Monday, October 2, 2017

‘နွားနို့ထမင်းနှင့် အုန်းနို့ထမင်း’

‘မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ’
.............................................
‘နွားနို့ထမင်းနှင့် အုန်းနို့ထမင်း’
.............................................


ချစ်စွာသော စာရှုသူများရှင်-

            ယခုလ မြန်မာ့အစားအစာနှင့် အာဟာရအခန်းမှာတော့ နွားနို့ထမင်းနှင့် အုန်းနို့ထမင်းတို့ရဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။

            ပထမဦးစွာ တင်ပြမှာကတော့ ‘နွားနို့ထမင်း’ ချက်ပြုတ်သုံးဆောင်နည်းဖြစ်ပါတယ်။ နွားနို့ထမင်းချက်မယ်ဆိုရင်တော့-

ဆန်ကောင်းကောင်း – ၁ ပြည်
နွားနို့ – ၂ဝ ကျပ်သား
ထောပတ် – ၅ ကျပ်သား
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
သကြား – ထမင်းစားဇွန်း ၁ ဇွန်း
ဇီရာ – ထမင်းစားဇွန်း ၁ ဇွန်း
စမုန်စပါး – ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်နီ – ၃၅ ကျပ်သားတို့ လိုအပ်ပါတယ်။
            နွားနို့ထမင်းချက်မယ်ဆိုရင်တော့ ပထမဆုံး နွားနို့ကို ကျက်အောင် ကျိုထားရပါမယ်။ ကြက်သွန်နီကို ပါးပါးလှီးကာ ကြွပ်နေအောင်ကြော်ပြီး ဆီစစ်ထားဖို့ လိုပါတယ်။ ဆန်ကို ရေနှစ်ကြိမ်ထက်မများ ဆေးပြီး ရေစစ်ထားရပါမယ်။ ဆန်တစ်ပြည်ဆံ့တဲ့ ပြည်ဝင်အိုးထဲမှာ  ရေတစ်ဝက်ခန့်ထည့်ပြီး ရေဆူအောင် တည်ထားရပါမယ်။ ရေဆူလျှင် ဆန်ထည့်ပြီး အဖုံးကို ပြန်ဖုံးကာ ဆူအောင် ထပ်တည်ထားရပါမယ်။ ရေပြန်ဆူလျှင် အဖုံးကို ဖွင့်ထားရပါမယ်။ ဆန်လုံးစင်းပြီး ကျက်လာလျှင် ဆန်ခါပေါ်လောင်းချကာ ထမင်းရည်စစ်ထားရပါမယ်။

            အဲဒီနောက် သကြားနှင့်ဆားထည့်ပြီး ဖျော်ထားရပါမယ်။ ဇီရာနှင့် စမုန်စပါးကို လှော်ပြီး ညက်နေအောင် ထောင်းထားရပါမယ်။ ပြီးလျှင် ကြက်သွန်နီကြော်ထဲ မဆလာမှုန့်ဖြူးပြီး ကြေအောင် ခြေထားရပါမယ်။ နွားနို့ထမင်းချက်မည့်အိုးကို ထောပတ်သုတ်ပြီး ထမင်းရည်စစ်ထားတဲ့ ဆန်ငါးပုံတစ်ပုံကိုယူပြီး အိုးထဲ အသာအယာ ဖြန့်ခင်းရပါမယ်။ အဲဒီဆန်ပေါ်ကို နွားနို့ရည်တချို့ဆမ်းပြီး ကြက်သွန်ကြော်ဖြူးပေးရပါမယ်။ အဲဒီနည်းအတိုင်း တစ်ထပ်ပြီး တစ်ထပ် ခင်းသွားရပါမယ်။ အပေါ်ဆုံးအထပ်မှာ ပိုတဲ့နွားနို့ အားလုံးကို ဖျန်းလိုက်ရပါမယ်။ ဆန်၊  နွားနို့နဲ့ ကြက်သွန်ကြော်ပါကုန်တဲ့အထိ ထည့်ပြီးတဲ့အခါ  အောက်မီးကို ဘေးပတ်လည်ထားပြီး အပေါ်မီးတင်ကာ နှပ်ထားရပါမယ်။

            ထမင်းအိုးက အငွေ့လှိုင်လှိုင်ထွက်ပြီး နပ်လောက်တဲ့အခါ အိုးအဖုံးကို ဖွင့်လို့ နွားနို့နံ့သင်းပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ နွားနို့ထမင်းကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။ အဲဒီနွားနို့ထမင်းကိုတော့ ကြက်သားဟင်းမွှေးမွှေးနဲ့ တွဲဖက်သုံးဆောင်နိုင်ကြပါတယ်။ တချို့ကျတော့လည်း နွားနို့ထမင်းဆိမ့်ဆိမ့်လေးကို သူ့ချည်းသက်သက် ပူပူနွေးနွေးသုံးဆောင်လေ့ရှိကြပါတယ်။ နွားနို့ထမင်းကို တချို့က ‘နို့ထမင်း’ လို့ အလွယ် ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ယခုတင်ပြခဲ့တဲ့ နွားနို့ထမင်းက ဟင်းလျာတွေနဲ့ တွဲဖက် စားသုံးရတဲ့ နွားနို့ထမင်းဖြစ်ပါတယ်။

            ယခု တင်ပြလိုတဲ့ နွားနို့ထမင်းကတော့ သရေစာ၊ ဓာတ်စာအနေနဲ့ ယာဂုကျိုထားတဲ့ နွားနို့ထမင်း ပြုလုပ်နည်းဖြစ်ပါတယ်။ ဒီနွားနို့ထမင်းကို တချို့က နွားနို့ဆန်ပြုတ်လို့လည်း ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဒီနေရာမှာ နွားနို့မရလျှင် ကျွဲနို့၊ ဆိတ်နို့တို့နဲ့လည်း ကျိုသောက်နိုင်ပါတယ်။ နို့ထမင်းကျိုမယ်ဆိုရင်တော့ မိသားစု ၁ဝ ယောက်စာ ကျိုမယ်ဆိုရင် –

ဆန်ကောင်းကောင်း – နို့ဆီဘူး ၂ ဘူး
နွားနို့ – ၅ဝ ကျပ်သား
ဆား – အနည်းငယ်တို့ လိုအပ်ပါတယ်။
            ပထမဆုံး ဆန်ကို နှစ်ကြိမ်ထက်မများ ရေဆေးပြီး ခပ်သင့်သင့် အိုးတစ်လုံးမှာ ရေထည့်ကာ ပြုတ်ထားရပါမယ်။ ဆန်ကို နူးအိပြီး ဆန်စများ ရှည်ထွက်လာသည်အထိ နူးမြည့်နေအောင် ကျိုရပါမယ်။ ဆန်များနူးမြည့်လာတဲ့အခါမှာ နွားနို့နဲ့ ဆားလေး သင့်ရုံထည့်ပြီး ကျိုရပါမယ်။ နွားနို့ထည့်ပြီးတဲ့အခါ အိုးကို အောက်က ချိုးမကပ်အောင် အဆက်မပြတ် မွှေပေးရပါမယ်။ ဒီအခါမှ အောက်ကလည်း ချိုးမကပ်တဲ့အပြင် ဆန်တွေ အထက်အောက်သမပြီး နွားနို့နှင့် ရောကျိုသလိုဖြစ်လို့ နွားနို့ထမင်းရဲ့ အရသာလည်း ပိုကောင်းစေပါတယ်။

            မီးအေးအေးနဲ့ သမအောင်ကျိုထားတဲ့ နွားနို့ထမင်းပူပူနွေးနွေးကိုတော့ ကလေးငယ်များ သရေစာအတွက်သာမက သက်ကြီးရွယ်အိုများအတွက် ဓာတ်စာအနေနဲ့ပါ စားသုံးနိုင်ကြပါတယ်ရှင်။ နွားနို့ထမင်းကို တချို့က ထမင်းနည်းနည်း၊ နွားနို့များများနဲ့ ခပ်ကျဲကျဲ ကျိုသောက်ကြသလို တချို့ကျတော့လည်း ထမင်းနဲ့ နွားနို့ကို မပျစ်မကျဲ အနေတော် ဆိမ့်ဆိမ့်လေး ကျိုသောက်လေ့ရှိကြပါတယ်။

            အချိုကြိုက်သူများကတော့ နွားနို့ထမင်းထဲမှာ သကြားလေး တစ်ဇွန်းလောက် ထည့်ပြီး ချိုချိုဆိမ့်ဆိမ့်လေး သောက်သုံးလေ့ရှိကြပါတယ်။ နွားနို့ထမင်းမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို  လေ့လာတဲ့အခါ  မြန်မာ့အစားအစာနှင့် အာဟာရ စာအုပ်မှာ နွားနို့ထမင်း စားသုံးမှု ၁ဝဝ ဂရမ်မှာ အင်အားဓာတ်အနေနဲ့ ၈၆ ကီလိုကယ်လိုရီ ရရှိနိုင်ပြီး ကစီဓာတ် ၈၁.၁ ဂရမ်၊ အဆီဓာတ် ၁၃.၄၉ ဂရမ်နဲ့ ထုံးဓာတ်  ၂.၅၆ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။

            နွားနို့ထမင်းအကြောင်း တင်ပြအပြီးမှာ ဆက်လက်ပြီး အုန်းနို့ထမင်းရဲ့ အာဟာရတန်ဖိုးများအကြောင်း အစီရင်ခံ တင်ပြမှာ ဖြစ်ပါတယ်။ အုန်းနို့ထမင်းကို တချို့ကတော့ အုန်းဆန်ပြုတ်လို့ ခေါ်ဝေါ် ကြပါတယ်။ အုန်းနို့ထမင်းချက်မယ်ဆိုရင်တော့ –

ဆန်ကောင်းကောင်း – နို့ဆီဘူး ၂ ဘူး
အုန်းသီး – ၁ လုံး
ဆား – အနည်းငယ်တို့ လိုအပ်ပါတယ်။
            ပထမဆုံး ဆန်ကို ရေ နှစ်ကြိမ်ထက် မများအောင် ဆေးပြီး ခပ်သင့်သင့် အိုးတစ်လုံးမှာ နူးအိနေအောင် ပြုတ်ထားရပါမယ်။ အုန်းသီးကို ခြမ်းပြီးတော့ အုန်းနို့ရည် ရသလောက် ညှစ်ယူထားရပါမယ်။ ညှစ်ပြီးသား အုန်နို့ရည်ကို အမှိုက်သရိုက် ကင်းစင်အောင် ပိတ်ပါးလေးနဲ့ စစ်ထားရပါမယ်။ ဆန်များ နူးအိလာတဲ့အခါ ဆန်ပြုတ်အိုးထဲ အုန်းနို့ရည်များ လောင်းထည့်ကာ အပေါ့၊ အငန်အတွက် ဆားလေးသင့်ရုံထည့်ပြီး ကျိုရပါမယ်။ အထက်အောက် သမအောင် အုန်းနို့ရည်နဲ့ ဆန်များကို ရောမွှေပြီး အုန်းနို့ ရည်ပျစ်လာသည်အထိ ကျိုရပါမယ်။ ဒီနေရာမှာ တချို့ကတော့ အုန်းနို့ဦးရေကိုသာ ညှစ်ထည့်ပြီး အုန်းဆံဖတ်လေးများကိုပါ ရောကျိုလေ့ရှိကြပါတယ်။ နွားနို့ထမင်းက နွားနို့နံ့လေးသင်းပြီး ဆိမ့်နေသလို အုန်းနို့ထမင်းကလည်း အုန်းနို့နံ့လေးသင်းပြီး အရသာ ချိုအီအီနဲ့ စားရတာ ခံတွင်းတွေ့စေပါတယ်။

            အုန်းနို့ထမင်းကို သူ့ချည်းသက်သက် အုန်းနို့အချိုရည်လောက်နဲ့ ခပ်ဆိမ့်ဆိမ့် သောက်ကြသလို တချို့ကတော့ သကြားလေးစွက်ပြီး ချိုချိုဆိမ့်ဆိမ့် သောက်သုံးလေ့ရှိကြပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံပြီး အငွေ့တထောင်းထောင်းထနေတဲ့ အုန်းနို့ ထမင်းပူနွေးနွေးကို စားဖူးသူတိုင်း နှစ်ခြိုက်ကြပါတယ်။ အုန်းနို့ထမင်းကို မနက်စောစောနဲ့ နေ့လယ်ခင်းမှာ အဆာပြေ သရေစာအနေနဲ့  စားသုံးလေ့ရှိကြပါတယ်။

            အုန်းနို့ထမင်းမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ မြန်မာ့အစားအစာနှင့် အာဟာရ စာအုပ်မှာ အုန်းနို့ထမင်းစားသုံးမှု ၁ဝဝ ဂရမ်မှာ အင်အားဓာတ် ၃၄ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၉၁ ဂရမ်နဲ့ အဆီဓာတ် ၇.၇၂ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

            ယခုလ မြန်မာ့အစားအစာနှင့် အာဟာရအခန်းကနေ ချစ်စွာသော စာရှုသူများအတွက် နွားနို့ထမင်းနှင့် အုန်းနို့ထမင်းတို့ရဲ့ အာဟာရတန်ဖိုးများအကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်ရှင်။

ဆန်းဆန်းဦး (မြန်မာ့အသံ)

Credit: Food magazine

No comments: