***********************
လွန်ခဲ့တဲ့ ၃ လလောက်က အင်းယားမြိုင်ကသမီးအိမ်မှာ ၂ ပတ်လောက် နေထိုင် အနားယူနေတုံး အမှတ်မထင် တွေ့ရလို့ ဖတ်ဖြစ်ခဲ့တဲ့စာအုပ်ကရာဇဝင်ပါမောက္ခ ဒေါက်တာသန်းထွန်း ရေးသားပြီး စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်ဝေတဲ့ "နယ်လှဲ့ရာဇဝင်(ပ+ဒု+တ ၃ တွဲပေါင်းချုပ်)"ဖြစ်ပါတယ်။(စာစီရာမှာ"လှည့်"လို့ရိုက်ပြီးကာမှ သူ့စာအုပ်ကို ပြန်ကြည့်ပြီး"လှဲ့"လို့ ပြန်ပြင်လိုက်ရပါတယ်။မြန်မာအဘိဓာန်မှာတော့"လှဲ့"ကို ရှာမတွေ့ဘူး။(ဒီနေရာမှာ ဒေါက်တာသန်းထွန်းရေးတဲ့"ငါ ပြောတဲ့ ငါ့အကြောင်း"ဆိုတဲ့ စာအုပ်ကလေးရဲ့ အမည်ကို
သတိရမိသွားတယ်)။ အဲဒိစာအုပ်ထဲက အဓိက ရွေးချယ်ဖတ်ဖြစ်တာက ပါမောက္ခ ဂျီ၊အိပ်(ချ်)လု(စ်)ရဲ့ “ရှေးကျောက်ဆည်နဲ့ မြန်မာများဝင်လာပုံ" စာတမ်းဖြစ်ပါတယ်။
ဒီစာတမ်းကို ဖတ်ချင်နေခဲ့တာ ကြာပြီ။ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ရောက်စအချိန်မှာ "မြန်မာအစ တကောင်းကမဟုတ်၊ကျောက်ဆည်က" လို့ ပါမောက္ခ လု(စ်)က စာတမ်းရေးထားကြောင်း စတင်ကြားခဲ့တယ်။နောက်ပြီး ယူနန်နယ်က မြန်မာတို့ဟာ ရှမ်းကုန်းပြင်မြင့် နတ်ထိပ်တောင်ကြားမှ မြင်းများစီးပြီး ဆင်းလာသည် ဆိုလား ပြောသံများကြားရတဲ့အခါ လူတွေအများကြီးနဲ့မြင်းတွေလည်းအမျာကြီး မြင်ယောင်ခဲ့ဖူးပါတယ်။ယခု ဖတ်ရတဲ့ စာတမ်းက အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ မူရင်းစာတမ်းတော့ မဟုတ်ပါဘူး။ဒေါက်တာသန်းထွန်း မြန်မာလို ပြန်ထားတဲ့ စာတမ်းဖြစ်ပါတယ်။
ပါမောက္ခ လု(စ်)ရဲ့စာတမ်းမှာ “မြန်မာနိုင်ငံမြေပြန့်ကို မြန်မာတို့ ဝင်ရောက်နေထိုင်ခဲ့သည့် မူလဒေသသည် တကောင်းမဟုတ်၊ကျောက်ဆည်ဖြစ်ရာ၏" ဆိုတဲ့စာသားပါ 'ပုဂံခေတ် မြန်မာနိုင်ငံ ပထဝီဝင်' အမည်ပါ စာတမ်းကို ၂၇၊၈၊၃၁ နေ့က မြန်မာသုတေသနအသင်းမှာ ဖတ်ခဲ့ဖူးပြီး အဆိုပါ ယူဆချက်ကို ယခုစာတမ်း 'ရှေးကျောက်ဆည်နှင့်မြန်မာများဝင်လာပုံ'ကို ဖတ်သည့် ၉၊၈၊၅၇ နေ့အထိ(နှစ် နှစ်ဆယ်မျှ ကာလအတွင်း)ပြောင်းလဲခြင်း မရှိသည့်ပြင် ပို၍ ပို၍ အခိုင်အမာ ယုံကြည်လာမိပါသည်" လို့ နိဒါန်းချီထားပါတယ်။
ပါမောက္ခ ဂျီ၊အိပ်(ချ်)၊လု(စ်) အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာတမ်းရဲ့မြန်မာပြန်ကို မဖတ်မီ နိဒါန်းသဘောအဖြစ် ပါမောက္ခ ဒေါက်တာသန်းထွန်း ရှင်းလင်းချက် ရေးထားတာကို အရင် ဖတ်ရပါတယ်။အဲဒီအထဲမှာ ပါမောက္ခ လု(စ်)ရဲ့အဆိုကိုသတင်းစာဆရာကြီး ဦးသိန်းမောင်(ကွယ်လွန်)နဲ့ရှေးဟောင်းသုသေန ညွှန်ကြားရေးဝန် ဆရာကြီး ဦးဖိုးလတ်(ကွယ်လွန်)တို့ က ကန့်ကွက်ခဲ့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
"မြန်မာအစ တကောင်းက ဆိုတဲ့စကားကို ဘယ်သွား လွှင့်ပစ်ရမလဲ"လို့ ဦးဖိုးလတ်က ချေပကြောင်း ဒေါက်တာသန်းထွန်းက ရေးထားပါ တယ်။ “မြန်မာ အစ တကောင်းက ဆိုတဲ့အယူအဆကို ယုတ္တိမရှိလို့ အလေးအနက် စဥ်းစားရန်မလို၊ မြန်မာများဟာ ဂေါတမ ဘုရားရဲ့ သာကီဝင်မျိုးဆက်ဖြစ်လေအောင် အဘိရာဇာ၊ဓမ္မရာဇာ ပုံပြင်ကို ဖန်တီးထားခြင်းဖြစ်တယ်"လို့ လု(စ်)က သူ့စာတမ်းအစမှာ ဖော်ပြထားပါတယ်။အဘိရာဇာ၊ဓမ္မရာဇာ ပုံပြင်ကို လက်မခံနိုင်ဘူး ဆိုရင်တောင် တကောင်းဆိုတဲ့ အလွန်ရှေးကျတဲ့ မြို့ပြနိုင်ငံ တစ်နိုင်ငံ ရှိခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ်မဟုတ်ပါဘူး။ဒါပေမဲ့ လု(စ်)ကတော့ တကောင်းက ရှေးကဒူး(ကန်တူ)တို့ရဲ့မြို့ ဖြစ်တယ်လို့ တရုပ် 'ယွန်ရှိ'ကျမ်းကို ကိုးကားတယ်ဆိုပြီး ပြောပြန်ပါတယ်။အဲဒါကရော ဘယ်လောက်မှန်လဲဆိုတာ စိစစ်ဖို့တော့ လိုပါတယ်။
မြန်မာအစနဲ့ပတ်သက်လို့ ပါမောက္ခ လု(စ်) အဓိက ကိုးကားတဲ့စာအုပ်က အေဒီ ၈၆၃ မှာ 'ဖန်ချော'ရေးခဲ့တဲ့ 'မန်ရှူ' ခေါ် 'နန်ကျောင်' တို့အကြောင်းစာအုပ်ပဲ ဖြစ်ပါတယ်။အဲဒီစာအုပ်မှာ 'မြန်မာ' လို့ရေးတာပါပုံမရဘူး (မြန်မာပြန်စာတမ်းမှာလည်း မတွေ့ရဘူး)။ ‘မင်း' သို့မဟုတ် 'မင်းစော' နဲ့ 'ဝန်ကျူ' လူမျိုးတို့အကြောင်း ပါတယ်လို့ဆိုတယ်။အဲဒီလူမျိုးကို လု(စ်)ရဲ့စာတမ်း (မြန်မာပြန်)မှာ 'ရှေးဦးမြန်မာ' လို့သုံးထားပြီး ဒေါက်တာ သန်းထွန်းကတော့ 'မူလဗမာ'လို့သုံးထားပါတယ်။သူတို့က 'ယုန်င်ချိန်င်(ပဝ်-ရှန်)တစ်ဝိုက်မှာ နေခဲ့တယ်လို့ ဆိုတယ်။(အဲဒီဒေသအမည်ကို ကျနော်တော့ အသံမထွက်တတ်ဘူး၊ယူနန်ဖြစ်မယ်ထင် တယ်)။ လု(စ်)ရဲ့ အဆိုကို လက်ခံသင့် မသင့် ဆုံးဖြတ်နိုင်ဖို့အတွက် အဲဒီ ဖန်ချောရဲ့စာအုပ်ကို မြန်မာသမိုင်းပညာရှင်တွေ ဖတ်ဖို့ စိစစ်ဖို့ လိုတာကတော့ အမှန်ပါပဲ။
ပါမောက္ခ လု(စ်)ရဲ့စာတမ်းကို ဖတ်ကြည့်တော့ သူ့အခေါ် 'ရှေးဦးမြန်မာ' တို့ ကျောက်ဆည်ဒေသကို ရောက်လာရခြင်းနဲ့ပတ်သက်ပြီး ရေးထားတာက “မြန်မာတို့ အဘယ်ကြောင့် မြေပြန့်သို့ ဆင်းလာကြပါသနည်း။အဖြေများမှာ လွယ်ကူပါသည်။ပဓာနအားဖြင့် နန်ကျောင်ရန်ကို ရှောင်ရှားခြင်းဖြစ်၏" တဲ့။ အဲဒီလူမျိုးစု နှစ်စုတို့ စစ်ဖြစ်တယ်ဆိုတာကို အကျယ်ရေးမထားတဲ့အပြင် စစ်ဖြစ်တာမှန်လို့ စစ်ရှုံးတဲ့လူမျိုးဖြစ်ရင်တောင် အစုလိုက်အပြုံလိုက် နေရင်းဒေသကို စွန့်ခွာပြီး တောတောင်ထူထပ်လွန်းတဲ့အပြင် အလွန်ဝေးလံလှတဲ့ ကျောက်ဆည်အထိ ထွက်ပြေးကြတယ်ဆိုတာနဲ့ပတ်သက်လို့ ပေါ်လာတဲ့မေးခွန်းတွေက အများကြီးပါ။ အရှည် မဖေါ်ပြတော့ပါဘူး၊ လူမျိုးစုအလိုက် စစ်ရှုံးဖူးတဲ့ မြန်မာ၊ ထိုင်း၊ မွန်၊ ရခိုင် တို့ကိုပဲ သာဓကအဖြစ် ကြည့်ပါတော့လို့ပဲ ပြောပါရစေတော့။
နောက်ပြီး လု(စ်)ရဲ့စာတမ်းမှာ 'ရှိကြပေမည်'၊ယာယီသတ်မှတ်ရပါသည်'၊'---ကြရမည်ဖြစ်၏'၊'ဟုဆို၏'၊'ရှိချေမည်'၊'ကျွန်တော့အထင်'၊'ကျွန်တော်မှန်းဆမိပါသည်'၊ ‘ယူဆမိပါသည်'၊'---ဟန်ရှိ၏'၊'ဆိုရချေမည်'၊'တွေးမိပါသည်'၊'---ဖြစ်မည်လောဟုစူးစမ်းရပါသည်'၊'ယူဆ နိုင်ပါသည်'၊'ကြံဆမိပါသည်' ဆိုတဲ့ စကားရပ်များနဲ့ စာပိုဒ်များကို အဆုံးသတ်ထားတော့ သူ့စာတမ်းကို ဖတ်ရင်း ဖတ်ရင်းနဲ့ သံသယစိတ်များ ဝင်လာပါတော့တယ်။ ယခု မြန်မာနိုင်ငံလို့ခေါ်တဲ့ဒေသမှာ ကျောက်ခေတ်၊ကြေးခေတ် စတာတွေရှိခဲ့ကြောင်း၊ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းမှာ နှစ်ပေါင်း သန်းချီသက်တမ်းရှိတဲ့ လူသားရဲ့မေးရိုးတွေကို ရှာဖွေတွေ့ရှိရကြောင်း၊ (ထိုရှာဖွေတွေရှိတဲ့ ပုံတောင် ပုံညာတောင် အညာသား မေးရိုး ဆိုရင် အာဖရိက မှာ တွေ့ရတဲ့ ရှေးဦး လူသား မေးရိုးထက်တောင် အနှစ် ၄သန်းလောက် ပိုစောကြောင်း ပြင်သစ်ပညာရှင်တွေရဲ့ ကာဗွန်စမ်းသပ်တွေ့ရှိချက် အဖြစ် ဖော်ပြထားပါတယ်။) မြန်မာတွေဟာ 'တိဘက်တို-ဘားမင်း'မျိုးနွယ်စု ဖြစ်ကြောင်း၊ မြန်မာနှင့်တိဘက် ဘာသာစကားများတွင် တူညီသော ဝေါဟါရများရှိကြောင်း အစရှိတဲ့ ပြောစကားများကိုလဲ ကြားဖူးထားပြီး သမိုင်းဘာသာရပ်နဲ့ပတ်သက်လို့ နွားကျောင်းသားအဆင့်သာရှိတဲ့ ဤစာရေးသူအဖို့တော့"အမေးနွားကျောင်းသား-----" ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လု(စ်)ရဲ့စာတမ်းပါ စာတစ်ပိုဒ်ကို ဖတ်ပြီးတိုင်း မေးစရာ မေးခွန်းတွေက တစ်ပုံကြီး လိုက်လာတော့တာပါပဲ။
"လု(စ်)ရဲ့ အယူအဆ မဟုတ်နိုင်ဘူးလို့ ပြောတဲ့လူရှိရင် ပြင်းထန်တဲ့ မျိုးချစ်စိတ်ကလွဲလို့ ဘယ်နေရာမှာ ဘယ်လောက် တိကျအောင် သက်သေအထောက်အထား ပြနိုင်သလဲဆိုတာ ကြည့်ရမယ်၊ မပြနိုင်ရင် 'ဖွတ်ကျား' ပဲဖြစ်မယ်"လို့ ဒေါက်တာသန်းထွန်းက ရေးတယ်။ ဒါဆိုရင် လုစ် ရဲ့ စာတမ်းကရော အထောက်အထား ဘယ်လောက် ခိုင်လုံလို့လဲလို့ မေးတဲ့လူတွေလည်း အများကြီး ရှိမှာပါ။ ဥပဒေ သဘောအရ ဆိုရင်တော့ အချင်းအရာတစ်ရပ် တည်ရှိကြောင်း အဆိုပြုသူကသာ သူ့အဆို ခိုင်လုံကြောင်း ဦးစွာ သက်သေပြရမဲ့ တာဝန်ရှိပါတယ်။နောက်ပြီး "လု(စ်) ထက်ပိုပြီး ပြည့်စုံအောင် မရှာဖွေနိုင်သေးခင် သူ့အယူအဆကိုပဲ ယာယီလက်ခံထားရဦးမယ်ဆိုတဲ့အယူအဆ ထားရမယ်"လို့ ဒေါက်တာသန်းထွန်းက ပြောပါသေးတယ်။ ဒါကိုတော့ ကျနော်က သဘောမတူနိုင်ပါဘူး။ သမိုင်းကို ဖတ်တဲ့ သာမန်စာဖတ်သူ တစ်ဦးအနေနဲ့ ကျနော်ကတော့ "ဒီသမိုင်းဆရာ/ဒီစာအုပ်က ဒီလို ရေးတယ်၊ ဟို သမိုင်းဆရာ/ဟိုစာအုပ်ကတော့ ဟိုလိုရေးတယ်"လို့ မှတ်ထားလိုက်ရုံပါပဲ။
သမိုင်းဆိုတာ အထောက်အထား ပြနိုင်တဲ့ အချက်တွေ ရှိသလို အဲဒီ အထောက်အထား အပေါ် အခြေခံပြီး သမိုင်းသုတေသီ၊သမိုင်းစာအုပ်/စာတမ်း ရေးသူက သူ့ထင်မြင်ယူဆချက်တွေ၊ကောက်ချက်ချ တာတွေကို ထည့်သွင်း ထားတာတွေလည်း အများကြီး ရှိတတ်တာကိုး။ နောက်ပြီး သမိုင်းဆရာတွေ မှားနိုင်တာက နှစ်ပေါင်း ရာ ထောင်ချီပြီး ကြာမြင့်ခဲ့တဲ့ကာလက ဖြစ်ရပ်တွေကို ယခုခေတ်အမြင်နဲ့ ဝေဖန်သုံးသပ်ပြီး ကောက်ချက်ချ တတ်ကြခြင်းပါပဲ။ဒါကြောင့်မို့လို့ "History is half truth" (သမိုင်းဆိုတာ တစ်ဝက်တစ်ပျက်သာ အမှန်)ဆိုတဲ့ ဆိုရိုးစကား ပေါ်လာရတာပဲ လေ။ ကမ္ဘာ့သမိုင်းကိုပဲ ကြည့်ကြည့်၊နိုင်ငံ တစ်နိုင်ငံရဲ့သမိုင်းကိုပဲကြည့်ကြည့် သမိုင်းကို ရေးရာမှာ ကာလဝေးလေ ဖြည့်ရလေ လို့ပြောရင် မမှားနိုင်ပါဘူး။
လု(စ်)ရဲ့စာတမ်းနဲ့ ဆက်စပ်ပြီး သူ့အကြောင်းကို သိချင်လို့ ရှာဖွေတဲ့အခါ သမိုင်းပါမောက္ခ ဦးထွန်းအောင်ချိန်ရေးသားပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ထုတ်ဝေတဲ့ FOUNDERS ဆိုတဲ့စာအုပ်မှာ တွေ့ရတယ်။သူက ဂရိ/ရောမ ရှေးဟောင်းစာပေနဲ့အင်္ဂလိပ်စာပေတို့မှာ ပထမတန်းဂုဏ်ထူးအဆင့်နဲ့ ဘွဲ့များရရှိခဲ့ပြီး ပထမဦးစွာ ၁၉၁၂ ခုနှစ်မှာ အင်္ဂလိပ်ဘာသာကထိကရာထူးနဲ့ Rangoon College ကို ရောက်လာခဲ့ပါတယ်။ဆရာကြီး ဦးဖေမောင်တင်ရဲ့ နှမ ဒေါ်တီတီနဲ့ အိမ်ထောင်ကျပြီး ၁၉၂၀ မှာ ရန်ကုန်တက္ကသိုလ်ကိုဖွင့်လှစ်တဲ့အခါ ဗမာမနဲ့အိမ်ထောင်ပြုတယ်ဆိုတဲ့အကြောင်းနဲ့ အင်္ဂလိပ်စာပါမောက္ခရာထူးကို မပေးတါကြောင့် အင်္ဂလန်ကိုပြန်ပြီး လန်ဒန်တက္ကသိုလ် အရှေ့တိုင်းဘာသာဌာနမှာ မြန်မာဘာသာနဲ့တရုပ်ဘာသာတို့ကို သင်ယူခဲ့တဲ့အပြင် မြန်မာကျောက်စာနဲ့ရှေးဟောင်းသုတေသနပညာရှင် ဘလက်ဂ်ဒင်နဲ့တွဲပြီးတော့လည်း မြန်မာကျောက်စာများကို လေ့လာခဲ့ပါတယ်။၁၉၂၃ မှာတော့ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ အရှေ့ဖျားသမိုင်းဘာသာရပ်အတွက် Reader (ပါမောက္ခ အောက်အဆင့်ရာထူး)အဖြစ် ခန့်ထားခံရပါတယ်။
မလေးလုံရေးတဲ့ ဦးဖေမောင်တင်ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ ဖတ်ဖူးခဲ့တာလေးကို ပြန်ပြောရဦးမယ်။တစ်ညမှာ ဆရာလု(စ်)က သူ့ယောက်ဖဖြစ်သူဆရာကြီး ဦဖေမောင်တင်နဲ့ စာအကြောင်း ပေအကြောင်း ပြောဆိုနေကြတုန်း"မြန်မာစကားမှာ 'နှုတ်ဆက်' လို့ ရှိတာကြောင့် ရှေးအခါက မြန်မာ ကျားနဲ့မတို့ နှုတ်ခမ်းချင်း ဆက် (kiss) လုပ်တာမျိုး ရှိခဲ့ရမယ်"လို့ လု(စ်)ကပြောတော့ ဆရာကြီးဦးဖေမောင်တင်က မဟုတ်ကြောင်း၊ အဲလောက်အထိ အဓိပ္ပါယ် ဆွဲမယူသင့်ကြောင်း ပြန်ပြောရ သတဲ့။ဆရာလု(စ်)ရဲ့မြန်မာအစ စာတမ်းကို ဖတ်နေတုန်း အဲဒီဟာလေးကို သတိရပြီး သူဟာ သမိုင်းမှာလည်း အဲဒီလိုပဲ ကြံကြံဖန်ဖန် တွေးလေမလားလို့ တွေးမိခဲ့သေးရဲ့။
နောက်တစ်ချက်ကတော့ လု(စ်)နဲ့ဆိုင်တယ်လို့တော့ အသေအချာ ပြောလို့မရတဲ့ ဖတ်ခဲ့ဖူးတာလေးပါ။ ၁၉၇၁/၇၂ လောက်က အဲတုန်းက အစိုးရသတင်းစာ “The Working Peoples' Daily” ပါ သမိုင်းဆရာတစ်ဦးရဲ့ ဆောင်းပါးမှာ ရေးထားတာလေးပါ။ (ရေးသူအမည် အတိအကျ မမှတ်မိတော့လို့ မဖော်ပြတော့ပါ) ပုဂံအာနန္ဒာစေတီမှာ မနက် စောစော (လူ တွေမရှိတဲ့) အချိန် မျက်နှာဖြူလူမျိုးတစ်ယောက်နဲ့ သျှောင်ထုံး နဲ့ မြန်မာတိုင်းရင်းသား တစ်ယောက် တို့ဟာ မီးခွက်/မီးအိမ်ထွန်းပြီး အာနန္ဒာစေတီရဲ့အတွင်းနံရံကို လှေကားနဲ့တက်၊ မြန်မာစာနဲ့ရေးထားတဲ့ နံရံဆေးရေးစာတွေကို ဖျက်၊ အဲဒီနေရာမှာ မွန်အက္ခရာတွေနဲ့ ပြန်ရေး သတဲ့၊ မယုံရင် သွားကြည့်၊ အဲဒီ မွန်အက္ခရာတွေကို ဖျက်လိုက်ရင် မြန်မာအက္ခရာ အရေးအကြောင်းတွေကို တွေ့ရလိမ့်မယ် တဲ့။ အဲဒီလို လုပ်ရတဲ့အကြောင်း ဆောင်းပါးရှင် ရှင်းပြတာကတော့ အဲဒီမျက်နှာဖြူလူမျိုးဟာ "မြန်မာ ဆိုတာ နောက်မှဝင်လာတဲ့ လူမျိုး၊မွန်တွေကို စစ်တိုက် အနိုင်ယူပြီး မွန်ယဥ်ကျေးမှုကို သူတို့ယဥ်ကျေးမှု ဖြစ်အောင်လုပ်ထားတာ"လို့ အဆိုပြုနေသူပါတဲ့။ (ဆိုင်မဆိုင်၊ဟုတ်မဟုတ်ကိုတော့ ကျနော်လည်း မသိပါဘူး) အဲဒါကို ဖတ်ရစဥ်က ကျနော့်စိတ်ထဲမှာတော့ ဆရာလု(စ်)နဲ့သူ့လက်အောက်ဝန်ထမ်း(မွန်စာ၊ မွန် ယဥ်ကျေးမှု နဲ့ ပတ်သက်လို့ သူ့ကို ကူညီနေသူ) မွန်ယဥ်ကျေးမှုဝန်ထမ်းတစ်ဦးကို သတိရမိခဲ့တာကတော့ အမှန်ပါပဲ။လု(စ်)ရဲ့စာတမ်းမှာလည်း ကျောက်ဆည် ဒေသဟာ ရှေးအခါက မွန်တို့ရဲ့ဒေသဖြစ်ပြီး မြန်မာတို့က နောက်မှဝင်လာပြီး မွန်တို့ကို လွှမ်းမိုးသွားတဲ့သဘောမျိုးရေးထားပါတယ်။
ဒေါက်တာသန်းထွန်းကတောင် ကျန်စစ်သားဟာ မင်းမျိုးက ဆင်းသက်လာတာ မဟုတ်တဲ့ 'ငတစ်ပါးမင်း'ဖြစ် တယ်၊ မျိုးရိုး အတိအကျကို လိုက်ရှာလို့ မရ ဘူး၊ ကျောက် ဆည်ဒေသသါး ဖြစ်နိုင်တယ် ဆိုတဲ့ သဘောမျိုး ရေးထားသေး တယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော် မူလတန်းကျောင်းသား ဘဝ (၁၉၄၉ လောက်က မူလတန်းက ပဥ္စမတန်းအထိ ရှိတယ်)မှာ ကျန်စစ်သားအကြောင်း ပုံပြင်ဆန်ဆန် သင်ခဲ့ရဖူးတာလေးကို မှတ်မိနေတယ်။ ဒီလိုပါ၊ အနော်ရထာ ဘုရင်ဖြစ်ပြီးတော့ သူ့ထီးနန်းကို လုမဲ့သူဟာ ယခုအခါ မိန်းမတစ်ဦးရဲ့ဝမ်းဗိုက်ထဲမှာ သန္ဓေတည်နေပြီလို့ ဗေဒင်ဟောကိန်း ထွက်တာကြောင့် အဲဒီအချိန်က ကိုယ်ဝန်ဆောင်မိန်းများအားလုံးကို သတ်စေလို့ ဘုရင်အနော်ရထာက အမိန့်ထုတ် သတဲ့။ နောင် မှာ ကျန်စစ်သားဖြစ်လာမည့်သူရဲ့ မိခင်ကတော့ အပုန်းကောင်းလို့ လွတ်သွားခဲ့ပြီး သူ့ရင်သွေးကို မွေးနိုင်ခဲ့တာကြောင့် ကလေးရဲ့အမည်ကို(သူတစ်ဦးတည်း ကျန်ခဲ့တာ ဖြစ်လို့)"ကျန်စစ်သား"လို့ ပေးခဲ့တယ်ဆိုပဲ။ ဒီပုံပြင်က စာအုပ်ထဲမှာပါတာလား၊စာသင်တဲ့ဆရာကပဲ သူကြားဖူးတာကိုပြောခဲ့တာလားဆိုတာကိုတော့ မမှတ်မိတော့ဘူး။နောက်ပိုင်းမှာတော့ဒီပုံပြင်ကို မကြားမိတော့ဘူး။
ပြောလိုတဲ့အချက်က မြန်မာ့ရာဇဝင်(အဲတုန်းက သမိုင်းလို့ မခေါ်သေး)မှာ အဲဒီလို ဒဏ္ဍာရီ ဆန်တဲ့အချက်တွေ (ဥပမာ-စူဠာသမ္ဘဝ မဟာသမ္ဘဝ၊ ပန်ပဲမောင်တင့်တယ်၊ ဗျတ်ဝိ ဗျတ္တ စသည်) လည်း ပါရှိခဲ့တော့ အင်္ဂလိပ်ကျွန်ဘဝရောက်တဲ့အခါ မျက်နှာဖြူ သမိုင်းဆရာတွေက မယုံကြည် လက်မခံနိုင်ကြလို့ သူတို့ သုတေသနလုပ်ပြီး သိရှိရတဲ့ အတိုင်း ပြန်ရေးတာရှိသလို သူတို့ ထင်မြင်ချက်၊ မှန်းဆချက်အတိုင်း ပြန်ပြင် ရေးတာမျိုးတွေလည်း ရှိခဲ့တာ ပေါ့။ အဲဒီ မှာ (သူတို့ကိုယ်တိုင် သတိမထားမိပေမဲ့ လူ့သဘာဝ အရ) သခင် ဖြစ်သူက ကျွန်ဖြစ်သူကို အထင်သေး နှိမ့်ချပြီး ရေးခဲ့တာတွေလည်း ပါနိုင်တာ ပေါ့။ အဲဒီ တုန်းကတော့ ဗမာတွေက သုတေသနလုပ်ငန်း လုပ်ကြတာလည်းသိပ်မရှိ၊သူတို့လောက်လည်း မကျွမ်းကျင်ကြ သေးတော့ မြန်မာ့သမိုင်းမှာ သူတို့သြဇာကြီးခဲ့တာ မဆန်းလှဘူးလို့ဆိုရမယ်။
လု(စ်)ကတော့ တက္ကသိုလ် အင်္ဂလိပ်စာနဲ့သမိုင်းဌာနမှာ အချိန်ကြာစွာ ဆရာ လုပ်ခဲ့တော့ အဲဒီခေတ်ကပညာတတ်အားလုံးအပေါ်မှာလည်း သူ့သြဇာ ကြီးခဲ့တာ အမှန် ပါပဲ။ သူ့သြဇာ ဘယ်လောက်ကြီးသလဲဆို သူရဲ့ "မြန်မာအစ---စာတမ်းက မြန်မာ့စွယ်စုံကျမ်းနဲ့ ကျောင်းသင် သမိုင်းစာအုပ်မှာတောင် ပါနေတဲ့အကြောင်း ဒေါက်တာသန်းထွန်းရဲ့ နိဒါန်းသဘောရေးတဲ့စာအရ သိရ တယ်။ လွတ်လပ်ရေး ခေတ်မှာတော့ လု(စ်)ရဲ့သမိုင်း ဆိုင်ရာ အယူအဆတွေကို ဆန့်ကျင်တဲ့ ဦသိန်းမောင်၊ ဦးဖိုးလတ်တို့အပြင် နာမည်ကျော် ပညာရှင်ကြီးဖြစ်တဲ့ ဒေါက်တာထင်အောင် ကပါ မျက်နှာဖြူ သမိုင်းပညာရှင်များရဲ့ အယူအဆများကို ဆန့်ကျင်တဲ့ သမိုင်းဆိုင်ရာစာအုပ်စာတမ်း များ (e.g.The Stricken Peacock, Harvey,the Imperialist,etc.)ကို အင်္ဂလိပ်ဘာသာနဲ့ ရေးခဲ့တာကြောင့် ကမ္ဘာကပါ သိခွင့်ရလာခဲ့တယ်။
ကျနော် ရေးခဲ့တာကို အခုထိ ဖတ်လာခဲ့တဲ့ စာဖတ်သူ အနေနဲ့ "ဆရာကရော လု(စ်)ရဲ့'မြန်မာအစ-----' စာတမ်းကို လက်ခံနိုင်သလား" လို့မေးခဲ့ရင် "ကျနော်က ဥပဒေသမားပဲဗျာ၊သက်သေတစ်ဦးရဲ့ ထင်မြင်ယူဆချက်ဟာ သက်သေခံမဝင်ဘူးဆိုတာကို အရိုးစွဲအောင် မှတ်ထားသူဆိုတော့ ဆရာကြီး လု(စ်)ကို လေးစားပါသော်လည်း သူရဲ့ အဆိုက ကျနော်ရဲ့စာ အစပိုင်းမှာ ပြောထားသလိုပဲ သံသယဝင်စရာတွေ များနေတော့ (သမိုင်းဘာသာမှာ နွားကျောင်းသား အဆင့်သာ ရှိသူ ဖြစ်လို့ လူသိရှင်ကြား မပြောရဲပေမဲ့ စိတ်ထဲမှာတော့) သူ့အယူအဆကို လက်ခံမထားပါဘူး"လို့ပဲ ဖြေရမှာပါ။
ဒါဆို "မြန်မာအစ ဆိုတာနဲ့ပတ်သက်လို့ ဆရာရဲ့ကိုယ်ပိုင် အယူအဆများ ရှိခဲ့ရင်လည်း ပြောပြပါဦး" လို့ စာဖတ်သူက ဆက်မေးမယ်ဆိုရင်လည်း ကျနော်ရဲ့ အဖြေကတော့ ဆရာကြီးသိပ္ပံမောင်ဝရဲ့ဆောင်းပါးထဲက ဇာတ်လိုက်ကြီး ဖြေတဲ့အတိုင်း ဖြေရမှာပဲ။ အဲဒီ ဆောင်းပါးကို မဖတ်ဖူးသူ အတွက် အဲဒီ ဆောင်းပါးအကြောင်း ပြောပြမှ ရှင်းမှာဆိုတော့ အဲဒီအကြောင်း ပြောပြပါမယ်။ နယ်ပိုင်ဝန်ထောက်ဖြစ်တဲ့ ဦးစိန်တင်(သိပ္ပံမောင်ဝ)က ညောင်တုန်းမြို့နယ်ထဲက "တပေကုလား"အမည်ရှိတဲ့ ရွာတစ်ရွာကို ရောက်သွားတော့ ရွာ အမည် ထူးဆန်းလို့ အမည် ဖြစ်လာရတဲ့ အကြောင်းကို မေးတယ်။ ရွာသူကြီး အပါအဝင် ဘယ်သူမှ မဖြေနိုင်ကြဘူး။ အဲဒီမှာ ဦးနောက်တိုး ဆိုသူက ထပြီးဖြေလိုက်တာက “တပေကုလားဆိုတာ တပေကုလားပဲပေါ့"တဲ့။ ကဲ- ဘယ်လောက်ရှင်းတဲ့အဖြေလဲ၊ သိပြီ ဟုတ် ? ။ကျနော်ကလည်း ထိုနည်း၄င်း၊ ထိုနည်း၄င်း ဆိုသလိုပါပဲ။ စာဖတ်သူရဲ့မေးခွန်းကို ရှင်းရှင်းပဲ ဖြေလိုက်ပါမယ် -
"မြန်မာအစ မြန်မာကပဲပေါ့" လို့။
ရှင်းပါတယ်နော်။ ကျေးဇူးပါ။
Credit: ဦးကျော်အေး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ ရှေ့နေချုပ်ရုံး)
No comments:
Post a Comment