Saturday, May 6, 2017

“မေတ္တာလေ့ကျင့်ခန်း”


•••••••••••••••••••••••••••
တဏှာချစ်နဲ့ မေတ္တာချစ်က အလွန်ကွာတယ်။
မေတ္တာချစ်ဆိုတာ ဒါမျိုးမဟုတ်ဘူး။
အကျိုးစီးပွားကို လိုလားတယ်၊ ကောင်းစားစေချင်တယ်။
ကြီးပွားစေချင်တယ်။သို့သော် တွယ်တာမနေဘူး။
ကိုယ့်အတွက် မစဉ်းစားဘူး။
သူ့အတွက်ပဲ စဉ်းစားတယ်။
ဒီ့ထက်ရှင်းအောင် ပြောရမယ်ဆိုရင် မေတ္တာဆိုတာ
“မိတ်ဆွေရဲ့ စိတ်ဓာတ်”ကို ခေါ်တာပါ။
ဒီစကားလုံးလေး ဖြစ်လာတာကိုကကြည့် -
“မိတ္တဿ ဧသာ မေတ္တာ”-
“မိတ္တဿ- မိတ်ဆွေသူငယ်ချင်းရဲ့၊
ဧသာ- ဥစ္စာဖြစ်တဲ့ စိတ်သဘောထားပဲ၊
မေတ္တာမိတ်ဆွေသူငယ်ချင်းရဲ့ စိတ်သဘောထား၊
စိတ်နေစိတ်ထား”အဲဒါဟာ မေတ္တာပဲ။

အေး-စဉ်းစားကြည့်လို့ရှိရင် လူတိုင်း လူတိုင်းမှာ
မိတ်ဆွေတွေ ရှိကြတယ်ပေါ့။ အပေါင်းအသင်း၊
သူငယ်ချင်းတွေ ရှိကြတယ်။သူငယ်ချင်းနဲ့ စကားပြော
ရရင် ပျော်တယ်၊ သူငယ်ချင်းနဲ့တွေ့ရရင် ပျော်တယ်၊
သူငယ်ချင်းနဲ့နေချင်တယ်၊ သူငယ်ချင်းရဲ့
အကျိုးစီးပွားကို လိုလားတယ်။
အဲဒီ စိတ်ဓာတ်မျိုးလေးတွေကို “မေတ္တာ”လို့ ခေါ်တာပဲ။
အဲဒီမေတ္တာသည် ခုနက “တဏှာရာဂ”ဆိုတဲ့
အချစ်နဲ့ မတူဘူးတဲ့။ မေတ္တာဆိုတဲ့ သဘောတရားဟာ
အဒေါသ၊ အမုန်းကင်းစင်တဲ့ သဘောတရား။
ကောင်းကျိုးချမ်းသာကို လိုလားတဲ့၊
ကြီးပွားစေချင်တဲ့ သဘောတရား။

မေတ္တာဆိုတဲ့ သဘောတရားဟာ
အဒေါသ၊ အမုန်းကင်းစင်တဲ့ သဘောတရား။
ကောင်းကျိုးချမ်းသာကို လိုလားတဲ့၊
ကြီးပွားစေချင်တဲ့ သဘောတရား။
မေတ္တာဟာ မိမိရဲ့ သန္တာန်မှာ ပင်ကိုယ်က
ရှိနေပေမယ့်လို့ လေ့ကျင့်ပေးမှ အစွမ်းထက်မယ်။
မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။

❖အဲဒီတော့ မေတ္တာဆိုတဲ့
သဘောတရားကို ဘာနဲ့ လေ့ကျင့်ရမလဲ။
“အာရုံ”နဲ့ပဲ လေ့ကျင့်ရမယ်။
စိတ်တစ်ခုကို ထက်မြက်လာအောင် လေ့ကျင့်ချင်ရင်
အာရုံနဲ့ လေ့ကျင့်ရမယ်။
ဓားထက်အောင် ဘာနဲ့လုပ်ရလဲ၊
ကျောက်နဲ့ သွေးရတယ်။
ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။
ထို့အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ
ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊
အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။

မေတ္တာလေ့ကျင့်ခန်း ကို “ဝိသုဒ္ဓိမဂ်ကျမ်းကြီး” မှာ
ရှင်းရှင်းလင်းလင်း ရေးထားတာရှိတယ်။
မေတ္တာကို လေ့ကျင့်ခန်းလုပ်တဲ့ နည်းတစ်ခု။
သာမန်ကုသိုလ်ရရုံပို့တဲ့မေတ္တာမျိုး မဟုတ်ဘူး။
သာမန်ကုသိုလ်ရရုံ ပို့တဲ့ မေတ္တာကတော့
“သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ့။
ဘုရားရှိခိုးရင်းလည်း မေတ္တာပို့တာပဲလေ။
“သတ္တဝါတွေချမ်းသာကြပါစေ”။
အဲဒီဟာမျိုးကိုပြောတာ မဟုတ်ဘူး။

မေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation
အလုပ်ကို လုပ်ရမှာကိုပြောတာ။
meditationပုံစံနဲ့ မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။
အာရုံဆိုတာဘာလဲ။ မိတ်ဆွေ သူငယ်ချင်းစတဲ့
သက်ရှိသတ္တဝါနဲ့ လေ့ကျင့်ရမယ်။
သေသွားတဲ့သူနဲ့ လေ့ကျင့်လို့ မရဘူး။
ဒီဘဝမှာ ရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ လေ့ကျင့်ရမယ်။

ကောင်းပြီ၊ လေ့ကျင့်မယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ကို
ရွေးချယ်ရလိမ့်မယ်။
နံပါတ်(၁) “အသက်ရှင်ဆဲပုဂ္ဂိုလ်၊
သေတဲ့ပုဂ္ဂိုလ်” ဆိုပြီး နှစ်ဦးရှိတဲ့အထဲမှာ
သေတဲ့ပုဂ္ဂိုလ်ကို မရွေးနဲ့။
ဘယ်တော့မှ မအောင်မြင်ဘူးတဲ့။
သေသွားပြီးတဲ့ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာမပို့နဲ့။
မေတ္တာကို လေ့ကျင့်ပြီးတော့ ယူချင်တယ်ဆိုရင်
သေတဲ့ပုဂ္ဂိုလ်ကို ဖယ်ထားလိုက်။
“အသက်ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်” ကိုရွေးပါတဲ့။

အဲဒီလို ရွေးတဲ့အခါမှာလည်းပဲ လူကို
(၃)-မျိုး လောက် ခွဲလိုက်။
❖တစ်ဦးက ကိုယ်နဲ့ အင်မတန်
ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ် ဒါက တစ်ဦး။
❖နောက်တစ်ဦးက ခင်လည်းမခင်ဘူး၊
မုန်းလည်းမမုန်းတဲ့ သာမန်ပုဂ္ဂိုလ်။
❖နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရန်သူလို့
၃-မျိုးခွဲလိုက်။ “ပုဂ္ဂိုလ် ၃-စား” ရှိတယ်။
လူတိုင်း လူတိုင်းဟာ အများအားဖြင့် ဒီလို ၃-စား ရှိနေမှာပဲ။
ဒါက ယေဘူယျ အားဖြင့်ပြောတဲ့ စကားပေါ့။

အဲဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲ။
မေတ္တာစပြီးတော့ ပျိုးတော့မယ်ဆိုလို့ရှိရင်
ကိုယ်နဲ့ ခင်လည်းမခင်၊ မုန်းလည်းမမုန်းတဲ့ပုဂ္ဂိုလ်ကို
သွားရွေးမယ် ဆိုလို့ ရှိရင် မေတ္တာပျိုးဖို့ ခက်လိမ့်မယ်။
ဘာဖြစ်လို့တုန်းဆိုတော့ သူ့အပေါ်မှာ ခင်မှမခင်တာကိုး။
သူ့ကို ပထမအနေနဲ့ ရွေးလို့မဖြစ်ဘူး။
ရန်သူကိုရွေးမလားဆိုတော့
ရန်သူကိုသွားရွေးရင် ဒေါသ ဖြစ်မှာပဲ။
မေတ္တာပျိုးလို့ မရဘူး။
ဒါ့ကြောင့်မို့ ရန်သူကိုလည်း မရွေးနဲ့။
အဲဒီတော့ “ပိယပုဂ္ဂလ” ဆိုတာ ကိုယ်ခင်မင်
ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးလိုက်ပါတဲ့။

မေတ္တာပို့တော့မယ်ဆိုရင် အဲဒါကစမယ်။
အဲဒီ ပုဂ္ဂိုလ်ကိုရွေး။
ဒီလို ရွေးတဲ့နေရာမှာလည်းပဲ နောက်တစ်ခု
သတိထားစရာက “လိင်တူ” ကိုပဲ ရွေးရမယ်တဲ့။
လိင်ကွဲကို သွားမရွေးရဘူး။
ဆိုလိုတာက မေတ္တာပို့မယ့် ပုဂ္ဂိုလ်သည်
အမျိုးသားဆိုရင် အမျိုးသားသူငယ်ချင်းထဲကရွေး၊
အမျိုးသမီးဆိုရင် အမျိုးသမီးထဲကရွေး။
အမျိုးသားက အမျိုးသမီးကို သွားရွေးမယ်။
အမျိုးသမီးက အမျိုးသားကို သွားရွေးမယ်။
လိင်မတူတာကို ရွေးလို့ရှိရင် မေတ္တာဖြစ်မယ့်အစား၊
“တဏှာရာဂတွေ” ဖြစ်လာတတ်တယ်။
အန္တရာယ် ရှိတယ်။ ဒါကြောင့်မို့ အဲဒီလို မရွေးရဘူး။

အမျိုးသားဆိုရင် အမျိုးသားထဲက ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုရွေး။
အမျိုးသမီးဆိုရင် အမျိုးသမီးထဲက ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုရွေးတဲ့။
အဲဒီလို ရွေးပြီးတော့ စိတ်ဓာတ်ကို လေ့ကျင့်ပေးရမယ်။
မေတ္တာစိတ်ကို လေ့ကျင့်ပေးရမယ်။
အဲဒီလို လေ့ကျင့်တော့မယ်ဆိုရင် အစပထမ ဘာလုပ်ဖို့လိုလဲ။
နှိုင်းယှဉ်မှုဟာ အင်မတန် မှ အရေးကြီးတယ်။

မြန်မာလိုပြောရင် “ကိုယ်ချင်းစာတရား” ဆိုတာရှိတယ်။
“ကိုယ်ချင်းစာတရား” ထားတတ်ဖို့ အတွက်
ကိုယ့်ကိုယ်ကို အရင်ဆုံး စဉ်းစားပြီး မေတ္တာပို့လိုက်ဦး။
ကိုယ့်ကိုယ်ကို မေတ္တာပို့တာကတော့ ဘာဝနာအတွက်
မဟုတ်ဘူး။ လွယ်အောင်လို့ ပြင်ဆင်လိုက်တဲ့သဘောပဲ။

ဆိုပါစို့- မေတ္တာပို့တဲ့အခါမှာ “ချမ်းသာပါစေ”လို့
ပြောချင်တာလား သို့မဟုတ် “ကျန်းမာပါစေ”လို့
ပြောချင်တာလား သို့မဟုတ် “အဆင်ပြေပါစေ”လို့
ပြောချင်တာလား တစ်ခုခုကို ကိုယ်ကြိုက်တဲ့ဟာနဲ့
ပြောလို့ရတယ်။
ကျန်းမာပါစေလို့ပြောပြော၊
ချမ်းသာပါစေလို့ ပြောပြော၊
အရာခပ်သိမ်း အဆင်ပြေပါစေလို့ ပြောပြော၊
အောင်မြင်ကြီးပွားပါစေလို့ ပြောပြော ဘာပဲပြောပြောပေါ့.
အဲဒီအတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာပျိုးရမယ်တဲ့။

ဆိုပါစို့- ဘုန်းကြီးတို့တစ်တွေ ယောက်ျားဆိုရင်
ယောက်ျားကလေး သူငယ်ချင်း၊ မိန်းကလေးဆိုရင်
မိန်းကလေးသူငယ်ချင်းပေါ့။ ခုခေတ်တွေက
Friend တွေက များတယ်ပေါ့။
girl friend တို့ boy friendတို့၊
ဒါ ကိုယ့်ဟာကိုယ် ယောက်ျားလေးဆို ယောက်ျားလေး
သူငယ်ချင်းကိုရွေး၊ မိန်းကလေးဆို မိန်းကလေး
သူငယ်ချင်းကိုရွေး။
ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့
အချိန်လေးမှာ ထိုပုဂ္ဂိုလ်ရဲ့မျက်နှာ
စိတ်ထဲမှာပေါ်လာအောင် ပုံဖော်လိုက်။
ပုံဖော်လို့ မရဘူးဆိုလို့ရှိရင် ဓာတ်ပုံလေးတစ်ခု
ကိုယ့်ရှေ့မှာထားပြီးတော့ ပုံဖော်။
စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာ ပုံဖော်လိုက်၊
သူ့ရဲ့ ပြုံးရွှင်နေတဲ့မျက်နှာ၊ကြည်နူးနေတဲ့
မျက်နှာလေးကို ကြည့်ပြီးတော့
“အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ချမ်းသာပါစေ၊
ကျန်းမာပါစေ၊ ရွှင်လန်းပါစေ”ဆိုပြီး ကိုယ်လိုချင်တဲ့
စကားလုံးလေးတစ်ခုနဲ့ အသုံးချပြီးတော့ အဲဒီစိတ်ကလေး
ထပ်တလဲလဲ ဖြစ်နေအောင် Repeatation
လုပ်နေတာလို့ ခေါ်တယ်။ထပ်ထပ် ထပ်ထပ်ပြီးတော့
ဖြစ်နေတာ။ တစ်ခါတည်း မဟုတ်ဘူး။

ခုခေတ် သီချင်းဆိုတဲ့အခါ repeatation
တွေပါတယ် မဟုတ်လား။
ထပ်ကျော့ပြီးတော့ ဆိုနေတာလေ။
အဲဒီတော့ မေတ္တာထပ်ကျော့နေရတယ်။
ဘယ်နှစ်ပြန်ထပ်ကျော့ရမတုန်းဆိုရင်
တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရမယ်။
အဲဒီလို ဓားများသွေးတဲ့အခါမှာ ကျောက်နဲ့ပွတ်နေသလိုပဲ။
ဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ ခုနက ပိယပုဂ္ဂိုလ်နဲ့
ပွတ်ပေးနေရမယ်။အဲဒါ လေ့ကျင့်နေတာလို့ခေါ်တယ်။

အဲဒီလို ပွတ်ပေးနေလိုက်တဲ့အခါမှာ ဘယ်လို
အနေအထားထိအောင် ရောက်လာသလဲလို့ဆိုရင်
ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေမယ်၊
မျက်စိထဲက ဒီပုဂ္ဂိုလ်မျက်နှာ မထွက်ဘူး။
အိပ်မယ်အိပ်မပျော်သေးခင်လည်း သူ့မျက်နှာပဲ မြင်နေတယ်။
တခြားဟာ သိပ်မမြင်ဘူး။
စိတ်က အဲဒီပေါ်မှာပဲ ငြိမ်ကျလာတယ်ပေါ့။
အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာစိတ်ကလေးနဲ့
ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ
သမာဓိစွမ်းအားတွေ ကောင်းလာလို့ရှိရင်
“ဈာန်”တောင် ရနိုင်တယ်။

မြန်မာတွေက “ဈာန်”ဆိုရင် ကောင်းကင်ပျံတာချည်းပဲ
အောက်မေ့နေတယ်။ ဒါ ကောင်းကင်ပျံတာကို
ပြောတာ မဟုတ်ဘူး။ ဈာန်ရတယ်ဆိုတာ
အဲဒီ အာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအားသတ္တိလေး
ရလာတာကိုပြောတာ။ ပထမ ဈာန်ဆိုတဲ့စွမ်းရည်သတ္တိ
ကိုယ်လိုချင်တဲ့ အရှိန်လေး ရလာမယ်။
ဈာန်ဆိုတာ ဘာကိုပြောတာလဲ ဆိုလို့ရှိရင်
ခုနက သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ စိတ်ကလေး
အမြဲရောက်နေအောင် ပို့ပေးနေတဲ့ “ဝိတက်”လို့ခေါ်တဲ့
သဘောတရား။Initial application တဲ့။
စိတ်က ထိုမျက်နှာလေးပေါ်မှာ ရစ်ဝဲနေတယ်။
စိတ်က ခွာလို့မရလောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။
Sustained application ခေါ်တဲ့ ဝိစာရ
(ခုခေတ်ဆိုရင်တော့ fertilizer ကိုလည်း ဝိစာရလို့
ခေါ်တာရှိသေးတယ်၊ အဲဒါနဲ့ သွားမရောနဲ့နော်။)

“မေတ္တာဈာန်”
•••••••••••••••
✤“ဝိတက်” ဆိုတာ အာရုံပေါ်
စိတ်ကလေးကို ပို့တင်ပေးနေတာ။
✤“ဝိစာရ”ဆိုတာ အာရုံနဲ့ စိတ်ကလေး
ကွာမသွားအောင် လုပ်ဆောင်ပေးနေတဲ့သဘော။
✤အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ်နေတာက “ပီတိ”၊
✤စိတ်ကျေနပ်နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာက“သုခ”။
✤အဲဒီအာရုံလေးကို စိတ်က ခွာလို့မရတာက “ဧကဂ္ဂတာ”။
အဲဒီ(၅)-ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီဆိုလို့ရှိရင်
“ပထမဈာန်” လို့ ခေါ်တယ်။ ပထမဈာန် ရပြီပေါ့။

❖သူငယ်ချင်းရဲ့ မျက်နှာလေးပေါ်မှာ အာရုံစူးစိုက်ပြီး
“အလုပ်လုပ်နေပြီ၊ ချမ်းသာပါစေ၊ ရွှင်လန်းပါစေ
ကျန်းမာပါစေ” ဆိုတဲ့ စိတ်ဓာတ်ကလေး ပွားပြီးတော့
အလုပ်လုပ်နေပြီ။အဲဒီလို အလုပ်လုပ်နေလို့ရှိရင် ခုနက
အင်္ဂါရပ်တွေ ပြည့်စုံလာရင် ပထမဈာန်ပဲ။

❖ဒီထက် စွမ်းအား မြှင့်လိုက်တဲ့အခါကျတော့
တွေးနေစရာ မလိုတော့ဘူး။
ဝိတက်ဆိုတာ မလိုတော့ဘဲနဲ့ အာရုံလေးက
“ခွာလို့မရတာရယ်၊စိတ်ထဲက ကျေနပ်တာရယ်၊
ချမ်းမြေ့နေတာရယ်၊တည်ငြိမ်နေတာရယ်”-
ဒီသဘောလေး (၄)-မျိုးနဲ့ ဖွဲ့စည်းလိုက်တာကျတော့
“ဒုတိယဈာန်အဆင့်” လို့ ခေါ်တယ်။

❖နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ
မြှင့်လိုက်တဲ့အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်
အောင် လုပ်ပေးစရာမလိုတော့ဘဲ
ထိုအာရုံလေးပေါ်မှာ
“ကျေနပ်နေတာရယ်၊နှစ်သက်နေတာရယ်၊
တည်ငြိမ်နေတာရယ်” ဒီအခြေအနေ
(၃)ရပ်ကလေးနဲ့ ထိုအာရုံပေါ်မှာ
ရပ်တည်နေလို့ရှိရင် “တတိယဈာန်” လို့ ခေါ်တယ်။
မေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာ အဲဒီလို
“ဈာန် ၃-ဆင့်”ထိအောင် ရနိုင်တယ်။

အဲဒီ ဈာန် ၃-ဆင့် ရသွားမှ “စေတောဝိမုတ္တိ”လို့ ခေါ်တယ်။
စိတ်လေးဟာ ဗျာပါဒက လွတ်သွားပြီ။
အဲဒီအချိန်မှာ စိတ်က “ဒေါသ”က လုံးဝလွတ်နေတဲ့စိတ်တဲ့၊
“စေတောဝိမုတ္တိ” ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ့
အနေအထားတစ်ခု ရောက်လောက်အောင်
လေ့ကျင့်ယူထားတဲ့ မေတ္တာကိုပြောတာ။
သာမန် မေတ္တာကို မေတ္တာလို့ပဲ သုံးတယ်၊
“စေတောဝိမုတ္တိ” ဆိုတဲ့ စကားလုံးလေး ထည့်သုံးလိုက်လို့ရှိရင်
ထိုမေတ္တာသည် ဈာန်အခြေအနေထိအောင် ရောက်နေတဲ့
မေတ္တာမျိုးလို့ ဒီလို ပြောတာ။

ကဲ-ကောင်းပြီ။
“ပိယပုဂ္ဂလ” လို့ ခေါ်တဲ့ ကိုယ်ချစ်ရတဲ့၊
ချစ်ခင်တဲ့ပုဂ္ဂိုလ်နဲ့ လေ့ကျင့်လိုက်လို့ အောင်မြင်သွားတဲ့
မေတ္တာလေးကို ဒီအတိုင်းမထားနဲ့ဦး။
မေတ္တာကို ဖြန့်ကျက်ကြည့်ဦး။
ထိုမေတ္တာလေးကို transfer လုပ်ရမယ်။
ဘယ်သူ့အပေါ် transferလုပ်မလဲဆိုရင်
“ချစ်လည်းမချစ်၊မုန်းလည်းမမုန်းတဲ့ ကိုယ်မသိတဲ့ပုဂ္ဂိုလ်”
အပေါ်မှာ ပြောင်းကြည့်လိုက်တဲ့။
ပြောင်းကြည့်လိုက်လို့ ရှိရင် ဒီမေတ္တာ
သဘောတရားလေးဟာ လျော့ကျမသွားဘူး၊
ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာထားတဲ့ စိတ်
အခြေအနေဟာ မုန်းလည်းမမုန်း၊
ချစ်လည်းမချစ်တဲ့ပုဂ္ဂိုလ်အပေါ်မှာ သွားထားလိုက်လို့
အခြေအနေ ပြောင်းလဲသွားတယ်ဆိုလို့ရှိရင် ဒီမှာ
ပြန်လေ့ကျင့်ရမယ်။
ပြောင်းလဲမသွားဘူး ဆိုလို့ရှိရင် ဒါ
ဒုတိယအဆင့် အနေနဲ့ အဆင်ပြေသွားပြီ။
ကဲ- ပုဂ္ဂိုလ်နှစ်ယောက် ပြောင်းလိုက်ပြီးပြီနော်၊

❖ပထမ- ပိယပုဂ္ဂလ၊
❖ဒုတိယ- မဇ္ဈတ္တ အလယ်အလတ် ပုဂ္ဂိုလ်ပေါ်မှာ
ပြောင်းကြည့်လို့ အခြေအနေ မပြောင်းဘူးဆိုရင်
နောက် တစ်ယောက်ပေါ်မှာ ပြောင်းကြည့်။
❖အဲဒီပုဂ္ဂိုလ်က ကိုယ်နဲ့မတည့်တဲ့ မုန်းတီးတဲ့ ကိုယ့်ရဲ့ရန်သူ။
ရန်သူဆိုတဲ့ ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်၊
ပြောင်းကြည့်လိုက်လို့ ဒေါသဖြစ်လာလို့ရှိရင်
မေတ္တာဟာ မကြံ့ခိုင်သေးဘူး။
ပြန်ပြီးတော့ မေတ္တာကို လေ့ကျင့်ဦး။
ပြန်လေ့ကျင့်ပြီးတဲ့အခါ တစ်ခါပြန် စမ်းသပ်ကြည့်လိုက်။
အာရုံပြောင်းပြီးတော့ ကိုယ်နဲ့မတည့်တဲ့လူအပေါ်မှာ
မေတ္တာထားကြည့်။
ထားလို့ရသွားပြီ ဆိုလို့ရှိရင်တော့
ဒီမေတ္တာဟာ တော်တော်ခိုင်မာသွားပြီလို့ ပြောရမယ်။
ဒါက စမ်းသပ်တဲ့နည်း။အဲဒီလိုလုပ်ပြီးတော့
တစ်လောကလုံးမှာရှိတဲ့ သတ္တဝါတွေပေါ်မှာ
မေတ္တာထားနိုင်အောင် ကြိုးစား။

နောက်ဆုံးမှာ လူ ၄-ယောက် -
နံပါတ်တစ်က-မိမိကိုယ်တိုင်၊
နံပါတ်နှစ်က-ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊
နံပါတ်သုံးက-ချစ်လည်းမချစ် ၊
မုန်းလည်းမမုန်းတဲ့ သာမန်ပုဂ္ဂိုလ်၊
နံပါတ်လေးက-ရန်သူ၊
ထိုပုဂ္ဂိုလ် (၄)-ယောက် သည် အပိုင်းအခြားတွေ။
လူဆိုတာ ကိုယ့်ကိုယ်ကို ပိုချစ်တတ်တယ်။
အဲဒီ ၄-ယောက်ကို ရန်သူလို့လည်း မမြင်တော့ဘူး။
ကိုယ့်ကိုယ်လို့လည်း မမြင်တော့ဘူး၊
ကိုယ့်မိတ်ဆွေလို့လည်း မမြင်တော့ဘူး။
ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး။
ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး။
အားလုံး ဒီ ၄-ယောက်စလုံးဟာ “တစ်မျိုးတည်း၊
တစ်ခုတည်း” လို့ မြင်သွားပြီဆိုရင် ဒီလူရဲ့
မေတ္တာဟာ “အစွမ်းအထက်ဆုံးအဆင့်”ရောက်သွားပြီ။
အဲဒါကို ဥပမာလေးတစ်ခု ပေးထားတယ်။

❖ဒီ ပုဂ္ဂိုလ် ၄-ယောက်ကို -
ဆိုပါစို့- ရှေးတုန်းက လူကိုသတ်ပြီးတော့
ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်။
တောထဲမှာနေတဲ့ရဟန်းတွေ ဒီလိုပဲ ယဇ်ပူဇော်တာ
ခံလိုက်ရတာမျိုးတွေရှိတယ်။
အဲဒီမှာ လာပြီးတော့တောင်းမယ်။
ယဇ်ပူဇော်ဖို့အတွက် တစ်ယောက်လိုက်ခဲ့ပါပေါ့။
တစ်ယောက်လိုက်ခဲ့ပါ ဆိုလို့ရှိရင် အတူနေတာက
“မိမိကိုယ်တိုင်ရယ်၊ကိုယ့်မိတ်ဆွေရယ်၊
သာမန်ပုဂ္ဂိုလ်တစ်ယောက်ရယ်၊
ကိုယ့်ရဲ့ရန်သူရယ် ၄-ယောက်” ရှိတယ်။
အဲဒီ ၄-ယောက်ထဲက ဘယ်သူ့ပေးမလဲ?
ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ၊
တစ်ယောက်ယောက်တော့ လိုက်ရမယ်။
ကိုယ့်စိတ်ထဲက ဘယ်သူ့ပေးမလဲ၊
ဪ…. သူတို့ ၃-ယောက်တော့ နေရစ်ပါစေ။
ငါပဲအနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ်ကို
အပေါ်မှာ မေတ္တာပျက်ရာရောက်တယ်။

သူ့မေတ္တာက မဟုတ်သေးဘူး၊မမျှတဘူးလို့
ပြောရမယ်။အဲဒီလို မဟုတ်ဘဲနဲ့
“ငါနဲ့ မတည့်တဲ့ကောင် လိုက်သွား”ဆိုလို့ရှိရင်
ရန်သူပေါ်မှာ အမုန်းစိတ်မပျောက်သေးတာပဲ။
အဲဒီ ၄-ယောက်စလုံးကို
“တစ်ယောက်မှမပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲ
ဖြစ်နေတယ်။ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး”
ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို
ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရား
ဖြစ်သွားပြီ တဲ့- ဒီလိုဆိုတာ။

အဲဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံးမှာရှိတဲ့
သတ္တဝါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီး
နေမယ်ဆိုလို့ရှိရင် ဒေါသဆိုတာ လုံးဝလာလို့ မရတော့ဘူး။
နောက်ဆုံးမှာ ထိုမေတ္တာကိုအခြေခံပြီးတဲ့အခါမှာ
ဘာလုပ်ရမလဲ၊ ထိုမေတ္တာစိတ်ဓာတ်မှာပါတဲ့
သဘာဝတရားတွေကို ရှုမှတ်ဆင်ခြင်ပြီး၊
ဝိပဿနာတရား ပွားများအားထုတ်ရတယ်။

မေတ္တာနဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့
စိတ်အခြေအနေတွေက နာမ်တရား၊
ထိုမေတ္တာရဲ့တည်ရာ နှလုံးသားက ရုပ်တရား၊
ဟော “ရုပ်နဲ့ နာမ်နဲ့” ဒီနှစ်မျိုးရှိတယ် ဆိုတာကို
သဘောပေါက်လာလို့ရှိရင် ဒါ ဝိပဿနာ
လမ်းကြောင်းထဲ စဝင်လာတာပဲ။
ဒါ “သမထကနေ ဝိပဿနာ” ပြောင်းတယ်လို့ ခေါ်တယ်။

မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ “နာမ်တရား”ကို ရှုတာ။
ထိုမေတ္တာစိတ်ဓာတ်ရဲ့ တည်ရာမှီရာ
နှလုံးသား “ရုပ်တရား” ကို ရှုတာဟာ ရုပ်ကိုရှုတာ။

✤ဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားပြီ ဆိုလို့ရှိရင်
“နာမရူပပရိစ္ဆေစဉာဏ်”။
✤အဲဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ်
ဒီနာမ်တွေဟာ ဘာ့ကြောင့်ဖြစ်တာတုန်းလို့ အကြောင်း
တရားကို လေ့လာသုံးသပ်နိုင်တဲ့ အသိဉာဏ်တစ်မျိုး
ထပ်ဆင့်ရလာပြီဆိုလို့ရှိရင် “ပစ္စယပရိဂ္ဂဟဉာဏ်”။
✤အဲဒီ ဉာဏ်နှစ်မျိုးကို အခြေခံပြီး ဒီ ရုပ်နာမ်ဓမ္မ၊
သင်္ခါရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ
မမြဲတဲ့သဘောတွေ တွေ့လာတယ်။
ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေ တွေ့တယ်။
ဖြစ်ပျက်မှုတွေက အမြဲတမ်းနှိပ်စက်နေတဲ့
ဒုက္ခသဘောတွေ တွေ့လာတယ်။
မဖြစ်ရအောင်၊ မပျက်ရအောင် ကိုယ့်မှာစွမ်းအင်
သတ္တိတွေ မရှိဘူးဆိုတာ သိလာတယ်။
ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူး ဆိုတာ သိလာတယ်။
အနတ္တသဘောတွေ ပေါ်လာတယ်။
ဒီလို မေတ္တာနဲ့ပတ်သက်ပြီးတော့ ရုပ်တရား နာမ်
တရားတွေအပေါ်မှာ အနိစ္စလို့လည်း ရှုနိုင်လာတယ်၊
ဒုက္ခလို့လည်း ရှုနိုင်လာတယ်။
အနတ္တလို့လည်း ရှုနိုင်လာတယ်။
✤ဒီလို ရှုလာနိုင်တာက “သမ္မသနဉာဏ်”လို့ခေါ်တယ်။
✤အဲဒီကနေ ဆက်လက်ပြီး ဖြစ်တာပျက်တာလေးတွေကိုပဲ
အာရုံစိုက်မိလာတဲ့အခါ “ဥဒယဗ္ဗယဉာဏ်”။
✤ထို ဥဒယဗ္ဗယဉာဏ် ရင့်သန်လာတဲ့အခါ ဖြစ်တယ်
ဆိုတာကို အာရုံမပြုတော့ဘူး၊ ပျက်နေတာတွေက
မြန်လွန်းအားကြီးသည့် အတွက်ကြောင့် အပျက်
အပျက် အပျက်ပဲ မြင်နေတာကို “ဘင်္ဂဉာဏ်”လို့
ခေါ်တယ်တဲ့။
✤အဲဒီလို ပျက်တာတွေချည်းပဲ မြင်နေသည့်
အတွက်ကြောင့် ဉာဏ်ထဲမှာ ဘာပေါ်လာလဲဆိုတော့
ပျက်နေတာဟာ ကြောက်စရာကြီးပါလားလို့
တွေးလာတယ်။အဲဒါ “ဘယဉာဏ်” လို့ ခေါ်တယ်။
✤ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှုတွေက
နှိပ်စက်လို့ စိတ်ပျက်စရာ၊ ငြီးငွေ့စရာချည်းပါလားဆိုပြီး
အပြစ်တွေကို မြင်လာတယ်။
ပျက်နေတဲ့ အရာကြီးဟာ တွယ်တာစရာ မကောင်းဘူးလို့
အပြစ်တွေကို မြင်လာတယ်၊ ဒါက “အာဒီနဝဉာဏ်”။
✤အပြစ်တွေ မြင်လာတဲ့အခါ မလိုချင်တော့ဘူး၊
ငြီးငွေ့လာတယ်၊ စွန့်လွှတ်ချင်လာတယ်- “နိဗ္ဗိဒါဉာဏ်”။
✤ငြီးငွေ့လာတဲ့အခါ လွတ်ချင်လာတယ်၊
ဒါတွေကလွတ်ချင်လာတယ်။ “မုစ္စိတုကမျတာဉာဏ်”။
✤လွတ်ဖို့ရာအတွက် လွတ်ရာလွတ်ကြောင်းကို
ပြန်ဆင်ခြင်စဉ်းစားတာ “ပဋိသင်္ခါဉာဏ်”။
✤ပြန်လည်စဉ်းစားရင်းက သင်္ခါရတရားတွေရဲ့
သဘာဝပေါ်မှာ နေသားတကျဖြစ်သွားပြီး၊
စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေ ရလာပြီး
အသိဉာဏ်တွေ လွှမ်းမိုးလာပြီဆိုရင်
“သင်္ခါရုပေက္ခာဉာဏ်” လို့ ခေါ်တယ်။
✤အဲဒီ “သင်္ခါရုပေက္ခာဉာဏ်”ရင့်သန်သွားပြီ
ဆိုလို့ရှိရင် ဗျာပါဒ ဆိုတဲ့ သဘာဝတရားကို
အဆင့်ဆင့် ပယ်ရှားသွားနိုင်တဲ့
“သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊
သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊
အနာဂါမိမဂ်” ဆိုတာလည်းပေါ်လိုက်ရော
ဒေါသ ဗျာပါဒ ဆိုတာ ဘယ်တော့မှ
ပြန်မလာတဲ့လမ်း ရောက်သွားတယ်။

“အမုန်းတရား” ဆိုတာ နှလုံးသားထဲမှာ
လက်ကျန်မရှိတော့ဘူး။အနာဂါမ်ဖြစ်သွားပြီ
ဆိုလို့ရှိရင် အမုန်းတရားလက်ကျန် မရှိတော့ဘူးတဲ့။
မေတ္တာပွားလို့ ရှိရင် အမုန်းတရားဟာ
ပြန်ထလာနိုင်သေးတယ်။
အခုခေတ် ရောဂါစစ်သလို စစ်ကြည့်လို့ရှိရင်
Positive ဖြစ်နေဦးမယ်။
နှလုံးသားထဲမှာ အမုန်းရှိသေးသလားလို့ ဆေးစစ်သလို
စစ်ကြည့်ရင် Positive တွေ့လိမ့်မယ်။
အနာဂါမိမဂ် ရသွားတာနဲ့ တစ်ပြိုင်နက်
Negative ဖြစ်သွားပြီ၊ လုံးဝမရှိတော့ဘူး။
အဲဒါကျတော့ ဒေါသဆိုတဲ့ စိတ်ရဲ့လှုပ်ရှားမှု၊ စိတ်ရဲ့
ပူပန်စေတတ်တဲ့ သဘာဝတရားရဲ့ လုံးဝထွက်ပေါက်ပဲ။
မေတ္တာတရားကိုအခြေခံတဲ့ အနာဂါမိမဂ်ဉာဏ်၊
အနာဂါမိဖိုလ်ဉာဏ် ဟာ ဒေါသရဲ့
လုံးဝထွက်ပေါက်ဖြစ်ပါတယ်။
ဒေါသဆိုတာ လာချင်လို့တောင် မလာတော့ဘူး။
ဒေါသဆိုတဲ့ သဘာဝတရားဟာ မိမိသန္တာန်မှာ
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။
အစဉ် ထာဝရ ငြိမ်းချမ်းတဲ့ အခြေအနေတစ်ခုကို
ရရှိသွားနိုင်တယ်။

ဒါ့ကြောင့်မို့ မြတ်စွာဘုရားကဟောတယ်။
“ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ-
စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ၊
ဗျာပါဒဿ- စိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့၊
နိဿရဏံ- ထွက်ပေါက်ပါပဲ”တဲ့၊
ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကို ရနိုင်တယ်။

နောက်ဆုံး ဘယ်လိုပဲ စိတ်ဆိုးအောင်လုပ်လုပ်
ဘယ်တော့မှ စိတ်ဆိုးတာ မရှိတော့ဘူး။
ဘုန်းကြီးတို့တတွေ စဉ်းစားကြည့်- ဗျာပါဒ ဆိုတဲ့
ဒေါသဟာ လူတိုင်းဖြစ်ဖူးကြတယ်။ ဖြစ်တဲ့အချိန်မှာ
ဘယ်လိုခံစားရသလဲ၊ စိတ်တည်ငြိမ်နေမှုတွေ လုံးဝ
ပျက်စီးသွားတယ်၊ နှလုံးခုန်မှုတွေ ပြင်းထန်လာတယ်၊
မျက်နှာတွေ နီရဲလာတယ်။
သွေးခုန်မှုတွေ ပြောင်းလဲလာတယ်၊
နှလုံးကနေ လှုံ့ဆော်လာသည့်အတွက်ကြောင့်
နှုတ်က မဟုတ်တဲ့အသံတွေ၊
မဟုတ်တဲ့စကားတွေ ပြောလာတယ်။
လက်ကလည်းပဲ အန္တရာယ်ပြုမယ့်
အပြုအမူမျိုးတွေ ဖြစ်လာတယ်။
ဒါ ဒေါသရဲ့ စွမ်းဆောင်မှု တွေပဲ။
အဲဒီလို “ဒေါသ”ဆိုတဲ့ အမုန်းတရားဟာ နှလုံးသားထဲမှာ
လုံးဝမကျန်အောင် ဖြေရှင်းပစ်လိုက်နိုင်တာ
ဒါဟာ ထွက်ပေါက်အစစ်ပေါ့။ ဒါကို ဆိုလိုတယ်၊
မြတ်စွာဘုရားက ဟောခဲ့တာ။ ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】
Posted by
www.facebook.com/youngbuddhistassociation.mm

No comments: