လူငယ်သန်းပေါင်းများစွာ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများသည် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများ လိုအပ်လျက်ရှိသည်။
ကမ္ဘာပေါ်တွင်
အမျိုးသမီး သန်း၂၀၀ခန့်သည် ကိုယ်ဝန်မဆောင်ချင်ကြသော်လည်း ထိရောက်မှုရှိသည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ နည်းလမ်းများ သုံးစွဲခြင်းမရှိသည့်အတွက် ထောင်ပေါင်းများစွာသော အမျိုးသမီးများ မရည်ရွယ်ဘဲကိုယ်ဝန်ရရှိခြင်း၊ကျန်းမာရေးထိခိုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းစသည်တို့ကို တွေ့ကြုံနေကြရသည်။
မြန်မာနိုင်ငံတွင်
လူဦးရေ ၅၇.၄သန်းရှိသည်။ ထိုလူဦးရေအနက် အသက်၁၅နှစ်မှ ၄၉နှစ်အရွယ်အတွင်းရှိသော သားသမီးမွေးဖွားနိုင်သည့် အမျိုးသမီး ဦးရေ ၁၄.၆သန်းရှိသည်။
မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများ လူတိုင်းရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင် နိုင်ငံတော်အစိုးရနှင့်အတူ UNFPA, WHO, UNDP, UNICEF, WFP နှင့်မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းစသည်တို့က ပူးပေါင်း ဆောင်ရွက် လျက်ရှိသည်။
ကမ္ဘာ့လူဦးရေနေ့ ဘယ်တုန်းကစတင်သတ်မှတ်ခဲ့လဲ
ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့လူဦးရေသန်းပေါင်း၅ ထောင်ပြည့်သည့် ၁၉၈၇ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့ဟု စတင်သတ်မှတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ တရိပ်ရိပ်အရှိန်ဖြင့်တိုးလာသော လူဦးရေနှင့် ထိုလူဦးရေကို ထမ်းပိုးထောက်ပံ့နိုင်မည့် ကမ္ဘာကြီး၏ အင်အားကိုချိန်ဆနိုင်စေရန် လူအများသိရှိလာစေရန် နိုင်ငံအသီးသီးမှ မိမိနိုင်ငံ လူဦးရေနှင့် သဟဇာတဖြစ်စေရန် ထိန်းညှိနိုင်မည့်အသိပညာ များရရှိလာ စေရန်ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့လူဦးရေနေ့ကို ဘယ်တုန်းက စတင်ကျင်းပခဲ့သလဲ
၁၉၉၀ပြည့်နှစ်မှ စ၍ စတင်ကျင်းပခဲ့ရာ ၁၉၉၇ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ပူးပေါင်းကျင်းပခဲ့ပြီး ၁၉၉၈ခုနှစ်မှစတင်ကာ လူဝင်မှုကြီးကျပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကျင်းပခဲ့သည်။
၂၀၀၈ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်
လွန်ခဲ့သည့် နှစ်၄၀က ကမ္ဘာ့ခေါင်းဆောင်များက လူတစ်ဦးတစ်ယောက်ချင်း၌ သားဆက်ခြားခြင်း၊ ကလေးအရေအတွက်ကန့်သတ်ယူခြင်းစသည်တို့ကို လွတ်လပ်စွာနှင့် တာဝန်ရှိစွာ ဆုံးဖြတ်နိုင်သည့် အခြေခံလူ့အခွင့်အရေးရှိကြောင်းထုတ်ဖော်ကြေညာခဲ့သည်။ ယခုနှစ်၄၀ကြာပြီးသည့်နောက် သားဆက်ခြားခြင်းနှင့် သန္ဓေတားနည်းများအကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များသည် သန်းရာပေါင်းများစွာသော အမျိုးသမီးများ၊ အမျိုးသားများနှင့် လူငယ်များလက်လှမ်းမှီ သိရှိကြခြင်းမရှိသေးသော အခြေအနေ၌သာဖြစ်နေပါသေးသည်။ ဆင်းရဲသောသူများအတွင်း၌ ထိုလိုအပ်ချက်ကိုမရရှိနိုင်မှုသည် ကြီးမားနေဆဲဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ်ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ကို "It's a right, let's make it real" "မိသားစုဘ၀ သာယာရေး မျိုးဆက်ပွား ကျန်းမာရေး လက်တွေ့ဖော်ဆောင်ပေး"ဟူ၍ ချမှတ်ပေးခဲ့သည်။
မျိုးဆက်ပွားကျန်းမာရေး
လူတို့၏ မျိုးပွားအင်္ဂါစုနှင့် ၄င်းတို့၏လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီးရောဂါဘယကင်းရှင်းခြင်း၊ မသန်မစွမ်းဖြစ်မှုမှ ကင်းရှင်းခြင်းနှင့် ပြည့်စုံရုံသာမက ကာယသုခ၊စိတ္တသုခ၊လူမှုရေးသုခနှင့်ပါ ပြည့်စုံခြင်းကို မျိုးဆက်ပွားကျန်းမာရေးဟုခေါ်သည်။
လူငယ်လူရွယ်များနှင့် မျိုးဆက်ပွားကျန်းမာရေး
အသက်၁၀နှစ်မှ ၁၈နှစ်ထိကို ဆယ်ကျော်သက်အရွယ်ဟုခေါ်ပြီး ၁၈နှစ်မှ ၂၄နှစ်ထိအရွယ်ကို လူငယ်ဟုခေါ်သည်။ ယဉ်ကျေးမှုဓလေ့ထုံးစံတို့၏အဟန့်အတားများအရ လူငယ်လူရွယ် များသည် မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ မှန်ကန်သည့် အသိပညာနှင့် အလေ့အထများကို ရရှိရန် ခဲယဉ်းပါသည်။
မလိုလားအပ်သော ကိုယ်ဝန်မရရှိစေရန် လိုက်နာရမည့်အချက်များ
သမီးရည်းစားဘ၀တွင်
လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် မလိုလားအပ်သော ကိုယ်ဝန်ကိုတားဆီးနိုင်ပါသည်။
အိမ်ထောင်သည်ဘ၀တွင်
ဇနီးမောင်နှံနှစ်ဦး ဘယ်အချိန် သားသမီးယူမည်၊ ဘယ်နှယောက် ယူမည်၊ ဘယ်နှနှစ်ခြားမည်ကို တိုင်ပင်ပြီး သင့်လျော်သော သားဆက်ခြားနည်းကို ကျန်းမာရေး ၀န်ထမ်းနှင့် တိုင်ပင်ဆွေးနွေးရပါမည်။
အမျိုးသားများအနေဖြင့် မိမိဇနီးသားဆက်ခြားနည်း အဆင်ပြေစွာ သုံးနိုင်ရန် ငွေကြေးထောက်ပံ့ခြင်း၊ ဆေးခန်းသွား ရေးလာရေး စီစဉ်ပေးခြင်းဖြင့် ပံ့ပိုးကူညီနိုင်ပါသည်။
မိမိဇနီးဆေးခန်းသို့ သားဆက်ခြားဆေးသွားထိုးနေစဉ် သို့မဟုတ် သားဆက်ခြားနည်းများ၏ ဘေးထွက်ဆိုးကျိုး အာနိသင်ကြောင့် နေမကောင်းဖြစ်နေစဉ်တွင် အိမ်အလုပ်ဝိုင်းကူလုပ်ခြင်း၊ ကလေးဝိုင်းထိန်းခြင်းဖြင့် ကူညီနိုင်ပါသည်။
မိမိဇနီးသည် မည်သည့်သားဆက်ခြားနည်းလမ်းနှင့်မျှ မတည့်လျှင် ကွန်ဒုံးသုံးခြင်းဖြင့် တာဝန်ယူနိုင်ပါသည်။
No comments:
Post a Comment