Thursday, March 13, 2014

AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ




AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။ HIV ပိုး ကူးစက်နေတဲ့ လူနာ တဒါဇင်ထံက သွေးနမူနာကို ထုတ်ယူပြီး HIV ပိုးကို တွယ်စေတဲ့ ပရိုတိန်းဓါတ်ကို ဖယ်ရှားပေးတဲ့နည်းကို အသုံးပြုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက နံမည်ကျော် New England ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။
 
နောက်တော့ ရောဂါတွယ်စေတဲ့ ပရိုတိန်းဓါတ် ဖယ်ထားတဲ့ သွေးတွေကို လူနာရဲ့ ခန္ဓာကိုယ်ထဲ ပြန်ထိုးပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝေဒနာ ရှင်တွေ သောက်နေတဲ့ ဆေးဝါးတွေကို တလလောက် ဖြတ်ထားလိုက်ပါတယ်။
အဲ့ဒီနည်းကို အသုံးပြုထားတဲ့ သွေးက ရောဂါပိုး ကူးစက်မှုက ကာကွယ်ပေးနိုင် တာကို ဆရာဝန်တွေ တွေ့ရှိခဲ့ပါတယ်။ အခု တွေ့ရှိမှုအသစ်အရ HIV ရောဝေဒနာရှင် တချို့အနေနဲ့ သူတို့ နေ့စဉ် သောက်နေကျ ဆေးတွေကို သောက်စရာမလိုတော့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီအတောအတွင်း HIV ရောဂါပိုးနဲ့ မွေးလာတဲ့ ဒုတိယမြောက် ကလေးငယ်တဦးထံမှာ အခု ရောဂါလက္ခဏာ တစုံတရာမှ မရှိတော့တာကို တွေ့ရတယ်လို့ Boston မြို့မှာ ပြုလုပ်နေတဲ့ AIDS ညီလာခံကိုတက်နေတဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဒါဟာ Los Angeles မြို့မှာ မနှစ်က အဲဒီကလေးငယ် မွေးပြီးပြီးချင်း ဆရာဝန်တွေက ဆေးဝါးကုသမှု ဖိဖိစီးစီး ပြုလုပ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ပထမကလေးကတော့ အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ Mississippi ပြည်နယ်မှာ HIV ရောဂါပိုးနဲ့ မွေးလာတဲ့ကလေးကို မွေးပြီးပြီးချင်း နာရီ ၃၀ အကြာမှာ ဆေးဝါးကုသမှု ပေးခဲ့တာမှာ အခု အဲဒီကလေးငယ် ၃ နှစ်ကြာလာတဲ့အထိ သူ့ခန္ဓာကိုယ်မှာ ရောဂါလက္ခဏာ တစုံတရာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

VOA - AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ 

HIV ပိုးပျောက်ကင်းအောင် ကုသနိုင်တော့မည့် ကလေးငယ်များ

လွန်ခဲ့တဲ့ တစ်နှစ်က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှ ဆရာဝန်တွေဟာ မွေးကင်းစကလေးငယ် တစ်ဦးရဲ့ HIV ရောဂါကို အောင်မြင်စွာ ကုသနိုင်ခဲ့ပါတယ်။ အခု ဒုတိယ ကလေးငယ်ကို ကုသခဲ့ရာမှာလည်း အောင်မြင်ခဲ့ပြီး လာမယ့် သုံးလအတွင်း နောက်ထပ် ကလေးငယ် ၅၀ ဦးကိုလည်း စမ်းသပ် ကုသမယ်လို့ သိရပါတယ်။ မိခင်ဆီကနေ အိတ်အိုင်ဗီပိုး ကူးစက်ခံရတဲ့ ဒုတိယမြောက် မွေးကင်းစ ကလေးငယ်တစ်ဦးကို ကုသပေးခဲ့ရာ ယခုအခါမှာ ကလေးဟာ HIV negative ဖြစ်သွားပြီလို့ အမေရိကန်နိုင်ငံ ဘော့စတွန် မြို့မှာ ကျင်းပတဲ့  AIDS ညီလာခံတစ်ခုမှာ ဆရာဝန်တွေက ကြေညာခဲ့ပါတယ်။

သူမမွေးပြီးပြီးချင်းမှာ AZT, 3TC နဲ့  nervirapine "နက်ဗရာပိုင်း " ဆေးတွေကို ဆရာဝန်တွေက တိုက်ကြွေးခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဆေးတွေဟာ လူကြီးတွေကိုသာ တိုက်ကြွေးတာ ဖြစ်ပေမယ့် HIV ရောဂါပိုး ကင်းစင်သွားတဲ့ ဒီကလေးငယ်ဟာ ဒီလို ဆေးတွေကို ဆက်သောက်ရဦးမှာ ဖြစ်ပါတယ်။ မွေးကတည်းက HIV ရောဂါပိုးပါလာတဲ့ ကလေးငယ် နောက်ထပ် (၅၀) ဦးကိုလည်း သူတို့ မွေးဖွားပြီးပြီးချင်း (၄၈) နာရီအတွင်း အခု ကလေးငယ်လိုပဲ ဆေးဝါးတွေ စမ်းသပ်တိုက်ကျွေးပြီး ကုသဖို့ စီစဉ်နေတယ်လို့ ဒီဆရာဝန်အဖွဲ့က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီစမ်းသပ်မှုဟာ အောင်မြင်မယ်ဆိုရင်လည်း ကမ္ဘာ့ အနှံ့အပြားမှာရှိတဲ့ ဆေးရုံတွေက ကလေးငယ်တွေကို  HIV ရောဂါပြောင်းလဲ  ကုသမှုအတွက်တော့ အချိန်ကြာဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုစမ်းသပ် ကုသမယ့် ကလေးတွေကို HIV ရောဂါ ကုသပြီးတာတောင်မှ ပိုးပြန်လည် မ၀င်ရောက် စေရေးအတွက် ကလေးတွေကို အနီးကပ် စောင့်ကြည့်ရဦးမယ်လို့ သိရပါသည်။

MRTV4 - HIV ပိုးပျောက်ကင်းအောင် ကုသနိုင်တော့မည့် ကလေးငယ်များ 

အမျိုးသမီးသုံး HIV တား ပစ္စည်းသစ်
  အမျိုးသမီးတွေရဲ့ လိင်အင်္ဂါထဲမှာ antiretroviral ဆေးကို တဖြည်းဖြည်း ထုတ်လွှတ်ပေးပြီး ကိုယ်ဝန်မရအောင် ကာကွယ်နိုင်တဲ့ ကွင်းတစ်မျိုးဟာ HIV၊ ရေယုံနဲ့ မလိုအပ်တဲ့ ကိုယ်ဝန် တို့ကို တားဆီးနိုင်မယ့် အလားအလာ ရှိနေပါတယ်။

HIV ကူးစက်မှု ကာကွယ်ရေးနဲ့ ကိုယ်ဝန်တားဆီးရေးအတွက် အခု သုံးစွဲနေကြတဲ့ ဆေးဝါးတွေရဲ့ ပမာဏကို လိုအပ်ချက်အတိုင်း ထိန်းချုပ်ပေးနိုင်မယ့် ဒီကွင်းတွေကို တခါထည့်ထားရင် သုံးလထိ တာရှည်ခံနိုင်အောင် စီစဉ်ထားပါတယ်။ ဆေးပြားတွေ အများအပြားကို နေ့စဉ် သုံးနေရမယ့်အစား ဒီလို သုံးလမှတစ်ကြိမ် သုံးရတဲ့အတွက် ဒီပစ္စည်းဟာ တွင်ကျယ်တဲ့ ဆေးဝါးပစ္စည်း ဖြစ်လာလိမ့်မယ်လို့ သုတေသီတွေက မျှော်လင့် ထားကြပါတယ်။

ဒီ “အမျိုးသမီး လိင်အင်္ဂါသွင်း ပစ္စည်း” ကို Northwestern တက္ကသိုလ်က ဇီဝဆေးဝါး အင်ဂျင်နီယာ Patrick Kiser နဲ့ အဖွဲ့က ၅ နှစ်ကြာ စမ်းသပ် တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ မူလတုန်းက အမျိုးသမီးတွေ ကိုယ်ဝန် မရနိုင်အောင် ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်ပေမဲ့ လိင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်နိုင်တယ်ဆိုတာ နောက်မှ သိလာရတာပါ။ သုံးရလွယ်ကူတဲ့ ဒီပစ္စည်းကို အခုအခါ ထုတ်လုပ်နေပြီး မကြာခင် အမျိုးသမီးတွေနဲ့ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။

ဗွီအိုအေ
Myawady News - အမျိုးသမီးသုံး HIV တား ပစ္စည်းသစ် 

No comments: