Sunday, November 3, 2024

'' နတ်ချော့သူ ''



_____________

နုနုရည် (အင်းဝ)


(ရွှေအမြုတေ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၉၄)


---

 

ဘာကြည့်နေတာလဲ မောင်။ မောင့်မိန်းမက ခုလို နတ်ဝတ် နတ်စားနဲ့ ဆိုတော့ ပိုလှမလာ ဘူးလားဟင်။ ခရမ်းရောင် နတ်မိမယ် ကလေးလေ။ ဟဲ ... ဟဲ ... ခရမ်းရောင် ခေါင်းပေါင်း၊ ခရမ်းရောင် ပဝါ၊ ခရမ်းရောင် တောင်ရှည်နဲ့ ရယ်ဒီမိတ် ပိုးဘလောက်စ် ခရမ်းရောင် အင်္ကျီကို ဒါကြောင့် တမင်တကာ အိမ်က ဝတ်လာခဲ့တာပေါ့။

 

အိမ်ကနေ ကားအထွက် “ဘယ်ကို မောင်းရမှာလဲ ခင်” လို့ မောင် မေးတော့ “နတ်ပွဲကို” လို့ ခင် ဖြေတော့ မောင် မယုံဘူးလေ။ မောင် ရယ်နေ ခဲ့တယ်လေ။ ကဲ ... ခု ယုံပြီလား။ ဟိုစဉ် အခါတုန်းက နတ်ပွဲနားက ဖြတ်ရင် နတ်ဝင်သည် တွေကို ကြည့်ရတာ ခင်ဖြင့် သိပ်ကြောက်တာပဲ ဆိုတဲ့ မိန်းမ တယောက်ကို မောင် မေ့လိုက်တော့။ ဟိုး ... ဆရာ၊ ခင့်ကို ဘာမှပြောဖို့ မကြိုးစားနဲ့။ ငြိမ်ငြိမ်လေး ထိုင်ပြီး ပိုက်ဆံ ငါးထောင်အုပ်ကိုသာ အဆင်သင့် လုပ်ထား။ မောင် ကတိပေးထား ပြီးပြီနော်။ အိမ်မှာတုန်း ကလေ။ မောင် ခင့်အတွက် ဒီနေ့ ငွေငါးထောင်လောက် အကုန် မခံနိုင်ဘူးလားလို့ ခင် မေးတော့ လေးဆယ်ငါးကျပ်တန် အုပ်ကို လက်ဝါးမှာ ရိုက်ပြီး “ဒါလေးများ” လို့ မောင် ပြောတယ်လေ။

 

ဪ ... ခက်တော့တာပဲ မောင်ရယ်။ ခင်နဲ့ မောင် စတွေ့တုန်းက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးကို ကြည့်တဲ့ အသက်မပါ၊ အချစ်မပါ၊ ထုံအအ အကြည့်မျိုးကြီးနဲ့ လှမ်းပြီး စူးစမ်း နေပြန်ပါပြီ။ ဟဲ ... ဟဲ ... ခင် ဘာမှ မလုပ်ပါဘူး မောင်ရဲ့။ နတ်ချော့ မလို့ပါ။ နတ်ကိုးပါးလေ။ ကိုးပါး ချော့မလို့ပါ မောင်ရဲ့။ ဗဟုသုတ ရအောင် မောင် သေချာကြည့်။ ဘာမှ ကြောက်စရာလည်း မလိုဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ဒီ နတ်ကတော်က ခင့် နတ်ဆရာ။ သူ့ပွဲတွေကို ခင် လာနေကျ။ ဟဲ ... ဟဲ ...မောင် အံ့ဩ မနေနဲ့နော်။

 


ကဲ ... ခင် စတော့မယ် ကြည့်။ ခင့်ကို သပြေ ပေးပါ မာမီရေ။ မျက်စိကို စုံမှိတ်ပြီး သပြေ ကိုင်ထားတဲ့ လက်အစုံနဲ့ လက်အုပ်ချီ အာရုံပြုတာကို စုစည်းလိုက်ပြီ မောင်ရေ။ ဟော ... ဆိုင်းက စပြီ။ ဆိုင်း စ တီးပြီ။

 

မောင် နတ်ဒိုးသံကို သေချာ နားထောင် ကြည့်စမ်း။ နတ်ဒိုး ရိုက်သံဟာ ခန္ဓာကိုယ်ထဲက သွေးကြောထဲထိ တိုးဝင်နိုင်စွမ်း ရှိတယ် မောင်ရဲ့။ တကိုယ်လုံးက သွေးတွေကြွပြီး အလိုလို ခုန်ချင် ပေါက်ချင် လာတာ။ လာပြီ မောင်ရေ။ ပထမဆုံး စ ချော့ရတဲ့ မြင်းဖြူရှင်နတ်။

 

“... ဇာမဏီမို့ ... ထူးမခြား ... နတ်မြင်းပျံမို့ ... မြူးကြွားကြွား ... တွေးမှား ... တွေးမှား ... ရှင်”

 

မြင်းဖြူရှင်က ဟောဒီလို မြင်းစီးတဲ့ ဟန်လေးနဲ့ ချော့ရတာ မောင်ရဲ့။ ခပ်ဖြည်းဖြည်းပဲ ခင် ကမယ်၊ သိပ်မခုန်ချင် သေးဘူး။ ခုန်လို့ မရသေးဘူး။ ခင့်အာရုံတွေ စုစည်းနေတုန်း ရှိသေးတယ်။ ခင့်အာရုံတွေ၊ ပျံလွင့်နေတဲ့ အာရုံတွေကို မြင်းကလေး ဖြည်းဖြည်းစိုင်းရင်း စုစည်းလိုက်မယ်။ ရွှေဘိုမြင်းရယ်လေ... ခွာသံ၊ လျှာသံ ပြင်းတယ်လေလေ့၊ ရွှေဘိုမြင်းရယ်လေ။ ဒါပြီးရင် ဦးဖိုးတူ လာမယ်။

 

ဒါက ... ဦးဖိုးတူနတ် မောင်ရေ။ ဦးဖိုးတူ နတ်ကလေ ခင့် ဘယ်လက်က ထမ်းပိုး ထမ်းတဲ့ဟန် လုပ်ပြီး ခင့် ညာလက်က သပြေကို ယမ်းပြီး ကရတယ်။ ဒီလိုလေးလေ။ ဒါလည်း ခပ်ဖြည်းဖြည်းပဲ ကမှာပါ။ ထွေပြား နေသေးတဲ့ အာရုံတွေကို စုစည်း သိမ်းဆည်းရင်း နဲ့ပေါ့။

 

ဟော ... နောက် နတ်တပါးကို ကူးတော့မယ်။ ဒါကတော့ ကိုးမြို့ မောင်ရေ။ ဘယ့်နှယ်လဲ မောင်။ ခင့် ဓားသိုင်းက ကောင်းရဲ့လား။ သွေးတွေ ပူလာပြီ မောင်ရေ။ သွေးတွေလည်း ကြွစ ပြုလာပြီ။ ခင့် အာရုံတွေလည်း စုစည်းမိ သွားပြီ။ တနေရာတည်းမှာ စုစည်းမိ သွားပြီ။ မောင် တပတ်နေရင် သင်္ဘော ပြန်တက်ရတော့မှာ။ ခင်နဲ့ ကလေး သုံးယောက်ရဲ့ အထီးကျန် သံသရာ၊ ဆယ့်ငါးနှစ်နဲ့ ယောကျ်ားနောက် နှစ်ည လိုက်ပြေးပြီး ပြန်သိမ်း ထားရတဲ့ သမီးကြီး ကိစ္စ၊ သား ပိုက်ဆံကို ချွေးမနဲ့ ညီတူညီမျှ ယူချင်တဲ့ ယောက္ခမ ပြဿနာ၊ မိဘနဲ့ မောင်နှမတွေရဲ့ စကားနာ ထိုးသံတွေ၊ ဆောက်လက်စ အိမ်၊ အို ... အာရုံတွေ၊ အာရုံတွေ၊ အဲဒီ အာရုံတွေ အားလုံး အဝေးကို သွားကြ။ တခုတည်းသော ခင့်အာရုံ စူးစိုက်ရာ နေရာက ဟောဒီမှာ။ ဒီနေရာမှာ ဟောဒီလို ဗဂိုး(ပဲခူး) မယ်တော် ချော့တဲ့ နေရာမှာ။

 

“... မပြတ်ကယ် ကုန်စင်၊ ထုံးစံရှိတင် ... အို ... ငါးရံ့ ငါးကိုလ အို ... ငါးရံ့ကိုလ ... တင်ဆက်တယ်လေး ... ဗဂိုး မယ်တော်ကြီးပါ ဘုရား”

 

ဗဂိုး(ပဲခူး) မယ်တော်က တလိုင်းက ဟန်လေး။ လက်အစုံကို ရင်ဝကနေ ဟောဒီလို အပြင်ကို ဆန့်၊ ဆန့်ထုတ်ပြီး က ရတာ။ ကလို့ သိပ်ကောင်းတာ မောင်ရဲ့။ ခင့်ကို ကြည့်ပါဦး။ မျက်နှာကြီး ရဲပြီး အရက်ချွေးတွေကို ချည်းပဲ လက်ကိုင်သုတ်ပဝါနဲ့ ဖိသုတ် မနေပါနဲ့။ ဪ ... မောင်မရှိတဲ့ အချိန်ကျလည်း အားငယ်လိုက်တာ။ ရှိတဲ့ အချိန်ကျတော့လည်း အရက်တွေ မူးပြီး လူမှန်းသူမှန်း မသိအောင် တခေါခေါ ဟောက်အိပ်နေတဲ့ မောင့်ဘေးမှာ ငုတ်တုတ် မိုးလင်းရတဲ့ အထီးကျန် ညတွေကိုလည်း ခင် မုန်းလိုက်တာ။

 

“... သနားကြည်အောင် ... စကားမပီပေါင် ... ကုလားညီနောင်ဆွေ ... ဟရေး ... ဟရေး ... မှန်ထောင်ခရီး ... ဗျတ်ဖောင်စီး ... ယီးလေလေ့ ... ရိုးလေလေး”

 

ဟောဒါက ဒနင်းဘိုးတော် မောင်ရေ။ ဒနင်း ရိုက်တာက ဟောဒီလို။ သပြေ ကိုင်ထားတဲ့ ခင့် လက်ဝါး တဖက်နဲ့ ခင့် မျက်နှာကို အပ်။ အဲ ... ကျန်တဲ့ လက်ဝါး တဖက်က ဘေးကို ဆန့်။ ဒနင်း ဘိုးတော်က မောင်တို့နဲ့ ဆိုင်တယ်နော။ ဒနင်းက ရေနဲ့ ပတ်သက်သူ အားလုံးနဲ့ ဆိုင်တယ်။ ဟဲ ... ဟဲ... ခင့်ကို ကန်တော့ပြီး ဆုလေး ဘာလေးများ တောင်းပါလား မောင်ရဲ့။

 

ဟော ... လာပြီ မောင်ရေ။ တောင်ပြုန်းမင်း နှစ်ပါး၊ ကိုယ်တော်နှစ်ပါး ကြွလာပြီ။

 

“... နွေရက်တွေ ... ရောက်ပြန်တိုင်း ... ပေါက္ကံတိုင်းကို လွမ်းမိပြန်သကို ... နန်းပွဲရ ... တို့ရဲ့ ညီအစ်ကို ... ပျော်စရာ စုံလှသဗျို့ ... ရွှေပြုန်းပွဲကို သွားမလို့ဆို ... အစ်ကိုကြီးက ... ဆီးကြိုပါ့မဗျို့ ... ဘေးကင်းလို့ ... ရန်တိုင်းပြို ...”

 

ကိုယ်တော်ကြီးကို ချော့ရတာက ခင့် ဘယ်လက်နဲ့ ပဝါကို ဖြန့်ကိုင်ပြီး ခင့်ညာလက်က သပြေပန်းကိုင် ကပြီး ချော့ရတာ။ ကိုယ်တော်လေး ကတော့ ဟောဒီလို လက်ညှိုး ကလေးကို ထောင်ပြီး က ရတာ။ ဟောဒါ ကိုယ်တော်လေး၊ တွေ့လား မောင်။ လာ ...လာ ... ထ ... အဖွာတော် လာဆက်လှည့်။ လာပါ ညီဘွားရဲ့။

 

“... ရွှန်းရွှန်းမြ ... ရွှန်းရွှန်းလျှံပြောင် ... ဆောင်ဆောင်တည့် ... ဆောင်ဆောင် ... ထူးထူး ... ဆန်းဆန်း”

 

ဟော ... ဟော ... မင်းထွက်တဲ့ စည်၊ မင်းထွက်တဲ့ စည်။

 

မဏိစည်သူ နောင်ဘုရား ကြွလာ ပါပေါ့လား။ မဏိစည်သူက ပခန်း ကိုကြီးကျော်ရဲ့ နောင်တော်နတ်လေ မောင်ရဲ့။ ဟောဒီလို ခင့် လက်နှစ်ဖက်က လက်ညှိုးလေးနဲ့ လက်သန်းလေးတင် ထောင်၊ ကျန်တဲ့ လက်ချောင်းလေးတွေ ဆုပ်ထားပြီး က ရတာ။ မဏိစည်သူ နောင်ဘုရားကို ချော့ရတာပေါ့။ မဏိစည်သူ နောင်ဘုရား ပြီးရင် ဘယ်သူ လာမယ် ထင်လဲ။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း၊ တောင်လေလာ ငွေပါတဲ့ ပခန်းမင်းလေ မောင်ရဲ့။ ပခန်း ဖေကြီးကျော်။ မောင်တို့လို အရက်သမားတွေ ကလည်း ချစ်ပြီး ခင်တို့လို မောင်းမတွေ ကလည်း ချစ်တဲ့၊ အားကိုးတဲ့ ကိုကြီးကျော်လေ။ နတ်ကိုးပါးမှာ သူက အချိန် အကြာဆုံး ချော့ရတဲ့ နတ်။ အို ... ခင်ဖြင့် ဖေကြီးကျော် ချော့ရတဲ့ အချိန်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန်က နတ်ရှိန် အမြင့်ဆုံး အချိန်လေ မောင်ရဲ့။ သွေးကလည်း တအားကြွနေတဲ့ အချိန်။ အဲဒီ ကြားထဲမှာ မူးမှထူး၊ ထူးမှမူးတဲ့ ဖေကြီးကျော်ကလည်း ယမကာလေး တမြမြနဲ့ ဆိုတော့။

 

“ပြောသာပြောရ ... မောလှတယ် ... လင့်ဝတ္တရားကို ... သူ နားလည် ... သိက္ခာရှိအောင် နေစမ်းကွယ် ... နေညိုဆိုရင်ကွယ် ... ထန်းရည်ကို သူ ကြိုက်ပါသတဲ့ ... နေထွက်နေစောင်း ... ချိန်ထိ ... ရွှေကြက်ကို သူ လောင်းတယ် ... ကိုကြီးကျော် ... တကယ့် လွန်လွန်းပါတယ်”

 

ဟေ့ ... ဟေ့ ... ပခန်းမင်းကွ။ လက်မ နှစ်ချောင်းကို ဟောဒီလို ထောင်ပြီး ကတဲ့ ပခန်းမင်းကွ။ ဒီကမ္ဘာမှာ ငါပဲ ဆိုတဲ့ မင်း။ ငါက လွဲလို့ အားလုံးသွား။ အဝေးကိုသွား။ ဖေကျော် ပျော်မယ်။ ဖေကျော် သောက်မယ်။ မူးမှထူး၊ ထူးမှမူးတဲ့ မင်း။ ဟေ့ ... ပုလင်းပေးကွ။

 

“ပုလင်း ... ပုလင်း ဘယ်မှာလဲ ပုလင်း”


“မှန်ပါ၊ ပြည်သာအောင် ဘီယာ ဆက်ပါတယ် ဘုရား။ ဘီယာပါ ဘုရား”


“အို ... ဘီယာ မလိုချင်ဘူး။ ပေး ... ပုလင်း”


“မှန်လှပါ ဘုရား။ ပုလင်းပါ ဘုရာ့ ပုလင်းပါ”


“အေး ... ဟုတ်ပြီ။ ဟေ့ ညီဘွား မျက်လုံးပြူး ကြည့်မနေနဲ့။ ထုတ် ထုတ် ကိုကြီးအတွက် ကြက်လောင်းကြေး ထုတ်စမ်း”

 

ကဲ ... မောင် ဘာလုပ် နေတာလဲ။ အချိန်ကျပြီ မောင်ရဲ့။ ပိုက်ဆံ ထုတ်တော့။ တထောင် အရင်ထုတ်။ လေးဆယ့်ငါးကျပ်တန်လေး တွေကို ယပ်တောင်လေးလို ဖြာပြီး ခင့်ကိုပေး။ ဖဲချပ်လေးတွေကို ထွေသလိုပေါ့ကွာ။ မောင် သိပါတယ်။ ပေး ... ပေး ... လက်တဖက်က ပုလင်း၊ လက်တဖက်က ပိုက်ဆံကိုင်ပြီး ခင် ကမယ်၊ ခင် ချော့မယ်။

 

“... တောင်းပန်ပါ့မယ်၊ ကျောင်းဒကာကြီးရယ်၊ အရပ်တကာ ... နယ်တကာ ... သူ မပါရင် ပွဲမပြီးလို့ ... ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ် ... ကစားတာလည်း လျှော့ကွယ် ... သောက်တာလည်း လျှော့ကွယ် ... သာသနာပြုတဲ့ ကိုကြီးကျော်ရယ် ...”

 

ခင့်ကို ကြည့်ပါဦး မောင်ရဲ့။ အရက်ချွေးတွေ ကလည်း ထွက်လှချည့်လား။ ဟဲ ... ဟဲ သီချင်းလေးက သိပ်ကောင်းတာပဲနော်။ မောင့်ကို စောင်းဆို နေသလိုပဲ။ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟဲဟဲ ... ဟော နားထောင်စမ်း။ ဆိုင်းတွေက ပိုပြီး မြူးကြွ မလာဘူးလား မောင်။ နတ်ကတော် တွေရဲ့ လက်ခုပ်သံတွေ ကရော ပိုမြိုင် မလာဘူးလား။ အဲဒါ ဘာကြောင့်လဲ သိလား။ ဟဲဟဲ ... ခင့်လက်ထဲက ပိုက်ဆံတွေ ကြောင့်ပေါ့။ ခင့် အကြောင်းကို သူတို့ သိပြီးသား။ ခင် ရက်ရောတော့ သူတို့က ခင့်ကို ပိုပြီးတော့ အားပေးတာပေါ့။ အဲဒီတော့ ခင်က ချော့လို့ ကလို့ ပိုကောင်းတာပေါ့ မောင်ရဲ့။ တခေါက် တခေါက် သင်္ဘောတက်တဲ့ သုံးနှစ်၊ သုံးနှစ်မှာ ခင့် စိတ်ကလေး ခမျာ သနားစရာ ကောင်းလောက်အောင် မွန်းကျပ် ပိတ်လှောင် ခံထားရတာ။ ဟော ဒါက သုံးနှစ်စာ မွန်းကျပ် ပိတ်လှောင် ခံရတဲ့ စိတ်ကလေးတွေ အတွက်။ ဒါက မောင် မရှိတဲ့ အချိန် သမီးမိုက်ကလေး ယောကျ်ားနောက် လိုက်သွားတဲ့ ည အတွက်။

 

“ဟေ့ ... ဝိုင်းတော်တီးက ဘယ်သူ့ တပည့်လဲဟေ့”


“မှန်ပါ၊ ဖေကြီးကျော် တပည့်ပါ ဘုရာ့”


“တီးစမ်းဟေ့ ဒိုး”


“ဟေ့ ... ဒိုး ... ဒိုး”

 

ကဲ ... ရော့ ... ရော့ ဝိုင်းတော်တီးရဲ့။ ပတ်လုံးလေး တလုံးစီ ပေါ်ကို လေးဆယ့်ငါးကျပ်တန် တရွက်စီ တင်ပေးလိုက်မယ်။ တီးစမ်း၊ ရော့ ဒါက ဖေကြီးကျော် ကန်တော့ပွဲထဲ အရင်သွားထည့်။ လေးဆယ့်ငါးကျပ်တန် ဆယ်ရွက်။ ကျန်တာ နတ်ကတော် မိန်းမလျာလေးတွေ၊ နတ်ချွေးသုတ် အဘွားကြီးတွေ၊ ရော့ ... ရော့ ... တရွက်စီ။

 

“ဟေ့ ... ရပ်စမ်း ဆိုင်း။ ကိုကြီး သောက်ဦးမယ်ကွာ။ ကိုကြီး မောတယ်”

 

အား ... လည်ချောင်းထဲမှာ ရှပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ မောင်ရယ်။ ဟင် ... နတ်ဆီက တယ်ကောင်းကိုး မောင်ရဲ့။ ခင် သောက်တာ မဟုတ်ဘူး။ ခင်ဆိုတာ အရက်ကို ဘယ်တုန်းက လျှာပေါ် တင်ဖူးတဲ့ မိန်းမမို့လို့လဲ။

 

“ရော့ဟေ့ ညီဘွား၊ ကိုကြီးနဲ့ အတူသောက်။ ပေး ကြက်လောင်းကြေး”

 

ဟဲဟဲ ... မောင်က လိမ္မာသားပဲ။ ခင် နောက်တကျော့ က တော့မယ်။ အနံ့ကလေးကလည်း မွှေးမွှေးကလေးနော်။ ဟဲဟဲ ... ကြည့်မနေနဲ့ မောင်။ အရက် သောက်နေတာ ခင် မဟုတ်ဘူး။ ကိုကြီးကျော် မောင်ရဲ့။ နတ်သောက် နေတာလေ မောင်ရဲ့။ တထောင်၊ တထောင် ဝမ်း၊ ဝမ်း ဝမ်းသောင်ဇင် ပေး။

 

“ဟေ့ ... နန်းကြီးတထောင် ဟေ့”


“ဟေ့ ... ဟေ့ ... ဟေ ... ဟေ့ ...”

 

တီးစမ်း။ တီးစမ်း။ ရိုက်လိုက်စမ်းဟေ့ နတ်ဒိုး။ ဟောဒါက ယောက္ခမနဲ့ ရင်ဆိုင် ယှဉ်ပြိုင် ပိုက်ဆံ လုရတာတွေ အတွက်၊ ဟောဒါက မိန်းမသား တယောက်တည်း အိမ်ဆောက်ရတဲ့ ဒုက္ခတွေ အတွက်။

 

“လာခဲ့ကွ တကျိုက်။ ဟေ့ ပေးဦးကွ တထောင်”

 

က လို့ သိပ်ကောင်းတာပဲ မောင်ရယ်။ ဟဲဟဲ သောက်လို့လည်း ကောင်းတယ်။ ခင် မူးချင်လာပြီ မောင်ရဲ့။ ခင့် မျက်လုံးထဲမှာ စက်ဝိုင်းလေးတွေ လာနေပြီ။ လာပါစေ။ လာပါစေ မောင်ရယ်။ အဲဒီ အဝိုင်းလေးတွေက အရသာ ရှိတယ်။ ခင့် တကိုယ်လုံး ပေါ့ပါးပြီး တက်ကြွ လာတယ်။ မေ့ချင်တာတွေ အားလုံးကို မေ့သွားတယ်။ မောင့်ရဲ့ နိုင်ငံခြား ဆိပ်ကမ်းက တပတ် မယားလေးတွေ အကြောင်းကိုလည်း မေ့တယ် မောင်ရဲ့။ အို ... မသိဘူး။ ကမယ် မောင်ရဲ့။

 

“ဟေ့ ဒိုး ... ဒိုး ... နန်းတော်ကြီးက ဒိုး ...”

 

ဟောဒါက မောင် တခုသော နိုင်ငံရပ်ခြား ဆိပ်ကမ်းမှာ တပတ်နားတုန်း တပတ် မယားလေး တယောက်ကို ယူနေတယ် ဆိုတာ ကြားရတဲ့ နေ့အတွက်၊ သိရတဲ့ နေ့အတွက်၊ နာကျင်ရတဲ့ ညအတွက်၊ အဲဒီညရဲ့ မျက်ရည်တွေ အတွက်။ ဟဲဟဲ ... မောင်က ဖေကြီးကျော် လိုပဲနော်။ မောင်းမတွေ အများကြီး ယူချင်တယ်။ ယူတယ်။ ဘာတဲ့။ ခင်နဲ့ ဝေးနေတဲ့ အချိန် အစားထိုးဖို့ အတွက် တပတ် မယားလေးတွေကို ယူရတာပါတဲ့။ ဟဲဟဲ ... ခင်လည်း မောင့်လိုပဲ မောင် မရှိတဲ့ အချိန် အစားထိုးဖို့ အတွက် သုံးနှစ်ယောက်ျား ယူမယ် ဆိုရင်ရော၊ ဘယ့်နှယ်လဲ။ ဪ ... မောင်ရယ်။ ဒီလို အတွေးမျိုးကို လွတ်လပ်စွာ မတွေးဝံ့တဲ့၊ မူးမှ တွေးရဲတဲ့ မြန်မာမိန်းမပါ မောင်ရယ်။ တကယ်ကျတော့ ယောကျ်ား မရှိတဲ့ မိန်းမ၊ ဘယ်သူ့ ရှေ့မှာပဲ ဖြစ်ဖြစ်၊ ကိုယ် အမူအရာ၊ နှုတ် အမူအရာလေးက အစ ကျပ်တည်း ကျဉ်းမြောင်း ထိန်းသိမ်း လိုက်ရတဲ့ အဖြစ်။ အထင်အမြင် သေးမှာကို ကာကွယ် လိုက်ရတဲ့ အဖြစ်။ အို ... ပေး မောင်ရယ် နောက်တထောင် ခင် ကဦးမယ်။

 

ဟောဒါက မြန်မာမိန်းမ တယောက်ရဲ့ ကျပ်တည်း ကျဉ်းမြောင်း ထိန်းချုပ်မှုတွေ အတွက်။

 

ဟောဒါက ခင်တို့ မိသားစုရဲ့ မပြည့်စုံတဲ့ ထမင်းဝိုင်းလေး အတွက်။

 

ဟေ့ တီးကွ။ ရော့ ... ဒိုးကြေး။ ပေးဦး တထောင်။ ရော့ ... ရော့ ... တီးစမ်း။ သွားစမ်း၊ အားလုံး သွားစမ်း။ မကောင်းတဲ့ အာရုံတွေ ဘေးကို ဖယ်စမ်း။ ဖေကြီးကျော် တဲ့ကွ။

 

ဟင့်အင်း၊ ဖယ်ကြစမ်း၊ ငါ့ကို ထိန်းမထားနဲ့။ ငါ မမူးဘူး။ ချွေးလည်း မသုတ်နဲ့။ ငါ က ဦးမှာ။ ကဲ ... မောင်ရေ မောင့်ကတိ အတိုင်း ကျန်တဲ့ တထောင်ပေး။

 

ကဲ ... တီးလိုက်စမ်းဟေ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လေးကွ။

 

ဟောဒါက မောင် သွားတော့မယ့် သုံးနှစ် အတွက်၊ သုံးနှစ် အတွက်။

 

ဟောဒါက ခင့်ရဲ့ အထီးကျန် သုံးနှစ် အတွက်၊ ပူပန်မှု အတွက်၊ စိုးရိမ်မှု အတွက်၊ တင်းကျပ်မှုတွေ အတွက်။ အားလုံး အတွက်။

 

ဖေကြီးကျော် ကြွတော့မယ်။ ကြွတော့မယ်။ ခင့်ကို ထိန်းထားပါ။ ကန်တော့ပါတယ်။ ကန်တော့ပါတယ်။ ကျေနပ်တော်မူပါ။ ကျေနပ်တော်မူပါ။ နတ်ဝတ်တွေ ချွတ်ပြီး ခင့်ကို ကားပေါ် တခါတည်း ပို့နော်။ ရပါတယ် မောင်ရဲ့။ ခင် ဘာမှ မဖြစ်ပါဘူး။ နတ် ထွက်သွားပါပြီ။ ခင် နတ်ချော့ ပြီးသွားပါပြီ။ ခင် ထိုင်ခုံမှာ ပုံကျနေလို့ မောနေတယ်လို့ မောင် ထင်သလား။ ခင့် ရင်ထဲမှာ ပေါ့ပါးနေတယ်။ ရှင်းလင်းနေတယ်။ လွတ်လပ်နေတယ်။ ကျေနပ်နေတယ် သိရဲ့လား။

 

နောက်တပတ်က စပြီး ရေတွက်တဲ့ သုံးနှစ်ကို ရင်ဆိုင် ဖြတ်သန်းဖို့ ခင် အဆင်သင့် ဖြစ်ပါပြီ မောင် ...။


---

 

#နုနုရည်အင်းဝ

#နတ်ချော့သူ

#ညမဖတ်ရ

Tuesday, October 22, 2024

လူမသိသူမသိ ပျောက်ကွယ်....



 A bunch of youths

exists in every era.


They like cigarettes.

They like poems.

They like tea.

They like books.

They like classical music.

And they like politics.


People think they are crazy,

throwing eggs at rock mountains.

Some say they are future rebels.

According to that old man,

they are rioting, bad students.


Their peers don't want to associate with them,

calling them nutcases:

"Stay away from them,

or you'll be implicated in their mess."


Marxism infatuates them.

Reactionaries they abhor.

When drunk, they sing the Internationale.

But in love affairs, they are unlucky.


In due time, they will be

behind bars, or

amid jungles, valleys, and mountains, or

disappeared,

without ever receiving any awards.


A bunch of youths,

who vanished,

unknown to anyone,

has existed in every era.


(Mg Nyein Chan)


                                      ****


မောင်ငြိမ်းချမ်းရဲ ကဗျာကို ကြိုက်လို့ လွန်ခဲ့တဲ့ သုံးနှစ်တိတိက အင်္ဂလိပ်လို ပြန်လိုက်မိတယ်။ ဒီနေ့ memory အနေနဲ့ ပြန်ပေါ်လာလို့ အနည်းငယ် တည်းဖြတ် ပြင်ဆင်လိုက်ပါတယ်။ ဘာသာပြန်နဲ့ပတ်သက်ပြီး အကြံပေးစရာရှိရင်လည်း အကြံပေးပါ။ ဝေဖန်ချင်လည်း ဝေဖန်ပါ။


(မျိုးနိုင်)

၁၉ အောက်တိုဘာ ၂၀၂၃၊ ကြာသပတေးည ၉း၁၁


                                        ****


လူငယ်လေးတစ်စု

ခေတ်တိုင်းမှာ သူတို့ရှိတယ်။


ဆေးလိပ်ကြိုက်တယ်

ကဗျာကြိုက်တယ်

လက်ဖက်ရည်ကြိုက်တယ်

စာအုပ်ကြိုက်တယ်

ဂန္တဝင်ဂီတကြိုက်တယ်

နောက်ပြီး

နိုင်ငံရေးကြိုက်တယ်။


လူတွေက သူတို့ကို အရူးလို့ထင်ကြတယ်။

ကျောက်တောင်ကို 

ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။


တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့။

ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး

လူကြောင်တွေတဲ့ 

ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့။


မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ် 

ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်

မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ် 

အချစ်ရေးတော့ကံခေကြတယ်ဗျ။


အချိန်တန်တော့သူတို့တွေဟာ

သံတိုင်တွေ နောက်မှာ

တောတောင်လျှိုမြောင်တွေကြားမှာ 

ဘာဆုလာဒ်မှမရဘဲ

ပျောက်ဆုံးကုန်ကြတယ်။


လူမသိသူမသိ ပျောက်ကွယ်သွားတဲ့

လူငယ်လေးတစ်စုဟာ

ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။


(မောင်ငြိမ်းချမ်း)

Wednesday, September 25, 2024

အရည်းကြီးများနဲ့ ပန်းဦးလွှတ်ခြင်း ဆိုသော

 **ရှင်အရဟံနှင့် အနော်ရထာမင်း တွေ့ဆုံခန်း၊အရည်းကြီးများနဲ့ ပန်းဦးလွှတ်ခြင်း ဆိုသော လုပ်ဇာတ်ဒဏ္ဍာရီ**




--ကျွန်တော့်အမြင်မှာ သမိုင်းနဲ့ ဒဏ္ဍာရီ ပေါင်းစပ်ပြီးတော့ ရာဇဝင်ဆိုတာ ဖြစ်လာတယ်လို့ ထင်မိပါတယ်။ ဒါပြင် ရာဇဝင်ဟောင်းတွေကို ဖြတ် ညှပ် ကပ် ပေါင်းစပ်ပြီး ရာဇဝင်အသစ်တွေလည်း ဖြစ်လာတတ်ပါတယ်။ 


အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့တွေ၊ အနော်ရထာမင်းနဲ့ ရှင်အရဟံ တွေဆုံခန်းတွေ ဆိုတဲ့ ရာဇဝင်ထည်းကအော်ပရာဆန်ဆန် ဖြစ်ရပ်ကို ကြည့်ပါ။ ရှင်အရဟံနဲ့ အနော်ရထာမင်း တို့ဟာ သမိုင်းတင် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အင်း ဦးကုလား ရာဇဝင်မှာ စပြီး ပါဝင်လာခဲ့တဲ့ ယင်း ပုဂ္ဂိုလ်နှစ်ဦးရဲ့ တွေ့ဆုံပုံ အရည်းကြီးနဲ့ ပန်းဦးလွှတ် စတဲ့ ရာဇဝင်ဖြစ်ရပ်ကတော့ဖြင့် ဇာတ်ညွှန်းအဟောင်းတွေကို ဖြတ် ညှပ် ကပ် ပုံပြောင်း နေရာလွှဲ ကူးယူပြီး အသစ်ဖန်တီးထားတဲ့ ရာဇဝင် ဒဏ္ဍာရီ လုပ်ဇာတ်လို့ ဆိုချင်ပါတယ်။


အမှန်တကယ် အားမနာတမ်း ပြောရရင် ဦးကုလားဟာ မဟာရာဇဝင်ကြီးထဲမှာ အကျင့်ဆိုး တာတေလံ အရည်ကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့တွေကို ထိုးဇာတ်ဆင်ပြီး ရာဇဝင်ဖြစ်ရပ် ဖြစ်သယောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖန်တီးမှုဟာ မြန်မာယဉ်ကျေးမှုရဲ့ အချက်အချာ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုနဲ့ မြန်မာလူအဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာတွေကို သိမ်သိမ်မွေ့မွေ့နဲ့ အဆုံးစွန် သိက္ခာချခဲ့တာ ဖြစ်ပါတယ်။


ဦးကုလားရဲ့ ပုဂံပြည်က အရည်းကြီးနဲ့ ပန်းဦးလွှတ်ဓလေ့ဟာ "" လုပ်ဇာတ် "" သာ ဖြစ်ပါတယ်။


ယင်းဇာတ်လမ်းရဲ့ အကျဉ်းချုပ် ဇာတ်ကြောင်းကတော့ 


၁-အနော်ရထာမင်း မတိုင်ခင်ကတည်းက ပုဂံပြည်မှာ ဗုဒ္ဓသာသနာ မရှိပဲ အကျင့်ပျက် အရည်းကြီး ခြောက်သောင်းသာ ကြီးစိုးတယ်။ 


၃-မင်း မှူး မတ်ကအစ ပြည်သူတွေဟာ သား သမီးတွေကို မထိမ်းမြားမီ အရည်းကြီးတွေဆီ ပန်းဦးလွှတ်ဖို့ တစ်ညတာ ပို့ပြီးမှ ထိမ်းမြားရတယ်။


၄-ပုဂံမှာ ဘုရားသာသနာ မထွန်းကားလို့  ရှင်အရဟံဟာ ပုဂံပြည်ကို ကြွလာတယ်။ တောတစ်နေရာမှာ သီတင်းသုံးနေတုန်း မုဆိုးတစ်ဦးက တွေ့ပြီး နန်းတော်ကို ခေါ်လာတယ်။


၅-နန်းတော်ရောက်တဲ့ အခါ အနော်ရထာမင်းက သင့်လျော်ရာနေရာမှာ နေထိုင်ပါလို့ ဆိုတဲ့ အခါ နန်းပလ္လင်ပေါ်မှာ ရှင်အရဟံက ထိုင်တော်မူတယ်။ မင်းကြီးက ရှင်အရဟံရဲ့ အမျိုးအနွယ်ကို မေးလျှောက်တဲ့အခါ ဘုရားသားတော်လို့ ဖြေတော်မူတယ်။ တရားတောင်းတဲ့ အခါမှာ နိဂြောဓသာမဏေက အသောကမင်းကြီးကို ဟောကြားတော်မူခဲ့တဲ့ အပ္ပမာဒ စတဲ့ တရားတော်တွေကို ဟောတော်မူတယ်။ အဲဒီနေ့ကစပြီး အနော်ရထာမင်းဟာ ဘုရားသာသနာမှာ ယုံကြည်သက်ဝင်ခဲ့တယ်။ အရည်းကြီး ခြောက်သောင်းကို အဝတ်လဲစေတယ်၊ လို့ ဖြစ်ပါတယ်။


ဦးကုလားဟာ မဟာရာဇဝင်ကြီးကို ပြုစုတော့ ဗုဒ္ဓကျမ်းဂန်တွေ သီဟိုဠ်ရာဇဝင်၊ ဇမ္ဗူကွန်ချာ၊ သထုံရာဇဝင် အပါအဝင် ကျမ်းပေါင်း ခုနှစ်ဆယ်ကျော်ကို ကိုးကားခဲ့ပါတယ်။ ရှင်အရဟံနဲ့ အနော်ရထာမင်း တွေ့ဆုံခန်း ဖြစ်ရပ်ကို ဦးကုလားဟာ သီဟိုဠ်ရာဇဝင် ဒီပဝံသကျမ်းလာ အသောကမင်းကြီးနဲ့ နိဂြောဓသာမဏေ တွေ့ဆုံခန်း၊ သထုံရာဇဝင်လာ သထုံပြည်က ပြေးလာတဲ့ သာမဏေငယ်နဲ့ အနော်ရထာ တွေ့ဆုံပုံ၊ ဇမ္ဗူကွန်ချာကျမ်းမှာပါတဲ့ ရှင်အရဟံနဲ့ အနော်ရထာမင်းတို့  သာသနာဖွင့်ဖြိုးရေး လုပ်ဆောင်ချက်တွေကို နမူနာယူ ပေါင်းစပ် ညှိနှိုင်းပြီး ဖန်တီးထားတဲ့ သမိုင်းဒဏ္ဍာရီသာ ဖြစ်ပါလိမ့်မယ်။


ဒီသမိုင်းဒဏ္ဍာရီရဲ့ အဓိကဇာတ်ကွက် main scenario သည်ကား သမိုင်းတင် အနော်ရထာမင်းရဲ့ ကြီးကျယ်သော သမိုင်းဝင် သာသနာပြုခြင်းလုပ်ငန်းကို ဖော်ပြတာ ဖြစ်ဟန် ပုံဖော်ထားပါတယ်။ သို့ပေမဲ့ အနော်ရထာခေတ် အစောပိုင်းနဲ့ အနော်ရထာ မတိုင်မီ မင်းတွေလက်ထက်မှာ "


* ဇမ္ဗူကွန်ချာကျမ်းမှာ ပါဝင်တာကတော့ 

" မြတ်စွာဘုရား သာသနာတော် ထောင့်ခြောက်ရာ ခြောက်နှစ် ဖြစ်လေသောအခါဝယ် အရိမဒ္ဒနာ ပေါက္ကာရာမ မည်သော တမ္ပဒေသ၌ 

အနော်ရထာမင်းမြတ်သည် အရဟံ မည်ရှိသော ဆရာတော်နှင့်တကွ သာသနာတော်သုံးပါး အစီးအပွားကို ပြုတော်မူ၏" လို့ ဖြစ်ပါတယ်။


*** ဒီပဝံသကျမ်း ခရစ်နှစ် ၃ရာစုရေး မှာက

အသောကမင်းဟာ ဘိသိတ်ခံပြီး သုံးနှစ်ကြာအထိ မိစ္ဆာဒိဌိ ပါသဏ္ဍအယူကို ယူခဲ့ပြီး၊ နိဂြောဓသာမဏေနဲ့ တွေ့ဆုံ၍ အပ္ပမာဒ ဒေသနာ နာကြားရပြီးနောက်မှာမှ ဗုဒ္ဓသာသနာမှာ သက်ဝင်ယုံကြည်တယ်၊ ဗုဒ္ဓဘာသာ ခံယူပြီးတဲ့အခါမှာ တိတ္ထိခြောက်သောင်းနဲ့ အဆက်ဖြတ်ပြီး ဗုဒ္ဓရဟန်းတော် ခြောက်သောင်းကို ဆည်းကပ်တယ်လို့ ပါရှိပါတယ်။


** သထုံရာဇဝင်မှာ ပါရှိတာက


( မနူဟာ)မင်းသည်။ ဘုန်းအာဏာနိမ့်လျက်။ ကျေးလက်ရွာ ပြည်၊ မုတမ်းတ ထူထပ်၍၊ အငတ်အမွတ်ကြီးပေလျှင် အရိယာသံဃာတော်တို့လည်းလွင့်ပြားလေ၍၊ တပါးသော၊ "သာမ​ဏေ"မှာ အရိမဒ္ဒနပုရပုဂံ မြို့၏၊ နယ်ပယ်သို့ရောက်သဖြင့်၊မုဆိုး တစ်ယောက်ကတွေ့လေ၍။ထိုသာမဏေအား ၊ပုဂံနန်း(အနုရုဒ္ဓဒေဝ) မင်းသို့ဆက်လေသည်။ထိုမင်းသည်လည်း။ရတနာသုံးပါး၌ အ ထူးနှစ်သက်ပါသော်လည်း ပရိယတ္တိသာသနာတော်အမှန်ကို မကြားနာရသေး၍၊ အလဇ္ဇီ ရဟန်းတို့နှင့်သာ နေရလေသည်။  သာသနာတော်တည်မည့်အချိန်အခါ၌ သာမဏေလည်း ရောက်ထ၁ ၍၊အကြောင်းမျိုးစု ကိုဟောပြလေလျှင်" လို့ ပါရှိပါတယ်။ အနော်ရထာမင်းဟာ သာမဏေငယ်နဲ့ တွေ့ရှိ တရားနာရပြီးမှ ဗုဒ္ဓသာသနာမှာ သက်ဝင်ယုံကြည်တယ်လို့ ဆိုပါတယ်။ 


ဆိုတော့ကို သထုံရာဇဝင်နဲ့ ဦးကုလား ရာဇဝင် နှစ်ခုလုံးဟာ သီဟိုဠ်ရာဇဝင် ဒီပဝံသကျမ်းလာ အသောကမင်းနဲ့ နိဂြောဓသာမဏေ တွေ့ဆုံခန်း အဖြစ်အပျက်ကို ပုံစံခွဲပြီး အနော်ရထာမင်းနဲ့ ရဟန်း သို့ သာမဏေငယ်နဲ့ တွေ့ဆုံဟန် သံတူကြောင်းခွဲ ဇာတ်ကြောင်းဆင်ခဲ့ဟန် တူပါတယ်။ သထုံရာဇဝင်ဟာ အသောကမင်း ဇာတ်ရုပ်နေရာမှာ အနော်ရထာမင်းနဲ့ အစားထိုးပြီး နိဂြောဓသာမဏေ နေရာမှာ သထုံက သာမဏေငယ်နဲ့ အစားထိုးခဲ့ပုံ ရှိနေကြောင့် တွေးဆနိုင်ပါတယ်။


ဦးကုလား အနေနဲ့က သထုံရာဇဝင်နဲ့ ဒီပဝင်ပါ အကြောင်းအရာတွေကို အသွင်အသစ်နဲ့ ရောစပ်အသုံးချ ဖန်တီးခဲ့တာကို မြင်ရပါတယ်။  သထုံက လာတဲ့ သာမဏေငယ် နေရာမှာ ဇမ္ဗူကွန်ချာကျမ်းပါ ရှင်အရဟံနဲ့ အစားထိုး ပုံဖော်ပါတယ်။ သထုံကလာတဲ့ သာမဏေ တောထဲမှာ မုဆိုးနဲ့တွေ့တာကို  ရှင်အရဟံ တောတွင်းမှာ မုဆိုးနဲ့ တွေ့ကြောင်း အဖြစ် ဇာတ်ကွက်တူ ဇာတ်ရုပ်ပြောင်းခဲ့တာကို တွေ့မြင်ရပါတယ်။ တောထည်းမှာ မုဆိုးနဲ့တွေ့ပြီး နန်းတွင်ထည်း ရောက်လာတယ်။ သထုံရာဇဝင်မှာက သထုံက သာမဏေ။ ဦးကုလားမှာက ရှင်အရဟံ။ ဒါပါပဲ။ 


 ဆိုတော့ ဒီပဝင်နဲ့ သထုံ အဆက်အစပ်ကို

ဒီပဝင်                                သထုံရာဇဝင်

အသောကမင်း      သဏ္ဍာန်တူ   အနော်ရထာမင်း

နိဂြောဓသာမဏေ  သဏ္ဍာန်တူ    သထုံ သာမဏေ လို့ တွေ့ရပါတယ်။


သထုံနဲ့ ဦးကုလား အဆက်အစပ်ကို


သထုံရာဇဝင်                         ဦးကုလားရာဇဝင်

အနော်ရထာမင်း        =              အနော်ရထာမင်း

သထုံ သာမဏေ     ဇာတ်ရုပ်ပြောင်း  ရှင်အရဟံ 

လို့ တွေ့ရှိရပါတယ်။ 


ဦးကုလားရာဇဝင်ထက် အများကြီးစောတဲ့ ဇမ္ဗူကွန်ချာမှာ ရှင်အရဟံရဲ့ ဇစ်မြစ် မပါရှိပါ။ ဇမ္ဗူကွန်ချာကျမ်းဟာ ဝန်ဇင်းမင်းရာဇာပြုစုတယ်လို့ အဆိုရှိပါတယ်။ အဲဒီတော့ ဦးကုလားဟာ မ္ဗေူကွန်ချာနဲ့ သထုံရာဇဝင်ကို ကျမ်းညှိယူငင်လိုက်ပုံ ပေါ်ပါတယ်။ သူရဲ့ ရာဇဝင်ရေးပုံက ရှိနှင့်ပြီးသာ စာအဟောင်းတွေက အကြောင်းအရာတွေကို ညှိုနှိုင်း တည်းဖြတ်လပေါင်းထည့် ဖန်တီးပုံမျိုး ဖြစ်ပါတယ်။


ဦးကုလား ရာဇဝင်က အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့မှာ "သား သမီးတွေကို" မထိမ်းမြားမီ အရည်းကျောင်းကို တစ်ညပို့ရတယ်လို့ ဆိုထားတယ်။ အခုခေတ်မှာ အဲဒီ အရေးအသားကို ဘယ်လိုများ အဓိပ္ပါယ်ကောက်ယူကြသလဲ ဆိုတော့ အပျိုစင် မိန်းကလေးတွေကို အရည်းကြီးကျောင်းမှာ တစ်ညပို့ရပြီး အရည်းကြီးနဲ့ လိင်ဆက်ဆံပြီး အပျိုစင်ဘဝကို ပေးဆပ်ရတယ်လို့ ဖြစ်နေကြပါတယ်။ ဆိုတော့ သားယောက်ျားတွေကို ပို့ရတယ်အကြောင်းကရော ဘာလဲ။ 


အဲဒီ "သား သမီးတွေ" ဆိုတဲ့ ထူးဆန်းတဲ့အရေးအသားကို ပါဠိဘာသာ ပညာရှင် ဒေါက်တာ မာဘယ် ဘုတ်က နားဝေတိမ်တောင် ဖြစ်ရကြောင်း၊ အဲဒီထုံးစံဟာ ကမ္ဘောဒီးယားပြည်မှာ ပျံ့နှံ့ခဲ့တဲ့ ဓလေ့ ဖြစ်ကြောင်း၊ အဲဒီဓလေ့မှာ လက်ထပ်ဖို့ အရွယ်ရောက်ပြီး အပျို လူပျို (virgin = လိင်ဆက်ဆံမှု အတွေ့အကြုံ လုံးဝမရှိသူ) တွေကို ထိမ်းမြားပွဲ မတိုင်မီ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ဦးဆီ ပို့ပေးရကြောင်း အကြောင်းအရာတွေကို အဆုံးသတ် ကောက်ချက်ဆွဲဖို့  အတားအဆီး ဖြစ်ရကြောင်း " မြန်မာပြည်မှ အစောပိုင်း သဒ္ဒါကျမ်းပြုသူများ " သုတေသနဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ အဲဒီပညာရှင်က ကမ္ဗောဒီးယားက ပန်းဦးလွှတ်ဓလေ့ အထောက်အထားကို ပြင်သစ်ပညာရှင် ပေါလ် ပေလီယိုရဲ့ " ခမာပြည်မှ လူများ၊ ဓလေ့ထုံးစံများ ဆိုင်ရာ အမှတ်အသားများ" စာတမ်းကို စာအကိုးအကား ပြပါတယ်။

 

#ဆရာကြီးပေလီယိုရဲ့ " ခမာပြည်မှ လူများ၊ ဓလေ့ထုံးစံများ" စာတမ်းဟာ ခရစ်နှစ် ၁၃ ရာစု တရုတ်သံတမန် ကျူးတာကွမ်းရဲ့ ခေတ်ပြိုင်မှတ်တမ်း "ကျန်း-လ-ဖန်-တု-ကျိ" ကို ဖွင့်ဆိုထားတယ် ဖြစ်ပါတယ်။ ကျူးတာကွမ်းဟာ ကမ္ဗောဒီးယားပြည်မှာ ၃ နှစ်တာ နေထိုင်ခဲ့ပြီး ကိုယ်တိုင် ကြားသိခဲ့တဲ့ ခမာထုံးစံတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ၁၃ ရာစု ခမာပြည်မှာ မထိမ်းမြားမီ ပန်းဦးလွှတ်တဲ့ ဓလေ့ကို မင်း အသိအမှတ်ပြုပြီး တွင်တွင်ကျယ်ကျယ်ကြီး ကျင့်သုံးတာတွေကို ကျူးတာကွမ်းရဲ့ မှတ်တမ်းအရ သိရပါတယ်။ မထိမ်းမြားမီ အပျိုစင်မိန်းကလေးကို မိဘများက ဗုဒ္ဓဘာသာဘုန်းကြီး ဒါမှမဟုတ် တာအိုဘုန်းကြီးတစ်ပါးဆီ ပို့ရပါတယ်။ ခေတ်သစ်ဖွင့်ဆိုသူတွေက တာအိုဘုန်းကြီး ဆိုတာ မဟုတ်နိုင်ပဲ ဟိန္ဒူဘုန်ကြီး ဖြစ်မယ်လို့ ဆိုကြပါတယ်။


အဲဒီမှတ်တမ်းပါ ပန်းဦးလွှတ်ပုံကလဲ အခုခေတ် မြန်မာပြည်မှာ ပေါက်လွှတ်ပဲစား ပြောနေကြသလို လိင်ဆက်ဆံတာမျိုး  ဟုတ်ဟန် မတူပါဘူး။ပန်းဦးလွှတ်ပေးသူက လက်ချောင်းကို အသုံးပြု ဆောင်ရွက်ရပါတယ်။ သွေးပေနေတဲ့ လက်ချောင်းကို အရက်ခွက်ထဲ နှစ်ပြီး သန့်စင်ကြတယ်။ အမိ အဖ ဆွေမျိုး အိမ်နီးချင်းတွေက သူတို့ နဖူးကို အဲဒီ ( သွေးစွန်းအရက်နဲ့) ရေးတို့ အမှတ်အသား ပြုကြတယ်လို့ မှတ်တမ်းမှာ တွေ့ရတယ်။


နောက် ခရစ်နှစ် ၁၅ ရာစုမှာ တရုတ်ခရီးသွား မာ့ဟွမ်း Mǎ huān ရေး တရုတ်မှတ်တမ်းတစ်ခု ဖြစ်တဲ့ ယင်း-ယ-ကျန်း-လန် မှာ ပန်းဦးလွှတ်ဓလေ့ကို ခရစ်နှစ် ၁၅ ရာစုက  ရှမ်းလိုပြည် ဆိုတဲ့ထိုင်းနိုင်ငံမှာ ပန်းဦးလွှတ်ဓလေ့ ရှိကြောင်း ပါရှိပါတယ်။ အဲဒီမှတ်တမ်းအရ ရှမ်းလိုပြည်က သတိုးသား/ သမီးတို့ကို မထိမ်းမြားမီ ပန်းဉီးလွှတ်ပုံကို 


" ထိမ်းမြားတဲ့အခါမှာ ဘုန်းကြီးတစ်ဦးကို ဖိတ်ကြားပြီး သတို့သားနဲ့အတူ သတို့သမီး မိန်းကလေးအိမ်ကို သွားကြရပါတယ်။ ထိုနောက် (သတို့သမီး) မိန်းကလေးရဲ့အိမ် ရောက်တဲ့အခါ ဘုန်းကြီးကို မိန်းကလေးရဲ့ အပျိုစင်သွေးကို ယူစေပြီး (သို့) အဲဒီမိန်းကလေးငယ်ကို ပန်းဦးလွှတ်ပြီး  deflower ( Eng),  déflore ( Fr) သတို့သားငယ်၏နဖူးကို အဲဒီသွေးနဲ့ တို့သုတ်ပြီး အမှတ်အသားပြုပါတယ်။  ဒါကို လိရှိ 利市 (မင်္ဂလာအထိမ်းအမှတ်?) လို့ ခေါ်တယ်။  အဲဒါပြုပြီးမှ ထိမ်းမြားမှု အထမြောက်ပါတယ်။ နောက် သုံးရက်မြောက်သောနေ့မှာ  ဘုန်းကြီးနှင့် မိဘတို့ဟာ သတို့သား၊ သတိုးသမီးတွေကို ကွမ်းသီးတွေနဲ့ ပြည့်နေတဲ့ အလှဆင် လှေတွေပေါ်တင်ပြီး သတိုးသားအိမ်ကို ခေါ်လာကြတယ်။ အဲဒီနောက် ထိမ်းမြားပွဲကို သေရည်၊ အတီးအမှုတ် တေးဂီတတွေနဲ့ ကျင်းပကြတယ်" လို့ ဖြစ်ပါတယ်။


ဒါပြင် ၁၆ ရာစုမှာ ကုန်ခါနီးမှာ ပြုစုပြီးခဲ့တဲ့ တရုတ်စွယ်စုံကျမ်း တစ်ခုဖြစ်တဲ့ စန်း-ချိုက်-ဟူ-ဝှေ့ရဲ့ ခမာပြည် ကဏ္ဍမှာ 

" မိန်းကလေးတစ်ယောက် အသက်အရွယ် ကိုးနှစ် အရောက်မှာ ဘုန်းကြီးတစ်ပါးကို ဖိတ်ပြီး ဂါထာမန္တန်တွေ ရွတ်ဖတ်၍ ဗြဏ္မဏထုံးစံ အစီအမံတွေကို ပြုစေတယ်။ အဲဒီနောက် လက်ချောင်းနဲ့ ပန်းဦးလွှတ်ပြီး အပျိုစင်သွေးကို မိန်းကလေးရဲ့ နဖူးမှာ သုတ်လိမ်းပေးရပါတယ်။ မိန်းကလေး မိခင်ရဲ့ နဖူးမှာလဲ သုတ်လူးပေးရပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့မှ မိန်းကလေးဟာ မင်္ဂလာဦးမှာ ပျော်ရွှ ချမ်းမြေ့ရပါတယ်။ အဲဒီ ထုံးစံကို လိရှီ 利市 လို့ ခေါ်တယ်။ " လို့ ပါရှိပါတယ်။


ဒေါက်ာ မာဘယ် အနေနဲ့ ကောက်ချက် မဆွဲနိုင် ဖြစ်ရတယ် ဆိုပေမဲ့ ဦးကုလားရဲ့ နောက်ရေး ရာဇဝင်နဲ့ တရုတ်ခေတ်ပြိုင်မှတ်တမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရင် ကောက်ချက် ဆွဲနိုင်ပါလိမ့်မယ်။ ဦးကုလား ရာဇဝင်ဟာ ခရစ် ၁၈ ရာစုရေး ရာဇဝင် ဖြစ်ပါတယ်။  အနော်ရထာမင်းရဲ့ ခေတ်ဟာ ခရစ်နှစ် ၁၁ ရာစု ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀၀ ကွာပါတယ်။ အနော်ရထာမင်းနဲ့ ခေတ်ပြိုင်မှတ်တမ်း မဟုတ်ပါဘူး။ အရည်းကြီးတွေ၊ ပန်းဦးလွှတ်တာတွေကို သူကိုယ်တိုင် ပုဂံ အနော်ရထာခေတ်မှာ အသက်ရှင်နေထိုင်ခဲ့ပြီး တွေ့ကြုံပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ ရှင်ရဟံ အနော်ရထာ တွေ့ဆုံခန်းမှာပဲ ရှေးရာဇဝင်တွေကို သူစိတ်ကူးနဲ့ ပုံပြောင်း အစားထိုး ဖန်တီးခဲ့တာ အထင်အရှား တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပြင် 


ဦးကုလားရဲ့ အရည်းကြီးဆိုတာ ဒီပဝံသကျမ်းပါ တိတ္ထိတွေကို ပုဂံခေတ်က ရှိခဲ့ဟန် ပုံပြောင်း ဖော်ပြထားတာ ဖြစ်ဖို့ ရှိပါတယ်။ အနော်ရထာမင်းနဲ့ ရှင်ရဟံတို့ရဲ့ သာသနာပြုလုပ်ငန်းတွေကို ဂုဏ်တင်ဖို့ အသောကမင်းနဲ့ နိဂြောဓသာမဏေတို့ ပုံစံ mold ယူပြီးဖန်တီးထားတဲ့ အပြင် ပိုပြီး ဇာတ်နာအောင် အကျင့်ဆိုး တာတေလံ အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်တာတွေကို ပုဂံမှာ ရှိခဲ့လေဟန် ဖန်တီးခဲ့တာသာ ဖြစ်ဖို့ များပါတယ်။ အမိဘက်က ထိုင်းယိုးဒယားပိဿနုလောက်စား သွေးပါတဲ့ ဦးကုလားဟာ ခမာနဲ့ ယိုးဒယားဖက်က ပန်းဦးလွှတ်ဓလေ့တွေကို ကြားဖူးနားဝ ရှိနေဟန် တူပါတယ်။ အရည်းကြီးနဲ့ ပန်းဦးလွှတ်ဓလေ့တွေကို ဦးကုလားဟာ ၁၈ ရာစုခေတ်ကာလမှာ စိတ်ကူးယဉ်အချိန်ယန္တယားပေါ် တင်ပြီး ၁၁ ရာစု ပုဂံပြည်ဆီ ပို့လိုက်ဟန် တူပါတယ်။ အဲဒီနည်းနဲ့ ပုဂံခေတ် မြန်မာယဉ်ကျေးမှုနဲ့ လူအဖွဲ့အစည်းကို မျိုးဆက်နဲ့ ချီပြီး သိက္ခာ ချခဲ့တာ ဖြစ်ပါတယ်။


အနော်ရထာခေတ်ကနေ ပုဂံပြည်ပျက်တဲ့ အနှစ်သုံးရာလော ကာလမှာ ရေးထိုးထားတဲ့ ခေတ်ပြိုင်ကျောက်စာတွေမှာ အကျင့်ဆိုး တာတေလံ အရည်းကြီးတွေ ကြီးစိုးကျောင်း တစ်လုံးတစ်ပါဒမှ မပါ မရှိပါ။ ပန်းဦးလွှတ်ဓလေ့ ရှိကြောင်းလည်း တစိုးတစေ့မှ မတွေ့ရပါ။ အနော်ရထာနဲ့ ( နန်းတက် ၁၀၀၂ သို့ ၁၀၄၄ - နတ်ရွာစံ ၁၀၃၆ သို့ ၁၀၇၇ ) ခေတ်ပြိုင်နီးပါး ဖြစ်တဲ့ ခရစ်နှစ် ၁၁၇၆ ရေး တရုတ်မှတ်တမ်း လင်း-ဝေ-တိုင်း-တ မှာ 

"ပုဂံပြည်သားတွေဟာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူတွေ ဖြစ်ပြီး ပုဂံမှာ ဘုရား စေတီ ကျောင်း ရာနဲ့ချီပြီး ရှိတယ်။ ရဟန်းတွေဟာ အဝါရောင်သင်္ကန်းကို ဝတ်ရုံကြတယ်။ ယခု (စုန့်)မင်းဆက်ရဲ့king-tö ပထမနှစ် ( ခရစ်နှစ် ၁၀၀၄ ခု) မှာ ပုဂံပြည်က သံအဖွဲ့ ရောက်လာတယ် "  လို့ ပါရှိတယ်။ ပုဂံနဲ့ ခေတ်ပြိုင် စုန့်မင်းဆက်ခေတ်က အဲဒီမှတ်တမ်းမှာ အကျင့်ပျက် တာတေလံ အရည်းကြီးတွေ ကြီးစိုးတာနဲ့ ပန်းဦးလွှတ်ဓလေ့တွေ မပါရှိပဲ ပုဂံသားတွေ ဘုရားကြည်ညိုကြတာနဲ့ ရဟန်တော်တွေဟာ "အဝါရောင်သင်္ကန်း" ဝတ်ရုံကြတာတွေပဲ တွေ့ရှိရပါ။ ပြည်တွင်းခေတ်ပြိုင်မှတ်တမ်း၊ ပြည်ပခေတ်ပြိုင် မှတ်တမ်းတွေမှာ ပုဂံပြည်မှာ အရည်းကြီးကြီးစိုးပုံ မင်းနဲ့တကွ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်တဲ့  ပန်းဦးလွှတ်ဓလေ့တွေ ရှိပုံကို လုံးဝ လုံးဝ မတွေ့ရှိရပါ။ ဒါပေမဲ့ ခမာပြည်နဲ့ ဦးကုလား အမေ့ဘက်က အမျိုးနွယ်တွေ ရှိရာ ယိုးဒယားဘက်မှာ အဲဒီဓလေ့ ရှိခဲ့တာကို ခေတ်ပြိုင်မှတ်တမ်းတွေမှာ ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။


ကျူးတာကွမ်းရဲ့ ကျန်း-လ-ဖန်-တု-ကျိ ( ခမာပြည်မှ လူများနှင့် ဓလေ့ထုံးတမ်းများ) ဆိုတဲ့ မှတ်တမ်းဟာ ခေတ်ပြိုင် ကိုယ်တွေ့မှတ်တမ်း ဖြစ်ပါတယ်။ ခရစ်နှစ် ၁၃ ရာစုမှာ ကျူးတာကွမ်းဟာ ယွမ်ရှိနန်းတွင်ရဲ့ သံတာဝန်နဲ့ ခမာပြည်ကို ရောက်ရှိခဲ့ရာမှ ကိုယ်တွေ့ ကြားသိခဲ့ရတာတွေကို မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ ဆိုတော့ ပန်းဦးလွှတ်ဓလေ့ဟာ ခရစ်နှစ် ၁၃ ရာစုက ခမာပြည်မှာ တခမ်းတနား ပျံ့နှံ့တည်ရှိခဲ့တာကို အပြီးသတ် ကောက်ချက်ချနိုင်တယ်။ ၁၃ ရာစုမှာ အခိုင်အမာ ပျံ့နှံ့တည်ရှိနေပြီဆိုရင် ရှေးယခင် ကာလကြာမြင့်ချိန် ကတဲက ခမာပြည်မှာ ရှိနေခဲ့ပြီဆိုတာ မြေကြီးလက်ခပ် မလွဲ ဖြစ်ပါတယ်။ အဲဒီ ခမာပန်းဦးလွှတ်ဓလေ့ဟာ ၁၅ ရာစု ထိုင်းနိုင်ငံအထိ ဆက်လက် ပျံနှံ့ တည်ရှိနေတယ်ဆိုတာလဲ နောက်တရုတ်မှတ်တမ်းအရလဲ အခိုင်အမာ အတည်ပြုနိုင်ပါတယ်။

 

အဆုံးသတ်အနေနဲ့ ပြောရရင် 

-ရှင်ရဟံနဲ့ အနော်ရထာမင်း တွေ့ဆုံခန်း မူဟန်တွေ

-ပုဂံခေတ်မှာ အရည်းကြီးတွေ ကြီးစိုးတာတွေ

-ပန်းဦးလွှတ် ဓလေ့ ခိုင်မာ ပျံ့နှံ့ တည်ရှိခဲ့တာတွေဟာ ခိုင်မာတဲ့ ခေတ်ပြိုင်မှတ်တမ်း အထောက်အထားတွေနဲ့ ပါစင်အောင် လွဲနေတဲ့ ၁၈ ရာစုခေတ်ထွက် လုပ်ဇာတ်ရာဇဝင်ဒဏ္ဍာရီ Myth သာ ဖြစ်ပါတယ်။ ၁၈ ရာစုမှာ ဖန်တီးတဲ့ ဦးကုလားရဲ့ ၁၁ ရာစု ပုဂံပြည်အကြောင်း ဒဏ္ဍာရီဇာတ်လမ်းသာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီ ဒဏ္ဍာရီကို သမိုင်းအချက်အလက်များ Historical Facts အနေနဲ့ ကိုးကားလို့ ရနိုင်ဖွယ် မမြင်ပါ။ အဲဒီ အချက်တွေကို ကိုးကား ပြုစုတဲ့ စာပေတွေဟာလဲ သမိုင်းစာပေ ဖြစ်မလာပါ။ ဆင့်ပွား ဒဏ္ဍာရီ Secondary Myth များသာ ဖြစ်လာပါမယ်။


#KyawThwin_Modernist

Tuesday, September 24, 2024

iPhone 16 ဖုန်းတွေ မဝယ်ခင် ဖတ်ကြည့်ပါ။

 


အဓိကက မြင်သမျှ Clickbait Post တွေ မဖတ်ရင်ရပါပြီ 🫠

.

မနှစ်တုန်းက ကျွန်တော်တို့ iPhone 15 Pro Black Titanium ကို စစရောင်းခြင်း ဝယ်ဖြစ်လိုက်တယ်၊ ဝယ်ပြီးတဲ့အချိန်မှာ မျက်စိအနောက်ရဆုံးက X (Twitter) မှာ Black Titanium က ဆေးကျွတ်တယ်ဆိုတာတွေနဲ့ အဲ့ X (Twitter) Post တွေကို ပြန်တင်ပြီး Clickbait ကြတဲ့ Post တွေပါ - 


ဒါပေမယ့် အခုအချိန် ၁ နှစ်ကျော်လောက် ဖုန်းကို ဘာ Case မှမတပ်ပဲ သုံးခဲ့ပြီးပြီ၊ ဆေးကျွတ်တာမျိုးလည်း မရှိ၊ Naked သုံးခဲ့သမျှ Xiaomi Mi 5 | OnePlus 3T | 5 တွေ | Pixel 2 | 2 XL | 3 တွေအကုန်လုံးထဲမှာ ၁ နှစ်ကျော်သုံးပြီး အသစ်အတိုင်းအဖြစ်နေဆုံးဖုန်းက iPhone 15 Pro ပဲလို့တောင် ပြောလို့ရတယ်။ ဟိုတလောက 1 Year Experience Video မှာဆို တစ်ယောက်က Black Titanium လိုချင်ပြီး ဆေးကျွတ်မှာကြောက်လို့ မဝယ်ခဲ့တာမျိုးတွေပြန်ကြားရတော့ ဒီ Post ကို ရေးဖြစ်တာပါ - 


#1. iPhone 16 Series က ဘာမှမပြောင်းလဲဘူး 


- နှစ်တိုင်း Apple က တစ်နှစ်နဲ့တစ်နှစ် လားလားမှမတူအောင် Design တွေ Upgrade လုပ်၊ Camera တွေပြောင်းခဲ့တာမျိုးကလည်း iPhone X နောက်ပိုင်း မရှိသလောက်ပါ။ ဒါကြောင့်လည်း iPhone အသစ်ထွက်တိုင်း ဘာမှမပြောင်းဘူးဆိုတာက နှစ်တိုင်းကြားရတဲ့စကားဖြစ်နေတာပါ။ 


ဒါပေမယ့် မပြောင်းတာလားဆိုရင်တော့ မဟုတ်ပါဘူး၊ ဒီနှစ်ဆို ကျွန်တော်တို့အတွက်တောင် 4K 120fps တွေ၊ Photographic Style အသစ်တွေက စိတ်ဝင်စားမိတာပဲ။ အဲ့လိုပဲ Base iPhone 16 Model တွေမှာတောင် ဒီနှစ်က Pro တွေအတိုင်း မနှစ်က A17 Pro ထက် သိသိသာသာ ပိုကောင်းလာတဲ့ A18 Chip တွေ၊ Pro အတိုင်း Action Button | Camera Control တွေတန်းရလာတယ် - Under the Hood မှာဆိုရင်လည်း 9V Battery ချိတ်ပြီး Battery Replacement အလွယ်လုပ်နိုင်တာမျိုးတွေ၊ ပိုပြီး ပြန်ပြင်ရလွယ်တာမျိုးတွေရှိလာပြီ။ 


အဲ့တော့ အပြင်ပုံစံတစ်ခု၊ Dynamic Island ပါနေသေးလို့၊ 60Hz ဖြစ်နေသေးလို့ iPhone တွေက ဘာမှမပြောင်းလဲဘူးဆိုတာမှန်တယ်။ ဒါပေမယ့် ပြောင်းလဲထားတာတွေကလည်း ရှိနေပြီး ကိုယ်က ဒီအသစ်ပါလာတဲ့ Feature တွေကို စိတ်ဝင်စားရင် ဒါက ကိုယ့်အတွက် လုံလောက်တဲ့ပြောင်းလဲမှုလို့ပဲ ကျွန်တော်တို့မြင်တယ်။ 


ဖုန်းမှာ Mobile Legends ပဲဆော့၊ Facebook ထိုင်သုံးနေပြီးတော့ iPhone 16 တွေက ဘာမှမပြောင်းလဲဘူး ဆိုပြီး တကယ် iPhone နဲ့ Video ရိုက်၊ Content Creation လုပ်နေတဲ့သူတွေကို သွားပြောနေသလိုမျိုးကတော့ မကောင်းဘူးပေါ့။ 


#2. ဘယ်ကပဲဝယ်၊ ကြိုဝယ်တာ အမှားတွေ - ဘယ်ဆိုင်ရောင်းတာကို စောင့် 


- ဒါကလည်း နှစ်တိုင်းဖြစ်နေကြပဲ။ ကိုယ်တိုင် Apple Store ရှိတဲ့နိုင်ငံသွားပြီး Pre-order/Online Order ကိုယ်တိုင်တင်တာပဲဖြစ်ဖြစ်၊ တန်းစီ/Walk-in ဝယ်တာကလွဲရင် စျေးက ဝယ်တဲ့နေရာအပေါ်မှုတည်ပြီး ကျိန်းသေကွာမှာပဲ။ 


ဆိုတော့ ကိုယ့်ဘာသာ စောကိုင်ချင်လို့ ပိုပေးပြီး ကြိုဝယ်တာလည်း နှစ်တိုင်းဝယ်နေကြတာပဲ၊ မနှစ်တုန်းကဆိုရင် Natural Titanium Pro/Pro Max လိုချင်လို့ ဘတ် ၁ သောင်း - အခုစျေးနဲ့ဆိုရင် Mid-Range Redmi ဖုန်းအသစ်တစ်လုံးစာလောက် ချက်ချင်းလိုက်ပေးပြီး ဝယ်ကြတာပဲ။ ဒီနှစ်က ပိုပေးရတာက နည်းနည်းသက်သာနေသေးတယ်။ 


ဒါပေမယ့် ကိုယ်က Apple Store ရှိတဲ့နိုင်ငံမှာလည်းမရောက်နေ၊ ပိုလည်းမပေးချင်ရင် မြန်မာနိုင်ငံက Authorized Reseller တွေက ရောင်းတာကို စောင့်လို့ရတာပဲ။ နှစ်တိုင်း မြန်မာနိုင်ငံမှာ ရောင်းတဲ့စျေးက အပြင်စျေးတွေထက် ပိုသက်သာတယ်၊ ဒါပေမယ့် တချို့အရောင်တွေ Option တွေ Limitation ရှိနိုင်တယ် - စောင့်နိုင်တယ်ဆိုရင် ဒီ Option ကလည်း အဆင်ပြေတာပဲ။ စျေးပိုသက်သာသွားနိုင်ပေမယ့် အချိန်တော့ ပြန်ပေးရမှာပဲရှိတယ်။ 


ပြီးတော့ တခြား Apple Store တို့၊ Online ကနေ ဝယ်တာတွေနဲ့မတူတာက ဒီက Official ဝယ်ရင် စစခြင်း လက်ဆောင်ရတာမျိုး၊ မဟုတ်လည်း Warranty ပိုင်းကို တော်တော်များများ Apple ဘက်က 1 Year Warranty အပြင် နောက် တစ်နှစ်ထပ်ပေးကြတယ်။ ဒါက Apple ဆီမှာတော့ အကျုံးဝင်ချင်မှဝင်မယ် - ၁ နှစ်ကျော်သွားရင် Apple Store မှာ သွားပြလို့မရတော့ပဲ ဝယ်တဲ့ဆိုင်ပဲ ပြရမှာမျိုးတော့ရှိနိုင်တယ်။ ဒါပေမယ့် ဒီ Benefit တွေရှိတာကတော့ ဟုတ်သေးတာပဲ။ 


#3. Online မှာတက်သမျှ ပြဿနာတွေက ကိုယ်ဝယ်ပြီးရင်ဖြစ်မှာလား... 


- ဒါက မနှစ်တုန်းက Black/Blue Titanium ဆို ချက်ချင်း ဆေးကျွတ်မယ်ဆိုတာမျိုးတွေ၊ ဒီနှစ်လည်း ထုံးစံအတိုင်း စဖြစ်လာပြီ - Touch လွတ်တာမျိုးတွေ၊ Greenline ထတယ်ဆိုတာမျိုးတွေ စပျံ့နေကြပြီ။ 


ဒါပေမယ့်ပေါ့ - မနှစ်ကအတွေ့အကြုံအရဆိုရင် စစခြင်း Overheat ဖြစ်ပြီး နောက် Update မှာ ပြန် Fix သွားတာတောင် Social Media ပေါ်မှာ Overheat ဖြစ်တယ်ဆိုတာက ပျောက်သွားတာမျိုးမဟုတ်ဘူး။ ပြီးတော့ တော်တော်များများက တကယ်ကြုံရလို့ တင်တာမျိုးတွေထက် Online ပေါ်က တစ်ခုလောက်ကို ပြန်ပြီး Reaction Engagement ရအောင် တင်ကြတာပိုများတယ်။ 


ပြောရရင် "iPhone 16 Pro တော့ အကြီးအကျယ် Fail ပြီ" ဆိုတာမျိုး တင်လိုက်ရင် လူတွေကြိုက်ကြတာပဲ။ ဘာကြောင့်မှန်းတော့မသိပေမယ့် Apple အကြောင်း အကောင်းပြောတာထက် မကောင်းပြောတဲ့ Post တိုင်းက ပိုပြီး လူအားပေးကြတယ်၊ Comment တွေမှာဆိုရင်လည်း ပို Active ဖြစ်ကြတယ်။ 


ဆိုတော့ အဲ့လို Post တွေ တွေ့လို့ ကိုယ့်ဆီမှာ အဲ့ပြဿနာဖြစ်နိုင်သလားဆိုတော့ ဖြစ်နိုင်တာပဲ၊ ဒါပေမယ့် စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောရလိမ့်မယ်။ 


ဘာကြောင့်ဆိုတော့ iPhone တွေက တော်ရုံ Service နဲ့ Warranty တော်တော်ကောင်းတယ် - မနှစ်တုန်းက Overheat ဖြစ်တုန်းက ဆိုရင် Apple Store ပြန်သွားရစ်တော့ သူတို့က Software Update နဲ့ Fix ပေးမယ်၊ မကျေနပ်လို့ မသုံးချင်လည်း ၇ ရက်အတွင်း No Questions Asked အနေနဲ့ ပိုက်ဆံပြန်အမ်းနိုင်တယ်။ အဲ့လိုပဲ - ဒီက Official Reseller တွေကနေ ဝယ်လည်း တစ်ခုခုဆို ပြန်တာဝန်ယူပေးနိုင်မှာပဲ။ ပြောရရင် Region ကွာတဲ့ Dual SIM လိုမျိုးတောင် ပြန်ပို့ပေးရမှာလောက်ကလွဲရင် ဝယ်ပြီး ၁ နှစ်အာမခံအတွင်းကတော့ Apple ဘက်က ဖြစ်တဲ့ Quality Issue | တခြား Issue တွေဆိုရင် ပြန်တာဝန်ယူပေးဖို့က သေချာသလောက်ပဲ။ 


#4. iPhone 16 Series တွေက မတန်ဘူး/ Android တွေက ပိုကောင်းတယ် 


- မှန်တာပဲ။ Hardware Level အနေနဲ့ပဲဖြစ်ဖြစ်၊ Camera ပိုင်း (Photo) ပိုင်းတွေ၊ Display ပိုင်း ဘာပဲဖြစ်ဖြစ် လိုက်ယှဥ်ရင် Android တွေက ပိုစျေးသက်သာပြီး ပိုကောင်းနေတာပဲ။ 


ဒါပေမယ့်ပေါ့ - အနည်းဆုံး ကျွန်တော်တို့အသိတွေထဲမှာ iPhone ကိုင်ကြတယ်ဆိုတာက PtoP ပိုသာလို့၊ ဘယ် Specs ပိုသာလို့ထက် အစောက ပြောသလို အသစ်ပါလာတဲ့ ဘယ် Feature ကို သုံးချင်လို့တို့၊ နောက်ဆုံး အရောင်ကြိုက်လို့ဆိုပြီးတောင် သုံးကြတာပိုများတယ်။ 


ပြောရရင် လောလောဆယ်အထိတော့ မနှစ်တုန်းက 15 Pro လဲထားတဲ့အသိတွေ ဒီနှစ်တော့ Upgrade မလုပ်ကြသေးပေမယ့် မနှစ်က မလဲဖြစ်ခဲ့တဲ့အသိတွေတော်တော်များများ အခု 16 Pro/Pro Max ပြောင်းနေကြပြီ။ နောက်ဆုံး Reviewer တွေ၊ ဒီ Tech ထဲက သူတွေတောင် Android က ဘယ်နေရာ ဘယ်လိုယှဥ်ရင် ပိုသာတယ်ပြောပေမယ့် ကိုယ်တိုင်ကြ iPhone 16 Pro တွေ Upgrade ကြတာတောင် ရှိသေး 🫠


ဘာပဲဖြစ်ဖြစ် ဒီလိုကိုယ့်စိတ်ကဖြစ်နေပြီဆိုရင် အဖြေက ရှင်းရှင်းလေး - iPhone 16 ဖုန်းတွေကို ဝယ်ဖို့ မတန်ဘူး တို့၊ ဘယ် Android ဖုန်းက ပိုသာတယ်လို့တွေးမိနေထဲက iPhone ကို မဝယ်တာပိုအဆင်ပြေလိမ့်မယ်။ ဘာလို့ဆို ကျိန်းသေတာက အဲ့လိုတွေးနေတယ်ဆိုတာနဲ့ ကျွန်တော်တို့လို Ecosystem တွေ၊ ပတ်ဝန်းကျင်အခြေအနေတွေက ချူပ်ထားတာမျိုးမရှိနေလို့ပဲ 


ဆိုတော့ ဘာလို့ ကိုယ့်စိတ်ကို iPhone 16 တွေ မတန်ဘူး၊ မကောင်းဘူးဆိုပြီး Negative အဖြစ်ခံမလဲပေါ့။ ကိုယ်ပိုသာတယ်၊ ပိုကောင်းတယ်ထင်တဲ့ Android ဖုန်း ရွေးလိုက်ရုံပဲကို 


#5. iPhone 16 Pro တွေက 120Hz အပြည့်မရဘူး၊ 80Hz ပဲရတယ် - ဂျင်းခံနေရတယ် 


- ဒါလည်း မှန်တာပဲ။ Base iPhone 16 | 16 Plus ဖုန်းတွေမှာလည်း 60Hz ပဲဖြစ်နေသေးသလို တလောက Ice Universe တင်ထားပြီး ထပ်ပျံ့နေသလို Pro Model တွေမှာလည်း အခြေအနေအများစုမှာ 80Hz လောက်ပဲ အလုပ်လုပ်တာမှန်တယ်။ 


ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်ရင် ProMotion 120Hz ဆိုတာကိုက လောလောဆယ်အထိ LTPO Panel ဖြစ်မှ 1Hz ကနေ 120Hz ကြား Adaptive လုပ်ပေးနိုင်တဲ့ Refresh Rate ပဲ။ ဘယ်သူမှ 120Hz အမြဲတမ်းရနေမယ်ဆိုပြီး အာမခံထားတာမျိုးလည်းမဟုတ်နေဘူး။ 


ပြီးတော့ ဒါက Apple က ဂျင်းနေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ iPhone 13 Pro မှာထဲက ဒီ ProMotion ပါတဲ့ Device တွေအတွက် Refresh Rate ကို ဘယ်လိုမျိုး Support လုပ်ပေးရမယ်ဆိုတဲ့ Developer Documentation မှာ ထည့်ရေးထားပြီးသား။ Scrolling လုပ်ရတဲ့ High Impact Animation တွေဆိုရင် Minimum 80Hz ရှိရမယ်တို့၊ 120Hz Preferred လုပ်ထားတာမျိုး၊ တခြား Small/Low-speed Animation တွေဆိုရင် Minimum 30Hz ကနေ Maximum 48Hz လောက်အထိပဲ ပေးသုံးမယ်ဆိုပြီး သေချာ Public မြင်ရအောင် ထုတ်ပြထားပြီးသားပဲ။ 


အဲ့နေရာမှာဆိုရင် ရေးထားတဲ့ Notes တွေက ပိုစိတ်ဝင်စားဖို့ကောင်းတယ် - "Use sparingly to minimize power consumption" တို့၊ "No need for a higher frame rate for same visual effect" တွေ၊ "Looks good at slow speeds; power-saving opportunities" ဆိုတာမျိုးတွေရေးထားပြီး Apple Developer Documentation မှာကိုယ်တိုင်က မြင်ရမယ့် Effect က အတူတူပဲ၊ Higher Frame Rate မလိုဘူးဆိုပြီး ပြောထားပြီးသား - 


ပြောရရင် သိသလောက် ဒီလိုမျိုး Apple ဘက်က ဘယ် Animation တွေမှာ ဘယ်လောက် Refresh Rate က အဆင်ပြေတယ်ဆိုပြီး ပြောသလို Google ဘက်ကရော Android ဖုန်းကုမ္ပဏီဘက်ကရော Documentation ထုတ်ပေးထားတာမျိုးမရှိနေဘူး။ ဒါကြောင့်လည်း Android ဖုန်းတွေမှာ ဘာ App လာလာ၊ ဘယ်လိုသုံးသုံး 120Hz ထားလို့ရပေမယ့် Apple ကြတော့ iOS မှာ ဘယ်အတွက်ဆို ဘယ်လောက်ပဲ သုံးမယ်ဆိုတာမျိုး Documentation နဲ့ ထားထားပြီးသား။ ဒါ လောလောဆယ်အထိ အပြောင်းအလဲမရှိသေးဘူး - ဒါကြောင့်လည်း Base Model iPhone တွေက iPhone Pro Model တွေနဲ့ သိသိသာသာ Animation ပိုင်းကွာနေတာမျိုးမဟုတ်တာပဲ။ 


ဘာပဲဖြစ်ဖြစ် Apple ဘက်က ကာတယ်ပဲပြောပြော၊ ကျွန်တော်တို့တော့ Apple Developer Website မှာ အကြိမ်ကြိမ်စမ်းသပ်၊ သေချာတော့မှ တခြား App Developer တွေ လိုက်နာလို့ရအောင် Documentation ရေးထားတဲ့ Apple Developer တွေလောက် မသိ၊ မတတ်နေဘူး... ဒီအတိုင်း ဒီရက်ပိုင်းတွေ့မိတဲ့ Issue တစ်ခုကို ကိုယ်သိတဲ့ Knowledge ပြန် Share ပေးရုံပဲ။ အဲ့ဒါကိုပေါ့ - Refresh Rate မှာ အမြဲ 120Hz မဖြစ်နေလို့ စိတ်ကောက်မယ်ဆိုရင်လည်း Android လို Always 120Hz On ထားလို့ရတဲ့ဖုန်းတွေပဲ သုံးပါပေါ့ :3 


#6. iPhone 16 Series ကို ဝယ်သင့်သလား၊ 15 Series ကိုပဲ Second ရှာရမလား... 


- သဘောပါ။ ဒါက တစ်ယောက်နဲ့တစ်ယောက် ပိုက်ဆံသုံးနိုင်တာလည်း တူမှာမဟုတ်တော့ 16 Series က ဘာမှမပြောင်းလို့ 15 ပဲ ပြန်ဝယ်ကွာဆိုပြီး လုပ်လို့မရဘူးလို့ပဲ မြင်တယ်။ 


ကိုယ်က တတ်နိုင်တယ်၊ အနည်းဆုံး သိန်းကို ဆယ်ဂဏန်းကျော်သုံးပြီးမှ အသစ်ပဲကိုင်ချင်တယ်ဆိုရင်တော့ 16 Series ပဲ စိတ်သန့်သန့်နဲ့ ဝယ်ရုံပဲ။ ဒါမှမဟုတ် စျေးနည်းနည်းလောက် ပိုသက်သာပြီး 15 Series ကိုပဲ အရှေ့မှာ ဘယ်သူ၊ ဘယ်လိုသုံးထားမှန်းမသိပေမယ့် မျက်မြင်အခြေအနေအတိုင်း ကြိုက်တယ်၊ လက်ခံနိုင်လို့ ဝယ်ချင်တယ်ဆိုလည်း ဝယ်လို့ရတာပဲ။ 


သေချာတာကတော့ iPhone 15 Pro/ Pro Max လောက်အထိတော့ ဆင်းဝယ်တာလက်ခံလို့ရပေမယ့် ပုံမှန် Base iPhone 15/15 Plus တွေအစားတော့ ဒီနှစ် iPhone 16/16 Plus ကိုပဲ ညွှန်းပေးရမှာပဲ။ အရောင်ပိုလှတဲ့အပြင် Apple Intelligence တွေ၊ Camera Controls | Photographic Style အသစ်တွေက ပိုပေးသင့်တယ်လို့ပဲ မြင်ပါတယ်။ 


ကျွန်တော်တို့ကိုယ်တိုင်တောင် လောလောဆယ်အထိ iPhone 16 Series က ဘာမှရေရေရာရာ ဆုံးဖြတ်လို့မရသေးပဲ Half-baked ဖြစ်နေဆဲလို့မြင်တယ်။ Apple Intelligence တွေ၊ Camera Control က သုံးရတာတန်မလားဖြစ်သွားနိုင်တဲ့ Visual Intelligence Feature တွေကလည်း အခုထိမရသေးတော့ iPhone 15 Pro ကနေ ပြောင်းရင် ဖုန်းအသစ်ဝယ်ပြီး ဖုန်းအသစ်ဖြစ်သွားပါလားဆိုတဲ့ ခံစားချက်ရမရ မသေချာသေးဘူးဖြစ်နေတယ်။ 


Maybe, ကိုယ်တိုင် သွားစမ်းဖြစ်ရင်တော့ ဒါက ပြောင်းလဲကောင်း၊ ပြောင်းလဲနိုင်တယ်ပေါ့ - 


#TechGadgetMM

Sunday, September 15, 2024

ဗိသုကာဆိုင်ရာအတိုင်းအထွာများ

 🔷 ဗိသုကာဆိုင်ရာအတိုင်းအထွာများ

 

Various Ways of Linier measurment Scales


(က) မြန်မာနည်း

   


မြန်မာ အလျှားတိုင်းသောနည်းတွင်

၁၀ ဆံချည်= ၁ နှမ်း

၆ နှမ်း  = ၁ မုယော

၄ မုယော= ၁  လက်သစ်

၈ လက်သစ် = ၁မိုက် 

၃ မိုက် = ၁  တောင်

၇တောင်  =  ၁  တာ   စသည်ဖြင့်

ဆံချည်တမျှင် ၏အတိုင်းအထွာကစ၍

နှမ်း တလုံး -မုယောစပါးတစေ့

လက်တသစ် မှစ၍   ..........

တာ-ဥဿ      ဖ-ယူဇနာ အထိ

အမှတ်အသားများရှိခဲ့ပေသည်


ရှေးရိုးအစဉ်အလာရှိခဲ့သောဗိသုကာရေးပုံများတွင်  စင်္ကြာဝဠာ/ တိုင်းနိုင်ငံအကျယ် အဝန်းတို့အတွက်

ယူဇနာ စကေး ကို အသုံးပြုပြီး

အဆောက်အဦ ပုံစံမျာအတွက်မူ

တောင်/ မိုက် / လက်သစ်  စကေး

၃  မျိုးကိုသာ အသုံးပြုရေးဆွဲ ခဲ့ကြသည်


(ခ)   အင်္ဂလိပ်နည်း




ငွေကြေးသုံးစွဲမှု့စံနစ်တွင်

ငွေတကျပ် ၏ အပိုင်းများကိုခေါ်ဝေါ်သည်အမည်များအတိုင်း

ကိုလိုနီခေတ် ဗိသုကာပိုင်းဆိုင်ရာ

(အသေးစိတ်) အတိုင်းအထွာများကို

1"  =၁ကျပ် ဟုသတ်မှတ်၍ 

3/4" =သုံးမတ်      1/2"=ငါးမူး    (၈  ပဲ)

1/4" =တမတ္​   1/8=  တမူး

1/16" =တပဲ      5/8"= ၆ မူး

1/32" = တပြား  စသည်ဖြင့်မှတ်သား 

ရေးဆွဲတိုင်းတာ ခဲ့ကြပေသည်


ဤ နည်းတွင်

  ၁၂ လက်မ = ၁ ပေ

  ၃ ပေ  =၁ ယာဒ်  (ကိုက်)

  ၂၂ယာဒ်= ၁  သံကြိုး

  ၁၀သံကြိုး = ၁  ဖာလုံ

 ၈  ဖာလုံ  = ၁  မိုင်   ဟူ၍ ရှိခဲ့ပေသည်


(ဂ) မက်ထရစ်နည်း

     

သိပ္ပံပညာများထွန်းကားလာသောခေတ်တွင်တွက်ချက်မှု့ပိုမိုလွယ်ကူစေရန်

10 မီလီမီတာ= 1စင်တီမီတာ

10 စင်တီမီတာ =1 ဒယ်စီမီတာ

10 ဒယ်စီမီတာ = 1 မီတာ  စသော ဆယ်လီစိတ်စကေးကို

     တွက်ချက်မှုအသစ်အတွက် တည်ထွင်လာကြပြန်သည်

1000 မီတာ = 1 ကီလိုမီတာ ကို မိုင်ကဲ့သို့

ခရီးအကွာအဝေးတိုင်းတာရာတွင်အသုံးပြုကြသည်။