Wednesday, March 17, 2010

အပြုအဖျက် ဤနှစ်ချက်ကို.......


နေသာသောနေ့တစ်နေ့က ရန်ကုန်မြို့ပေါ်ရှိ တန်ခိုးကြီးစေတီတော်တစ်ဆူအား သွားရောက်ဖူးမြော်ခဲ့သည်။ မိုးသားတိမ်လိပ်ကင်းစင်ကာ ကြည်လင်တောက်ပသော နေရောင်ခြည်အောက်တွင် ငွါးငွါးစွင့်စွင့်ရွှေရောင်ဝင့်နေသော စေတီတော်ကြီးကား ကြည်ညို၍မ၀နိုင်လောက် အောင် သပ္ပာယ်လှပေသည်။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်အနန္တကိုကိုယ်စားပြု၍ ရွှေတောင်ရွှေထုကြီးပမာ တည်နေဟန်ကလည်း ဘုရားဖူးလာ သူများအား သဒ္ဓါတရား ယိုဖိတ်ပွားစေတော့သည်။ သည်ရွှေတောင်ရွှေထုကြီးနှင့်အတူ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည်လည်း နှစ် ပေါင်းများစွာ ကျောက်စာတိုင်ကဲ့သို့ သန့်ရှင်းစွာတည်တံ့ခိုင်မာ နေလိမ့်ဦးမည်ဟု မျှော်လင့်မိပေသည်။

 

စေတီတော်အား လက်ယာရစ်ပတ်၍ ဖူးမြော်ကြည်ညိုရင်း လျှောက်လှမ်းလာခဲ့ရာ ရင်ပြင်တော် တစ်နေရာအရောက်တွင် ဆုတောင်းသလို လို၊ မန္တန်ရွတ်သလိုလို ထူးခြားသောလေယူလေသိမ်းဖြင့် ရွတ်ဖတ်သရဇ္ဈယ်သံများနှင့် တရုတ်ဆွဲလဲသံတချွင်ချွင်ကို ကြားလိုက်ရသဖြင့် အသံလာရာဘက်ဆီသို့ လှမ်းကြည့်လိုက်မိသည်။ တွေ့လိုက်ရသည့်မြင်ကွင်းက စာရေးသူအား အံ့သြတုန်လှုပ်သွားစေခဲ့သည်။

 

မြတ်ဗုဒ္ဓ၏ဓာတ်တော်တို့ ကိန်းဝပ်အပူဇော်ခံရာ ဤဌာနတွင် ရတနာမြတ်သုံးပါးအနက် တစ်ပါးတွင်မျှအကျုံးမ၀င်သူများ၏ ရုပ်တုကြီးများ ကို အဆောင်အယောင် အခမ်းအနားဖြင့် ပန်း၊ဆွမ်း၊ရေချမ်း၊ ငှက်ပျောပွဲ၊ အုန်းပွဲ၊အမွှေးနံ့သာများ ဆက်ကပ်ပူဇော်ကာ ဆုတောင်းဆုယူ လုပ်နေကြခြင်းကြောင့်ပင်ဖြစ်သည်။

 

ဗုဒ္ဓရှင်တော်မြတ်ဘုရားက လောက၌စေတီတည်၍ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်လေးဦးရှိကြောင်း၊ ယင်းတို့မှာ (၁) ဗုဒ္ဓမြတ်စွာဘုရား၊ (၂) ပစ္စေကဗုဒ္ဓါ၊ (၃) အရိယာဖြစ်ပြီးသော ဗုဒ္ဓမြတ်စွာ၏ရဟန်းတော်သာဝကနှင့် (၄) စကြာမင်းတို့ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပေသည်။ (ထူပါရဟသုတ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တရနိကာယ်။) ယခုမူ ဗုဒ္ဓမြတ်စွာဘုရားအားရည်စူး၍ တည်ထားကိုးကွယ်သော စေတီတော်ရင်ပြင် ပေါ်တွင် ဘိုးတော်၊ဘတော်၊မယ်တော်၊အစ်မတော် အမည်ခံ ၀ိဇ္ဇာဓိုရ်နှင့် နတ်များက ဘုရားနှင့်စင်ပြိုင် အကိုးကွယ်ခံနေကြသည်မှာ အမြင် မတော်၊ ဆင်တော်နှင့်ခလောက်ဆိုသကဲ့သို့ ဖြစ်နေချေတော့သည်။

 

သူတို့အား ယုံကြည်ကိုးကွယ်သူအချို့က ပြောကြသည်။ ဤပုဂ္ဂိုလ်ကြီးများသည် ယခုပင် ၀ိပဿနာလမ်းကိုလိုက်၍ ကျင့်ကြံအားထုတ် လိုက်ပါက မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို လျင်မြန်စွာရပြီး နိဗ္ဗာန်အားမျက်မှောက်ပြုနိုင်ကြသူများဖြစ်သည်။ သို့သော် အ၀ိဇ္ဇာလွှမ်း၍ မသိနား မလည် မိုက်မဲကြကုန်သော သတ္တ၀ါအပေါင်းကို သနားသက်ညှာလှသဖြင့် ထိုက်သင့်သူတို့အား ကယ်တင်စောင်မရင်း သာသနာပြုနေကြ သူများ ဖြစ်သည်။ သတ္တ၀ါတို့အပေါ် မိဘ၊ ဆရာသမားသဖွယ် စောင်မကြည့်ရှုနေသူများဖြစ်၍ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ် ကြသည်။ ထို့ကြောင့် သူတို့အားကိုးကွယ် ဆည်းကပ်ထိုက်သည်ဟုဆိုကြသည်။

 

ဤနေရာတွင် သတိချပ်ရန်မှာ ရတနာမြတ်သုံးပါးနှင့် အနန္တောအနန္တငါးပါးတို့၏ ကွဲပြားခြားနားမှုဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ကိုး ကွယ်ရာဟူ၍ ဆည်းကပ်ထိုက်သည်မှာ ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာမြတ်သုံးပါးသာလျှင်ဖြစ်သည်။ နောက်လူတို့က မိဘ နှင့် ဆရာကိုပေါင်းထည့်ကာ အနန္တောအနန္တငါးပါးအဖြစ် သတ်မှတ်လိုက်သော်လည်း ရတနာသုံးပါးနှင့်တန်းတူထား ကိုးကွယ်ရန် မဟုတ် ပေ။

 

မိဘနှင့်ဆရာသမားတို့အား ကျေးဇူးရှင်များအဖြစ်သတ်မှတ်ကာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် သားသမီးဝတ်၊ တပည့်ဝတ်တို့နှင့်အညီ အရိုအသေပေး၊ အလုပ်အကျွေးပြုခြင်းဖြင့် ကျေးဇူးဆပ်ရန်သာဖြစ်သည်။ ရတနာမြတ်သုံးပါး နှင့်တန်းတူထား၍ ကိုးကွယ်ယုံကြည်ဆည်း ကပ်ရန်ကား မဟုတ်ချေ။ ထို့ကြောင့် ၄င်းတို့ပြောသလို သတ္တ၀ါများအပေါ် အမှန်တကယ်ကယ်တင်စောင့်ရှောက်နေသည်ပဲ ထားဦးတော့၊ စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့်ကား ရတနာမြတ်သုံးပါးနှင့် တန်းတူထား၍ကိုးကွယ်ဆည်းကပ်ရန်မလိုကြောင်း ထင်ရှားလှပေသည်။

 

တစ်ရံရောအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းစိုးစံစဉ် ၀ိဇ္ဇာဓိုရ်တစ်ဦးသည် ညဥ့်သန်းခေါင်ယံအချိန်၌ မိဖုရားကြီးအဆောင်တော် သို့ တန်ခိုးဣဒ္ဓိပါဒ်ဖြင့်ဝင်ရောက်ကာ ကာမဂုဏ်ကျူးလွန်ခဲ့သည်။ ထိုကိစ္စကို မင်းကြီးသိရှိသွားသဖြင့် ၄င်းအားလိုက်လံဖမ်းဆီးစေခဲ့ရာ ၀ိဇ္ဇာဓိုရ်သည် ရဟန်းအသွင်ဆောင်၍ သုသာန်အတွင်း၌ ညာခြေတစ်ဖက်တည်းနှင့်ရပ်ကာ မန္တန်ရွတ်ဖတ်သရဇ္ဈာယ်ရင်း နေကိုရှိခိုးဟန် ပြုနေလေသည်။ ထိုရဟန်းတုအား မင်းချင်းများက လိုက်လံဖမ်းဆီးရာ ၀ိဇ္ဇာဓိုရ်တန်ခိုးဖြင့်ထွက်ပြေးလွတ်မြောက်သွားတော့သည်။ ထိုအ ချိန်မှစ၍ ရဟန်းစစ်နှင့် ရဟန်းတုမခွဲခြားတတ်သော ဗြဟ္မဒတ်မင်းသည် ရဟန်းမှန်သမျှ မင်းပြစ်မင်းဒဏ်သင့်စေသဖြင့် ရဟန်းစစ်များပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရရာ ပြည်သူအများ ကိုးကွယ်ရာမဲ့ဘ၀ ရောက်ခဲ့ရဖူးသည်။ (၀ိဇ္ဇာဓရဇာတ်၊ ဆက္ကနိပါတ်၊ ဇာတက၀တ္ထု။)

 

ဤသည်ကား ၀ိဇ္ဇာဓိုရ်ဆိုတိုင်း ကိုးကွယ်ဆည်းကပ်လိုသူများအတွက် သတိချပ်စရာသာဓကတစ်ရပ်ပင်ဖြစ်သည်။ ထို့အပြင် ၀ိဇ္ဇာဓိုရ်က ရဟန်းအသွင်ဆောင်ကာ လူတွေအံ့သြအောင်လုပ်ပြီး ထွက်ပြေးသွားပုံမှာလည်း ယခုခေတ်တွင် ရဟန်းဟုအမည်ခံကာ ရဟန်းကိစ္စမ လုပ်ဘဲ ၀ိဇ္ဇာဓရလမ်းလိုက်နေသူများနှင့် နှိုင်းယှဉ်သုံးသပ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်ပေသည်။ ယင်းသို့ ဘုရားအရေတော်ခြုံပြီး ဘုရားလမ်း စဉ်နှင့် ဆန့်ကျင်လုပ်ကိုင်နေသူများကြောင့် ရဟန်းစစ် ရဟန်းမှန်များအပေါ်တွင်ပါ ကြည်ညိုသဒ္ဓါပျက်စေနိုင်ပါသည်။

 

အချို့ကလည်း ယင်းဝိဇ္ဇာဓိုရ်ဆိုသူများသည် သတ္တ၀ါအပေါင်းကို ကယ်တင်ရင်း နောင်ပွင့်မည့် အရှင်အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးမြော်ရန် စောင့်ဆိုင်းနေကြသည်ဟုဆိုသည်။ ယင်းသို့ ကာလရှည်ကြာစွာ စောင့်ဆိုင်းနိုင်ရန်အတွက် ၄င်းတို့၏သက်တမ်းကို ရှည်သည် ထက်ရှည်အောင် ကျင့်ကြံအားထုတ် နေကြရသည်ဟုလည်း ဆိုကြပြန်သည်။ ဤသည်မှာလည်း ပညာဥာဏ်ရှိသူတို့ လက်ခံနိုင်စရာအ ကြောင်းမရှိသော ဆင်ခြေတစ်ရပ်သာဖြစ်ချေသည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားက 'ဤကမ္ဘာတွင် ပွင့်ကြကုန်သော ဘုရားငါးဆူတို့ တွင် တစ်ဆူနှင့်တစ်ဆူအကြားမှာ ဤမဟာပထ၀ီမြေကြီးသည် တစ်ယူဇနာ၊ တစ်ယူဇနာခန့်တိုးတက်၏။ ဝေပုœတောင်သည် တစ်ယူဇနာ၊ တစ်ယူဇနာခန့် မြေထဲမြုပ်ဝင်လေ၏' ဟုဟောကြားတော်မူခဲ့ဖူးပါသည်။ (ဝေပုœသုတ်၊ အနမတဂ္ဂသံယုတ်။) တစ်ယူဇနာတွင် ရှစ်မိုင်ခန့် ရှိရာ ဘုရားတစ်ဆူနှင့် တစ်ဆူအကြား စောင့်ဆိုင်းရမည့် ကာလကို ကျွန်ုပ်တို့ခန့်မှန်းတွက်ချက်သိရှိ နိုင်ပါသည်။

 

ဗုဒ္ဓမြတ်စွာ၏အလိုအရမူ မတည်မြဲသော၊ ဆင်းရဲသော၊အစိုးမရသော ဤလောကမှ တစ်စက္ကန့်စော၍ လွတ်မြောက်နိုင်လျှင်ပင် တစ် စက္ကန့်စော၍ ချမ်းသာသုခရပြီဟု မှတ်ယူရမည်သာဖြစ်သည်။ မိမိတို့မျက်မှောက်၌ပင် ဆင်းရဲခြင်းအပေါင်းမှလွတ်မြောက်ရာ တရားစစ် တရားမှန်တို့ ရှင်သန်ထွန်းကားနေပါလျက် မလိုက်နာမကျင့်ကြံသေးဘဲ နောက်ဘုရားအပွင့်ကို စောင့်ဆိုင်းမည်ဆိုခြင်းမှာ ဥာဏ်ပညာ နည်းသောလုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။ ဂေါတမဗုဒ္ဓမြတ်စွာကို ဖူးမြော်လိုသဖြင့် ကာလကြာရှည်စောင့်ဆိုင်းခဲ့သော ဈာန်ရရသေ့ကြီး ကာဠဒေ၀ီလပင်လျှင် ဗုဒ္ဓအလောင်းလျာ သိဒ္ဓတ္ထမင်းသားလေးကိုသာ ဖူးတွေ့ခဲ့ရသည်။ ဗုဒ္ဓအဖြစ်ပွင့်တော်မူချိန်တွင်မူ ကံတရား၏အလို ကို မလွန်ဆန်နိုင်ရှာဘဲ ရသေ့ဘ၀မှ စုတေသွားခဲ့ရသဖြင့် ဗုဒ္ဓသာသနာတော်နှင့် အလွဲကြီးလွဲခဲ့ရဖူးပါသည်။

 

ယခုသောက်လျှင် ယခုပင်ရောဂါပျောက်နိုင်သည့် ဆေးတော်ကြီးကို လက်ဝယ်ပိုင်ပိုင် ရရှိထားပါလျက်နှင့် မမွေးသေးသည့် ဆေးဆရာကို စောင့်မျှော်နေမည်ဆိုပါက ဆရာမလာမီ ရောဂါကျွမ်းသွားနိုင်ပေသည်။ စစ်မှန်သော 'ဓမ္မ'ဟူသည် မည်သည့် ဗုဒ္ဓမြတ်စွာကပင်ဟောဟော တစ်ခုတည်းသာဖြစ်သည်။ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြကုန်သော၊ ပွင့်ဆဲဖြစ်သော၊ ပွင့်လတ္တံ့သော ဗုဒ္ဓမှန်သမျှသည် ဤဓမ္မကိုသာ လမ်းညွှန်ကြမည်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွင်းဝယ် စစ်မှန်သော ဓမ္မဒေသနာတော်တို့ တည်ရှိနေပါလျက် မဂ်ဖိုလ်နိဗ္ဗာန် ကို မရည်သန်ဘဲ မတည်မြဲသော လောကီတန်ခိုး ဣဒ္ဓိပါဒ်များနှင့်သာ ပျော်မွေ့နေသူများကား ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ရေးသားခဲ့သလို ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ဆိုသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အမှန်အားဖြင့်မူ ထိုထိုသောပုဂ္ဂိုလ်များသည် မိမိတို့၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို တွယ်တာကပ်ငြိကာ မိမိတို့သက်တမ်းရှည်သည်ထက်ရှည်ရေး၊ တန်ခိုးဣဒ္ဓိပါဒ်တွေ တိုးသည်ထက် တိုးရေးအတွက် လူအများကို လောကီစည်းစိမ် ဥစ္စာများနှင့် မျှားကာ ၄င်းတို့လိုရာသုံးနေကြခြင်းသာ ဖြစ်တော့သည်။ ၄င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ယတြာကိန်းခန်းများနှင့် အညီ ဘယ်နေရာကိုသွား၊ ဘာဘုရားကိုတည်၊ ပုတီးဘယ်နှစ် ပတ်စိပ် စသည်ဖြင့် ညွှန်ကြားခိုင်းစေနေခြင်းကိုပင် လူအချို့က သာသနာပြုသည်ဟု ယူဆနေကြခြင်းဖြစ်သည်။ အတ္တစွဲကို မချွတ်နိုင်ကြ သဖြင့် မြတ်ဗုဒ္ဓ၏ အနတ္တဒေသနာကိုပစ်ပယ်ကာ သံသရာတွင် ဆက်လက်ကျင်လည်ရေးအတွက် ကြိုးပမ်းနေသူများ၏ သာသနာပြုလုပ် ငန်းသည် အတ္တသာသနာပြုလုပ်ငန်းသာ ဖြစ်ပေလိမ့်မည်။

 

အရိမေတ္တေယျ မြတ်စွာဘုရားပွင့်တော်မူမည့်ကာလအထိ မိမိတို့ အသက်ခန္ဓာ တည်တံ့အောင်ကြိုးပမ်းရင်း ဝေနေယျသတ္တ၀ါတို့အား ကယ်တင်စောင်မသွားမည်ဆိုသော အယူအဆသည် မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ ဘုရားအလောင်း ဗောဓိသတ္တကိုးကွယ်ရေးဝါဒမှ ဆင်းသက်လာခြင်းသာ ဖြစ်ပေသည်။ယင်းဝါဒအလိုအရ အနောက်ဘက်အရပ်ရှိ သုခ၀တီဘုံနန်းတွင် အမိတာဘာ(အမိတ = အတိုင်းအ ဆမရှိ၊ အနန္တ+အာဘာ = အလင်းရောင်) အမည်ရှိ ထာဝရဘုရားသခင် စံမြန်းနေတော်မူသည်။ ယင်းအမိတာဘာဘုရားသည် ပါရမီဖြည့် ကျင့်ပြီးမှဖြစ်လာသောဘုရားမျိုးမဟုတ်ဘဲ ကနဦးအစကပင် သူ့အလိုလိုဘုရားအဖြစ်ကို ရရှိထားသူဖြစ်၍ အာဒိဗုဒ္ဓဟုလည်း ခေါ်တွင်ပေ သည်။ အမိတာဘာဘုရားနှင့် ကြင်ရာတော် ပါဏ္ဍရာဘုရားမတို့မှ အ၀လောကိတေဿရ (အ၀လောကိတ = ကြည့်ရှုသူ + ဣဿရ = အစိုးရသူ) အမည်ရှိ ဘုရားအလောင်းကို ဖွားမြင်သည်။ အ၀လောကိတေဿရသည် ဘုရားအဖြစ်ကိုရရန် ပါရမီအပေါင်းကို ဖြည့်ကျင့် ပြီးသူဖြစ်သည်။ သူ့အနေနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ယခုပင်စံဝင်လိုက စံဝင်နိုင်သော်လည်း သတ္တ၀ါအပေါင်းအား ကယ်တင်ချေချွတ်လိုသေး သည်။ လောကသားတို့အား သနားသက်ညှာသောအားဖြင့် လောက၌ သတ္တ၀ါတစ်ဦးတစ်လေမျှ မကျန်အောင် နိဗ္ဗာန်သို့ပို့ဆောင်ပြီးမှသာ နိဗ္ဗာန်သို့စံဝင်ရန် သန္နိဌာန်ချထားသည်ဟုဆိုသည်။

 

မဟာယာနဗုဒ္ဓဘာသာဝင်တို့သည် အ၀လောကိတေဿရကိုပင် သက္ခကလောကသရ၊ သီဟနာဒ၊ လောကနာထ (မြန်မာတို့အခေါ် လောကနတ်) ခသပ္ပဏ၊ ဟလာဟလ စသည်ဖြင့် အမည်အမျိုးမျိုးပေး၍ ရုပ်သွင်အမျိုးမျိုးထုလုပ်ကာ ပူဇော်ကိုးကွယ်ခဲ့ကြသည်။ ၄င်း ကိုပင် ဣတ္ထိလိင်(အမ)အဖြစ် အသွင်ပြောင်းကာ ပညာပါရမီတာနတ်သမီး၊ တာရာဒေ၀ီ စသည်ဖြင့် အမည်သညာမျိုးစုံ၊ ပုံမျိုးစုံထုလုပ် ကိုးကွယ်ခဲ့ရာ ယခုလေးငါးနှစ်အတွင်း မြန်မာဗုဒ္ဓဘာသာဝင်တို့အကြားရေပန်းစားလာခဲ့သော ကွမ်ယင်မယ်တော်သည်လည်း အပါအ၀င် ဖြစ်တော့သည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ အ၀လောကိတေဿရ ဘုရားလောင်းတစ်ဖြစ်လဲ ကွမ်ယင်မယ်တော်ကြီးမှာ ယခုအခါ ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာ စေတီတော်တချို့၏ ရင်ပြင်တော်ပေါ်တွင် အပူဇော်ခံရန် ရောက်ရှိစံမြန်းတော်မူနေလေပြီ။

 

ဤနေရာတွင် အလျဉ်းသင့်၍ဖော်ပြလိုသည်မှာ ထေရ၀ါဒနှင့် မဟာယာနတို့၏ နိဗ္ဗာန်အယူအဆချင်း ကွဲပြားခြားနားပုံဖြစ်သည်။ မဟာ ယာနနိဗ္ဗာန်မှာ အမိတာဘာဘုရား (ခေါ်) အစဉ်ထာဝရ တည်ရှိနေသည့် ပရမတ်ဘုရား စံမြန်းနေထိုင်ရာ သုခ၀တီ ကောင်းကင်ဘုံဖြစ် သည်။ သတ္တ၀ါတို့သည် နိဗ္ဗာန်မရောက်မီကာလတွင် မိမိကိုယ်ကိုအစိုးမရကြသော်လည်း နိဗ္ဗာန်ရောက်သည်နှင့် မိမိကိုယ်ကို အစဉ် ထာဝရအစိုးရသွားပြီး မဖောက်မပြန် အစဉ်ထာဝရ တည်ရှိနေသောဘ၀အဖြစ်သို့ ကူးပြောင်းရောက်ရှိသွားသည်ဟု မဟာယာနတို့က ယူဆထားကြသည်။

 

ထေရ၀ါဒအလိုအရ နိဗ္ဗာန်အပါအ၀င် ခပ်သိမ်းသောတရားတို့သည် အစိုးမရ(အနတ္တ)ဟုယုံကြည်လက်ခံထားသော်လည်း မဟာယာန တို့ကမူ နိဗ္ဗာန်ဟူသည် အစိုးမရသောဘ၀မှ အစိုးရသောဘ၀သို့ ကူးပြောင်းသွားခြင်းဟု ယုံကြည်လက်ခံထားကြပါသည်။ တစ်နည်းဆို သော် အနတ္တမှသည် အတ္တသို့ကူးပြောင်းသွားခြင်းသည်သာ နိဗ္ဗာန်ဟုယူဆခြင်းဖြစ်ပါသည်။

 

ဘ၀အပေါ်တွင် တွယ်တာတပ်မက်ခြင်းမကင်းသော အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုလျှင် ဘ၀ပြတ်ပြီဆိုသည့် ဗုဒ္ဓ၀ါဒ အစစ်အမှန်ကိုပစ်ပယ်ကာ ဗြာဟ္မဏတို့၏ အတ္တ၀ါဒကို ဗုဒ္ဓဘာသာဆိုင်းဘုတ်အောက်သို့ ဆွဲသွင်းလိုက်ခြင်းပင် ဖြစ်တော့သည်။ ဗြာဟ္မဏ ၀ါဒအလိုအရ ဤလောကကြီးသည် ဣဿရ(ခေါ်) ထာဝရဘုရားသခင်၏ဖန်ဆင်းမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ တစ်လောက လုံးသည် ဘုရားသခင်၏ ၀ိညာဉ်တော်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သတ္တ၀ါတိုင်း၏ခန္ဓာကိုယ်ထဲတွင် မည်သို့မျှဖျောက်ဖျက်၍မရ သော ၀ိညာဉ်လိပ်ပြာကောင်လေးရှိသည်။ ဘ၀တွေ မည်သို့ပြောင်းပြောင်း၊ ခန္ဓာတွေ ဘယ်လိုလဲလဲ ထာဝရမပြောင်းမလဲ တည်ရှိနေ သည်ကတော့ ထိုဝိညာဉ်ကောင်လေးပင်ဖြစ်သည်။

 

ယင်းသည်ပင် သတ္တ၀ါတို့၏ 'အမတေအနှစ်သာရ'လည်းဖြစ်၊ အစိုးလည်းရသောကြောင့် 'အတ္တ'ဟုလည်းမည်ပေသည်။ ယင်းအတ္တ ကလေးသည် ထာဝရဘုရားသခင်၏ 'အတမန်'ခေါ် 'မဟာအတ္တကြီး'မှ ခွဲထုတ်ဖန်ဆင်းပေးလိုက်သော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

 

သံသရာတစ်လျှောက် မိမိတို့၏အတ္တတွင် တွယ်ကပ်လာသော ကိလေသာအညစ်အကြေးများ ကင်းစင်သန့်ရှင်းသွားအောင် ကြိုးပမ်း အားထုတ်လိုက်ခြင်းဖြင့် ယင်းအတ္တသည် ထာဝရဘုရားသခင်၏ မဟာအတ္တကြီးနှင့် ပေါင်းစည်းမိသွားပြီး ထာဝရငြိမ်းချမ်းသောသုခဘုံ တွင် စံမြန်းရလိမ့်မည်ဟု ခံယူထားကြပါသည်။ ထို့ကြောင့် အမည်သညာအသုံးအနှုန်းကွဲပြားသော်လည်း မဟာယာနဗုဒ္ဓ၀ါဒနှင့် ဗြာဟ္မဏ ၀ါဒတို့၏ ရည်ရွယ်ချက်ပန်းတိုင်မှာ 'ပြီးပြည့်စုံသောအတ္တ' ဖြစ်မြောက်ရေးပင်ဖြစ်ရာ အနှစ်သာရအားဖြင့် ထပ်တူညီလျက်ရှိကြောင်းတွေ့ ရှိရမည်ဖြစ်သည်။

 

ဗြာဟ္မဏ၀ါဒသည်  ဗုဒ္ဓ၀ါဒအတွင်းသို့ အသွင်မျိုးစုံဖြင့် စိမ့်ဝင်ထိုးဖောက်လာခဲ့ရာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်အချို့၌ပင် ဗြာဟ္မဏ၀ါဒ အငွေ့ အသက်မကင်းသော ယုံကြည်ကိုးကွယ်မှုများ ရှိနေပေသည်။ ယင်းတို့အနက် မြတ်ဗုဒ္ဓ၏ဓမ္မအမွေတော် ပိဋကတ်သုံးပုံကို မပျောက်ပျက် အောင်စောင့်ထိန်းပေးနေပါသည်ဆိုသည့် သူရဿတီမယ်တော် ကိုးကွယ်မှုသည် ထင်ရှားသော ပြယုဂ်တစ်ခုပင် ဖြစ်တော့သည်။

 

အမှန်အားဖြင့် သူရဿတီကိုးကွယ်မှုသည် ဣဿရ (ခေါ်) လောက၏ဖန်ဆင်းရှင် ထာဝရဘုရားသခင်ရှိသည်ဆိုသော အယူအဆကို နောက်ခံပြု၍ ပေါက်ဖွားလာသော ယုံကြည်မှုတစ်ရပ်သာဖြစ်သည်။ ဗြာဟ္မဏ၀ါဒအလိုအရ ထာဝရဘုရားသခင်သည် ဤလောကကို ဖန်ဆင်းခဲ့ရာတွင် လုပ်ငန်းသဘာဝပေါ်မူတည်၍ တာဝန်ခွဲဝေအပ်နှင်းနိုင်ရန် မိမိကိုယ်ကို သုံးကိုယ်ခွဲလိုက်သည်။ တစ်ကိုယ်က လောက ကြီးကို ပြည့်စုံစွာဖန်ဆင်းရန်တာဝန်ယူရပြီး သူ့အမည်ကို ဗြဟ္မာ ဟုခေါ်တွင်စေသည်။ နောက်တစ်ကိုယ်က ဖန်ဆင်းပြီးသော ဤလောက ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူရပြီး သူ့ကို ဗိဿနိုး ဟုအမည်တွင်စေပြန်သည်။ နောက်ဆုံးတစ်ကိုယ်ကမူ ဤလောကကြီး အား ဖျက်သိမ်းပျက်စီးစေလိုသည့်အခါ အဖျက်လုပ်ငန်းများကို ဆောင်ရွက်ရန်တာဝန်ယူရပြီး သူ့အား သီဝ(သျှီဗ)ဟု ခေါ်တွင်စေခဲ့ပါ သည်။ ဤထာဝရဘုရား ဣဿရ၏ ကိုယ်ပွား သုံးဆူသောနတ်ဘုရားတို့မှာ လိင်အားဖြင့် ပုရိသလိင် (အဖို)များအဖြစ် သတ်မှတ်ကြပါ သည်။

 

လောက၏ သဘာဝအရ ကောင်းကင်ရှိလျှင် မြေကြီးရှိရမည်၊ အလင်းရှိလျှင် အမှောင်ရှိရမည်၊ အဖိုရှိလျှင် အမလည်း ရှိရပေမည်။ ထို့ ကြောင့် ယင်းသုံးဆူသော နတ်ဘုရားတို့တွင်လည်း ကြင်ရာတော်နတ်သမီးကြီးများလည်း ရှိရမည်ဖြစ်ရာ ဗြဟ္မာ၏ကြင်ရာတော်ကား သူရဿတီ၊ ဗိဿနိုး၏ကြင်ရာတော်ကား လက်ချမီး၊ သီဝ၏ကြင်ရာတော်ကား စန္ဒီ(ကာလီ)ဟူ၍ ဒွိယံဒွိယံ ကြင်ဖက်သက်နှံများပေါ် ပေါက်လာရတော့သည်။ အ၀လောကိတေဿရ ဘုရားလောင်းအား ကိုးကွယ်ကြသည့် မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ အာဒိဗုဒ္ဓ(ခေါ်) အမိတာဘာထာဝရဘုရားတွင် ကြင်ရာတော်နတ်ဘုရားမ ပါဏ္ဍရာရှိသည်ဟူသောအယူအဆသည် ဗြာဟ္မဏ၀ါဒ၏ နတ်ဘုရားစုံတွဲအယူ အဆမှ ဆင်းသက်လာရခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ရှေးအခါကဗြာဟ္မဏ၀ါဒီတို့သည် သူတို့၏အတ္တ၀ါဒကို ဆန့်ကျင်ခဲ့သည့် ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားအား ချိုးနှိမ်၊နှိမ့်ချလိုသဖြင့် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွား လူဝင်စားတစ်ဦးဖြစ်သည်ဟု ပြောဆိုရေးသားခဲ့ကြသေးသည်။

 

ဗြာဟ္မဏ၀ါဒ လွှမ်းမိုးဖျက်ဆီးမှုကို ခံထားရသော မဟာယာနဗုဒ္ဓဘာသာဝင်တို့ကလည်း ဂေါတမဗုဒ္ဓအား အမိတာဘာ ထာဝရဘုရား သခင်က လူသားတို့ကိုချွေချွတ်ရန် စေလွှတ်ခြင်းခံရသူတစ်ဦးအဖြစ် တစ်ဆင့်နှိမ့်ချခဲ့ကြပြန်သည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့သည် အ၀လောကိတေဿရ ဘုရားအလောင်းရုပ်တုနှင့် ဂေါတမဗုဒ္ဓရုပ်ပွားတော်တို့အား လက်ဝဲ၊ လက်ယာရံစေ၍ အလယ်တွင် အမိတာဘာ ဘုရားဆင်းတုကို အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြသည်။

 

ဗြာဟ္မဏ၀ါဒအရ သူရဿတီသည် ပညာဥာဏ်ကိုလည်းကောင်း၊ လက်ချမီးသည် စီးပွားဥစ္စာကိုလည်းကောင်း၊ စန္ဒီ(ကာလီ)သည် ရက် စက်ကြမ်းကြုတ်မှုကိုလည်းကောင်း ကိုယ်စားပြုသည်ဟု ယေဘုယျအားဖြင့် ယုံကြည် လက်ခံထားကြပါသည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားအချို့က သူရဿတီကို ပိဋကတ်သုံးပုံစောင့် သည့် မယ်တော်နတ်သမီးကြီးအဖြစ် ပူဇော်ကိုးကွယ်နေကြသော်လည်း သူအမှန်တကယ်စောင့်ရှောက်နေသည်မှာ ဗြာဟ္မဏတို့၏ အတ္တ၀ါဒဆိုင်ရာ ဝေဒလေးကျမ်းသာလျှင်ဖြစ်သည်။ ဆာရီဝတ် ဟိန္ဒူနတ်သမီး ကို မြန်မာတို့က စည်းပုံဆောင်း၊ ထိုင်မသိမ်းအင်္ကျီ ဗြောင်ထမီဝတ်ပေးကာ မြန်မာမှုပြုလိုက်ရာမှ ပိဋကတ်သုံးပုံစောင့် မယ်တော်ကြီးအဖြစ် ထေရ၀ါဒဗုဒ္ဓဘာသာဝင်လောကတွင် ၀င်ရောက်နေရာယူလာခြင်းပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ အနတ္တ၀ါဒဆိုင်ရာ ပိဋကတ်သုံးပုံနှင့် ဗြာဟ္မ ဏတို့၏ အတ္တ၀ါဒဆိုင်ရာ ဝေဒလေးကျမ်းတို့ လုံးဝကွဲပြားခြားနားနေသလို ထေရ၀ါဒဗုဒ္ဓဘာသာနှင့် သူရဿတီ ကိုးကွယ်မှုမှာလည်း ပြဒါး တစ်လမ်း သံတစ်လမ်းသာလျှင် ဖြစ်ပေသည်။

 

အကယ်၍ သူရဿတီ၊ လက်ချမီး၊ စန္ဒီတို့အား ယုံကြည်လက်ခံသည်ဆိုပါက သူတို့၏ခင်ပွန်းများဖြစ်ကြကုန်သော ဗြဟ္မာ၊ ဗိဿနိုးနှင့် သီဝဆိုသည့် နတ်ဘုရားကြီးများ အမှန်တကယ်ရှိသည်ဟု ယုံကြည်လက်ခံလိုက်ခြင်းပင်ဖြစ်တော့သည်။ ဤသို့ဆိုလျှင် ယင်းတို့သုံးပါး ပေါင်းတစ်ဆူဖြစ်တော်မူထသော ဣဿရ (ခေါ်)  ထာဝရဘုရားသခင် (ခေါ်) မဟာအတ္တကြီးကို လက်ခံလိုက်ရာရောက်ပေတော့မည်။ ဤသည်ပင်လျှင် လောကတွင် အစဉ်ထာဝရ မဖောက်မပြန်ဘဲ အစိုးရနေသော အမတေ အနှစ်သာရ (၀ါ) အတ္တကြီးတစ်ခု တည်ရှိနေ သည်ဟု လက်ခံလိုက်ခြင်း ဖြစ်ပေသည်။

 

ထို့အတူပင် ဘုရားမပွင့်မီကာလအတွင်း သတ္တ၀ါအပေါင်းအားကယ်တင် ချွေချွတ်နေပါသည်ဆိုသော ၀ိဇ္ဇာဓိုရ်များနှင့် အ၀လောကိတေ ဿရ ဘုရားလောင်းတစ်ဖြစ်လဲ လောကနတ်၊ တာရာဒေ၀ီ၊ ပညာပါရမီတာနတ်သမီး၊ ကွမ်ယင်မယ်တော်အစရှိသည့် နတ်ဘုရားများကို ယုံကြည်လက်ခံသူသည် သူတို့၏အရင်းခံဖြစ်သော မဟာယာနဗုဒ္ဓဘာသာ၏ အာဒိဗုဒ္ဓ(ခေါ်)အမိတာဘာ (ခေါ်) ထာဝရဘုရားသခင်ကို ယုံကြည်လက်ခံရာရောက်သွားမည်ဖြစ်ပါသည်။ အမိတာဘာဘုရားသည် ဗြာဟ္မဏတို့၏ ဣဿရကို အမည်ပြောင်းထားခြင်းပင်ဖြစ်ရာ ဤလောက၌ အတ္တ ရှိသည်ဟု လက်ခံလိုက်ခြင်းပင် ဖြစ်ပေသည်။

 

ဗုဒ္ဓမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောက၌ခပ်သိမ်းသော တရားတို့သည် အစိုးမရ၊ အနတ္တသာတည်းဟု သူ၏ဓမ္မတွင်အ တိအလင်း ထုတ်ဖော်ကြေညာထားပြီးဖြစ်သည်။ ဤသည်ကိုဆန့်ကျင်ကာ လောက၌ အစိုးရသောတရား (၀ါ) အတ္တရှိသည်ဟု လက်ခံ လိုက်ခြင်းသည် ဗုဒ္ဓဓမ္မကို ဆန့်ကျင်ပစ်ပယ်လိုက်ခြင်းပင် ဖြစ်တော့သည်။ ဤနည်းအားဖြင့် ထိုသူသည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာ တရား တော်တို့သည်သာ ကိုးကွယ်အားထားရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ (ဓမ္မံ သရဏံ ဂစ္ဆာမိ)ဆိုသော သရဏဂုံတစ်ပါး ကျိုးပျက်သွားလေ ပြီ။ ဗုဒ္ဓ၏ဓမ္မကို ငြင်းပယ်သူသည် ဗုဒ္ဓနှင့်တကွ ဗုဒ္ဓ၏နောက်လိုက် တပည့်သံဃာတို့ကိုပါ ငြင်းပယ်ရာလည်း ရောက်သည်ဖြစ်ရာ ကျန် သရဏဂုံနှစ်ပါးလည်း အလိုလိုကျိုးပျက် သွားမည်သာဖြစ်သည်။ ထိုသူအဖို့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ရရန်ဝေးစွ၊ ဗုဒ္ဓဘာသာဝင်ဟုပင် အမည် မခံထိုက်တော့ပေ။ ၄င်း၏ကိုယ်စိတ်နှလုံးအတွင်း တည်ရှိသော အဇ္ဈတ္တသာသနာ ပျက်စီးသွားချေပြီ။

 

ဤမျှဆိုလျှင် မြတ်ဗုဒ္ဓအား ရည်စူးတည်ထားကိုးကွယ်သည့် စေတီအချို့တွင် တဆောင်တယောင်၊ တခမ်းတနား ဗုဒ္ဓနှင့်စင်ပြိုင် ကိုးကွယ် ပူဇော်ခံနေကြသော ဘိုးတော်၊ ဘတော်၊ မယ်တော်၊ အစ်မတော် အမည်ခံထိုထိုသော ပုဂ္ဂိုလ်ကြီးတို့သည် စစ်မှန်သောဗုဒ္ဓသာသနာ စည် ပင်ဖွံ့ဖြိုးအောင် အကျိုးဆောင်နေကြသည့် သာသနာပြု ပုဂ္ဂိုလ်ကြီးများလော၊ သို့တည်းမဟုတ် ဗုဒ္ဓသာသနာတော်အတွင်း ထွေးရော ယှက်တင် ၀င်ရောက်ကာ အတ္တ၀ါဒ အမြစ်တွယ်အောင် ကြံဆောင်ရင်း ဗုဒ္ဓမြတ်စွာ၏ သာသနာတော်အား ဖျက်ဆီးနေကြသူများလောဆို သည်ကို သိသာလောက်ပေပြီ။

 

လောကတွင် ရန်သူအမျိုးမျိုးရှိရာ မိတ်ဆွေဟန်ပြု၍ ပူးကပ်ဝင်ရောက် ဖျက်ဆီးတတ်သော ရန်သူမျိုးသည် ကြောက်မက်ဖွယ်အကောင်း ဆုံးဖြစ်သည်။ စစ်မှန်သော ဗုဒ္ဓ၀ါဒအဆုံးအမများကိုသာ သန့်ရှင်းစွာခံယူလိုက်နာကျင့်သုံးခဲ့သည့် ထေရ၀ါဒဗုဒ္ဓဘာသာအတွင်းသို့လည်း ထေရ၀ါဒအရေခြုံထားသော အတ္တ၀ါဒသည် မိတ်ဆွေဟန်ပြုလျက် ချဉ်းကပ်စိမ့်ဝင်လျက် ရှိနေပေသည်။ ထိုသို့ ချဉ်းကပ်စိမ့်ဝင်လာသော အတ္တ၀ါဒရောဂါပိုးကို အချိန်မီ သုတ်သင်ဖယ်ရှား မပစ်နိုင်ခဲ့ပါက ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး ဗုန်းဗုန်းလဲ ပြိုကွဲပျက်စီးသွားမည်ကို စိုးရိမ်ရပေသည်။

 

ယခုအခါ ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာ သာသနိကအဆောက်အအုံတချို့တွင် ၀င်ရောက်နေရာယူလာကြသည့် ဘိုးတော်၊ ဘတော်၊ မယ်တော်၊ အစ်မတော်များကို ဤအတိုင်းလက်ပိုက်ကြည့်နေပါက နောင်အနှစ် ငါးဆယ်အတွင်း သူတို့၏အပေါင်းအဖော် အဆွေခင်ပွန်း များ၊ ဆရာ့ဆရာကြီးများဖြစ်ကြကုန်သော အမိတာဘာ၊ ဗြဟ္မာ၊ဗိဿနိုး၊ သီဝ အစရှိသည့် နတ်ဘုရားကြီးများပါ တက်ရောက်စံမြန်း၍ အပူ ဇော်ခံအကိုးကွယ်မခံကြပါဟု မည်သူကအာမခံနိုင်ပါမည်နည်း။ ၄င်းတို့အလယ်တွင် ဂေါတမဗုဒ္ဓရုပ်ပွားတော်သည် အမိတာဘာဘုရား၏ စေလွှတ်ခြင်းခံရသူ၊ သို့တည်းမဟုတ် ဗိဿနိုးနတ်ဘုရား၏ ကိုယ်ပွား လူဝင်စားတစ်ဦးအဖြစ်နှင့် မျက်နှာငယ်ရရှာပေတော့မည်။ ထို့ ကြောင့် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်အား အစွန်းအထင်းမခံ ရှင်သန်ထွန်းတောက်စေလိုသူတိုင်းသည် အသွင် အမျိုးမျိုးဖြင့်ထိုးဖောက် စိမ့်ဝင်လာကြသော အတ္တ၀ါဒဆိုင်ရာ ယုံကြည်ကိုးကွယ်ပြုမှု ကျင့်ကြံမှုမှန်သမျှကို စွမ်းအားရှိသမျှ ဆန့်ကျင်ဖယ်ရှားပစ်ကြရပေမည်။ ဤ သည်ပင်လျှင် မြတ်ဗုဒ္ဓ၏ စစ်မှန်သောသာသနာတော် စည်ပင်ဖွံ့ထွားကာ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် တတ်စွမ်းသမျှ သာသနာပြုခြင်းမည်ပါကြောင်း တင်ပြလိုက်ရပေတော့သည် ။          

 

ဝင်းသိန်းဦး

(၁၇-၈-၉၀)

ဓမ္မရံသီ၊၁၉၉၁ခုနှစ်၊ဖေဖော်ဝါရီလ။

 

စာကြွင်း။           ။ အထက်ပါဆောင်းပါးသည် ဆရာဝင်းသိန်းဦးရေးသားထားသော ဆောင်းပါးဖြစ်ပြီးလုံးချင်းအနေဖြင့် 'ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ' အမည်ဖြင့် Future Publishing Houseကထုတ်ဝေပြီးဖြစ်ပါသည်။ ကျွန်တော့်အနေဖြင့် ပြန်လည်ဝေမျှ ခြင်းသာဖြစ်ပြီး ကိုယ်တိုင်ရေးသားထားသောစာမူများမဟုတ်ပါ။

No comments: