Sunday, May 28, 2023

မေ၊မီ၊မြိုင်၊မမ

 မေ၊မီ၊မြိုင်၊မမ 📖🌿


တခေတ်တခါက မ လေးလုံး (သို့မဟုတ်) မေ၊မီ၊မြိုင်၊မမ 💙🌿



ကျနော်တို့ မဟာဗုဒ္ဓဝင်တွေထဲမှာ ထင်ပေါ်လှတဲ့အမျိုးသမီးလေးယောက် (တော်လေးဝ)ဆိုပြီးရှိသလိုမြန်မာစာပေလောကထဲကထူးထူးခြားခြား မ နဲ့ စတဲ့ အမျိုးသမီးလေးဦး အကြောင်းပြောပြချင်မိလို့ပါ...ဟုတ်ပါတယ် သူတို့ကတော့ မေ(ဒဂုန်တာယာ)၊မီ(ကြည်အေး)၊မြိုင်(ဗန်းမော်တင်အောင်)နဲ့ မမ(မြသန်းတင့်)တို့ပါပဲ၊ ကျနော်အပေါ်မှာ  မေ၊မီ၊မြိုင်၊မမတို့ကို တော်လေးဝနဲ့ ယှဥ်ပြီးပြောခဲ့ပေမယ့် ၎င်းအမျိုးသမီးလေးဦးဟာ ပြီးပြည့်စုံလွန်းတဲ့အမျိုးသမီးတွေမဟုတ်ကြတဲ့အပြင် မြန်မာစာပေလောကမှာ သူတို့ဟာ

နာမည်ဆိုးနဲ့ပါကျော်ကြားပါသေးတယ်၊ ဒါပေမယ့် သူတို့ဟာ ခင်ဗျားတို့ကျနော်တို့လို ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘောင်မှာ ကျင်လည်ကျက်စားခဲ့ကြတဲ့ သာမန်အမျိုးသမီးတွေပါပဲ၊ ​ဒါဖြင့် ဘာလို့နာမည်ကြီးခဲ့ကြသလဲဆိုရင်တော့ သူတို့ကိုဖန်တီးခဲ့ကြတဲ့ စာရေးဆရာကြီးတို့ရဲ့ ကလောင်လက်စွမ်းပြောင်မြောက်မှုတို့ကြောင့်လို့ပဲ ဖြေရမယ်ထင်ပါတယ်....


#မေ(ဒဂုန်တာယာ) ၁၉၄၁


"လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကို'' အဲ့စာပိုဒ်လေးနဲ့အစပြုခဲ့တဲ့ မေဟာ စာပေလောကထဲကိုအတော်ဂယက်ထခဲ့တယ်လို့ဆိုတယ် ဘာလို့လဲဆိုတော့ မြန်မာစာမှာ လေနုအေးဆိုတဲ့ စကားမရှိလို့ပါတဲ့ စာရေးဆရာဟာ မေဝတ္ထုမှာ လေနုအေး၊အပြုံး စတဲ့စကားလုံးအသစ်တွေကို ဖန်တီးခဲ့လို့ရယ် မေဝတ္ထုဟာ မြန်မာ့ယဥ်ကျေးမှုနဲ့သွေဖယ်နေလို့ရယ်ကြောင့် အတော်လေးဝေဖန်ခံခဲ့ရပါတယ် နောက်ပြီး စာရေးဆရာဟာ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ လေနုအေးဆိုတဲ့စကားလုံးကိုအဓိပ္ပါယ် နားမလည်ဘဲရမ်းသန်းသုံးကြလို့နောက်ပိုင်းမှာ အတော်ရွံရှာခဲ့တယ်လို့ဆိုတယ် သခင်ဗဟိန်းကတော့ မေဝတ္ထုကိုဖတ်ရသည်မှာ ရှမ်ပိန်သောက်ရသလိုပဲလို့ ဆိုတယ် ဘာလို့လဲတော့ ဖတ်ရင်းဖတ်ရင်း ရှိန်းခနဲ ဖိန်းခနဲ့ ခံစားသွားရလို့ပါတဲ့.. ကဲပါ မေ ဆိုတဲ့အမျိုးသမီးအကြောင်းဆက်ကြပါစို့...

 မေဟာ အင်္ဂလိပ်စာတတ် စန္ဒယားတီးကျွမ်းကျင်တဲ့ ရုပ်ရည်လှပတဲ့ မိဘမဲ့အမျိုးသမီးတယောက်ပေါ့ မေ့ကို ဆရာမြသန်းတင့်က ကလက်သော ချောသော ရိုးသော လွယ်သော ခေတ်ဆန်သော မေ လို့ မှတ်ချက်ပြုထားတယ်၊ မေဟာ လူကုံထံအသိုင်းဝိုင်းကို အထင်မကြီးသလိုလိုနဲ့ ထိုအသိုင်းဝိုင်းထဲဝင်ဆန့်ချင်တဲ့အမျိုးသမီးတယောက်လို့ ဆိုရလိမ့်မယ် သမာဓိမြို့ဝန် ဦးဘေမောင်ရဲ့စိတ်ကိုစမ်းရင်း ငွေညစ်ရာကနေ အပျိုစင်ဘဝကိုပေးခဲ့ရတယ် ဒါပေမယ့် မေက မေပါပဲ သူ့ကိုတန်ဖိုးထားချစ်မြတ်နိုးတဲ့ ကိုကျော်မြင့်နဲ့လက်ထပ်ပြီး ပြည့်စုံတဲ့ဘဝရောက်ရပေမယ့် မတင်းတိမ်နိုင်တဲ့ မေ ရ မ္မ-က်ကြီးတဲ့ မေ လွှတ်တော်အမတ်ကအစ လမ်းဘေးက ကလေကချေနဲ့ပါ မကင်းနိုင်တဲ့မေ တကယ်တော့ မေဟာ...သူ့ဘဝသူရွေးချယ်ပြီး သူလုပ်ချင်တာကိုလုပ်သွားတဲ့ အမျိုးသမီးတယောက်ပါပဲ

သခင်ဗဟိန်းပြောတဲ့

 ဖတ်ရင်းနဲ့ရှိန်းခနဲ့ ဖိန်းခနဲဆိုတဲ့ ခံစားချက်မျိုးက ဘယ်လိုလဲဆိုတာ...မေဝတ္ထုဖတ်ရင်း ခံစားကြည့်လိုက်ပါ..။

-----

မီ(ကြည်အေး) ၁၉၄၈


 မီဝတ္ထုနဲ့ ရုပ်ရှင်ကို ဘယ်ဟာအရင်စမြည်းစမ်းရင် ကောင်းမလဲလို့ စဥ်းစားနေရင်တော့ ဝတ္ထုကိုအရင်ဖတ်ပါလို့ အလေးအနက် တိုက်တွန်းပါရစေ ဘာလို့လဲဆိုတော့ စာရေးဆရာရဲ့အရေးအသားကိုကြည့်ပြီး မီရဲ့ရုပ်သွင် မီရဲ့စတိုင် မီရဲ့ကိုယ်ဟန် မီရဲ့အသံကို စာရေးဆရာ​ကြည်အေး ရဲ့အရေးအသားအလိုက်ကိုယ့်စိတ်ကူးထဲမှာအရင်ဖန်တီးကြည့်ပါ ရုပ်ရှင်ထဲက ကိုယ်ရင်းနှီးနေတဲ့ပုံစံမျိုးနဲ့မြင်ရတာထက် သိပ်အရသာရှိတာကိုတွေ့ပါလိမ့်မယ်အကယ်၍ ရုပ်ရှင်ကြည့်ပြီးသားလူဆိုရင်တော့ မီဝတ္ထုဖတ်ရင်း မီကို ပိုင်ဖြိုးသုအဖြစ်ပဲ မြင်ရပါလိမ့်မယ်..xD

မီဟာ စီးကရက်ကိုလက်ကမချ 

ယောက်ျားတွေကိုတယောက်တမျိုးပုံပြောပြီး ယောက်ျားတွေကိုလှည့်စားတတ်တယ်ဆိုတဲ့ မီ... ကာလသားတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားတဲ့ မီ... လူတွေအပေါ်သူ့ဝသတီအတိုင်း ပုံမှန်ဆက်ဆံပေမယ့် ပတ်ဝန်းကျင်က မီဟာ ဘယ်လိုလဲ ဘာလဲဆိုတာ မေးခွန်းထုတ်ခံရရှာတဲ့ မီ...

မီဝတ္ထုထဲမှာ သူပြောတဲ့စကားလေးတခွန်းတော့ သဘောကျလို့မှတ်မိသေးတယ် " နှမြောမယ်ဆိုရင်နှမြောစရာပေါ့ကိုဆွေ ခုကမီပျော်နေတုန်းအချိန်ကိုး ။ဒါပေမယ့်ပျော်တုန်းပဲ​ေ-သချင်ပါတယ်။ ပျော်တုန်း​ေ-သရတာဟာ အနိုင်နဲ့ပိုင်းလိုက်တာပေါ့နော် " တဲ့ နောက်ဆုံးထွက်သက်အထိ စာဖတ်သူကို မေးခွန်းတွေနဲ့ချန်ထားခဲ့တဲ့ မီဟာ တော့ မီပါပဲ ။

-------

မြိုင်(ဗန်းမော်တင်အောင်) ၁၉၅၇


 မြိုင်ဝတ္ထုဟာ ဆရာဗန်းမော်တင်အောင် ထော၊င်ထဲမှာရေးခဲ့တဲ့ စာအုပ်လေးအုပ်ထဲက တအုပ်ပါ၊ သို့ပေမယ့် မြိုင်ရဲ့ သုံးပုံနှစ်ပုံလောက်ကိုသာထော၊င်ထဲမှာရေးခဲ့ရပြီး ကျန်တပုံကိုပြန်လွတ်လာတဲ့အချိန်မှာ ဆက်ရေးခဲ့တာပါ ပြန်လွတ်လာတဲ့အချိန်မှာ အလုပ်တဖက်နဲ့ရေးရတာမို့ စာရေးဆရာက ပြီးစလွယ်များ ဖြစ်သွားမလား ဆိုပြီး စိုးရိမ်ခဲ့ပေမယ့်

မြိုင်ဟာ အတော်တန် အောင်မြင်ခဲ့တယ်လို့ဆိုရပါမယ်...မြိုင်ဝတ္ထုဟာ ဒီ မ လေးလုံးဝတ္ထုတွေထဲ မှာ မေ ပြီးရင် ကျနော် ဒုတိယအကြိုက်ဆုံး ဝတ္ထုပါပဲ...နောက်ပြီးထူးထူးခြားခြား ဒီမလေးလုံးဝတ္ထုတွေထဲမှာ ဇာတ်သိမ်းလှတဲ့ တဦးတည်းသော ဝတ္ထုတစ်အုပ်ဆိုလည်း မမှားပါဘူး

မြိုင်ဆိုတဲ့အမျိုးသမီးလေးအကြောင်းဆက်ကြတာပေါ့..

မြိုင်ဟာ အထက်တန်းလွှာထဲက စက်ရှင်တရားသူကြီးတစ်ဦးရဲ့ မိတဆိုး သမီးလေး စန္ဒယားတီးတတ်တဲ့ ကဗျာတွေ ပန်းတွေကို သဘောကျတဲ့ နိုင်ငံ-ရေးဆိုတာ ဘာမှန်းနားမလည်တဲ့ မိမိရှေ့ရေးကို စိတ်မပူတတ်တဲ့ အမျိုးသမီးတစ်ဦးပေါ့ သူ(မ)ဟာ နှစ်ဘက်မိဘ သဘောတူထားတဲ့ ကိုသက်တင်ကိုစိတ်မဝင်းစားဘဲ နိုင်ငံ-ရေးသမားအယ်ဒီတာ ကိုတင်ဦးကို အထင်ကြီးလေးစားပြီး မိဘသဘောမတူတဲ့ကြားကအတိုက်အခံလုပ်ပြီး ကိုတင်ဦးနဲ့လက်ထပ်ခဲ့တယ်၊ တကယ်တမ်းသူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးက မြိုင်ထင်သလို အဆင်မပြေလာတဲ့အခါ..

ကိုတင်ဦးက ဇနီးဖြစ်သူမြိုင်ကိုအချိန်မပေးဘဲ နိုင်ငံ-ရေးကိုပဲ ဖိလုပ်နေတဲ့အခါ....ပြီးပြည့်စုံတဲ့အထက်တန်းစာဘဝကနေ နိုင်ငံ-ရေးသမားကိုတင်ဦးနောက်လိုက်ပြီး ဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့မြိုင်ဟာ....ဘာတွေလုပ်မိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့

မြိုင်ဝတ္ထုကိုဖတ်ရင်းခံစားကြည့်လိုက်ပါ...အယ် ထူးထူးခြားခြားအနေနဲ့ ဆရာဗန်းမော်တင်အောင်ဟာ မြိုင့်ကို မေတို့ မီတို့ မမတို့လို မြိုင်ရဲ့ရုပ်ရည်ကိုတကူးတက ညွှန်းထားတာမျိုးမတွေ့ရဘူးဗျ...အဲ့တချက်ကထူးထူးခြားခြားရယ်ပါ..ဒီဝတ္ထုမှာ ဖဆပလခေတ်နိုင်ငံရေးအခြေအနေတွေရယ် အိမ်ထောင်ရေးတခုဟာ ပြီးစလွယ်လုပ်ရမယ့်ကိစ္စမဟုတ်ဘူးဆိုတာရယ်ကို စာရေးဆရာက စကားပြေဆန်ဆန်စိတ်ရှည်လက်ရှည်ရှင်းပြပေးထားတာကျနော်သိပ်သဘောကျတာပဲ...မြိုင်ဟာ မလေးလုံးထဲမှာ ကံအကောင်းဆုံးမြိုင်ပါပဲ...။

------

 မမ(မြသန်းတင့်) ၁၉၆၁


 မမဝတ္ထုကို ၁၉၆၁မှာ ပထမအကြိမ်ထုတ်ဝေခဲ့တယ်၊နာမည်ကသာ မမပေမယ့် ကျနော်ပြောတဲ့မလေးလုံးထဲမှာ အသက်အငယ်ဆုံး ဖြစ်နေရှာတယ် ၁၉၆၁မှစတင်ထုတ်​ဝေတာကိုး ကျနော်စာအုပ်တစ်အုပ်ကိုစဖတ်ရင် အမှာစာကို လေးလေးနက်နက်ဖတ်ပြီး စာအုပ်သမိုင်းကိုရှာဖတ်လေ့ရှိတယ် မမဝတ္ထုမှာအမှာစာမပါတာတွေ့ရတယ်၊ လီရိုတော်စတွိုင်းရဲ့ အင်နာကာရနီနာကို မြန်မာမှုပြုထားလို့အမှာစာမပါတာလား မပြောတတ်ပါ..

 မမ.... မမဟာ ဖဆပလခေတ်အုပ်ချုပ်ရေးပိုင်မှာအရေးပါတဲ့မင်းကြီးဦးသက်ထွန်းရဲ့ ရုပ်ရည်ချောမောသော ပေါင်းသင်းဆက်ဆံရေးကောင်းသော ဇနီးတယောက်ပါ၊ မမရဲ့အလှကိုမြင်ပြီး မမနဲ့သာဆို ငရဲလဲသွားရဲတယ်ဆိုတဲ့ မန္တလေးတက္ကသိုလ်က ကထိက လေးကိုသက်ဆွေ...၊ ကိုသက်ဆွေရဲ့အပြောမှာ နှစ်မြောရာကနေ အိမ်ထောင်ရေးဖောက်ပြန်မှုဆီကို တဖြေးဖြေး ဦးတည်လာတဲ့မမ.....မမရဲ့ဖောက်ပြန်မှုကိုသိပေမယ့်လဲ ခွင့်လွတ်ပေးနိုင်ရှာတဲ့ မင်းကြီးဦးသက်ထွန်းရဲ့လူကြီးလူကောင်းဆန်တဲ့စိတ်ဓာတ်....

မိမိထက်အသက်ကြီးတဲ့သူကိုခင်ပွန်းသည်တော်ထားရတဲ့မမ...အချစ်ဆိုတာကို ကိုသက်ဆွေနဲ့မှ သိလာရတဲ့ မမ...ချစ်ရတဲ့သားနဲ့ ကိုသက်ဆွေကြားမှာ ဗျာများရရှာတဲ့ မမ... ဖတ်ရင်း ဘာဆက်ဖြစ်မှာလဲဆိုတဲ့ စိတ်နဲ့ ဖတ်ရတာမို့သိပ်အရသာရှိတဲ့စာအုပ်မို့...ဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။


Review by -Htet Zhan 

🌿🌸

(ခွင့်ပြုချက်ယူပြီး)

------------

No comments: