ဗုဒ္ဓဘာသာဟာ သိပ္ပံနည်းကျပါရဲ့လား။
ဒီမေးခွန်းကို မဖြေဆိုခင်မှာ “သိပ္ပံ”ဆိုတဲ့ စကားလုံးဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အဘိဓာန်ဖွင့်ဆိုချက်အရ သိပ္ပံဆိုတာဟာ “စနစ်တကျစူးစမ်းလေ့လာရာ ကနေ ရရှိလာတဲ့ အသိပညာ၊ အတတ်ပညာ” ပဲဖြစ်ပါတယ်။
စနစ်တကျဆိုရာမှာ ယေဘုယျသဘာဝ နိယာမသဘောတရား တွေကိုဖော်ထုတ်ပြီးတကယ် စစ်မှန်တဲ့အချက် အလက်တွေကို လက်တွေ့ကျကျရှုမြင်စမ်းသပ်ပြီး သေချာမှအားကိုး အတည်ပြုတဲ့စနစ်ပဲ ဖြစ်ပါတယ်။
အဲဒီလိုပုံစံစနစ်အတွင်း သွင်းယူနိုင်လောက်တဲ့ ပညာနဲ့တိကျသေချာအောင် စမ်းသပ်စစ်ဆေးတာကို ခံနိုင်လောက်တဲ့ အထက်ပါတတ်သိပညာတွေရဲ့ ဆင့်ပွား ပညာရပ်တွေအားလုံးဟာ “သိပ္ပံ”ပဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့မကိုက်ညီသေးတဲ့ အတွေးအမြင် အယူအဆတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဗုဒ္ဓ၀ါဒရဲ့ အဓိကကျတဲ့ သင်ကြားမှုဒဿနကတော့ ဒီသစ္စာတရား တော်ရဲ့”သဘောတရားစံနှုန်း”တွေဟာ သိပ္ပံပညာဖွင့်ဆိုချက်တွေနဲ့ အထူးကိုက်ညီနေပါတယ်။
(သစ္စာလေးပါးမှာ) ပထမဖြစ်တဲ့(ဒုက္ခသစ္စာ)ဟာ ရှုင်းလင်းပြသနိုင်တဲ့ တွေ့ကြုံခံစားမှု တစ်ခုပါပဲ။ (ဘ၀မှာ ဆင်းရဲခြင်းဟာ စစ်မှန်တဲ့သစ္စာတရားပဲ ဆိုတာကို ကိုယ်တွေ့ခံစားလို့ရနိုင်ပါတယ်။)
ဒုတိယမြောက်အမှန်တရားကတော့ ဒုက္ခဆင်းရဲဖြစ်ရခြင်းရဲ့ အကြောင်းရင်း သဘာဝဖြစ်တဲ့လိုချင်တောင့်တမှု (တဏှာသမုဒယသစ္စာ) အကြောင်းကို ဖော်ပြပါတယ်။(ဆင်းရဲစေခြင်းရဲ့အကြောင်းရင်းကို ဒုက္ခသစ္စာလိုပဲ) ရှင်းလင်းစွာ ပြသနိုင်ပါတယ်။
ကိုယ်တွေ့ခံစားသိရှိနိုင်ပါတယ်။ မှန်းဆတွေးမြင်နိုင်ပါတယ်။
(ဗုဒ္ဓ၀ါဒမှာတရားဓမ္မတွေကို)ဆန်းပြားရှုပ်ထွေးလွန်းလှတဲ့စကားလုံးတွေနဲ့ ဒါမှမဟုတ် ဒဏ္ဍာရီဆန်တဲ့ပေါရာဏရှေးဟောင်းကျမ်းလာ ဝေါဟာရတွေကို သုံးစွဲပြီး လူအထင်ကြီးအောင် ယုတ္တိပြရှင်း လင်းဖွင့်ဆိုဖို့ ကြိုးစားတာမျိုး လုံးဝ မပါရှိပါဘူး။
တတိယမြောက်အမှန်တရားအရိယသစ္စာကတော့ ဒုက္ခအပေါင်း တို့ရဲ့ပြီးဆုံးချုပ်ငြိမ်းရာ(နိရောဓသစ္စာ)ပါပဲ။ ဒုက္ခတွေချုပ်ငြိမ်းစေဖို့ဆိုတာ တန်ခိုးရှင်(ဖန်ဆင်းရှင်ဘုရား)ကိုခယလို့၊ ယုံကြည်ကိုးကွယ်လို့ ၀တ်ပြုဆုတောင်း လို့ရနိုင်တာမျိုးမဟုတ်ဘဲ ဒုက္ခဖြစ်ပွားစေတဲ့မူလအကြောင်းရင်းကို ဖယ်ရှားပစ်နိုင် မှသာ ဒုက္ခက ကင်းလွတ်မှုကို ရရှိနိုင်ခြင်းဟာ သဘာဝအမှန်တရားသစ္စာပါပဲ။
ဒါဟာအလွန်တရာမှရှင်းလင်း သိသာလှတဲ့အချက်ပါ။
စတုတ္ထမြောက်သစ္စာကတော့ ဒုက္ခအပေါင်းတို့ကိုပြီးဆုံးချုပ်ငြိမ်းစေတဲ့ ကျင့်စဉ်နည်းလမ်း(မဂ္ဂသစ္စာ)ပဲဖြစ် ပါတယ်။ ဒုက္ခကိုချုပ်ငြိမ်းစေဖို့သဘော တရား တွေကိုပဲတွေးတောကြံစည်နေလို့မရပါဘူး။ (ကောင်းခြင်း အင်္ဂါရှစ်ပါး) ပါဝင်တဲ့ မဂ္ဂင်လမ်းစဉ်ကိုသာလက်ကိုင်ထားပြီး ကျင့်ကြံအားထုတ် ဖို့ပဲလိုအပ် ပါတယ်။
ပြီးတော့အဲဒီမဂ္ဂင်အကျင့်တရားလမ်းစဉ်ရဲ့ လက်တွေ့ကျမှုကို စမ်းသပ် ကြည့်ဖို့ကို လည်းဗုဒ္ဓ၀ါဒက လမ်းဖွင့်ပေးထားပါတယ်။ ဖန်ဆင်းရှင် အပေါ်မှီခို ယုံကြည်မှုကို သိပ္ပံပညာကပစ်ပယ်သလို ဗုဒ္ဓ၀ါဒကလည်း လက်မခံ ပါဘူး။ နောက်ပြီး စကြာဝဠာရဲ့မူလနဲ့(ပြဌာန်းမှု) လုပ်ဆောင်မှု သဘောတွေကို သဘာဝနိယာမ (Natural Law) အရ ဗုဒ္ဓ၀ါဒက ရှင်းလင်းပြသနိုင်ပါတယ်။
ဒီအချက်တွေအားလုံးဟာ(ဗုဒ္ဓ၀ါဒရဲ့)တကယ့်သိပ္ပံနည်းကျအတွေးအမြင်တွေပဲ ဖြစ်ကြပါတယ်။ တစ်ခါဗုဒ္ဓအနေနဲ့ လူတွေကိုအစဉ်သဖြင့် သတိပေးနှိုးဆော် လေ့ရှိတဲ့ အချက်တစ်ခုက “သေသေချာချာ လေ့လာစုံစမ်းမှု မပြုပဲ မျက်ကန်း ယုံကြည်မှုမျိုးကို မပြုလုပ်ကြနှင့်။ တစ်စုံတစ်ရာကို လက်ခံယုံကြည်ဖို့ သင့်မသင့် ဆိုတာကို မဆုံးဖြတ်ခင်မှာ စိတ်ထန်သန်စွာ မေးမြန်းနမူနာယူကြပါ။ လေ့လာ စစ်ဆေးကြပါ။ စုံစမ်းချင့် ချိန်ကြပါ။ မိမိတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို အသုံးပြုပြီး အားကိုးအားထားပြုဆုံး ဖြတ်ကြပါ။”ဆိုတာပဲဖြစ်ပါတယ်။
ဒါဟာ ဗုဒ္ဓကိုယ်တော်တိုင်ရဲ့ သိပ္ပံဆန်တဲ့ လမ်းညွှန်နှုတ်ကပတ်တော်သံပဲ ဖြစ်ပါတယ်။
ဗုဒ္ဓက အောက်ပါအတိုင်းမိန့်ကြားခဲ့ပါသေးတယ်။
(အမှန်တရားကို ရှာဖွေတဲ့နေရာမှာ)
- မြင်ရုံကြားရုံမျှဖြင့် (သို့မဟုတ်) မိရိုးဖလာဓလေ့ထုံးစံဖြစ်ကာမျှဖြင့် လက်မခံလေနဲ့ဦး။
- ကောလာဟလသတင်းစကားကြားရုံမျှနဲ့ (သို့မဟုတ်) ရှေးဟောင်းကျမ်းစာ ထဲရေးသားထား၍ ဆိုရုံနဲ့ လက်မခံလေနှင့်ဦး။
- တစ်ဆင့်စကားကြားရုံမျှဖြင့် (သို့မဟုတ်) အကြောင်းအကျိုးဆက်စပ် ဆီလျော်မှုရှိသည်ဟု ထင်မြင်ကာမျှနှင့် လက်မခံလိုက်ပါနှင့်ဦး။
- ကြံစည်စိတ်ကူးမှန်းဆ၍လည်းကောင်း၊ သူတစ်ပါး၏စွမ်းရည်ကို အထင်ကြီးခြင်းဖြစ်၍ လည်းကောင်း၊ လက်မခံလိုက်ပါနဲ့ဦး။
- ငါတို့ရဲ့ဆရာသမားဖြစ်နေလို့ဆိုပြီးတော့လည်း လက်ခံယုံကြည်ခြင်း မပြုလိုက်ပါနဲ့ဦး။
- ဤအရာကတော့ ကောင်းတဲ့တရား၊ အပြစ်ကင်းတဲ့တရား၊ ပညာရှိသူတွေချီးမွမ်းတဲ့တရား စသည်တို့ကို မိမိကိုယ်တိုင်သိမြင်လာတဲ့ အခါမှသာ အဲဒီတရားတွေကိုလက်ခံပြီးကိုယ်တိုင်ကျင့်သုံး လိုက်နာကြည့်ပါ။
လက်တွေ့ကျင့်ကြံအားထုတ်မှုနဲ့အတူ ငြိမ်းချမ်းအေးမြတဲ့ နိဗ္ဗာန်အမြိုက် အရသာ ကိုရှေးရှုဦးတည်မယ်ဆိုရင် အဲဒီလမ်းကိုလိုက်ပါတော့။
(အင်္ဂုတ္ထိုရ်ပါဠိတော်-၁၈၈)
ဒါကြောင့် ဗုဒ္ဓဘာသာဟာ သိပ္ပံပညာနှင့်ထပ်တူထပ်မျှ မတူညီနိုင်ပေမယ့် သိပ္ပံသဘောသက်ရောက်မှုတွေ အပြည့်အ၀ရှိတယ်လို့တော့ဆိုနိုင်ပါတယ်။
တစ်ခြားဘာသာတွေနဲ့ နှိုင်းယှဉ်ရင်ဘယ်ဘာသာထက်မဆို ဗုဒ္ဓဘာသာ ကပိုပြီးတော့ သိပ္ပံနည်းကျပါတယ်။
၂၀-ရာစုခေတ်မှာ ထင်ရှားကြီးကျယ်တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုချက်ဟာ ဒီအချက်ကိုပိုပြီးခိုင်မာစေခဲ့ပါတယ်။
“နောင်အနာဂါတ်မှာ ပေါ်ထွန်းလာမယ့်ဘာသာရေးဟာ စကြာဝဠာဘာသာ (Cosmic Religion) ပဲဖြစ်ရပါလိမ့်မယ်။ အဲဒီစကြာဝဠာဘာသာဆိုတာဟာ တစ်သီးပုဂ္ဂလဆန်တဲ့ဘုရား(Personal God) ဆိုတဲ့ ပုဂ္ဂိုလ်ရေးအစွဲကန့် သတ်ဘောင်ကို ကျော်လွန်ရပါမယ်။ တရားသေ၀ါဒစွဲနှင့် ကြောင်းကျိုးမထင်ရှားတဲ့ တရား သေဘာသာရပ် ပညာအစွဲတွေကင်းရှင်းရပါလိမ့်မယ်။
သဘာဝကိုရော၊ သစ္စာဓမ္မကိုပါ လွှမ်းခြုံမိတဲ့ ဒီဘာသာရေးမျိုးဟာ အရာရာကိုလေ့လာသိမြင်အပ်တဲ့ အတွေ့အကြုံတွေ၊ သဘာဝဓမ္ဓနှင့် ဆက်စပ်မှုရှိပြီး အဓိပ္ပာယ်လည်းပြည့်ဝတဲ့ ညီညွတ်စုစည်းမှုတွေ ကနေ စစ်ထုတ်ရရှိလာတဲ့ ဘာသာရေးအသိစိတ် အပေါ် အခြေခံတဲ့ ဘာသာ ရေးမျိုးဖြစ်ရပါလိမ့်မယ်။”
“ဗုဒ္ဓ၀ါဒဟာ ဒီအချက်အလက်တွေကို အဖြေရှာဖြည့်ဆည်း ပေးနိုင်တဲ့စွမ်းရည် ရှိပါတယ်။
တကယ်လို့ မျက်မှောက်ခေတ်သိပ္ပံပညာရဲ့လိုအပ်ချက်တွေကို ခြုံငုံဖြေရှင်းပေး နိုင်မယ့်ဘာသာတစ်ခုရှိတယ် ဆိုရင် အဲဒီဘာသာဟာ ဗုဒ္ဓဘာသာပဲဖြစ် ရပါလိမ့်မယ်။”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment