Monday, March 16, 2009

They Won't Let Me Sleep

မီးပျက်နေတဲ့ညမှောင်မှောင်မှာ လေပြည်ကလေးကခပ်နှော့နှော့ သစ်ရွက်ကြွေတွေဝေ့၀ဲကျနေတဲ့ ခြံအတွင်းမှာ ဟိုသစ်ပင်နားက တစ်ယောက်ပေါ်လာလိုက် ဒီသစ်ပင်နားက တစ်ယောက်ပျောက်သွားလိုက်နဲ့ လူတစ်ချို့။ သူတို့ဒီလိုလှုပ်ရှားနေကြတာ ပျော်စရာများကောင်းနေသလားမသိ ရယ်သံများပင်ထွက်လို့။ ပြေးလွှားနေကြရ လို့များလား သူတို့ကိုယ်မှာ ချွေးတွေလည်း သီးလို့လေ။ ရုတ်တရက် မီးပြန်အလာမှာ သူတို့တစ်စုလုံး.... .ရေ... ..သောက်ရေအိုးနားမှာ တစ်စုတည်း။

အသက်၂၁နှစ်ပြည့်တဲ့ဒီနေ့မှာ ကြုံတွေ့ရတဲ့အဖြစ်တွေကိုပြောပြချင်နေမိတယ်။ လက်တွေ့ကျကျရှင်းပြလို့မရ တစ်နည်းဆိုရရင် သိပ္ပံနည်းကျရှင်းပြလို့ မရတဲ့ အဖြစ်အပျက်မျိုးကို အခုအချိန်မှာမှမဟုတ် ဆယ်ကျော်သက် အရွယ် ၁၂ ၊ ၁၃နှစ်လောက်ကတည်းကတွေ့ကြုံဖူးခဲ့ပါတယ်။ ဆယ်ကျော်သက်ရွယ် သူငယ်ချင်းတွေနဲ့ လူငယ် ဘာဝကစားနည်းအမျိုးမျိုးကို ကစားဖြစ်ခဲ့သလို အချင်းချင်းခြောက်လှန့်ရင်း ကြောက်ရွံ့မှုရသကို သဘောတကျ ခံစားဖြစ်ခဲ့ ကြပါတယ်။

ဒီလိုကစားကြတဲ့အခါ ကျွန်တော့်စိတ်အထင်လား အမှန်တကယ်ဖြစ်ပျက်ခဲ့သလားဆိုတာ မရေရာခဲ့တဲ့ အဖြစ် အပျက်တွေကြုံတွေ့ခဲ့ရတာချည်းပါပဲ။ ခြံဝင်းကျယ်ထဲ ဟိုဒီပြေးလွှား ပုန်းတမ်းကစားကြတဲ့အခါ လူဦးရေ ၅ယောက်လောက်သာရှိပေမဲ့ ၇ယောက်၈ယောက်လောက်ရှိနေတဲ့ ပုံစံမျိုး ကျွန်တော်တို့ တွေတစ်ပြိုင်နက် ခံစားရမိတတ်ကြတယ်။ ဒီအခါပြေးလွှားခြင်းကိုချက်ခြင်းရပ် အချင်းချင်း မျက်စိမျက်နှာပျက်ကြည့်မိကြရင်း ကစားပွဲကိုရပ်တန့်သွား တတ်တာပေါ့။

x x x

အသက်၁၆နှစ်အရွယ်မှာ ဦးလေးတိုးတို့နေထိုင်ဖူးခဲ့တဲ့ တိုက်အိုက်ကြီးကို မိသားစုလိုက်ပြောင်းရွှေ့ နေထိုင် ဖြစ်ခဲ့တယ်။ ပြောင်းရွှေ့ပြီး ၃ရက်၎ရက်လောက် အတွင်းဖြစ်ပျက်ခဲ့တာ ကြုံတွေ့ရတာလေးတွေကို အခုထိမှတ် မိတုန်းပါ။ အိမ်ကြီးမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါမျိုးမှာ ကားဂိုထောင်ဘက်က အိမ်ခေါင်မိုးအစွန်းက ဖျက်ကနဲ အလင်းရောင်လိုလို မြူခိုးလိုလိုတစ်ချို့မြင်ရတတ်တယ်။ ဒါဝိညာဉ်တစ်ခုပဲ ဆိုတာ သိလိုက်ရပေမဲ့ ကြောက်လန့်မှု ကိုတော့ မခံစားမိသေးပါ။

ဒါပေမဲ့အချိန်ကာလကြာလာတာနဲ့အမျှ သတိပြုမိလာတာကတော့ ဒီအိမ်ကြီးမှာ ၀ိညာဉ်တွေ အများအပြားရှိ နေတယ်ဆိုတာ။ တစ်မိနစ်အတွင်းမှာကိုပဲ သူရှိနေတာ ဘာမှအနှောက့်အယှက်မဖြစ်ပေမဲ့ နောက်တစ်မိနစ် လည်းကြာရော တင်းတင်းကျပ်ကျပ် ဖီလင်မျိုးကို ကျွန်တော့်ဝန်းကျင်မှာ ခံစားရတတ်တာ။ အဆုံးသတ်မတော့ ဒီအိမ်မှာ ၀ိညာဉ်တစ်ဦးမကဘူးဆိုတာ အဖြေထွက်လာတော့တာပေါ့ဗျာ။

သူငယ်ချင်းတွေအများကြီး အိမ်ကိုလိုက်လည်ကြတယ်။ ပြီးတော့ သူတို့ကို တစ်စုံတစ်ယောက်က စောင့်ကြည့် နေသလို ခံစားရသတဲ့။ တစ်ခါတော့ သူတို့ကိုစောင့်ကြည့်နေတာ အဖိုးအိုတစ်ယောက်ဖြစ်မယ်တဲ့။ ဟုတ်တယ် ရယ်တော့ရယ်စရာပဲ ကျွန်တော်လည်း အဖိုးကြီးတစ်ယောက်ဖြစ်မယ်လို့ စိတ်ကထင်နေမိတာ။

နောက်နည်းနည်းကြာတော့ အိမ်မကြီးမှာ မနေတော့ဘဲ အနောက်ဖက်ခြံဝင်းထဲက ဘန်ဂလိုအိမ်မှာပဲ နေဖြစ် တော့တယ်။ ဒီနေရာလေးက သစ်ပင် အုံ့ဆိုင်းဆိုင်းနဲ့ဆိုတော့ အေးအေးသက်သာနေရမလားလို့လေ။ နှစ်နှစ် (သို့မဟုတ်) သုံးနှစ်လောက်ကြာတော့ ကျွန်တော်စပြီး သတိထားစပြုလာတာက ကျွန်တော်အခန်းထဲမှာ နေနေ တာပဲဖြစ်ဖြစ် ဘာပဲလုပ်နေနေ နံရံအပေါက်တစ်ခုကနေ ချောင်းကြည့်ခံရတဲ့ဖီလင်မျိုး၊ ပြီးတော့ မှန်ကွဲသလို အသံမျိုးတွေ လည်းကြားကြားနေရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒီနေရာကနေထွက်ခွာသွားဖို့ စိတ်မကူးမိသလို စိတ်နှလုံးညှိုးနွမ်းတဲ့ ခံစားမှုမျိုးလည်း မဖြစ်ပါ။ သူတို့ကြောင့် မထွက်ခွာတာအသေအချာပေါ့။

၈လလောက်ကြာတော့ ကို့ရို့ကားယားနိုင်တဲ့အတွေ့အကြုံကို အိပ်မက်မက်တယ်လို့ ထင်မိရင်းရရှိခဲ့တာ။ မိန်းမကြီး...ဒေါသအလွန်ထွက်နေတဲ့ မျက်နှာနဲ့ ကျွန်တော့်ဆီလှမ်းလာပြီး ပါးတွေနားတွေရိုက်တာလေဗျ။ ကိုယ့်မျက်နှာကို ကိုယ့်ဘာသာကိုင်ပြီး နိုးထလာရတာ မကြာခဏ အိပ်ပျော်လု ပျော်ခင်မှာ ကြုံရတာ....တကယ်ဖြစ်တဲ့အတိုင်းပါ။

တစ်ချို့သော ပစ္စည်းလေးတွေ ပျောက်ပျောက်နေတာ နေရာရွေ့နေတာလည်းမကြာခဏကြုံရပြန်တယ်။ တီဗီ ရီမုဒ်ပျောက်ပျောက်နေတာမျိုး အပေါ်ထပ်ကြမ်းပြင်ကနေ ရေစက်တစ်ချို့ကျလာတာမျိုးတွေပေါ့။ အပေါ်ထပ် ကြည့်တော့ အစွန်းအကွက်မရှိ နတ္ထိလေ။

နှစ်အနည်းငယ်ကြာတော့ ကျွန်တော့်မှာ တကယ့်ပြဿနာကြုံရပြီပေါ့။ အိပ်ပျော်ရင်းလမ်းထလျှောက်တတ်တဲ့ ပြဿနာလေ။ အိုး.... အရင်ကုန်ခဲ့တဲ့နှစ် တွေဟာ ရူးသွပ်သွားစေမလားဘဲ။ဒီဝိညာဉ်တွေက ကျွန်တော့်ကို အိပ်မပျော်စေချင်ဘူးထင်ပါရဲ့။အိပ်ယ်ာပေါ်မှာ အိပ်ပျော်လုပျော်ခင် ရောက်ရင်ခုတင်နားမှာ ကပ်ပြီး မိုးကြိုးပစ်ချ လိုက်သလို အသံမျိုး၊ ပြူတင်းတံခါးမှန်ချက်တွေ ကွဲကျသံနောက်ပြီး အပေါ်ကနေ ကျွန်တော့်အပေါ်တက်ဖိ ထားသလို ခံစားရတာ။ အသက်ရှုမ၀ ရုတ်တရက်ချွေးစေးပြန်ပြီး ထရပ်မိလိုက်တော့ ဒူးများဟာ ယိုင်နဲ့နဲ့။

အသက်ရှုမှားလောက်တဲ့ ခြောက်လှန့်မှုမျိုးကို လွန်ခဲ့တဲ့နှစ်ပတ်က ကြုံရပြန်တယ်။ ဒီဝိညာဉ်က ကျွန်တော့်ကို ဒေါသအရမ်းထွက်နေပုံပဲ။ ဘာကြောင့်ဒေါသထွက်မှန်း ကျွန်တော်တကယ်မသိဘူး။ တညသား ကျွန်တော့် ခုတင်နားရွေ့လျားလာတဲ့ ခြေသံကို တလှမ်းချင်းကြားရတယ်....ပြီးတော့ ကျွန်တော့်ဂီတာကို ဆော့ခတ်ကစား တယ်....ပြူတင်းတံခါးတွေ အလိုအလျောက်ပွင့်လာပြီး အိမ်နံရံကို မိုးကြိုးပစ်ချလိုက်သလို တသိမ့်သိမ့် လှုပ်ရမ်း သွားတာ......."အမလေးဗျ။"

x x x

အမေတို့ကလည်း ခရီးထွက်သွားတာ ကြာလိုက်တာ။ အိမ်မကြီးဆီကို သန့်ရှင်းရေးသမားနဲ့ တစ်ခါတစ်ခါသွား ရှင်းတာကလွဲလို့ မရောက်ဖြစ်ဘူးဆိုပါတော့။ အဖေနဲ့ အမေက နှစ်ဦးလုံးခရီးသွားကုမ္ပဏီထောင်ထားကြတော့ မကြာခဏ အိမ်မှာမရှိကြဘူး။ ကျွန်တော်က ကျောင်းသွားတက်၊ပြီးရင် သူငယ်ချင်းတွေဆီဝင်လည် အိမ်ကိုလိုက်လည်ဖို့ခေါ်တာ တစ်ယောက်မှ မလိုက်ချင်တော့ဘူး.....ဟူး။

ခါတိုင်းကြည့်နေကြ ကြိုက်တဲ့သရဲကားတွေတောင်မကြည့်ဖြစ်ဘူး ကျွန်တော့်မှာ။ ရုပ်သံလိုင်းက ဇာတ်လမ်း တွဲတွေပဲ ကြည့်ကြည့်နေရတာ။ အမေတို့ ဒီတစ်ခါပြန်လာရင် တစ်ခုခုတော့လုပ်ဦးမှပါလေ။

အိပ်ယာပေါ်မှာအိပ်တာပဲဖြစ်ဖြစ် ဆိုဖာပေါ်မှာခဏလှဲတာပဲဖြစ်ဖြစ် စောင်ပါးတစ်ထည် ရင်ဘတ်ပေါ်တင် လက်တစ်ဘက်ကို အပေါ်မှာတင်ပြီး အိပ်တတ်တာ ကျွန်တော့်အကျင့်လေ။ စောင်လျှောလျှောကျလို့ ဆွဲတင်မိ တာ တစ်ခါတစ်လေ လက်အစိုကြီးတစ်ဖက်ကို စမ်းစမ်းမိပြန်ရော။ အဲဒီအခါ မသိချင်ယောင်ဆောင်ပြီး လက်ကို အတွင်းထည့်ပြီးအိပ်ပျော်သွားပြန်တော့ အနှောက်အယှက်မရှိတော့ဘူး။ ဒါပေမဲ့ နောက်ညလည်းရောက်ရော ဇာတ်လမ်းကစပြန်ပြီ။

အိပ်ယာပေါ်က ခုန်ထပြီး အော်ပစ်လိုက်တယ်..။ "Do you want to start do ya?" ပထမအကြိမ် အော်တယ်၊ဒုတိယအကြိမ်အော်လိုက်ပြန်တော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာတစ်ခုက ကွာကျပြီး အိပ်ယာအောက်လျှောဝင်သွားရော။ အဲဒီညလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရပြန်တယ်။

နှစ်ညလွန်ပြီးနောက် သူတို့ကိုရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခန်းထဲက စာအုပ်ဗီရိုတွေကို တစ်ခြားအခန်း ရွှေ့ပစ်လိုက်တယ်။ နံရံကပ်ဘီရိုလေးတွေ နောက် ဒီနာရီကြီးရဲ့ ထောင့်ကနေ ရပ်ကြည့်နေတယ်လို့ ခံစားရ တာ....ဒီရှေးဟောင်းနာရီကြီးကိုလည်း ရွှေ့ပစ်ရမည်။ ဟူး.....မောမောနဲ့ အနားယူရင်း နက်ဖြန်ခရီးတစ်ခု ထွက်ဖို့ ငွေပြေစာ ဘယ်နားထားမိပါလိမ့်။ တွေ့ပြီ...။ ည၈နာခွဲပဲရှိသေးတယ် အိပ်ချင်စိတ်ပေါ်လာတာနဲ့ အိပ်ယာပေါ်ထိုးအိပ်ပစ်လိုက် တယ်။ ပြတင်းတံခါးကို တောက်တောက် တောက်တောက်နဲ့ခေါက်သံ၊ တစ်စုံ တစ်ယောက်ပြေးနေတဲ့အသံ ၊နံရံပေါ်မှာ ရှပ်တိုက်သွားတဲ့ခြေသံတွေ ကြားရပြန်တယ်။ ဒါပေမဲ့ .....အိပ်မောကျ သွားရပြန်တယ်။

ဒီအိမ်ကြီးကို ပြောင်းလာတာကို လိုက်လာမိတာ ကျွန်တော့်အမှား ၀ိညာဉ်တွေရဲ့ ခြောက်လှန့်မှုကြောင့် အိပ်မပျော်ညတွေကများ။ ဘယ်လိုလူတွေ နေထိုင်သွားပြီး ဘာတွေဖြစ်ကြပါလိမ့်။ဦးလေးတိုးကဘာကြောင့် ကျွန်တော်တို့ကိုဒီအကြောင်းအရိပ်အမြွက်တောင်ပြောမသွားရတာပါလိမ့်။ နှစ်နှစ် သုံးနှစ်နေလာရတာ အဖေတို့ကို ဖွင့်မပြောမိပြန်တော့ ဘာမှမလုပ်ဖြစ်ဖူး ဒီကောင်တွေရန်ကလွတ်အောင်.....အိုး.....စိတ်ညစ်တယ်။
အိမ်ကနေထွက်သွားမှာကို သူတို့ရိပ်မိသလားမသိ ဒီရက်ပိုင်းအတွင်း အနှောက်အယှက်ကင်းကင်းအိပ်ရတယ်။ အသံကျယ်တွေမကြားရတော့သလို ခြေသံပြင်းပြင်းတွေလည်းမရှိ။ သွား.......မင်းတို့ဖာသာဘယ်နေရာက စောင့်ကြည့်ကြည့် ငါလုံးဝဂရုမစိုက်တော့ဘူး။
x x x

အမေ့ကုမ္ပဏီက ၀န်ထမ်းတွေက ဖော်ဖော်ရွေရွေနဲ့ ဂရုတစိုက်စောင့်ရှောက်ပြီး ခရီးစဉ်အနှံ့လိုက်ပို့တယ်။ ပြီးတော့ကျွန်တော့်လက်စွဲ တိုးဂိုက်တစ်ယောက် ဖြစ်တဲ့ ကိုစိုးက မင်းဒီတစ်ခါသရဲရှိတယ်ဆိုတဲ့ နေရာတွေအဆောက်အဦတွေ မကြည့်တော့မလေ့လာတော့တာ ထူးဆန်းတယ်၊ ဘာကြောင့်လည်းတဲ့။ ဟွန်း......အိမ်မှာ ညတိုင်းနီးပါးခြောက်လှန့်ခံရလို့ ရိုးနေပြီလို့စိတ်ထဲကပြောမိပါတယ်။ အပြင်မှာတော့ ရိုးသွားလို့ တစ်ခြားဟာတွေဘက်ဓာတ်ကျနေလို့ ဖြေလိုက်တော့တာပေါ့။

အမေနဲ့လည်ရတာရိုးသွားတော့ အဖေ့သင်္ဘောခရီးစဉ်တွေနောက်လိုက်မိပြန်တယ်။ ငါ့သားဒီတစ်ခါတော့ မိသားစုအလုပ်ကို စိတ်ပါဝင်စားလေ့လာနေ ပါလားတဲ့။ "ဒယ်ဒီကလည်းဗျာ.."ပေါ့ ဟား ဟား။
လေညှင်းတသုန်သုန်လှိုင်းတငြိမ့်ငြိမ့် စားသောက်ခန်းမထဲသွားလိုက် သင်္ဘောဦးပိုင်းက ဂီတပွဲကိုကြည့်လိုက် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက် အဆင်ကိုပြေလို့။ တော်ပြီ အိမ်မှာတစ်ယောက်တည်းအချိန်ကုန်ခဲ့တာမှားတယ်။ ဒီဝိညာဉ်ကောင်တွေ နယ်ခြားသွားတော့ လိုက်မလာနိုင်ဘူးပေါ့။
ကမ်းခြေက အိမ်ဆီမပြောင်းခင် ဦးလေးတိုး အိမ်ကို ပြန်လာရတာခန့်လန့်လန့်။ဒါပေမဲ့ အေးဆေးပဲ ဘာမှမဖြစ်သေးဘူး ပြန်လာပြီး တစ်ရက်နှစ်ရက်။
ဒီကောင်တွေ စွန့်ခွာသွားပြီလား။ "ငါ့ကို ဒုက္ခမပေးနိုင်တော့ပါဘူး။" ကျွန်တော့်အထင်ပေါ့လေ။ မကြာပါဘူး...
မနေ့ည ဟုတ်တယ်....ပြန်ရောက်ပြီးအနားယူ အိမ်မကြီးက အမေ့အိပ်ယာပေါ်မှာ အိပ်ပျော်သွားတာ တစ်စုံတစ် ယောက်က ကျွန်တော့်နှာခေါင်းကို တစ်ခုခုနဲ့ ဖုံးမယ်ဖီလင်မျိုး ပြီးတော့နှစ်ကြိမ်လောက် လှုပ်နှိုးခံရချိန်မတော့ ဘယ်လိုမှမအိပ်နိုင်တော့ဘူး။ဒီအတွေ့အကြုံမျိုး ကျွန်တော့်အခန်းထဲမှာတုန်းက ခံစားခဲ့ရဖူးတယ်။

ကျွန်တော်ဘာလုပ်ရမလည်း...သူတို့ထွက်ခွာသွားဖို့...ဘာလုပ်ရမလည်း။ အခန်းထဲက သူတို့ခိုအောင်းနိုင်တဲ့ ပစ္စည်းတွေကိုလည်းရှင်းပြီးသား။ ပြတင်းတွေမှာလည်း ဆားနဲ့ဖြန်းပက်ပြီးသား.....ဘာ ...ဘာလုပ်ရဦးမှာလည်း။ ကူကယ်ရာမဲ့လိုမျိုးခံစားရတာ.....ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။

အိမ်အသစ်ပြောင်းရင်ရော သူတို့လိုက်လာနိုင်ဦးမှာလား...။ ကျွန်တော့်ကိုပဲရွေးခြောက်နေသလား....။ အိမ်အသစ်မှာလည်း ကျွန်တော်ပဲတစ်ယောက်တည်း ကျန်နေရစ်ခဲ့ရဦးမှာ....။ အား......................
Please help guys!

No comments: