Thursday, November 5, 2026

HIV ရောဂါအတွက် ကာကွယ်ဆေး တကယ် ရလာပြီလား?

  တစ်ချိန်က ကုရာနတ္ထိဆေးမရှိခဲ့တဲ့ HIV ရောဂါအတွက် ကာကွယ်ဆေး တကယ် ရလာပြီလား? 💉🦠




တစ်နှစ်ကို ၂ ကြိမ်ပဲ ထိုးရပြီး HIV ကူးစက်မှုကို အလွန်ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ ဆေးတစ်မျိုး ထွက်လာပါပြီ။


အဲဒါက လီနာကာပါဗီယာ (Lenacapavir) ပါ။


ဒါပေမယ့် အရင်ဆုံး ရှင်းရှင်းလင်းလင်းသိထားရမှာက ဒါဟာ “HIV vaccine” မဟုတ်ပါဘူး။


Vaccine ဆိုတဲ့ ကာကွယ်ဆေး ဆိုတာက ကာကွယ်ချင်တဲ့ ပိုးကို ကိုယ်ခံအားစနစ်က မှတ်မိအောင် လေ့ကျင့်ပေးတာပါ (ဥပမာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး - Hepatitis B vaccine)


အခုဆေးကတော့ HIV မကူးစက်သေးသူတွေ HIV မကူးအောင် ကြိုတင်သုံးတဲ့ PrEP ဆေးတစ်မျိုး ဖြစ်ပါတယ်။


______________________________


ဘယ်လောက်ထိ ကာကွယ်နိုင်သလဲ? 📊


ရလဒ်တွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။


PURPOSE 1 သုတေသနမှာ အမျိုးသမီး ၂,၁၃၄ ယောက် Lenacapavir ရရှိခဲ့ပြီး အဓိကလေ့လာမှုကာလအတွင်း HIV ကူးစက်မှု ၁ယောက်မှ မဖြစ်ခဲ့ပါဘူး။


PURPOSE 2 သုတေသနမှာ အမျိုးသားနဲ့ gender-diverse participants တွေကို လေ့လာရာ Lenacapavir သုံးသူတွေမှာ HIV ကူးစက်မှုဟာ PrEP မသုံးထားရင် (မျှော်မှန်းထားတဲ့) ကူးစက်မှုနှုန်းနဲ့ နှိုင်းယှဉ်ရင် ၉၆% ခန့် နည်းခဲ့ပါတယ်။


၂,၁၇၉ ယောက်ထဲမှာ ၂ ယောက်သာ ကူးစက်ခဲ့ပြီး ၉၉.၉% ခန့် HIV မကူးစက်ခဲ့ပါဘူး။


ဒါကြောင့် WHO က Lenacapavir ကို HIV vaccine မရသေးတဲ့ လက်ရှိအခြေအနေမှာ အလွန်အရေးကြီးတဲ့ ရေရှည်ကာကွယ်ရေးနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။


______________________________


ဘယ်လိုသုံးရတာလဲ? 💉


Lenacapavir က နေ့တိုင်းဆေးသောက်ရတဲ့ PrEP နဲ့ မတူပါဘူး။


ဆေးစတင်တဲ့အချိန်မှာ ပါးစပ်သောက်ဆေးအနည်းငယ် လိုအပ်ပြီးနောက်


💉 အရေပြားအောက် ထိုးဆေး


📅 ၂၆ ပတ်ခန့်တစ်ကြိမ်


ဆိုတော့ တစ်နှစ်ကို ၂ ကြိမ်လောက်ပဲ ထိုးဖို့လိုပါတယ်။


နေ့တိုင်း PrEP ဆေးသောက်ဖို့ မေ့တတ်သူ၊ ဆေးသောက်နေတာကို တခြားသူတွေ မသိစေချင်သူ၊ ဆေးရုံ/ဆေးခန်းကို မကြာခဏမသွားချင်သူတွေအတွက် အထူးအသုံးဝင်နိုင်ပါတယ်။


______________________________


ဒါဆို တစ်နှစ် $40 ပဲ ကျသင့်တော့မလား? 💵😮


ဒီနေရာက အခုနောက်ဆုံးသတင်းအရေးကြီးဆုံးပါ။


Lenacapavir မူရင်းဆေးရဲ့ အမေရိကန်စျေးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ 28,000 ကျော်အထိ ရှိခဲ့ပါတယ်။


ဒါပေမယ့် generic Lenacapavir ကို စျေးသက်သာစွာ ထုတ်လုပ်ဖို့ သဘောတူညီချက်တွေ ပြုလုပ်ပြီးနောက် တစ်နှစ်လုံးအတွက် လူတစ်ယောက်ကို အမေရိကန်ဒေါ်လာ 40 ဝန်းကျင်နဲ့ ပေးနိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။


ပိုပြီးအရေးကြီးတာက ၂၀၂၆ နိုဝင်ဘာ ၂ ရက်မှာ Dr. Reddy’s Laboratories ထုတ် generic injectable Lenacapavir ကို US FDA က အတည်ပြုခဲ့ပါတယ်။


ပထမဆုံး generic ဆေးတွေကို ၂၀၂၆ နှစ်မကုန်ခင် စတင်ပို့ဆောင်ဖို့နဲ့ ၂၀၂၇ ခုနှစ်မှာ ပိုကျယ်ပြန့်စွာ ရရှိလာဖို့ စီစဉ်ထားပါတယ်။


______________________________


မြန်မာနိုင်ငံရော ပါသလား? 🇲🇲


ပါပါတယ်။


Gilead က generic Lenacapavir ထုတ်လုပ်ခွင့်ပေးထားတဲ့ နိုင်ငံ ၁၂၀ စာရင်းထဲမှာ Myanmar ကို တိတိကျကျ ထည့်သွင်းထားပါတယ်။


ဒါပေမယ့် “စာရင်းထဲပါပြီ = မြန်မာနိုင်ငံမှာ အခုချက်ချင်း $40 နဲ့ ဆေးဆိုင်ကဝယ်လို့ရပြီ” ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။


နိုင်ငံအလိုက်


▪️ ဆေးဝါးမှတ်ပုံတင်ခွင့်

▪️ ကျန်းမာရေးအစီအစဉ်ထဲ ထည့်သွင်းမှု

▪️ ဆေးတင်သွင်းမှု

▪️ NGO/Global Fund အပါအဝင် ဝယ်ယူဖြန့်ဖြူးရေး


တွေ ပြီးစီးဖို့လိုသေးပါတယ်။


ဒါကြောင့် မြန်မာနိုင်ငံအတွက် ရေရှည်မှာ US$40 generic ရရှိနိုင်မယ့် အရေးကြီးတဲ့လမ်းကြောင်း ပွင့်လာတာဖြစ်ပေမယ့် ချက်ချင်းရနိုင်မယ်လို့တော့ မဆိုနိုင်ပါဘူး။


______________________________


ထိုးဆေး ၂ ကြိမ်နဲ့ HIV လုံးဝမကူးတော့ဘူးလား? ⚠️


၁၀၀% အာမခံတယ်လို့တော့ မဆိုသင့်ပါဘူး။


Clinical trials တွေမှာ အလွန်ထိရောက်ခဲ့ပေမယ့် အချိန်မှန်ပြန်ထိုးဖို့ အရေးကြီးပါတယ်။


နောက်တစ်ချက်က Lenacapavir စမထိုးခင် HIV မရှိကြောင်း စစ်ဆေးရပါတယ်။ ဆေးထိုးပြီး နောက်တစ်ကြိမ်ဆက်ထိုးမယ့်အချိန်မှာလည်း HIV test လုပ်ဖို့ အရေးကြီးပါတယ်။


HIV ရှိနေပြီးသားသူက Lenacapavir တစ်မျိုးတည်းကို PrEP အနေနဲ့ သုံးလိုက်ရင် ဆေးယဉ်ပါးတဲ့ HIV ပိုး ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ WHO ကလည်း Lenacapavir စတင်ခြင်းနဲ့ ဆက်သုံးခြင်းမှာ HIV စစ်ဆေးမှု ကို အရေးကြီးစွာ ထည့်သွင်းအကြံပြုထားပါတယ်။


______________________________


တခြား လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုရော ကာကွယ်လား? ❌


မကာကွယ်ပါဘူး။


Lenacapavir က HIV ကိုကာကွယ်ဖို့ ဖြစ်ပါတယ်။


ဆီးပူညောင်းကျ အပါအဝင် တခြား လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။


ဒါကြောင့် လိုအပ်တဲ့အခြေအနေမှာ ကွန်ဒုံးအသုံးပြုခြင်းနဲ့ ပုံမှန် ရောဂါ စစ်ဆေးခြင်းတွေက ဆက်ပြီး အရေးကြီးပါတယ်။


______________________________


ဘေးထွက်ဆိုးကျိုးရှိလား? 💉


အဖြစ်များတာက ထိုးတဲ့နေရာမှာ 


▪️ နာခြင်း

▪️ နီခြင်း

▪️ ဖောခြင်း

▪️ အဖုဖြစ်ခြင်း


လိုမျိုး သာမာန် ဆိုးကျိုးလေးတွေပါ။


PURPOSE 1 နဲ့ PURPOSE 2 သုတေသနတွေမှာ အများစုဟာ အပျော့စားကနေ အလယ်အလတ်အဆင့် ဖြစ်ပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုတွေ မတွေ့ခဲ့ပါဘူး။


______________________________


💡 Dr. Beast ၏အကြံပြုချက်


Lenacapavir ဟာ HIV vaccine "ရောဂါပိုးကို ခန္ဓာကိုယ်က တိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးနိုင်တဲ့ ကာကွယ်ဆေး" တကယ်မဟုတ်သေးပါဘူး။


ဒါပေမယ့်


💉 တစ်နှစ် ၂ ကြိမ်ပဲထိုးရခြင်း


🛡️ လေ့လာမှုတွေမှာ ၉၉% ကျော်သော ကာကွယ်မှုရရှိခြင်း


💵 တစ်နှစ် ဒေါ်လာ ၄၀ ဝန်းကျင်ပဲ ကုန်ကျခြင်း


🌏 မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂၀ ကို စျေးသက်သာတဲ့ ဆေးရရှိနိုင်အောင် လိုင်စင် ပေးထားခြင်း


တို့ကြောင့် HIV ကာကွယ်ရေးသမိုင်းမှာ အလွန်အရေးကြီးတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။


နေ့တိုင်းဆေးသောက်ရတဲ့ PrEP ကနေ တစ်နှစ် ၂ ကြိမ်ပဲ ထိုးဖို့လိုတဲ့ PrEP ဆီ ရောက်လာတာဟာ အထူးသဖြင့် HIV ကူးစက်နိုင်ခြေမြင့်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေ၊ လိင်အလုပ်သမားတွေအတွက် ကာကွယ်ရေးကို အများကြီးပိုလွယ်ကူစေနိုင်ပါတယ်။


အနာဂတ်မှာ တကယ့် HIV vaccine ရရှိလာနိုင်ဖို့ သုတေသနတွေ ဆက်လုပ်နေဆဲဖြစ်ပေမယ့် Lenacapavir ကတော့ လက်ရှိ HIV ကာကွယ်ရေးမှာ အကြီးမားဆုံးတိုးတက်မှုတွေထဲက တစ်ခုဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ 💉❤️


______________________________


Dr. Beast ရဲ့ ကျန်းမာရေး ဗဟုသုတတွေကို email (အီးမေးလ်ကနေ) အခမဲ့ ရယူဖို့ ဒီမှာ စာရင်းပေးသွင်းနိုင်ပါတယ် ခင်ဗျာ။ 👇🏻


✅ https://dr-beast-mm.kit.com/newsletters


______________________________


ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ ရှယ် (Share) နိုင်ပါတယ် ခင်ဗျာ


Dr. Beast 💉


Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။


#HIVprevention #PrEP #lenacapavir #HIV


HIV ကူးစက်မှုကာကွယ်နိုင်မည့် ခြောက်လတစ်ကြိမ်ထိုးဆေး တစ်နှစ် ဒေါ်လာ ၄၀ ဖြင့် ဝယ်ယူနိုင်မည်




3 Nov 2026 By Reuters


အမေရိကန် FDA က HIV ကာကွယ်ရေးအတွက် အသုံးပြုမည့် ဆေးသစ်တစ်မျိုးဖြစ်သော Lenacapavir ၏ Generic ဆေးဝါးဗားရှင်းကို ယာယီခွင့်ပြုချက်ပေးလိုက်ကြောင်း Dr. Reddy's ဆေးဝါးကုမ္ပဏီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ 


ယင်းခွင့်ပြုချက်ကြောင့် ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံအများအပြားတွင် ဆေးဝါးဖြန့်ဖြူးရောင်းချနိုင်ရန် လမ်းပွင့်လာသော်လည်း အမေရိကန်နိုင်ငံတွင်မူ လက်ရှိအချိန်အထိ ရောင်းချခွင့်မရသေးပေ။


ဆရာဝန်အချို့နှင့် တက်ကြွလှုပ်ရှားသူများက ကုသမှုအသစ်ဖြစ်သည့် ယင်းဆေးသည် နှစ်ပေါင်း ၄၄ နှစ်ကြာမြင့်လာပြီဖြစ်သော AIDS ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရန် အထောက်အကူပြုမည်ဟု ပြောဆိုကြသည်။ 


အဆိုပါရောဂါကြောင့် တစ်နှစ်လျှင် လူ ၁၃ သိန်းခန့် ကူးစက်ခံနေရပြီး စတင်ပေါ်ပေါက်လာချိန်မှစ၍ ကမ္ဘာတစ်ဝန်း လူ ၄၄ သန်းခန့် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည်။


Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ခွင့်လိုင်စင်ပေးထားသည့် ကုမ္ပဏီခြောက်ခုအနက် Dr. Reddy's သည် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထံမှ ယာယီခွင့်ပြုချက် ပထမဆုံးရရှိသည့် Generic ဆေးထုတ်လုပ်သူဖြစ်သည်။ 


ယင်းကြောင့် လိုင်စင်သဘောတူညီချက်တွင် ပါဝင်သည့် ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံပေါင်း ၁၂၀ တွင် ဆေးဝါးရရှိနိုင်မှု ပိုမိုမြန်ဆန်လာနိုင်သည်။


FDA ၏ ယာယီခွင့်ပြုချက်ဆိုသည်မှာ ဆေးဝါးတစ်မျိုးသည် ဘေးကင်းမှု၊ ထိရောက်မှုနှင့် အရည်အသွေးဆိုင်ရာ စံနှုန်းအားလုံးကို ပြည့်မီသော်လည်း မူပိုင်ခွင့် သို့မဟုတ် သီးသန့်ရောင်းချခွင့်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် အမေရိကန်ဈေးကွက်တွင် ရောင်းချခွင့်မရသေးသည့် အခြေအနေကို ဆိုလိုသည်။


ယင်းခွင့်ပြုချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးဝယ်ယူရေးအဖွဲ့အစည်းများနှင့် နိုင်ငံအချို့၏ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့များသည် ဆေးဝါးဝယ်ယူရေးနှင့် မှတ်ပုံတင်ခွင့်ပြုရေး ဆုံးဖြတ်ချက်များချရာတွင် FDA ၏ အကဲဖြတ်ချက်ကို အခြေခံအသုံးပြုနိုင်သဖြင့် ဆေးဖြန့်ဖြူးမှု ပိုမိုမြန်ဆန်လာနိုင်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်အောက်တွင် လုပ်ဆောင်နေသော ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်း Unitaid မှ နည်းပညာဆိုင်ရာအရာရှိ Jessica Burry က နိုင်ငံအချို့သည် အမေရိကန် FDA ၏ အကဲဖြတ်ချက်ကို အခြေခံသည့် လုပ်ထုံးလုပ်နည်းဖြင့် ဆေးဝါးမှတ်ပုံတင်ခွင့်ကို အမြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။ 


ထို့အပြင် ဆေးဝါးဝယ်ယူရေးလုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်စေနိုင်ကြောင်း ၎င်းက ဆိုသည်။


ခြောက်လတစ်ကြိမ် ထိုးနှံရသည့် Lenacapavir ဆေး၏ ပထမဆုံးထောက်ပံ့မှုများကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝင်ငွေနည်းနိုင်ငံအချို့ထံ ပို့ဆောင်နိုင်မည်ဟု Jessica Burry က ပြောကြားခဲ့သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်အောက်ခံ Unitaid သည် အမေရိကန် Clinton Health Access Initiative နှင့် တောင်အာဖရိက Witwatersrand တက္ကသိုလ်လက်အောက်ရှိ Wits Reproductive Health and HIV Institute တို့နှင့်အတူ Dr. Reddy's ကုမ္ပဏီအား ယင်းဆေးထုတ်လုပ်ရေးစီမံကိန်းတွင် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်နေသည်။


ဇမ်ဘီယာနိုင်ငံသည် ယင်းဆေးကို ပထမဆုံးလက်ခံရရှိမည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာနိုင်ကြောင်း Unitaid က ပြောသည်။


Gilead Sciences ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားသည့် Lenacapavir ဆေးကို ယခုနှစ်အစောပိုင်းတွင် Yeztugo အမှတ်တံဆိပ်အမည်ဖြင့် HIV ကာကွယ်ရေးဆေးအဖြစ် ခွင့်ပြုခဲ့ပြီး အကြီးစားစမ်းသပ်မှုများတွင် HIV ကူးစက်မှုကို ၁၀၀ ရာခိုင်နှုန်းနီးပါး ကာကွယ်နိုင်ခဲ့သည်။


Dr. Reddy's ကုမ္ပဏီထုတ် Generic ဆေး၏ တစ်နှစ်စာဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၀ ဖြစ်မည်ဟု ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဈေးနှုန်းသည် အမေရိကန်နိုင်ငံတွင် မူရင်း Yeztugo ဆေး၏ တစ်နှစ်စာဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၈,၀၀၀ ခန့်နှင့် နှိုင်းယှဉ်ပါက များစွာသက်သာသည်။


သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံများတွင် ဆေးဝါးကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဖြူးနိုင်မည့် အစီအစဉ်ကို ၂၀၂၇ ခုနှစ်တွင် ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း Dr. Reddy's ကုမ္ပဏီက ပြောသည်။


သီးခြားအစီအစဉ်တစ်ခုအနေဖြင့် အိန္ဒိယဆေးဝါးကုမ္ပဏီ Hetero သည်လည်း Lenacapavir ဆေးထုတ်လုပ်ရေးအတွက် Gates Foundation နှင့် ပူးပေါင်းဆောင်ရွက်နေသည်။


#ကာကွယ်ဆေး #HIV #MPA

No comments:

Post a Comment