Friday, September 6, 2013

HIV (သို့မဟုတ်) HPV ကူးစက်ခံနေရပြီလား (အမေးအဖြေ)


မေး။     ။ လွန်ခဲ့တဲ့ ၉ လလောက်က ကျနော် အကာအကွယ် မပါဘဲ လိင်ဆက်ဆံ မိပါတယ်။ အဲနောက်တော့ ကျနော် ခြေထောက်တွေ စပြီး ယားလာပါတယ်။ နောက် allergy လို အနီ ဖုလေးတွေ ထွက်လိုက် ပျောက် လိုက်ဖြစ်ပါတယ်။ လေးလံတဲ့ အထုပ်အပိုးတွေ ဆွဲရင် လက်ဖဝါးနဲ့ လက်ချောင်းလေးတွေမှာ နီရဲပြီး အဖြူရောင် အဖုလေးတွေဖြစ်ပါတယ်။ လည်ပင်းလည်း တစ်ခါတစ်ရံ ယားပြီး နီရဲလာပါတယ်။  မိနစ် ၃၀ လောက် ကြာရင်ပြန် ပျောက်သွားပါတယ်၊ အရာ ဝတ္ထုတွေနဲ့ ထိတွေ့ မိရင် (ဥပမာ စားပွဲပေါ် လက်ထောက်မိရင် စားပွဲနဲ့ လက်ထိတဲ့ နေရာမှာ နီရဲပြီး အဖုလေးတွေ ထွက်ပါတယ်)။

ကိုယ်အလေးချိန်ကတော့ သိသိသာသာ တက်လာပါတယ် ၉ လ အတွင်း ၁၀၊ ၁၅ ပေါင်လောက် တက်လာပါတယ်။ တစ်ယောက်ယောက်က ကျနော့ လက်ဖျံကို လာရိုက်ရင် အဲဒီ လက်ဖျံက ချက်ချင်း နီရဲပြီး အဖု ထွက်လာပါတယ်၊ ဘာနဲ့မှ မထိမခိုက် မိအောင် ဂရုစိုက်နေရပါတယ်။ ကျနော့်မှာ HIV ပိုး ကူးစက် ခံနေရတာပါလား။ ကျနော် ဖြစ်တဲ့ အဖုလေးတွေ တစ်ခါတစ်လေလည်း ပြင်လိုက်ဖြစ်ပါတယ်၊ မိနစ် ၃၀ လောက်နေရင် ပုံမှန် အရေပြား အတိုင်း ပြန်ဖြစ် သွားပါတယ်။

ဖြေ။    ။ မေးခွန်းတွေကို မဖြေပေးမီ ကျနော်တို့ ဘက်က မေးခွန်း အနည်းငယ် မေးပါရစေ။ အကာကွယ် မပါပဲ လိင်ဆက်ဆံမိတာ ၉ လ ရှိပြီဆိုတော့ ဒီကြားထဲမှာ သွေးစစ်ကြည့်ဖူးပါသလား။ သွေးမစစ်ရသေးဘူးဆိုရင် သံသယစိတ် ကင်းသွားအောင် သွေးစစ်ဖို့ အကြံပြုပါရစေ။

အခုပြောပြတဲ့ ရောဂါ လက္ခဏာတွေက allergic dermatitis လို့ခေါ်တဲ့ အရေပြားနဲ့ ဓာတ်မတည့်တဲ့ ပုံစံတူနေပါတယ်။ အရေပြားနဲ့ မတည့်တဲ့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ၊ မှိုပိုးတွေ၊ ဖုန်မှုန့်တွေ စတာတွေက အရေပြားမှာ အဖုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါက HIV ပိုးရှိတဲ့ လက္ခဏာတွေထဲမှာ မပါဝင်ပါဘူး။ သာမန် အရေပြား ရောဂါဖြစ်ဖို့ များပါတယ်။ ဒါကြောင့် နီးစပ်ရာ အရေပြားဆရာဝန်နဲ့ တိုင်ပင်စေချင် ပါတယ်။

မေး။    ။ သွေးမစစ်ကြည့် ရသေးပါဘူး။ ကျနော် ကြောက်ပြီး မစစ်ရဲတာပါ၊ ပထမ စာတုန်းက မပြောလိုက်ရတာ ရှိသေးလို့ပါ။ နားနဲ့မနာ ဖဝါးနဲ့ နာပေးပါ။ ကျနော်က homosexual ပါ၊ မနှစ်က ကျနော့ ပါတနာနဲ့ လိင်ဆက်ဆံပြီး ၁ ပါတ်လောက်မှာ အဲလို အရေပြားယားတာ အဖု ထွက်တာ ဖြစ်တာပါ၊ ကျနော် သူနဲ့ ဆက်ဆံပြီး ၃ လ လောက်နေတော့ ကျနော့် စအိုဝက ယားလာပါတယ်။ နောက်အဖုလေးတွေ ထွက်လာပါတယ်၊ သူငယ်ချင်း တစ်ယောက်က HPV ဖြစ်တာလို့ ပြောပါတယ်၊ သူပြောတဲ့ ဆေးကို လိမ်းလိုက်တာ ပျောက်သွားပါတယ်။ ခုထိ နောက်ထပ် မဖြစ်တော့ပါဘူး။ အရေပြားကတော့ ၉ လလုံး allergy လို ပျောက်လိုက် ဖြစ်လိုက်နဲ့ ပါ၊ အနာတော့ မဖြစ်ပါဘူး၊ ကျနော်က အသက် ၂၃ ပါ၊ အိမ်ကိုလဲ အသိမပေးရဲလို့ပါ။ ကူညီပြီး ဖြေကြားပေးပါ။

ဖြေ။    ။ သွေးစစ်ဖို့ အတွက်တော့ တိုက်တွန်းချင်ပါတယ်။ ဒါမှ သံသယတွေ ရှင်းသွားမှာပါ။ သွေးစစ်ဖို့ အတွက် စိတ်ချရုံကြည့်ရတဲ့ အန်ဂျီအိုတွေ၊ ပြင်ပ ဓာတ်ခွဲခန်းတွေ ရှိနေပါတယ်။ မိတ်ဆွေက ရန်ကုန်၊ မန္တလေး လို နေရာတွေမှာဆို အန်ဂျီအိုတွေမှာ နှစ်သိမ့် ဆွေးနွေးမှု ရယူပြီး သွေးစစ်နိုင်ပါတယ်။

HPV လို့တော့ ကျနော်တို့အနေနဲ့ ဟုတ်တယ်/မဟုတ်ဘူး အတည်ပြုလို့ မရပါဘူး။ အဲဒီ အရည်ကြည် ဖုလေးတွေကို မြင်ရမှ သေချာနိုင်ပါတယ်။ အများအားဖြင့် HPV ပိုးကူးစက်ခံရသူတွေက ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ပြခဲ့ရင်လည်း ကြွက်နို့လို အဖုသေးသေးလေးတွေ လိင်အင်္ဂါ တစ်ဝိုက်၊ စအိုတစ်ဝိုက်မှာပဲ အဖြစ်များပါတယ်။ လက်မှာ ဖြစ်တာ ရှားပါတယ်။

HPV ပိုးကို စစ်လို့ရတဲ့နည်း မြန်မာပြည်မှာ မရှိသေးပါဘူး။ ပြီးတော့ HPV က ကံပေါ် မူတည်ပါတယ်။ ဘာရောဂါ လက္ခဏာမှ မပြတဲ့ လူတွေ အများကြီး ရှိပါတယ်။ မိတ်ဆွေက အရက်သောက်ရင်၊ ဆေးလိပ်သောက် ရင်တော့ လက္ခဏာပြတာ မြန်ပါတယ်။

ဘာလက္ခဏာတွေ ပြလဲဆိုတော့
- လိင်အင်္ဂါ တစ်ဝိုက် ကြွက်နို့ပေါက်ခြင်း၊ အပြင်လိုက် အဖု သေးသေးများပေါက်ခြင်း
- စအို တစိုက် ကြွက်နို့ပေါက်ခြင်း၊ အပြင်လိုက် အဖုသေးသေးများ ပေါက်ခြင်း
- ကြွက်နို့၊ အပြင်လိုက် အဖုလေးများမှ အရည် တစ်စိုစို ထွက်ခြင်း (သူတစ်ပါးကို အလွန်ကူးလွယ်တဲ့ အခြေနေ)
- ဂေါ်ဖီပန်းပွင့် ကဲ့သို့ အဖုများ လိင်အင်္ဂါနဲ့ စအိုတွင် အဖုအလုံးများ ထွက်ခြင်း
- ပါးစပ်၊ လည်ချောင်း၊ အာခံတွင်း တွင် အဖုးများပေါက်ခြင်း စတာတွေပါ
များသောအားဖြင့် HPV ကြောင့်ဖြစ်တဲ့ ကြွက်နို့နဲ့ အဖုတွေက မယားတတ်ပါဘူး။ HPV အတွက် အကောင်းဆုံး ကာကွယ်ခြင်းကတော့ လိင်ဆက်ဆံရာမှာ ကွန်ဒုံး သုံးခြင်းပါ။ ပါးစပ်နဲ့ ဆက်ဆံရင်လည်း HPV ကူးတတ်တဲ့ အတွက် လိင်တံမှာ ကွန်ဒုံးစွပ်ပြီးမှ oral sex လုပ်သင့် ပါတယ်။

Homosexual ဖြစ်တော့ ပိုပြီး သတိထားရပါမယ်။ Homosexual တွေမှာ အဖြစ်အများဆုံးက HPV ပါ။ ဒီတော့ anal sex, oral sex, vaginal sex အားလုံးမှာ သတိရှိပါ။ ကွန်ဒုံးသုံးပါ။ HPV က လိင်အင်္ဂါ အချင်ချင်း ပွတ်သီးပွတ်သတ် လုပ်ရုံနဲ့တင် ကူးစက်တတ်ဆိုတာ သိထားပါ။

လောလောဆယ်တော့ အရေပြား ဆရာဝန်နဲ့ လက်က allergic ဖြစ်တာတွေကို ပြစေချင်ပါတယ်။ အသက် ငယ်သေးတဲ့ အတွက် ကိုယ့်ဘ၀ အသက်ဆက်ရှင်ဖို့ ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက အကောင်းဆုံးဆိုတာကို အသိပေးပါရစေ။

လမင်းကို

No comments: