Monday, January 27, 2025

သတင်းခန်းထဲက အနိုင်ကျင့်ခံ အမျိုးသမီးသတင်းသမားများ

သတင်းခန်းထဲက အနိုင်ကျင့်ခံ အမျိုးသမီးသတင်းသမားများ (ဆောင်းပါး)



ရေးသားသူ -ခိုင်ရီ


လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး စတဲ့အမျိုးသားတွေက ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ စော်ကားမော်ကား ကျူးလွန်မှုတွေကို ကိုယ်တွေ့ကြုံခဲ့ရဖူးတဲ့ အမျိုးသမီးပေါင်းများစွာ ရှိကြပါတယ်။

ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကို ဒိုင်းအဖြစ်ကာပြီး လုပ်ငန်းခွင်အတွင်းက အမျိုးသမီးတွေအပေါ် ကိုယ်စိတ်နှစ်ပါး ထိခိုက်နစ်နာစေအောင် ထိကပါးရိကပါးလုပ်ခံရတဲ့သူတွေထဲ သတင်းသမားတယောက်အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ မဧကရီ*လည်း ပါဝင်ပါတယ်။

သူတန်ဖိုးထား မြတ်နိုးလို့ ရွေးချယ်ခဲ့တဲ့ သတင်းလုပ်ငန်းခွင်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် အသက်မွေးဝမ်းကြောင်းအလုပ်ကနေ ယာယီအနားယူနေရပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ပြင်းပြင်းထန်ထန် ခံစားနေရဆဲလို့ သူက ဆိုပါတယ်။

“အမျိုးသားအထက်လူကြီးတွေနဲ့ အလုပ်လုပ်ရမှာ ကြောက်နေတာ၊ အဲ့ဒီစိတ်က တော်တော်ဆိုးတယ်။” လို့ မဧကရီက ရင်ဖွင့်ပါတယ်။

သူဟာ အာဏာမသိမ်းခင်က မြန်မာပြည်တွင်းထဲမှာရှိတဲ့ နာမည်ကြီးပုဂ္ဂလိက သတင်းမီဒီယာတခုရဲ့ ရုပ်သံ သတင်းဌာနမှာ ၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရုံးချိန်ပြင်ပ တညမှာတော့ အဲဒီ သတင်းဌာနကြီးရဲ့ လုပ်ပိုင်ခွင့်အရှိဆုံးနဲ့ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားတဲ့ အထက်လူကြီးဆီမှာ အလုပ်နဲ့မသက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာဆန်ဆန် ဆက်သွယ်ပြောဆိုချက်တွေကို လက်ခံရရှိခဲ့ပါတယ်။ 

အမျိုးသားတဦးက အမျိုးသမီးတဦးကို သဘောကျနှစ်ခြိုက်ကြောင်း ထုတ်ဖော်ပြောဆိုတာက သာမန် ဖြစ်ရိုးဖြစ်စဉ် သဘာဝကိစ္စတခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ မဧကရီကို ချစ်ရေးချစ်ရာစကား ပြောလာတဲ့ အထက်လူကြီးဟာ အိမ်ထောင်နဲ့ သားသမီးရှိနေသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ရဲ့ လုပ်ပိုင်ခွင့်တွေကိုအသုံးချပြီး မဧကရီကို ချဉ်းကပ်ခဲ့တာပါ။

“နောက်နေ့ ရုံးမှာပြန်မြင်ရမယ့်သူဖြစ်လို့ စကားလမ်းကြောင်း လွှဲပေမယ့် ကိုယ်ရေးကိုယ်တာ လမ်းကြောင်းပေါ် ရောက်အောင်  ပြန်ဆွဲယူတယ်။ တကြိမ်ကနေ နှစ်ကြိမ်ဖြစ်လာတော့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်လာတယ်။” လို့ အလုပ်ထဲ အဆင်မပြေဖြစ်လာပုံကို သူက ပြောပါတယ်။

မလိုလားကြောင်း ကိုယ်အမူအယာ၊ နှုတ်အမူအယာနဲ့ အကြိမ်ကြိမ်ငြင်းပယ်တဲ့အတွက် နောက်ဆုတ်သွားမယ်လို့  မဧကရီတွေးတောခဲ့ပြီး သူ့အလုပ်တာဝန်တွေကိုပဲ တစိုက်မတ်မတ် ဆက်လုပ်ခဲ့ကာ ဆင်ခြင်နေ ထိုင်ခဲ့ပါတော့တယ်။

ဒီလို အဖြစ်မျိုးဟာ သူ့တယောက်တည်းလုပ်ခံရတာမျိုး မဟုတ်ဘဲ၊ အသစ်ဝင်လာတဲ့ ဂျူနီယာ အမျိုးသမီးသတင်းထောက်တွေအပေါ်မှာလည်း ရာထူး၊ နေရာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး သားကောင်လိုက်ရှာနေတယ်ဆိုတာကို ရိပ်မိနေခဲ့တယ်။

“သူ့ထောင်ချောက်မှာ ဘယ်သူမိမလဲလို့ လုပ်တာ။” လို့  ဧကရီက ပြောပြပါတယ်။

အဲဒီအထက်လူကြီးဆိုသူဟာ မဧကရီကို သွေးတိုးစမ်းလို့ မရမှန်းသိလာတဲ့နောက်မှာ လုပ်ငန်းခွင်အစည်းအဝေးတွေမှာ အလုပ်တာဝန်တွေနဲ့ ပတ်သက်ပြီး ခွဲခြားအပြစ်တင်တာ၊ နာမည်တပ်ပြီး ဖိနှိပ်ဆက်ဆံတာမျိုး ဆက်တိုက် ရင်ဆိုင်လာရတယ်။

တာဝန်ရှိသူတွေကို တိုင်ကြားပြီး ဒီလုပ်ငန်းခွင်ကို စွန့်ခွာဖို့တွေးပေမယ့် ဝင်ငွေရယ်၊ ထောက်ပံ့စောင့်ရှောက်နေရတဲ့ မိသားစုရယ်ဆိုတာတွေကို ပြန်ငဲ့ရတဲ့အခါ အလုပ်ကမထွက်ဖြစ်ဘဲ ဆက်လက်လုပ်ကိုင်နေခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအထက်လူကြီးဟာ ရုံးတွင်းငွေကြေးအရှုပ်အရှင်းတွေ ကျူးလွန်ခဲ့လို့ သူ့ ပြဿနာနဲ့သူ အချိန်ကုန်နေခဲ့သလို အခုတော့ မူးယစ်ဆေးအမှုနဲ့ ထောင်ထဲရောက်နေပြီလို့ မဧကရီက ပြောပြတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းထဲက သတင်းမီဒီယာအများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်တာတွေ လုပ်ခဲ့ကြရပါတယ်။

မြန်မာပြည်တွင်းမှာ သတင်းသမားအဖြစ် ဆက်လက်နေထိုင်ဖို့ လုံခြုံရေးနဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကို တဖြည်းဖြည်းရောက်လာတဲ့အခါ မဧကရီဟာ တော်လှန်ရေးလက်နက်ကိုင် နယ်မြေကနေတဆင့် ထိုင်းနိုင်ငံ၊ နယ်စပ်ကို တိမ်းရှောင်ထွက်ခွာခဲ့ရပါတော့တယ်။

မဧကရီဟာ သတင်းသမားလုပ်သက် အတွေ့အကြုံရှိပြီးသူတယောက်ဖြစ်တဲ့အတွက် သင့်တော်ရာ အလုပ်ခွင်တခုမှာ သတင်းသမားအဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။

မိသားစုနဲ့ ဝေးကွာတဲ့ နယ်မြေသစ်၊ လုပ်ငန်းခွင်အသစ်မှာ လုပ်ကိုင်နေရင်း ထပ်ပြီး ကြုံတွေ့လိုက်ရတာကတော့ အရင်အတွေ့အကြုံဟောင်းနဲ့ ဆင်တူတဲ့ အဖြစ်အပျက်တခုပါပဲ။

အိမ်ထောင်ရှိ၊ သားသမီးလည်းရှိတဲ့ သတင်းမီဒီယာတိုက်ပိုင်ရှင်ဖြစ်သူက မဧကရီအပါအဝင် တခြား မိန်းကလေးတွေကို ချဉ်းကပ်တဲ့ဖြစ်စဉ်တွေကို ထပ်မံရင်ဆိုင်လိုက်ရပါတယ်။

အဲဒီသတင်းမီဒီယာပိုင်ရှင်က မဧကရီထံ ချစ်ကြိုက်ကြောင်းစာတွေကို ဖုန်းကနေတဆင့်ပို့လာခဲ့ပါတယ်။ ရပ်တည်ရေးအတွက် အလုပ်နဲ့ဝင်ငွေက မရှိမဖြစ်လိုတဲ့အခြေအနေမှာ အလုပ်ပေးထားတဲ့သူအဖြစ် ခင်ခင်မင်မင် ပြောဆိုဆက်ဆံခဲ့တာတွေနဲ့  ရုတ်တရက် အလုပ်ကနေမထွက်နိုင်တဲ့ အခြေအနေပေါ်ကို အခွင့်ကောင်းယူတယ်ဆိုတာ မဧကရီတယောက် ခံစားမိပါတယ်။ 

အဲဒီသတင်းဌာနဟာ သတင်းမီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ရပ်တည်နေတဲ့ သတင်းဌာနတခုဖြစ်ပါတယ်။  ရုံးခန်း အမည်တပ်ထားပေမယ့် သတင်းဌာနပိုင်ရှင်မိသားစုကလည်း ရုံးမှာနေထိုင်တဲ့အတွက် တိုက်ပိုင်ရှင်အိမ်မှာ ရုံးသွားတက်နေရတဲ့အခြေအနေမျိုးဖြစ်နေပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေရဲ့ အထင်လွဲမှားဆက်ဆံခံရတာ၊ စွပ်စွဲခံရတာတွေကိုပါ မဧကရီတယောက် တစတစကြုံတွေ့လာရပါတယ်။

နောက်ပိုင်းမှာ ရုံးမတက်ဘဲ အိမ်ကနေ အလုပ်တာဝန်တွေကို သည်းခံပြီး ဆက်လုပ်နေခဲ့ပေမယ့် အဲဒီသတင်းမီဒီယာတိုက်ပိုင်ရှင်ဟာ သူ့ရဲ့ ဇနီးမယားအပေါ် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုတွေ ကျူးလွန်လာခဲ့သလို ခံရသူအမျိုးသမီးကလည်း မဧကရီကြောင့်ဆိုတဲ့ စွပ်စွဲမှုမျိုးဆန်ဆန်တွေ ဆက်လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ သတင်းဌာနတည်ထောင်သူကို သူက မလိုလားကြောင်း၊ လက်မခံကြောင်း ပြသတာတွေရဲ့ ရလဒ် အဖြစ် အလုပ်တာဝန်တွေနဲ့ ပတ်သက်ပြီး ဖယ်ကျဉ်ခြင်းတွေကို သူရင်ဆိုင်ခဲ့ရပြီး သည်းမခံနိုင်တော့တဲ့ အဆုံးမှာ မဧကရီတယောက် အလုပ်က ထွက်လိုက်ရပါတော့တယ်။

နယ်စပ်မှာအခြေစိုက်ကြတဲ့ သတင်းသမားအသိုင်းအဝိုင်းက အဲဒီလူ ဘယ်လိုအကျင့်စရိုက်ရှိကြောင်း သိကြပေမယ့် ဘယ်သူကမှ ထောက်ပြဝေဖန်ခြင်း မပြုကြဘူးလို့ သူက ဆက်ပြောပါတယ်။ 

သူကိုယ်တိုင်ကတော့ အလုပ်ကနေ နားလိုက်ရတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးနိုင်သူတွေရဲ့ အကူအညီကို ရယူခဲ့ရတယ်လို့ ဆိုပါတယ်။

“အမျိုးသားတွေရှိတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်ရမှာ ကြောက်သွားတယ်။ အိမ်ထောင်ရှိတဲ့ကောင်တွေဆီမှာ ဒီလိုပြောခံရတာ ငါက ဘာဖြစ်နေလို့လဲ ဆိုပြီး သိမ်ငယ် စိတ်ဝင်တာ။ တဖက်မှာလည်း ကိုယ့်ပရော်ဖက်ရှင်နယ်အလုပ်ကို ဒီလိုလူတွေကြောင့် မစွန့်လွှတ်ချင်ဘူး။” လို့ သူက ရင်ဖွင့်ပါတယ်။

လုပ်ငန်းခွင်ထဲက လုပ်ပိုင်ခွင့်ရှိသူတွေထံမှာ ဒီလိုသွေးတိုးစမ်းမှု၊ လိင်ပိုင်းဆိုင်ရာ နှုတ်ရောက်၊ လက်ရောက်မှုတွေ၊ ကျား-မ အခြေပြု ခွဲခြားနှိမ့်ချဆက်ဆံခြင်းတွေ ကြုံတွေ့ရတာက မဧကရီ တယောက်တည်းတော့ မဟုတ်ပါဘူး။ 

သတင်းစာပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး သတင်းသမားတယောက်အဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ မြန်မာပြည်ကနေ ထွက်ခွာလာခဲ့ရတဲ့ မဧကရီအပြင် အခြားသော အမျိုးသမီးငယ်တွေမှာလည်း လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးပြုမူခံရတာတွေကို ပုံစံမျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။

“အဲ့လိုလူတွေက အထူးသဖြင့် လုပ်လို့ရမယ်ထင်တဲ့ ဂျူနီယာမိန်းကလေးတွေကို လုပ်ကြတာ။ တချို့တိုက်တွေက အသိညီမလေးတွေဆို အမြဲတမ်းညည်းတယ်။ တနေ့တနေ့ ရုံးမှာ သားပြောမယားပြော ပြောတာ တွေခံနေရတာ စိတ်ညစ်တယ်လို့ ရင်ဖွင့်တယ်။ အလုပ်ထွက်လိုက်ဖို့ အကြံပေးချင်ပေမယ့် ရပ်တည်ရေးက ရှိသေးတယ်လေ။” လို့ မဧကရီက ပြောပြတယ်။

အလုပ်သင် သို့မဟုတ် အငယ်တန်း အမျိုးသမီး သတင်းထောက်က ထမင်းစားနားချိန်တိုင်း အယ်ဒီတာကို တာဝန်တခုလို ထမင်းဟင်းခူးခပ်ကျွေးမွေးရတာ၊ အပြာကားကြည့်နေတဲ့ အယ်ဒီတာက အမျိုးသမီးသတင်းထောက်ကို သူ့ရုံးခန်းထဲကို အလုပ်ကိစ္စအတွက်ဆိုပြီး ခေါ်ယူတွေ့ဆုံပြီး သတင်းအကြောင်း ဆွေးနွေးဟန်ဆောင်တာ၊ နေ့စဉ်သတင်းခန်းထဲမှာ ယောက်ျားလေးချင်း ပြောလေ့ရှိတဲ့ ညစ်ညမ်းတဲ့ဟာသတွေ ထိကပါးရိကပါး လေယူလေသိမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားအမျိုးသမီးတွေအပေါ်မှာ ပြောဆိုဆက်ဆံတာတွေ၊ သူတို့ရဲ့ မရိုးသားတဲ့ ချဉ်းကပ်မှုတွေကို လက်သင့်မခံတဲ့ သူတွေကို အငြိုးထားပြီး အလုပ်တာဝန်တွေနဲ့ပတ်သက်တဲ့ ခွဲခြားဆက်ဆံမှုတွေလုပ်တာ စတဲ့ ပုံစံကွဲကျူးလွန်မှုမျိုးတွေ အများကြီးရှိနေတာပါ။

ကျူးလွန်သူကို အရေးယူနိုင်ဖို့ထက် ကျူးလွန်ခံရသူ အမျိုးသမီးအပေါ် အပြစ်တင်တတ်တဲ့ လူ့ပတ်ဝန်းကျင်ကြောင့် အများစုက နှုတ်ဆိတ်နေလိုက်ကြသလို ကျူးလွန်သူ ပတ်ဝန်းကျင်နဲ့ ခပ်ခွာခွာနေလိုက်တဲ့နည်းမျိုးတွေကိုသာ ကျင့်သုံးလိုက်ကြတာ တွေ့ ရပါတယ်။

အဲဒီအတွေ့အကြုံဖြစ်ရပ်တွေထဲမှာ သတင်းဌာနတည်ထောင်သူ အိမ်ထောင်ရှိ အမျိုးသားတယောက်ဆီမှာ လက်ရောက်မှုကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးသတင်းသမားတဦးရဲ့ အတွေ့အကြုံတခုက စိတ်ဝင်စားစရာကောင်းပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အထိုင်ချထားတဲ့ သတင်းဌာန ၂ ခု တွေ့ဆုံပြီး ရှေ့ဆက်ကြမယ့် အလုပ်ကိစ္စတွေကို စားသောက်ဆိုင်တခုမှာ စားကြသောက်ကြရင်း တွေ့ဆုံဆွေးနွေးကြပါတယ်။

ကျူးလွန်ခံရသူ အဲဒီအမျိုးသမီးရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ရုပ်သံသတင်းသမားတယောက်ဖြစ်တဲ့ မယုနွယ်*ရဲ့ ပြောပြချက်အရ အဲဒီလို ပြောဆိုဆွေးနွေးနေတုန်းမှာပဲ တဖက်သတင်းဌာန တည်ထောင်သူအမျိုးသားက စားပွဲဝိုင်း တဖက်ကို ရောက်ရောက်လာပါတယ်။

အဲဒီနောက် သူ့ပုခုံးကို ကိုင်ပြီး “ဒီကပြီးရင် ဟိုတယ်ကို သွားမယ်” ဆိုတဲ့ နှစ်ကိုယ်ကြားစကားကို ရုတ်တရက် ပြောလိုက်ပါတယ်။ ပုဂ္ဂိုလ်ရေးပတ်သက်မှုမရှိတဲ့ အိမ်ထောင်ရှိအမျိုးသား တယောက်က လုပ်ဖော်ကိုင်ဖက် တွေရှေ့မှာ ရုတ်တရက် စော်ကားခံလိုက်ရတဲ့အပေါ် ကြောက်စိတ်၊ ရှက်စိတ်နဲ့အတူ အဲဒီနေရာကနေ ချက်ချင်းဆိုသလို ထထွက်ခဲ့တယ်လို့ ကျူးလွန်ခံရသူရဲ့ အရင်းနှီးဆုံးမိတ်ဆွေတဦးက ပြောပြပါတယ်။

အရက်သောက်ထားတဲ့ အိမ်ထောင်ရှိယောကျာ်းတယောက်က လူရှေ့သူရှေ့မှာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုကို ထင်မှတ်မထားဘဲ ခံလိုက်ရတဲ့ အဲဒီအမျိုးသမီးဟာ လနဲ့ချီပြီး အိမ်ထဲကအိမ်ပြင် မထွက် တော့တဲ့အထိ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ဖြစ်သွားစေခဲ့ပါတယ်။

“အဲဒီလူက ကျမသူငယ်ချင်းနားကိုကပ်လာပြီး ပုခုံးနဲ့ လက်ကိုကိုင်ပြီး ပြောတာ၊ ဘယ်လို စကားပြောပြီး လက်က ဘယ်အထိရောက်လာတယ်ဆိုတာမျိုး ပြောပြတယ်။ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားသွားရတာ။  ဖောက်လွဲ ဖောက်ပြန်လုပ်တတ်တဲ့ ယောကျာ်းမျိုးဆီမှာ ပစ်မှတ်ထားခံရတာကို သူ့ကိုယ်သူ မသန့်တော့ဘူးလို့ ခံစားခဲ့ရတယ်လို့ ပြောတယ်။ Counselling လည်း ယူရတယ်၊ အဲဒီ အကြောင်းတွေကို သူပြန်မပြောချင်တော့ဘူး၊ ကျမလည်း မမေးရက်တော့ဘူး။” လို့ ရုပ်သံသတင်းသမားတယောက်ဖြစ်တဲ့ မယုနွယ်*က သူငယ်ချင်းရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

အဲဒီလိုကျူးလွန်တဲ့သူဟာ လူ့အခွင့်ရေး၊ အမျိုးသမီးအခွင့်အရေး စတာတွေကို နားလည်သိရှိပြီးသား သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

“လိင်အမြတ်ထုတ်တယ်ဆိုတာ ဘာလဲ၊ လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ သိတဲ့လူတွေက လုပ်တာ ဆိုးတယ်။” လို့ မယုနွယ်က ပြောပြပါတယ်။

ဒီလို အမျိုးသမီးတွေရဲ့ အရှက်တရားနဲ့ လူသိမခံချင်တဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူတတ်တဲ့ ဒီလိုလူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ လမ်းကြောင်းတွေရှိသင့်တယ်လို့ ယူဆထားတဲ့ မယုနွယ် ကိုယ်တိုင်လည်း အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က သတင်းမီဒီယာဌာနတခုမှာ တာဝန်ထမ်းဆောင်ရင်း အလားတူ အတွေ့အကြုံမျိုးတွေ ရှိခဲ့ဖူးပါတယ်။

အဲဒီအတွေ့အကြုံတွေ မတိုင်ခင်က မြန်မာပြည်တွင်းမှာ လုပ်ကိုင်ခဲ့တဲ့ သူ့သတင်းသမားဘဝ တလျှောက် အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ သတင်းရှိရာ မြေပြင်ကို အကြိမ်ပေါင်းများစွာ အတူသွားလာ လုပ်ကိုင်ခဲ့ဖူးပေမယ့် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်ခံရတာမျိုး တကြိမ်တခါမှ မကြုံခဲ့ဖူးဘူးလို့ ဆိုပါတယ်။

“ယောကျ်ားလေးသတင်းသမားတွေနဲ့အတူ သွားလာရတယ်။ သူတို့ဟာ ကိုယ့်ကို မရိုးသားတဲ့စိတ်နဲ့ မျက်စောင်းတောင် မထိုးခဲ့ဖူးဘူး၊ အလုပ်အပေါ်မှာပဲ အာရုံစိုက်ကြတယ်။” လို့ မယုနွယ်က ပြောပြတယ်။

သူဟာ မြန်မာပြည်တွင်းမှာ ရုပ်သံသတင်းသမားလုပ်သက် ၇ နှစ်ရှိသူတယောက်ဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်း လအတော်ကြာတဲ့အထိ မြန်မာပြည်တွင်းမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ သတင်းအလုပ်တွေ ဆက်လုပ်နေခဲ့ပါတယ်။

အဲဒီနောက် လုပ်ဖော်ကိုင်ဖက်အယ်ဒီတာတဦးကို စစ်ကောင်စီက ဖမ်းဆီးတာခံလိုက်ရပြီး လုံခြုံရေး အခြေအနေက စိန်ခေါ်မှုဖြစ်လာသလို ပြည်တွင်းမှာ ဆက်နေမယ်ဆိုရင် သတင်းဌာနအနေနဲ့လည်း တာဝန်ယူနိုင်မှုမရှိတဲ့အတွက် မိခင်သတင်းဌာနရှိရာ မဲဆောက်မြို့ကို ထွက်ခွာရပါ တော့တယ်။

မဲဆောက်မြို့မှာ အခြေစိုက်နေတဲ့ သူ့သတင်းဌာနကို ရောက်ရောက်ခြင်း တွေ့ကြုံလိုက်ရတဲ့ အခြေအနေတခုကို သူက အခုလို ပြောပြပါတယ်။

“ရောက်ခါစမှာ ရောက်ဖူးအောင်လိုက်ပို့တယ်ဆိုပြီး ကလပ်ခေါ်သွားတာမျိုးလုပ်တယ်။ ညီမက ဆူညံသံမကြိုက်တော့ အပြင်ထွက်နေရင် သူက အနားလာတယ်။ နောက် သူ့အမျိုးသမီးတွေ မကောင်းကြောင်းတွေပြောတယ်၊ သူက ပထမအမျိုးသမီးရှိပြီး အငယ်အနှောင်းနဲ့ ၂ ဖက်ခွနေတာ။ သူ့ကိုဘယ်လိုမြင်လဲဆိုတာမျိုးတွေ မေးတယ်၊ ညီမက အလုပ်လုပ်ဖို့လာတာဖြစ်လို့ ဘယ်လိုမှ မြင်စရာ မရှိကြောင်းပြောလိုက်တယ်။”

အဲဒီသတင်းဌာနဟာလည်း သတင်းမီဒီယာဖွံဖြိုးရေးအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ သတင်းမီဒီယာတခုဖြစ်ပါတယ်။

အထောက်အထားမဲ့ နေထိုင်နေရတဲ့ မယုနွယ်ဟာ အဲဒီတိုက်ပိုင်ရှင်ကို အားကိုးအားထားပြုခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့အလုပ်တာဝန်တွေကို လုပ်ကိုင်နေချိန်မှာ ၂ ယောက်တည်း တွေ့ဖို့ ကြိုးစားတဲ့ အပြုအမူတွေကို ဆက်တိုက်လုပ်ခဲ့တဲ့အတွက် သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“စတူဒီယိုထဲ တယောက်တည်း သတင်းဖတ်နေတုန်း ဝင်လာတာမျိုးတွေလုပ်တယ်။ သူ့အကြောင်း သိထားဖူးတော့ တံခါးတွေ ထဖွင့်လိုက်တာမျိုး၊ တံခါးနဲ့အနီးဆုံးမှာ နေတာမျိုး၊ အသံဖမ်းစက်ဖွင့်ထားတာမျိုး၊ လက်ထဲမှာ ဘောပင်န်ကိုင်ထားတာမျိုး၊ နောက် အဖော်မပါဘဲ စတူဒီယိုထဲ မသွားတော့တာမျိုးတွေ လုပ်ခဲ့ရတယ်။” လို့ တကိုယ်ရည်လုံခြုံရေးအတွက် သတိထားခဲ့ရပုံတွေကို သူက ပြန်ပြောင်းပြောပြပါတယ်။

နောက်ပိုင်းမှာတော့ သူထင်သလို ဖျားယောင်သိမ်းသွင်းလို့မရနိုင်တဲ့ အမျိုးသမီးတယောက်မှန်း သိလာချိန်မှာ မယုနွယ်ရဲ့ လုပ်ခလစာနဲ့ ခံစားပိုင်ခွင့်တွေကို မပေးတာ၊ နောက်ဆုံးမှာ အလုပ်က ထုတ်ပယ်တာ စတဲ့လုပ် ရပ်တွေကို လုပ်ဆောင်ခဲ့ပါတော့တယ်။

ရုတ်တရက်အလုပ်ထုတ်ခံရချိန်မှာ မယုနွယ်တယောက် နေစရာပျောက်သွားခဲ့ပြီး အဖွဲ့အစည်းတခုရဲ့ အကူအညီနဲ့ Safe House မှာ ယာယီခိုလှုံနေထိုင်ခဲ့ရပါတယ်။

အမျိုးသမီးသတင်းသမားတယောက်အနေနဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေက ဒါနဲ့တင် မပြီးဆုံးသေးပါဘူး။ မယုနွယ် ထပ်ပြောင်းလိုက်တဲ့ နောက်သတင်းဌာနတခုမှာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ထပ်ကြုံရပြန်တယ်လို့ ဆိုပါတယ်။

သတင်းဌာနတချို့မှာ အဲဒီလို အမျိုးသမီးသတင်းသမားတွေ ထိကပါးရိကပါး နှောင့်ယှက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အရေးတယူလုပ်ဆောင်မယ့်မူဝါဒတွေမရှိဘူးလို့ မဧကရီနဲ့ မယုနွယ်တို့က ထောက်ပြပါတယ်။

အကာအကွယ်ပေးထားတဲ့ မူဝါဒတွေမရှိသလို အထက်လူကြီးအများစုကလည်း အမျိုးသားတွေ ဖြစ်နေတဲ့အခါ ဖွင့်ဟတိုင်ပင်ရတာ အကန့်အသတ်ရှိတယ်လို့ သူတို့က ဆိုပါတယ်။

သက်တမ်းရင့် သတင်းဌာနတခုဖြစ်တဲ့ ဒီမိုကရက်တက်မြန်မာ့အသံ(DVB)ရဲ့ ရုံးပိုင်းဆိုင်ရာ အကြီးတန်း စီမံခန့်ခွဲရေး တာဝန်ရှိသူတဦးက “ ဒီလို ကျူးလွန်ခံနေရလို့ စိတ်အနှောင့်အယှက် ဖြစ်နေရင် ကြိုပြောဖို့ မနှောင့်နှေးစေချင်ဘူး၊ နစ်နာတဲ့ ကျား-မ ဘယ်သူမဆို Supervisor ကိုပြော၊ သူတို့အရေးမယူရင် တဆင့်ထပ်တက်ပါ။” လို့ အကြံပေးပါတယ်။ 

DVB ရဲ့ ရုံးတွင်း ဝန်ထမ်းလက်စွဲတွေမှာကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုအပြင် အခြားစော်ကားမှုတွေဖြစ်တဲ့ ဝန်ထမ်းရဲ့ လူမျိုး၊ လိင်ကွဲပြားမှု၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်၊ နိုင်ငံ ဒါမှမဟုတ် မျိုးရိုး၊ အိမ်ထောင်ရေးအခြေအနေ၊ လိင်စိတ်ခံယူမှု၊ အသက်၊ မသန်စွမ်းမှု ဒါမှမဟုတ် ဥပဒေနဲ့ကာကွယ်ထားတဲ့ အခြားလက္ခဏာတခုခုကို နှုတ်၊ အမူအယာ၊ ကိုယ်ထိလက်ရောက်လုပ်တာ စတဲ့လုပ်ဆောင်မှုတွေကို တားမြစ်ကန့်သတ်ထားတဲ့ မူဝါဒ တိတိကျကျရေးဆွဲထားတယ်လို့ သူက ပြောပါတယ်။

“တချို့အမျိုးသမီးတွေက သူတိုင်လိုက်ရင် သူများအလုပ်ထိခိုက်သွားမလားဆိုတာ တွေးပေးတတ်တယ်။ ဒါက ကောင်းတဲ့ စိတ်အခြေခံပဲ။ ဒါပေမဲ့ သူများကို ငဲ့ညှာတဲ့အတွက် ကိုယ်ပါနစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အမျိုးသမီးတွေအတွက် ဒီလိုကျူးလွန်ခံရရင် စိတ်ပိုင်း၊ ရုပ်ပိုင်း ပြန်လည်ကုစားဖို့ ခက်တာမျိုးတွေ ကြုံရတတ်တယ်။” လို့ လုပ်ငန်းခွင်အတွင်း အတွေ့အကြုံတချို့ကို ညှိနှိုင်းစေ့စပ်ပေးဖူးတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး သူက ရှင်းပြတယ်။

အမျိုးသမီးဝန်ထမ်းတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်မှုတွေဟာ လုပ်ငန်းခွင်တိုင်း၊ နယ်ပယ်တိုင်းမှာ ရှိတတ်ကြပေမယ့် သတင်းမီဒီယာနယ်ပယ်မှာ ဖြစ်ပျက်နေတဲ့ ဒီလိုကျူးလွန်မှုမျိုးတွေကို အားကောင်းကောင်းနဲ့ ဝိုင်းဝန်းအရေးတယူလုပ်သင့်တယ်လို့  ၂၀၀၉ ကတည်းက သတင်းသမားအဖြစ်ရပ်တည်ခဲ့တဲ့ အမျိုးသားသတင်းသမားတဦးက ထောက်ပြပါတယ်။                           

"ဒီကိစ္စက လုပ်ငန်းနယ်ပယ်တခုလုံးကို ထိခိုက်စေတယ်။ ဒီလိုကျူးလွန်သူတွေ ခေါင်းထောင်မလာအောင် အားကောင်းကောင်းနဲ့ ဝိုင်းလုပ်သင့်တယ်။ ဒိုနာတွေအနေနဲ့လည်း ဒီလိုသတင်းစကားတွေကို နားစွင့်သင့် တယ်၊ ကိုယ် Report ကောင်းကောင်းရေးနိုင်ဖို့၊ အလုပ်ဖြစ်ဖို့လောက်ပဲ လုပ်မနေသင့်ဘူး။ မီဒီယာတွေကို အထောက်အပံ့ပေးရာမှာ ဒီအချက်တွေကို ထည့်တွက်ပြီး ပေးသင့်တယ်။" လို့ သူက ဆိုပါတယ်။

အမျိုးသားသတင်းသမားတယောက်အနေနဲ့ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးသတင်း ထောက်တွေရဲ့ ရင်ဖွင့်တဲ့ ဖြစ်ရပ်တွေကို သူကိုယ်တိုင်လည်း ကြားဖူးခဲ့တယ်လို့ ဆိုပါတယ်။

"အကြံပြုချင်တာက ရဲရဲတင်းတင်းထုတ်ပြောပါ။ ကျနော်တို့အလုပ်က ကိုယ့်အရည်အချင်းနဲ့ ကိုယ်လုပ်ကြတာ၊ သူများပေးစာကမ်းစာ စားနေရတဲ့လူတွေ မဟုတ်ဘူး။ ဒီနေရာမှာ မလုပ်ရရင် ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ တခြားဌာနတွေမျာ လုပ်လို့ရတယ်။" လို့ သူက အားပေးပါတယ်။      

အာဏာသိမ်းပြီးနောက်ပိုင်း အစီအစဉ်တင်ဆက်သူအဖြစ် သတင်းမီဒီယာလောကထဲကို ရောက်ရှိလာ ခဲ့တဲ့ မသိမ့်သိမ့်*က ဒီလို ကိုယ်ရေးကိုယ်တာထိပါး နှောင့်ယှက်ခံရတာမျိုးတွေကို မြန်မာအမျိုးသမီးတွေရဲ့ ဓလေ့နဲ့ အမူအကျင့်အရ ထုတ်ဖော်ပြောဆိုဖို့  ခက်ခဲရင်တောင် မတရားမှုတွေကို ဖော်ထုတ် ထုတ်ပြနေတဲ့ ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နေသူတွေက ထုတ်ပြောဖို့မသင့်ဘူးလားလို့ သူ့ကိုယ်သူ မေးခွန်းထုတ်ပါတယ်။

“ပါးစပ်၊ မျက်စိ၊ လက်နဲ့ အသားယူတာတွေက နေရာတိုင်းမှာ ကြုံနေကြတယ်။ တချို့လူတွေအတွက်က မေ့လိုက်လို့ရတယ်၊ တချို့လူတွေက မေ့မရဘူး။ တဘဝလုံးစာ စိတ်ဒဏ်ရာ ဖြစ်သွားနိုင်တယ်။ ဒီလိုကြုံလာရင် ချပြရဲဖို့ လိုတယ်၊ ထုတ်ပြောသင့်တယ်။ အရေးယူသင့်ရင် အရေးယူဖို့လိုတယ်။ တချို့ တိုက်တွေမှာ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိဘူး။ ဒီဟာအပေါ်မှာ ငါတို့ပြောင်းလဲ ပစ်ရမှာဆိုတာမျိုး ရိုးရိုးသားသား မရှိကြဘူး။ ကိုယ်ဘယ်လို တည်မြဲအောင် နေမလဲဆိုတာမျိုးပဲ စဉ်းစားနေကြတယ်။” လို့ မသိမ့်သိမ့်က ပြောပါတယ်။

၂၀၂၃ ထဲမှာ Myanmar Women in Media(MWiM) က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ချင်းမိုင်မြို့မှာ ပြောင်းရွှေ့အခြေချနေထိုင်တဲ့ သတင်းသမားတချို့ကို တွေ့ဆုံပြီ သတင်းခန်းအတွင်း အမျိုးသမီး၊ အမျိုးသား ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်တဲ့ သုတေသန စစ်တမ်းအချို့ကောက်ယူခဲ့ပါတယ်။

အဲဒီ အသေးစားသုတေသန စစ်တမ်းတစောင်ကို Myanmar Women in Media(MWiM)က ပြီးခဲ့တဲ့ ၂၀၂၄ မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အမျိုးသမီးသတင်းသမားတွေဟာ လုပ်ငန်းခွင်အတွင်းဖြစ်စေ၊ အလုပ်နဲ့ ပတ်သက်တဲ့ တခြားအလွတ်သဘောလှုပ်ရှားမှုတွေမှာဖြစ်စေ အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတဲ့ မလုံခြုံမှု အကြောင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မေးမြန်းတောင်းဆိုခံရတာ၊ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို မလိုလားအပ်ဘဲစိုက်ကြည့်တာ၊ မလိုအပ်ဘဲ ထိကိုင်တာ၊ လိင်ဆက်ဆံဖို့ တောင်းဆိုတာ၊ အမျိုးသားတွေနဲ့အတူ ကွင်းဆင်းသတင်းရယူရေး ခရီးစဉ်တွေမှာ တခန်းတည်းအိပ်ရမယ့် အစီအစဉ် (သီးသန့်တည်းခိုစရာ မစီစဉ်ပေးတဲ့ ရုံးရဲ့စီမံခန့်ခွဲမှုကိုဆိုလို)တွေ၊ ဒါမှမဟုတ် မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ စကားပြောဆိုတာ စတဲ့ အခြေအနေတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားလုပ်ဖော်ကိုင်ဖက် အထက်အရာရှိတွေရဲ့ လိင်ပိုင်းဆိုင်ရာ သွေးတိုးစမ်းမှုတွေကို အမျိုးသမီးတွေက ငြင်းဆန်မယ်ဆိုရင် လစာလျှော့ချတာ၊ ရေးထားတဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ဖော်ပြဖို့ငြင်းဆိုတာ၊ အလုပ်မထွက်မချင်း အနှောင့်အယှက်ပေးတာတွေ ခံရတဲ့အထိ ပုံစံအမျိုးမျိုးရှိတယ်လို့ သုတေသနက ဆိုပါတယ်။

တွေ့ရှိချက်တခုအရ မီဒီယာတိုက်တခုက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ အကြီးတန်းမန်နေဂျာတယောက်ကို အလုပ်က ထုတ်ပယ်မယ်လို့ တရားဝင် လူသိထင်ရှားထုတ်ဖော် ကြေညာခဲ့ပေမယ့် လက်တွေ့မှာ အဲဒီမန်နေဂျာကို အဆုံးရှုံးမခံနိုင်လောက်အောင် တန်ဖိုးရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်ခန့်အပ်ထားခဲ့တဲ့ အခြေအနေတခုကိုလည်း စိုးရိမ်ဖွယ်တွေ့ခဲ့ရတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသမီးသတင်းသမားတွေသာမက အမျိုးသားသတင်းသမားတွေပါ အများဆုံး ဖြေဆိုကြတဲ့ လိုအပ်ချက်တွေက မီဒီယာတိုက်တွေထဲမှာ တင်ပြတိုင်ကြားနိုင်မယ့် နည်းစနစ်တွေ ဖန်တီးပေးဖို့၊ လွတ်လပ်တဲ့ ပြင်ပက စေ့စပ်ညှိနှိုင်းပေးသူထားရှိဖို့နဲ့ မီဒီယာတိုက်တွေကို ရန်ပုံငွေပံ့ပိုးပေးတဲ့ အလှူရှင်တွေကတဆင့် အရေးယူနိုင်တဲ့ နည်းလမ်းတွေ ဖန်တီးဖို့ လိုအပ်နေတယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒုတိယ အများဆုံးတောင်းဆိုတဲ့အချက်က မီဒီယာတိုက်တွေကို အလှူရှင်တွေဘက်က မူဝါဒတွေ ဖန်တီးပြီး အကောင်အထည်ဖော်ဖို့၊ အထူးသဖြင့် ကျူးလွန်သူတွေကို အလုပ်ထုတ်ပြီး ထုတ်ဖော်တိုင်ကြားသူကို ကာကွယ်ပေးဖို့ ဆိုတဲ့အချက်တွေ လိုအပ်နေတယ်လို့ ထောက်ပြထားတာတွေ့ရပါတယ်။

မြန်မာ့မီဒီယာ အမျိုးသမီးများအဖွဲ့ - Myanmar Women in Media (MWiM) - တည်ထောင်သူ တဦးကတော့ သတင်းလုပ်ငန်းခွင်ထဲမှာ ဂျန်ဒါ(Gender)ဆိုင်ရာ မူဝါဒတွေကို ချမှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကား အကြမ်းဖက်ခံရတာမျိုး ကြုံလာပါက တိုင်ကြားနိုင်တဲ့ လုပ်ငန်းစဉ်တွေလည်း ချမှတ်ထားဖို့လို တယ်လို့ အကြံပြုပါတယ်။

အဲဒီလို အရေးယူပေးနိုင်တဲ့ လုပ်ငန်းစဉ်၊ ယန္တယားတွေမရှိတဲ့ သတင်းမီဒီယာတိုက်တွေက အမျိုးသမီးတွေ တိုင်ကြား နိုင်အောင်လို့လည်း မြန်မာ့မီဒီယာ အမျိုးသမီးများအဖွဲ့ - Myanmar Women in Media (MWiM)က တိုင်ကြားနိုင်တဲ့ ယန္တယားတခု ဖော်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“လွတ်လပ်သောသတင်းမီဒီယာကောင်စီ (IPCM)နဲ့ ချိတ်ပြီး Sexual Harassment နဲ့ ပတ်သက်လို့ တိုင်ကြားလို့ရတဲ့ ယန္တယားတခု ဖော်ဆောင်သွားဖို့ရှိတယ်။” လို့  MWiM တည်ထောင်သူတဦးက ပြောပါတယ်။

အမျိုးသမီးသတင်းသမားတွေရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါး ကျူးလွန်မှု တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှုဝါဒတွေရှိလဲဆိုတာ သတင်းမီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်းတခုဖြစ်တဲ့ International Media Support(IMS) ကို မြေလတ်အသံ အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

IMS ဟာ မြန်မာသတင်းမီဒီယာဖွံ့ဖြိုးရေးအတွက် ကူညီပေးနေတဲ့ ထောက်ပံ့ရေးအဖွဲ့အစည်းတွေထဲက တခုဖြစ်ပါတယ်။

IMS နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ IMS ရန်ပုံငွေရရှိထားတဲ့ အဖွဲ့အစည်းတွေထဲက သတင်းသမားအမျိုးသမီးတဦးဦးက စိတ်ပိုင်းရုပ်ပိုင်း အနိုင်ကျင့်ခံရမှုတွေ ကြုံလာရင် သတင်းပေးပို့တိုင်ကြားနိုင်တဲ့ မူဝါဒတွေရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီလို ကျူးလွန်ခံရတာတွေနဲ့ပတ်သက်လို့ ကာယကံရှင် မြန်မာသတင်းသမားတွေဆီကနေ တရားဝင် တိုင်ကြားခံရတာမျိုးတွေ တကြိမ်မှ မရှိခဲ့သေးဘူးလို့ သိရပါတယ်။ 

သတင်းမီဒီယာလုပ်ငန်းခွင်တွေထဲမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားမော်ကား ပြုခံရခြင်းတွေ အတွက် ထုတ်ဖော်တိုင်ကြားရင်တောင် အရေးတယူလုပ်ပေးမယ်လို့ မဧကရီတယောက် မယုံကြည်ရဲတာကို တွေ့ရပါတယ်။ 

“ဒိုနာ(ထောက်ပံ့သူ)တွေလည်း မသိတာမဟုတ်၊ သိတာပဲ။ ကိုယ်က ထုတ်ပြောတာ၊ တိုင်တာမျိုးလုပ်လည်း လုပ်မောကြီး ဖြစ်မယ်ဆိုတာ သိတယ်။ ကိုယ်က မတိုင်ရခင် ကျူးလွန်တဲ့လူက ဒိုနာဆီကိုအရင် ဆက်သွယ်ပြီး သူ့မှာ ဒီလိုပါစင်နယ် ကိစ္စဖြစ်သွားတယ်၊ အလုပ်ကို ထိခိုက်နိုင်လားလို့ မေးတော့ ဒိုနာအဖွဲ့အစည်းက ဒါက ပါစင်နယ်ကိစ္စဖြစ်လို့ အလုပ်နဲ့ မဆိုင်ကြောင်း ပြောလိုက်တယ်လို့ ပြန်သိရတယ်။” လို့ မဧကရီက သူ့အတွေ့ အကြုံပေါ်မူတည်ပြီး ပြောပြပါတယ်။

မယုနွယ်ကတော့ ကျူးလွန်သူက မရှက်ဘဲ၊ ကျူးလွန်ခံရသူက ရှက်ရ၊ မိန်းကလေးဖြစ်လို့ ဖုံးဖိ သိုသိပ်နေရ တာတွေကို ကျော်လွှားပြီး ရင်ဆိုင်နေရတာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့နည်းကို သူကိုယ်တိုင်လည်း ကျင့်သုံးသလို နယ်ပယ်တူ အမျိုးသမီးသတင်းမီဒီယာ ပရော်ဖက်ရှင်နယ်တွေကို အားပေးပါတယ်။

သတင်းလောကထဲကို ရောက်လာတဲ့ အမျိုးသမီးတွေဟာ သာမာန်အမျိုးသမီးတွေထက် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေကို တဆင့်ကျော်လွန် အသိအမြင်ရှိသူတွေဖြစ်လို့ ကိုယ်တိုင်ကြုံရတဲ့ မတော်မတရား ကျူးလွန်ခံရတာမျိုးတွေကို ထုတ်ဖော်ပြောဆိုပြီး အရေးယူနိုင်အောင်လုပ်ဖို့ သူက ဆိုပါတယ်။

“ခံရရင် မရှက်ပါနဲ့၊ ကိုယ့်စိတ်ကို အရှင်းဆုံး ဖြစ်အောင်လုပ်၊ ပွင့်ပွင့်လင်းလင်းထုတ်ပြော၊ မကြောက်နဲ့၊ နာမည်ထုတ်ပြောရတယ်ဆိုရင်တောင် ရှက်ရမှာက ငါတို့ မဟုတ်ဘူး၊ သူကျူးလွန်တာဖြစ်လို့ သူရှက်ရမှာလို့ သဘောထား။” လို့ မယုနွယ်က ပြောပါတယ်။

*အမည်လွှဲ

မြေလတ်အသံ

#ဆောင်းပါး #သတင်းခန်း #အမျိုးသမီး #Sexual_Harassment

 
***မြေလတ်အသံ စာမျက်နှာမှကူးယူဖော်ပြသည်။

Wednesday, January 1, 2025

ကြွေလွင့်... ၂၀၂၄ 😭

 ▪️ ကြွေလွင့်... ၂၀၂၄




၂၀၂၄ ခုနှစ်အတွင်းကွယ်လွန်သွားခဲ့သော နိုင်ငံရေး၊ စာပေ၊ဂီတ၊ ပန်းချီ၊ ရုပ်ရှင်၊ သဘင်စည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူပုဂ္ဂိုလ်များကို လအလိုက် စုစည်းတင်ပြထားပါသည်။


မာမာအေး (တေးသံရှင်)


ဂန္ထဝင်တေးသံရှင် ဒေါ်မာမာအေးသည် အသက် (၈၂)နှစ်အရွယ် ဇန်နဝါရီလ ၉ရက်၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သည်။ အသက်ရှစ်နှစ်အရွယ်မှစ၍ ဂီတလောကထဲရောက်ရှိခဲ့ပြီး မေ့ကွက်ကိုရှာ၊ မောင့်အချစ်မြှားစူး၊စန္ဒကိန္ဒရီစသည်တို့သည် မာမာအေး၏နာမည်ကျော် တေးသီချင်းများဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ထွက်ခွာခဲ့ပြီး မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သဖြင့် မာမာအေး၏သီချင်းများကို မြန်မာပြည်တွင်ထုတ်လွှင့်ခြင်းမပြုရန် စစ်အစိုးရကပိတ်ပင်ခဲ့သည်။


မောင်မောင်ကြီး (တေးသံရှင်)


ဂန္ထဝင်ဂီတတေးသံရှင် မောင်မောင်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်တွင်ကွယ်လွန်သည်။ အဆိုတော်မောင်မောင်ကြီးသည် ၁၉၄၇ ခုနှစ်မှစ၍ ဂီတလောကထဲစတင်ဝင်ရောက်ခဲ့ပြီး အကျည်းတန်ချစ်သူ၊ သစ်ခြောက်ပင်အောက် ပန်းကောက်သူ တေးများနှင့် ကျော်ကြားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၃)နှစ်ရှိပြီဖြစ်သည်။


ဟိန်းမြတ်ဇော် (ကဗျာဆရာ)


ခေတ်ပေါ်ကဗျာဆရာတစ်ဦးဖြစ်သည့် ကဗျာဆရာဟိန်းမြတ်ဇော်သည် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၁)ရက်တွင် ကွယ်လွန်ခဲ့သည်။ အသက်(၅၄)နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည့် ကဗျာဆရာဟိန်းမြတ်ဇော်သည်  ၁၉၉၁ခုနှစ်မှစ၍ မဂ္ဂဇင်းများတွင် ကဗျာများစတင်ရေးသားခဲ့ပြီး ကွယ်လွန်ချိန်ထိ ကဗျာပုဒ်ရေ(၅၀၀)ခန့်ရေးသားခဲ့ပြီးတစ်ကိုယ်တော်လုံးချင်းကဗျာစာအုပ် (၄)အုပ်ထုတ်ဝေခဲ့သည်။


ဉူးညေယျဓမ္မ (မဟာဗောဓိမြိုင် ဆရာတော်)


မဟာဗောဓိမြိုင်ဆရာတော် ဉူးညေယျဓမ္မသည် သက်တော်(၈၂)နှစ်၊ ဝါတော်(၄၅)ဝါအရ ၂၀၂၄ ခုနှစ်၊ဧပြီလ ၃၀ရက်တွင် ဘဝနတ်ထံပျံလွန်သည်။ ဆရာတော်သည် ရဟန်းဘဝသို့စတင်ဝင်ရောက်ချိန်မှစ၍ ပျံလွန်ချိန်ထိ လူသူမနီးတောအုပ်ထဲတွင် သီတင်းသုံးအားထုတ်ခြင်း၊ နယ်စပ်ဒေသကျေးရွာများတွင် ဗုဒ္ဓသာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းကြောင့် ထင်ရှားခဲ့သည်။


R ခေါင်လွန်း (KIA စစ်ဦးစီးချုပ်)


ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် 

ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်းသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်တွင်ကွယ်လွန်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းသည် KIAစစ်ဦးစီးချုပ်တာဝန်သာမက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ အမှတ်(၁)စစ်ဒေသမှူးအဖြစ်လည်းဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝက မွန်းအောင်၏ ၈/၈၂တေးစီးရီးတွင် ဘေ့စ်ဂီတာတီးခက်ခဲ့သူ ဖြစ်သည်။


စိုးနိုင် (ပန်းချီ)


မော်ဒန်အနုပညာရှင် ပန်းချီစိုးနိုင်သည် အသက်(၆ ၄)နှစ်အရွယ် ၂၀၂၄ခုနှစ် မေလ(၁၅)ရက်တွင်ကွယ်လွန်ခဲ့သည်။ မြန်မာမော်ဒန်ပန်းချီလောကတွင် New Figurativeအဖြစ်ထင်ရှားသည် ပန်းချီစိုးနိုင်သည် NICA (Networking & Initiative for Culture & the Arts) က ပေးအပ်သည့် Artist in Residency ကိုရရှိခဲ့ပြီးပြည်တွင်း တကိုယ်တော်ပန်းချီပြပွဲပေါင်း ၂၀ ကျော်၊ပြည်ပပန်းချီပြပွဲ ၆ကြိမ်ထက်မနည်း ပြသခဲ့သည်။


သားဦး (ကဗျာဆရာ)


မကွေးမြို့အခြေစိုက် ခေတ်ပေါ်ကဗျာဆရာတစ်ဦးဖြစ်သည့် သားဦးသည် အသက်(၄၄)နှစ်အရွယ်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ရက်တွင်ကွယ်လွန်သည်။ သားဦးသည် ကဗျာများစွာအပြင် ဝတ္ထုတို၊အက်ဆေး၊ပန်းချီစသည်တို့ကိုလည်း ဖန်တီးခဲ့ပြီး လုံးချင်းစာအုပ်(၆)အုပ်ထုတ်ဝေခဲ့ကာ အလယ်ရိုးမကဗျာဆုအပါအဝင် ကဗျာစာပေဆုသုံးဆုရရှိခဲ့သည်။


တင်ဆွေမိုး (စာရေးဆရာ)


စာကြည့်တိုက်ပညာရှင် စာရေးဆရာတင်ဆွေမိုးသည် အသက်(၇၆)နှစ်အရွယ် မေလ၁၉ရက်၊ ၂၀၂၄တွင် ကွယ်လွန်ခဲ့သည်။ တင်ဆွေမိုးကလောင်အမည်၊ မြင့်ဆွေဦးကလောင်အမည်များဖြင့် စာအုပ် 

ပေါင်း၂၀ခန့်ထုတ်ဝေခဲ့ပြီး မိုးဝေမဂ္ဂဇင်းတွင်လည်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံကာလ  ဒေါ်အောင်ဆန်းစုကြည်၏ရုံးအဖွဲ့တွင် ပါဝင်ခဲ့သဖြင့် အစိုးရဝန်ထမ်းရာထူးမှရပ်စဲခံရပြီး ဖမ်းဆီးခံခဲ့ရသည်။


ဝိုင်းကျော် (လူရွှင်တော်)


နာမည်ကျော် ဟားငါးကောင်လူရွှင်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝိုင်းကျော်သည် အသက် (၃၈)နှစ်အရွယ်တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၂ရက်တွင် မဲဆောက်မြို့၌ ကွယ်လွန်ခဲ့သည်။ ဟားငါးကောင်လူရွှင်တော်အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ ထွက်ခွာခဲ့ပြီး တော်လှန်ရေးရန်ပုံငွေအစီအစဉ်များတွင် တင်ဆက်ဖျော်ဖြေခဲ့သည်။


ဦးတင်ဦး (NLD ပါတီနာယက)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးသည် အသက် ၉၈နှစ်အရွယ် ၂၀၂၄ ခုနှစ် ဇွန်လ ၁ရက်တွင် ကွယ်လွန်ခဲ့သည်။ ဦးတင်ဦးသည် ဂျပန်ခေတ်ကတည်းက တပ်မတော်သို့ဝင်ရောက်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေး၊ တရုတ်ဖြူကျူးကျော်မှုတိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ၁၉၇၄မှ ၇၆အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပြီး ဗိုလ်နေဝင်း၏အနားပေးခြင်းခံရသည်။ ၁၉၈၈တွင် NLDပါတီကို "အောင်-စု-တင်"အုပ်စုများဖြင့်စတင်ထူထောင်ခဲ့သူများထဲမှတဦးဖြစ်သည်။ ပါတီဥက္ကဌတာဝန်ကိုလည်း တစ်နှစ်ကျော်ဆောင်ရွက်ခဲ့သည်။


ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ (ဝင်းနိမ္မိတာရုံဆရာတော်)


ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ရက်တွင် လမ်းခရီးအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခက်မှုကြောင့် ဘဝနတ်ထံပျံလွန်သည်။ ဆရာတော်အားပစ်ခက်မှုကို စစ်တပ်က အစပိုင်းတွင် လိမ်ညာခဲ့သော်လည်း မျက်မြင်သက်သေများ၏ရှင်းလင်းမှုကြောင့် နောက်ပိုင်းတွင်ဝန်ခံခဲ့ရသည်။ စာချစာသင်အရာတွင် နာမည်ကျော်ပြီး ကျမ်းပေါင်း၆၀နီးပါးပြုစုခဲ့သော ဆရာတော်သည် ပျံလွန်တော်မူချိန် သက်တော်(၇၈)နှစ်၊ဝါတော်(၅၈)ဝါရှိပြီဖြစ်သည်။


ဦးသန်းဦး (ပညာရေးပညာရှင်)


မြန်မာ့ပညာရေးဆိုင်ရာ စာပေများစွာရေးသားခဲ့သည့် သုတေသီ ဆရာကြီးဦးသန်းဦးသည် အသက် (၉၇ )အရွယ် ၂၀၂၄ခုနှစ်၊ဇွန်လ၂၃ရက်တွင် ကွယ်လွန်သည်။ အဆင့်မြင့်ပညာဦးစီးဌာနတွင်ညွှန်ချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့သူ ဦးသန်းဦးသည် စာမတက်သူပပျောက်ရေး "အသုံးလုံးစီမံကိန်း"ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတက္ကသိုလ်က လူထုအကျိုးပြုစာပေပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သည်။


စိုင်းဆိုင်မောဝ် (အဆိုတော်)


ရှမ်းတိုင်းရင်းသား နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည့် စိုင်းဆိုင်မောဝ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်တွင် ကွယ်လွန်ခဲ့သည်။ "တစ်ရွာသားနဲ့ပုဝါပါး"၊ "ချယ်ရီသက်သေမောင့်မျက်ရည်"၊ "မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ"စသည့် တေးသီချင်းများဖြင့် ကျော်ကြားခဲ့သော စိုင်းဆိုင်မောဝ်သည် ကွယ်လွန်ချိန်တွင်အသက်(၇၇)နှစ်ရှိပြီဖြစ်သည်။


နော်စီဖိုးရာစိန် (KNU ဒုဥက္ကဌဟောင်း)


ကရင်အမျိုးသားအစည်းရုံး KNU၏ ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန်သည် အသက် ၆၉နှစ်အရွယ် ၂၀၂၄ခုနှစ် ဇူလိုင်လ၂၄ရက်တွင်ကွယ်လွန်ခဲ့သည်။ အနှစ်၇၀ ကျော် KNU သက်တမ်းတလျှောက်တွင် အထွေထွေအတွင်းရေးမှူး၊ ဒုဥက္ကဌစသည့် ခေါင်းဆောင်ပိုင်းနေရာကို အမျိုးသမီးထဲမှ ပထမဆုံးရယူခဲ့သူဖြစ်သည်။ KNUဗိုလ်ချုပ်ကြီးဟောင်း တာမလာဘော၏သမီးဖြစ်ပြီး အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်(WON)က ပေးအပ်သည့် အမျိုးသမီးငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။


ဦးစိုင်းလင်း (မိုင်းလား NDAA ဥက္ကဌ)


အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA မိုင်းလားအဖွဲ့၏ ဥက္ကဌ ဦးစိုင်းလင်းသည် အသက်(၇၆)နှစ်အရွယ် ဩဂုတ်လ ၇ရက်၊ ၂၀၂၄တွင်ကွယ်လွန်သည်။ ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၈၁၅ စစ်ဒေသခေါင်းဆောင်ဖြစ်ပြီး ဗကပပုန်ကန်မှုတွင်ပါဝင်ခဲ့ပြီးနောက် မိုင်းလားကိုအခြေပြု၍ အထူးဒေသ(၄)ကိုထူထောင်ကာ စစ်တပ်နှင့်ငြိမ်းချမ်းရေးယူခဲ့သည်။


ဖေမောင်စိမ်း (မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ)


မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်းသည် ဩဂုတ်လ ၁၉ရက်၊ ၂၀၂၄တွင်ကွယ်လွန်ခဲ့သည်။ စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင် နံရိုးကျိုးသည်အထိ ဒဏ်ရာပြင်းထန်စွာရခဲ့သည်။ ထိုဒဏ်ရာများကြောင့်ပင် အရိုးကင်ဆာရောဂါရခဲ့ပြီး လွတ်ရက်စေ့ပြီး သုံးရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကာတွန်းဆရာကြီးဦးဖေသိန်း၏သားဖြစ်သူ ကိုဖေမောင်စိမ်းသည် ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းတွင် နာမည်ကျော်မှတ်တမ်းရုပ်ရှင်များစွာရိုက်ကူးခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၀)ရှိပြီဖြစ်သည်။


ဒေါက်တာဇော်မြင့်မောင် ( NLDပါတီ ဒုဥက္ကဌ)


NLDပါတီ၏ ဒုတိယဥက္ကဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အသက်(၇၃)နှစ်အရွယ် ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၇ရကျတှငျ ကွယ်လွန်ခဲ့သည်။ နဝတစစ်အစိုးရလက်ထက် ၁၉နှစ်နီးပါးအကျဉ်းကျခဲ့သူ ဆရာဝန်နိုင်ငံရေးသမား ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀၊၂၀၁၂၊၂၀၁၅နှင့်၂၀၂၀ ရွေးကောက်ပွဲများ၏ အနိုင်ရလွှတ်တော်အမတ်ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဒေါက်တာဇော်မြင့်မောင်ဖမ်းဆီးခံရပြီး မတရားစွပ်စွဲပုဒ်မများဖြင့် ၂၉နှစ်ထောင်ဒဏ်ချခံရသည်။ အကျဉ်းထောင်အတွင်းကျန်းမာရေးဆိုးရွားလာသဖြင့် မန္တလေးဆေးရုံကြီးတွင်ပြောင်းရွှေ့ကုသခဲ့ရာ စစ်တပ်ကလွတ်ငြိမ်းခွင့်ပေးပြီးနာရီပိုင်းအကြာတွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်၏စျာပနကို မန္တလေးပြည်သူလူထုသိန်းနှင့်ချီ၍ တက်ရောက်ပို့ဆောင်ခဲ့ကြသည်။


ခင်ဇော်မြင့် (ကဗျာဆရာ)


မန္တလေးမြို့အခြေစိုက် ခေတ်ပေါ်ကဗျာဆရာတစ်ဦးဖြစ်သူ ခင်ဇော်မြင့်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်တွင်ကွယ်လွန်သည်။ ၁၉၉၆ ခုနှစ်မှစ၍ မဂ္ဂဇင်းများတွင် ကဗျာများစတင်ဖော်ပြခံရသည့် ကဗျာဆရာခင်ဇော်မြင့်သည် အလယ်ရိုးမကဗျာဆုအပါအဝင် ကဗျာစာပေဆု(၇)ဆုရရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၅၅)နှစ်ရှိပြီဖြစ်သည်။


ဦးဝင်းခိုင် (ဝန်ကြီးဟောင်း)


NLDအစိုးရလက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဦးဝင်းခိုင်သည် အသက်(၇၄)နှစ်အရွယ် နိုဝင်ဘာလ(၈)ရက် ၂၀၂၄တွင်ကွယ်လွန်ခဲ့သည်။အာဏာသိမ်းပြီးနောက်စစ်တပ်က ဦးဝင်းခိုင်ကိုဖမ်းဆီးပြီး အဂတိလိုက်စားမှုပုဒ်မများဖြင့် စွပ်စွဲကာထောင်ဒဏ် ၂၈နှစ်ချမှတ်ခဲ့သည်။အကျဉ်း ထောင်အတွင်း ကျန်းမာရေးဆိုးရွားလာသဖြင့် မန္တလေးဆေးရုံသို့ပြောင်းရွှေ့ကုသခဲ့ရပြီးအောက်တိုဘာလ၂၈ရက်တွင် စစ်တပ်ကလွတ်ငြိမ်းခွင့်ပေးခဲ့သည်။ဦးဝင်းခိုင်သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဥက္ကဌဟောင်းလည်းဖြစ်သည်။


ကိုမြတ်စံ(သုံးရောင်ခြယ်)


နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ်များစွာကျခံခဲ့သည့် သုံးရောင်ခြယ်လူငယ်အဖွဲ့ဝင် ကိုမြတ်စံသည် အသက်(၅၉)နှစ်အရွယ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင်ကွယ်လွန်သည်။ ကိုမြတ်စံသည် ၁၉၈၈ အရေးတော်ပုံကာလများ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။


မင်းချမ်းမွန် (စာရေးဆရာ)


ရသအက်ဆေးများဖြင့်ထင်ရှားသည့် စာရေးဆရာ မင်းချမ်းမွန်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရကိတွင်ကွယ်လွန်ခဲ့သည်။ ဆရာမင်းချမ်းမွန်သည် ၁၉၉၀နှင့် ၁၉၉၂တွင် စာပေဗိမာန်စာမူဆုများနှင့် ၂၀၁၈တွင် အမျိုးသားစာပေဆုများရရှိခဲ့ပြီး မဂ္ဂဇင်းများတွင်လည်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် (၈၀)နှစ်ရှိပြီဖြစ်သည်။


#ကြွေလွင့်၂၀၂၄

#ဆီသို့ #Towards