တစ်ကိုယ်ရေလွမ်းဆွတ်မှု
"လွန်ပါစေ အလွမ်းညတွေ....လွန်ပါစေ....လွန်ပါစေ" ဒီသီချင်းလေးကို ဖွင့်ဖြစ်တာကြာပါပြီ။ ဒီတစ်ခါလည်း နာကျင်ရမှာလား၊ အလွမ်း... လွမ်းဆွတ်မှုကိုပဲ ရင်ထဲမှာ သိမ်းထားရင်း စောင့်မျှောက်ရမှာလား။ သူပြောတဲ့ စကားတွေ၊ သဘောထားတွေဟာ ကိုယ့်ကို တကယ်ချစ်လို့ ၊ သ၀န်တိုလို့ ပြောဆိုနေတာဖြစ်ပါစေလို့ ကိုယ်ဆုတောင်းပါတယ်။
" ပိတ်ပြစ်လိုက်စမ်း အခု....အဲဒီတံခါးကို လုံးဝမဖွင့်နဲ့ " ကိုယ့်စိတ်ကို ထိန်းချုပ်ရင်း ပြူတင်းပေါက်ဆိ လှမ်းနေတဲ့ ကိုယ့်ခြေလှမ်းတွေကို ကိုယ့် နားခိုရာ လှဲလျောင်းရာ အိပ်ခန်းဆီကို ရွေ့လိုက်တယ်။ ပြည့်ပြည့်၀၀ ၀ိုင်းစက်နေအောင် သာနေတဲ့ လမင်းကြီးရယ် ၊ ရယ်မော ပျော်ရွှင်နေတဲ့ ကလေးတွေရယ်၊ လေတနွဲ့နွဲ့မှာ ရနံ့ကြူမွှေး စံပယ်ရုံတွေရယ် အလွမ်းစိတ် တမ်းတစိတ်ကို မပြေပျောက်စေနိုင်တာ အမှန်ပါပဲလေ။
သူနဲ့ စတင်တွေ့ဆုံခဲ့တာက ကိုယ့်သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုကြောင့် တွေ့ဖြစ်ခဲ့ ကြုံဆုံမိခဲ့ကြပါတယ်။ ကိုယ့်ထက်အသက်ကြီးတယ် ၊ ဒါပေမဲ့ ရပ်ဝေးမြေမှာ လာပြီး အလုပ်လုပ်နေတဲ့ ကိုယ့်အတွက် အားကိုးချင်စိတ် ၊ ခင်မင်ချင်စိတ်နဲ့ ရင်ထဲမှာ သူ့ကို နှစ်လိုမှုဖြစ်ပေါ်ခံစားခဲ့ ရ တာအမှန်ပါပဲ။သူများတွေပြောသလို အသက်ကြီးသူနဲ့ချစ်ရင် စိတ်ကျဉ်းကျပ်သတဲ့..ဒါပေမဲ့ ကိုယ်ကတော့ အချစ်နွံထဲ ခုံမင်စွာ ခုန်ဆင်း ခဲ့ပါတယ်လေ။
သူငယ်ချင်းတွေအများကြီးရှိတယ်။ တစ်ခါတစ်လေ ချိန်းဆိုပြီး စကားပြောကြ၊ လှုပ်ရှားသွားလာကြပေါ့။ သူတို့တွေက ဘာပြန်ပြော သလည်း ကိုယ်မသိပါ။ မှန်တာပြောနိုင်တာကတော့ ကိုယ်သူငယ်ချင်းတွေနဲ့ တွေ့တာ သာမန်ထက်မပိုတာတော့ အမှန်ပါပဲ။ "ကိုယ်တို့ ချစ်ကြတယ်ဆိုတာ တရားဝင်လည်း လက်ထပ်လို့မရ၊ တားဆီးပိုင်ခွင့်လည်း မရှိ၊ မင်းပျော်သလိုသာနေတဲ့" ကိုယ်ဟာ တခြားလူတွေလို အပျော်ကိုသာ လိုချင်တမ်းတပြီး အချစ်(ချစ်ခင်မှု)ကို မလိုချင်။ မယုံကြည်တဲ့ သူလို့ သူထင်နေပုံပါပဲ။သူဒီလိုပြောလာတော့ ကိုယ့်အချစ်ဟောာင်းရဲ့ စရိုက် အကျင့် တွေကို တိုက်တိုက်ဆိုင်ဆိုင် သတိရဖြစ်ပြန်တယ်။ "ပေါ်ပြူလာဖြစ်တဲ့သူများနဲ့ သာစွဲမြဲပေါင်းသင်း ချင်တယ်၊ ပေါ်ပြူလာဖြစ်ချင်တယ်၊ အချစ်စစ်ဆိုတာကို မယုံသလို၊ လက်လည်းမခံပါဘူး"တဲ့လေ။ သူ့ပတ်ဝန်းကျင်က ကိုယ့်သူငယ်ချင်းများက ပြန်ပြေပြကြတယ်။ ကဲ.....ဘာတွေလည်း အချစ်ဆိုတာ ဘာလည်း စိတ်ရှုပ်စရာကောင်းတဲ့ အရာလား။
တစ်ခါတစ်လေ အလုပ်က အမောတွေ အိမ်ကိုလွမ်းလို့ တမ်းတနေစိတ်နဲ့ စိတ်ဓာတ်ကျနေချိန်တွေမှာ သူနဲ့ အွန်လိုင်းက တစ်ဆင့် စကားပြောဖြစ်ပြန်တော့လည်း မယုံသင်္ကာစကားတွေ၊ စကားနာထိုးတာတွေနဲ့ပဲ နာရီများစွာ ကုန်လွန်သွားတာ မကြာခဏ။ ကိုယ့်ကိုချစ်လို့နေမှာ ၊ ချစ်တယ်ဆိုရင် သ၀န်တိုတတ်တာပဲဆိုတဲ့ ကိုယ့်ဘာသာထင်မြင်ချက်နဲ့ ဖြေသိမ့်ခဲ့ရတာလည်း ညတိုင်း...။
ဒါတွေပြောနေပြန်တော့ သူ့ကို စိတ်ပျက်နေတယ်လို့တော့ မထင်ပါနဲ့လေ။ ကိုယ့်တို့ချစ်သက်တမ်းက မကြာလှသေးပါဘူး။ ကိုယ့်ကိုချစ်မချစ် မသေခြာသေးပါ ၊ စဉ်းစားနေဆဲတဲ့...ဘာကြောင့်လည်း။ အသက်အရွယ်၊ အတွေးအခေါ်၊ အနေအထိုင် စရိုက်ကွာခြားနေမှုကြောင့်လား။ သူ့ကွယ်ရာမှာ "Playful" လုပ်တာမကြိုက်ပါဘူးတဲ့။ ကိုယ်နေထိုင်ပုံ စရိုက်များဟာ "butterfly"လေးနဲ့ တူနေပြီလား။ ကိုယ်ကတော့ ချစ်တယ်ဆိုတဲ့စကားကို အလွယ်တကူပြောထွက်ခဲ့တာတော့ မဟုတ်ခဲ့ပါ။
သူနဲ့ စကားပြေဖြစ်ကြတော့...သူ့အကြိုက် သူ့ဇာတ်လမ်းတွေကို ပြောပြတာ ကိုယ်ကနားထောင်ဖြစ်သလို၊ ကိုယ့်ဇာတ်လမ်းဟောင်းတွေ ကို ပြောပြပြန်တော့ အရင်လူကို သတိရလို့ပြောပြတယ်လို့ စွပ်စွဲချင်ပြန်ရော။ သူငယ်ချင်းအဖြစ် သာမန်ပဲ၊ နေမကောင်းလို့ သွားတွေ့မယ် လို့ ခွင့်တောင်းပြန်တော့ "နာကျင်မှုတွေ အတွက် သူ့ကို အစားထိုးတာပါ၊ မင်းပြန်သွားချင်သွားနိုင်တယ်" တဲ့...ဟား...ဟား။
ဘာအကြောင်းကြောင့် ပြောလာသည်ဖြစ်စေ သူကိုယ့်ကို ချစ်နေဆဲလို့ ကိုယ်မျှော်လင့်ပါတယ်။ ဘကြောင့်လည်းဆိုတော့ သူ့အလုပ်ရှိ ရာမှာ တစ်လသွားနေရတဲ့အတောအတွင်း ကိုယ့်အပေါ်အချစ်စိတ်တွေ လျော့သွားတာလည်း ဖြစ်နေနိုင်တာပဲ မဟုတ်လား။ ချစ်တယ်ဆိုတာ တစ်ခါတစ်လေတော့ မယုံသင်္ကာကောင်းစရာဖြစ်စေတာတော့အမှန်။"အထိအတွေ့" ကိုသာယာတာဖြစ်နိုင်သလို ဒါကိုနှစ်သက်လို့ ချစ်တယ်ဆိုတဲ့ စကားလုံးနဲ့ တန်ဆာဆင်တာလည်း ဖြစ်နိုင်တာပါပဲလေ။
မိုးတွေ တဖြည်းဖြည်းသည်းလာပြီ။ လမင်းကြီးကိုလည်း တိမ်မည်းတွေက ဖုံးအုပ်သွားပြီ။ မိုးသံတဖျောက်ဖျောက် ၊လေတိုးသံ တ၀ှီးဝှီး... အခန်းထဲမှာ တစ်ယောက်ထဲဖြစ်နေတဲ့ ကိုယ့်အတွက် ၊ တစ်စုံတစ်ယောက်ကို တမ်းတစိတ်၊ မျှော်လင့်မိစိတ် ဖြစ်နေမိတယ်။ ဒါဟာ သွေးသားတောင့်တမှုကြောင့် မျှော်လင့်မိတဲ့ အဖော်မျိုး မဟုတ်။ ကိုယ့်ကိုချစ်တဲ့ ကိုယ်ကလည်း ချစ်တဲ့သူနဲ့ အတူရှိနေချင်ယုံသက်သက် ပါလေ။
ကဲ...ပါလေ သူကိုယ့်ကို မချစ်ခင် ၊ မနှစ်သက်တော့ဘူး အလိုမရှိတော့ဘူးဆိုတော့ရော ကိုယ်ကဘာတတ်နိုင်မှာလည်း။ ဒါပေမဲ့ အခုတော့ ကိုယ့်အတွက် "လွန်ပါစေ အလွမ်းညတွေ...လွန်ပါစေ...လွန်ပါစေ" လေ။

No comments:
Post a Comment