Friday, August 18, 2023

သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းအတွက် ရေးသားခဲ့သောစာ

 ဦးနေဝင်းမှ သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းအတွက် ရေးသားခဲ့သောစာ

wwwwwwwwwwwwwwwwwwwwwwwwwww

(အယ်ဒီတာတစ်ဦး, The Voice Weekly)



ဦးနေဝင်း နောက်ဆုံးကာလသည် ဗုဒ္ဓဘာသာဝင်များအနေနှင့် ကြည့်လျှင် အလွန်တရားကျစရာ ကောင်းလှသည်။ ဦးနေဝင်းသည် နေအိမ်အကျယ်ချုပ် ဘဝဖြင့် နေထိုင်ခဲ့ရပြီး အသက် ၉၂ နှစ် အရွယ်၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ 


ဦးနေဝင်း ကွယ်လွန်ကြောင်း သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းက စစ်ခေါင်းဆောင်များထံ အကြောင်းကြားလိုက်သည့် အခါတွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက တပ်မတော် ထောက်လှမ်းရေး ဗိုလ်ချုပ်တစ်ဦးကို စေလွှတ်လိုက်သည်။ ရောက်ရှိလာသည့် စစ်ဗိုလ်ချုပ်များကို ဒေါ်စန္ဒာဝင်းက ဦးနေဝင်း မကွယ်လွန်မီ ရေးခဲ့သောစာကို ထုတ်ပြသည်။


ထိုစာထဲတွင် သူ့မြေးများနှင့် ပတ်သက်ပြီး သောကရောက်နေကြောင်းကို-


“ကလေးတွေကို ဖေဖေက တွေ့စရာအကြောင်း မရှိတော့ဘူး။ ဖေဖေ မရှိတော့ရင် ကြုံတွေ့လာရမယ့် ဒုက္ခကို သမီးခံနိုင်ချင်မှ ခံနိုင်မယ်။ အခု သူတို့ကို စွဲထားတဲ့အမှုက သေဒဏ် ပေးလို့ရတဲ့ အမှု။ ဒါကြောင့် သမီးကိုယ်တိုင်လည်း ကလေးတွေကို ပြန်တွေ့ချင်မှ ပြန်တွေ့ ရတော့မယ်။ အဲဒီ အချိန်ကျရင် ဘာမှ အာဃာတ မရှိနဲ့။ တရားအားထုတ်။ အဖေပေးတဲ့ စာအုပ်တွေဖတ်။ အေးချမ်းသွား လိမ့်မယ်။ ကလေးတွေနဲ့ မတွေ့ရရင်တောင်မှ အခုလုပ်တဲ့သူတွေကို ပြန်ပြောပြလိုက်။ အဖေ့အနေနဲ့ သူတို့အပေါ်မှာ ဘာအာဃာတမှ မရှိဘူး။ အားလုံးခွင့်လွှတ်တယ်” ဟု ရေးသားထားသည်။




ဦးနေဝင်းသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် ကွယ်လွန်သွားခဲ့သည်။ တပ်မတော်သားဟောင်း တစ်ဦး ဖြစ်သည့်အတွက် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်ချုပ်ခင်အောင်က အမိန့်ပြန်တမ်း ထုတ်ရန်နှင့် မြို့တော်ဝန် ဦးကိုလေးက စျာပနကိစ္စကို ဦးစီးလုပ်ဆောင်ပေးရန် တာဝန်ယူခဲ့ကြသည်။

##############################


၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ထုတ် နိုင်ငံတော်ပိုင် သတင်းစာများတွင် ထူးဆန်းသည့် နာရေးသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ အမှန်တော့ ပြည်သူများကြားထဲတွင် ထိုသတင်းက ပျံ့နှံ့နေသည်မှာ ကြာပြီ။ ဦးနေဝင်း ကွယ်လွန်သွားပြီ။ အသုဘ အခမ်းအနားကို နေ့ချင်းပြီး လုပ်လိုက်သည်။ အသုဘကို အကြောင်းပြုပြီး ဦးနေဝင်း၏ တပည့်များက နိုင်ငံတော်ကို ပုန်ကန်တော်လှန်ရန် ကြံစည်နေသောကြောင့် ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ရသည် စသည့် ကောလာဟလများ ပျံ့လွင့်နေသည်။


နိုင်ငံတော်တွင် စာပေစိစစ်ရေး လက်စောင်းထက်နေချိန် ဖြစ်သောကြောင့် နာရေးကအစ ဖြတ်တောက်

၊ ကန့်ကွက်၊ ပယ်ချမှုများ ရှိနေသည့် ကာလတွင် ထိုနေ့ သတင်းစာ၌ နာရေးသတင်းက ပါလာသည်။


ဦးနေဝင်း (အသက် ၉၃ နှစ်)

(၁၉၁၁ ခု၊ မေလ ၂၄ ရက်ဖွား)


အမှတ် ၁၉၊ မေခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းနေ ဒေါ်ခင်မေသန်း (ကွယ်လွန်) ၏ ခင်ပွန်း၊ ဦးကျော်သိန်း၊ ဦးငွေစိုး၊ ဦးအေးအောင်၊ လီလီဝင်း၊ သီတာဝင်း၊ ဒေါက်တာသော်တာဝင်း၊ ခင်စန္ဒာဝင်း၊ ကြေးမုံဝင်း၊ ဖြိုး‌ဝေဝင်းတို့၏ ဖခင်။ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့၏ အဘိုးသည် ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကွယ်လွန်ခဲ့ပြီး၊ ကွယ်လွန်သူ၏ ဆန္ဒအရ သူ၏ ရုပ်အလောင်းကို ရေဝေးသုသာန်၌ နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း။ လိုက်ပါပို့ဆောင်သူများ၊ သူမကျန်းမာစဉ်နှင့် ကျေးဇူးရှင် ဖခင်၏ အသုဘ အစီအစဉ်တွင် ကူညီမှုပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။


ကျန်ရစ်သူ မိသားစု


အထက်ပါ နာရေးကြော်ငြာကို ဖတ်လိုက်မှ မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၆ နှစ်တိုင် အုပ်စိုးသွားခဲ့သော၊ ၂၆ နှစ်လုံးလုံး မြန်မာတစ်နိုင်ငံလုံးကို မလှုပ်နိုင်အောင် တုပ်နှောင်ခဲ့ပြီး၊ နောက်ဆုံးကာလ ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် ပါတီဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ပေးလိုက်သူ၏ ဘဝနိဂုံးကို သိလိုက်ကြရသည်။ သူသည် ပြည်သူကို ရန်လိုသော စကားများပြောပြီး စိတ်ဆိုးမာန်ဆိုးဖြင့် နုတ်ထွက်သွားခဲ့သူလည်း ဖြစ်သည်။




သူက-

“ကျွန်တော် နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အပြည့် ကွပ်ကဲနိုင်တဲ့ အထိတော့ ကျွန်တော်တို့ နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်းကနင်း မဖြစ်ရအောင် ဆက်ထိန်းရပါလိမ့်မယ်။ အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တစ်ပြည်လုံး လူထုကို ကျွန်တော် သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ တပ်ကို သုံးလို့ရှိရင်တော့ အဲဒီဆူတဲ့ လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ ပြောပါတယ်” ဟု ဆိုခဲ့သည်။


သူပြောသွားခဲ့သည့် “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး” ဆိုသည့် စကားသည် သမိုင်းဝင်သွားခဲ့သော အာဏာရှင်တစ်ဦး၏ မှတ်တမ်းစကား ဖြစ်သွားခဲ့ရသည်။




နာရေးကြော်ငြာတွင် စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ဒေါ်ခင်မေသန်း (ကွယ်လွန်) ၏ ခင်ပွန်းဆိုပြီး တစ်ဦးတစ်ယောက်တည်းကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။ အမှန်တော့ ဦးနေဝင်းသည် ခုနစ်ကြိမ် တရားဝင် လက်ထပ်ထားသူ ဖြစ်သည်။ သူလက်ထပ်ထားသည့် စာရင်းကို ပြန်ကောက်ကြည့်လျှင်-


၁။ ပထမအိမ်ထောင်မှာ ဒေါ်သန်းညွန့် ဖြစ်ပြီး သူနှင့် ကျော်သိန်းဆိုသည့် သားတစ်ဦး မွေးဖွားခဲ့သည်။


၂။ ဒုတိယအိမ်ထောင်မှာ ဒေါ်တင်တင် ဖြစ်ပြီး သူနှင့် သားနှစ်ဦး ထွန်းကားခဲ့သည်။ ငွေစိုးနှင့် အေးအောင်တို့ ဖြစ်သည်။


၃။ တတိယအိမ်ထောင်မှာ ဒေါ်ခင်မေသန်း ဖြစ်သည်။ သူ့ကို ကေတီဘသန်းဟုလည်း ခေါ်ကြသည်။ ယခင် ရန်ကုန်ဆေးတက္ကသိုလ် ပါမောက္ခဟောင်း ပါမောက္ခ ဦးဘသန်း၏သမီး ဖြစ်သည်။ ဒေါ်ခင်မေသန်းနှင့် သမီးနှစ်ဦး သားတစ်ဦး ထွန်းကားသည်။ စန္ဒာဝင်း၊ ကြေးမုံဝင်းနှင့် ဖြိုးဝေဝင်းတို့ ဖြစ်သည်။ ဒေါ်ခင်မေသန်းသည် ပထမအိမ်ထောင်နှင့် သမီးသုံးဦး ထွန်းကားခဲ့သေးသည်။ လဲ့လဲ့ဝင်းနှင့် အမြွှာဖြစ်သော သီတာဝင်းနှင့် သော်တာဝင်းတို့ ဖြစ်သည်။ ဒေါ်ခင်မေသန်းသည် ဦးနေဝင်း အချစ်ဆုံး ဇနီးတစ်ဦး ဖြစ်ပြီး ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။


၄။ ဒေါ်ခင်မေသန်း ကွယ်လွန်ပြီးနောက် တက္ကသိုလ်သမိုင်းဌာနမှ ဆရာမတစ်ဦး ဖြစ်သူ ဒေါ်နီနီမြင့်နှင့် လက်ထပ် ပြန်သည်။ သားသမီးထွန်းကားခြင်း မရှိဘဲ ကွာရှင်းခဲ့ကြသည်။


၅။ နောက်ပိုင်း June Rose Bellamy (ရတနာ နတ်မယ်) ဆိုသူနှင့် ထပ်မံ အိမ်ထောင်ပြုပြန်သည်။ ကနောင်မင်းသားကြီး၏ မြစ်တော်ဟု ဆိုကြသည်။


၆။ ယခင် ကွာရှင်းပြတ်စဲခဲ့သည့် ဒေါ်နီနီမြင့်နှင့် တစ်ဖန်ထပ်ပြီး အိမ်ထောင်ပြုပြန်သည်။


၇။ အသက် ၇၇ နှစ်အရွယ်တွင် အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး မကြာစံနှင့် လက်ထပ်သည်။ ထိုအကြောင်းကား လူသိနည်းလှသည်။


၁၉၉၂ ခုနှစ် မေလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဦးနေဝင်း၏ မညီမညာ လက်ရေးဖြင့် ရေးထားသည့်စာ တစ်စောင်ကို ပြည်သူများ တွေ့လိုက်ရသည်။


အငြိမ်းစား သမ္မတနေဝင်း၏ သက်ဆိုင်သူများအား မေတ္တာရပ်ခံချက်

အစိုးရနယ်ဘက်၊ စစ်ဘက်ရုံးများ၊ ဌာနများတွင် ကျွန်တော်၏ ဓာတ်ပုံများ ချိတ်ဆွဲထားခြင်းကို ပယ်ဖျက်ကြပါရန်နှင့် နောင်တွင်လည်း မချိတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ထိုစာကို တရားဝင် ထုတ်ဖော်လိုက်ခြင်းမှာ ဦးနေဝင်း၏ အာဏာ မည်သည့် အနေအထားတွင် ရှိနေကြောင်းကို နအဖ အစိုးရက ပြတ်သားစွာ ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါသည်။


၁၉၈၈ ခုနှစ် နိုင်ငံရေးစင်မြင့်မှ ဆင်းသွားပြီးနောက် ၁၉၈၉ ခုနှစ် မတ်လ ၂၇ ရက်နေ့ ၄၄ နှစ်မြောက် တော်လှန်ရေးနေ့တွင် သူ့ကို စစ်ဝတ်စုံပြည့်ဖြင့် တွေ့လိုက်ရသေးသည်။ ထိုနေ့က စားပွဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ အပြင် အခြားစစ်ခေါင်းဆောင်များနှင့် ပျော်ရွှင်စွာ တစ်စားပွဲတည်း ထိုင်နေသည်ကို ပြည်သူတို့ ပြန်တွေ့လိုက်ရသည်။


၁၉၉၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ သူလေးစားသည့် သူ့ကဲ့သို့သော အာဏာသိမ်း ခေါင်းဆောင်တစ်ဦး ဖြစ်သူ သမ္မတဆူဟာတိုနှင့် သွားတွေ့သေးသည်။ နောက်ပိုင်း စင်ကာပူသို့ ဆေးသွားကုချိန် နိုင်ငံခြားသတင်းဌာနများက ထုတ်ပြန်သည့် သတင်းများတွင် သူ့ဓာတ်ပုံ တွေ့ရသည်မှာ သံဝေဂရစရာ ကောင်းလှသည်။ အတော်လေး ပိန်ချုံးချည့်နဲ့နေသည့် အဘိုးကြီးတစ်ဦး အသွင်သည် ၁၉၈၈ ခုနှစ် “ပစ်ရင် မှန်အောင်ပစ်တယ်” ဆိုသည့် မာန်ကြွချိန်နှင့် တခြားစီဖြစ်သွားသည်။


၂၀၀၁ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သမီး ခင်စန္ဒာဝင်း၊ သမက် အေးဇော်ဝင်း၊ မြေးများဖြစ်သော အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့သည် အာဏာသိမ်းရန် ကြံစည်မှုဖြင့် အဖမ်းခံရသည်။ ဦးနေဝင်းနှင့် သမီး ခင်စန္ဒာဝင်းတို့ နှစ်ဦးသာ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရပြီး သမက်နှင့် မြေးဖြစ်သူများ ထောင်နန်းစံရသည်။ ထိုအချိန်မှ စတင်ကာ ဦးနေဝင်း တစ်ယောက် နိုင်ငံရေးတွင်သာမက လူ့ခန္ဓာပါ ဘုံးဘုံးကျသွားသည်ဟု ဆိုရမည် ဖြစ်သည်။


သူကွယ်လွန်ပြီးမှ ဦးနေဝင်း သေတမ်းစာ ဆိုသည်ကို အွန်လိုင်းများပေါ်တွင် တွေ့ခဲ့ရသည်။ ဦးနေဝင်း လက်ရေးဖြင့် ပျံ့နှံ့လာသော သေတမ်းစာမှာ လက်ရှိ စစ်ခေါင်းဆောင်များသည် ဦးနေဝင်းကို ဆွဲချသလို သင်္ဂြိုဟ်လိုက်ခြင်း မဟုတ်ကြောင်း သက်သေထူပြလိုက်ခြင်းလည်း ဖြစ်ဟန်တူပါသည်။ မည်သို့ဆိုစေ ပြည်သူများကား ဝမ်းနည်းမည် မထင်ပေ။


ဦးနေဝင်း သေတမ်းစာ


“ယနေ့ သက္ကရာဇ် ၁၃၅၁ ခုနှစ်၊ နယုန်လဆုတ် ၂ ရက်၊ ခရစ် သက္ကရာဇ် ၁၉၈၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီ ၅၅ မိနစ် (၁၅ နာရီ ၁၅ မိနစ်) အချိန်တွင် ညီအစ်ကိုပမာ ချစ်ခင်သည့် မိတ်ဆွေစစ် Dan Rose ဘဝတစ်ပါး ပြောင်းသွားသည့် သတင်းကြားရတော့ မိမိဇီဝိန်ချုပ်ရန် အလှည့်လည်း တစ်နေ့တွင် ရောက်မည်ကို သတိပြုမိ၍ မိမိအသက်ပျောက်ပြီးလျှင် ပြီးချင်း ဆောင်ရွက်ရန်ကို အောက်ပါ အတိုင်း မှာကြားခဲ့သည်။


(၁) အသက်ပျောက်ပြီးလျှင် ပြီးချင်း၊ အမြန်ဆုံး မီးသင်္ဂြိုဟ်ပါ။ မီးသင်္ဂြိုဟ်မှုကို အသက်ပျောက်ပြီး နာရီ (၃၀) သုံးဆယ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပါ။


(၂) မီးသင်္ဂြိုဟ်ပြီး ကြွင်းကျန်သော ပြာများ၊ အရိုးများကို အဆင်ပြေသော အချိန်တွင် အဆင်အပြေဆုံး မြစ်တွင်းသို့ စွန့်ပစ်ပါ။


နေဝင်း (၂၀.၆.၈၉ ခုနှစ် ၁၇ နာရီ ၉ မိနစ်)

၁၃၅၁ ခု နယုန်လဆုတ် ၂ ရက်နေ့၊

ညနေ ၅ နာရီ ၉ မိနစ်အချိန်


ဦးနေဝင်း နောက်ဆုံးကာလသည် ဗုဒ္ဓဘာသာဝင်များ အနေနှင့် ကြည့်လျှင် အလွန်တရားကျစရာ ကောင်းလှသည်။ ဦးနေဝင်းသည် နေအိမ်အကျယ်ချုပ် ဘဝဖြင့် နေထိုင်ခဲ့ရပြီး အသက် ၉၂ နှစ် အရွယ်၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ဦးနေဝင်း ကွယ်လွန်ကြောင်း သမီးဖြစ်သူ စန္ဒာဝင်းက စစ်ခေါင်းဆောင်များထံ အကြောင်းကြားလိုက်သည့် အခါတွင် ဗိုလ်ချုပ်သန်းရွှေက တပ်မတော် ထောက်လှမ်းရေး ဗိုလ်ချုပ်တစ်ဦးကို စေလွှတ်လိုက်သည်။ ရောက်ရှိလာသည့် စစ်ဗိုလ်ချုပ်များကို စန္ဒာဝင်းက ဦးနေဝင်း မကွယ်လွန်မီ ရေးခဲ့သောစာကို ထုတ်ပြသည်။


ထိုစာထဲတွင် သူ့မြေးများနှင့် ပတ်သက်ပြီး သောကရောက်နေကြောင်းကို-

“ကလေးတွေကို ဖေဖေက တွေ့စရာအကြောင်း မရှိတော့ဘူး။ ဖေဖေ မရှိတော့ရင် ကြုံတွေ့လာရမယ့် ဒုက္ခကို သမီးခံနိုင်ချင်မှ ခံနိုင်မယ်။ အခု သူတို့ကို စွဲထားတဲ့ အမှုက သေဒဏ်ပေးလို့ရတဲ့ အမှု။ ဒါကြောင့် သမီးကိုယ်တိုင်လည်း ကလေးတွေကို ပြန်တွေ့ချင်မှ ပြန်တွေ့ရတော့မယ်။ အဲဒီအချိန်ကျရင် ဘာမှ အာဃာတမရှိနဲ့။ တရားအားထုတ်။ အဖေပေးတဲ့ စာအုပ်တွေဖတ်။ အေးချမ်းသွားလိမ့်မယ်။ ကလေးတွေနဲ့ မတွေ့ရရင်တောင်မှ အခုလုပ်တဲ့သူတွေကို ပြန်ပြောပြလိုက်။ အဖေ့အနေနဲ့ သူတို့အပေါ်မှာ ဘာအာဃာတမှ မရှိဘူး။ အားလုံးခွင့်လွှတ်တယ်” ဟု ရေးသားထားသည်။


ဦးနေဝင်းသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် ကွယ်လွန်သွားခဲ့သည်။ တပ်မတော်သားဟောင်းတစ်ဦး ဖြစ်သည့်အတွက် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်ချုပ်ခင်အောင်က အမိန့်ပြန်တမ်းထုတ်ရန်နှင့် မြို့တော်ဝန် ဦးကိုလေးက စျာပနကိစ္စကို ဦးစီးလုပ်ဆောင်ပေးရန် တာဝန်ယူခဲ့ကြသည်။




ဦးနေဝင်း၏ ရုပ်အလောင်းကို ရေဝေးသုသာန်တွင် တိတ်တဆိတ် မီးသင်္ဂြိုဟ်ခဲ့ကြသည်။ အရိုးပြာများကိုမူ ရန်ကုန်လှိုင်မြစ်အတွင်း မျှောချရန် ရေတပ်သင်္ဘော တစ်စီးပေါ်သို့ ရွှေ့ပြောင်းယူဆောင်လာခဲ့ကြသည်။ လှိုင်မြစ်ထဲတွင် ဦးနေဝင်း၏ အရိုးပြာအိုးကို ဗိုလ်ချုပ်ခင်အောင်က ကိုင်ထားပြီး-

“အဖေကြီး အဖေကြီးရဲ့ နိုင်ငံ့တာဝန်တွေ အကုန်ကျေပွန်ပါပြီ။ အဖေကြီး သွားလိုရာ သွားခွင့်ပြုပါတယ်။ ကျွန်တော်တို့ တပ်တွေအားလုံး ဒီကနေ အလေးပြုလိုက်ပါတယ်။ အဖေကြီးရဲ့ တာဝန်တွေ ပြီးဆုံးသွားပါပြီ” ဟု အမိန့်ပြန်ပြီး အရိုးပြာများကို လှိုင်မြစ်အတွင်းသို့ ဖြန့်ကြဲလိုက်သည်။ ထိုစဉ် တပ်မတော် စစ်ရေယာဉ်ထံမှ လွမ်းဆွတ်ဖွယ် ဥသြသံများ ထွက်လာသည်။ မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး အာဏာရှင်ကြီး၏ ဘဝသည် ဤတွင် နိဂုံးချုပ်သွားခဲ့ရသည်။

#winhlaingoo

No comments: