Tuesday, January 28, 2014

AIDS နှင့် ကမ္ဘာ (၁)




AIDS ရောဂါကို ၁၉၈၁ ခုနှစ်မှာ ပထမဦးစွာ အမေရိကန်မှာ တွေ့ခဲ့တယ်ဆိုတာ တင်ပြပြီးဖြစ်တယ်။ ဒါပေမယ့် လူသိမများသေးဘူး။ ၁၉၈၅ ခုမှာတော့ ကျော်စောထင်ရှားမှု ရခဲ့ပြီး ကမ္ဘာသိ ရောဂါ ဖြစ်လာတယ်။ ရုပ်ရှင်မင်းသား Rock Hudson က AIDS ကြောင့် အဲဒီနှစ်မှာ သေသွားတာကလည်း ဒီကျော်စောမှုကို အများကြီး အထောက်အကူ ပြုခဲ့တာလည်း တင်ပြခဲ့ပြီး ပါပြီ။ အဲဒီအချိန်မှာ ကမ္ဘာက AIDS အပေါ် ဘယ်လိုမြင်သလဲ?။ ပထမတော့ AIDS ဟာ “ဂေး” ရောဂါ၊ သဘာဝနဲ့ ပုံမှန် မူမှန် အခြေအနေကို ဆန့်ကျင်သူတွေကို ခတ်တဲ့ ဒဏ်လို့ ဆိုချင်ကြတယ်။

မကောင်းမှု ဒုစရိုက်ရဲ့ တုံ့ပြန်မှုကို ခံရတာပဲ ထင်ပြီး ဒီလူတွေကို ကဲ့ရဲ့ပြစ်တင်ပြီး ဒီလူတွေကို ဖိနှိပ်ချုပ်ချယ်ချင်တဲ့ အာသီသတွေ ပွားလာခဲ့ကြတယ်။ “သူတို့ထိုက်နဲ့ သူတို့ကံပဲ၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မှာပဲ ခံလိုက်ပေါ့။ ဒါဟာ တရားတဲ့ လောကနိယာမပဲ၊ သူတို့ အပစ်ကြောင့် သူတို့ ခံရတာ။ တို့နဲ့ မဆိုင်ဘူး။ အနေသာကြီးပါ” လို့ ထင်မြင်သူဆတဲ့ သူတွေလည်း အများကြီး ရှိတယ်။ တချို့ကတော့ သူတို့ကြောင့် ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ အန္တရာယ်ကြီး ဖြစ်လာရတာ သူတို့ တရားခံပဲ။

အချို့နေရာတွေမှာ “ဂေး” တွေကို ရိုက်နှက် ပုတ်ခတ်ညှဉ်းဆဲတဲ့ အထိ ဖြတ်တာတွေ တွေ့လာရတယ်။ နောက်တစ်ခါ ဟေတီကျွန်းက လူတွေမှာဖြစ်တဲ့  ရောဂါပါ။ နောက်ဆက်ပြီး (Haemophilia) လို့ ခေါ်တဲ့ “သွေးမတိတ်” ရောဂါသည်တွေမှာ ဖြစ်တယ်လို့ သိနားလည်လိုက်ကြတယ်။ ဒီတော့ ဒီရောဂါဟာ တချို့ တချို့သော ကန့်သတ်ထားတဲ့ အုပ်စုမှာသာ ဖြစ်တာပါ။ အများသူငါမှာ ဖြစ်တဲ့ ရောဂါ မဟုတ်ဘူး။ ဒီလို (risk group)  သီးသန့်အုပ်စုမှာသာ ဖြစ်တာလို့ ထင်ကြပြန်တယ်။ ရောဂါဖြစ်စေတဲ့ အန္တရာယ်ဟာ အထူးစပါယ်ရှယ် အုပ်စုတွေထဲမှာသာ ရှိတာမဟုတ်၊ ရောဂါဘေးဟာ လူတစ်ဦးရဲ့ အန္တရာယ်များတဲ့ ပြုမှုချက်ပေါ်မှာ မူတည်နေတယ် ဆိုတာကိုတော့ နောက်မှ တစ်ဖြည်းဖြည်း သိလာကြတာ။

ပထမတော့ “ဂေး” တွေကို ပစ်မှတ်အဖြစ်ထားပြီး အပြစ်တင်ကြ၊ ဒဏ်ခတ်ကြ လုပ်လာကြတော့ “ဂေး”တွေ မခံမရပ်နိုင် ဖြစ်လာတယ်။ အမေရိကမှာဆိုရင် အကြီးအကျယ် ဆန္ဒပြပြီး ပဋိပက္ခ ဖြစ်မှုတွေ ပေါ်ပေါက်ခဲ့တယ်။ အခုထိ အပြည်ပြည်ဆိုင်ရာ AIDS  အစည်းအဝေး ညီလာခံ စသည်တို့ ရှိရင် “ဂေး” အုပ်စု အခွင့်အရေးအတွက် တိုက်ပွဲဝင်သူတွေဟာ အမြဲလိုလို ဆန္ဒပြခဲ့တယ်။ အစည်းအဝေး ကျင်ပတဲ့ နေရာတွေမှာ ဆန္ဒပြကြပြီး အခွင့်အရေးတွေ တင်ပြတောင်းဆိုမှုတွေ လုပ်နေဆဲ ဖြစ်တယ်။

သမိုင်းအကြောင်းကို ကြည့်လျှင် ဆစ်ဖလစ်တုန်းကလည်း ဒီနည်းဆင်ဆင် ဖြစ်ခဲ့တာပဲ။ ဆစ်ဖလစ်ဟာ ၁၄၄၀ လောက်ကစပြီး နောက် အနှစ် တစ်ရာလောက် အတွင်းမှာ အပြင်းအထန် ပြန့်ပွားခဲ့တယ်။ အနှစ် ၅၀၀ ကြာတာတောင် ဒီရောဂါရဲ့ ဇစ်မြစ်ကြောင်းအင်ကို သိပံ္ပပညာရှင်တို့ ရေလည်စွာ မသိကြသေးဘူး။ AIDS ဗိုင်းရပ်စ်ပိုးကို ရောဂါပေါ်လာပြီး ၅ နှစ်လောက် အတွင်းမှာ ဖော်ထုတ်နိုင်တာကတော့ အခုခေတ် သိပ္ပံပညာ အတတ်ပညာ ထွန်းကားတိုးတက်မှုရဲ့ အကျိုးကြောင့်ပဲ ဖြစ်တယ်။ ဆစ်ဖလစ်ရောဂါဟာ ပထမ အီတလီမှာ သဲသဲမဲမဲ စဖြစ်ပြီး ၁၉၄၅မှာ ပြင်သစ်၊ ဂျာမဏီနဲ့ ဆွစ်ဇာလန်ကို ရောက်တယ်။ ၁၄၉၆ မှာ ဟော်လန်နဲ့ ဂရိ၊ ၁၄၉၇ မှာ အင်္ဂလန်နဲ့ စကော့တလန်၊ ၁၄၉၉ မှာ ရုရှာကို ရောက်တယ်။
ဆစ်ဖလစ် ပြန့်ပွားမှုကတော့ AIDS လောက် မမြန်ဘူး။ ဒါဟာလည်း မျက်မှောက်ခေတ်ရဲ့ တိုးတက်မှု တစ်ရပ်ဖြစ်တဲ့ ဆက်သွယ်ရေးနဲ့ ကူးလူးဆက်ဆံရေး ကောင်းမွန်လွယ်ကူ မြန်ဆန်ခြင်း ကြောင့်ပဲ။ ဒါကတော့ အကောင်းနဲ့ အဆိုးဟာ အများအားဖြင့် တစ်ခုတည်း ပေါ်မလာဘူး။ ဒွန်တွဲပြီးလာတယ်ဆိုတာကို သတိရစေတဲ့ အချက်တစ်ခုပဲ။ အဲဒီအချိန်ကလည်း အခု AIDS မှာ ဖြစ်သလိုပဲ ရုရှတွေဟာ ပိုလန်သားတွေဆီက ရတာလို့ ဆိုတယ်။

အင်္ဂလိပ်နဲ့ တူရကီတွေကတော့ ပြင်သစ်ရောဂါလို့ အမည်တပ်လိုက်တယ်။ ပြင်သစ်တွေက အီတလီ ရောဂါလို့ ခေါ်ပြီး၊ အီတလီတွေက စပိန်ရောဂါလို့ ခေါ်တယ်။ စပိန်တွေက ဒီရောဂါကို ကိုလံဘတ် ကမ္ဘာသစ်ကို တွေ့စဉ်က ရောက်ခဲ့တဲ့ ဟေတီကျွန်းက ရလာတာလို့ ဆိုပြန်တယ်။ ဒီဖြစ်စဉ် သမိုင်းပုံစံဟာလည်း အခု AIDS မှာ ပြန်တွေ့နေရ ပြန်ပြီ။ ဓာတ်ပြာား ဟောင်းကြီး ပြန်ပြီး ဖွင့်နေသလိုပါပဲ။

AIDS ပေါ်တဲ့ အချိန်မှာ ကမ္ဘာပေါ်ရှိ တိုင်းပြည်တွေက AIDS အပေါ် ဘယ်လို ခံယူချက်ရှိသလဲဆိုတာ လေ့လာကြည့်ရင် ယေဘုယျအားဖြင့် ၂ မျိုး ရှိတာ တွေ့ရတယ်။
၁။ AIDS ဟာ ဒီလောက်အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ တို့နဲ့လည်း မဆိုင်ပါဘူး။ အနောက်နိုင်ငံ အချို့က အကျယ်ချဲ့ပြီး ထုံးစံအတိုင်း သူတို့ စာနယ်ဇင်းတွေကလည်း အော်ဟစ်ပြီး နေကြတဲ့ ကိစ္စပါ။ ဒါကြောင့် ဘာမှလုပ်စရာမလိုဘူး။ လျစ်လျူရှုပြီး နေလို့ရတဲ့ အခြေမျိုးလို့ ယူဆကြတယ်။ ဒီလိုယူဆရုံ မကသေးဘူး၊ သူတို့ တိုင်းပြည်မှာ အနောက်နိုင်ငံနဲ့ အခြားပြည်တွေလို စိုးရိမ်စရာ မရှိလို့ ကိုယ့်အခြေအနေ အပေါ်မှာ ကိုယ်ကျေနပ်နျစ်သိမ့်နေပုံရတယ်။ တကယ်တော့ သူတို့က ဖြစ်ရပ်မှန်ကိုမှ မသိပေပဲကိုး။ ဒီအန္တရာယ်ကြီးရဲ့ ဆိုးကျိုးအာနိသင်ဟာ ဘယ်လောက်အထိ ကြီးမားပြီး ကျယ်ဝန်းတယ်ဆိုတာ မသိလို့ ဒီလို အတွေးမျိုးနဲ့ ကျေနပ်နေတာ။

၂။ နောက်တစ်အုပ်စုကတော့ AIDS ဆိုတာ ကုလို့လည်း မရဘူး၊ အဖြစ်မရှိတဲ့ ပုစ္ဆာလို ဖြစ်နေတာ။ နောက် အနီးကာလ အတွင်းလည်း အဖြေပေါ်ဦးမှာ မဟုတ်ဘူးလို့ ဆိုနေကြတယ်။ ဒီလောက် ခက်ခဲပြီး ဆိုးလှတဲ့ ကိစ္စကို ရင်ဆိုရတဲ့အခါ ဘာတတ်နိုင်လို့လဲ။ ကမ္မသကာပဲ၊ ဖြစ်လိုရာဖြစ်သွားမှာပဲပေါ့။ ကပ်ဆိုက်တာတော့ အမှန်ပဲ။ ဘာမှမလုပ်နိုင်တော့လည်း ခံလိုက်ရုံပေါ့ဆိုပြီး ကံကို လုံးဝပုံချပြီး နေကြတယ်။

ဒီခံယူချက် နှစ်မျိုးစလုံးဟာ အောင်မြင်ချက်နဲ့ ဝေးသထက် ဝေးစေတဲ့ ခံယူချက်တွေ ဖြစ်တယ်။ တချို့တိုင်းပြည်တွေကတော့ ဒီရောဂါဟာ “သူတို့” ဆီမှာသာဖြစ်တာ “တို့ဆီ” မှာ မဖြစ်ဘူး၊ တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုပြီး ဘူးကွယ်ပစ်လိုက်တယ်။ ၁၉၈၃ ခု ဆွစ်ဇာလန်ပြည်၊ ဂျနီဗာမှာ လုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ AIDS ကွန်ဖရင့်မှာ အရှေ့ ဥရောပ နိုင်ငံတွေအနက်က ချက်ကိုစလို ဗားကီးယားနိုင်ငံ တစ်ဦးတည်းကသာ အရှေ့ဥရောပ ဆိုရှယ်လစ် နိုင်ငံတွေထဲကို AIDS ရောက်နေပြီလို့ ဝန်ခံတယ်။
ကွန်ဖရင့် လေးရက်စလုံးမှာ ဆိုဗီယက်ကိုယ်စားလှယ်က “ဆိုဗီယက်နိုင်ငံမှာ AIDS ရောဂါ လူနာမျိုး၊ တစ်ယောက်မှရှိမှာ မဟုတ်ဘူး”လို့ ထပ်ခါတလဲ အပြတ်ပြော ပစ်ခဲ့တယ်။ အလားတူပဲ ရိုပေးနီးယား ကိုယ်စားလှယ်ကလည်း ဒီရောဂါဟာ အရင်းရှင်ရောဂါ။ တို့ဆိုရှယ်လစ်/ ကွန်မြူနစ်နိုင်ငံမှာ ဖြစ်မှာ မဟုတ်လို့ “ခါးခါးသီးသီး” ငြင်းခဲ့တယ်။ ဗိုင်းရပ်စ်ကတော့ ဒီလိုနိုင်ငံရေးကို ဦးတည်းပြီး မိန့်ဆိုခဲ့တဲ့ ကြေညာချက်တွေကို ဘယ်လက်ခံလိုက်မှာလဲ။

အဲဒီ အချိန်လောက်မှာပဲ “သွေးမတိတ်ရောဂါ” ကြောင့် သွေးသွင်းခဲ့လို့ AIDS ရလာတဲ့ လူနာဟာ ဥရောပမှာ ၉ ဦး ရှိနေပြီ။ နောက်ပိုင်းမှာတော့ သိကြတဲ့ အတိုင်း ရိုမေးနီးယားမှာ မွေးစသွေးသွင်းခဲ့ရတဲ့ ကလေးပေါင်း များစွာဟာ AIDS ရခဲ့တယ်။ ဒါကိုဆရာဝန်တွေက တပ်အပ်သေချာစွာ ရောဂါရှာပြီး တပ်ပြခဲ့ပေမယ့် အစိုးရက ဖုံးကွယ်ထားခဲ့တယ်။ ဒီကလေးတွေမှာ AIDS ဖြစ်တဲ့ ကိစ္စကို ဆက်လက်စုံစမ်း စစ်ဆေးမှု မလုပ်ရလို့ အာဏာပိုင်တွေက အမိန့်ပေးပြီး တားမြစ်ခဲ့တယ်။ ဒါကြောင့် ကာကွယ် နိုင်တဲ့ အချိန်တွေမှာ မကာကွယ်လိုက်ရလို့ ရောဂါပြန့်ပြီး အခြေအနေ ပိုဆိုးခဲ့တယ်။

ကမ္ဘာ့ အရှေ့ပိုင်းမှာလဲ ဒီနည်းနှင်နှင်ပါပဲ “တို့ယဉ်ကျေးမှုနဲ့ ဖီလာတဲ့ အပြုအမှုမျိုးကြောင့် ဖြစ်ရတဲ့ ရောဂါပါ။ တို့ဆီမှာ ဒါမျိုးတွေမှ မရှိကြတာ။ တို့ဆီမှာ မဖြစ်နိုင်ဘူး” လို့ ထင်ခဲ့ကြလို့ တရားဝင် အစည်းအဝေးတွေမှာ ဒီလိုပဲ ပြောခဲ့ကြတယ်။ အများပြည်သူလူထုကလည်း ဒီလိုပဲ ခံယူနေကြတာပဲ။ အထက်က တင်ပြသလိုပဲ အဲဒီ အချိန်မှာ AIDS ဟာ အမေရိကန်ပြည် တစ်ပြည်ထဲမှာ ရှိနေတဲ့ ရောဂါ မဟုတ်ပါဘူး။ ကိန်းဂဏန်းအရတော့ အမေရိကမှာ များနေတယ်ဆိုတာ မှန်ပါတယ်။

၁၉၈၄ ခုနှစ်မှာ ဆိုရင် ကယ်လီဖိုးနီးယားမှာ AIDS ရောဂါအတွက် သတ်သတ်ဆေးရုံ ဖွင့်သေးရတဲ့ အခြေအနေ ဆိုက်နေပြီ။ ဒီ AIDS ဖြစ်တဲ့ သူတွေဟာ တစ်စုထဲ တစ်ပြုံထဲ ဆိုသလို နယူးယောက်နဲ့ ဆန်ဖရန် စစ္စကိုမြို့တွေမှာ ရှိကြတယ်။ ဒီပြင်ဖြစ်တဲ့ လူတွေဟာလည်း “ဂေး” တွေဆိုတော့ ကမ္ဘာမြင်ကွက်မှာ ဒီနေရာတွေဟာ သိပ်ပြီး ပေါ်ပေါ်ထင်ထင် ဖြစ်နေတာပေါ့။ ဒီတော့ ၁၉၈၁ ခုနှစ် ဝန်းကျင်မှာ သိနေကြတာတော့ AIDS ဟာ “ဂေး” ရောဂါပဲ။ အထက်ဆိုခဲ့သလို ဒီ “ဂေး” တွေဟာ လူ့အဖွဲ့အစည်းရဲ့ ပုံမှန်ဓလေ့ထုံးစံကို ဆန့်ကျင်ကြသူတွေမို့ “ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်း” ခံရတာလို့ ဆိုပြီး “ဂေး” တွေ အပေါ် လုံးဝဥဿုံ ပုံချ အပြစ်ဖို့ခဲ့တယ်။

ဒီလို တစ်ပြည်တည်း နေသူတွေက လူနည်းအုပ်စုဖြစ်တဲ့ “ဂေး” တွေသာ ဖြစ်တာပါလို့ ယူဆသလို ကမ္ဘာ အရပ်ရပ်ရှိ တိုင်းပြည်တွေနဲ့ လူတွေကလည်း “သူတို့ တိုင်းပြည်ဟာ ဒုစရိုက်တွေ များလွန်းတဲ့ နေရမို့ ဖြစ်တာ။ တို့ဆီမျာ မဖြစ်ဘူး” လို့ ယုံကြည်နေကြတယ်။ ဒါဟာလည်း ဓမ္မတာပါပဲ။ လူဆိုတာ မွေးလာရင် မလွဲမသွေ သေရမျာပဲဆိုတာ လုတိုင်းလူတိုင်း တပ်အပ်သေချာ သိထားရက်နဲ့ လူတွေ ဒီလိုပဲ တွေးမိကြရဲ့လား၊ သတိရှိကြရဲ့လား။ “သူပဲ သေတာပါ ငါ့အလှည့်တော့ ကျမှာ မဟုတ်ဘူး” လို့ အမြဲ ထင်နေတော့တာပဲ မဟုတ်လား။ ဒါကတော့ မသေချင်လို့ မသိစိတ်က ဝန်မခံပဲ ဗြောင်ငြင်းဆန်နေတဲ့ သဘောပါ။

ဒီလို ငြင်းလိုက်ရင် ပြဿနာဟာ ခေတ္တခဏလောက် ဖြစ်ဖြစ် ပျောက်နေမှာပဲလို့ ထင်နေကြတယ်။ ဒီလို “တို့ဆီမှာတော့ ဖြစ်မှာမဟုတ်ဘူး” လို့ ယူဆနေတဲ့ အချိန်မှာပဲ AIDS ကတော့ အရပ်ရပ် အနယ်နယ်ကို ပြန့်စပြုနေ ပါပြီ။ AIDS ကို ကနဦး ဖော်ထုတ်နိုင်ခဲ့တဲ့ ၁၉၈၁ ခုနှစ် အရင် ၂ နှစ်လောက်မှာ တမူထူးခြားတဲ့ လက္ခဏာ ရှိတဲ့ လူနာအချို့ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့ တွေမှာ တွေ့ခဲ့ကြတယ်။

ဒီထူးခြားတဲ့ အချက်တွေကတော့ (၁) အရင် အလွန်မှ ရှားတဲ့ အဆုတ်ရောင်ရောဂါ တစ်မျိုး၊ (၂) အင်မတန်တွေ့ရခဲ့တဲ့ အရေပြား ကင်ဆာတစ်မျိုး (KS) နဲ့ နောက် ထူးခြားချက် တစ်ခုကတော့ လူနာအားလုံးဟာ “ဂေး” တွေဖြစ်နေတာပဲ ဖြစ်တယ်။ ဆရာဝန်တွေ အနေနဲ့တော့ ပထမ အတော် အကြပ်ရိုက်သွား သေးတယ်။ ကြောင်းအင်လည်း မသိတော့ လူနာတွေကို မကူနိုင် ဖြစ်နေတယ်။ ဒီတော့ “ဆစ်ဖလစ်၊ ဂနိုးရီးယား” တို့လို လိင်စပ်ယှက်ရာမှ ဖြစ်တဲ့ရောဂါ (Sexually Transmitted Diesase = STD) အသစ်တစ်ခု ပေါ်နေပြီ ထင်တယ်လို့သာ မှတ်ချက်ချနိုင် ခဲ့တယ်။

၁၉၈၁ မှာတော့ နောက် AIDS လို့ ယာယီ ခေါ်မယ့် ဒီရောဂါကြောင့် လူပေါင်း ၂၄၈ ယောက် အမေရိကန်မှာ သေဆုံးခဲ့ပြီးပြီ။ ၁၉၈၁ အဆုံးမှာတော့ ဇိုင်းယား နိုင်ငံ ကင်ရှာစာ မြို့တော်က ဆရာဝန်တွေကလည်း အထက်ပါ လက္ခဏာနဲ့လာတဲ့ လူနာတွေကို စတွေ့နေပြီ ဖြစ်တယ်။ ဒီရောဂါဟာ အမေရိကန်က ရောဂါနဲ့ တူပါလားဆိုတာကိုလည်း ကင်ဆာဆရာဝန် တစ်ဦးက သတိထားလိုက်မိတယ်။ အာဖရိကတိုက်ရဲ့ အခြားတစ်နေရာမှာလည်း ဘယ်လ်ဂျီယံ ဆရာဝန်တွေက နောက် AIDS လို့ ခေါ်တဲ့ ရောဂါ လက္ခဏာ အချို့ရှိတဲ့ လူနာတွေကို ၁၉၇၀ ခုနှစ် နောက်ပိုင်းမှာထဲက တွေ့ထားရတယ်ဆိုတာ နောက်မှ သိလာရတယ်။

အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဇန်ဘီးယားမှာတော့ ကိုယ်ခံခုခံအင်အားကျဆင်းပြီး “KS” လို့ ခေါ်တဲ့ အရေပြား ကင်ဆာတွေဟာ အရင်ကနဲ့ မတူ ထူးခြားစွာ ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့ လူနာတွေ သိသိသာသာ များလာတယ်ဆိုတာ သတိပြုမိကြတယ်။ Caribbean လို့ ခေါ်တဲ့ အရှေ့အိန္ဒိယ ကျွန်းစုမှာ ပါတဲ့ “ဟေတီ” ကျွန်းမှာတော့ “KS” အရေပြား ကင်ဆာတွေလည်း ဖြစ်လာကြပြီးတော့ ဒီလူနာတွေမျာ ရောဂါပိုး အမျိုးမျိုး ခဏခဏ ဝင်နေတဲ့ ဖြစ်ရပ်ကို ၁၉၇၈-၇၉ မှာ စတွေ့နေတယ်ဆိုတာကို နောက်ကြောင်းပြန်စစ်ကြတော့ သိရတယ်။

၁၉၈၀-၈၁ မှာတော့ အမေရိကန်မှာ နယူးယောက်မြို့နဲ့ မိုင်ယာမီမြို့မှာ ရှိကြတဲ့ ဟေတီကျွန်းမှ “ဒုက္ခသည်” တွေထဲမှ ခုခံအား ကျဆင်းမှု (immune deficiency) လူနာတွေ တွေ့ခဲ့ရတယ်။ ၁၉၈၂ မှာ ဒီလို လူနာပေါင်း ၃၄ ဦး ရှိနေပြီ၊ ၁၉၈၂ ခုနှစ်မှာပဲ ဟေတီကျွန်းပေါ်က ဆရဝန်တွေက ဒီလို လူနာမျိုး ၆၁ ဦး တွေ့ထားပြန်တယ်။ ဒီအချိန်လောက်မှာပဲ AIDS ရောဂါဟာ ဥရောပကို ပြန့်နေပြီ ဖြစ်တယ်။

အမေရိကန်မှာတော့ AIDS ဟာ “ဂေး” ရောဂါ သတ်သတ်မှတ်မှတ်လု့ ယူဆလို့ မရတော့ဘူးဆိုတဲ့ အခြေကို ဆိုက်စပြုပြီ။ ၁၉၈၀ ခုနှစ် နောက်ဆုံးပိုင်းလောက်ကတည်းက အမေရိကန်ရှိ အတ္တလန်တာမြို့က (Centre for Disease Control=CDC) “ရောဂါထိန်းချုပ် ကာကွယ်ရေး ဗဟိုဌာန” က သတိပြုမိလိုက်တာက ဒီလို လက္ခဏာတွေဟာ မူးယစ်ဆေးဝါး “ထိုး” သူ (သွေးကြောထဲ အပ်နဲ့ ဆေးထိုးပြီး သွင်းသူ၊ စားသူမဟုတ်) တွေမှာလည်း တွေ့နေရတယ် ဆိုတဲ့ အချက်ပဲ။ နောက် တစ်ဆက်တည်း တွေ့ရတာကတော့ သွေးသွင်းခြင်းကြောင့်လည်း AIDS ရနိုင်တယ်ဆိုတာပဲ ဖြစ်တယ်။

၁၉၈၃ ခုနှစ် ဇွန်လထဲမှာတော့ “လောရိန်းဒီဆန်တစ်(စ)” ဆိုတဲ့ အမျိုးသမီးကြီး တစ်ဦးဟာ သွေးသွင်းခြင်းကြောင့် AIDS ရောဂါ ရသွားတယ်လို့ အတိအလင်း သတ်မှတ် အတည်ပြုလိုက်တယ်။ သူကတော့ ၁၉၈၁ ခုနှစ် နှလုံးခွဲစိတ် ကုသမှု ခံယူစဉ်က သွေးသွင်းခဲ့လို့ AIDS ရောဂါ ဝင်ခဲ့တာ။ ၁၉၈၃ ခုနှစ်မှ ရောဂါဖြစ်လာလို့ AIDS ဖြစ်နေမှန်း သိရတာ။ ၁၉၈၂ ခုနှစ်တုန်းကတော့ မြောက်ကာလီဖိုးနီးယား သွေးဘဏတ်မှ ရတဲ့ သွေးကိုသွင်းခဲ့လို့ AIDS  လက္ခဏာတွေ ပေါ်လာတဲ့သူလည်း တွေ့ခဲ့ရသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ရောဂါအမည် မတပ်တတ်သေးလို့ AIDS လို့တော့ အတိအကျ မခေါ်ခဲ့နိုင်ဘူး။ အဲဒါတွေ သိလာရပြီး နောက်တော့ သွေးသွင်းလို့ ရောဂါရတယ်ဆိုတာ သိလာကြတာပဲ။ ဒီနောက်မှာလည်း သွေးသွင်းလို့ AIDS ရတဲ့ လူနာတွေဟာ ဆင့်ကဲဆင့်ကဲ ပေါ်လာတော့ လူနာဦးရေ တက်သွားခဲ့တယ်။
AIDS ရောဂါ လက္ခဏာတွေက AIDS ပိုးဝင်ပြီး နှစ်အတော်ရမှ ပေါ်လာတတ်တာဆိုတော့ ၁၉၈၃ ခုနှစ် ဝန်းကျင်လောက်မှ “သွေးသွင်း AIDS” တွေ များများစားစား တွေ့ရတော့တာပေါ့။ အမေရိကန်မှာ သွေးသွင်းလို့ AIDS ရတဲ့ လူနာတွေ အနက် ၁၀၀ မြောက် လူနာကတော့ တင်ပါးဆုံရိုး အတုထည့်ခြင်း ခံရတဲ့ အသက် ၇၁ နှစ်ရှိ အမျိုးသမီးကြီး ဖြစ်တယ်။ ခွဲစိတ်စဉ် ပထမသွေး ၂ ပုလင်း သွင်းခဲ့ရတယ်။ တတိယ ပုလင်းက သိပ်အလိုကြီးတော့ မဟုတ်ဘူး။ ကြိုတင် အကာအကွယ်အနေနဲ့ သွင်းတာပါလို့ ပြောတယ်။

အဲဒီ တတိယ ပုလင်းက သွေးကို လှူသူကတော့ “သွေးလှူရှင်ပုံစံ” ကို ကောင်းကောင်း ဖြည့်မထားတဲ့ လူငယ်ကလေး တစ်ဦး ဖြစ်တယ်။ အဲဒီ ပုလင်းထဲက AIDS ရောဂါပိုး ပါလာတာပါပဲ။ အမျိုးသမီးကြီးရဲ့ မိသားစုကပြောတယ် “အမေဟာ သန့်ရှင်းမှုကို သိပ်ကြိုက်ပြီး ရောဂါပိုး ဝင်မှာ (infection) ကိုလည်း အင်မတန်ကြောက်လို့ အကာအကွယ် အမြဲယူလေ့ ရှိတယ်။ ခွဲပြီးနောက်ပိုင်း သွေးဖျော့နေလို့ နောက်ထပ် သွေးသွင်း ရမယ်ဆိုတော့ ဘယ်လိုမှ အသွင်းမခံဘူး။ သူရဲ့ ကြမ္မာကို ဖန်တီးစေမယ့် သွေးသွင်းစဉ်ကတော့ သူဟာမေ့ဆေး အရှိန်ကြောင့် သတိမရှိ ဖြစ်နေလို့သာ သွေးသွင်းခြင်း ခံရတာ” လို့ ဆိုတယ်။
သူသေဆုံးတဲ့ နေ့မှာတော့ အမေရိကန်မှာ AIDS ကြောင့် လူနာပေါင်း ၁၁၀၀၀ သေဆုံးခဲ့ပြီး ဖြစ်တယ်။ AIDS ပြဿနာဟာ အမေရိကမှာ ဘယ်လောက်ကြီး ထွားနေပြီဆိုတာ ခန့်မှန်းလို့ ရပါတယ်။

သွေးသွင်းလို့ AIDS ရနိုင်တယ်ဆိုတော့ သွေးပစ္စည်း သွင်းရင်လည်း ရနိုင်မှာပေါ့။ သွေးကရတဲ့ ပစ္စည်းဆိုရင် ဘာပဲဖြစ်ဖြစ် လူ့ကိုယ်ထဲဝင်သွားရင်/သွင်းရင် AIDS ရနိုင်တာပဲ။ (ဥပမာ gamma globulin ခေါ်တဲ့ ကာကွယ်ဆေးထိုးမှုမျိုး) ဒီလိုသွေးတွင်မက သွေးပစ္စည်းကို သွင်းရင်လည်း AIDS ရနိုင်တယ်ဆိုတာကိုတော့ မကြာခင်ဘဲ ထင်ရှားသိသာပြီး ပြဿနာကြီး တစ်ခုအဖြစ် ရောက်သွားခဲ့တယ်။ ဒါကတော့ ဟီးမိုဖီးလယားခေါ် သွေးမတိတ်ရောဂါရှင်တွေ AIDS ရခဲ့ရတဲ့ အကြောင်းပဲ။ အဲဒီအထဲက အစောဆုံး ဥပမာ တစ်ခုကတော့ ၁၉၈၂ ခုနှစ် မိုင်ယာမီမြို့မှာ တွေ့ခဲ့တယ်။

အဲဒီက ဆရာဝန် တစ်ဦးက သူ့ရဲ့ ဟီမိုဖီးလယား လူနာတစ်ယောက် အသက်ခပ်ကြီးကြီး အမျိုးသားကြီးဟာ ထူးခြားပြီး ရှားပါးလှတဲ့ အဆုတ်ရောင် ရောဂါနဲ့ သေဆုံးခဲ့တယ်။ အဲဒါကို ဆရာဝန်က AIDS လို့ မသင်္ကာရှိခဲ့လို့ စူးစမ်းခဲ့တယ်။ နောက်တော့ သွေးသွင်း AIDS လူနာတွေ ပေါ်လာကြတော့တာပဲ။ ဒီတော့ ပိုပြီးမသင်္ကာတော့တာပေါ့။ အမေရိကမှာဆိုရင် ၁၉၈၀ နဲ့ ၁၉၈၅ ခုအတွင်း သွေးပစ္စည်း ခဏခဏ သွင်းဖို့လိုတဲ့ ဟီမိုဖီးလယား လူနာတွေထဲက ၉၈% မကဟာ AIDS ရသွားကြတယ်လို့ တွက်ချက်လို့ ရတယ်။

ရောဂါက ဆိုးရင်ဆိုးသလောက် သွေးပစ္စည်းသွင်းမှု ပိုလိုတယ်၊ သိပ်မဆိုးရင် တစ်ခါတစ်လေမှပဲ သွင်းရမယ်။ ဒီတော့ ဆိုးတဲ့ ဟီမိုဖီးလယား သမားတွေက ပိုပြီး AIDS ရနိုင်တာပေါ့။ ဟီမိုဖီးလယား ရောဂါသည်က AIDS ရလာပြီး သူကနေတစ်ဆင့် သူဇနီး၊ နောက် ဇနီးကမွေးတဲ့ ကလေးငယ်ကို AIDS ရောဂါ ပေးလိုက်တာကိုတော့ ၁၉၈၄ ခုနှစ်မှာ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ခဲ့ရတယ်။ ဟီမိုဖီးလယား ရောဂါသည်တွေဟာ ကမ္ဘာနဲ့အဝန်း ရှိကြပြီး သိပ်လည်း မရှားလှတဲ့ ရောဂါဆိုတော့ ဒီပြဿနာဟာ သေးမှာ မဟုတ်ဘူးဆိုတာ စဉ်းစားမိကြမှာပါ။ ဒီတော့ ဒီပြဿနာအကြောင်း အထူးသဖြင့် ဒီပြဿနာပမာဏကို လေ့လာကြည့်ထိုက်ပါတယ်။

AIDS ရောဂါကို အတိအကျ ၁၉၈၁ ခုနှစ်က သိခဲ့ရတယ်။ သွေးပစ္စည်းသွင်းလို့ AIDS ရနိုင်တယ် ဆိုတာကိုတော့ ၁၉၈၃ ခုနှစ်မှာ အထင်အရှား သိလာကြတယ်။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလအထိ အမေရိကန်မှာ ဆိုရင် AIDS ဖြစ်သူ လူနာအားလုံးအနက် ၂%သော လူကြီးနဲ့ ၁၂% ကလေးတွေဟာ သွေး/သွေးပစ္စည်းသွင်းခြင်းကြောင့် AIDS ရခဲ့တယ်။ အခုဆိုရင် အမေရိကန်မှာရှိတဲ့ ၇၀-၈၀% သော ဟီမိုဖီးလယားတွေဟာ AIDS ရောဂါ ဗိုင်းရပ်စ်ပိုး ကိုယ်တွင်း ရှိနေကြပြီ။ နောက်ဘက်ပိုင်းမှာ သွေးလှူသူတွေကို AIDS ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ပြီးမှ သွေးလှူခွင့် ပြုတယ်။

အဲဒီလို မလုပ်ခင်က ပေးထားတဲ့ သွေးကို သွင်းမိနေသူတွေထဲက AIDS ဗိုင်းရပ်စ်ပိုး ရှိနေသူဟာ အမေရိကန်မှာ ၁၂၀၀၀ ရှီမယ်လို့ တွက်လို့ရတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို မသုံးသင့်ဘူးဆိုတာ (သို့) AIDS ရောဂါပိုး စစ်ပြီးမှ သံးရမယ်ဆိုတာကိုတော့ ၁၉၈၅ ခုနှစ်လောက်မှ တကယ်လက်တွေ့မှာ လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ဒီတော့ ၁၉၈၀ ခုနှစ်နဲ့ ၁၉၈၅ ခုအတွင်း သွေးပစ္စည်း အသွင်းခံရသူ အားလုံးဟာ AIDS ရောဂါပိုးရနိုင်တဲ့ အလားအလာ ရှိတဲ့လူလို့ သတ်မှတ်နိုင်တယ်။ သွင်းတဲ့ သွေးပစ္စည်းဟာ ဘယ်ကလာတယ်၊ အဲဒီတိုင်းပြည်တွေမှာ AIDS ပိုး ရှိပြီး နေသူဟာ ဘယ်လောက် အနည်းအများ ရှိနေတယ်ဆိုတာပေါ်မှာ မူတည်ပြီး AIDS ပိုးဝင်မှု အများအနည်း ဖြစ်မှာပဲ။

AIDS ရောဂါပိုး စဝင်တဲ့ အချိန်နဲ့ AIDS ရောဂါ တကယ်ဖြစ်လာမယ့် အချိန်ဟာလည်း ရှည်ကြာတော့ သွေးပစ္စည်းသွင်းထားသူ တစ်ယောက်ဟာ AIDS ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာကို တိုတောင်းတဲ့ အချိန်အတွင်းမှာ မသိနိုင်ဘူး။ ဒီတော့ ပြဿနာဟာ လောလောဆယ်မှာ ပြတ်သွားတာမျိုး မဟုတ်ဘူး။ 

ဒီတော့ ပြဿနာဟာ လောလောဆယ်မှာ ပြတ်သွားတာမျိုး မဟုတ်ဘူး။ AIDS ရောဂါပိုး (ဗိုင်းရပ်စ်) သွေးထဲမှာ ရှိ၊မရှိ ကိုတော့ စစ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပြန်စစ်ဖို့ ဆိုတာလည်း နည်းတဲ့ တာဝန်ကြီး မဟုတ်ဘူး၊ သိပြီး ငွေကုန်၊ အချိန်ကုန် လက်ဝင်တဲ့ ကိစ္စမျိုးမို့ တတ်နိုင်တဲ့ တိုင်းပြည်ဟာ မရှိသလောက် နည်းမှာပါ။

ဥပမာ ပြရရင် သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ် သွေးဘဏ်ကနေ “နောက်ကြောင်းပြန် စီမံကိန်း” ဆိုပြီး ၁၉၈၀ နဲ့ ၁၉၈၅ အတွင်း သွေးပေးခြင်း ခံရတဲ့ လူပေါင်း ၂၇၀၀၀၀ ကို လိုက်ရှာပြီး AIDS ဗိုင်းရပ်စ်ပိုး တွေ့နေပြီ။ ဒီ ၁၀၀ ထဲမှာ အမေကနေ ကလေးကို ပြန့်ပွားသွားတာ ၆ ယောက်ပါတယ်။ တချို့ရဲ့ ခန့်မှန်းချက်အရ သြစတြေးလျမှ သွေး/သွေးပစ္စည်းကြောင့် AIDS ဗိုင်းရပ်စ်ပိုး ဝင်ပြီးသူပေါင်း ၁၀၀ လောက် ရှိမယ်တဲ့။ အဲဒီအထဲက ၆၀% ကတော့ ဟီမိုဖီးလယားတွေ ဖြစ်မယ်တဲ့။ အီတလီမှာဆိုရင် ၁၉၈၇ ခုနှစ်ဆုံးမှာ အီတလီရှိ ဟီမိုဖီးယားတွေထဲက ၂၅% ဟာ AIDS ရောဂါပိုး ရှိနေပြီးဖြစ်တယ်တဲ့။

နော်ဝေးပြည်မှာလည်း ရောဂါဆိုးတယ်လို့ ခေါ်မယ့် ဟီမိုဖီးယားတွေထဲက ၂၀% ဟာ AIDS ဗိုင်းရပ်စ်ပိုး ရှိပြီးနေပြီ။ စပိန်မှာဆို ဟီမိုဖီးလယားပေါင်း ၁၅၀၀ ထဲက ၂၀၀ လောက်ဟာ AIDS ရောဂါကို ဖြစ်ခဲ့လို့ (ပိုးဝင်ရုံတွင်ကပဲ တကယ်ရောဂါသည် ဘဝရောက်သူ) ၁၉၈၉-၉၀ မှာဆိုရင် သူတို့တွေ ထဲက ထက်ဝက်ဟာ သေဆုံးပြီးသွားပြီ ဖြစ်တယ်။ အနောက် ဂျာမဏီကတော့ အဆိုးဆုံးပါ။ ၁၉၈၅ မှာကတည်းက ဟီမိုဖီးလယား ရှိသူပေါင်းရဲ့ ၅၀% မှာ AIDS ရောဂါပိုး ဝင်ပြီးနေပြီ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments: