Monday, October 18, 2010

မေတ္တာစွမ်းမှ ငြိမ်းချမ်းရ (ဖျာပုံ မောင်ဆွေယဉ်)

- ငါ့မျက်လုံးအစုံ မမှုန်သမျှ
လောကကို ကောင်းမြင်သိ ကြည့်ရမယ်ပ။

- ငါ့ပါးစပ်ပွင့်နေသမျှ
လောကကိုကောင်းမြင်သဘော ပြောရမယ်ပ။

- ငါ့ခြေလက်သန်မာနေသမျှ
လောကကိုကောင်းမြင်လမ်း၊ လျှောက်လှမ်းစေမယ်ပ။

- ငါ့ခန္ဓာကိုယ် သက်စိုနေသမျှ
မေတ္တာချို တရားဓမ္မနဲ့
လောကကိုကောင်းကျိုးဖဲ့ ထမ်းရွက်ရမယ်ပ။

- အဓိက စိတ်ဓာတ်ဟာ
ဖြူစင်စွာ ကြည်လင်မှ။
သူပြုံးလည်း ကိုယ်ပြုံးပြ
သူမုန်းလည်း ကိုယ်ပြုံးပြ
သူဆိုးလည်း ကိုယ်ပြုံးပြ
သူငြိုလည်း ကိုယ်ပြုံးပြ
သူညစ်လည်း ကိုယ်ပြုံးပြ
ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ပါဘူး။
မေတ္တာသာ ကမ္ဘာလွှမ်း
ငြိမ်းချမ်းစေမယ်ပ။

(အလင်းသစ်၊ အမှတ် ၅၊ မတ်လ၊ ၂၀၁၀)

Tuesday, October 12, 2010

Chanel No.5

ရှနယ်လ် ရေမွှေး နံပါတ်၅

ရေမွှေးကမ္ဘာမှာ ရှနယ်လ်ရေမွှေးကို မသိသူမရှိအောင် ထင်ပေါ်ကျော်ကြားလူကြိုက်များတာပါ။ Chanel No.5 ကိုစတင်ထုတ်လုပ်သူ Gabrielle 'CoCo' Chanel ဆိုတဲ့အမျိုးသမီးကတော့ ဆံပင်ကုပ်ဝဲနဲ့ ယောက်ျားတစ်ယောက်လို နေသူဖြစ်တယ်။ ကမ္ဘာ့ရေမွှေးဈေးကွက် မှာ နှစ်ပေါင်း ၈၀ကျော်တဲ့အထိ အရောင်းရဆုံးနေရာမှာ ယူထားခဲ့တယ်။ ရေမွှေးဈေးကွက်ဟာ ဆိုရင်လည်း တစ်ကမ္ဘာလုံးမှာ ဒေါ်လာ ၁၅သန်းဖိုးလောက် ရောင်းရတဲ့အနေ အထားရှိတာပါ။ ဒါပေမဲ့ စိတ်မကောင်းစရာက စိတ်ကူးဥာဏ်မြင့်မား ထက်မြက်တယ်ဆိုတဲ့ CoCo ဟာမူပိုင်ခွင့်ရဲ့ ၁၀%ကိုပဲ ရရှိခဲ့ပါတယ်။

CoCoဟာ ပဲရစ်မှာ သူမရဲ့အမျိုးသမီးဦးထုပ်လုပ်ငန်းဖွင့်ပြီး ၁၁နှစ်အကြာ ၁၉၂၁မခုနှစ်မှာ CoCo Chanel ရေမွှေးအမည်နဲ့ ပထမဆုံး ရေမွှေးရောင်းသူ ဖြစ်ခဲ့တယ်။ သူမဟာ ပြင်သစ်နိုင်ငံမှာ အနံ့ခံ အကောင်းဆုံးလူဖြစ်တဲ့ Ernest Beaux နဲ့တွဲပြီး အလုပ်လုပ်ခဲ့တယ်။ Beaux က ရေမွှေးအနံ့တွေ အမျိုးမျိုး ရောစပ်ပြီး နံပါတ်စဉ်တွေတပ် နမူနာပေးခဲ့ရာမှာ CoCoက နံပါတ်၅အနံ့ရေမွှေးကို ရွေးခဲ့တဲ့အတွက် Chanel No.5 ရေမွှေးဆိုပြီး နာမည်ပေးခဲ့တာပါ။ အဲဒီအချိန်အခါတုန်းက ဖော်စပ်ထားတဲ့ ရေမွှေးတွေဟာ ပန်းရနံ့တစ်မျိုးချင်းရဲ့ အနံ့နဲ့ သာ ထုတ်လုပ်ကြတာဖြစ်ပေမယ့် Chanel No.5 ကတော့ စပယ်ပန်း နှင်းဆီပန်းအနံ့တွေနဲ့ ရောစပ်ထားတာကြောင့် ခါတိုင်းအနံ့တွေ ထက် ထူးခြားနေတာဖြစ်ပါတယ်။ ဒီရေမွှေးကို CoCoက သူ့ ဦးထုပ်အရောင်းဆိုင်ကို လာတဲ့ လူကုံထံ ဧည့်သည်တွေကို စမ်းသပ်ခိုင်း၊ လက်ဆောင်ပေးနဲ့ အဲဒီမှာတင် လူကုံထံအသိုင်းအ၀ိုင်းကြား မှာ နာမည်ရသွားခဲ့တယ်။

နောက်ပိုင်း Galeries Lafayette ကုန်တိုက်ပိုင်ရှင် Theophile Bader ရဲ့ အကူအညီနဲ့ Chanel No.5 ရေမွှေးသက်ဝင်လှုပ်ရှားလာခဲ့ တယ်။ ဘာဖြစ်လို့ လဲဆိုတော့ Bader ကနေ CoCoကိုပြင်သစ်မှာ Bourjois အလှကုန်လုပ်ငန်းထူထောင်ထားတဲ့ Pierre Wertheimer ဆိုသူနဲ့၁၈၀၀ပြည့်နှစ်နှောင်းပိုင်းမှာ မိတ်ဆက်ပေးပြီး ရေမွှေးလုပ်ငန်းကို တိုးတက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ Wertheimer ကလုပ်ငန်းအခိုင်အမာရှိနှင့်ပြီး သူမ့မှာဝယ်လက်အများကြီးရှိတာကြောင့် လုပ်ငန်း လုပ်လိုတယ်ဆိုရင် CoCoကသူနဲ့အလုပ်သဘောအရ သဘောတူညီမှုတွေ လုပ်ရမယ်လို့ဆိုတယ်။ CoCoကလည်း တခြားနည်းလမ်းမရှိတာကြောင့် Wertheimer နဲ့စာချုပ်ချုပ်ရတော့တယ်။

ဒီလိုနဲ့ Chanel No.5 ကို ၁၉၂၄ခုနှစ်မှာ စတင်ဖြန့်ဖြူးခဲ့တယ်။ အဲဒီမှာ CoCoကအကျိုးအမြတ်ရဲ့ ၁၀%၊ Wertheimer တွေက ၇၀%နဲ့ ကြားထဲကဆက်သွယ်ပေးတဲ့ Baderက ၂၀%ယူဖို့ သဘောတူခဲ့ရတယ်။ Chanel No.5 ဟာ ၁၉၂၄ ခုနှစ်မှာပဲ ချက်ချင်း လူကြိုက်များ သွားခဲ့ပြီးအရောင်းရဆုံးစာရင်းဝင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ Wertheimer က ပြင်သစ်ကနေ စစ်ရှောင်ခဲ့ပေမယ့် Chanel No.5 ကိုတော့ ဆက်ပြီးစာချုပ်ချုပ်ထား ချင်ခဲ့တယ်။ နောက်ပြီး ရေမွှေးထုတ်လုပ်နည်းနဲ့ အနာဂတ်အကျိုးအမြတ်ကိုလည်း ကာကွယ်ပေးလိုတာကြောင့်ဖြစ်တယ်။CoCoဟာ ဒီအချိန်မှာ သူ့ရေမွှေးလုပ်ငန်းကိုပြန်လိုချင်ပေမယ့် Wertheimer က CoCo ဟာနာဇီအရာရှိတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး CoCo ကိုဆွစ်ဇာလန်ကို ထွက်သွားဖို့ တိုက်တွန်းခဲ့တယ်။ စစ်ပြီးသွားချိန်မှာတော့ CoCo ဟာ Wertheimer နဲ့ထပ်ပြီးစာချုပ်ချုပ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တစ်ကမ္ဘာလုံးအနှံ့ ရေမွှေးရောင်းတာရဲ့ အမြတ် ၂%ကို အာမခံအတွက် လုပ်ထားလိုက်ပါတယ်။

စစ်အတွင်းမှာ CoCoဟာ သူ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းထားပေမယ့် ၁၉၅၄ခုနှစ်မှာတော့ Wertheimer ကသူ့လုပ်ပန်းတွေ ပြန်စနိုင်အောင် ငွေကြေးထောက်ပံ့ပါတယ်။ CoCoကိုဒီလို စစ်ပြီးချိန်မှာ ပြန်လည် စွန့်စားရတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဘ၀နေထိုင်မှု အဆင်ပြေစေဖို့ ထောက်ပံ့တဲ့အတွက် Wertheimer အနေနဲ့ CoCoရဲ့နာမည်၊ ကုန်အမှတ်တံဆိပ်brand၊ ဖက်ရှင်ဒီဇိုင်းများနဲ့ သူမရဲ့ရေမွှေးကို ရရှိလိုက်ပါတယ်။ အလဲအလှယ် လုပ်လိုက်ရတဲ့ သဘောဖြစ်ပါတယ်။

CoCo ကွယ်လွန်ချိန်မှာတော့ Wertheimer ဟာ စီးပွားရေး အဖွဲ့အစည်းတစ်ခုလုံးကို တစ်ဦးတည်းပိုင်ဖြစ်ဖို့ Galeries Lafayette ကုန်တိုက်ပိုင်ရှင် Bader ဆီက Chanel ရေမွှေးရဲ့ အမြတ်ရှယ်ယာ ၂၀%ကိုပါ အပြီးအပြတ်ဝယ်ယူလိုက်ပါတယ်။

ယနေ့အချိန်မှာတော့ Wertheimer မျိုးဆက်တွေထဲမှာ Pierre ရဲ့မြေးများဖြစ်တဲ့ Alain နဲ့ Gerard တို့က စီးပွားရေးကို ဦးစီးဦးဆောင် ပြုပြီး ဆက်လက်လုပ်ဆောင်နေကြပါတယ်။ Wertheimer ရဲ့ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၄.၈သန်းလောက် ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။
ဒါကြောင့် မိမိရဲ့ ကုန်ပစ္စည်းအပေါ် ယုံကြည်မှုရှိတယ်ဆိုရင် မိမိကို ကူညီသူ ဆိုပေမယ့်လည်း အကျိုးအမြတ်နဲ့ ရပိုင်ခွင့်တွေကို ဘယ် တော့မှ မပေးပစ်လိုက်ပါနဲ့ ဆိုတဲ့ သင်ခန်းစာကိုတော့ သူများတွေအတွက် CoCoချန်ထားနိုင်ခဲ့ပါပြီ။

သမီးဂျင်း

Ref: 100 Great Business and the Minds Behind Them: Chanel No.5
Resource: Tharapu Magazine, No.156 October 2010

Facebook ၏ Feature အသစ်များ .................

လွန်ခဲ့တဲ့ ရက်တွေတုန်းက Facebook Event ရှိတယ်ဆိုတော့ ထင်ကြေးအမျိုးမျိုးနဲ့ ပြောခဲ့ဆိုခဲ့ ကြပါတယ်။ အဲဒီလို ပြောခဲ့ဆိုခဲ့ကြတဲ့ အထဲမှာ Facebook က Phone Services ထည့်တော့မယ် ဆိုတာရော Video Chat ထည့်မယ် ဆိုတာတွေရော စုံနေအောင် ကြားခဲ့ရပါတယ်။ 

ခုတော့ အဲဒီလို ကောလဟာလမျိုးစုံ အဆုံးသတ်သွားစေမယ့် Facebook ရဲ့ Feature အသစ်တွေကို တွေ့နိုင်ပြီ ဖြစ်ပါတယ်။ Facebook ရဲ့ အပြောင်းအလဲတွေ ထဲမှာ နတ်လူသာဓုခေါ်စရာ ကောင်းတဲ့ အပြောင်းအလဲဆိုလို့ ဒီအပြောင်းအလဲပဲလို့ ဆိုရမယ် ထင်ပါတယ်။ အဓိက အားဖြင့် အသုံးပြုသူများနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် အချက်အလက် လုံခြုံမှုဆိုင်ရာတွေ ထိန်ချုပ်နိုင်ခွင့်တွေ ထည့်သွင်းခဲ့တဲ့ အချက်ပါပဲ။ 

Facebook ရဲ့ News Feed အပြောင်းအလဲ၊ Friend Lists ထုတ်ဖေါ်ပြသမှု အပြောင်းအလဲ၊ နောက်ဆုံး တစ်ခုဖြစ်တဲ့ Public လို့ တင်လိုက်သမျှ Facebook က ပိုင်သွားတဲ့ အပြောင်းအလဲ စတာတွေတုန်းကတော့ Privacy Issues နဲ့ ပတ်သက်ပြီး အသံကျယ်ကျယ်လောင်လောင် ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ခုနောက်ဆုံး အပြောင်းအလဲကတော့ အရင် အပြောင်းအလဲတွေ အားလုံးနဲ့ ပြောင်းပြန်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဘာတွေပြောင်းလဲ သွားလဲ လေ့လာကြည့်ရအောင်၊ Facebook က ထုတ်ပြန်လိုက်တဲ့ သတင်းအရ သူတို့ အနေနဲ့ အပြောင်းအလဲ သုံးခု ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ ပြန်လည် ပြင်ဆင် ဆန်းသစ်ထားသော Group Feature၊ Third Party Applications တွေကို ထိန်းချုပ်နိုင်မယ့် Control Center အသစ်၊ Download Feature အသစ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook အနေနဲ့ အဲဒီ သုံးခုမတိုင်ခင်မှာ တစ်ချို့သော အပြောင်းအလဲများကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အပြောင်းအလဲတွေ ကတော့ High Resolution ဓာတ်ပုံတွေ တင်ခွင့်ပြုတာနဲ့ Geolocation Feature(တည်နေရာပြ) ထည့်သွင်းလိုက်တာ Game Notification တွေ ပြုပြင်လိုက်တာ စတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ 

Facebook Event အပြီးမှာ ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေရဲ့ အနှစ်ချုပ်ကို သုံးသပ်ရမယ် ဆိုရင်တော့ Groups တွေကို Feature အသစ်တွေနဲ့ ဖန်တီးနိုင်မယ်၊ ကိုယ်နဲ့ ပတ်သက်သမျှ အားလုံးကို ဘယ်သူတွေကို မြင်စေ၊ ဘယ်သူတွေတော့ မမြင်စေနဲ့ စသည်ဖြင့် ကန့်သတ်နိုင်မယ်၊ နောက်ဆုံး တစ်ခုကတော့ ကိုယ်နဲ့ ပတ်သက်တဲ့ Message တွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ Wall Posts တွေကို Zip ချုံ့ပြီး Download ချနိုင်မယ် စတာတွေ ဖြစ်ပါတယ်။

သန်း ၅၀၀ ရှိပြီ ဖြစ်တဲ့ Facebook အသုံးပြုသူတွေ အနေနဲ့ အဲဒီအပြောင်းအလဲတွေကို ဗုဒ္ဓဟူးနေ့ နောက်ပိုင်းက စပြီး တစ်ဖြည်းဖြည်းချင်း မြင်တွေ့ရမယ်လို့လည်း သိရပါတယ်။ 

Application Dashboard 

Third Party Facebook Apps တွေကို စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ဖြစ်ပြီး အရင်က တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ Screen နှစ်ခုကို တစ်နေရာတည်းမှာ ပေါင်းစပ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီ Control Center ကနေပြီး ဘယ် app တွေကိုတော့ ဘာတွေ ခွင့်ပြုထားတယ် စသည်ဖြင့် အသေးစိတ် ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 

အဲဒီအပြင် အဲဒီ App အနေနဲ့ ဘယ်အချိန်တုန်းက Access လုပ်ခဲ့တယ် ဆိုတဲ့ Log တွေကိုပါ ကြည့်နိုင်ပါလိမ့်မယ်။

အဲဒီလို Control Center တစ်ခု ဖန်တီးလိုက်တဲ့အတွက် ကိုယ်အနေနဲ့ Default Setting နဲ့ ပတ်သက်တာတွေကို ပိုပြီး နားလည်လာနိုင်မှာ ဖြစ်သလို App တစ်ခုနဲ့ တစ်ခုမတူတဲ့ Access လုပ်ပုံတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

 

Access လုပ်ပုံတွေကို သေသေချာချာ လေ့လာပြီး ဘယ်ဟာကတော့ ကိုယ့်အတွက် စိတ်မချရဘူး၊ ဘယ်ဟာကတော့ စိတ်ချရတယ် စသည်ဖြင့် ခွဲခြားနိုင်ပါလိမ့်မယ်။ ဥပမာ – App တစ်ခုက ကိုယ့်ရဲ့ Friend တွေရဲ့ အချက်အလက်တွေကို ကြည့်ဖို့ လိုတယ် (မွေးနေ့စသည်ဖြင့်ပေါ့) စသည်ဖြင့် Control Center က ပြသပေးပါလိမ့်မယ်။ 

Facebook ရဲ့ ဒီအပြောင်းအလဲဟာ အသုံးပြုသူတွေအတွက် သူတို့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပိုမို ထင်သာမြင်သာ ရှိလာအောင် ခွင့်ပြုပေးသလို၊ ပိုမိုပြီး ထိန်းချုပ်နိုင်ခွင့်ကိုလည်း ပေးခဲ့ပါတယ်။ အဲဒီလိုပဲ အခြားတစ်ဖက်မှာ ရှိတဲ့ App Developers တွေအနေနဲ့လည်း အသုံးပြုသူတွေကို ဘယ်လို ပညာသားပါပါ ဆွဲဆောင်ရမလဲ၊ အသုံးပြုသူတွေကို ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲဆိုတဲ့ အချက်တွေကို ဖော်ထုတ်နိုင်အောင် တွန်းပို့လိုက်သလို ဖြစ်သွားစေပါတယ်။ 

အော် ကျွန်တော် ပြောဖို့ မေ့ခဲ့တာ တစ်ခုက အဲဒီ Control Center ကို Privacy Setting နေရာမှာ အစားထိုး မြင်တွေ့ရမယ်ဆိုတဲ့ အချက်ပါ။ 

Downloads 

နောက်ထပ် Feature တစ်ခုကလည်း တော်တော်မိုက်တယ်လို့ ဆိုရမှာပါ။ ကိုယ့်အနေနဲ့ Facebook မှာ တင်လိုက်သမျှ အားလုံးဟာ History ထဲကိုရောက်ရောက်သွားပြီး ပျောက်ပျောက်သွားတတ်ပါတယ်။ ဘယ်သူမှလည်း နောက်ပြန် လှည့်ကြည့် မနေကြပါဘူး။ ဒါပေမယ့် ဒီတစ်ခါ ပေါင်းထည့်လိုက်တဲ့ Download Feature အရ ကိုယ့်ရဲ့ Facebook ပေါ်က သမိုင်းတွေကို ကိုယ့် HDD ထဲ သိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ 

ကိုယ်တင်လိုက်သမျှ Wall Posts ပဲ ဖြစ်ဖြစ်၊ Video ပဲ ဖြစ်ဖြစ်၊ Mobile Upload ပဲ ဖြစ်ဖြစ် အကုန် Zip ချုံ့ပြီး ကိုယ်စက်ထဲမှာ သိမ်းထားနိုင်တော့မှာ ဖြစ်ပါတယ်။ 

Mark Zuckerberg ရဲ့ အပြောလေးကလည်း သင်းပါတယ်။ "ကျွန်တော်တို့ ပင်မ ယုံကြည်ချက်က လူတွေအနေနဲ့ Facebook ပေါ်မှာ သူတို့နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ပိုင်ခွင့်ရှိရမယ်၊ ထိန်းချုပ်နိုင်ခွင့် ရှိရပါမယ်။ ဒါဟာ လူ့အခွင့်အရေးပါပဲ။" လို့ ဆိုပါတယ်။ 

အဲဒီလို Privacy ဆိုင်ရာ အပြောင်းအလဲ အနေနဲ့ Facebook နဲ့ ပတ်သက်ပြီး ဟိုးလေးတကျော် ဖြစ်နေတဲ့ Privacy issue တွေကို အတိုင်းအတာတစ်ခုအထိ ချွေးသိပ် ဖြေရှင်းနိုင်မယ်လို့ ယူဆရပါတယ်။ အဲဒီလို Activity တွေကို Download ချတဲ့အခါမှာလည်း မလိုလားအပ်တာတွေ ဖြစ်မလာအောင် Email Verification နဲ့ Password တွေ လိုမှာ ဖြစ်ပြီး Location နဲ့ ပတ်သက်တဲ့ သံသယ ဖြစ်စရာတွေ ရှိလာရင် ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Social Captcha ဆိုတဲ့ စစ်ဆေးတဲ့ နည်းစနစ်တစ်ခုကို ဖန်တီး ထည့်သွင်းထားတယ်လို့ သိရပြီး သံသယရှိတဲ့ အသုံးပြုသူတွေကို သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေပြ့ပီး စစ်ဆေးတာမျိုး တွေလည်း ပါမယ်လို့ သိရပါတယ်။ 

Groups 

အရင်ကတည်းက Facebook မှာ Group ဆိုတာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု Group Features မှာ အရင်နဲ့ မတူတာတွေ ပါလာပါတယ်။ ဘာမှ တန်ဆာပလာတွေ မပါတဲ့ Text Document တွေ ဝေမျှလို့ရမယ်၊ Events နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲနိုင်မယ်၊ Group ထဲမှာ ရှိတဲ့ လူ ၂၅၀ လောက် တစ်ပြိုင်တည်း ချက်တင်ပြောလို့ ရမယ် စတာတွေ ပါဝင်ပါတယ်။ Group မှာ Text Editor တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ Docs ပေါ့။ (သူကတော့ တကယ့်ကို အခြေခံအကျဆုံးတွေပဲ ပါပါသေးတယ်။ ဒါကြောင့် Google Docs တို့ Microsoft တို့နဲ့ ယှဉ်ဖိုက်ဖို့ မရှိသေးပါဘူး။ တစ်ချိန်ကျရင်တော့ အပြည့်အစုံထည့်မယ့် သဘောမှာ ရှိပါတယ်) 

ကိုယ့်အနေနဲ့ Family Member တွေသာ ပါဝင်တဲ့ Group တစ်ခု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Group တစ်ခု၊ သူငယ်ချင်းတွေနဲ့ Group တစ်ခု စသည်ဖြင့် Group တွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို Facebook အနေနဲ့ Group ပိုင်းမှာ အဆင့်မြှင်တင်လိုက်တာ Facebook ရဲ့ ဗွီ-ကမာကို ပိုပြီး ပြည့်စုံသွားစေသလို၊ ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာစေပါတယ်။ 

Group တွေမှာ သူငယ်ချင်းတွေ များများဖိတ်လေ၊ လွတ်လွတ်လပ်လပ် ပြောရဆိုရတာ ဘောင်ကျဉ်းလေ ဆိုတာတော့ သတိထားရတော့မယ် ထင်ပါတယ်။ အသေချာဆုံး အချက်ကတော့ Facebook အနေနဲ့ ရှိရင်းစွဲ သန်း ၅၀၀ ကို Facebook က မဆင်းအောင် ထိန်းထားမယ့်အပြင် Facebook Member မဖြစ်သေးသူတွေကိုပါ ဆွဲဆောင်မှု အားကောင်းလာတော့မယ် ဆိုတဲ့ အချက်ပါပဲ။ 

Facebook အပြောင်းအလဲ အပေါ် သုံးသပ်ခြင်း 

Facebook ရဲ့ အပေါ်ယံမှာတော့ နတ်လူသာဓုခေါ်စရာတွေ ဖြစ်တဲ့ တစ်ဦးခြင်း တစ်ယောက်ခြင်းစီနဲ့ ဆိုင်တဲ့ ကိုယ်ရေး အချက်အလက် ဆိုင်ရာ တွေကို လွပ်လွပ်လပ်လပ် ထိန်းချုပ်နိုင်စေဖို့ ဖွင့်ပေးခဲ့ပေမယ့် အလုံးစုံသဘောမှာတော့ ဝိဝါဒကွဲပြားစရာတွေ ရှိနေပါသေးတယ်။ 

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အရင် Group အဟောင်းတွေက ဘယ်လိုပုံစံနဲ့ ဆက်သွားမှာလဲ၊ နာမည်တူ Feature အသစ်တွေနဲ့ ဆက်သွားမှာလား၊ ဒါမှမဟုတ် အသစ်ဆောက်ရမှာလား၊ အသစ် ဆောက်ရမယ်ဆိုရင်လဲ ဘာကြောင့် ဆောက်ရတာလဲ၊ အဖွဲ့တစ်ခုအနေနဲ့ ဘယ်လောက် ကြာကြာခံမှာလဲ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် Facebook Page တွေအပေါ်မှာ အမှီပြုနေတဲ့ Business တွေရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိလာမှာလဲ စသည်ဖြင့် ဝိဝါဒကွဲပြားစရာတွေ ရှိနေပါတယ်။ 

Group တွေ အများကြီးဖွဲ့တာတော့ ဟုတ်ပါပြီ၊ ကိုယ်ကလည်း သူများတွေ ဖွဲ့ထားတဲ့ Group တွေမှာ နေရာစုံ လျှောက်ပါထားတာတော့ ဟုတ်ပါပြီ။ Wall Post မှာ Group Message တွေပဲ တစ်ပုံကြီး ပြနေပြန်ရင် မနိပ်သေးပါဘူး။ အဲဒီအတွက်လည်း ထိန်းချုပ်လို့ရနိုင်မယ့် အခြေအနေတွေ ရှိနေပါသေးတယ်။ လူတစ်ဦးချင်းစီ နောက်တော့ အဖွဲ့အစည်း၊ အဲဒီလိုကနေ Facebook က ကမာ့နိုင်ငံတော်ကြီး ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဖို့ ရှိပါတယ်။ အပြင်က လူနေမှု ဘဝပုံစံတွေကို Facebook က ပညာသားပါပါ မိုးပေါ် ဆွဲတင်နေပါတယ်။ ကျွန်တော်တို့လည်း မိုးပေါ်မှာ နေသား ကြနေကြပြီ မဟုတ်ပါလားဗျာ။ 

တစ်ဖက်မှာလည်း Ning Site တွေလို Group တွေ မှိုလို ပေါက်လာမယ့် အနေအထားလည်း မြင်ယောင်နေပါတယ်။ အဖိုးကြီးလည်း Group၊ အဖွားကြီးလည်း Group၊ မွေးကင်းစ အာဗြဲလေးလည်း Group ပေါ့ဗျာ။ 

ကျွန်တော်တို့ရဲ့ ဟိုးဟိုးကျော် မစ္စတာ Zuckerberg ရဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကလည်း ထွက်တာ မကြာသေးဘူး၊ အသက်ကလည်း ငယ်ငယ်လေး၊ မကြာသေးခင်ကကဲ ဒေါ်လာ သန်းနဲ့ ချီပြီး အလှူလုပ်တယ်၊ လူမှုတော်လှန်ရေး သမား၊ သန်းကြွယ်သူဌေး၊ Color Blind တစ်ယောက်၊ စသည်ဖြင့် ဂုဏ်ဓာတ်တွေ ပြည့်စုံနေတဲ့ မင်းသားလေးကတော့ ကျွန်တော်တို့ကို နောက်ထပ် ဖမ်းစားမယ့် ခွင်တွေ ချလိုက်ပြန်ပြီခင်ဗျ။ မထူးပါဘူးဗျာ Facebook မှာ အိမ်ဆောက်၊ Facebook မှာ မြို့တည်၊ Facebook မှာပဲ နေကြပါစို့ဗျာ။ 

Reference: PC World, FoxNews

By Than Htut

စာကြွင်း ။ ။ ကိုစန်းမောင်ရဲ့ ဖေ့ဘွတ်မှမျှဝေမှုကို ကျွန်တော်က ထပ်ဆင့်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

Friday, October 8, 2010

တြိစက္ခ ရဲ့ မဟူရာဝံပုလွေ ၀ိညာဉ်

ကျွန်တော် ၀တ္ထုစာအုပ်ပဲဖြစ်ဖြစ် ဆောင်းပါးဖတ်ရင်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာအချက်အလက် တစ်ချို့ပါဝင် သည့်အရာများကိုသာဖတ်လေ့ရှိသည်။ အနည်းဆုံး အချစ်ဝတ္ထုဖတ်သည်ဆိုပါစေဦးတော့ စကားလုံးအဖွဲ့အနွဲ့ပြောင်မြောက်သည့် စာအုပ်များကို ပိုမိရွေးချယ်လေ့ရှိပါသည်။

မနေ့ညက စာအုပ်တစ်အုပ် စာရေးဆရာ တြိစက္ခရဲ့ မဟူရာဝံပုလွေ ၀ိညာဉ်ဆိုသည့်စာအုပ်ကို ငှားဖတ်ခဲ့ပါသည်။ စာရေးဆရာက ထုံးစံ အတိုင်း ထူးဆန်းအံ့သြဖွယ်အကြောင်းအရာများကို ကိုလိုနီခေတ်ဝန်းကျင်ကိုအခြေခံပြီးရေးဖွဲ့ထားခြင်း၊ သမန်းဝံပုလွေအကြောင်းအရာ ကို ထည့်သွင်းရေးဖွဲ့ထားခြင်းတို့ကြောင့် စိတ်ဝင်စားစွာဖတ်ရှုခဲ့ပါသည်။ ယုံကြည်တာမယုံကြည်တာကို ဘေးချိတ်ထားပြီး အချိန်တစ်ခု ကို အသုံးချဖို့ တန်ဖိုးရှိပါသည်။

အဆိုပါစာအုပ်ထဲမှာ စိတ်ဝင်စားဖွယ် လေ့လာသုံးသပ်ဖွယ်ကောင်းသည့် အချက်အလက်အချို့ကိုသူငယ်ချင်းတို့ကိုပြန်လည်ဝေမျှချင်ပါ တယ်။ သတင်းအချက်အလက်နှင့် ခုနှစ်သက္ကရာဇ်တိကျသေချာမှုကတော့ စာရေးဆရာနှင့် သုတေသီများသာအဓိကတာဝန်ရှိကြောင်း ကျွန်တော်ကတော့ ပြန်လည်ဝေမျှမှုသက်သက်ဖြစ်ကြောင်းလည်း အသိပေးလိုပါရဲ့မြိတ်ကျွန်းစုတွေအကြောင်း၊ ရန်ကုန်မြို့ရဲ့လမ်းတွေ အကြောင်း၊ သမန်းဝံပုလွေဝါဒတွေအကြောင်း စသဖြင့်ပေါ့။


(၁) မြိတ်ကျွန်းစုတွေအကြောင်း

မြန်မာနိုင်ငံကို အင်္ဂလိပ်များ ၀င်ရောက်မလာမီအချိန်က အောက်ပိုင်းဒေသများဖြစ်သော တနင်္သာရီကမ်းမြောင်ဒေသများတလျှောက်မှာ လူနေထိုင်မှု မများလှသေးပေ။


ယခုအခါ မြို့ကြီးတစ်မြို့မျှ စည်ကားနေပြီဖြစ်သော ကော့သောင်းပင်လျှင် (၁၈၅၉)ခုနှစ်မတိုင်ခင်က လူနေထိုင်မှု မရှိခဲ့သေးပေ။

ထိုအချိန်က ကော့သောင်းမှာ လူနေထိုင်မှု မရှိသေးသော်လည်း မလိဝမ်းမှာ ရှေးမြန်မာမင်းများနှင့် ဗြိတိသျှအုပ်ချုပ်ရေးရှိစဉ်က ရုံးစိုက်ရာ ဒေသဖြစ်ခဲ့ဖူးသည်။


(၁၈၅၉)ခုနှစ်မတိုင်မီက မလိဝမ်းမှာ စည်ကားသော မြို့တစ်မြို့ဖြစ်နေခဲ့ချေပြီ။

အများအားဖြင့်တော့ ထိုင်းနိုင်ငံဘက်မှ လာရောက်နေထိုင်သူများနှင့် မလေးရှားနိုင်ငံဘက်မှ လာရောက်နေထိုင်ကြသူ များလေသည်။ မလိဝမ်းချောင်းဝသည် သဘောင်္များဆိုက်ကပ်ရာ ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့သည်။


(၁၈၆၅)ခုနှစ်ရောက်တော့မှ မလိဝမ်းနှင့် မြိတ်ကျွန်းစုများသို့ ၀င်ထွက်သွားလာရန် ကုန်သွယ်ခဲ့ကြသည်။

ရှေးမြန်မာမင်းများလက်ထက်က သံလွင်မြစ်ဝ အောက်ပိုင်းမှာ စည်ကားသော မြို့ပြနယ်ပယ်များမရှိသေးဘဲ ရေလုပ်ငန်းဖြင့် အသက်မွေး သူများသာ စုဝေးနေထိုင်ရာ အရပ်ဖြစ်ခဲ့သည်။


ထိုအချိန်က မုတ္တမပင်လယ်ကွေ့နှင့် ယခုဘီလူးကျွန်းတည်ရှိရာနေရာတ၀ိုက်မှာ ရေဘီလူးဟုခေါ်ကြသည့် စမင်များနေထိုင်ကြပြီး မြိတ် ကျွန်းစုများဘက်မှာတော့ ဆလုံများသာ ရှိပေသည်။

ရေဘီလူးဟု တင်စားခေါ်ဝေါ်သည့် စမင်များမှာ ရှေးခေတ်အခါက နီဂရွိုက် (နီဂရစ်တို)လို့ခေါ်သည့် အသားမည်း ကပ္ပလီများသာဖြစ်ပေ သည်။ ၄င်းတို့မှာ မလေးရှား၊ အင်ဒိုနီးရှားကျွန်းစုများဘက်မှ ရွှေ့ပြောင်းလာသူများဖြစ်ပြီး ၄င်းတို့ဒေသမှာတော့ စမင် (Semai) ဟု အ သိများသည့် ရှေးဟောင်းလူသားများဖြစ်ကြသည်။


ရေဘီလူးဟု ခေါ်သည့် စမင်းများနှင့် မော်ကင်းဟုခေါ်ကြသည့် ဆလုံများမှာ ရေအောက်၌ ကျွမ်းကျင်စွာ သွားလာလှုပ်ရှားနိုင်သူ များဖြစ သည်။

ဘီလူးကျွန်းဟု ခေါ်ဝေါ်သောနေရာမှာ ရှေးအခါက ရေဘီလူးများနေထိုင်ကျက်စားရာဒေသ ဖြစ်သောကြောင့် ထိုအမည်တွင်ခဲ့ခြင်းဖြစ်၏။

သထုံကို မွန်လူမျိုးများ ၀င်ရောက်လာစဉ်က ဘီလူးများနှင့် တိုက်ခိုက်ခဲ့ရကြောင်း သီဟိုဠ်ဒီပ၀င်( အေဒီ ၆ရာစု)နှင့် ကလျာနီမွန် ကျောက်စာ (၁၅)ရာစုတို့၌ရေးသားဖော်ပြထားလေသည်။


'Andaman Sea' (သို့မဟုတ်) ကပ္ပလီပင်လယ်ပြင်၏ မြိတ်ဒေသ၀န်းကျင်တွင် ရှေးကဖြစ်ထွန်းပေါ်ပေါက်ခဲ့သော ကျွန်းကြီးကျွန်းငယ် စုစုပေါင်း(၉၀၀) ကျော်ရှိသည်ဟု 'Geography of South Tenasserim and Mergui Archipelago by Mr. H.L.Chhibber' ၏မြိတ် ကျွန်းစုနှင့် တနင်္သာရီတောင်ပိုင်း ပထ၀ီဝင်စာစောင်တွင် အကျဉ်းဖော်ပြထားသည်။


တဖန် မြိတ်အရေးပိုင်အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ Mr. G.P. Andrew ကလည်း သူ၏ 'Burma Gagetter Mergui District' တွင် ကျွန်းစု ပေါင်း (၈၀၄)ကျွန်းကို ပေါင်းစပ်ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။


ထိုကျွန်းများအနက် 'ကတန်ကျွန်း' 'King Island' ကျွန်းမှာ အကြီးဆုံးဖြစ်ပြီး 'ကျွန်းဘုရင်'ဟုအမည်တွင်ပါသည်။

ထို့နောက် 'လမ်းပိ' 'Lampi Island' ကျွန်းမှာ ကမ္ဘာ့အလှဆုံးကျွန်းများတွင် အပါအ၀င်ဖြစ်လေသည်။



ထို့အပြင် တနာင်္သာရီတိုင်း ပင်လယ်ပြင်အတွင်း၌ ငှက်သိုက်ကျွန်းပေါင်း (၃၂)ကျွန်းတွင် အဖိုးတန်ငှက်သိုက် (Edible Bird-Nest) များ ထွက်ရှိသေးရာ အထူးသဖြင့် 'မလိကျွန်း' 'Mali (or) Taoy Island တွင်ဖြစ်လေသည်။

ကမ္ဘာတွင် မျက်နှာပန်းလှနေသည့် 'မြန်မာ့ပုလဲ'သည်ပင် မြိတ်ဒေသမှထွက်ရှိသည်။ မြိတ်ဒေသ ပင်လယ်ပြင်အတွင်း ကျွန်းပေါင်း (၈၀၀) ကျော်ရှိသည်။ သို့သော်လည်း ကျွန်းတိုင်းတွင် လူများနေထိုင်သည်မဟုတ်ပေ။ ထို့ပြင် ကျွန်းအားလုံး၌ အမည်နာမ အသီးသီးရှိကြသည် မဟုတ်ပေ။ ထိုသို့အမည်နာမ မရှိသေးသောကျွန်းများပေါ် ခြေချမိသူများက ဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ ပေးသည့် အမည်များမှာ အတည်ဖြစ်သွားနိုင်သည်။

မြေပုံ၊ရေပုံပေါ်၌ အမည်ထင်ရှားသောကျွန်းများသည်ပင်လျှင် မြန်မာ၊ပသျှူး၊ဆလုံ၊တရုတ်၊အင်္ဂလိပ် အခေါ်အဝေါ်များရှိနေသည်။ အဘယ် အမည်နှင့် ကျွန်းသည် အဘယ်လူမျိုးတို့၏ အမည်နှင့် ကျွန်းများဖြစ်သည်ကို ပြောရန် ခက်နေသည်။

'စိန်လုတ်ကျွန်း'ကို ပသျှူးအမည်ဖြင့် '၀လော်ကာကျမ်းလိုကျွန်း'၊ 'လမ်းပိကျွန်း'မှာ တရုတ်အမည်ဖြစ်ပြီး အင်္ဂလိပ်တို့ ထိုကျွန်းကို (Lamp or Sullas Island) ဟူ၍လည်းကောင်း၊ ထို့နောက်ဆလုံအမည်ဖြင့် ခေါ်ဝေါ်နေသည့် မကြုံကလက်ကျွန်းမှာ ဆလုံအမျိုးသမီးတစ်ဦး၏ အမည်ဖြစ်ကြောင်း၊ ဆလုံလူမျိုးအုပ်စုတစ်ခုခုတွင် သြဇာရှိသော ခေါင်းဆောင်အမျိုးသမီးရှိတတ်ကြောင်း စာထဲပေထဲ၌ ဖတ်ရှုမှတ်သား ခဲ့ဖူးသည်။

သို့သော် မြေပုံရေပုံပေါ်၌မူ အဆိုပါ မကြုံကလက်ကျွန်း ကိုအထင်ကရ ဖော်ပြထားသည်များကို မတွေ့ရသေးပေ။


(၂) ရန်ကုန်မြို့ကလမ်းတွေ အကြောင်း

ရန်ကုန်မြို့တော်ကြီးကို ယခုကဲ့သို့ စည်ကားသောလမ်းမကြီးများဖြင့် အကွက်ကျလှပအောင် မြို့ကွက်ရိုက်ပေးခဲ့သူမှာ လက်ဖတင်နင် အေဖရေဇာ(Fraser)ဆိုသူဖြစ်သည်။

သူသည် ရန်ကုန်မြို့ကွက်ကိုရေးဆွဲရာတွင် ၀ါရှင်တန်မြို့ကွက် ရေးဆွဲခဲ့သည့်အတိုင်း တစ်ပုံစံတည်းဖြစ်အောင် ရေးဆွဲပေးခဲ့ခြင်းဖြစ် သည်။

ဝါရှင်တန်မြို့ကွက်နှင့်တူအောင် ရေးဆွဲခဲ့သောကြောင့် လမ်းဆုံလမ်းမနေရာများတွင် အ၀ိုင်းကြီးများ ထည့်သွင်းပြုလုပ်ခဲ့ခြင်းဖြစ်၏။

ထိုသို့အ၀ိုင်းကြီးများ ထည့်သွင်းပြုလုပ်ခဲ့သော အဓိကရည်ရွယ်ချက်မှာ လမ်းမကြီးများမှာ ရန်သူစစ်ကြောင်း ချီတက်လာပါက အ၀ိုင်း နေရာများမှ တားဆီးတိုက်ခိုက်နိုင်ရန်အတွက်ပင်ဖြစ်ပေသည်။

ရန်ကုန်မြို့၌ထင်ရှားသောအ၀ိုင်းကြီးများမှာ ဆူးလေအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း၊ဗဟန်းအ၀ိုင်း၊ ဦးဝိစာရအ၀ိုင်းနှင့် တာမွေအ၀ိုင်းတို့ဖြစ်ကြ ပေသည်။ (တာမွေအ၀ိုင်းမှာ ယခုမရှိတော့ပြီ)

ရန်ကုန်မြို့ကွက်ကို ရေးဆွဲသောအခါ လေးထောင့်ပုံသဏ္ဌာန် လမ်းမကြီးများဖြင့် ယှက်သွယ်ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။

လက်ဖတင်နင် အေဖရေဇာ ရေးဆွဲသောလမ်းမကြီးများထဲတွင် အချက်အချာကျသော လမ်းမကြီး(၅)လမ်း ပါဝင်ခဲ့ပေသည်။

ထိုလမ်းမကြီးများမှာ....

(၁) ကမ်းနားလမ်းမကြီး (Strand)

(၂) ကုန်သည်လမ်းမကြီး(Merchant)

(၃) မဟာဗန္ဓုလလမ်းမကြီး(Dalhousie)

(၄) အနော်ရထာလမ်းကြီး(Fraser)

(၅) ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး စသည်တို့ဖြစ်ကြလေသည်။

ရှေးအခါကပင် ဈေးများ တည်ဆောက်ရာမှာလည်း ထိုလမ်းမကြီးငါးခုကိုပင် အမှီပြုပြီး တည်ဆောက်ခဲ့ကြခြင်းဖြစ်၏။

ကမ်းနားလမ်းမပေါ်မှာ ညောင်ပင်လေးဈေး၊ မော်တင်ဈေး၊ကီလီဈေး၊

ကုန်သည်လမ်းမကြီးပေါ်မှာ သံဈေး၊ သိမ်ကြီးဈေး၊

မဟာဗန္ဓုလလမ်းမပေါ်မှာ သိမိကြီးဈေး၊

ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ ဗိုလ်ချုပ်ဈေးနှင့် လေဟာပြင်ဈေး (ယခုမရှိတော့ပေ) တို့ရှိခဲ့ကြသည်။


ထိုလမ်းမကြီးငါးသွယ်တို့တွင် ယခုတိုင်အချက်အချာကျပြီး စည်ကားသောလမ်းမကြီးတစ်ခုကို ပြပါဆိုလျှင် ရှေးက ဖရေဇာလမ်းဟု ခေါ်ပြီး ယခုအနော်ရထာလမ်းဟု ခေါ်သော လမ်းမကြီးပင်ဖြစ်ပေသည်။


(၁၈၅၃)ခုနှစ်မှာ ရန်ကုန်မြို့သစ်ပြန်လည်တည်ဆောက်ရေးပုံစံ(Reconstruction of Yangon) ကို ဖရေဇာ(Lt. A Fraser) က ရေးဆွဲ တင်ပြခဲ့ရာ အင်္ဂလိပ်အာဏာပိုင်များက သဘောကျ သောကြောင့် ထိုပုံစံအတိုင်းမြို့ကွက်ကို ပြောင်းလဲစီမံခဲ့ခြင်းအပြင် လမ်းအမည် များပေးသောအခါ အဓိကကျသောလမ်းမကြီးအမည်ကို ဖရေဇာလမ်းဟု ပေးခဲ့ကြခြင်းဖြစ်ပေသည်။

တကယ်တမ်းတော့ ဖရေဇာမှာ အင်္ဂလိပ် ဘင်္ဂါလီတပ်မှ အင်ဂျင်နီယာတစ်ယောက်မျှသာဖြစ်ပေသည်။


(၁၉၅၅)ခုနှစ်ဝန်းကျင် လွတ်လပ်ရေးရပြီးကာစနောက်ပိုင်း ဖရေဇာလမ်းတလျှောက်မှာ များစွာ စည်းကားခဲ့ပေသည်။ ညနေစောင်းအချိန် ရောက်သည်နှင့် ထိုလမ်းမတလျှောက် ဘေးတစ်ဖက်တစ်ချက်နေရာများမှာ ညဈေးတန်းများရောင်းချကြလေသည်။


လမ်းမဘေးတစ်ဖက်တစ်ချက်၌ ဈေးဆိုင်များ တည်ခင်းရောင်းချကြရာ မြောက်ဘက်အခြမ်းထက် တောင်ဘက်အခြမ်းက ပိုမိုစည်ကား လှပေသည်။

ထိုဈေးတန်းတလျှောက်၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများမှာ အများအားဖြင့် ကုလားလူမျိုးများသာများပေသည်။ ကုလားလူမျိုး ဟုဆိုရာ၌ ကုလားလူမျိုးမျိုးစုံတို့ပါဝင်လေသည်။ သို့ကြောင့်ထိုဈေးတန်းကိုလည်း ဘင်္ဂလားဈေးတန်းဟုပင် အလွယ်တကူ ခေါ်ဝေါ် ကြသည်။

ထိုနေရာတ၀ိုက်ရှိ လမ်းဘေးဝဲယာတလျှောက်ရှိ ဆောက်ထုပ်ထားသည့် တိုက်ခန်းအတော်များများရှိပေရာ အခန်းတစ်ရာလျှင် ကုလား လူမျိုးများက ကိုးဆယ်ခန့်နေကြပြီး ကျန်သည့်ဆယ်ခန်းမျှလောက်သာ မြန်မာများနေကြလေသည်။ သို့ကြောင့်လည်း ထိုနေရာတ၀ိုက် ကို ကုလားတန်း၊ ကုလားရပ်ကွက်ဟု ခေါ်ကြလေသည်။

ယခုရွှေဘုံသာလမ်းမှာ ယခင်အမည်က မဂိုလမ်းဖြစ်သော်လည်း မူလအမည်မှာ ကုလားတန်းလမ်းပင်ဖြစ်ပေသည်။

ရန်ကုန်မြို့တွှု သချာင်္အမှတ်အသားပါသော လမ်းပေါင်း (၁၆၉)လမ်းရှိရာ ကီလီ(၁)လမ်းမှ စတင်ပြီး မြင်းပြိုင်ကွင်းရှိ (၁၆၉) လမ်းမှာဆုံးပါ သည်။ ကီလီ (၁)လမ်းမှ (၄)လမ်းအထိ သချာင်္အမှတ်အသားနှင့် ရှိသော်လည်း (၅) လမ်းရောက်သောအခါ သချာင်္အမှတ်အသားမသုံးကြ ဘဲ အလုပ်လုပ်သောပစ္စည်းများကို အမည်တပ်၍ ထိုအမည်ကိုပင် သုံး၍ခေါ်ဝေါ်ကြလေသည်။


ကီလီ(၅)လမ်းထဲတွင် ငှက်ပျောကုန်သည်များစခန်းချသောကြောင့် ငှက်ပျောတံတားလမ်းဟု ခေါ်သည်။

ယခင်က ငလျှံလမ်းဟု ခေါ်သောလမ်းမှာ ယခုကိုင်းတန်းလမ်းဖြစ်သည်။

ကျွဲပုတ်လမ်းမှာ ယခု(၈)လမ်းဖြစ်သည်။

ငပိတန်းလမ်းမှာ ယခု(၁၀)လမ်းဖြစ်သည်။

စတီဗင်ဆင်လမ်းမှာ ယခုလှည်းတန်းလမ်း၊ (၁၁)လမ်းအထက်ပိုင်း ဖက်တန်းဟုခေါ်ပြီး အောက်ပိုင်းကို ပိုက်တန်းဟုခေါ်ကြသည်။

ဘုန်းကြီးလမ်းထိပ်မှာ ဘုရားငုတ်တိုရှိသောကြောင့် ယခင်က ဘုရားငုတ်တိုလမ်းဟုသာ ခေါ်ကြသည်။

(၁၃)လမ်းအထက်ပိုင်းကို ခေါင်ချုပ်တန်းဟု ခေါ်ကြပြီးအောက်ဖက်ကို ငါးရှဥ့်တန်းဟု ခေါ်ကြသည်။

(၁၄)လမ်းအထက်ပိုင်းကို ကြောင်တစ်ရာတန်းဟု ခေါ်ကြပြီး အောက်ဖက်ကို ဦးဘိုးရိတ်လမ်းဟု ခေါ်သည်။

(၁၅)လမ်းအထက်ပိုင်းမှာ တရုတ်များသာ အနေများပြီး သိန်းတန်းဟုခေါ်ပြီး အောက်ပိုင်းကိုတော့ သုံးပင်တန်းဟု ခေါ်ကြသည်။

(၁၆) လမ်းအထက်ပိုင်းကို ထန်းပင်ကုန်းတန်းဟု ခေါ်ကြပြီး အောက်ပိုင်းကိုတော့ ကြက်သွန်တန်းဟု ခေါ်ကြလေသည်။

(၁၇)လမ်းကို ရှေးအခါက အရာကြီးတန်းဟုခေါ်ကြပြီး (၁၈)လမ်းကိုတော့ ရေနံတန်းဟုခေါ်ကြသည်။

ယခုစဥ့်အိုးတန်းလမ်းဟု ခေါ်သောလမ်းကို ယခင်က အထက်ပိုင်းကို မကျည်းတန်းဟု ခေါ်ပြီး အောက်ပိုင်းကိုတော့ လိပ်ဥတန်းဟု ခေါ်ကြ သည်။

ယခင်က လမ်း(၂၀)ကို ဦးထွန်းတန်းဟုခေါ်ကြသည်။

(၂၁)လမ်းအထက်ပိုင်းကို ပရဆေးတန်းဟု ခေါ်ပြီး အောက်ပိုင်းကိုတော့ တွင်းညီနောင်ဟု ခေါ်ကြသည်။

(၂၂)လမ်းအထက်ပိုင်းကိုတော့ ပန်းတိမ်တန်းဟု ခေါ်ပြီးအောက်ပိုင်းကိုတော့ ဓါးတန်းလေးဟု ခေါ်ကြသည်။

(၂၃)လမ်းမှာ ဘိန်းရုံတန်းဟု ခေါ်ပြီး (၂၄)လမ်းကိုတော့ အဓမ္မလက်ကြား ဟုခေါ်ခဲ့ကြသည်။

(၂၅)လမ်းကို စာဆိုတန်းဟု ခေါ်ခဲ့ကြပြီး (၂၆)လမ်းကိုတော့ ကျောက်တံတားလမ်းဟု ခေါ်ခဲ့ကြလေသည်။

(၂၇)လမ်းကို ပုဆိုးတန်းဟု ခေါ်ပြီး (၂၈)လမ်းကိုတော့ သံဖြူတန်းဟုခေါ်ကာ ယခု ဆူးလေဘုရားလမ်းဟုခေါ်သောလမ်းမှာ ယခင်က ရှော်တန်းဟုခေါ်သောလမ်းပင်ဖြစ်တော့သည်။


ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်ကြီးကို ၀န်းရံထားသော ကုန်းပေါင်း (၉၉)ကုန်းရှိပါသည်။ ထို အထဲတွင် ကျောက်ကုန်းလည်း တစ်ခုအပါအ၀င်ဖြစပေသည်။ ကျောက်ကုန်းသည် ရန်ကုန်မြို့ စတင်ဖြစ်ပေါ်လာပြီးစအချိန်ကတည်းက လူသိများခဲ့သောနေရာတစ်ခုဖြစ်ပေသည်။


ကျောက်ကုန်းလမ်းတ၀ိုက်နှင့် အောင်ဇေယျလမ်းဝန်းကျင်တ၀ိုက်နေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၈၀)ခန့်အမြင့်တွင် တည် ရှိကြောင်း မှတ်တမ်းများက ရေးသားဖော်ပြကြသည်။

ကျောက်ကုန်းလမ်းမှ အောင်ဇေယျလမ်းအတိုင်း အနောက်ဘက်သို့ ဆင်းလာလျှင် အစ္စရေး အင်ဂျင်နီယာများဆောက်လုပ်ခဲ့သော (၁၂) လုံးတန်းခေါ် တိုက်တန်းစုသို့ရောက်လေသည်။

(၁၉၅၅)ခုနှစ် က ကျောက်ကုန်းတ၀ိုက်မှာ နေထိုင်ကြသူများမှာ မြို့တွင်းသို့သွားလာလိုပါက ဆင်ဖြူ၊ဆင်နီ၊ဆင်နက် အမှတ်အသားပါရှိ သည့် ဘတ်စ်ကားများနှင့် သွားလာကြရပေသည်။


(၃) မဟူရာဝံပုလွေ

ရေးသားပြုစုသော ပညာရှင်မှာ မနုဿဗေဒပညာရှင်တစ်ဦးဖြစ်သူ ၀ီလျှံဟောင်းဝဲလ် ပင်ဖြစ်ပေသည်။ ၄င်း၏ဖော်ပြချက်ထဲတွင် လူမှ တိရစ္ဆာန်အသွင်သို့ပြောင်းလဲနိုင်ခြင်းမှာ စိတ်စွဲလန်းယုံကြည်မှု လွန်ကဲသော တိုတမ်ဝါဒဖြစ်သည်ဟု မှတ်ချက်ပေးထားလေသည်။

ခြင်္သေ့တိုတမ်ဝါဒီများသည် မိမိတို့သည် ခြင်္သေ့မျိုးနွယ်မှ ဆင်းသက်ပေါင်ဖွားလာသည်ဟု စွဲစွဲလန်းလန်း ယုံကြည်နေကြပြီး ခြင်္သေ့များနှင့် ဆွေမျိုးတော်စပ်သည်ဟုယုံကြည်ကြပေသည်။ သို့ကြောင့်ခြင်္သေ့များသည် ၄င်းတို့အတွက် အန္တရာယ်လုံးဝမရှိနိုင်၊ သူတို့ကလည်း ခြင်္သေ့များကို မကြောက်မရွံ့ကြဘဲ ခြင်္သေ့များရှိသောတောထဲ၌ ရဲဝံ့စွာ နေထိုင်သွားလာဝံ့ကြလေသည်။


မိကျောင်းတိုတမ်ဝါဒီ ရှိသူများသည်လည်းကောင်း၊ ၀က်ဝံတိုတမ်ဝါဒီများသည်လည်းကောင်း၊ ၀ံပုလွေတိုတမ်ဝါဒီ ရှိသူများသည်လည်း ကောင်း ထိုနည်းအတိုင်းပင် ရှိကြလေသည်။

ဝံပုလွေအသွင်ပြောင်းနိုင်သောဓလေ့မှာ အာဖရိကတောနက်အတွင်း၌ နေထိုင်ကြသော လူနီရိုင်းများက အများဆုံး အသုံးပြုလေ့ရှိပြီး သားကောင်နောက်လိုက်သောအခါ ၀ံပုလွေအသွင်ပြောင်း၍ အုပ်စုဖွဲ့ကာ သားကောင်နောက်သို့ လိုက်လေ့ရှိကြသည်။


သားကောင်ဖမ်းရန် သွားတော့မည်ဆိုလျှင် တောတွင်းသို့ ၀င်သွားပြီး ၀ံပုလွေစိတ်၊ ၀ံပုလွေမာန် ရရှိအောင် ဦးစွာစိတ်ကို အရင်ပြောင်းကြ လေသည်။

ဝံပုလွေစိတ်ဝင်လာတော့ သားကောင်နောက်သို့ တဟုန်တိုးပြေးလိုက်ကြလေသည်။ လိုက်စက လူရိုင်းအသွင်နှင့်ပင် ခြေထောက်နှစ် ချောင်းဖြင့် ပြေးလိုက်သော်လည်း ခဏချင်းမှာပင် လူစိတ်ပျောက်သွားပြီး ၀ံပုလွေစိတ် ၀င်လာသောအခါ လေးဘက်ထောက်ပြေးရာမှ ခြေရာအသွင်လည်း ပြောင်းသွားလေသည်။


မြန်မာပြည်တွင် လူကနေ ကျားအသွင်ပြောင်းနိုင်သူကို သမန်းကျားဟု ခေါ်သလို အာဖရိကတွင် လူမှ ၀ံပုလွေအသွင်ပြောင်းလဲနိုင်သူကို 'မဟူရာဝံပုလွေ' ဟုခေါ်ဝေါ်ကြသည်။


ဝံပုလွေအသွင်နှင့် သားကောင်လိုက်ပြီး၍ လူအသွင်ပြောင်းလိုသောအခါ တောတွင်းသို့ ၀င်သွားပြီး စိတ်ကိုလျှော့ချလိုက်သောအခါ တ ဖြည်းဖြည်းနှင့် လူအသွင်သို့ပြန်လည် ရောက်သွားကြောင်း မနုဿဗေဒပညာရှင် ၀ီလျှံဟောင်းဝဲလ်က သုတေသနပြု ရေးသားထား ခြင်း ဖြစ်ပေသည်။

ဂမ္ဘီရလျှို့ဝှက်ဆန်းကြယ် ဆိုတဲ့ဝတ္ထုတွေက အလကားမဖြစ်နိုင်ဘူးဆိုကြပေမယ့် မြန်မာစာအုပ်ဆိုင်လောကမှာ အငှားသွက်စာအုပ်တွေ အဖြစ် ရပ်တည်နေပါပြီ။ ဘာပဲဖြစ်ဖြစ် အဲဒီစာအုပ်တွေထဲကမှ သိမှတ်စရာလေးတွေကိုပြန်လည်ဖော်ပြလိုက်ခြင်းသာဖြစ်ပါတယ်။

Alex Aung (7 Sep 2010)