Fingerprint Sensor တစ်ခုပဲပိုလာတယ်လို့ဆိုရမှာပါ။ ဖုန်းရဲ့နောက်ဘက်ခြမ်းဒီဇိုင်းပိုင်းမှာတော့ ဖုန်း ၂ မျိုးစလုံး ကိုအမှတ်တူပေးပါတယ်။

Winner - (None)

Screen အရွယ်အစား
------------
iPhone 7 Plus ကတော့ Screen Size ၅.၅ လက်မပါ ။
S8+ ကတော့ Screen size ၆.၂ လက်မဖြစ်ပါတယ် ။ S8+ က Screen Size ပိုကြီးနေပေမယ့် ဘေးဘောင်နေရာလွတ်သိပ်မထားတော့ဘဲသူ့ရဲ့ Screen ကို ဖုန်းရဲ့ရှေ့မျက်နှာပြင်တစ်ခုလုံးနီးပါး မျက်နှာပြင်ပြည့်နေရာယူထားတဲ့အတွက် Screen Size ကြီးသွားသော်လည်း ဖုန်းအရွယ်အစားအနေနဲ့ကြီးမားသွားခြင်းမရှိပါဘူး ။ ၅.၅ လက်မအရွယ် iPhone 7 Plus နဲ့အရွယ်အစားတူပါပဲ။ ဒါကြောင့် အရွယ်အစားတူချင်းကို Screen size ပိုမိုကြီးမားနေရာရအောင်ပြုလုပ်ပေးထားတဲ့ S8+ ကိုအမှတ်ပိုပေးပါတယ်။

Winner - S8+

Screen အရည်အသွေးနှင့်ကြည်လင်တောက်ပမှု
-------------
၅.၅ လက်မအရွယ် iPhone 7 Plus မှာတော့ Screen Resolution အနေနဲ့ 1,080 x 1,920 pixels အရည်အသွေးရှိ Retina HD Display (IPS LCD) ကိုအသုံးပြုထားပါတယ် ။ Galaxy S8+ မှာတော့ Screen Resolution အနေနဲ့ 1,440 x 2,960 pixel အရည်အသွေးရှိ Quad HD+ Super AMOLED Display ကိုအသုံးပြုထားပါတယ်။ Pixel density
 အနေနဲ့ဆိုရင် iPhone 7 Plus က 401 ppi ၊ Galaxy S8+ က 529 ppi ရှိပါတယ်။ ရုပ်ထွက်ဖော်ပြမှုအရည်အသွေးမှာတော့ HDR ကိုလည်း Support လုပ်တဲ့ S8+ ရဲ့ AMOLED Display ကပိုမိုကောင်းမွန်ပါတယ်။

Winner - S8+

Screen မျက်နှာပြင်ရဲ့ အကြမ်းအတမ်းခံမှု 
---------------
S8+ ရဲ့ Screen မျက်နှာပြင်ကို အပွန်းအစင်းဖြစ်မှုဒဏ်ခံနိုင်တဲ့ Gorilla ရဲ့နောက်ဆုံးထွက် Gorilla Glass 5 မှန်အမျိုးအစားနဲ့ ဖုံးအုပ်ထားပါတယ် ။ Gorilla Glass 5 မှန်အမျိုးအစားဟာ အလွယ်တကူအစင်းမထင်နိုင်ဘူးဆိုပေမယ့် Screen မှန်ကပ် ကပ်သုံးတာအကောင်းဆုံးပါ ။ iPhone 7 Plus မှာတော့ Ion-strengthened glass အမျိုးအစားကိုအသုံးပြုထားပါတယ် ။ iPhone 7 Plus ရဲ့ မှန်မျက်နှာပြင်ကလည်း အပွန်းအစင်းဒဏ်သိပ်မခံနိုင်ပါဘူး ။ သူလည်း Screen မှန်ကပ် မကပ်ပဲသုံးရင်တော့ မှန်မှာ အစင်းလေးတွေသေချာပေါက်ဖြစ်မှာပါ ။ ဒါကြောင့် Screen မျက်နှာပြင်ရဲ့အကြမ်းအတမ်းခံမှုအပိုင်းမှာတော့ Galaxy S8 ကိုအမှတ်ပိုပေးချင်ပါတယ်။

Winner - S8+

ဖုန်းကိုယ်ထည်ရဲ့အကြမ်းခံမှု
----------------
iPhone 7 Plus ရဲ့ကိုယ်ထည်ကိုတော့ 7000 series အမျိုးအစားမာကျောတဲ့အလူမီနီယံကိုယ်ထည်နဲ့ပြုလုပ်ထားပါတယ် ။ S8+ ကိုယ်ထည်နောက်ဘက်မျက်နှာပြင်ကိုတော့ Gorilla Glass 5 မှန်နဲ့ဖုံးအုပ်ထားပါတယ်။ ပြုတ်ကျရင် ကွဲအက်လွယ်မှုအနေအထားမှာတော့ S8 ကပိုပါတယ်။ ဒါကြောင့် ဖုန်းကိုယ်ထည်ပိုမိုအကြမ်းခံမှုပိုင်းမှာကတော့ iPhone 7 Plus ကိုအမှတ်ပိုပေးချင်ပါတယ်။

Winner - iPhone 7 Plus

Camera ပိုင်း feature နှင့်အရည်အသွေး
----------------
iPhone 7 Plus နဲ့ S8+ တို့ရဲ့ Primary Camera တွေဟာ 12MP အရည်အသွေးရှိ Camera တွေဖြစ်ပါတယ်။ Front Camera အနေနဲ့ iPhone 7 Plus က 7MP , S8+ က 8MP Camera တွေကိုတပ်ဆင်ထားပါတယ်။ iPhone 7 Plus ရော S8+ ရောဟာ ဗီဒီယိုရိုက်ကူးရာမှာ အမြင့်ဆုံးအနေနဲ့ 4K Video အရည်အသွေးအထိရိုက်ကူးနိုင်စွမ်းရှိပါတယ်။ ဓာတ်ပုံရုပ်ထွက်ပိုင်းမှာတော့ S8+ Camera နဲ့ရိုက်တဲ့ ဓာတ်ပုံရုပ်ထွက်ဟာ အရောင်ပိုစို ပိုတောက်ပမှုရှိပါတယ် ။ Photo Effect ပါပြီးသားပါ ။ iPhone 7 Plus Camera ကတော့ ပြင်ပသဘာဝအရောင်ရုပ်ထွက်အတိုင်းသာရရှိမှာပါ။ လှပပြီးပြည့်စုံတဲ့ ဓာတ်ပုံအဖြစ်ရှိဖို့ဆိုရင်တော့ Photo Editing App တွေနဲ့စိတ်တိုင်းကျပြန်ပြင်ရမှာပေါ့ ။ ဒါပေမယ့်  S8+ ဟာ Camera ပိုင်းဆိုင်ရာအနေနဲ့ Resolution,Frame Size အမျိုးမျိုးနဲ့ဓာတ်ပုံ/Video များကိုရိုက်ကူးနိုင်ခြင်း ၊ ဗီဒီယိုရိုက်ကူးနေစဉ်တွင် ရွေ့လျားနေသည့်အရာဝတ္တုကို Focus လုပ်ပြီး နောက်ခံကို Blur အနေအထားလုပ်နိုင်သည့်စနစ် ၊ Manual focus, Object tracking, RAW image capture, Touch to focus, Smile detection, Face detection, Voice activation စသည်ဖြင့် Camera ပိုင်းဆိုင်ရာ feature တွေမှာတော့ S7 ထက်ပိုမိုစုံလင်မှုရှိလာတာကိုလည်းတွေ့ရပါတယ် ။ ရှေ့ Selfie Camera အနေနဲ့ဆိုရင်လည်း Wide Selfie အနေအထားတွေကိုလည်းရိုက်ကူးနိုင်ပါတယ်။ iPhone 7 Camera ဟာလည်း Low Light အနေအထားမှာကောင်းမွန်စွာ ဓာတ်ပုံရိုက်ကူးနိုင်လာခြင်း ၊ Dual Camera ရဲ့ Optical Zoom လုပ်ဆောင်ချက် ၊ Protrait Mode စတဲ့ သိသာပြောင်းလဲတဲ့ Camera feature တွေအများကြီးပါဝင်ခဲ့ပါတယ်။ ဒါကြောင့် Camera ပိုင်းဆိုင်ရာတိုးတက်ပြောင်းမှုမှာတော့ ဖုန်း ၂ လုံးကိုယှဉ်တဲ့အခါ  သူ့အားသာချက်နဲ့သူရှိနေတဲ့အတွက် ဖုန်း ၂ မျိုးလုံးကို အမှတ်တူပေးချင်ပါတယ်။  

Winner - (None)

ဖုန်း Memory Storage ပိုင်းဆိုင်ရာအားသာချက် 
—————————
iPhone 7 Plus ကို 32GB, 128GB , 256 GB စတဲ့ Storage ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ SD Card ထပ်စိုက်လို့မရပါဘူး ။ Galaxy S8+ ကတော့ 64GB တစ်မျိုးတည်းနဲ့သာထုတ်လုပ်ပေးထားပါတယ်။ SD Card ထပ်စိုက်နိုင်ပါတယ်။ SD Card ထပ်စိုက်လို့ရတယ်ဆိုပေမယ့် ဖုန်းမှာအသုံးပြုမယ့် Memory Card အရည်အသွေးကြောင့် Card ထဲမှာထည့်ထားတဲ့ Data တွေဆုံးရှုံးနိုင်တဲ့အခြေအနေတစ်ခုကိုတော့ထည့်တွက်ရပါမယ်။ Built-in Storage တစ်ခါတည်းများများပါတာ ၊ သိပ်မလိုရင်လည်း Storage နည်းတာကိုပဲရွေးဝယ်တာ ဒါမှမဟုတ် ကိုယ်အသုံးများမယ်ဆိုရင်လည်းများမယ့်ပမာဏလောက်ကိုတစ်ခါတည်းဝယ်ထားလိုက်တာအကောင်းဆုံးပါပဲ။ ဒါကြောင့် Built-in Memory Storage ပိုင်းဆိုင်ရာ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တဲ့ ၊ Storage ပမာဏ 256GB အထိထုတ်လုပ်ပေးထားပြီး Built-in Storage ပိုင်းရွေးချယ်စရာ ၊ အားသာချက်ပိုရှိတဲ့ iPhone 7 Plus ကိုအမှတ်ပိုပေးပါတယ်။

Winner - iPhone 7 Plus

Security ဆိုင်ရာ Sensor များပါဝင်မှု 
—————————————
iPhone 7 Plus မှာ Lock Screen Passcode ခံထားတဲ့အနေအထားကနေ ၀င်ရောက်ဖို့ ၊ Mobile Payment တွေလုပ်တဲ့အခါ Verify လုပ်ဖို့ Touch ID လို့ခေါ်တဲ့ Fingerprint အသုံးပြုနိုင်တဲ့စနစ်ပါဝင်ပါတယ်။ Galaxy S8+ မှာတော့ Fingerprint Sensor အပြင် မျက်စိနဲ့ Scan လုပ်ဝင်ရောက်နိုင်တဲ့ Iris Scanner ၊ မျက်နှာတစ်ခုလုံးနဲ့ သတ်မှတ်ပြီးဝင်ရောက်နိုင်တဲ့ Face Recognition စနစ်တွေ ၊ တည်နေရာ (သို့) Wifi ကွန်ရက်တစ်ခုခုနဲ့ချိတ်ဆက်မိပါက Lock ဖွင့်ပေးနိုင်တဲ့ Smart Lock စနစ်တွေပါဝင်ပါတယ်။ ဒါကြောင့် ဒီအပိုင်းမှာတော့ လုံခြုံရေးစနစ် တစ်ခုထက်ပိုမိုပါဝင်ပြီး ဆန်းသစ်မှုပိုရှိတဲ့ Galaxy S8+ ကိုအမှတ်ပိုပေးပါတယ်။

Winner - Galaxy S8+

လုံခြုံရေးပိုင်းပိုမိုကောင်းမွန်မှု
———————————
iPhone သုံးသူတော်တော်များများက Apple ID နဲ့ iCloud ထည့်သုံးလေ့ရှိကြတာကိုတွေ့ရပါတယ်။ Apple ရဲ့ iCloud Security ကိုချိုးဖျက်ကျော်လွှားဖို့အင်မတန်မှခက်ခဲပါတယ် ။ Apple ID password မေ့သွားပြီဆိုရင်တော်တော်တိုင်ပတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းပျောက်သွားပြီဆိုရင်တောင်မှ iCloud Website ကနေတဆင့် ဖုန်း data တွေကို Erase လုပ်ပစ်တာမျိုး ၊ ဖုန်းကိုလုံးဝသုံးမရတော့တောင်လုပ်ပစ်တာမျိုးထိလုပ်လိုက်လို့ရပါတယ် (Google ရဲ့ Android မှာလည်း Apple ရဲ့ Find My iPhone feature နဲ့ဆင်တူတဲ့ Android Device Manager  ဆိုတဲ့ feature ရှိပါတယ် ။ Samsung ကလည်း သူ့ရဲ့စမတ်ဖုန်းတွေအတွက် Find My iPhone လိုပဲ Find my mobile ဆိုတဲ့ feature ကိုထုတ်လုပ်ပေးထားပါတယ်)  ။ ဖုန်းကိုခိုးသွားသူ ၊ ကောက်ရသူအနေနဲ့လည်း ယင်း iPhone ကိုသူ့အနေနဲ့အကောင်းပကတိအတိုင်းသုံးရဖို့အခြေအနေ ရာခိုင်နှုန်းအလွန်ပင်နည်းပါတယ်။ Android Lock Security ပိုင်းအနေနဲ့ Google က ယခုနောက်ဆုံး Android version တွေမှာ FRP (Factory Reset Protection) Lock တွေဘာတွေထည့်လာပေမယ့် ဟာကွက်တွေ ယိုပေါက်တွေအများကြီးရှိနေပါသေးတယ်။ ဖုန်းပျောက်သွားခဲ့ရင် ဖုန်းခိုးသွားသူ ၊ ကောက်ရသူက ဒီဖုန်းကို Lock ဖြည်သုံးစွဲနိုင်ဖို့ အခွင့်အလမ်းက ၈၀ ရာခိုင်နှုန်းနဲ့အထက်ရှိပါတယ်။ Android ဖုန်းသုံးသူအများစုက သူတို့ရဲ့ Android ဖုန်းမှာ Google Acc ကိုသာအဓိကထည့်သွင်းအသုံးပြုလေ့ရှိကြတဲ့အတွက် FRP Lock လောက်ကိုပဲအသားပေးပြောလိုက်ရခြင်းပါ။ ဒါကြောင့် Samsung ဖုန်းသုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ ဖုန်းလုံခြုံရေးပိုင်းပိုမိုကောင်းမွန်စေဖို့ ဖုန်းမှာ Google acc အပြင် Samsung Acc ကိုပါပြုလုပ်ထည့်သွင်းသုံးစွဲကြဖို့ အကြံပေးပါရစေ။

Winner - iPhone 7 Plus

VR Glass များနှင့်တွဲဖက်အသုံးပြုနိုင်မှု
——————————————
iPhone တွေဟာ လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ iPhone 7 အထိ VR Glass တွေနဲ့တွဲဖက်သုံးစွဲနိုင်တဲ့ VR နည်းပညာမပါဝင်သေးပါဘူး ။ Samsung ကတော့ VR နည်းပညာမှာအတော်လေးခရီးရောက်နေပြီလို့ပြောလို့ရပါတယ်။ Galaxy S8+ ဟာလည်း VR Glass တွေနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။

Winner - Galaxy S8+

ဘက်ထရီပိုင်းဆိုင်ရာ နှင့် အားအမြန်သွင်းစနစ်ပါဝင်မှု 
——————————————
Samsung Galaxy S8+ မှာ ဘက်ထရီအနေနဲ့ 3500 mAh ပမာဏရှိတဲ့ Battery ကိုအသုံးပြုထားပါတယ်။ iPhone 7 Plus မှာတော့ 2900 mAh ပမာဏရှိတဲ့ Battery ကိုအသုံးပြုထားပါတယ်။ ယှဉ်သုံးကြည့်တဲ့အခါ Samsung Galaxy S8+ ရဲ့ ဘက်ထရီ က iPhone 7 Plus ထက်တစ်နာရီခန့်ပိုမိုအသုံးခံပါတယ်။ Samsung Galaxy S8+ မှာ Fast Charge လို့ခေါ်တဲ့အားအမြန်သွင်းစနစ်ပါဝင်ပါတယ်။ Wireless အားသွင်းစနစ်လည်းပါဝင်ပါတယ်။ iPhone 7 Plus မှာတော့ အားအမြန်သွင်းစနစ်ရော Wireless အားသွင်းစနစ်ရောပါဝင်ခြင်းမရှိသေးပါဘူး ။

Winner - Galaxy S8+

Processor , RAM အသုံးပြုထားမှုနှင့် Performance
——————————————
Processor အနေနဲ့ဆိုရင်တော့ Galaxy S8+ မှာ Samsung Exynos 8895 (1.9GHz octa-core) ကိုအသုံးပြုထားပါတယ်။ US မှာရောင်းတဲ့ Galaxy S8+ တွေကိုတော့ Snapdragon 835 ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပါတယ်။ iPhone 7 Plus ကတော့ Apple ရဲ့ A10 Fusion Processor ကိုအသုံးပြုထားပါတယ်။ RAM အနေနဲ့ 3GB ပါဝင်ပါတယ်။ ဒီအပိုင်းမှာတော့ ဖုန်း ၂ လုံးရဲ့Processor,RAM အသုံးပြုထားမှုဟာ ဖုန်းရဲ့ Performance ကိုတိုက်ရိုက်သက်ရောက်တာမဟုတ်ဘဲ Operating System ပေါ်မှာလည်းတည်မှီနေသေးတာကြောင့် RAM များတိုင်း ပိုကောင်းမယ် ၊ RAM နည်းတိုင်း Performance လျော့မယ်လို့မဟုတ်ပါဘူး။ OS အပေါ်မူတည်ပြီးသူ့အားသာချက်နဲ့သူရှိပါတယ်။ Exynos အသုံးပြုထားတဲ့ S8+ နဲ့ A10 Fusion Processor အသုံးပြုထားတဲ့ iPhone7 Plus တို့ကို Antutu Benchmark app နဲ့စမ်းသပ်ကြည့်တဲ့အခါမှာတော့ iPhone 7 Plus က ရမှတ် 181421 ၊ Exynos Chipset သုံးထားတဲ့ Galaxy S8+ က 17693  မှတ်ရရှိထားတာကိုတွေ့ရပါတယ်။ App တွေယှဉ် run ကြည့်တဲ့အခါမှာလည်း သာမန် app တွေကိုယှဉ် run ကြည့်တဲ့အခါ ၊ Web Browsing ပိုင်းကိုယှဉ် run ကြည့်တဲ့အခါ S8+ ကပိုမိုမြန်ဆန်ပြီး File size များတဲ့ App (Game အကြီးစားတွေ) ကိုယှဉ်ဖွင့် ကြည့်တဲ့အခါ iPhone 7 Plus က ဂိမ်းထဲကိုအရင်ရောက်ပါတယ်။ S8+ ကတော့ 3 စက္ကန့် ၄ စက္ကန့်လောက်အနည်းငယ်လေးနောက်ကျပါတယ်။ RAM , Processor အားဖြင့် S8+ ကပိုသာလွန်သော်လည်း Performance အားဖြင့် iPhone 7 Plus ကလည်း တန်းတူနီးပါးစွမ်းဆောင်နိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့် Performance ပိုင်းဆိုင်ရာမှာတော့  iPhone 7 Plus ကိုအမှတ်ပိုပေးချင်ပါတယ်။

Winner - iPhone 7 Plus

AI Assistant ပါဝင်မှု (Siri Vs Bixby) 
—————————
iPhone နဲ့ iPad တွေမှာ ပါဝင်တဲ့ Siri ဆိုတာ အသံနဲ့ စေခိုင်းနိုင်တဲ့ Apple ရဲ့ AI  Assistant နည်းပညာတစ်ခုဖြစ်ပါတယ်။ Siri ကိုအသုံးပြုပြီး ကိုယ်သိချင်တာတွေရှာခိုင်းတာ ၊ ဖုန်းထဲက Function တော်တော်များများကိုအသံနဲ့ခိုင်းနိုင်တာစတာတွေပြုလုပ်နိုင်ပါတယ်။ Samsung Galaxy S8+ မှာလည်း ဖုန်းကိုအသံနဲ့အမိန့်ပေးစေခိုင်း ၊ သိလိုရာမေးနိုင်မယ့် Bixby လို့ခေါ်တဲ့ Virtual Assistant လည်းပါဝင်လာပါပြီ ။ Bixby ဟာ Samsung ရဲ့ AI နည်းပညာအသစ်ဖြစ်ပြီး Apple ရဲ့ Siri ကိုယှဉ်ပြိုင်မယ့် နည်းပညာသစ်ဖြစ်ပါတယ်။ ဒါပေမယ့် Bixby ရဲ့ feature တစ်ချို့တစ်ဝက်ကိုသာအသုံးပြုနိုင်သေးပြီး အစုံအလင်ကိုတော့လက်ရှိမှာအသုံးမပြုနိုင်သေးပါဘူး ။ Bixby ဟာ Siri ကိုလောလောဆယ်တော့ မယှဉ်နိုင်သေးဘူးလို့ဆိုရမှာပါ။

Winner - iPhone 7 Plus

ရေစိုရေစိမ် ၊ အမှုန်ဝင်မှုဒဏ်ခံနိုင်စွမ်း
——————————————
iPhone 7 Plus နဲ့ Galaxy S8 + ဖုန်း ၂ မျိုးစလုံးဟာ ရေစိုရေစိမ် ၊ မြင်နိုင်မမြင်နိုင်တဲ့အမှုန်ဝင်မှုဒဏ်တွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ iPhone 7 Plus ရဲ့ရေစိုရေစိမ်ခံနိုင်စွမ်း Standard အနေနဲ့ IP67 အဆင့်ကိုသတ်မှတ်ထားပါတယ်။ IP67 ဆိုတာကတော့ ရေအနက် ၁ မီတာ (၃.၃ ပေအနက်) မှာ မိနစ် ၃၀ အထိရေစိမ်ခံနိုင်စွမ်းအဆင့်ဖြစ်ပါတယ်။ Galaxy S8+ ရဲ့ရေစိုရေစိမ်ခံနိုင်စွမ်းကတော့ IP68 အဆင့်ဖြစ်ပါတယ်။ IP68 ဆိုတာကတော့ ရေအနက် ၁.၅ မီတာ မှာ မိနစ် ၃၀ အထိရေစိမ်ခံနိုင်စွမ်းအဆင့်ဖြစ်ပါတယ်။ ဒါကြောင့် ရေစိုရေစိမ်ခံနိုင်စွမ်းမှာတော့ Galaxy S8+ ကပိုကောင်းပါတယ်။

Winner - Galaxy S8+

အခြားနည်းပညာအသစ်အဆန်းများပါဝင်မှု
--------------------
Samsung Galaxy S8+ မှာ Samsung DEX ဆိုတဲ့နည်းပညာအသစ်ပါဝင်လာပါတယ်။ Galaxy S8 စမတ်ဖုန်းကို ကွန်ပျူတာ မော်နီတာ နဲ့ချိတ်ဆက်ပြီး Desktop ကွန်ပျူတာတစ်လုံးအဖြစ်ပြောင်းလဲအသုံးပြုနိုင်စေမယ့် နည်းပညာပါ။ ဒီနည်းပညာကိုအသုံးပြုဖို့ DEX ဆိုတဲ့ Accessory လေးတစ်ခုကိုတော့ထပ်မံဝယ်ယူရမှာပါ။ နောက်ပြီး Galaxy S8 မှာ နောက်ဆုံးထွက် Bluetooth နည်းပညာသစ်ဖြစ်တဲ့ Bluetooth 5.0 technology ပါဝင်လာပါတယ် ။ Bluetooth 5.0 technology ဟာ သူ့ရဲ့အရင် Bluetooth နည်းပညာထက် အကွာအဝေး ၄ ဆ ၊ Data ကူးနှုန်း speed ၂ ဆ ၊ ပို့နိုင်တဲ့ Capacity ပမာဏ အားဖြင့် ၈ ဆထိရှိလာပါတယ်။  iPhone 7 Plus မှာတော့ Bluetooth 4.2 Technology ထိပဲပါဝင်ပါသေးတယ်။ ဒီအပိုင်းမှာတော့ နည်းပညာပိုမိုဆန်းသစ်မှုရှိတဲ့ Galaxy S8+ ကိုအမှတ်ပိုပေးပါတယ်။

Winner - S8+

ဈေးနှုန်း
-------
iPhone 7 Plus 128GB ဟာ မြန်မာငွေ ၁၁ သိန်း၈ သောင်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။ Galaxy S8+ 64GB ကတော့ ၁၁ သိန်း ၉ သောင်းနဲ့ရောင်းချပေးနေပါတယ်။ ထိပ်တန်းအဆင့်မှာအပြိုင်အဆိုင်ဖြစ်နေတဲ့စမတ်ဖုန်း ၂ လုံးအတွက် ဈေးနှုန်းပိုမိုသက်သာစွာရရှိနိုင်မှုပိုင်းမှာတော့ iPhone 7 Plus ကိုအမှတ်ပိုပေးပါတယ်။

Winner - iPhone 7 Plus



သက်နိုင်စိုး (www.myanmarmobileapp.org)

Credit:ကိုသက်နိုင်စိုးရဲ့ FB Account 

No comments: