ဟောင်ကောင်ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာဆိုရင် ဂျက်ကီချန်း | ဘရုစလီ | ချောင်ယွန်ဖတ် | အန်ဒီလူ | ဒိုနီယမ် | တိုနီလျောင် |ဂျက်လီ အစရှိတဲ့ သရုပ်ဆောင်ကြီးတွေကို ဒီမှာ လူသိများပေမယ့် ကျနော့်အနေနဲ့တော့ သူ့အကြောင်းတွေကို သိရချိန်မှာ သတိရ နှမြောတသဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်တစ်ယောက်ကတော့ လပ်စ်လီ ချောင်ဆိုတဲ့ သရုပ်ဆောင်ကိုပဲ ဖြစ်ပါတယ်။
ကိုယ်တွေရင်းနှီးခဲ့တဲ့ ရုပ်ရှင်တွေက ဂျက်ကီချန်း ဂျက်လီတို့က များခဲ့တော့ လပ်စ်လီချောင် ရုပ်ရှင်တွေကို သိပ်ကြီး မျက်မှန်းမတန်းမိခဲ့ပါဘူး။ A Better Tomorrow လောက်မှာပဲ ရင်းနှီးခဲ့တယ် ဆိုရမှာပေါ့။ နောက် လွယ်လင့်တကူ လက်လှမ်းမှီလာ။ ဒရာမာရုပ်ရှင်တွေကို သဘောကျလာတဲ့ အရွယ်ရောက်လာတော့မှသာ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို တရုတ်ထိပ်တန်းရုပ်ရှင်တွေမှာ တွေ့လာရတော့မှ သူဟာ 85ဝန်းကျင်ကနေ ကိုးဆယ်ကျော်နောက်ပိုင်းအထိ ထိပ်ထိပ်ကြဲ သရုပ်ဆောင်တစ်ဦးဆိုတာ သိခဲ့ရတယ်။ အချက်အလက်တွေအရ ပြောရရင် သရုပ်ဆောင် အနေအထားထက် အဆိုပိုင်းမှာ ပိုပြီးအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပေါ့။
ဝမ်ကွာဝေရဲ့ ရုပ်ရှင်တွေမှာလည်း သူ့ရဲ့သရုပ်ဆောင်မှု တွေကိုလည်း မြင်ရမယ် ။Happy Together |Days Of Being Wild | Ashes of Time တို့ ။ အော်စကာဆန်ကာတင်တဲ့အထိ အောင်မြင်ခဲ့တဲ့ နိုင်ငံတကာဆုတွေတသီကြီးရတဲ့ Farewell My Concubineတို့မှာ သူ့ရဲ့လတ်ဆတ်လှတဲ့အကောင်းစားသရုပ်ဆောင်မှု တွေကို မှတ်ကျောက်တင်ခဲ့ကြရတယ်။ ကိုယ်တွေသတိရမိတဲ့ရုပ်ရှင်ကတော့ A Chinese Ghost Story ပဲ ဖြစ်ပါတယ်။ တကယ်ကို တမလွန်နယ်ခြားက တစ္ဆေမလေးကြာပန်းဖြူ ကို ကိုယ်တိုင်ပါချစ်မိသွားခဲ့ရ လွမ်းခဲ့ရတဲ့အထိ ဖမ်းစားနိုင်ခဲ့တယ်။
အနုပညာမြောက်မှတ်ကျောက်တင်နိုင်ခဲ့တဲ့ဖလင်တွေကိုပဲ အဓိကထား ပါဝင်ခဲ့ဖူးတဲ့ သူ့အနေနဲ့ ဘဝမှာ ဘာတွေနာကျင်စရာ ရှိမှာလဲလို့ တွေးမိနိုင်စရာ ရှိကောင်းရှိနိုင်ပါတယ်။ တရုတ်နှစ်တရာရုပ်ရှင်သမိုင်းထဲမှာတယောက်အပါအဝင်အဖြစ်စံပြုခံရတယ်။ အထင်ရှားဆုံး ဂီတပညာရှင်တစ်ယောက်အဖြစ် ထာဝရရှိရစ်သူလို့ ဂုဏ်ပြု ခံရတယ်။ CNNရဲ့ ထင်ပေါ်ကျော်ကြားမှု အရှိဆုံး ဂီတပညာရှင် တယောက်အဖြစ် 2010 မှာပဲ Michael Jackson ၊ The Beatles အဖွဲ့နဲ့ တတန်းတည်း ရွေးချယ်ပေးခြင်း ခံရတယ်။ ပြီးတော့ အာရှရဲ့ထိပ်တန်းသရုပ်ဆောင်25ယောက်ထဲက တယောက်အဖြစ် လည်း မှတ်ကျောက်ပြု ခံခဲ့ရပါတယ်။
ခုလို ကမ္ဘာနဲ့ချီပြီး ထင်ရှားခဲ့တဲ့ လပ်စ်လေရဲ့ ဘဝလမ်းဟာ ဖြောင့်စင်းလွယ်ကူမယ်လို့ မှတ်ထင်ကြပါသလား။ သူ့ကိုယ်ထဲကို ရောက်သွားတဲ့ မိစ္ဆာနတ်ဆိုးဟာ ခွင့်မပြုပါဘဲ ခိုင်မြဲစွာ နှောင်အိမ်ဖွဲ့ခဲ့ပြီး တရစ်ပြီးတရစ် ထိုးသွင်း နာကျင်စေခဲ့တယ် ။ ဒါဟာ ကျနော်တို့ မြင်ရတဲ့ မှုန်သီဝေ့ဝါးနေတဲ့ နှင်းဆွတ်ရည်များနဲ့ ပြည့်ဝပ်နေတဲ့ မှန်ပြတင်းကို မြင်ရသလို ဖြစ်မယ်တူပါရဲ။ သူပါဝင်ခဲ့တဲ့ Days Of Being Wild မှာ မောင်းမငယ်သို့ နှုတ်ဆက်ခြင်းမှာ Happy Together မှာ ။ သူသွန်ချလိုတဲ့ လက်တွေ့ဘဝက ပျော်ရွှင်မှု မပျော်ရွှင်မှုတွေဟာ အဲဒီ ရုပ်ရှင်ထဲမှာ ထင်ရှားစွာ တွေ့ရတယ်။ ဒီဇာတ်ကောင်တွေထဲကို ဝင်စားနိုင်ခဲ့ဖို့ အတွက် သူ့နှလုံးသားတွေမှာ ကားအင်ဂျင်ရှေ့က ဖုန်စစ်ရတဲ့ ( Air Cleaner ) စက်တလုံးလိုမျိုး ဘယ်မျှအထိ အဲဒီသောကတွေ ၊ ဒဏ်ရာတွေကို ခါခါသွန်ချခဲ့ရမလဲ မသိ ၊ ဒဏ်ရာတွေ ၊ မိမိရဲ့တကိုယ်ရည် မပျော်ရွှင်မှုတွေကို တခမ်းတနား မွေးမြူရတာ ၊ ဒါကို အထပ်ထပ်ရစ်လွယ်ပြီး သူ့မျက်နှာနုနုကလေးပေါ်က မျက်ဝန်းအိမ်များထဲမှာ ၊ နှုတ်ခမ်းနီမတွေအသည်းစွဲကြတဲ့ နှုတ်ခမ်းကလေးပေါ်မှာ ပုံဖော်ရေးချယ်ရတာ အတိုင်းအဆမဲ့ နာကျင်ရမှာပဲ လေ။ ဒါတွေကို ကျနော်တို့ ရှု့စားသူ ပရိသတ်တွေ မမြင်နိုင်။ သူ့ရဲ့ ပကတိဖြစ်အင်အတွက် ဝင်ရောက်ခံစားမပေးနိုင်။ အနုပညာနဲ့ဘဝကို အသက်မွေးဝမ်းကြောင်းပြုသူဟာ အခကြေးငွေပေးပြီး ခံစားကြတဲ့ ပရိသတ်များအလိုကျ ပီပြင်အောင် ဖျော်ဖြေပေးရမှာပဲ မဟုတ်လား။
လပ်စ်လေရဲ့ နှလုံးအိမ်တနေရာမှာ ဘယ်လိုမီးအိမ်မျိုးပဲ ထွန်းပေးပေး အမြဲမှောင်အတိကျနေတဲ့ အခန်းတခု ရှိနေခဲ့ပါတယ်။ လူလတ်တန်းစားမိသားစုကနေ မွေးဖွားကြီးပြင်းလာခဲ့တဲ့သူ့မှာ ဖက်ရှင်နဲ့ပတ်သက်ပြီး ဦးဆုံးစိတ်ဝင်စားမှုဖြစ်စေတာက သူ့ဖခင် စက်ချုပ်သမားကြီးဆီက။ ဒါပေမဲ့ ဖခင်ဖြစ်သူဆီက ဒီလို အဝတ်အစား ပုံဖော်ချုပ်လုပ်ပုံတွေကို ဝင်စားကူးစက်စေတာကလွဲလို့ သူ့အတွက်တော့ နတ်ဆိုးတောင် အရှင်သခင်ကြီးပဲ။ ဒေါသကြီးပြီး အမြဲရန်လိုနေတဲ့ အသွင်ဖြစ်နေတဲ့ သူဟာ မိခင်ဖြစ်သူကိုလည်း မျက်စိရှေ့မှောက်မှာလည်း ရိုက်ပုတ်နှိပ်စက်ပုံရသလို အိမ်ထဲက ဆွေမျိုးသားချင်းတွေကလည်း အမြဲတမ်း တကျက်တကျက် ဖြစ်နေကြတယ် ။ ဒီလို ဘဝမျိုးထဲမှာ သူ့အတွက် နွေးထွေးပျူငှာတဲ့ စိတ်ခံစားမှုတွေ အစား ဒဏ်ရာတွေ ၊ ဝမ်းနည်းခြင်းတွေ တသီတတန်းနဲ့ပဲ ကြီးပြင်းရင်း ငယ်ဘဝဟာ နာကျင်မှုတွေနဲ့ပဲ ပြီးမြောက်သွားတယ်။ အဆိုးဆုံးကတော့ ဖခင်ကြီးဟာ မိခင်ကို ထားပစ်ခဲ့ပြီးတော့ နောက်အိမ်ထောင် ပြုလိုက်တာပဲ။ ခိုကိုးရာမဲ့သွားတဲ့ သူ့မှာ အဖွားဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ရတယ်။ ဒါဟာ လပ်စ်လီရဲ့ ကျိုးပဲ့အက်ကွဲခဲ့တဲ့ ငယ်ဘဝဖြစ်တယ်။ ဒီလိုထဲမှာ ကျနော်တို့ မသိနိုင်တဲ့ နာကျင်စရာအဖြစ်အပျက်တွေလည်း တပုံကြီး ရှိနေပါဦးမယ်။ လပ်စ်လေဟာ အဲဒီ ဒဏ်ရာတွေကို ဝမ်ကွာဝေရဲ့ Days Of Being Wild မှာ ရိုက်ကူးခွင့်ရတော့ ဝင်စားသွန်ချလေသလား သူပဲ သိမှာပေါ့။ ကျနော်ဟာ ဒဏ်ရာတွေ အပြည့်နဲ့ အိပ်စက်ဖို့ မဖြစ်နိုင်တော့ပဲ ပျံသန်းနေရတဲ့ ငှက်တကောင် ။ ကျနော့်အတွက် အနားယူခွင့် ရမယ့်အချိန်ဟာ သေဆုံးသွားခါမှပဲ ဖြစ်လိမ့်မယ်တဲ့။ ဒီထဲမှာ သူက ချစ်ခြင်းမေတ္တာရဲ့ ဆန့်ကျင်ဘက် အရာတွေနဲ့ပဲ ပိုက်ထွေး ရှင်သန်နေတဲ့ ဇာတ်ကောင်လေ။ သူ့ကို စွန့်ပစ်ခဲ့တဲ့ မိခင်ကို မုန်းတီးရာကနေ ဆုံရသမျှ မိ*န်းမတွေကိုလည်း ရန်သူအမှတ်နဲ့ ဆက်ဆံတဲ့ဇာတ်ကောင်။ ခပ်ထေ့ထေ့ ဖြစ်နေတဲ့ နှုတ်ခမ်းများ ၊ ဒေါသ နာကျည်းမှုများရဲ့ နောက်မှာ မှောင်မည်းနေပြီး မိုးစက်တွေအတိပဲကျခံ ထိရိုက်နေရတဲ့ ပန်းခြောက်ကလေးကို မြင်မိကြလား။ အဲဒါဟာ သူပါပဲ။
လပ်စ်လေက ဒီဒဏ်ရာတွေကို သယ်ပိုးရင်းပဲ အင်္ဂလန်ကို လစ်သွားခဲ့တယ်။ အဲဒီမှာ ကျောင်းတက် ပညာသင်ရင်း သူဟာ သီချင်းဆိုဖို့ ၊ သရုပ်ဆောင်လုပ်ဖို့ ဖြစ်လာတဲ့ လူတယောက်ဆိုတာကို ရှာတွေ့သွားပုံရတယ်။ ဒီလိုမှမဟုတ်လည်း နှလုံးသားထဲက စိတ်ဒဏ်ရာတွေကို သွေးတိတ်ဖို့ရာက ဒီအနုပညာနဲ့ ကုစားခြင်းကပဲ အကောင်းဆုံးပဲလို့လည်း မြင်သိလိုက်သလား မဆိုနိုင်။ အရက်ဘားမှာ ယမကာစပ်သူ အလုပ်လုပ်ရင်း သီချင်းတွေ ဝင်ဆိုနေခဲ့တယ်။ သူ့နာမည်ကိုလည်း Gone With The Wind ထဲက ဇာတ်ဆောင်မင်းသား Leslie Howard ရဲ့ ရှေ့က နာမည်ကို ယူပြီး ပြောင်းလဲမှည့်ခေါ်စေခဲ့တယ်။
လပ်စ်လေအမည်ဟာ သူ့ရဲ့ဖြစ်တည်မှု သရုပ်သကန်ကို ဖော်ပြထားတဲ့ အဓိပ္ပါယ်လို့ သူက ဖွင့်ဟပါတယ်။ အဲဒီနာမည်က မိန်းကလေးအနေနဲ့လည်း မှည့်ရတယ် ၊ ယောက်ျားလေးအနေနဲ့လည်း မှည့်လို့ရတယ် ။ ဘာကန့်သတ်မှုမှ ရှိမနေတဲ့ အမည်မို့ ပါလို့ ပြောပါတယ်။ ဘာလို့ဒီလို ပြောရသလဲ ဆိုတော့ သူက Bisexual တယောက် ဖြစ်နေလို့ပဲ။
1976 မှာ ဟောင်ကောင်ကို ပြန်ခဲ့တယ်။ မကျန်းမာနေတဲ့ ဖခင်ကြီးဆန္ဒအရ အိမ်မှာပဲ မွေးချင်းမောင်နှမတွေနဲ့အတူတူရှိခဲ့ရပြီး အသက်မွေးဝမ်းကြောင်းအဖြစ် Levi's အထည်ဆိုင်မှာ အရောင်းသမား လုပ်ခဲ့ပါတယ်။ လပ်စ်လေဟာ ဒီလိုနဲ့ပဲ ဟောင်ကောင်အနုပညာရပ်ဝန်းမှာ တဖြေးဖြေးနေရာရအောင် ကြိုးပမ်းအားထုတ်ခဲ့ပြီး သရုပ်ဆောင်ဘဝရယ်လို့ မထွန်းတောက်လာခင်မှာကတည်းကတင် အဆိုတော်ဘဝနဲ့ပဲ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။
လပ်စ်လေက သူရဲ့အစောပိုင်းကာလမှာ အနုပညာလောကထဲကပဲ ဖြစ်တဲ့ မင်းသမီးတချို့နဲ့ Date ခဲ့သေးပေမဲ့ အချစ်ရေး အဆင်မပြေပါဘူး။ သူပြောတာကတော့ ဒီအနုပညာအလုပ်အပေါ်မှာပဲ အရမ်းအာရုံစိုက်ခဲ့လို့ အချစ်ရေးတွေ က အဆင်မပြေတာပါ။ ဆိုတော့ ကျနော့် ဘဝအနေအထားက သမီးရည်းစားဘဝမျိုးထက် သူငယ်ချင်းတွေလို ဖြတ်သန်းကြတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ တကယ်လို့ ခုအလုပ်တွေသာ မလုပ်ဖြစ်ခဲ့ရင် မိသားစုဘဝကို ပိုင်ဆိုင်ချင်မိတယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ သူနဲ့ငယ်ဘဝကျောင်းနေဘက်ဖြစ်တဲ့ Daffy Tong Hok-tak နဲ့ပဲ လက်တွဲခဲ့ပါတယ်။ သူဟာ အဲဒီအချစ်ရေးကိုလည်း ပွင့်လင်းစွာ ဝန်ခံခဲ့တာမို့ တရုတ်အနုပညာလောကထဲမှာ ပထမဆုံး မြင်ခဲ့ရတဲ့ လိင်တူချစ်မြတ်နိုးမှုနဲ့ ပတ်သက်တဲ့ ဖြစ်အင် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သိကြတဲ့အတိုင်း ကျနော်တို့တိုင်းပြည်ဘက်တွေမှာ ခုထိတိုင်အောင် သက်တံ့ရောင်စဉ်လှိုင်းတွေနဲ့ ပတ်သက်ပြီး ဖိနှိပ်ခွဲခြားကြတာတွေဟာ ရှိနေဆဲပဲ မဟုတ်လား။ ဒီတော့ ခုလို ပွင့်လင်းစွာ ဝန်ခံလက်တွဲကြတဲ့ သူတို့အဖို့ နာမည်ကြီး အနုပညာရှင်လည်း ဖြစ်တော့ ဘယ်လောက်အထိ ရှုံချ တိုက်ခိုက်ခံခဲ့ရမလဲ။ အဲဒီ ဖိစီးမှုတွေကြောင့် သူဟာ စတိတ်မှာ ဖျော်ဖြေရခြင်းအလုပ်ကိုတောင် 89 ကနေ 94 အထိ ငါးနှစ်ကြာမျှ ကျောခိုင်းခဲ့ရပါတယ်။
သူဟာ စိတ်ဒဏ်ရာတွေ ရည့်မှည့်အမြစ်တွယ်လာခြင်းကို ကြံ့ကြံ့ခံရင်း ဘဝကို ဖြတ်သန်းလာခဲ့ချိန်မှာ 2003 ခုနှစ် သူ့အသက် 46 နှစ်အရောက်မှာတော့ ဒီခံစားမှုတွေကို လက်မြှောက်လိုက်ပြီ ထင်ပါတယ်။ 2003 ခုနှစ် April နွေဦး။ ဟောင်ကောင်ကျွန်းဆွယ်မှာ ဆားစ်ပ် ဗိုင်းရပ်စ်က အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အချိန်။ စိတ်ဒဏ်ရာကိုက်ခဲမှုတွေ အလုံးစုံနဲ့အတူ ဘယ်လို ငြိမ်းချမ်းမှုမျိုးမှ ရှာတွေ့ပုံ မရတော့တဲ့သူဟာ ညနေခင်း ခြောက်နာရီခွဲလောက်မှာ ရောက်နေတဲ့ ဟိုတယ် 24 ထပ် အမြင့်ကနေ ခုန်ချပစ်လိုက်ပါတော့တယ်။
လပ်စ်လီတယောက် လွတ်မြောက်ရာဘုံကို ကူးသွားတဲ့ သတင်းဟာ တရုတ်တပြည်လုံးကို ဂယက်ရိုက်သွားစေပြီး ဝမ်းနည်းပူဆွေးမှု တွေ ဖြစ်ခဲ့ရတယ်။ ဟောင်ကောင်မှာ ဗိုင်းရပ်စ် ပြဿနာ ရှိနေတဲ့ တိုင်အောင် သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေက သိန်းပေါင်းများစွာ ခြံရံပြီးတော့ နောက်ဆုံး ဈာပနကို ပို့ဆောင်ပေးခဲ့ကြတယ်။
ဒီလို နာမည်ကျော် အနုပညာသည်တစ်ဦး တိမ်းပါးသွားတာဆိုတော့ သတင်းမှတ်ချက်တွေကလည်း အမျိုးမျိုးပေါ့။ သူမှာ အေ့စ်ဝေဒနာ ရှိနေလို့ ခုလို လုပ်တာ ဖြစ်တဲ့ အကြောင်း ။ တကယ်တန်းမှာတော့ အရမ်းဖိစီးလာနေခဲ့တဲ့ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ဆရာဝန်တွေနဲ့ ကုသနေခဲ့တာကြာပြီ။ ဒါပေမဲ့ အဆင်မပြေဘဲ ပိုဆိုးလာတယ်။ 2002 ခုနှစ်တုန်းကလည်း တခါခုန်ချမယ် ကြံရွယ်သေးတယ် လို့ သိရတယ်။
လေးဆယ့်ခြောက်နှစ်သားအရွယ် မကုန်လွန်မီအထိ လူသားကမ္ဘာကြီးထဲကို တန်ဖိုးဖြတ်တန်နိုင်စွမ်း မရှိတဲ့ အနုပညာဖန်တီးမှုတွေကို စိတ်ကိုယ်အလုံးစုံ နစ်ဝင်ပြီး ထားရစ်သွားခဲ့တဲ့ သူဟာ မကွယ်လွန်မီမှာတော့ ခုလို နုတ်စ်လေး ထားရစ်ခဲ့ပါတယ်။
Depression! Many thanks to all my friends. Many thanks to Professor Felice Lieh-Mak (麥列菲菲) [Cheung's last psychiatrist]. This year has been so tough. I can't stand it anymore. Many thanks to Tong Tong [nickname for Cheung's boyfriend Daffy Tong]. Many thanks to my family. Many thanks to Sister Fei (沈殿霞). In my life I have done nothing bad. Why does it have to be like this?
ဒီလိုစကားတွေထဲက သူ့ညီမဖြစ်သူကို ရင်ဖွင့်ခဲ့တဲ့ စကားလေးက ဘယ်လောက် ရင်နာဖွယ်ရာအတိလဲ။
" ငါ့မှာ ပိုက်ဆံလည်း ရှိတယ်။လူအများကြီးကလည်း ငါကို ချစ်ကြပါတယ်။ဒါကိုတောင် ဘာလို့များ ဒီစိတ်ကျဝေဒနာကြီးက လာဖြစ်နေရတာလဲ "တဲ့။
သီချင်းကောင်းတွေ ၊ ရုပ်ရှင်အနုပညာလက်ရာကောင်းတွေ ၊ ကွန်ဆာဗေးတစ် ကမ္ဘာကြီးထဲကနေ ရှေ့ကနေပဲ မိမိတည်ရှိမှုကို အတိုက်ခိုက်ခံ ဖော်ပြခဲ့တာတွေ ။ ခုလို နှလုံးသားစိတ်အာဟာရအပေါ် ဘဝကုန်ချိန်အထိ ဖြည့်စွမ်းပေးခဲ့တဲ့ သူ့ကို ဒီလို ခံစားရတဲ့ အချိန်မှာတော့ ကျနော်တို့ ပရိသတ်တွေဟာ သူ့အတွက် ဘာတွေများ တဖန်နွေးထွေးပေးနိုင်ခဲ့ကြသလဲ။ Bisexual ဖြစ်ရမှုအတွက် ရာဇဝတ်သားသဖွယ် ခွဲခြားရှုံ့ချမှုကိုတောင် တသီတတန်းကြီး ပိုက်ထွေး ခံစားခဲ့ရတာ မဟုတ်လား။ ဒီတော့ သူလည်း ဘာသားနဲ့ ထုထားတဲ့ လူမို့လို့လဲ။
အဆုံးမတော့ လင်းကျင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း တဘဝစာလုံး မှောင်အတိကျနေတဲ့ အခန်းကလေးထဲကိုပဲ ပြန်သွားခဲ့လိုက်ရပြီ။
ဒီနေရာကလေးမှာပဲ လပ်စ်လေရဲ့ ဘဝဖြစ်တည်မှု တစိတ်တပိုင်းအကြောင်းကို ရပ်နားလိုက်ကြပါစို့။