Saturday, January 3, 2015

သတင်းစာအစုံက သတင်းစုံ



အစားအစာများကို မြန်မာ့ဆက်သွယ်ရေး စာတိုက်လုပ်ငန်းက အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မြန်မာ့ဆက်သွယ်ရေး စာတိုက်လုပ်ငန်းက Hometown Product Delivery အဖြစ် ရန်ကုန်မြို့တော်နှင့် တောင်ကြီးမြို့တို့မှ ဒေသထွက် အစားအသောက်များနှင့် ဆေးဝါးများကို အပြန်အလှန် အိမ်အရောက် စနစ်ဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း ရန်ကုန်စာတိုက်ကြီးမှ မန်နေဂျာ ဦးရွှေထွန်းမောင်က ပြောကြားသည်။

ရန်ကုန်မြို့တော်မှ J Donuts၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ငါးချဉ်၊ ပုစွန်ချဉ် စသည့် ပစ္စည်းများကို တောင်ကြီးမြို့မှ မှာယူနိုင်ပြီး ရှမ်းပြည်နယ်မှ ထွက်ရှိသည့် မုန်ညင်းချဉ်၊ ဆီတိုဟူး၊ အာလူးခြောက်၊ လက်ဖက်ခြောက်၊ တိုင်းရင်းဆေးဝါး စသည့် ပစ္စည်းများကို ရန်ကုန်မှ မှာယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီနေ့မှာ မနက်ဖြန်ရောက် စနစ်နဲ့ အိမ်တိုင်ရာရောက် ပို့ပေးမယ်။ ဝန်ဆောင်ခ သီးသန့်ထပ်မယူဘဲ ပစ္စည်းတန်ဖိုးနဲ့ စာပို့နှုန်းထား အတိုင်းပဲ သတ်မှတ်ထားတယ်” ဟု ဦးရွှေထွန်းမောင်က ဆိုသည်။

အဆိုပါ ဝန်ဆောင်မှု အသစ်ကို ရန်ကုန်မြို့တွင်း ဖြစ်သည့် ကျောက်တံတား၊ ပုဇွန်တောင်၊ ပန်ဘဲတန်း၊ လသာ၊ ဆိပ်ကမ်း၊ ဗိုလ်တထောင် စသည့် မြို့နယ်ခြောက်ခုနှင့် တောင်ကြီးမြို့ ၁၉ ရပ်ကွက်သို့ ပို့ဆောင်မည် ဖြစ်ကာ အစားအသောက်နှင့် ဆေးဝါးများ မှာယူလိုပါက ရန်ကုန်စာတိုက်ကြီး ဖုန်း ၀၁-၃၀၂၅၇ နှင့် တောင်ကြီးစာတိုက်ကြီး ဖုန်းနံပါတ် ၀၈၁- ၂၁၂၁၅၀၆ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း ရန်ကုန်စာတိုက်ကြီးထံမှ စုံစမ်းသိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး စာပို့ခနှုန်းထားများမှာ အနိမ့်ဆုံး ၂၀ ဂရမ် ကျပ် ၅၀၀ မှ အမြင့်ဆုံး ၃၀ ကီလိုဂရမ် ဆိုပါက ကျပ်တစ်သောင်း သတ်မှတ်ထားကြောင်း ရန်ကုန်စာတိုက်ကြီးထံမှ သိရသည်။

ပုဂံဘုရားများရှိ နံရံဆေးရေး ပန်းချီများကို ယူနက်စကိုနှင့် ပူးပေါင်းထိန်းသိမ်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ပုဂံယဉ်ကျေးမှု နယ်မြေ ဘုရားများအတွင်းရှိ ပျက်စီးနေသော နံရံဆေးရေး ပန်းချီများကို စနစ်တကျ ထိန်းသိမ်းရန်အတွက် နံရံဆေးဆေးရေး ပန်းချီများ စာရင်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပညာရှင်များနှင့် ပူးပေါင်းကောက်ယူလျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

နံရံဆေးရေး ပန်းချီတွေ ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက်ကိုလည်း ယူနက်စကိုက ဓာတ်ခွဲခန်း ဆောက်ဖို့ လုပ်နေတယ်။ နေရာကို ယဉ်ကျေးမှု ဝန်ကြီးဌာနကပေးမှာ ခုတော့ နေရာ အတည်မပြုရသေးဘူး သုံးနေရာလောက် လျာထားပါတယ်” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဆိုသည်။

နံရံဆေးရေးပန်းချီး သီးသန့်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၅ ခုနှစ်အတွင်း ပုဂံယဉ်ကျေးမှု နယ်မြေတွင် ဓာတ်ခွဲခန်း တည်ဆောက်သွားမည် ဖြစ်ပြီး ထိန်းသိန်းရေး လုပ်ငန်းအတွက် လိုအပ်သော ဓာတုဆေးဝါးနှင့် စက်ပစ္စည်းများကိုလည်း ကူညီပေးရန် ရှိကြောင်း ပုဂံယဉ်ကျေးမှုနယ်မြေ အတွင်း၌ မြေပေါ်ရှေးဟောင်းဘုရားပေါင်း လေးရာကျော်ရှိပြီး အချို့ဘုရားများရှိ နံရံဆေးပန်းချီများမှာ ထိန်းသိန်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများကိုလည်း ယူနက်စကိုမှ ပညာရှင်များမှ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကို ရုံးထံမှ သိရသည်။

အမေရိကန် Master Card နဲ့ ပူးပေါင်းပြီး ဧရာဝတီဘဏ် နိုင်ငံတကာသုံး ကတ်တွေထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ပြည်တွင်းမှာ ငွေဖြည့်သွင်းပြီး နိုင်ငံတကာမှာ အသုံးပြုနိုင်မယ့် ကြိုတင်ငွေဖြည့်ကတ် တွေကို အမေရိကန် ပြည်ထောင်စု အခြေစိုက် ကတ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း Master Card နဲ့ ဧရာဝတီဘဏ်တို့ ပူးပေါင်းထုတ်လုပ်လိုက်ပြီလို့ ဧရာဝတီဘဏ်မှ သိရှိရပါတယ်။

အဲဒီ Aya Master Card ကို ပြည်ပနိုင်ငံတွေမှာရှိတဲ့ Master Card လက်ခံတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေ၊ အွန်လိုင်းစတိုးတွေမှာ ငွေပေးချေတာနဲ့ ငွေထုတ်စက်( ATM )တွေမှာ ငွေထုတ်ယူမှုတွေ လုပ်ဆောင်နိုင်တယ်လို့ ဧရာဝတီဘဏ် ဒုတိယ အထွေထွေမန်နေဂျာ ဒေါ်နန်းစောခမ်းဖြူက ပြောပါတယ်။

ကတ်ပိုင်ရှင်တွေ အမည်ဖော်ပြဖို့ မလိုဘဲ သုံးစွဲနိုင်တဲ့ Anonymous ကတ်ပုံစံဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

“ပိုင်ရှင်မဟုတ်ဘဲ တခြားလူတွေလည်း နိုင်ငံခြားကို ယူသွားလို့ရတယ်။Anonymous ကတ်က ပိုင်ရှင်အမည် ဖော်ပြစရာမလိုတဲ့ ကတ်မျိုးပါ။ ပြည်တွင်းမှာတော့ အွန်လိုင်း ငွေပေးချေစနစ်ပဲ သုံးလို့ရမယ်” လို့ သူက ရှင်းပြပါတယ်။

လတ်တလောမှာ ကတ်ငွေပေးချေစနစ် အတွက် ပြည်တွင်း ဘဏ်တွေဖွဲ့စည်းထားတဲ့ MPU (Myanmar Payment Union) အဖွဲ့ကလည်း နိုင်ငံတကာကတ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ JCB(Japan Credit Bureau) ၊ China Union Pay(CUP) တွေနဲ့ ပူးပေါင်းပြီး ပြည်ပနိုင်ငံတွေမှာ သုံးစွဲနိုင်တဲ့ MPU ဖက်စပ် ကတ်တွေ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ MPU အဖွဲ့ဆီကနေ သိရှိရပါတယ်။

1 comment:

  1. master card က ဘယ်တော့လုပ်မှာလဲဗျ အခြားcb . kbz တို့က နိုင်ငံတွင်းပဲရတာတဲ့ဗျ

    ReplyDelete