Tuesday, June 12, 2007

Khun Mya Hlaing's Essay

ကလေကချေဆန်တဲ့ သို့မဟုတ် ခက်ဆစ်အဖွင့်မှားတဲ့ လူ
”သေဆုံးရင်လား... သေတမ်းစာတွေမလိုပါဘူး။ မသေ ခင်ကဆန္ဒ ပြည့်မပြည့် သေတမ်းစာထဲက အတိုင်း တကယ်ဖြစ်လာသလား၊ မဖြစ်လာဘူးလားဆိုတာကိုလဲ သေပြီးသားလူက ပြန်သိနိုင်ဖို့မှ မသေချာတာ၊ သည်ဘ၀ထဲကို ၀င်ဖို့ ခန္ဓာကိုယ်တစ်ခုကို ငှားရမ်းပြီး နေထိုင်လှုပ်ရှားနေခဲ့တာ။ သေတော့လဲ သည်ခန္ဓာကို သည်လောကထဲမှာ ပြန်ထားခဲ့လိုက်ရုံ ပါပဲ...“

ကျွန်မကမ္ဘာမြေပေါ်မှာနေရတာကြိုက်တယ်။ လေးဘက်လေးတန်ပိတ်ကာပြီး တံခါးအထပ်ထပ်၊ သော့ အထပ်ထပ်နဲ့ အိမ်လို့ခေါ်တဲ့ အကျဉ်းထောင်တမျိုးကို လူ့ယဉ်ကျေးမှုဆိုတာကြီးက တီထွင်လိုက်ကြ ပေမယ့် ကျွန်မအတွက်ဘယ်လိုမှ နှစ်မျို့ချင်စရာ ကောင်းမနေဘူး။ အစွန်းရောက်တယ်ပဲဆိုချင်ဆို သည်အိမ်ကြီးဟာ အလှအပတွေနဲ့ တန်ဆာဆင်ထားတဲ့၊ ပတ်ဝန်းကျင်လွင်ပြင်လောကနဲ့ ကိုယ့်ကို ခွဲခြားပိတ်လှောင်ထားတဲ့၊ မျက်စိတဆုံးမြင်နိုင်ခွင့်တွေကို ပိတ်ပင်တားဆီးထားတဲ့ ခမ်းနားတဲ့ ထောင်ကြီး တစ်လုံးပါပဲ။ အတွေးမတူသူများအဖို့ တော့ အိမ်တစ်လုံးကိုပိုင်ဖို့ သိပ်ကြိုးစားကြတယ်။ အိမ်တစ်လုံးကို ပိုင်ပြီလို့ သူတို့ခံစားမိတဲ့အချိန်မှာ သည်အိမ်တစ်လုံးရဲ့ ကျေးကျွန်အဖြစ် လှည်းကျင်းပြု ပြင်၊ အလှဆင် ပြီးတစ်ခါ သည်အိမ်ရဲ့ သခင်အဖြစ် လူတွေဖိတ်ပြီးပွဲတွေလုပ်ကြတယ်။ နားကိုမလည်နိုင်ဘူး။ သည်အိမ် တစ်လုံးရဲ့ ချုပ်ကိုင်မှုကြောင့် သည်အိမ်ကိုငဲ့ပြီး ဟိုမသွားနိုင်သည်မခွာနိုင်နဲ့။ သည်အိမ် တစ်လုံးကို လောဘတွေနဲ့ ၀ိုင်းလုလို့ ဖြစ်တဲ့ပြသနာတွေကလည်း အထူးထူးအပြားပြား ဆန်းကြယ်ပြီး ရှုပ်နေတာပဲ။ တကယ့်အံ့သြစရာပဲ... လူ့အဖွဲ့အစည်းထဲကလူတစ်ယောက်အဖြစ် မွေးဖွားလာတော့လဲ သူ့စည်းကမ်း အတိုင်းပဲ အိမ်နဲ့နေမှဖြစ်တော့မှာပေါ့နော်၊ အိမ်တလုံးကို နေချင်သလောက် လခပေးနေ၊ သည်နေရာမှာ ဆက်မနေချင်တော့ရင် အတွယ်အတာမရှိဘဲ နောက်အဆင်ပြေရာ နေရာကိုပြောင်းပြီး အိမ်ထပ်ငှားနေ၊ အချုပ်အနှောင်မရှိ လွတ်လပ်ပါဘိခြင်း။ ကိုယ်ပိုင် အားလပ်ချိန်တိုင်းမှာ လွင်ပြင်တွေ၊ မျက်စိတဆုံး ငေးမော ကြည့်ရှုနိုင်တဲ့ လဟာပြင်တွေ နဲ့ ဥယျာဉ်တွေထဲမှာ ငေးမောရင်း လွတ်လပ်ခြင်းအရသာကို ခံစားရင်း တတ်နိုင်သမျှ အချိန်ကုန်လွန်စေခဲ့တဲ့ကျွန်မ..

ကားပိုင်ရှင်လို့ပြောပြီး ကားရဲ့ ကျေးကျွန်ဖြစ်နေသူလို ကားရပ်ဖို့၊ ဆီထည့်ဖို့၊ ထိန်းသိမ်းပြုပြင်ဖို့၊ ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင် အို.. လွတ်လပ်ပေါ့ပါးစွာ နေထိုင်ဖို့အတွက် ရှိသမျှအချိန်လေးကို ကားတစ်စီးရဲ့ဝေယျာဝစတွေနဲ့ အချိန်တွေ အဓိပ္ပာယ်မဲ့ ကုန်လွန်ဆုံးရှုံးတဲ့ သည်ဒဏ်ကိုမခံနိုင်လို့ ကျွန်မ အများသုံးကားတွေကိုကြိုက်တယ်။ သွားချင်တဲ့နေရာကို အခပေးပြီးရင် ကြိုက်ရာအဆင်ပြေရာ ကားပေါ်တက်စီးသွား၊ လိုရာခရီးရောက်ရင် ပေါ့ပေါ့ပါးပါး ဆင်းပြီးသွားချင်ရာကိုသွားပြီး၊ နောက်တစ်နေ ရာ ကိုသွားချင်ရင် နောက်ကားတမျိုးပြောင်းစီးလိုက်။ အဆင်ကိုပြေလို့။

အ၀တ်အစား။ အင်း!တောင်းမှာအကွပ်၊ လူမှာအ၀တ်တဲ့။ အရှက်အကြောက်ကြီးသူအတွက် အ၀တ်အစား ကအရေးကြီးတာပေါ့။ သူ့နေရာနဲ့သူ ၀တ်ဆင်ရတဲ့အ၀တ်အစားပုံစံခြင်းကလဲ မတူနိုင်တော့ ပုံစံအမျိုးမျိုး နဲ့အ၀တ်အစားတွေကို ဒူးနေရာဒူး၊ တော်နေရာတော် ၀တ်စားရပါတယ်။ အလုပ်ရှုပ်တာက လျှော်ရ ဖွပ်ရ၊ မီးပူတိုက်ရနဲ့။ ကဲ.. မ၀တ်မဖြစ်တာတွေကလွဲလို့ အပိုဖြစ်နိုင်လောက်တဲ့ အ၀တ်အစား တွေ သိမ်းရတာ ဗီရိုရှုပ်တယ်၊ အလုပ်ရှုပ်တယ်..သေသေချာချာလျှော်ဖွပ်ခေါက်သိမ်း၊ သန့်သန့်ရှင်းရှင်း ထုပ်ပိုးပြီး အမှိုက်ပုံးဘေး နေရာအမြင့်တစ်ခုမှာ တင်ထားလိုက်တယ်။ အမှိုက်သိမ်းသမားဖြစ်စေ၊ လိုချင်သူဖြစ်စေ လာကောက်ပေစေပေါ့။ ပံ့သကူအလှူ ကမ္ပည်းထူစရာမလိုပါဘူး။ သည်နေရာကနေ နောက်တစ်နေရာကို ပြောင်းတော့မယ်ဆိုရင် မရှိမဖြစ်လိုအပ်နေမယ့် တကိုယ်ရေသုံးပစည်းတွေ၊ စာရွက်စာတမ်းတွေကလွဲလို့ ကျန်တာအားလုံးကိုလဲ သည်လိုပဲ ပံ့သကူလှူပစ်ခဲ့တော့ ပြီးရောပေါ့။ လူရောစိတ်ပါ အလေးခံပြီး သွားလေရာ သယ်မနေနိုင်ပေါင်။ ရောက်ရာနေရာမှာ ပြန်အသစ်ဝယ်လို့ရ တာပဲလေ။

ကျွန်မသေဆုံးရင်လား... သေတမ်းစာတွေမလိုပါဘူး။ မသေခင်ကဆန္ဒ ပြည့်မပြည့် သေတမ်းစာထဲက အတိုင်း တကယ်ဖြစ်လာသလား၊ မဖြစ်လာဘူးလားဆိုတာကိုလဲ သေပြီးသားလူက ပြန်သိနိုင်ဖို့မှ မသေချာတာ၊ ကျွန်မအတွက်ကလည်း ပြန်သိဖို့မှမလိုတာ။ သည်ဘ၀ထဲကို ၀င်ဖို့ ခန္ဓာကိုယ်တစ်ခုကို ငှားရမ်းပြီး နေထိုင်လှုပ်ရှားနေခဲ့တာ။ သေတော့လဲ သည်ခန္ဓာကို သည်လောက ထဲမှာ ပြန်ထားခဲ့လိုက်ရုံ ပါပဲ။ လှူမလား မီးသဂြိုလ်မလား၊ ဂူသွင်းရမလား။ အင်း.. ကျွန်မသက်ရှိထင်ရှား ရှိတုန်း ကျွန်မဘေးနား မှာရှိနေခဲ့ပြီး ကျွန်မ သေတော့ ကျွန်မရဲ့အလောင်းနားမှာ ကျန်ခဲ့သူတွေ လုပ်ချင် သလို၊ အဆင်ပြေသလို လုပ်ကြပေါ့။ မလိုအပ်တာတွေအတွက် စိတ်ရှုပ်ခံမယ့်အစား ကိုယ့်ဟာကိုယ် နောက် ဘ၀အသစ်တစ်ခုကို စိတ်ဖြောင့်ဖြောင့်သွားလိုက်တာ ပိုမကောင်းဘူး။ သံသရာခရီးမှာ သွားလာ ရင်း ကြားဘူတာတစ်ခုမှာ ခဏနားတုန်း အတွယ်အတာတွေ မထားတာကောင်းတာပေါ့လေ။ ပြီးရင် သည်ဘူတာက ခွာပြီး နောက်ဘူတာ တစ်ခုကိုသွားရမှာပဲမဟုတ်လား။ ကိုယ်နဲ့ တပါတည်းပါသွားမှာ သေချာတာတွေက ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် ၂မျိုးပဲလေ။ သည်တော့ အထုပ်အပိုးနှစ်ခုထဲမှာ လျှော့လို့ကောင်းတဲ့ အထုပ်တစ်ခုကို လျှော့နိုင်သမျှ လျှော့ထုတ်ခဲ့ဖို့ပဲ လိုတော့တာပေါ့။ သယ်ရ သက်သာအောင်လို့ပါ။

စိတ်ရောကိုယ်ပါ လွတ်လပ်မှုကို အပြည့်အ၀ရှိုက်သွင်းရင်းကျေနပ်နေခိုက် နောက်ကစကားသံသဲ့သဲ့ တစ်ခွန်း ကြားလိုက်ရတယ်... “ကလေကချေဆန်တဲ့မိန်းမ” တဲ့။
From Ainmat.com

No comments: