Monday, October 25, 2010

အသစ်ပြဌာန်းသော မြန်မာနိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း (၂၁ အောက်တိုဘာ ၂၀၁၀)

နိုင်ငံတော်အလံ၏ စံပြုအရွယ်အစား၊အတိုင်းအတာနှင့် အရောင်အသွေး

(က) နိုင်ငံတော်အလံ၏ စံပြုအရွယ်အစားသည် ထောင့်မှန်စတုဂံပုံဖြစ်ပြီး အလျား ၉ပေနှင့် အနံ ၆ပေဖြစ်သည်။

(ခ) နိုင်ငံတော်အလံ၏ အောက်ခံအရောင်မှာ အ၀ါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့ဖြစ်သည်။ အ၀ါရောင်၊ အစိမ်းရောင်နှင့် အနီရောင်တို့မှာ အလံတော်၏ အနံဖြစ်သော ၆ပေကို သုံးပုံတစ်ပုံစီ အညီအမျှရှိရမည်။ထို့ကြောင့် အရောင်တစ်ရောင်လျှင် ၂ပေစီရှိရမည်။

(ဂ)        (၁) အ၀ါရောင်၊အစိမ်းရောင်နှင့် အနီရောင်အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ငါးခုပါသော ကြယ်ဖြူကြီးတစ်လုံးရှိရမည်။

(၂) ကြယ်ဖြူကြီး၏အပေါ်ကြယ်လက်တံသည် နိုင်ငံတော်အလံ အလျား၏ ထက်ဝက်ဖြစ်သော ၄ပေ ၆လက်မနှင့် တည့်တည့်နေရာတွင်ရှိပြီး အထက်သို့ မတ်မတ်ညွှန်းရမည်။

(၃) ကြယ်၏ထိပ်မှ အလံ၏အ၀ါရောင်အနားသတ်အထိ အကွာအဝေးနှင့် အနီရောင်အတွင်းရှိ အောက်ပိုင်းကြယ် လက်တံနှစ်ခု၏ထိပ်မှ အလံ၏အနီရောင် အနားသတ်အထိ အကွအဝေးတို့သည် ၁ပေစီရှိရမည်။

(၄) ကြယ်လက်တံထိပ်တစ်ခုနှင့်တစ်ခုသည် ၂ပေ ၇.၂လက်မစီ အကွာအဝေးတူညီရမည်။

(ဃ) နိုင်ငံတော်အလံ၏စံပြုအရောင်အသွေးမှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) အ၀ါရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်း ပင်န်တုန်း ၁၁၆ပီစီ (PANTONE 116 PC) ဖြစ်သည်။

(၂) အစိမ်းရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်း ပင်န်တုန်း ၃၆၁ ပီစီ (PANTONE 361 PC) ဖြစ်သည်။

(၃) အနီရောင်မှာ အရောင်အသွေးသတ်မှတ်ချက် အညွှန်းကိန်း ပင်န်တုန်း ၁၇၈၈ ပီစီ (PANTONE 1788 PC) ဖြစ်သည်။

*နိုင်ငံတော်အလံတွင် အ၀ါရောင်၊အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာအသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြုဖော်ညွှန်းခြင်းဖြစ်သည်။

အလံတော်၏ အရောင်များနှင့် ကြယ်၏အဖြူရောင်တို့၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

(က) အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဥာဏ်ပညာကြီးမားခြင်း၊ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင် ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ခ) အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြေသည့် နိုင်ငံ ဖြစ်ခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည်။

(ဃ) ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝ ခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပာယ်ကိုဖော်ညွှန်းသည်။

တားမြစ်ချက်

နိုင်ငံတော်အလံကို မည်သူမျှ -

(က) ပစ္စည်း တစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင်ရန် အသုံးမပြုရ။

(ခ) အခင်းအဖြစ်အသုံးမပြုရ။

(ဂ) နိုင်ငံတော်ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်းမှအပ ပစ္စည်းတစ်ခုခု၏ အမှတ်တံဆိပ်အဖြစ်သော်လည်းကောင်း၊ အ၀တ်အထည်ခြယ်လှယ်မှုအဖြစ်လည်းကောင်း။ ဆင်ယင်မှု အဖြစ်လည်းကောင်း သုံးစွဲခြင်းမပြုရ။

မည်သူမဆို တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

နိုင်ငံတော်သီချင်း

တရားမျှတ - လွတ်လပ်ခြင်းနဲ့မသွေ-

တို့ပြည် - တို့မြေ -

များလူခပ်သိမ်း - ငြိမ်းချမ်းစေဖို့ -

ခွင့်တူညီမျှ - ၀ါဒဖြူစင်တဲ့ပြည် -

တို့ပြည် - တို့မြေ -

ပြည်ထောင်စုအမွေ - အမြဲတည်တံ့စေ -

အဓိဋ္ဌာန်ပြုပေ - ထိန်းသိမ်းစို့လေ။

(ကမ္ဘာမကျေ - မြန်မာပြည် - တို့ဘိုးဘွားအမွေစစ်မို့ - ချစ်မြတ်နိုးပေ) ၂

ပြည်ထောင်စုကို - အသက်ပေးလို့ - တို့ကာကွယ်မလေ။

ဒါတို့ပြည် - ဒါတို့မြေ - တို့ပိုင်နက်မြေ။

တို့ပြည် - တို့မြေ - အကျိုးကို ညီညာစွာ - တို့တစ်တွေ

ထမ်းဆောင်ပါစို့လေ - တို့တာဝန်ပေ

အဖိုးတန်မြေ။

တားမြစ်ချက်နှင့် ပြစ်ဒဏ်

နိုင်ငံတော်သီချင်းနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ -

(က) နိုင်ငံတော်သီချင်း၏ တေးသွားနှင့် စာသားကို ဂုဏ်သိက္ခာမဲ့သောနည်းလမ်းဖြင့် အသုံးပြုခြင်း၊

(ခ) နိုင်ငံတော်သီချင်းတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်း တစ်ခုခုကိုဖြစ်စေ ဖျက်ခြင်း၊ ပျက်စီးစေခြင်း သို့မဟုတ် သေးသိမ် စေအောင် သီဆိုခြင်း၊

(ဂ) နိုင်ငံတော်သီချင်း၏ ဂုဏ်ကျက်သရေကို ထိခိုက်စေရန် တမင်သက်သက်ပြုခြင်း သို့မဟုတ် မလေးမစားပြုခြင်း၊

(ဃ) နိုင်ငံတော်သီချင်းစာသားဖျက်၍သီဆိုခြင်း သို့မဟုတ် နိုင်ငံတော်သီချင်းသံစဉ်နှင့်တီးလုံးကို အခြားစာသားများသွင်း ၍ သီဆိုတီးမှုတ်ခြင်း၊

(င) နိုင်ငံတော်သီချင်းကဲ့သို့ သဘောသက်ရောက်သောသီချင်းမျိုးကို ထပ်မံစပ်ဆိုသုံးစွဲခြင်း။

မည်သူမဆို တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

စာကြွင်း။    ။ ၂၂ -၁၀-၂၀၁၀ ကြေးမုံသတင်းစာပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတော် အလံ၊ နိုင်ငံတော်တံဆိပ် နှင့် နိုင်ငံတော်သီချင်းများဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်များပါသော အချပ်ပိုမှ ကူးယူဖော်ပြချက်တစ်ချို့ဖြစ်ပါသည်။

No comments: