Tuesday, August 13, 2013

ငါးကြင်းကွင်းကြော် - ဘဲသွေးသုပ် - ကြက်ရိုး sea food တုံ့ယမ်းဟင်းရည်





အဟမ်း အဟမ်း…..ဒီတစ်လအတွက် ဆရာမလမင်းမိုမိုက ငါးကြင်းသားကောင်းကောင်းလေးကို အကွင်းလိုက်လှီးပြီးကြော်တယ်၊ ဘဲသွေးအတုံးတွေကို လှီးဖြတ်ပြီး သုပ်တယ်၊ ပြီးတော့ကာ ကြက်ရိုးတို့ ပုစွန်တို့ ပြည်ကြီးငါးတို့ကို တုံ့ယမ်းအရသာဟင်းအရည် သောက်ပုံစံမျိုးချက်တယ် ဘယ်လောက်မိုက်သလဲ…ရှလွတ်။

ငါးကြင်းကွင်းကြော်ကတော့ အိမ်တွေမှာကြော်စားနေကြဆိုပေမယ့် တခြားဟင်းအမယ်နှစ်ခုကတော့ ချက်နေကြပုံစံလေးမဟုတ်တာ ကြောင့် အထူးအဆန်းတော့ဖြစ်နေသား။ ဒါပေမဲ့ အပြင်အဆင်ကောင်းတာကြောင့်လားမသိ တော်တော်စားကောင်းမယ့်ပုံပါ။ ပြောနေတာ ကြာတယ် သူငယ်ချင်းတို့ ချက်စားကြည့်ကြပါဦး။

ငါးကြင်းကွင်းကြော်
လိုအပ်သောပစ္စည်းများ
ငါးကြင်းကိုယ်ထည်ပိုင်း ၄၀သား၊ ဆီ ၁၀သား (ငါးကြော်ပြီးလျှင် ပိုပါသည်)၊ ကြက်သွန်နီ ဥကြီးနှစ်ဥ၊ ငရုတ်သီးခွဲခြမ်း စားပွဲဇွန်း တစ်ဇွန်း၊ ဆား၊နနွင်း၊ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၂၅ မိနစ်
ငါကြင်းကိုယ်ထည်ကို အကြေးထိုးသန့်စင်ပြီး တစ်လက်မခန့်အကွင်းများညီညီတုံးပါ။ ငါးကွင်းများကို ဆား၊နနွင်း၊၊ဟင်းခတ်မှုန့်တို့နှင့် အသာအယာဆုပ်နယ်ထားပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး ဆီပူတွင်ရွအောင်ကြော်ပါ။ ကြက်သွန်နီ အ၀ါရောင်သန်းလျှင် ဆီများခပ်ဖယ်ပစ် ပြီး ငရုတ်သီးခွဲခြမ်းဖတ်များထည့်ကာ အိုးကို မီးဖိုမှချ မွှေပါ။ မီးဖိုပေါ်တင်ရင်းမွှေရင် ငရုတ်ကြမ်းဖတ်များတူးသွားတတ်ပါတယ်။

ကြက်သွန်နီနဲ့ ငရုတ်ဖတ်များ ဆီစစ်ထားပါ။ ခုန ဖယ်ထားတဲ့ဆီကျန်မှာ ငါးကွင်းများထည့်ပြီး မီးအေးအေးနဲ့ကြော်ပေးပါ။ အထက် အောက်လှန်ပါ။ ငါးများကျက်လျှင် ဆီစစ်ပြီး ပန်းကန်ပြားမှာထည့်ပါ။ ခုနက ကြက်သွန် ငရုတ်ကြမ်းကြော်လေးများကို အပေါ်မှဖြူးပေးပါ။

ဘဲသွေးသုပ်
လိုအပ်သောပစ္စည်းများ
ဘဲသွေး လေးတုံး၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ လေးမြွှာ၊ ဆီ နှစ်ကျပ်သား၊ ငရုတ်သီးစိမ်း/ခြောက် ခုနှစ်တောင့်၊ နံနံပင် အနည်းငယ်၊ ပဲငံပြာရည် စားပွဲဇွန်း တစ်ဇွန်း၊ ငရုတ်ဆီ စားပွဲဇွန်း တစ်ဇွန်းခွဲ၊ သံပရာသီးအသေး တစ်ခြမ်း၊ ဆား၊နနွင်း၊ဟင်းခတ်မှုန့် အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် - ၁၀ မိနစ်
ဘဲသွေးများကို ရေအနည်းငယ်နဲ့ ပြုတ်ထားပါ။ ကြက်သွန်နီကို အကွင်းများလှီးပါ။
ကြက်သွန်ဖြူကို တောက်တောက်စဉ်းပြီး နနွင်းအနည်းငယ်မျှနဲ့ ကြက်သွန်ဖြူဆီချက် ချက်ထားပါ။ နံနံပင်ရိတ်ရိတ်လှီးပြီး ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။

၇-၈မိနစ်ခန့် ပြုတ်ထားသော ဘဲသွေးများကိုဆယ်ယူပြီး ရေအေးနဲ့ဆေးပါ။ အနေတော်အတုံးလေးများလှီးပါ။
ပါဝင်သောပစ္စည်းအားလုံးထည့်ကာ သံပရာရည်ညှစ်ပြီး ဖွဖွနယ်ပါ။ အရသာထူးသော ဘဲသွေးသုပ် ဟင်းရံပွဲလေးဖြစ်ပါတယ်။

ကြက်ရိုး Seafood တုံ့ယမ်းဟင်းရည်
လိုအပ်သောပစ္စည်းများ
ကြက်ခြေထောက်ရိုး ခုနှစ် - ရှစ်ချောင်း၊ ပြည်ကြီးငါးအသေး ၁၀သား၊ ပုစွန် ၁၀သား၊ မျှစ်ချဉ် ၁၀သားခန့်၊ ငုံးဥ ၁၀လုံး၊ပဲပြား တစ်တုံး၊ စပါးလင် နှစ်ပင်၊ချင်း နှစ်လက်မခန့်၊ တုံ့ယမ်းဟင်းအနှစ်ထုပ် တစ်ထုပ်၊ အုန်းနို့မှုန့် စားပွဲဇွန်းသုံးဇွန်း၊ နွားနို့ တစ်ဖန်ခွက်ခွဲ၊ ဆီ နှစ်ကျပ်သား၊ ကြက်သွန်နီ တစ်ဥ၊ မုန်လာဥနီ တစ်ဝက်၊ မုန့်ညင်းထုပ် ငါးရွက်၊ ခရမ်းချဉ်သီး နှစ်လုံး၊ ငရုတ်သီးစိမ်း ခုနှစ် - ရှစ်တောင့်၊ ရှောက်ရွက် ငါးရွက်၊ သံပရာသီး တစ်လုံး၊ ပုစွန်ငံပြာရည် စားပွဲဇွန်း နှစ်ဇွန်း၊ငရုတ်အရောင်တင်မှုန့် အနည်းငယ်၊ ဆား၊ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် ၄၀ မိနစ်
ကြက်ခြေထောက်ရိုးများကို သန့်စင်ပြီးလျှင် စပါးလင်၊ ချင်းတို့ကိုထုထည့်ကာ ရေအနည်းငယ်နှင့် နူးအောင်ပြုတ်ထားပါ။ ပြည်ကြီးငါး ပုစွန်တို့ကို သန့်စင်ပါ။ ဆား၊ဟင်းခတ်မှုန့်နဲ့ နယ်ထားပါ။ ဥနီကိုပါးပါးလှီးပါ။ မုန့်ညင်းထုပ်ကို အနေတော်ဖြတ်ထားပါ။

ပဲပြားကိုအနေတော်တုံးထားပါ။ အုန်းနို့မှုန့်ကို ရေကျက်အေးအနည်းငယ်နဲ့ ဖျော်ထားပါ။ ငုံးဥများ ကျက်အောင်ပြုတ်ပြီး အခွံနွှာထားပါ။ ဆီကိုပူပြီး ကြက်သွန်နီအဖတ်ခွာကာအရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ပါ။ ဆီသေရင် မျှစ်ချဉ်ပါးပါးလှီးကာထည့်ပြီး မျှစ်ချဉ်နူးအောင်ချက် ပါ။ ကြက်ရိုးပြုတ် အုန်းနို့၊နွားနို့ တို့ကိုရောထည့်ပါ။ တုံ့ယမ်းအနှစ်ထုပ်ဖောက်ထည့်ပါ။ ပဲပြားတုံးများထည့်ပါ။

ဟင်းရည်အနည်းအများတိုင်းဆပြီး ရေလိုရင်အနည်းငယ် ထပ်ထည့်ပါ။ ငံပြာရည်၊ဟင်းခတ်မှုန့်တို့ ထည့်ပြီး အရသာသင့်တော်အောင် မြည်းထားပါ။ ဟင်းရည်ပွက်ပွက်ဆူရင် ပြည်ကြီးငါး၊ ငုံးဥ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးစိတ်၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်တို့ကိုထည့်ပါ။

အချဉ်ကဲလိုရင် သံပရာရည်ညှစ်ပြီးထည့်နိုင်ပါတယ်။ အိုးချခါနီးမှာ မုန့်ညင်းထုပ်ကိုထည့်ပါမယ်။ အိုးကိုချပြီးမှ ပုစွန် နောက်ဆုံးထည့်ကာ အဖုံးခဏပိတ်ထားလိုက်ပါ။ ခဏနေရင် ချိုချဉ်ဆိမ့်မွှေး တုံ့ယမ်းဟင်းရည်ကို ပူပူကလေး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment