သားလေး
ကမ္ဘာကြီးပေါ်က အညွှန့်အဖူးတွေကို
တို့နှစ်ဦးသာ ပိုင်ဆိုင်ရမယ်လို့
မရည်စူးလိုက်ပါနဲ့ သားလေး။
နတ်သူငယ်လေးလို
ပျော်ရွှင်မြူးထူးနေတဲ့မင်းဘေးမှာ
ဘေးဘယာတွေ မှန်သမျှ
တားဆီးကာကွယ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့
ဖေဖေ ရပ်တည်နေခဲတယ်။
တို့ပတ်ဝန်းကျင်မှာ
ဟေလိုဂျင်တွေ ထွန်းညှိမထားပေမယ့်
ဖေဖေ့ မေတ္တာတရားဟာ
တက်သစ်စ နေမင်းလို
အလွန်ကို ကြည်လင်တောက်ပနေခဲ့တယ်။
ပြီးတော့လည်း
ချစ်ရဲတာ သတ္တိလို့
ဖေဖေ့မှာ
ခွန်အားအပြည့်ရှိခဲ့တယ်။
ကာလတွေကျော်ဖြတ်
မင်း လူမှန်းသိတတ်လာတဲ့အခါ
လောကရဲ့မာယာတွေကို ကြည့်ပြီး
လောကကို အဆိုးမမြင်လိုက်ပါနဲ့ သားလေး။
တကယ်ဆို
သုခဘုံဟာ
မင်းရင်ထဲမှာ ရှိပါတယ်။
သုခဘုံကို
မင်းပဲ ဖန်ဆင်းနိုင်ရမယ်...။
ဖားပျံကလေးတွေနဲ့အတူ
မင်းရယ်သံတွေ
ခုန်ပျံဖျတ်လတ်နေတဲ့ ဒီည။
မိုးပေါ်က
ဆန်းစသော်တာလို
ဖြူစင်မှုကို ရှေ့ဆက်ပြီး
သိမ်းဆည်းထားလိုက်စမ်းပါ သားလေး။ ။
မိုဃ်းဇော်
No comments:
Post a Comment