Showing posts with label Satire Articles. Show all posts
Showing posts with label Satire Articles. Show all posts

Friday, August 3, 2018

"လူကြီးလူကောင်းစိတ်ဓာတ်"



မြန်မာတွေတွင်ပြုပြင်ရမည့်အမူအကျင့်အချို့ရှိသည် ။ ထိုအမူအကျင့်မှာ အားကစားမှာပဲဖြစ်ဖြစ် အခြားယှဉ်ပြိုင်ရသည့်ပြိုင်ပွဲတစ်ခုခုမှာပဲဖြစ်ဖြစ် ပြိုင်ဘက်ကို လေးစားမှုမရှိတာပဲဖြစ်သည် ။ ပြိုင်ဘက်ကိုလေးစားခြင်းသည် ထိုသူကိုဘက်ပြောင်းထောက်ခံခြင်းမဟုတ် ။ လူလူချင်း ၊ အားကစားသမားအချင်းချင်း ၊ မျှတသောယှဉ်ပြိုင်ဘက် တယောက် ၊ ယှဉ်ပြိုင်ဘက်အသင်း ၊ယှဉ်ပြိုင်ဘက်အဖွဲ့အဖြစ် ထိုက်သင့်သောလေးစားမှုကိုမပြနိုင်ကြခြင်းဖြစ်သည် ။ ပြီးခဲ့သော ဇွန်လ ၂၉ ရက်ညက MMA ဘက်စုံကိုယ်ခံပညာသုံး တိုက်ခိုက်ရေး ပြိုင်ပွဲတွင် မြန်မာနိုင်ငံဖွား (အမေရိကန်နိုင်ငံသား) ကချင်တိုင်းရင်းသား အောင်လအန်ဆန်း နှင့် ဂျပန်နိုင်ငံသား ဟာစီဂါဝါတို့ယှဉ်ပြိုင်ကြသည် ။ မြန်မာနိုင်ငံသားအားလုံးက အောင်လအန်ဆန်းကိုအားပေးကြသည် ဆိုသော်ငြား လူ့ယဉ်ကျေးမှူထုံးစံအရ ပြိုင်ဘက်ကစားသမား အမည်ကိုကြေညာရာတွင် လည်းကောင်း၊ လက်ဝှေ့စင်ပေါ်သို့တက်လာရာတွင်လည်းကောင်း လက်ခုပ်သြဘာများဖြင့် ကြိုဆိုခြင်းကိုမြန်မာတို့မလုပ်ကြပါ ။ မိမိနိုင်ငံ၏ရန်သူတစ်ဦး စင်ပေါ်တက်လာကြသလို တုံဏိဘာဝေ လုပ်နေကြပါသည်။

ယဉ်ကျေးသောလူ့ဘုံအသိုင်းအ၀ိုင်းမှာတော့ ဒီလိုမဟုတ်ပါ ။အားကစား ပြိုင်ပွဲတစ်ပွဲ ၊ဂီတပွဲတစ်ပွဲ ကျင်းပလျှင် မိမိအားပေးသော ပုဂ္ဂိုလ် ၊ မိမိအားပေးသောအသင်းအဖွဲ့ ကို အူလှိုက်သည်းလှိုက်အားပေးသော်လည်း မိမိအသင်း၏ပြိုင်ဘက်ပေါ်တွင်လည်း ကြိုဆို လက်ခံကြသည်သာဖြစ်သည် ။ ဒါသည် ကမ္ဘာ့ယဉ်ကျေးမှုဖြစ်ပါသည် ။ အင်္ဂလန်နိုင်ငံတွင်ကျင်းပသော ဘောလုံးပွဲများတွင် ပြိုင်ဘက်အသင်းဘောလုံးသမားပင်ဖြစ်သော်လည်း ကြိုးကြိုးစားစား အားကြိုးမာန်တက် ယှဉ်ပြိုင်ကစားသောအခါ  ပရိသတ်က လက်ခုပ်တီး၍အားပေးလေ့ရှိသည် ။ လက်ဝှေ့ပြိုင်ပွဲများတွင်လည်း မိမိအားမပေးသော လက်ဝှေ့သမားပင်ဖြစ်လင့်ကစား သူ့ အမည်ကိုခေါ်၍ စင်ပေါ်တက်လာသောအခါ ယဉ်ကျေးမှုအရ လက်ခုပ်တီးအားပေးကြစမြဲဖြစ်သည် ။ ကျွန်တော်တို့သည်ထိုသို့ လုပ်လေ့မရှိပေ ။

              မြန်မာတို့၏မကောင်းသောအကျင့်နောက်တစ်ခုမှာ ရှုံးနိမ့်သွားသူကိုလှောင်ပြောင်ရှုတ်ချခြင်းဖြစ်သည် ။ သူတပါးနိုင်ငံတော်သီချင်းဆိုနေချိန်တွင် လေးစားစိတ်ဖြင့် တိတ်ဆိတ်စွာငြိမ်နေသော စိတ်ဓာတ် ၊ စန္ဒယား ၊တယော စသောအနုပညာဖျော်ဖြေပွဲများတွင် တိတ်ဆိတ်စွာ (စကားတွေဆူညံပွက်မနေပဲ)အားပေးတတ်သည့်စိတ် တို့မှာနိုင်ငံကြီးသားစိတ်များဖြစ်သည် ။ဥပမာတစ်ခုအနေနှင့် ဇွန်လ ၂၉ ရက်နေ့ညကထိုးသတ်သော MMA ပြိုင်ပွဲတွင် ပဉ္စမအချီ၌ အလဲထိုးခံရ၍ သတိလစ်မေ့မျောသွားသော  ပြိုင်ဘက်ဂျပန်ကစားသမား မျက်နှာဝယ်သွေးသံတရဲရဲဖြင့် ထမ်းစင်ပေါ်ဝယ် သူနာပြုများက သယ်ထုတ်လာပုံကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်တွင် တင်ရုံမျှ မက ကြေနပ်ဝမ်းသာအားရသော မှတ်ချက်များကိုရေးသားကြပေ၏ ။အချို့က ထိုင်းနိုင်ငံတွင် ဂူထဲတွင်ပိတ်မိနေသော ကလေး ၁၃ ယောက်ကို ကူညီကယ်ထုတ်နေပုံအား (ငါးပက်နေကြတာလား စသည်ဖြင့် )ကိုယ်ချင်းစာတရားကင်းမဲ့သော မှတ်ချက်များကို ဖေ့စ်ဘွတ်တွင်ရေးကြပေ၏။မြန်မာတို့၏စိတ်ကား မည်သို့ဖြစ်သည်မသိ ၊ခေတ်ကြပ်ကြီးကသင်ကြားပေးလိုက်သဖြင့် ကောင်းမြတ်သော ကိုယ်ချင်းစာစိတ်များပျောက်ဆုံးသွားပြီး ရုတ်ရင်းကြမ်းတမ်းသောစိတ်များ ၀င်ရောက်လာသည်လားမသိ သူတပါးဒုက္ခရောက်နေသည်ကို အားရ၀မ်းသာတတ်သော အနိမ့်စားစိတ်ဓာတ်များ ထွန်းကားတိုးပွားလာတာ သတိထားမိပေသည် ။

အမေရိကန်နိုင်ငံသားဖြစ်နေသော အောင်လအန်ဆန်း၏ စိတ်ထားမှာပို၍ အားကစားသမားပီသပေ၏ ။ လူကြီးလူကောင်း ဆန်ပေ၏ ။ ပြိုင်ဘက်ကစားသမား ကြိုးဝိုင်းအတွင်းလဲကျသွားပြီးပြန်မထနိုင်တော့သည့်အချိန်တွင် ပျော်ရွှင်မြူးတူး၍ အောင်ပွဲခံခြင်းမပြုပဲ ကြိုးဝိုင်းအတွင်းခေါင်းငုံ့ ကာ ဒူးထောက်ပြီးထိုင်နေ၏ ။ ဒိုင်လူကြီးကထခိုင်းသည်ကိုပင်မထ လဲကျနေသော ပြိုင်ဘက်ကစားသမားကိုသာလက်ညှိုးထိုးပြပြီးထိုင်မြဲတိုင်းထိုင်နေသည် ။ သတိလစ်နေသော ဂျပန်ကစားသမားကို ကြိုးဝိုင်း လှောင်အိမ်အတွင်းမှ သယ်ထုတ်သွားသောအခါမှ မတ်တပ်ရပ်ကာ အောင်ပွဲခံခဲ့ပေ၏ ။ လူကြီးလူကောင်းစိတ်ဓာတ် ၊အားကစားသမားကောင်းစိတ်ဓာတ်ကို ပြခဲ့ခြင်းဖြစ်သည် ။

       အင်တာနက်တွင်ကြည့်ခဲ့ရသော အမျိုးသမီးမာရသွန်အပြေးပြိုင်ပွဲ တစ်ခုကိုသတိရမိသည် ။ ပန်းဝင်ဖို့  ပေတစ်ရာခန့်သာလိုတော့သည့်အချိန်တွင် ရှေ့ဆုံးမှယှဉ်၍ ပြေးလာသော အပြေးသမားတစ်ယောက်သည်ခြေကုန်လက်ပန်းကျကာ အားပြတ်ပြီးလဲကျသွား၏ ။ တစ်ဖက်လူ၏၇ှုံးနိမ့် အရေးနိမ့်မှုကို ၀မ်းသာအားရအခွင့်ကောင်းယူကာ ကျော်တက်သွားပါလျှင် လမ်းလျှောက်သွားရုံဖြင့် ကျန်အမျိုးသမီးမှာ အလွယ်တကူပန်းဝင်ပြီး ဗိုလ်စွဲတော့မည်ဖြစ်သည် ။ သို့ သော် ထိုအမျိုးသမီးသည် အပြေးရပ်၍  လဲကျသွားသော အမျိုးသမီးကို သွားထူပေးပါသည် ။ လဲသွားသောအမျိုးသမီးသည် ယိုင်တိယိုင်ထိုးဖြင့်ထလာပြီး အားတင်းကာ ဆက်ပြေးပါသည် ။သို့သော် အမောဆို့နေသဖြင့် နောက်ထပ် သုံးခါလောက် လဲကျသွားပါသည် ။ လဲကျသွားတိုင်းလည်း သူ့ ဘေးမှပြေးနေသော ပြိုင်ဘက်အမျိုးသမီးသည် အပြေးရပ်ကာ သေသေချာချာဆွဲထူပြီး ဖေးမပါသည် ။ နောက်ဆုံးပန်းဝင်ဖို့ခြေလှမ်းဆယ်လှမ်းခန့်ပဲလိုတော့သည့်အချိန်တွင်ပင် မပြေးနိုင်တော့သော အမျိုးသမီးကို ပြိုင်ဘက်အမျိုးသမီးက ပုခုံးကိုတွဲကာ တလှမ်းချင်းလမ်းလျှောက်စေခြင်းဖြင့် ပန်းဝင်သွားကာ အမောဖောက်သောအပြေးသမားက ပထမ ၊ တွဲကူသော အပြေးသမားအမျိုးသမီးက ဒုတိယနေရာဖြင့် တာဝေးအပြေးပြိုင်ပွဲတွင်ပန်းဝင်ပါတော့သည် ။ ပထမရသောအမျိုးသမီးကိုချက်ခြင်း ဆေးရုံကားပေါ်သို့ တင်သူကတင် ၊ သတင်းထောက်တွေက ဓာတ်ပုံရိုက်သူကရိုက် ၊လက်ခုပ်သြဘာပေးသူကပေး ဖြင့် လူအုပ်ကြီးက၀ိုင်းအုံနေကြစဉ်မှာ ပင် ပန်းဝင်နိုင်ပါလျက် အနိုင်မယူပဲ ကူညီခဲ့သောအမျိုးသမီးသည် ခေါ်သူပြောသူမရှိပဲ တစ်ယောက်ထဲ ကွင်းထဲမှ ထွက်လာပါသည် ။ထိုဖြစ်ရပ်ကိုသတိပြုမိသော ပရိတ်သတ်များက ထိုအမျိုးသမီးအား လက်ခုတ်သြဘာပေး၍ချီးကျူးကြပါသည် ။ လူကြီးလူကောင်းစိတ်ဓာတ် ၊အားကစားစိတ်ဓာတ် ၊တရားမျှတစွာယှဉ်ပြိုင်တတ်သောစိတ်ဆိုသည်မှာ ဒီဖြစ်ရပ်ကသက်သေပြနေပါသည် ။

ကာကယံရှင်က လူကြီးလူကောင်းဆန်သည် ၊ မိမိထက်နိမ့်ကျသွားသူ၏ဇွဲသတ္တိကို အသိအမှတ်ပြုသည် ၊ သူတပါး ဒုက္ခရောက်၍ မိမိနိုင်လိုက်ရသော အနိုင်ထက် ထိုက်ထိုက်တန်တန်ယှဉ်ပြိုင်အနိုင်ယူလိုက်ရတာကိုပဲ တန်ဖိုးထားသည်။အချောင်အနိုင်ရခြင်းကိုရှက်တတ်သည် ။ မိမိထက်အားနည်းနေသူ ကိုငဲ့ညှာသည် ။ ထိုသို့ သဘောထားကြီးခြင်းကိုလည်း ပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းက လေးစားရမှန်းသိသည် ။ ဂုဏ်ပြုရမှန်းသိသည် ။
“အလကားဟာမပါကွာ နည်းနည်းလေးဆက်ပြေးလိုက်ရင်နိုင်နေပြီ ။ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး ၊ခုတော့ရှုံးပြီပေါ့ “ ဟု အောက်တန်းကျသောမှတ်ချက်များကို ပေးသူမရှိ ။ မြင့်မြင်သောအလုပ်ကို လုပ်သူလိုသလို ထိုသို့လုပ်သည်ကို နားလည်လက်ခံတတ်သော လူ့အသိုင်းအ၀ိုင်းလည်းလိုအပ်ပါသည် ။ထိုမာရသွန်ပြိုင်ပွဲတွင် ဒုတိယသာရသော်လည်း အားကစားသမားပီသလွန်းသောလုပ်ရပ်ကြောင့် ထိုအပြေးမယ်မှာ တခနချင်း ကမ္ဘာကျော်သွားသည် ။ တကမ္ဘာလုံးက သူ့အပြုအမူအတွက်ချီးကျူးဂုဏ်ယူကြသည် ။ ပထမရသည်ထက်ပင် အောင်မြင်လေသည် ။ စေတနာအကျိုးပေးခြင်းဖြစ်ပါ၏ ။

       ကျွန်တော်တို့နိုင်ငံတွင်လူအများစု၏ အယူအဆမှာ ဂျပန်တို့၏ဖက်ဆစ်ဝါဒနှင့်နည်းနည်းဆင်သည် ။ ဂျပန်တို့သည် အရှုံးဆိုတာကိုလက်မခံ ။ စစ်တိုက်ရာတွင်ပင် မည်မျှရှုံးရှုံး ဆုတ်ခွာခြင်းမပြုရဟူသော အယူအဆရှိသည် ။ မြန်မာသည်လည်း ရှုံးနိမ့်သူကို မည်သူကမှ မလေးစား ။ လှောင်ကြ ပြောင်ကြသည် ။ ဘုရင်တွေခေတ်ကဆိုလျှင် စစ်ရှုံးလာသော စစ်သူကြီးများ ၊ စစ်ပြေငြိမ်းလာသောစစ်သူကြီးများကိုကြီးလေးသောအပြစ်များပေးသည် ။ ထိုအခါ မြန်မာတို့၏စိတ်ထဲဝယ် အရှုံးဆိုတာ လက်မခံနိုင်သော စိတ်အစွဲအလမ်းဖြစ်လာသည် ။ ဆယ်တန်းအောင်စာရင်းထွက်သောအခါ အောင်သောကလေးကိုဝိုင်း၍ချီးကျူးကြသည်။အလွန်အကျွံမြှောက်စားကြသည်။

ထိုအချိန်တွင် စာမေးပွဲရှုံးနိမ့်၍စိတ်ဓာတ်နိမ့်ပါးနေသောကလေးကို လူရာမသွင်း အသုံးမကျဟု ပြစ်တင်ကြိမ်မောင်းကြသည် ။ နိုင်သူကို အလွန်အကျွံ ချီးမြှောက်၍ ရှုံးသူကို လှောင်ပြောင်ရှုတ်ချသော အမူအကျင့်သည် မြန်မာအများစုတွင်တွေ့ ရတတ်သောစိတ်ဓာတ်ဖြစ်သည် ။ထိုအခါ စိတ်ပိုင်းဆိုင်ရာပြဿနာမှာ မည်သူမဆို ရှုံးရမှာကြောက်လာကြခြင်းဖြစ်သည် ။ ရှုံးနိမ့်သူကို မစာမနာလှောင်ပြောင်ရှုတ်ချခံရတတ်မှုကြောင့် မည်သူမဆို နိုင်ချင်လာကြသည် ။ တရားသောနည်းတွေ မတရားသောနည်းတွေ ၊ လူကြီးလူကောင်းဆန်တာတွေ ၊လူကြီလူကောင်းမဆန်တာတွေ ၊ လုပ်သင့်တာတွေ ၊မလုပ်သင့်တာတွေ မစဉ်းစားနိုင်တော့ ။ နိုင်ရလျှင်ပြီးစတမ်းဆိုတာတွေဖြစ်လာသည် ။ မတတ်ပဲနှင့် စာခိုးချကာ စာမေးပွဲအောင်လျှင်ပြီးရောဖြစ်လာသည် ။ ချမ်းသာလျှင်ပြီးရော (စီးပွားရေးတွင်အောင်မြင်လျှင်ပြီးရော )စိတ်ဓာတ်ဖြင့်နိုင်ငံ့ဘဏ္ဍာငွေ ခိုးတာတွေ ၊ ပြည်သူ ပိုင်ပစ္စည်းကိုဖြတ်ဘုံးတာတွေ ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်ဖြင့် ဘယ်သူတွေဒုက္ခရောက်ရောက် ကိုယ်အမြတ်ရလျှင်ပြီးစတမ်းဖြင့် အန္တရာယ်မကင်းသော ပစ္စည်းများကို စားသုံးကုန်မှာရောနှောရောင်းချတာ (ငပိထဲဓာတ်မြေသြဇာထည့်တာ ၊ မုန့်ဟင်းခါးဖတ်ထဲ ဖော်မလင်ထည့်တာ ၊ ငါးခြောက်ကို ယမ်းစိမ်းသုတ်တာ စသည့်ကိစ္စ) တွေကိုလုပ်လာကြသည် ။

     နိုင်ငံရေးမှာလဲထိုနည်းနှင်နှင်ဖြစ်သည် ။ ရှုံးနိမ့်သူကို အလွန်အကျွံ လှောင်ပြောင်ရှုတ်ချတတ်သော မြန်မာ့နိုင်ငံရေး ခံယူချက်သည် မည်သည့်နည်းနှင့်မဆို နိုင်အောင်လုပ်မှဖြစ်မည်ဆိုသော တစ်ဖက်သတ် တစ်ကိုယ်ကောင်း အတွေးအခေါ်ကိုအားကိုးစေသည် ။ ထို့ကြောင့်တရားတာ မတရားတာနောက်ချိတ်ပြီး မြန်မာ့ ရာဇ၀င်တွင် အနိုင်ရအောင်နည်းလမ်းမျိုးစံဖြင့်ကြိုးစားကြတော့သည် ။ မြန်မာအစတကောင်းကဟူသော ရာဇ၀င်တွင်ပင် တကောင်းအဘိရာဇာမင်းဆက် ကံရာဇာကြီးနှင့်ကံရာဇာငယ်ညီအစ်ကိုနှစ်ပါးသည် ထီးနန်းအုပ်ချုပ်မင်းလုပ်ရန်အတွက် ဘုရားအမြန်ပြီးအောင်တည်နိုင်သူ ဘုရင်လုပ်စတမ်းဆိုသော ကတိဖြင့် ဘုရားတည်ပြိုင်ကြရာ အုတ်သဲကျောက် တို့ဖြင့် အခိုင်အခန့်တည်သော နောင်တော်ကံရာဇာကြီး ဘုရားတည်၍ မပြီးမီ သစ်တွေ ၀ါးတွေ စက္ကူ ၊ပိတ်စတို့ဖြင့် တည်သော ညီတော်က အမြန်ပြီးလေသဖြင့် ထီးနန်းအုပ်ချုပ် မင်းလုပ်ခွင့်ရခဲ့သည်ဆို၏ ။ ထိုကိစ္စမှာကတည်းက စလွဲနေပေသည် ။ တကယ်တမ်းပြောရလျှင်အနိုင်ရရင်ပြီးစတမ်းစိတ်ဓာတ်ဖြင့်  ဖြစ်ကတတ်ဆန်းလုပ်တတ်သော ညီတော်ကအနိုင်ရပြီး အလုပ်တစ်ခုကိုသေသေချာချာကျကျနနလုပ်တတ်သော သူကို အရှုံးပေးခဲ့သော ပုံပြင်သည်ကျောင်းသင်ခန်းစာမှတစ်ဆင့် မြန်မာကလေးငယ်များ စိတ်ထဲသို့  စိမ့်ဝင်သွားလေသည် ။ ဘာပဲလုပ်လုပ် အနိုင်ရအောင်လုပ် ၊ နိုင်ရင်ပြီးရော လုပ်ချင်သလိုလုပ်ဆိုသော အယူအဆမှာ ငယ်စဉ်ကပင်စလေသည် ။

ထို့ကြောင့် မြန်မာတို့သည်ရှုံးမှာကိုအလွန်ကြောက်သည် ။ အရှုံသမားအတွက် စာနာနားလည်ပေးမည့်သူမရှိ ။လှောင်ပြောင်သရော်မည့်သူသာရှိသည် ။ နိုင်ငံရေးအထိထိုအယူအဆကရိုက်ခတ်သည် ။ ၁၉၆၂ အာဏာသိမ်းပွဲတွင် ဗိုလ်ချုပ်နေ၀င်းနိုင်သည် ။ဦးနုရှုံးသည် ။ ဘယ်လိုနိုင်သလဲဆိုတာ လူထုက စိတ်မ၀င်စား ၊ နိုင်သူကိုချီးမြှောက်ကြ၍ ရှုံးသူကိုဝေဖန်ရှုတ်ချကြသည် ။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD နိုင်သည် ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရှုံးသည် ။ နိုင်သူကိုချီးကျူးကြ၍ ရှုံးသူကိုရစရာမရှိအောင်ပြောကြသည် ။ ထိုအရှုံးကို တစည ပါတီမခံစားနိုင် ။တစညပါတီနှင့်မဟာမိတ်သဖွယ်ဖြစ်နေသော စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများဖြစ်သည် ။ ဗိုလ်ချုပ်မှူးကြီးစောမောင် တို့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ၊ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့  လည်း မခံစားနိုင် ။ အရှုံးကိုလက်မခံနိုင်သဖြင့် ကြောက်ကန်ကန်ကာ အာဏာလွဲပြောင်းရေးကိုမျက်စေ့စုံမှိတ်ငြင်းသည် ။ နိုင်သူ NLD ကလည်း ထိုစဉ်ကရွေးကောက်ပွဲ တွင်ရှုံးနိမ့်သော တစည ပါတီအမတ်လောင်းများကို သင့်တင့်သော လေးစားမှု မပြနိုင်ခဲ့ကြ ( အောင်လအန်ဆန်းက ရှုံးနိမ့်သွားသောဂျပန်လက်ဝှေ့သမားကိုလေးစားမှု ပြခဲ့ပုံမျိုး ထိုစဉ်ကအနိုင်ရ NLD ပါတီသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် အမတ်များကို မပြနိုင်ခဲ့) ။ နိုင်သူကလည်း မြန်မာပြီပြီနိင်ခြင်းကို ဂုဏ်တက်သည် ။ လူတွေကလည်းနိုင်သူကို အစွမ်းကုန်ချီးကျူးသည် ။ရှုံးသူကိုမည်သူကမျှ အဖက်မလုပ် ။ အရှုံးသမားကလည်း အဆုံးစွန်အထိ ဆက်ရှုံးရမှာကြောက်လာသည် ။ ထိုသို့ဖြင့် အာဏာလွှဲပြောင်ရေးတွေကြာကာမဖြစ်သင့်ပဲအချိန်တွေ ပုတ်ခဲ့တော့သည် ။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အပြတ်အသတ်နိုင်သည် ။ နိုင်သော ကြံ့ခိုင်ရေးပါတီကို ရှုံးသူတွေက ချီးကျူးခြင်း မရှိသလို ၊ ရှုံးနိမ့်သွားသော အခြားပါတီ များကိုလည်း ကြံ့ခိုင်ရေးပါတီက စာနာလေးစားကြောင်း ပြသခဲ့ခြင်းမရှိပေ ။ အနောက်နိုင်ငံများမှာလို ရှုံးသူက နိုင်သူကို ဖုန်းဆက်ချီးကျူးစကားပြောမှုမျိုး ၊နိုင်သူက ရှုံးသူကို စိတ်သက်သာရာရစေရန် အားပေးချီးကျူးမှုမျိုး မြန်မာ့နိုင်ငံရေး အဆက်ဆက်တွင်ထုံးစံမရှိချေ ။ ထိုအကျိုးရလာဒ်က ရှုံးနိမ့်မှာ ကိုအရမ်းကြောက်လာပြီးတကိုယ်ကောင်းဆန်ဆန် ကိုယ်နိုင်ရင်ပြီးစတမ်းစိတ်ဓာတ်များကိုဖြစ်လာစေပါသည် ။

   တကယ်တော့ ဂီတပြိုင်ပွဲဖြစ်စေ ၊အားကစားပြိုင်ပွဲဖြစ်စေ ၊ရွေးကောက်ပွဲ ဖြစ်စေ ၀င်ရောက်ယှဉ်ပြိုင်သူများမှာတစ်ယောက်နှင့်တစ်ယောက်ရန်သူများ မဟုတ်ကြပါ ။ ရည်ရွယ်ချက်တူသော ပြိုင်ဘက်များသာဖြစ်သည် ။ နိုင်သူကိုချီးကျူးသလို ရှုံးနိမ့်သူကိုချိုးချိုးဖဲ့ဖဲ့မပြောသင့်ပါ ။ မြန်မာနိုင်ငံမှာတော့ နိုင်ခြင်းနှင့်ရှုံးခြင်းကိုသာ အာရုံစိုက်လေ့ရှိပြီး ယဉ်ကျေးသောလူ့ ကမ္ဘာမှာတော့ အနိုင်နှင့်အရှုံးသည် အရေးပါသလို ၊ ဘယ်လိုနိုင်ခဲ့သလဲ ၊ ဘယ်လိုရှုံးခဲ့သလဲဆိုတာကိုပါထည့်သွင်းစဉ်းစားကြပေသည် ။ ထို့ကြောင့် သူတို့ လူ့အသိုင်းအ၀ိုင်းတွင် သူခိုးများအတွက်နေရာမရှိ ။အချောင်သမားများအတွက် နေရာမရှိ ၊ လူကြီးလူကောင်းမဆန်သူများအတွက်နေရာမရှိ ။ စိတ်ဓာတ်မြင့်မြတ်သူများကိုသာ လူထုကအထင်ကြီးကြသည် ။ ပြိုင်ဘက်ကို လက်ခုပ်တီးအားပေးတတ်တတ်သော၊ ရှုံးနိမ့်သူကို လှောင်ပြောင်မရှံ့ချတတ်သော နိုင်ငံကြီးသားစိတ်ဓာတ်များကို ကျွန်တော်တို့မွေးမြူကြပါစို့  ။

သရ၀ဏ်(ပြည်) 

သူရိယနေ၀န်းဂျာနယ်
၇.၇.၂၀၁၈

Tuesday, February 6, 2018

ရဲဘော်ဗြိ နှင့် ပန်းနုရောင်တော်လှန်ရေး


…………………………………
ယခုလို ရဲဘော်မေမေ အစိုးရ လက်ထက်ကြီးတွင် မည်သူ့ကို မေးမေး.စီးပွားရေးက အရင်လောက် အဆင်မပြေ ဟုသာ ဖြေကြမည်ကား အသေအချာ။

အိမ်ရှင်ထီး ကျွန်ုပ် ရဲဘော်မောင်ဗြိ သည်လည်း ကန်စွန်းရွက်တစ်စည်း နှစ်ရာကျပ်မှ သုံးရာ ဖြစ်သွားသည့် အရေးကြောင့် သွေးတို့ ပွက်ပွက်ဆူချေပြီ။

မြေသလင်းသား ငနင်းပြားတို့၏ စားစရာဖြစ်သော ကန်စွန်းရွက် ဆိုသည့် ကုန်စည်အပေါ် အမြတ်ထုတ်ရက်သည့် ဓနရှင်ကန်စွန်းရွက်သည်မကြီး ၏ အဆီပြန်နေသောမျက်နှာကြီးကို ကြည့်ကာ ရဲဘော်မောင်ဗြိ ၏ တော်လှန်ရေးစိတ်များ ရုတ်တရက် နိုးကြားလာ၏။

 ယခုအခြေအနေသည် ဓနရှင်လူတန်းစား ပြုသမျှခေါင်းငုံ့ခံနေရသည့် ဖိနှိပ်ခံလူတန်းစား၏ တော်လှန်သော သရုပ်သကန်ကို ပြသရန် အခါအခွင့်သင့်ပြီဟု ယူဆမိလေသည်။

ထို့ကြောင့် ရဲဘော်မောင်ဗြိ သည် လက်ထဲတွင် ဆွဲကိုင်လာသော ခြင်းတောင်းနီကို အသာချလျက် လက်သီးကို ကျစ်နေအောင် ဆုပ်ကာ..အောက်ပါအတိုင်း ရဲရဲတောက် ပြောကြားလိုက်လေတော့သည်။

''ဒီမယ်..အမ…နှစ်စည်းငါးရာ မရဘူးလားဗျာ''

ရဲဘော်မောင်ဗြိ ၏ တော်လှန်သော စကားသံကို ကြားသည့် အခါ ကန်စွန်းရွက်သည်မကြီး ကား  ဆင်ခြေဆင်လက်ပေးတတ်သည့် ဓနရှင်
ဥာဉ်ဆိုးအတိုင်း ယခုလို တုန့်ပြန်လေ၏။

''၀ယ်ချင်ဝယ်..မ၀ယ်ချင်နေ ငါ့မောင်..ကြည့်မြင့်တိုင်တစ်ဖက်ကမ်းရွာက ဒေါ်လုံး လာသွင်းတဲ့ သွင်းဈေးတောင် တစ်စည်း နှစ်ရာ့ခြောက်ဆယ်..ကျုပ်တို့က လေးဆယ်လောက်တော့ အမြတ်စားမှ အဆင်ပြေမှာ..ဈေးတော့ ထပ်မစစ်နဲ့တော့''

ရဲဘော်မောင်ဗြိ ကား ဆိုရှယ်လစ်ဘောဂဗေဒသဘောတရားအရ ကုန်စည်စီးဆင်းမှု၏ ပင်မရင်းမြစ်ဖြစ်သော ကြည်မြင့်တိုင်တစ်ဖက်ကမ်း၊ ကန်စွန်းခင်းကော်ပိုရေးရှင်းမှ ဒေါ်လုံးကို ရှာဖွေကာ ကုန်စည်အမြတ်ကြီးစားမှု စာရင်းကို ရှင်းရန် ကြံစည်လိုက်လေသည်။
ပစည်းမဲ့လူဘောင်ထူထောင်ရန်ကား အခြေခံအကျဆုံး လူတန်းစားမှ စတင်ရပေမည်။

ထိုလူတန်းစားမှ စတင်ဖောက်ပြန်နေလျင် တော်လှန်ရေးသည် မအောင်မြင်သော တော်လှန်ရေးသာ ဖြစ်ချေချိမ့်မည်။
ရဲဘော်မောင်ဗြိ သည် ကြည်မြင့်တိုင်ဆိပ်ကမ်းသို့သွားကာ တစ်ဖက်ကမ်းသို့ ပြန်တော့မည့် ဖောက်ပြန်ရေးသမား ဒေါ်လုံးအား ရှာ၏။

ဒေါ်လုံးကား လက်တစ်ဖက်တွင် ကန်စွန်းရွက်စည်းများ ထည့်ခဲ့ဟန်တူသည် ပီနံအိတ်ကို ကိုင်လျက်၊ လက်တစ်ဖက်တွင် အရင်းရှင်တို့၏ ဇိမ်ခံပစည်းဖြစ်သော ခိုးကူးဗီစီဒီချပ်ထည့်ထားသည့် အိတ်ကို ကိုင်လျက် ကူးတို့ပေါ် တက်ရန် ပြင်နေ၏။

ရဲဘော်မောင်ဗြိ သည် ကူးတို့ပေါ် တက်အံဆဲဆဲ ဒေါ်လုံးကြီး၏ လက်ကို ဆွဲကာ စွဲချက်တို့ တစ်ခုပြီး တစ်ခု တင်လေတော့သည်။

''ရဲဘော်ဒေါ်လုံးကြီး…ခင်ဗျားဟာ အခြေခံအကျဆုံး လူတန်းစားရဲ့ ကျောရိုးတစ်ခုဖြစ်ပါလျက်နဲ့ ကွင်းထဲက အလကားခူး ရလာတဲ့ လယ်ကန်စွန်းတွေကို တစ်စည်းနှစ်ရာ့ခြောက်ဆယ်နဲ့ သွင်းခြင်းဟာ အချောင်သမားစိတ်ဓာတ်ပဲ..ဖောက်ပြန်တဲ့စိတ်ဓာတ်ပဲလို့..ကျုပ် ဝေဖန်တယ်''

ရဲဘော်ဗြိ ၏ ဝေဖန်သံအဆုံး ဒေါ်လုံးသည် ကူးတို့ပေါ်မှ လှော်တက်ကို ယူကာ ရဲဘော်ဗြိ ၏ ဗိုက်ပူပူကို ထိုးချလိုက်ပြီး အောက်ပါအတိုင်း ပြန်လည် ဖြေရှင်းလေတော့သည်။

''ဟဲ့အကောင်..အိမ်မှာရှိတဲ့ ငါ့လင် အရက်သမား မောင်တင် နဲ့တင် ယောက်ျားဆို စိတ်ကုန်နေပြီ..နင့်အမေလင်နဲ့ ငါက ဖောက်ပြန်ရမှာလား..ဒီမယ်.ကန်စွန်းရွက် တစ်စည်း နှစ်ရာ့ခြောက်ဆယ်ဖြစ်တာ ဖြစ်ချင်လို့ဖြစ်တာ မဟုတ်ဘူးဟဲ့….သိမ်ကြီးဈေးက ကေတီဗွီမှာ လုပ်နေတဲ့ ငါ့သမီးက တစ်လကို တစ်သိန်းထောက်ပံ့နေရာက ငါးသောင်းပဲ ပေးနိုင်တော့လို့ဟေ့..ငါးသောင်းပဲ ပေးနိုင်တော့လို့..ငါ့ကန်စွန်းလည်း ဈေးတက်ရတာ''

ရဲဘော်ဗြိ ကား ဒေါ်လုံး၏ စကားအဆုံး မျက်ရည်များ ၀ဲ လာလေသည်။

လူတန်းစားအသိ စာနာမှုများ လှိုက်လှိုက်လှဲလှဲဖြစ်လာသည်။

ပစည်းမဲ့လူတန်းစားမှ ပေါက်ဖွားလာသည့် သမီးပျိုသည် ဓနရှင်တို့၏ အဖျော်ဖြေခံအဖြစ် ကေတီဗွီတွင် အလုပ်လုပ်နေရသည်ကို ကြားသိရသည့်အတွက် ၀မ်းနည်းရာမှ ဒေါသအဖြစ် ပြောင်းလွဲလာသည်။

လူတန်းစားအခြေခံအမြင်တူညီမှုစိတ်ဓာတ်ကြောင့် ပေါက်ကွဲလာသည့် ဒေါသသည် တော်လှန်ဒီရေကို မြင့်တက်လာစေသည်။

ဖောက်ပြန်မှု၏ ပင်မဇစ်မြစ်ကို ရေဆုံးရေဖျားလိုက်ရန်အတွက် ဆုံးဖြတ်ချက် တစ်ခုချလိုက်ကာ ဒေါ်လုံးအား နောက်ဆုံးမေးခွန်းတစ်ခု မေးလိုက်တော့၏။

''ဒေါ်လုံးသမီး နာမည်ဘယ်သူလဲ..သိမ်ကြီးဈေးက ကေတီဗွီနာမည်ကရော ဘာလဲ''

……………………………

တိုင်ထူလျင် အရိပ်ပေါ်သလို ဘော်ရှီဗစ်ဝါဒအား ကြေညက်ခဲ့သည့် ရဲဘော်ဗြိ သည်  အတွေးအခေါ်ပြုပြင်ရေးလှုပ်ရှားမှု ပြုလုပ်ရေးစံ၊ ကန်စွန်းရွက်ဈေးတက်ရခြင်းဘောဂဗေဒသဘောတရားတို့ကို လေ့လာရေးစံ တို့ကို ဆွဲကိုင်လျက် မိုးချုပ်သည်နှင့် တစ်ပြိုင်နက် သိမ်ကြီးဈေး ကေတီဗွီပေါ်ရှိ ဟာဝိုင်အီ အမည်ရသည့် အခန်းကို နှစ်ဆက်ရှင်ယူလိုက်လေသည်။

ဒေါ်လုံးသမီး ငှဲ့ပေးသော ဘီယာလေးကို စုပ်ကာ တော်လှန်သောအင်အားစုအသစ် ထံ ချဉ်းကပ်လေတော့သည်။

''ရဲဘော်လ၀န်း..ရဲဘော်ဟာ အခြေခံအကျဆုံးလူတန်းစားကနေ ပေါက်ဖွားလာသူမှန်ပေမယ့်..ဓနရှင်လောက ရဲ့ အဖျော်ဖြေခံအဖြစ် ရပ်တည်နေရတယ်။ ဒီတော့ ရဲဘော် ဟာ ဓနရှင်လူတန်းစားထံမှ ငွေကြေးတွေ ရနေပါလျက် ဘာကြောင့် မိခင်ဒေါ်လုံးကို ထောက်ပံ့ငွေ၊ တစ်သိန်းကနေ ငါးသောင်းအထိ လျော့ချပစ်လိုက်ရတာဟာ ဘာကြောင့်လဲ…ရဲဘော်ဟာ ဓနရှင်တွေနဲ့ ပူးပေါင်းပါများလာတဲ့အတွက် အတွေးအခေါ်တွေ ယိမ်းယိုင်နေပြီလား…ဓနရှင်တစ်ပိုင်းဖောက်ပြန်ရေးသမားဖြစ်နေပြီလားဆိုတာ..ကျုပ်ကို အဖြေမပေးခင်..ခိုင်သင်းကြည်မင်္ဂလာဆောင်အခွေထဲက.နှစ်ကိုယ်တူ ချစ်သမျှ လေး စုံတွဲတစ်ပုဒ်လောက်ထည့်ပေးစမ်းပါ''

ရဲဘော်မောင်ဗြိ နှင့် ရဲဘော်လ၀န်းတို့သည် နှစ်ကိုယ်တူ ချစ်သမျှ သီချင်းကို ရန် - ငါ စည်း ပြတ်သားစွာဆိုပြီးသည့်နောက် ရဲဘော်လ၀န်းကား စွဲချက်အား ဖြေရှင်းလေသည်။
''ဒီလိုပါ ဦးရယ်..လာနေကျ ဧည့်သည်တွေက အရင်က မုန့်ဖိုး သုံးသောင်းပေးရင် အခု တစ်သောင်းတောင် အနိုင်နိုင်ဖြစ်သွားပြီ..မီးတို့လည်း မိတ်ကပ်ဖိုး၊ စားစရိတ် ဘာညာနဲ့ တွက်ရင် မကိုက်တော့ဘူး..အိမ်ကိုလည်း နည်းနည်းပဲ ပို့ပေးနိုင်တော့တာပေါ့..ဒီတော့..အခု ဦးလေး ကလည်း မီးကို ကူညီတဲ့အနေနဲ့ မုန့်ဖိုးသုံးသောင်းပေးမယ်မဟုတ်လား..ဟင်..ဟင်''
ထိုအချိန်တွင် ရဲဘော်မောင်ဗြိ ၏ ခေါင်းထဲတွင်  ဘော်ရှီဗစ်အတွေးအခေါ်များ တရေးရေးပေါ်လာလေ၏။

''တော်လှန်ရေးမှာဆွေရယ်မျိုးရယ်မရှိဘူး။ အဖေရယ်၊အမေရယ်၊ ညီရယ်၊ အကိုရယ် မရှိဘူး။ ချစ်ခြင်းမေတာတို့၊ သနားတာတို့၊ သံယောဇဉ်တို့၊ မရှိရဘူး။ ဒါတွေဟာ လူ့ကရုဏာဝါဒသက်သက် အတွေးအခေါ်ပဲ။ ဒါတွေကို အူလှိုဏ်သဲလှိုဏ်ဆန့်ကျင်ရမယ်လို့ သွားလေသူ ရဲဘော်ထွန်းရှိန်က ပြောသွားဖူးတယ်။ အိမ်း..တော်လှန်ရေးမှာ အဖေ၊အမေတောင် မရှိသေးတာ ကေတီဗွီမှာလည်း ဦးရယ် ၊ မီးရယ်ဆိုတာ မရှိသင့်ဘူး..ဒီတော့..ဒီဟာမလေး မသိခင် သေးပေါက်ချင်ယောင်ဆောင် ဘေလ်သွားရှင်းပြီး လစ်မှပဲ''
ခွာစစ်သဘောတရားအရ ဟာဝိုင်အီအခန်းမှ အောင်မြင်စွာ ဆုတ်ခွာလာသည့် ရဲဘော်ဗြိ သည် ကန်စွန်းရွက်ဈေးတက်ခြင်းသဘောတရားဇစ်မြစ်ကို ခြေရာခံရန်ကိုကား အားမလျော့။

ဓနရှင်ကို တိုက်ဖို့ရာ ဓနရှင်၏ သဘောတရားရေးရာပရိယာယ်များကို အတွင်းကျကျ သိရမည်ဟူသော ရည်ရွယ်ချက်ဖြင့် အဆိုပါကေတီဗွီရှိ ဖူးခက်အခန်းတွင် ၀င်နေသော ညွှန်မှူး ကိုစိုးထိုက် ထံ စနည်းနာလေသည်။
ညွှန်မှူး ကိုစိုးထိုက် သည် ဓနရှင်လက်ကိုင်တုတ်ဝန်ထမ်းပီပီ တို့နဂါးနီသီချင်းကို သီဆိုနေ၏။

သီချင်းခဏနားပြီး ကောင်မလေးနှင့် ပန်းသီးစားချိန်ရောက်သောအခါ ရဲဘော်မောင်ဗြိက မေးခွန်း ကို စတင်လေသည်။
''ညွှန်မှူးကြီးက အရင်က ကောင်မလေးတွေကို မုန့်ဖိုး သုံးသောင်းလောက်ပေးနေရာက အခု လျော့ပေးတယ်ဆိုဗျ။ ဒါဘယ်လိုဖြစ်တာလဲ။ ခင်ဗျားတို့ဟာ ကျုပ်တို့ ပစ္စည်းမဲ့လူတန်းစားရဲ့ လုပ်အားကို ခေါင်းပုံဖြတ်တာလားဗျ''
ကိုစိုးထိုက် သည် ပန်းသီးစိတ်ကို ကိုက်သည်။

ဘီယာကို တစ်ကျိုက် မော့သည်။
ဘေးနားက အကြင်နာအမည်ရှိသော ကလေးမကို ရွှတ် ခနဲ တစ်ချက် ရွှတ်သည်။
ထို့နောက်..ခေါင်းကို ခါသည်။
''မဟုတ်ဘူး..ရဲဘော်..မဟုတ်ဘူး..ခင်ဗျားပြောတာတစ်ခုမှ မဟုတ်ဘူး..ကျုပ်လည်း ပေးချင်တာပေါ့ဗျာ..ဒါပေမယ့် ခင်ဗျားစဉ်းစားကြည့်..အရင်လို လုပ်ငန်းရှင်တွေဆီက အကြံအဖန်ငွေ က သိပ်မလာတော့ဘူးဗျ..မူဝါဒအပြောင်းအလဲတွေအောက်မှာ ဒီလူချမ်းသာတွေကလည်း သူတို့ပိုက်ဆံတွေကို ဖင်အောက်ထဲ ထည့်သိမ်းလိုက်ပြီ..ဆက်လုပ်တဲ့လူတွေကလည်း ကျုပ်တို့ဆီ အကြံအဖန်မပေးတော့ဘူး..အကြံအဖန်မရတော့ ကျုပ်လည်း ၀င်ငွေမကောင်းတော့ဘူး..၀င်ငွေမကောင်းတော့ သူတို့လေးတွေကို အရင်လို မုန့်ဖိုးမပေးနိုင်တော့ဘူး…ဒီကြားထဲ..အိမ်စရိတ်က ကြီးလာတယ်.မိန်းမကပြောတယ်.အခုဆို ကန်စွန်းရွက်တစ်စည်းကို သုံးရာဖြစ်နေပြီ..သုံးရာဖြစ်နေပြီတဲ့ဗျ''
ရဲဘော်ဗြိ ကား လမ်းဆုံးချေပြီ။ ခရိုနီတွေ ၊ ခရိုပြာတွေ၊ ခရိုတကနီကာလာတွေ၊ အစိုးရတွေအထိ လိုက်ရန်လည်း သူ့လက်တံက ဒီလောက်မရှည်။

နောက်ဆုံး……………..
ကန်းစွန်းရွက်တစ်စည်း သုံးရာဖြစ်ခြင်းသည် ကန်းစွန်းရွက်တစ်စည်း သုံးရာဖြစ်ခြင်းကြောင့်ဖြစ်သည်ဟူသော ကန်စွန်းရွက်ပဋိလောမရုပ်ဝါဒ ကို ရဲဘော်ဗြိ တစ်ယောက် သဘောပေါက်သွားချေပြီ။
နောက်ဆုံးတွင် အနှီအထွေထွေအခက်အခဲမှ လွတ်မြောက်ရန်အတွက် အိမ်တွင် ကျန်ရစ်သော အိမ်တွင်းအစိုးရ လေဒီဗြိ ထံမှ ဈေးဖိုးဘတ်ဂျက်ပိုတောင်းရန်မှ တပါးအခြားမရှိပြီမဟုတ်ပါလား။
ထို့ကြောင့်..အိမ်သို့ ပြန်ကာ လေဒီဗြိ ထံ ''ဈေးဖိုးဘတ်ဂျက် တိုးပေးရေး…ဒို့အရေး'' လုပ်ချေ၏။

''ဒီမယ်..ကျွန်မမျက်နှာ ၀က်ခြံတွေပေါက်နေတယ်..အဲ့ဒီ ၀က်ခြံတွေ ပျောက်ဖို့ အလှအပ ဘတ်ဂျက်က အရေးကြီးတယ်..ဒါကြောင့် .ရှင့်ဈေးဖိုး ဘတ်ဂျက်ကို မတိုးပေးနိုင်ဘူး..တစ်ရက်နှစ်ထောင်က နှစ်ထောင်ပဲ''
သို့သော်ငြား..ရဲဘော်ဗြိ အဖြစ် က ပညာရေးဘတ်ဂျက်တိုးပေးရန် အရေးဆိုကြသည့် ရဲဘော်ကျောင်းသားများ နှင့် ဘ၀တူပင်။
နောက်ဆုံး ရဲဘော်ကျောင်းသားများ နည်းတူ ရဲဘော်မောင်ဗြိ လည်း မိန်းမမှ ညလုံးပေါက် အခန်းပြင်ထုတ်ကာ အပြစ်ပေးခြင်းခံရပြန်၏။
သို့သော်ငြား..ရဲဘော်ဗြိ သည် ခေသူမဟုတ်။ တော်လှန်စိတ်ဓာတ်ကို တပြားသားမှ မလျော့။

နီလျင် နီ။ မနီလျင် ပန်းနုရောင် ဖြစ်ရမည်ဟု ခံယူထားသူ။

ထို့ကြောင့် ပန်းနုရောင် တီရှပ်ကို ဝတ်သည်။
 လမ်းမပေါ် ထွက်မည်။

တွေ့တဲ့သူကို သေနတ် နှင့် ပစ်ချင် ပစ်မည်။

ဓာတ်ဆီပုလင်း နှင့် ပစ်ချင်ပစ်မည်။

အခြေအနေကောင်းလျင် အမျိုးဘာသာ သာသနာကို ကာကွယ်သူ
သူရဲကောင်းကြီးအဖြစ် ဟိုလူတွေက ကိုးကွယ်ကြမည်။

အခြေအနေမကောင်းလျင်ရော...စိတ်ရောဂါဆေးရုံဆင်း လက်မှတ်လေးသာ ပြလိုက်။

ကဲ..
ရွာသာကြီးဆင်း ရဲဘော်မောင်ဗြိ လာပါပြီ။

ထမင်းဝအောင်သာ စားထားကြပေရော့..။

ဗြိတိသျှကိုကိုမောင်

Saturday, January 11, 2014

တယ်လီဖုန်းထဲသို့ ကျွဲတကောင်ဝင်သွားခြင်း

ရှေးသရောအခါ ပြည်ဗာရာဝယ် ဗြဟ္မဒတ်မင်းကြီးဆိုသူ စိုးစံတော်မူလေ့ရှိ၏။  ယခုခေတ် ဒုက္ခသီရိနေပြည်တော်ကြီးတွင် သမ္မတ ဦးကုဋေစိန် စိုးစံတော်မူသည်။
 



 (သရုပ်ဖော် - ကာတွန်း စောငို)


            ဦးကုဋေစိန်က ယခင့်ယခင် မင်းတရားကြီးများကဲ့သို့ ထောက် လှမ်းရေးအစီရင်ခံချက်များကိုသာ အားပြုသူမဟုတ်။ သိ လိုသောအရာကို ကိုယ်တိုင်ကိုယ်ကျ ထောက်လှမ်းလိုသူဖြစ်၏။ တိုင်းသူပြည်သားတို့၏အခြေအနေကို သိလိုသဖြင့် ယနေ့ တက္ကစီ မောင်းသူ ယောင်ဆောင်ပြီး  စုံစမ်းထောက်လှမ်းမည်ဟု ဆုံးဖြတ် ပြီး ထိုဆုံးဖြတ်ချက်ကို ချက်ချင်း အကောင်အထည်ဖော်သူဖြစ်၏။

           ယနေ့နံနက် သမ္မတ ဦးကုဋေစိန်၏တက္ကစီကို ပထမဆုံး တားစီး၊ ဈေးဦးဖောက်လိုက်သူကား ကျွန်ုပ်တို့၏သတင်းထောက် ရန်လိုကျွဲဖြစ်လေသည်။

 ဦးကုဋေစိန်။  ။ ဘယ်သွားမလဲ ကောင်လေး။   

 ရန်လိုကျွဲ။  ။ အမေရိကန်သံရုံးကို သွားမယ်။ ဘယ်လောက်ပေးရ မလဲ။

 စိန်။  ။ နှစ်ထောင်ပဲ ပေးပါ။

 ကျွဲ။  ။ ဟုတ်ဗျာ၊  သွားမယ်။

           လေးငါးထောင်ပေးရသောခရီးကို ဒီဘဲကြီးက နှစ်ထောင်ပဲ တောင်းသဖြင့် ရန်လိုကျွဲ အံ့သြသွားသည်။ တစ်ခုခုတော့ တစ်ခုခု ပဲ၊  သူ့ကားထဲ ဆီမထည့်၊ ဂက်စ်မထည့်ဘဲ ရေပဲ ထည့်မောင်း သလား မသိဘူးဟု တွေးလိုက်မိ၏။

           ကားထွက်သည်နှင့် ဦးကုဋေစိန်က မေးခွန်းများ အဆက် မပြတ်မေးလေသည်။

  စိန်။  ။ သံရုံးကို ဘာသွားလုပ်မလို့လဲ ကောင်လေး။

 ကျွဲ။  ။ ဗီဇာလျှောက်ထားတာ အင်တာဗျူးခေါ်ထားလို့ပါခင်ဗျ။

 စိန်။  ။ သြော်...အမေရိကန်သွားတော့မယ်ပေါ့လေ၊  ဘာသွား လုပ်မှာလဲ၊  အလည်လား၊  အလုပ်လား၊  ကျောင်းတက်ဖို့လား။

 ကျွဲ။  ။ ကျောင်းတက်မယ်လို့ပြောပြီး ဟိုရောက်ရင် ဆူရှီလိပ်မှာပါ ခင်ဗျ။

           ဦးကုဋေစိန်ထံမှ ဗီဇာ၊  အမေရိကန်၊  အလုပ်အကိုင်တို့နှင့် ပတ်သက်သော မေးခွန်းများ ထပ်ထွက်လာ၏။ ရန်လိုကျွဲလည်း အဆက်မပြတ် ဖြေရလေ၏။

 စိန်။  ။ အင်း...မင်းတို့အရွယ်တွေက အမေရိကန်သွားတာမျိုးကို ငါတော့  သိပ်အားမပေးချင်ဘူးကွာ။ ငါတို့က ငါတို့နိုင်ငံကို တည်ဆောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြရတဲ့ အချိန် မဟုတ် လား။

 ကျွဲ။  ။ ဟုတ်ပါတယ်ခင်ဗျ။ သို့သော်လည်း ကျွန်တော်က ကိုယ့် ကိုယ်ကိုယ် အရင်ဆုံး တည်ဆောက်ဖို့ လိုနေပါသေးတယ်။ ဒါ ကြောင့် သွားဖို့ ကြိုးစားနေတာပါ။

           ဆယ့်ငါးမိနစ်ကျော်ကြာသောအခါမှ ဒီအန်ကယ်လ်ကြီး ကို တစ်နေရာရာတွင် တွေ့ဖူးသလိုလိုပဲဟု စဉ်းစားမိသည်။

           လေယူလေသိမ်းနှင့် ဆံပင်ပုံစံကို  အကဲခတ်လိုက်သည်။ ဤတော့မှ အမေးအမြန်းထူ စပ်စုလွန်းသော တက္ကစီဒရိုင်ဘာ ကြီးသည်  ၎င်းင်းတို့၏ သမ္မတ ဦးကုဋေစိန်ဖြစ်မည်ဟု သတင်း ထောက် ရန်လိုကျွဲ သဘောပေါက်သွားသည်။ နောက်ထပ် ငါး မိနစ်ခန့် စကားထပ်မံပြောကြည့်အပြီးတွင် သမ္မတ ဦးကုဋေစိန် က တက္ကစီသမားယောင်ဆောင်ပြီး လူအများအကြောင်း စနည်းနာနေခြင်းဖြစ်မည်ဟု ရန်လိုကျွဲ နားလည်သွားသည်။ စိတ်ထဲတွင် ကြိတ်ပြီး ပြုံးလိုက်သည်။ ဦးကုဋေစိန်ကြီးကို တစ် နည်းနည်းဖြင့် ပညာပေးရန် လိုအပ်သည်ဟု သတင်းထောက် ရန်လိုကျွဲ တွေးလိုက်မိ၏။

 ကျွဲ။  ။ အန်ကယ်လ်ကြီးက မေးခွန်း အများကြီးမေးနေတယ်ဆို တော့ ကြည့်ရတာ စာနယ်ဇင်းသမားဖြစ်ရမယ်။ ဟုတ်တယ်မှုတ် လား။ သတင်းထောက်လား၊  အယ်ဒီတာလား။ ထုတ်ဝေသူလား။

 စိန်။  ။ ငါ့ရဲ့ ပြောခွင့်ရအရာရှိ အဲ...ဒီလိုကွ...ငါ့အသိအကျွမ်း တစ်ယောက်က Facebook တို့၊ ဘာတို့မှာ  ရေးတဲ့ အချိန်ပိုင်း စာနယ်ဇင်းသမား ဆိုပါတော့ကွာ။ ဒါကြောင့်  ထူးခြားတာရှိရင် သူတို Facebook ဖြစ်ဖြစ်၊ ဂျာနယ်ထဲမှာဖြစ်ဖြစ် ထည့်ရေးသင့် ရေးရတာပေါ့ကွ။

 ကျွဲ။  ။ ကောင်းဗျာ။ ကျွန်တော်သိတဲ့ ထူးခြားဖြစ်ရပ်တစ်ခု ရှိတယ်။

 စိန်။  ။ အင်း....ပြောပါဦးကွ၊ ဘယ်လောက်အထိ ထူးခြားသလဲ သိရအောင်။

 ကျွဲ။  ။ ဒီလိုဗျ၊  တော်တော်လေး ထူးခြားတဲ့ ဖြစ်ရပ်ပါ၊  ပြောရင် တော့ ယုံချင်မှ ယုံကြလိမ့်မယ်။ တကယ်ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ပါ။
အခုတလော နိုင်ငံတော်မှာ လူပြောများနေတဲ့ တန်ဖိုးနည်းတယ် လီဖုန်းနဲ့ ပတ်သက်တယ်ဗျ။

 စိန် ။  ။ အင်း... စိတ်ဝင်စားစရာဖြစ်မယ်ထင်တယ်။

 ကျွဲ ။  ။  ဟုတ်တယ်၊  စိတ်ဝင်စားစရာပဲ၊  အဲ...ဖြစ်ရပ်က ဒီလို... တယ်လီဖုန်းထဲ ကျွဲတစ်ကောင် ၀င်သွားတဲ့အကြောင်းပါ။

 စိန်။  ။ ဟ...မင်းတယ်လီဖုန်းက ဘယ်လောက်ကြီးလို့ ကျွဲဝင် သွားရတာလဲ။ ဟုတ်မှလည်း လုပ်ပါ ကောင်လေးရာ။

 ကျွဲ။  ။ ဟုတ်ပါတယ်ဆို...။ အဲဒါ တကယ်ဝင်သွားတာပါ။ အန် ကယ်လ်ကြီးတို့ မဂ္ဂဇင်းထဲ ထည့်လို့ရမှာပါ။

မျက်နှာဖုံးသတင်း တောင် ဖြစ်နိုင်ပါတယ်။ ဒီလိုဗျ...ကျွဲက ပုံမှန်အရွယ်၊  ဖုန်းက လည်း ပုံမှန်အရွယ်ပါပဲ။ အဲ...ဖုန်းက စမတ်ဖုန်း အမျိုးအစားပါ။

           “ဒီအရွယ်ဖုန်းခင်ဗျ” ဟု ပြောပြောဆိုဆိုနှင့် ရန်လိုကျွဲ အိတ်ထဲမှ စမတ်ဖုန်းကို ထုတ်ပြပြီး ပြောလိုက်သေးသည်။

 စိန်။  ။ ကဲ... တကယ်ဝင်သွားတယ်ဆိုတာတော့ ဟုတ်ပါပြီကွာ၊  ဆိုစမ်း...ဘယ်လိုဝင်တာလဲ၊  ကျွဲကို ပိစိကွေးဖြစ်အောင် ပြုစား ပြီး ၀င်ခိုင်းလိုက်တာလား။ ဂမ္ဘီရအတတ်၊ မှော်အတတ်တွေ သုံး လိုက်တာများလား။

 ကျွဲ။  ။ ကဲ...အန်ကယ်လ်ကြီး စိတ်ဝင်စားလာပြီမဟုတ်လား။ ဒါ ကြောင့် ထူးခြားဖြစ်ရပ်လို့ ကျွန်တော် ပြောတာပေါ့ဗျ။ ကျွန်တော် သာ သတင်းသမား ဆိုရင် ဒီအကြောင်း ရေးမှာပဲ။

 စိန်။  ။ ကဲ... ရေးတာတွေ၊ မရေးတာတွေ ထားလိုက်ပါဦး။ အဲဒီ ကျွဲက အဲဒီဖုန်းထဲ ဘယ်လိုရောက်သွားလဲ ပြောစမ်းကွာ။

ကျွဲ။  ။ ဒီလိုဗျာ၊  ဒီလို...ဒီလို။  အခုခေတ်မှာဗျာ၊ အတော်များများ မိုဘိုင်းလ်ဖုန်းကိုင်ကြတယ်ဆိုတော့ တောင်သူကြီးတစ်ယောက် ကလည်း မိုဘိုင်းလ်ဖုန်း ကိုင်ချင်လာတယ်၊  ဆက်သွယ်ရေး ကောင်းရင် လုပ်ငန်းကိုင်ငန်း အဆင်ပြေမယ်၊  ရပ်နီးရပ်ဝေး မိတ် ဆွေများကို ဆက်သွယ် ပြောဆိုနိုင်မယ်ပေါ့ဗျာ။

 စိန်။  ။ အင်း...အဲဒီတော့ ဘာဖြစ်သလဲ။

 ကျွဲ။  ။ တောင်သူကြီးက လက်ထဲ ပိုက်ဆံ မရှိဘူးဗျာ။ သူ့ကျွဲ တစ် ကောင်ကို ရောင်းလိုက်တာပေါ့။ ရောင်းလို့ရတဲ့ငွေနဲ့ တယ်လီဖုန်း ၀ယ်သုံးလိုက်တယ်ပေါ့ဗျာ။ ကဲ...အန်ကယ်လ်ကြီး ရှင်းပြီမဟုတ် လား။ ကျွဲတစ်ကောင် တယ်လီဖုန်းထဲဝင်သွားတယ်ဆိုတာ အဲဒါ ပါပဲဗျာ။

           တက္ကစီမောင်းနေသော ဦးကုဋေစိန် ခေတ္တ တွေဝေသွား သည်။ ယင်းနောက်...

 စိန်။  ။ ကောင်လေးရာ... မင်းရဲ့သတင်းက အတိဿယ၀ုတ္တိ အလင်္ကာမြောက်လွန်းနေပြီ။ ကျွဲတစ်ကောင်ရဲ့ တန်ဖိုးက သုံး၊ လေး၊ ငါးသိန်းတန်ပါတယ်ကွ။ တယ်လီဖုန်းအတွက်နဲ့တော့ ကျွဲ ရောင်းစရာ မလိုပါဘူးကွာ။ ဖုန်းဆင်းမ်ကတ် (SIM CARD) တစ်ခုက ထောင့်ငါးရာပဲ ပေးရတာ။

 ကျွဲ။  ။ ထောင့်ငါးရာဆိုပေမယ့် ဈေးကွက်ထဲမှာက အဲဒီ ဆင်းမ် ကတ်က တစ်သိန်းဝန်းကျင် ဖြစ်နေတယ်မဟုတ်လား အန် ကယ်လ် ကြီး။

စိန်။  ။ အေးပါကွာ... ဟုတ်ပါပြီ ဟုတ်ပါပြီ၊  ကျွဲရောင်းလို့ရတဲ့ငွေက သုံး၊ လေးသိန်း ဆိုတော့ ပိုတဲ့ပိုက်ဆံ ဘာလုပ်လိုက်သလဲ။

 ကျွဲ။  ။ ပိုက်ဆံက ပိုတယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်းကိုင်တယ် ဆိုတော့ ဟန်းဆက်ကောင်းကောင်းတစ်ခု ၀ယ်ရမယ်လေ။ အများတကာ စမတ်ဖုန်းနဲ့ ဂိမ်းဆော့ကြ၊  အင်တာနက်သုံးကြ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ကြ၊ ဖုန်းမျက်နှာပြင်ကို ပွတ်ကြဆို တော့ တစ်သိန်းကျော်တန် စမတ်ဖုန်းတစ်ခု ကိုင်ချင်ပြီမဟုတ် လား။  ဖုန်းဝယ်၊ ဘာဝယ်ဖို့ မြို့တက်ပြီဆိုတော့ ပိုက်ဆံက ပိုတယ် ရယ်လို့ မရှိဘူးလေ။

ကဲ...ဘာပဲပြောပြောဗျာ၊   ကျွဲကြီးတစ်ကောင် လုံး တယ်လီဖုန်းထဲ ၀င်သွားတယ်ဆိုတာ ယုံပြီ မဟုတ်လား။

           ခရီးဆုံးသဖြင့် ရန်လိုကျွဲလည်း ကားပေါ်မှ ဆင်းလိုက်သည်။ ရန်လိုကျွဲဆင်းသွားသော်လည်း တက္ကစီဒရိုင်ဘာ အသွင်ယူထား သူ ဦးကုဋေစိန်ကြီးက သူ့အတွေးနှင့်သူ ငြိမ်သက်နေမိ၏။ သတင်းထောက် အသေးစိတ်ရှင်းပြသွားချက်ကို ပြန်စဉ်းစား နေမိ၏။

            “ကျွဲကြီးတစ်ကောင်လုံး တယ်လီဖုန်းထဲဝင်သွားတယ်ဆို တာ ယုံပြီမဟုတ်လား” ဟူသော ပြောဆိုချက်က သူ့နားထဲ ပဲ့တင် ထပ်နေ၏။ မြန်မာပြည်တွင် တယ်လီဖုန်းထဲသို့ ၀င်သွားသော ကျွဲ၊ နွား အကောင်ရေ မည်မျှရှိမည်နည်းဟု ဆက်လက်ပြီး အတွေး နယ်ချဲ့ နေလေသတည်း။         ။

ရန်လိုကျွဲရေးသည်။

(မော်ကွန်း - facebook.com/mawkunmagazine
ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။)