Wednesday, April 30, 2014

သတင်း သတင်း သတင်း

-->
မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်
“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေး အသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။

မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေ စုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော်က အခုလို ပြော ပါတယ်။

"ကျနော်တို့ ကလေးတွေကို ဖိတ်ခေါ်တယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အပါအဝင် လမ်းပေါ်မှာသွားနေတဲ့ ကလေးတွေပါ ဖိတ်ခေါ်ခဲ့တယ်၊ ဖိတ်ခေါ်ပြီးတော့ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုက နံပါတ် ၁ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ရိုးရာပွဲတော်ဟာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ အသိကလေးကို မျှဝေချင်တဲ့ အတွက်ကြောင့်မို့ ဒီအစီအစဉ်လေးကို ကျနော်တို့ကလုပ်ဖြစ်သွားတယ်၊ ကျနော်တို့ ပန်းစကားဆိုတဲ့ ပိတောက်ပန်းကလေး ကိုက်ထားတဲ့ တီရှပ်တွေကို ကျနော်တို့ ဝတ်ဆင်ပါတယ်၊ ပေးချင်တဲ့ဟာလေးက လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့တီရှပ်ကလေးကို ဝတ်ဆင်ထားပါတယ် "

ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင်  “ပန်းစကား” အဖွဲ့ဟာ သင်္ကြန်ကာလအတွင်း လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့အတွက် လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။
RFA - မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ

မြန်မာနိုင်ငံမှာ ကိုယ်ခံအားကျဆင်းမှုရောဂါ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ဥပဒေတခု ပထမဆုံး ပြဌာန်းနိုင်ဖို့ လွှတ်တော်အမတ်တွေနဲ့ လူထု အခြေပြုအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။

လွှတ်တော်အမတ်တွေနဲ့ လူထုအခြေပြုကွန်ရက်တွေရဲ့ အိတ်ခ်ျအိုင်ဗီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပူးပေါင်းကော်မတီက အိတ်ခ်ျအိုင်ဗီ ဥပဒေကြမ်း တရပ် ရေးဆွဲနိုင်ဖို့ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ Myanmar Positive Women Network က ဒေါ်ချောစုက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကျမတို့က အိတ်ခ်ျအိုင်ဗီနဲ့ ပတ်သက်လို့ အိတ်ခ်ျအိုင်ဗီ ပေါ့စတစ်တွေကိုလည်း တကယ်အကျိုးပြုပြီးတော့ ခွဲခြားဆက်ဆံမှုတွေ လျော့ကျပြီးတော့ ကုသမှု၊ ကာကွယ်မှုတွေကို အကုန်လုံး အဆင်ပြေမယ့် ဥပဒေ တခု ထွက်ဖို့တော့ မျှော်မှန်းတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ အဲဒီ ဥပဒေ တခုလုံးကို မလှမ်းသေးခင်မှာ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေထဲမှာ ဘယ်ဥပဒေက အိတ်ခ်ျအိုင်ဗီ ရှိတဲ့ လူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေလား၊ ပြီးတော့ ကာကွယ်ရေးတွေမှာ ဘာတွေ အခက်အခဲဖြစ်နေလည်း အဲဒါတွေကို ကျမတို့ ကြည့်သွားမယ်လို့ အရင်ဆုံး စဉ်းစားထားတယ်ပေါ့။”

ဒီ ဥပဒေရေးဆွဲရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းနဲ့ ဒေါ်စန္ဒာမင်းတို့လည်း ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒေါ်စန္ဒာမင်းကတော့ ဥပဒေကြမ်းမှာ ဘာတွေ ထည့်သွင်းမယ်ဆိုတာကို မစဉ်းစားရသေးပဲ ခုမှာ စတင်ပြင်ဆင်နေတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

“ကျမတို့ လွှတ်တော် နားတဲ့ကာလမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ဆွဲမယ်လို့ လုပ်နေတာ။ မဆွဲရသေးပါဘူး။ ကျမတို့ အခုမှစပြီး ပြင်ကာစပဲ ရှိပါသေးတယ်။ မဆွဲရသေး ပါဘူး။ ကျမတို့ လွှတ်တော် နားမယ့်အချိန်မှာ တွေ့မယ်လို့ စီစဉ်ထားတာပဲ ရှိပါသေးတယ်။ ကျမတို့ ဘယ်အတိုင်းအတာအထိ ဘာတွေ ထည့်မယ်ဆိုတာက အဓိက ဘယ်ဟာကို ဦးတည်ပြီး၊ ခွဲခြားဆက်ဆံခြင်းကို ဦးတည်ပြီး လုပ်မှာလား၊ ဘယ်ဟာကို လုပ်မှာလဲဆိုတာ ကျမတို့ မဆုံးဖြတ်ရသေးဘူး။”

ဒီဥပဒေကြမ်းမှာ အိတ်ခ်ျအိုင်ဗီဝေဒနာရှင်တွေ ခွဲခြားဆက်ဆံခံရတာနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းရေးဆွဲနိုင်ဖို့ လေ့လာသွားမယ်လို့လည်း ပြောပါတယ်။
အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူ တယောက်ကတော့ ဥပဒေမှာ ပါစေချင်တဲ့ အချက်နဲ့ သူကြုံတွေ့ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“လုပ်ငန်းခွင်များလည်း သူတို့ကတော့ ထုတ်ပစ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ခဏ နားလိုက်ပါအုံးဆိုပြီး ပြန်ပြီးတော့ အလုပ် မခန့်တော့တာမျိုးပေါ့လေ။ လူက ကျန်းမာလာတယ်၊ ဆေးသောက်လိုက်လို့ နေကောင်း လာပေမယ့် ပြန်မခန့်တာတွေပေါ့လေ။ ရောဂါရှိပေမယ့် လုပ်နိုင်နေသေးတယ် ဆိုရင်ပေါ့နော် လုပ်ငန်းတွေ ခန့်ထားပေးဖို့ပေါ့နော်။ အကြောင်းအမျိုးမျိုးနဲ့ ဆေးပင်စင်တို့ဘာတို့ ဒါမျိုးပေးတာတွေပေါ့။”

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့တို့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်းကျော် ရှိနေတာ ဖြစ်ပါတယ်။
လတ်တလော ဝေဒနာရှင်တွေအတွက် ပုံမှန်ဆေးသောက်ဖို့ အကူအညီလိုအပ်တဲ့အပြင် အလုပ်အကိုင်တွေ ရရှိဖို့လည်း အရေးတကြီး လိုအပ်နေတယ်လို့ အိတ်ခ်ျအိုင်ဗီအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ပြဋ္ဌာန်းထားတယ်လို့လည်း သိရပါတယ်။
DVB - မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ 

အိန္ဒိယနယ်ဘက်သို့ ART ဆေး သွားယူသော AIDS ရောဂါရှင်များကို အိန္ဒိယ နယ်ခြားစောင့်တပ် တားမြစ်
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ HIV ရောဂါပိုး ရှိသူများသည် NGO အဖွဲ့အစည်းများ အကူအညီဖြင့် အိန္ဒိယနိုင်ငံဘက်သို့ ART ဆေး သွားရောက် တောင်းခံရာတွင် နယ်စပ်ရှိ အိန္ဒိယနယ်ခြားစောင့် တပ်များမှ တားမြစ်မှုများရှိကြောင်း ယင်းရောဂါရှင်များနှင့် ဒေသခံ NGO အဖွဲ့အစည်းများထံမှ သိရသည်။

“ခဏခဏ ကြုံရတယ်။ ဒီနှစ်ထဲ နှစ်ခါလောက် ရှိတယ်။ ဒါကြောင့် လူနာတွေမှာ ဆေးအလျဉ်မမီတာတွေ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) ကလေးတာဝန်ခံ ဦးအင်ဇငိုက ပြောသည်။
နယ်စပ်ပြဿနာများ ပေါ်ပေါက်ပါက ယင်းကဲ့သို့ တားမြစ်ခံရခြင်း ဖြစ်ကြောင်း၊ HIV ပိုး ရှိသူများဖြစ်ပြီး မိုရေးမြို့သို့ ART ဆေး သွားယူရန်အတွက် ဖြစ်ကြောင်း၊ ရှင်းပြနိုင်မှသာ ဝင်ခွင့်ရကြောင်း၊ ၎င်းတို့ ဘာသာစကား မတတ်ကျွမ်းလျှင် ဝင်ခွင့်မရဘဲ ပြန်လာရတတ်ကြောင်း၊ ဆေးကိုလည်း လူကိုယ်တိုင် သွားယူရကြောင်း ၎င်းက ရှင်းပြသည်။

ချင်းပြည်နယ်နှင့် ကလေးဒေသရှိ ရောဂါရှင်များအတွက် ၎င်းတို့အဖွဲ့မှ တာဝန်ခံကာ ART ဆေး ထုတ်ပေးသော ဦးရေမှာ တစ်ထောင်ကျော်ခန့် ရှိကြောင်း၊ ဆေးထုတ်ပေးမှု အနေဖြင့် လူနာအသစ် ဆိုလျှင် တစ်ပတ်စာ ထုတ်ပေးကာ ဆေးတည့်ပြီ ဆိုပါက တစ်လစာ၊ ဆက်လက်၍ အများဆုံး သုံးလစာအထိ ပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဒေသတွင်းရှိ ဆေးရုံများတွင်လည်း ART ဆေးပေးမှု ရှိသော်လည်း လုံလောက်အောင် မပေးနိုင်သည့်အတွက် မိုရေးမြို့ဘက်သို့ သွားရောက်ယူရခြင်း ဖြစ်ကြောင်း ကလေးဒေသရှိ ယင်းကိစ္စ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများက တူညီစွာ ပြောဆိုသည်။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ART ဆေးကို ပြည်သူ့ဆေးရုံကြီးရှိ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွင် ထုတ်ပေးနေပြီး လက်ရှိတွင် လူကြီး ၁၅၀ ဦးနှင့် ကလေး ၅၀ ဦးတို့အား ဆေးပေးနေကာ သုံးလတစ်ကြိမ်ခန့် ဆေးပေးမှုနှုန်း တိုးမြှင့်သွားမည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် HIV နှင့် TB ရောဂါပိုး ရှိသူများကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချူရာချန်ပူမြို့တွင် စခန်းဖွင့် အကူအညီပေးနေပြီး ယခင်နှစ်က မြန်မာနိုင်ငံမှ ရောဂါရှင်ပေါင်း ၇၀၀ ခန့် လာရောက် ကုသမှု ခံယူနေပြီး နယ်စပ်ရှိ မိုရေးမြို့တွင်လည်း ဆေးခန်းခွဲ ဖွင့်လှစ်ထားပြီး ဆေးလာယူသူများ ရှိကြောင်း ယင်းနိုင်ငံထုတ် သတင်းများအရ သိရသည်။

ကလေး၊ ဧပြီ ၂၅
The Voiceweekly - အိန္ဒိယနယ်ဘက်သို့ ART ဆေး သွားယူသော AIDS ရောဂါရှင်များကို အိန္ဒိယ နယ်ခြားစောင့်တပ် တားမြစ်

Monday, April 28, 2014

မွေးလမ်းကြောင်း ပိုးဝင်ခြင်း


Vaginitis မွေးလမ်း-ရောဂါလို့လဲ ခေါ်တယ်။ မွေးလမ်း (ဗဂျိုင်းနား) ရောင်ခြင်း နဲ့ Vulvovaginitis မွေးလမ်းနဲ့ မ-အင်္ဂါရောင်ခြင်းဟာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။

၁။ မွေးလမ်းရောင်တာကို ဖြစ်စေနိုင်တဲ့ ပိုးအမျိုးအစား (၅) မျိုးရှိတယ်။ (ရိစ်) (ဖန်းဂတ်စ်) မှို၊ (ထရွိုင်ကိုမိုးနပ်စ်)၊ (ပရိုတိုဇိုးဝါး)၊ (ကလာမိုင်းဒီးယား) (ဗက်တီးရီးယား)၊ တခြား (ဗက်တီးရီးယား) နဲ့ (ဗိုင်းရပ်စ်) တွေဖြစ်တယ်။
၂။ ဓါတုဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ ဖြစ်တဲ့နေရာတွေမှာသုံးတဲ့ (ခရင်မ်)၊ (စပရေး)၊ အတွင်းခံ အဝတ်အစားတွေမှာ ပါနိုင်တယ်။
၃။ ဟော်မုန်း အပြောင်းအလဲကြောင့်လဲ ဖြစ်တယ်။ ဥပမာ သွေးဆုံးချိန်။ သွေးဆုံးချိန်မှာ မွေးလမ်းရောဂါ တမျိုးတိုးလာနိုင်တယ်။ “Menopause သွေဆုံး-သားဆုံး” ကို ဖတ်ပါ။
၎။ မသင့်တာ-မတည့်တာတွေကြောင့်လဲ ဖြစ်တယ်။
၅။ ရောဂါပိုးအတွက်သုံးတဲ့ ပဋိဇီဝဆေးကြောင့်လဲ ဖြစ်တယ်။
၆။ ဆီးချိုရှိနေရင်လဲ ဖြစ်တယ်။
၇။ အရက် အသောက်များသူတွေနဲ့ (စတီရွိုက်) ဆေးသုံးသူလဲ ဖြစ်တယ်။
၈။ ကိုယ်ခံအား နည်းနေသူမှာလဲ ဖြစ်တယ်။
၉။ လိင်ဆက်ဆံရာကနေလဲ ကူးစက်နိုင်တယ်။
၁ဝ။ ကူးစက်ရောဂါမဟုတ်တဲ့ ထိခိုက်ဒဏ်ရာရသူ၊ ပွန်းပဲ့နေသူ၊ အတွင်းခံ တင်းကြပ်နေအောင် ဝတ်သူတွေမှာလဲ ဖြစ်တတ်ပါ။

ဆေးပညာအရသာ အဲလိုခွဲနိုင်ပေမဲ့ တကယ်တော့ ရောဂါလက္ခဏာ ကြည့်ပြီး တိတိကျကျ ခွဲရတာ ခက်လို့ အတွေ့အကြုံနဲ့ ဆုံးဖြတ် ရတတ်တယ်။ တချို့မှာ တမျိုးထဲမက ရောနေတာလဲ ရှိတယ်။ တချို့ကြ ပိုးရှိနေပြီး ဘာမှ မရှိသလို-မသိသလို နေကြတယ်။ ဆေးကုတဲ့အခါ ဘာ့ကြောင်ဖြစ်သလဲ သိဘို့ အရေးကြီးတယ်။

- Chlamydia (ကလာမိုင်းဒီးယား) (ဗက်တီးရီးယား)၊ မွေးလမ်းကြောင်းရောင်ခြင်း၊
STD/STI လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေထဲမှာ Chlamydia trachomatis က အဖြစ်အများဆုံးပါ။ ပိုးရှိနေပေမဲ့ လက္ခဏာ မပြသူတွေ ရှိတယ်။ တချို့ အဖြူဆင်းမယ်။ တချို့ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက် များသူတွေမှာ ဖြစ်တယ်။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://dts-medicaleducation-adult.blogspot.in/2012/03/chlamydia-std.html

- (ဖန်းဂတ်စ်) (ရိစ်) မှို၊
Candida albicans ပိုးကနေဖြစ်တယ်။ လိင်ကတဆင့် မဟုတ်တာရော ဟုတ်တကာကနေ ကူးနိုင်တယ်။ အမျိုးသမီး ၂၀ % လောက်မှာဖြစ်ကြရတယ်။ အဖြစ်များတယ်။ အဖြူပျစ်ပျစ်ကနေ ဒိန်ခဲလို အဖတ်အဖတ် ဆင်းတတ်တယ်။ အရည်ကျဲလဲ ဆင်းနိုင်ပေမဲ့ အနံ့မရှိဘူး။ ယားမယ်၊ ဖြစ်တဲ့ နေရာမှာ နီရဲနေမယ်။ ရောဂါ တခုခုကြောင့် ပဋိဇီဝဆေးသောက်တော့ မွေးလမ်းထဲမှာ နဂိုရှိနေတဲ့ မိတ်ဆွေ-ပိုးတွေပါ သေစေတာကြောင့် မှိုဝင်တတ်တယ်။ ကုသဘို့ရာ -
• Clotrimazole 1% ခရင်မ်၊ ဒါမှမဟုတ် Miconazole 2% ခရင်မ်၊ ၃-၇ ရက်၊ ဒါမှမဟုတ် Fluconazole 150 mg စားဆေး၊ Clotrimazole မွေးလမ်းထဲထည့်ဆေး၊ 100 mg ၆-၇ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ Monistat; Femizol; Vagistat; M-Zole; Micatin; Lotrimin နာမယ်တွေနဲ့ ရောင်းတယ်။ (ရာသီလာချိန်မှာလဲ သုံးနိုင်တယ်။)

• Nystatin 100,000 IU, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

• ခဏခဏဖြစ်သူတွေ Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ Nystatin (Bio-Statin, Mycostatin, Pastilles, Nilstat, Nyamyc, Nystex, Nystop, Pedi-Dri) စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။
မွေးလမ်းကြောင်း မှိုရောဂါအတွက် လိမ်းဆေးတွေထဲမှာ Miconazole (Monistat-7, M-Zole) နဲ့ Clotrimazole တွေက ၈၅-၉ဝ% ပျောက်မယ်။ Nystatin ဆေးက ၇၅-၈ဝ% ပျောက်မယ်။ လိမ်းဆေးတွေနဲ့ မရသေးရင် သောက်ဆေးတွေက Fluconazole နဲ့ Itraconazole ဖြစ်တယ်။ ၃-၅ ရက်သောက်ရင် ၈ဝ% ပျောက်မယ်။ အသဲ မကောင်းရင် သတိထားရမယ်။ ခဏခဏ ပြန်ဖြစ်သူတွေက Fluconazole နဲ့ Itraconazole သောက်ဆေးရယ် Clotrimazole ထည့်ဆေးရယ်ကို ၆ လကြာ သုံးရတတ်တယ်။ ကိုယ်ဝန်ရှိနေချိန်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

မွေးလမ်းမှို ခဏခဏဖြစ်သူတွေကို Fluconazole (Diflucan) and Itraconazole Sporanox), or Clotrimazole (Mycelex, Gyne-Lotrimin, Femcare) စားဆေးပေးတယ်။ တချို့က ၆ လအထိ သောက်ရတယ်။ ဒီကြားထဲ လိင်ဆက်ဆံတာ ရှောင်နေတာ ကောင်းတယ်။ မွေးလမ်းနေရာ ခြောက်သွေ့စေပါ။ အနေတော် (ကော်တွန်) အတွင်းခံသာ သုံးပါ။ ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွား လုပ်ပါ။ ဆပ်ပြာ အဆန်းတွေ ဆေးအဆန်းတွေ မသုံးပါနဲ့။ Tampons, Pad ရာသီလာတာအတွက်သုံးတဲ့ မွေးလမ်းထည့်-ပစ္စည်း၊ Diaphragms ကိုယ်ဝန်တား-ပစ္စည်း သုံးတာ အချိန် မကြာစေနဲ့။ အချို လျှော့စားပါ။ အရက် လျှော့ပါ-ရှောင်ပါ။ ဆေးတွေအပြင် Sitz baths ခေါ်တာမျိုး လုပ်နိုင်တယ်။ ရေ ၁ ဂါလဲထဲမှာ Vinegar ဇွန်းသေးလေး တဇွန်းထည့်ပြီး မွေးလမ်းတဝှိုက်ကို ဆေးတာမျိုး လုပ်နိုင်တယ်။ Yogurt စားပေးတာလဲ ကောင်းတယ်။ ဖြစ်စေတဲ့အကြောင်းကို မကုဘဲ-မဖယ်ဘဲတော့ မရပါ။ ယားလို့ ကုပ်ရအထိ ဖြစ်ရင် Calamine lotion (အယား သက်သာဆေး)၊ Xylocaine ointment (ထုံဆေး) တခုခု လိမ်းနိုင်တယ်။ ဒါလဲ ရောဂါ ဖြစ်စေတာကို ကုတာ မဟုတ်ပါ။

- Trichomoniasis (ပရိုတိုဇိုးဝါး) (ထရွိုင်ကိုမိုးနပ်စ်)၊
လိင်ကတဆင့် ကူးစက်တယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါအရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ-ဆီးအောင့်ဖြစ်မယ်။ ရာသီလာအပြီး ပိုဆိုးတယ်။ ပျို့-အန်တတ်တယ်။ လိင်ဆက်ဆံဘက်ကိုပါ ရောဂါလက္ခဏာပြပေမဲ့ တခါတည်း ဆေးကုရမယ်။

Metronidazole (မက်ထရိုနိုက်ဒဇိုး) ဆေးဟာ နာမည်တွေလဲ များတယ်။ Flagyl, MetroCream, MetroGel, MetroGel-Vaginal, MetroLotion, Noritate, Vandazole တွေဖြစ်တယ်။ Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ တဝက်စီ ၂ ခါခွဲပြီးဖြစ်ဖြစ်ပေးနိုင်တယ်။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဆေးနဲ့ အရက် မတွဲရဘူး။ Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။

မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လဲမဝတ်ပါနဲ့။ တခါသောက် 250 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် တခါသောက် 375 mg တနေ့ ၂ ကြိမ်။ Clotrimazole (Gyne-Lotrimin, Mycelex-7) မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။

- Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း၊
ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်၊ နွားနို့လို ခပ်ကျဲကျဲ ဆင်းမယ်။ ငါးညှိနံ့ရမယ်။ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ် ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။

• Metronidazole 2 g တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။
• Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်၊
• Clindamycin cream 2% ညအချိန်၊ ၇ ရက် မွေးလမ်းထဲထည့်ပါ။
• Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
• ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ရင် Metronidazole 0.75% ကို မွေးလမ်းကြောင်းထဲကို တနေ့ ၂ ကြိမ်၊ ၅ ရက်ထည့်ပါ။

Bacterial vaginosis (ဗဂျိုင်းနား) (ဗက်တီးရီးယား) ဝင်ခြင်း ဖြစ်နေရင် Metronidazole (Flagyl) နဲ့ Clindamycin (Cleocin) တွေသောက်ရမယ်။

Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/06/vaginitis.html

- Viral (ဗိုင်းရပ်စ်)
Genital Herpes လိင်ကတဆင့်ကူးစက်မယ်။ နာမယ်၊ အနာ (ရေယုံ) ပေါက်မယ်။ ဗိုင်းရပ်စ်ဖြစ်လို့ သူ့ကိုနိုင်တဲ့ဆေး မရှိသေးပါ။ သန့်ရှင်းရေးနဲ့ အနာသက်သာဆေးသာသုံးပါ။

- Noninfectious ကူးစက်ရောဂါ မဟုတ်တာ၊
အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်တယ်။ မွေးလမ်း သန့်ရှင်းအောင် သုံးတဲ့ Vaginal sprays, douches ဖြန်းဆေး-ပန်းဆေးနဲ့ Spermicidal products သုတ်ပိုးသေဆးတွေကြောင့် ဖြစ်တတ်တယ်။ တချို့ Perfumed soaps, Detergents အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့ အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။

- Pelvic inflammatory disease (PID) ခေါ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေ ဖြစ်ကြတဲ့ သားအိမ်အဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ်တွေ ရောင်နိုင်တယ်။ ခဏခဏဖြစ်ရင် ကလေးမရတာ ဖြစ်စေနိုင်တယ်။ ယောက်ျားတွေ ဖြစ်ရင် လက္ခဏာ မပြသူတွေလဲ ရှိမယ်။ ပြရင် ဆီးအောင့်မယ်၊ ပူမယ်၊ Epididymitis အစေ့ထိပ်ရောင်လို့ နာမယ်။ ခဏခဏဖြစ်ရင် ကလေးမရ ဖြစ်နိုင်တယ်။ ဆက်ဆံချင်ရင် (ကွန်ဒွမ်) သုံးပါ။

• Azithromycin 1 Gm သောက်ပါ။
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊
• Ofloxacin = 400 mg တခါတည်းသောက်ပါ။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

- Allergies or Irritations တွေကြောင့် ဖြစ်တာဆိုရင် မသင်တာ-မတည့်တာတွေ မသုံးပါနဲ့တော့။ Antihistamine စားဆေး၊ လိမ်းဆေး လိုမယ်။ Cetirizine, Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate, Dimetindene, Diphenhydramine, Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine ဆေးတွေ ဖြစ်တယ်။

- ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ -
Yogurt (ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ Antihistamines (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ Topical anesthetics ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင်ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ Antibiotic ပဋိဇီဝဆေးကို လိုမှသာသုံးပါ။

Pelvic Inflammatory Disease (PID) အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pelvic-inflammatory-disease-pid.html
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html
Vaginal odor (ဗဂျိုင်းနား) အနံ့ဆိုးနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/12/vaginal-odor_15.html
Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/06/vaginitis.html

ဒေါက်တာတင့်ဆွေ

Credit: ဒေါက်တာတင့်ဆွေ - မွေးလမ်းကြောင်း ပိုးဝင်ခြင်း

အကျဉ်းထောင်ထဲက အလင်းရောင်




ထောင်စခန်းဆိုတာ အမှောင်လမ်းပါပဲ
ဒါပေမဲ့ အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည်စံမြန်းရာ။

သစ္စာမဖောက် ဒူးမထောက်
မကြောက်ရွံ့သူတွေရဲ့ နိဗ္ဗာန်ဘုံမို့
တိရစ္ဆာန်ရုံမဟုတ်ပါ။

အရိုင်းဆုံးထဲက လူယဉ်ကျေး အရဲဆုံးသွေးမို့
အရေးတော်ပုံရဲ့သူရဲကောင်း အရောင်မပြောင်းတတ်သူပါ။

မြန်မာစာနယ်ဇင်းလောကမှာ
အတောက်ပဆုံးကလောင်ဘုရင်
ဂန္တ၀င်မြောက် စံတင်လောက်အောင်
ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော် ခေတ်သစ်ရဲ့ မင်းမဟော်လို
ပူဇော်ထိုက်သူအမှန်ပါ။

ပြည်သူကို သူကချစ် သူ့ကိုလဲပြည်သူကချစ်
တို့ခေတ်ရဲ့ အလင်းရောင် မီးရှူးတန်ဆောင်အစစ်ပါ။

အကျဉ်းထောင်က အလင်းရောင်ပြနေတဲ့
အာဂသတ္တိရှင်
မိခင်မြန်မာရဲ့ သားရတနာကောင်းကို
ညွှတ်ပြောင်းဦးခိုက်၊ ကန်တော့လိုက်ပါရဲ့
မိုက်မှောင်ကင်း၍
အလင်းရောက်ပါစေ ဆရာ။

တင်မိုး

(26 April 2014 ထုတ် သူရိယနေ၀န်း ဂျာနယ်မှ)

Tuesday, April 8, 2014

သေပြီး ၇ ရက် (သို့) အန္တရာဘ၀၀ါဒ


 သေဆုံးပြီး (၇)ရက်ကြာမှ ရက်လည်ဆွမ်းသွတ်ခြင်း ...
အန္တရာဘ၀၀ါဒ လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီ မိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲ တွင် တစ္ဆေသူရဲဘ၀နှင့် ရှိနေပြီး (၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘ၀အထွေထွေသို့
ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။ယင်းအယူအဆ၌ သက်ဝင်ယုံကြည်သူဦးရေမှာလည်း အထုအထည် ပမာဏကြီးမားလှပါ၏။


ကောင်းပြီ လူသေသောအခါ လားရာဂတိတစ်ခုသို့ တိုက်ရိုက်ကူးပြောင်းခြင်းမရှိဘဲ တစ္ဆေသူရဲဘ၀ကို "ကြားခံ" ထားရသည်ဆိုခြင်းမှာ မှန်ကန်ပါသလော။ ယင်းအယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ကိုက်ညီပါ၏လော။
လူသေပြီးနောက် တစ္ဆေသူရဲဘ၀နှင့် (၇)ရက်နေပြီးမှ တစ္ဆေသူရဲဘ၀ကို ကြားခံထားပြီးမှ ဘုံဘ၀တစ်ခုခု သို့ ကူးပြောင်းရောက်ရှိသည်ဟူသော အယူမှာ "အန္တရာဘ၀၀ါဒ" ဖြစ်ပါသည်။ ယင်း အန္တရာဘ၀၀ါဒ သည် ထေရ၀ါဒ ဗုဒ္ဓဓမ္မ နှင့် ဆန့်ကျင်ခြားနားသော အယူဝါဒ ဖြစ်ပါ၏။

ဗုဒ္ဓဒေသနာတော်အရမူ လူကွယ်လွန်သောအခါ စုတိစိတ်ချုပ်ပြီးနောက် နောက်တစ်ဘ၀မှာ ပဋိသန္ဓေစိတ် (ချက်ချင်း) ဖြစ်သည်ဟု ဆိုပါသည်။ကြားခံဘ၀တစ်စုံတစ်ရာ မရှိပါချေ။

တစ်ခါက ပြင်သစ်ပညာရှင်များက ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးအား "၀ိညာဉ်သည် အတွယ်ရှိ မှ ဖြစ်ပါသလား (သို့) မတွယ်မီ အလွတ်အလျောက် ဖြစ်နေပါသလား။ အစိမ်းတစ္ဆေဖြစ်သည် ဆိုသောစကား မှန်ပါသလား"
ဟူ၍ မေးမြန်းလျှောက်ထားပါသည်။


ဆရာတော်ဘုရားကြီးက- "အတွယ်ရှိမှ ဖြုတ်သည်။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ် အလျော်ဖြစ်၍နေရသည် မဟုတ်ပေ။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ် အလျောက်ဖြစ် ၍ နေရသေးသည်ဟူသော အယူသည် အန္တရာဘ၀ဒိဌိ အယူမည်၏။ ထိုအယူကို ဗုဒ္ဓဘာသာ ကျမ်းဂန်တို့၌ ပယ်ဖျက်လျက်ရှိကြ၏။
သတ္တ၀ါတို့၌ ပြုခဲ့သောကံအမျိုးမျိုးရှိကြ၏။

ကွယ်လွန်သောအခါ သူပြုခဲ့သောကံနှင့် လျော်ညီထိုက်တန်သည့် ဘုံဘ၀သို့ ရောက်ရပေသည်။ ကွယ်လွန်သူ၌ အားအရှိဆုံးဖြစ်သော 'ကံ' တစ်ခုသည် မိမ်၏သက်ဆိုင်ရာဘုံ၌ မိမိနှင့် သက်ဆိုင်ရာဘ၀ကိုသာ ဖြစ်စေပါ၏။
အခြားသောဘ၀တစ်ခုကို ကြားခံမပြုပါ။"


လူတစ်ယောက်၏ နောက်ဆုံးစုတိစိတ်ဖြစ်ပြီးသည်နှင့် ဘ၀သစ် ပဋိသန္ဓေစိတ်သည် ချက်ချင်းဖြစ်ပေါ်ကြောင်းကို
ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးကလည်း ဤသို့မိန့်တော်မူခဲ့ပါ၏။ လူတစ်ယောက်၏ နောက်ဆုံးစုတေစိတ်နှင့် ဘ၀သစ်ပဋိသန္ဓေစိတ်သည် လက်ဖျောက်တစ်ချက်တီးချိန်ကို
ကုဋေတစ်သိန်းလောက်စိတ်လျှင် တစ်စိတ်လောက်သာ အချိန်ကြာ၏။
ဘ၀ဟောင်းကစုတေသည်နှင့် တစ်ပြိုင်နက် ဘ၀သစ်မှာ ဖြစ်ရတော့၏ ဟုဆိုလိုသည်။


အိမ်အနီးအပါး၌ တစ္ဆေပြိတ္တာဖြစ်နေသူများသည် ထိုတစ္ဆေ္ဆဘ၀မှာပင် အသစ်ဖြစ်ရ၏။ နတ်ပြည်နှင့် ငရဲပြည် သို့ ရောက်မည့်သူလည်း ထိုအတောအတွင်းမှာပင် ထိုဘ၀သစ်၌ ဖြစ်ပြီးလေ၏။

ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ သရဏဂုံတင်ကြောင်းကို သေလွန် သူတို့သိဖို့အရေးမှာ အလှမ်းဝေးလှချေ၏။ သိမည်ဆိုလျှင် အိမ်အနီး၌ သုသာန်အနီး၌ တစ္ဆေ၊ ပြိတ္တာဖြစ်နေ သူလောက်သာ သိခွင့်ရှိသည်။


အကယ်တန္တု သေဆုံးသူသည် ကံအကြောင်းမလှသောကြောင့်
တစ္ဆေသရဲဟု ခေါ်သော ပရဒတ္တူပဇီဝိတ ပြိတ္တာဖြစ်လျှင်
ထိုပြိတ္တာဘုံ၌ (၇)ရက်မျှ ခေတ္တနေခြင်းမဟုတ်။
မိမိပိုင်ဘုံမှာ ကာလအပိုင်းအခြားမရှိ နေခြင်းမျိုးသာ ဖြစ်ပါ၏။

တစ္ဆေသူရဲဖြစ်တိုင်းလည်း သူ့မိသားစုနှင့် အိမ်ရာ အဆောင်အဦး အနီးအပါးမှာ မနေထိုင်ပါ။
မိမိ၏ မိသားစုနှင့် အိမ်ရာ ဥစ္စာအပေါ် စွဲလမ်းတပ်မက်သော တစ္ဆေသူရဲတွေသာ
အိမ်အနီးဝန်းကျင်တွင် ကျင်လည်နေခြင်းဖြစ်ပါသည်။


သေဆုံးပြီး (၇)ရက်ကြာမှ ရက်လည်ဆွမ်းသွတ်ခြင်းသည်
အန္တရာဘ၀၀ါဒီတို့၏ အယူဝါဒ တစ်စိတ်တစ်ဒေသ ၀င်ရောက်ရောနှောခြင်း ဖြစ်ပါသည်။

ကွယ်လွန်သူအတွက် ရည်မှန်းပြီး သပိတ်သွတ်ဆွမ်းကျွေး အလှူဒါနပြု အမျှဝေခြင်းသည်
(၇)ရက် ရည်လည်မှမဟုတ်ဘဲ သေဆုံးပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ပြုလုပ်နိုင်ပါသည်။ ကွယ်လွန်သူကလည်း ပရဒတ္ထုပဇီဝပြိတ္တာဖြစ်နေ၊ အမျှဝေခြင်းကိုလည်း သာဓုခေါ်နိုင်ခဲ့လျှင်
တစ်ရက်နှစ်ရက် အတွင်းမှာ ပြိတ္တာဘ၀မှ လွတ်မြောက်လျှင်လည်း လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့မဟုတ် ပြိတ္တာဘ၀ အဆင့်အတန်းမြင့်မားနိုင်ပေလိမ့်မည်။

ဤ "အန္တရာရာဘ၀အယူဝါဒ" အပေါ်တွင် ချမ်းမြေ့ ရိပ်သာ ဆရာတော်ကြီးကလည်း
အောက်ပါ အတိုင်း ဝေဖန်ဆုံးဖြတ်တော်မူခဲ့ဖူးပါသည်။


"လူသေလို့ ရုပ်ခန္ဓာကြီး ပျက်စီးသွားတဲ့အခါ၊ အသက်ဝိညာဉ်ကလေးဟာ
ရုပ်ခန္ဓာကြီးထဲက မပျက်စီးဘဲ ထွက်ခွါသွားပြီးတော့ သင်္ချိုင်းမှာဖြစ်စေ၊
သေသူရဲ့ အိမ်နားပတ်ဝန်းကျင်မှာ ဖြစ်စေ လှည့်လည်သွားနေတယ်လို့ အချို့ယူဆကြတာပေါ့။
သေသူရဲ့ဝိညာဉ်ဟာ သူရှိနေကြောင်းကို သိရအောင် ကိုယ်ထင်ရင်လဲ ပြတယ်။
အိမ်တံခါးကိုလဲ လာခေါက်တယ်။ အိမ်အောက်မှာ ဖြစ်စေ၊ အိမ်ထဲမှာဖြစ်စေ၊ ခြေသံ တရှပ်ရှပ်နဲ့ သွားလာလှုပ်ရှားနေတယ် စသည်ဖြင့် ယူဆစွဲလန်းကြတယ်။


ဒါကိုပဲ သူရဲ တစ္ဆေလို့ ခေါ်ဝေါ်သမုတ်ကြပြန်တယ်။ သူ့ကို ရည်မှန်းပြီး ရက်လည်ဆွမ်းသွတ်ခြင်း စတဲ့ ဒါနကုသိုလ်ကို ပြုလုပ်ရင် အဲဒီဝိညာဉ် အတ္တလေးက သာဓုခေါ်ပြီး တွယ်ရာမဲ့ တ၀ဲလည်လည်နေတဲ့
သူရဲ၊ တစ္ဆေဘ၀မှ ကျွတ်လွတ်သွားတယ်။ အဲဒီလို ကျွတ်လွတ်သွားပြီးမှပဲ သူရောက်ထိုက်တဲ့ နောက်ဘ၀တစ်ခုကို ရောက်သွားရတယ်လို့ အများအားဖြင့် ယူဆစွဲလမ်းကြတယ်။

ဒီ အယူအဆမျိုးကတော့ ရောက်ထိုက်တဲ့ဘ၀မျိုးကို မရောက်ရသေးမီ
'ကြားခံအန္တရာဘ၀' တစ်ခုရှိသေးတယ်လို့ယူဆတဲ့ အယူမှားပါပဲ။


ဗုဒ္ဓရှင်တော်မြတ်ဘုရား အဘိဓမ္မာဒေသနာတော် အရကတော့ စုတိစိတ်ချုပ်ငြိမ်းတဲ့နောက်
နောက်တစ်ဘ၀မှာ ပဋိသန္ဓေစိတ်ဖြစ်တာဟာ တစ်စက္ကန့်တောင်မကြာပါဘူး။
'အန္တရာဘ၀၀ါဒ' ကို မစွန့်မူ၍ အမြဲယူက "နီယတမိစ္ဆာဒိဌိ" ဖြစ်ကြောင်း
ကျေးဇူးရှင် စတုဂီရိတောင်လေးလုံးဆရာတော်ကြီးကလည်း ဤသို့ သတိပေးတော်မူခဲ့ပါသည်။"


လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။
သေလေပြီးလျက် အစားလာ၍ စားဦးမည်ဟု ခွက်နှင့် ထမင်းကို
အလောင်းအပါးတွင် တည်ထားကြသည်။ သေသော်စုတိစိတ်အဆုံး၌
ပဋိသန္ဓေစိတ်ဖြစ်၍ ဘ၀ခြားလေပြီဖြစ်လျက် အိမ်မှာ ခုနစ်ရက်နေခြင်းစသည်ကို
အဘယ်သို့ ပြုနိုင်မှာအံ့နည်း။


ပစ္စုပ္ပန်ဘ၀အဆုံး သေခြင်းစုတိစိတ်ဖြစ်၍ ချုပ်သည်၏ အခြားမဲ့၌
ပဋိသန္ဓေစိတ်ဖြစ်မြဲ ဖြစ်သည်။ သေခြင်းတိစိတ် နှင့် ပဋိသန္ဓေ စိတ်အကြားမရှိ။

ထို့ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်မှာ (၇)ရက်နေပြီးမှ
ဘ၀တစ်ပါးသို့ သွားသည်ဟူသော မှားသော အယူကို စွန့်ကုန်ရှာ၏။
မစွန့်မူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖြစ်ရာသည်။


အချုပ်ဆိုရသော်-
လူသေသောအခါ (၇)ရက်မလည်မီ တစ္ဆေသူရဲ ၀ိညာဉ်ဘ၀နှင့်
အိမ်တွင် ဝေ့၀ဲကျင်လည်နေသည်ဟူသော အန္တရာဘ၀၀ါဒသည်
ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ဖီလာဖြစ်သော အယူဝါဒဖြစ်သောကြောင့်
ဗုဒ္ဓဘာသာဝင်တိုင်း လွတ်လွတ်စွန့်လွှတ်ရှောင်ခွာအပ်ပါ၏။


မင်းနန်၊ မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မ
Credit: mmcybermedia & Dhamma Garden Sayardaw

မြန်မာပြည်အတွက် လူမှုကွန်ရက်မီဒီယာ အွန်လိုင်းစာမျက်နှာ တီထွင်တဲ့ နိုင်ငံခြားသူ


မြန်မာပြည်က သူ့လုပ်ငန်းအခြေအနေ ဘယ်လို ရှိတယ် ဆိုတာကို အဲဒီ  မဂ္ဂဇင်းမှာ ရေးထားတာပါ။
သူက ပြီးခဲ့တဲ့နှစ်ဆန်းပိုင်း မြန်မာပြည် ရောက်လာပြီး အွန်လိုင်းလုပ်ငန်း ဆောင်ရွက်ခဲ့သူပါ။
သူ့နာမည် ရီတာငုယင် ဆိုတဲ့အတိုင်း သူက ဗီယက်နမ်နွယ်ဖွား ဖြစ်ပါတယ်။ သူ့အကြောင်း ပြီးခဲ့တဲ့နှစ်လယ်ပိုင်း ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ http://www.irrawaddy.org/media/online-burmese-looking-for-a-place-to-meet-socialize-and-have-a-voice.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
Online Burmese ‘Looking for a Place to Meet, Socialize and Have a Voice’  ဆိုတဲ့ အင်တာဗျူးမှာပါ။
အခုတော့ Forbes  မဂ္ဂဇင်းက သူ့အကြောင်း ရေးလာပါပြီ၊ ဧရာဝတီနဲ့ အင်တာဗျူးကို မြန်မာပိုင်းစာမျက်နှာ http://burma.irrawaddy.org မှာလည်း တွေ့ခဲ့ရမှာပါ။
မဖတ်ရသေးသူများ၊ ပြန်လည်လေ့လာလိုသူများအတွက် ဒီဘလော့မှာ ကူးယူ ဖော်ပြလိုက်ပါတယ်။ ဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်ကနေ ယူပါတယ်။


မြန်မာ အွန်လိုင်း လူမှုကွန်ရက် SQUAR ထူထောင်သူနှင့်

ငြိမ်းငြိမ်း| July 9, 2013 

မြန်မာပြည်မှာ အင်တာနက် အသုံးပြုတဲ့နှုန်း နည်းနေသေးပေမယ့် ပထမဆုံး မြန်မာဘာသာနဲ့ရေးနိုင် ဖတ်နိုင်တဲ့ လူမှုကွန်ရက် တခု ဖြစ်တဲ့ (SQUAR) ကို ဖန်တီးနိုင်ဖို့က အတားအဆီးမဟုတ်ခဲ့ဘူး လို့ ဆိုသူက စကွာ (SQUAR) ကွန်ရက်ကို စတင်တည်ထောင်သူ ဗီယက်နမ်နွယ်ဖွား ကနေဒါနိုင်ငံသူ ရီတာငုယင် ပါ။

ရီတာငုယင်ဟာ ဒီနှစ်အစောပိုင်းကမှ မြန်မာပြည်ကို စ ရောက်ဖူးတာ ဖြစ်ပြီး အင်တာနက် အွန်လိုင်းလွတ်လပ်ခွင့် ရလာတာ သိပ်မကြာသေးတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အလားအလာကောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။ အစိုးရက အွန်လိုင်းသုံးစွဲမှု အကန့်အသတ်တွေ ဖွင့်ပေးပြီး  နှစ်အနည်းငယ်အတွင်းမှာပဲ မြန်မာနိုင်ငံဟာ User-generated Content ကမ္ဘာ့အကြီးဆုံး အင်တာနက်ညီလာခံကို လက်ခံ ကျင်းပခဲ့ပါတယ်။

သူဟာ ဂိမ်းတီထွင်ခြင်းနဲ့ လူမှုကွန်ရက်ချိတ်ဆက်ခြင်း နယ်ပယ်မှာ ၁၅ နှစ်ကြာ အတွေ့အကြုံရှိပြီး အမေရိကန်ရဲ့ တတိယ အကြီးဆုံး ဗီဒီယိုဂိမ်းထုတ်တဲ့ Electronic Arts မှာ အလုပ်လုပ်ခဲ့ပါတယ်။ သူက အွန်လိုင်းလူမှု အသိုက်အ၀န်း နဲ့ လူမှုကွန်ရက် ဆက်သွယ်ရေး မဟာဗျူဟာ ရေးဆွဲတဲ့ နေရာတွေမှာ အတွေ့ အကြုံရှိသူပါ။ SQUAR ဆိုတာကတော့ သီးသန့်အဓိပ္ပာယ် ဖော်ညွှန်းမှု မရှိပါဘူး။ စတင်ရေးသားစဉ်က ယူခဲ့တဲ့ ဒီနာမည်ကိုပဲ ဆက်ပြီး သုံးနေတာသာ ဖြစ်တယ်လို့ ရီတာက ဆိုပါတယ်။

ဗီယက်နမ်ဖွား ကနေဒါ နိုင်ငံသား ရီတာဟာ အာရှတိုက်ကို လွန်ခဲ့တဲ့ ၃ နှစ်ကမှ ပြန်ရောက်လာတာ ဖြစ်ပြီး လူမှုကွန်ရက် ချိတ်ဆက်ခြင်းနဲ့ မိုဘိုင်းဂိမ်း application အသုံးပြုခြင်းများကို အထူးပြု လေ့လာပါတယ်။ သူမဟာ ဇန်န၀ါရီလ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး နည်းပညာနဲ့ အင်တာနက်ဆိုင်ရာ ဘားကမ့် (Bar Camp) ညီလာခံ ကျင်းပနေချိန်မှာ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာလည်း ဖြစ်တယ်။ ဘားကမ့်ညီလာခံကို မြန်မာပြည်မှာ ၂၀၁၀ ကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး တနှစ်ထက် တနှစ် တက်ရောက်သူဦးရေ တိုးတက်လာပါတယ်။ မနှစ်က ပြုလုပ်ခဲ့တဲ့ ရန်ကုန် ညီလာခံ ကတော့ တက်ရောက်သူ ၆၄၀၀ ဦးရှိတယ်လို့ သိရပြီး ကမ္ဘာမှာ နည်းပညာသုံးစွဲသူတွေ အများအပြား ပူးပေါင်းပါဝင်တဲ့ ပွဲဖြစ်ပါတယ်။

SQUAR application ကို ဇွန်လ တတိယပတ်က စတင်ဖြန့်ခဲ့တာဖြစ်ပြီး  Google Play store ကနေ Download ကူးယူ နိုင်ပါတယ်။
ဧရာဝတီက အီးမေးလ်နဲ့ မေးမြန်းခဲ့တဲ့ အင်တာဗျူးမှာတော့ ရီတာငုယင်က application စတင်မိတ်ဆက်လိုက်ြပီဆိုတာနဲ့ မြန်မာပြည်က တက်ကြွတဲ့ အွန်လိုင်း အသုံးပြုသူတွေကြားမှာ “သိပ်ကိုထူးခြားတဲ့ဆက်သွယ်မှုတခု” ဖြစ်ပေါ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

မေး။ SQUAR ရဲ့ Beta Version ကို မြန်မာဖုန်း အသုံးပြုသူတွေနဲ့ ပြီးခဲ့တဲ့အပတ်ကစပြီး မိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ သိရတယ်။
အဲဒါကို ကွန်ပျူတာတို့၊ Mac တို့၊ Tablet တွေမှာရော လုပ်ပေးသွားဖို့ အစီစဉ်ရှိပါသလား။

ဖြေ။ ဟုတ်ကဲ့။ အခု ကွန်ပျူတာနဲ့ တခြားမိုဘိုင်းဖုန်းဝန်ဆောင်မှုတွေမှာ ဒီကွန်ရက်ကို အသုံးပြုနိုင်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ဒီကွန်ရက်ကို iOS နဲ့ တခြားနည်းပညာ ပစ္စည်းတွေမှာလည်း အသုံးပြုလို့ ရအောင် လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒါကတော့ နည်းနည်းကြာဦးမှာပါ။

မေး။ အခု မြန်မာလူငယ်တွေက လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်လိုနေရာတွေမှာ သိပ်ကို တက်တက်ကြွကြွ သုံးနေကြတာပါ။
ဒီအပေါ်မှာ ရီတာ့ရဲ့ အမြင်ကို ပြောပြပါအုံး။

ဖြေ။ သူတို့ဟာ တခြားအာရှဒေသက လူငယ်တွေနဲ့ သိပ်တော့မကွာပါဘူး။ သူတို့ လူမှုရေးရာတွေ ဖလှယ်ဖို့၊  သူတို့ ပြောဆိုချင်တာတွေ ပြောဖို့၊ တွေ့ဆုံနိုင်မယ့် နေရာတခုခုကို ရှာကြတယ်။ မြန်မာလူငယ်တွေက လူမှုကွန်ရက် ဖေ့စ်ဘုတ်နဲ့ SQUAR တွေမှာ အထူး စိတ်ဝင်တစားရှိတာကို တွေ့ရတော့ ကျမသိပ်ကို အံ့သြခဲ့တာ။ အထူးသဖြင့် ညဉ့်နက်တဲ့ အချိန်တွေမှာပေါ့။ မြန်မာပြည်က ကလေးတွေ သိပ် မအိပ်ကြဘူးဆိုတာ သိလိုက်ရတယ်။

မေး။ အခုလိုမျိုး မြန်မာဘာသာနဲ့ လူမှုကွန်ရက်တခုကို မိတ်ဆက်ပေးဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။

ဖြေ။ ကျမ ရန်ကုန်ကို ဒီနှစ် အစောပိုင်းက လာခဲ့တယ်။ ရန်ကုန်မှာ ကမ္ဘာ့အကြီးဆုံး ဘားကမ့် လုပ်မယ်ဆိုတဲ့ သတင်း ကြားပြီးတော့ပေါ့။
ရန်ကုန်မှာ တပတ်လောက် နေပြီးတဲ့အခါကျတော့ ဒီမြေမှာ သိပ်ကို ထူးခြားတဲ့အရာတခုခု ရှိနေတယ် ဆိုတာ သိလိုက်ရတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုကြီးတွေ၊ အခြေခံအဆောက်အအုံကြီးတွေကိစ္စ တော်တော်များများ ပြောနေကြတယ်။ အဲလိုပဲ မြန်မာနိုင်ငံသားတွေအတွက် အထူးသီးသန့်အရာ မရှိသေးဘူး ဆိုတာ ကျမ သတိပြုမိခဲ့တယ်။ ဈေးကွက်ထဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ၀င်ရောက် လာတာနဲ့အမျှ မြန်မာပြည်ရဲ့ အင်တာနက် ဆက်သွယ်မှုနှုန်းလည်း သူ့အလိုလို မြန်လာလိမ့်မယ်လို့ ကျမ သိနေတယ်။ ဒါပေမယ့် မြန်မာတွေမှာ သူတို့ပိုင်ဆိုင်တဲ့ သူတို့ကိုယ်တိုင်ဖန်တီးတဲ့ သူတို့အတွက် ဖန်တီးရေးထားတဲ့ နည်းပညာ မရှိသေးဘူးဆိုတာ သိလိုက်ရတယ်လေ။

 


 -
မေး။ SQUAR ကို စတင်ရေးဆွဲနေချိန်ကစပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲ။

ဖြေ။ ကျမတို့ မျှော်လင့်မထားတဲ့အရာ တော်တော်များများကို လေ့လာခွင့်ရခဲ့တယ်။ အန်းဒရိုက်ဖုန်းသုံးသူ တ၀က်ကျော်ကျော်က ဂူဂဲလ် အရောင်းစင်တာဆိုက်ကို ဖွင့်လို့ မရသလို ကျမတို့ application ကို ဖုန်းထဲ ကူးယူ ဒေါင်းလုတ်လုပ်လို့ မရတာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမယ့် မြန်မာလို ဘာသာပြန်ပြီးတော့ ကီးဘုတ်မှာလည်း ဘာသာ အမျိုးမျိုး ထည့်ရတာလည်း ပျော်စရာကောင်းတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာ တခုက ကျမတို့က ဒီ ကွန်ရက်ကို စောနိုင်သမျှ စောစော ချပြနိုင်ခဲ့တာပါ။ ဒီလို နည်းပညာမျိုး တီထွင်တာဟာ Silicon Valley (အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီများရှိရာ နေရာ) မှာတော့ ပုံမှန်ပါပဲ။ ဒါကတော့ လွယ်လင့်တကူ သုံးလို့ရနိုင်တဲ့ အသေးစား ထုတ်ကုန်တခုပါ။ ဆိုလိုတာက ရှင့်မှာ တခုခုရှိတယ်၊ အဲဒီ တခုခုကလည်း သုံးစွဲသူအတွက် အသုံးတည့်တဲ့ဟာ ဖြစ်တယ်။ နောက် သုံးစွဲသူရဲ့ အကြံပြုချက်တွေ လက်ခံတယ်။ ဒီထုတ်ကုန်ကို ပိုကောင်းအောင်လုပ်ပြီး ထပ် အဆင့် မြှင့်တယ်။

မြန်မာ လူငယ်တွေအနေနဲ့ ဒီလို ပေါ့ပေါ့ပါးပါး အသုံးပြုလို့ရတဲ့ ကွန်ရက်မျိုးကို စိတ်ရှည်ရှည် သုံးနိုင်ပါ့မလားဆိုတာ ကျမတော့ သေချာ မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုပုံစံမျိုး ထုတ်ကုန်မျိုး အတွက် သူတို့လေ့လာမှု သိပ်မရှိဘူး လေ။ ဒီကွန်ရက်အသစ်မှာ ဓာတ်ပုံတင်လို့ ရတာမျိုး၊ ပရိုဖိုင် နဲ့ အသစ်တင်တိုင်း သတိပေးတဲ့ သတိပေးချက် (notification) ဆိုတာမျိုးတွေ မရှိသေးဘူး။ သုံးစွဲသူတွေက ဒီ application ကို ဒေါင်းလုတ် ကူးယူပြီး စမ်းကြည့်ပြီး နောက် ထပ်မသုံးတော့ဘဲ ပစ်ထားလိုက်တာမျိုးက ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ဒါပေမယ့် ကျမတို့ အခု အကောင်း ဘက်က ဝေဖန်အကြံပြုချက်တွေ အများကြီး ရထားပါတယ်။ မြန်မာပြည်သားတွေက ဒီကွန်ရက်ကို စမ်းသုံးလာ ကြတယ်။ ပြီးတော့ စစချင်း တပတ်အတွင်းမှာကိုပဲ သူတို့ အမြင်တွေကို ပြောပြလာတဲ့ ပို့စ် ထောင်ကျော်ကို လက်ခံ ရရှိခဲ့တယ်။

ကျမတို့ကလည်း ဒီကွန်ရက်ကနေ ဓာတ်ပုံတင်လို့ရအောင်ရယ် တခြား လူမှုကွန်ရက်တွေနဲ့ ချိတ်ဆက်လို့ ရအောင်ရယ် ကြိုးစားလုပ်ဆောင်နေတာ။ အခု သုံးတဲ့လူတွေရဲ့ အကြံပြုချက်တွေ ကလည်း အများကြီး အထောက်အကူပြု ပါတယ်။ မြန်မာလူငယ်တွေ လူမှုကွန်ရက်မှာ သူတို့ ဘာလိုချင်တယ်ဆိုတာ ကျမ ကောင်းကောင်း သဘောပေါက်တယ်။ ဒါကို ထပ်ပြီး တီထွင်ရေးပေးဖို့ပဲ လိုတော့တယ်။ ဒီကွန်ရက်ပုံစံ အသစ် အသစ်တွေ ကို အင်္ဂါနေ့တိုင်းမှာ တင်မယ်။ ဒါကို ကွန်ရက်သုံးသူတွေ စမ်းသုံးပြီး သူတို့ဆီက အကြံပြုချက်တွေ ယူမယ်။

မေး။ ရီတာ့အနေနဲ့ မြန်မာပြည်က တက်ကြွတဲ့ လူမှုကွန်ရက် အသုံးပြုသူတွေဆီက ဘာကို မျှော်လင့်ထားလဲ။ SQUAR က အခုလက်ရှိ လူမှုကွန်ရက် တခုဖြစ်တဲ့ ဖေ့စ်ဘုတ်ကို ကျော်နိုင်မယ်လို့ ထင်လား။

ဖြေ။ ကျမ အမြင်ကတော့ လူတိုင်းမှာ လူမှုကွန်ရက် တခုမက သုံးနိုင်တဲ့ အခြေအနေ ရှိနေတယ်။ နောက်ပြီး SQUAR သုံးတဲ့ လူတွေမှာလည်း ဖေ့စ်ဘုတ် အကောင့်တခုတော့ ရှိလိမ့်မယ်လို့ ထင်တာပါပဲ။ ပြောခဲ့သလိုပဲ ကျမတို့က facebookနဲ့မတူတဲ့ အတွေ့အကြုံကို မိတ်ဆက်ပေးချင်တာပါ။ ဖေ့စ်ဘုတ်က တဦးချင်း ဆက်သွယ်ရေးကို အဓိက ထားတယ်လေ။ မြန်မာ အွန်လိုင်းသုံးသူတွေ အတွက် သီးသန့်တီထွင်ထားတဲ့ အတွေ့အကြုံသစ်တွေရနိုင်မယ့် ပုံစံတွေ ဆက်ပြီး ထုတ်သွားမှာပါ။

မေး။ SQUAR က  အခမဲ့ကွန်ရက်တခု ဖြစ်မလား။ ဒါမှမဟုတ် ၀ယ်ယူသုံးရတဲ့ application ဖြစ်လာမလား။

ဖြေ။ SQUAR က သုံးတဲ့သူတွေအတွက် အမြဲပဲ အခမဲ့ပါ။



Credit: http://blog.irrawaddy.org/2014/02/facebook_25.html#more