Saturday, November 30, 2013

HIV ကို အန်တုလို့ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး


ကျမနာမည်သီရိမာ ပါ။ အသက် ၃၇ နှစ် ရှိပြီ။ ကျမဟာ HIV ပိုးနဲ့ ဆက်လက် အသက်ရှင်သန်နေသူတစ်ယောက် ဖြစ်ပါတယ်။ ကျမ ဒီပိုးကို စတွေ့တာ ၂၀၀၇ ခု၊ ၁ လပိုင်းတုန်းကပါ။သွေးအဖြေကို ဆရာဝန် ဦးအောင်သန်း ဆီက ရခဲ့တဲ့ အချိန်ကဆိုရင် ကျမရဲ့ ရင်ထဲမှာတလောကလုံးကို ရန်သူ တစ်ယောက်လို မြင်ခဲ့ပါတယ်။ ၀မ်းနည်းစိတ်၊ ကြောက်လန့်တဲ့စိတ်၊အစိုးမရတဲ့ ဒေါသတွေနဲ့ ဆောက်တည် ရာမရဖြစ်ပြီး မိသားစုနဲ့လဲ အဆင်မပြေဖြစ်ခဲ့ရပါတယ်။

ကိုယ့်ရဲ့လိင်ဆက်ဆံဘက်ကိုလဲ သတ်ပစ်ချင်လောက်အောင် မုန်းတီးပေမဲ့ ကျမရဲ့ဘ၀က အဲဒီလိုလုပ်ပိုင်ခွင့် မရခဲ့ပါဘူး။ ကျမရဲ့ သားနဲ့သမီးရဲ့ မျက်နှာကိုကြည့်ပြီးကိုယ့်ကိုယ်ကို သတ်သေမဲ့ အစီ အစဉ်လဲ ပျက်ခဲ့ ရပါတယ်။ ဒီပိုး ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေမှတော့ သေမှာဘဲ ဆိုတဲ့ ၀မ်းနည်းကြေ ကွဲမျက်ရည်ကျခဲ့ရတဲ့ ရက်တွေတွက်ကြည့်မယ်ဆိုရင် မိန်းမတွေထဲမှာ ကျမလောက် မျက်ရည်ပေါသူ ရှိမယ်တောင် မထင်ပါဘူး။

ကျမရင်ထဲမှာတယောက်ယောက်ကို ရင်ဖွင့်ချင်နေတယ်။ မိသားစုကိုတော့ ပြောမပြချင်ဘူး။ ကျမမှာအိမ်သားကလဲဆုံးတာ ၅ နှစ်လောက် ရှိပြီဆိုတော့ ကျမ ဒီစကားတွေကို ရင်ဖွင့်နိုင်မဲ့သူ၊ကျမရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ထဲက ကျမကို နားလည်နိုင်မယ်ထင်တဲ့ “အောင်” ဆိုတဲ့လူတစ်ယောက် ကို ဖွင့်ပြောခဲ့မိတယ်။ ကျမငိုတာမြင်တော့ “အောင်” ကဘာပြောတယ်ထင်လဲ၊“မငိုပါနဲ့ဟာ၊ ခုဆိုရင် နင့်မှာ ဒီပိုးရှိတယ်ဆိုတာ ငါတစ်ယောက်ဘဲ သိတာ၊ နင့်ကိုဘယ်သူကမှ မသိ ဘူး” တဲ့။

“ငါအားပေးချင်တာကကျန်းမာရေးကို နင် ဒီထက် ပိုဂရုစိုက်၊ ဒီရုပ် ဒီခန္ဓာကို ဆက်ပြီး ဒီတိုင်းဖြစ်နေဖို့က နင် စိတ်ချမ်းသာ ပျော်ရွှင်နေမှ ဖြစ်မှာ” တဲ့။ “နင် ဘာလုပ်ချင်လဲ၊ဘာဖြစ်ချင်လဲ၊ နင့်ရဲ့မျက်နှာ ပြုံးရီပြီး လှပနေမယ်ဆိုရင် ငါ ဘာကူညီရမလဲ၊ ငါ တတ်နိုင်တာကူညီမယ်၊ နင်ငိုပြီး စိတ်ဓာတ်ကျရင် ငါလဲ စိတ်မချမ်းသာဘူး” တဲ့။
ကျမကိုအမျိုးမျိုး အားပေးခဲ့တယ်။ ကျမလဲ ခဏစဉ်းစားပြီး အငိုတိတ်ခဲ့ရတယ်။ “အောင်” နဲ့ စကားပြောနေရတဲ့ အချိန်တွေ ကျမ ဒီ HIV ဆိုတာကို မေ့နေခဲ့တယ်။ သူပြန်သွားလို့ တစ်ယောက်ထဲရှိတဲ့ အခါ ဒါကြီးက အသိစိတ်ထဲကို ပြန်ဝင်လာပြီး စိတ်ဓာတ်ကျခဲ့ရတယ်။ ဒီလိုနဲ့ ၅လလောက်ကြာတော့ ဆေးရုံ တက်ရလောက်အောင် ဖြစ်ခဲ့တယ်။ ဆေးရုံရောက်မှ ပညာ တတ်ပြီးလုံးဝ အသိစိတ်မရှိ အောက်တန်းကျတဲ့ အလှည့်ကျ ဆရာဝန်မတစ်ယောက်ကြောင့် ဆေးရုံကုတင်နားက လူတွေ အကုန်သိသွားခဲ့တယ်။

ဒီအချိန်မှာမိသားစုလို ယူကျုံးမရတဲ့သူရှိသလို မထိမကိုင်ချင်လို့ ရှောင်ဖယ်သွားသူလဲရှိခဲ့ပါတယ်။ ကျမရဲ့ရင်ထဲမှာ ဒီဆရာဝန်မမျက်နှာကို မမြင်ချင်လောက်အောင်မုန်းသွားခဲ့တယ်။ အစာလဲမစား ၊ ဘယ်သူနဲ့မှလဲ စကားမပြောချင်တော့ဘူး။ အဲဒီအချိန်မှာကျမ မသိတဲ့ လူနှစ်ယောက် ထမင်းဘူးလေးတွေနဲ့ လာမိတ်ဆက်ခဲ့တယ်။ သူတို့လဲ ကျမလိုဘ၀တူဘဲ၊ စိတ်ဓာတ် မကျဘို့၊ အစာစားဘို့ ပြောတယ်။ သူတို့မှာလဲ ဒီပိုးရှိတာ တစ်ယောက်က ၁၀ နှစ်၊ တစ်ယောက်က ၃ နှစ်ရှိပြီး အခုထိ septrim ဆိုတဲ့ဆေးဘဲ စားနေတာတဲ့။ HIVတားဆေး ဖြစ်တဲ့ ARV တောင် မစားရသေးဘူးဆိုတော့ စိတ်ဓာတ်တွေ ပြန်ပြီးတက်လာခဲ့ပါတယ်။သူတို့ ပို့တဲ့ ထမင်းတွေကိုလဲ စားဖြစ်ခဲ့တယ်။ သူတို့လဲ တစ်နေ့ ၁ နာရီလောက်ရင်းရင်းနှီးနှီး ရောက်တတ်ရာ ရာတွေနဲ့ အေအိုင်ဒီအက်စ်အကြောင်းတွေ ပြောဖြစ်ကြတယ်။

သူတို့ဟာကျမတို့မြို့မှာ PLHA ပြုစု စောင့်ရှောက်ရေးနဲ့ ဘ၀တူများ လက်တွဲပြီး အကူအညီပေးရေးအဖွဲ့က ဆိုတာသိခဲ့ရတယ်။ အဖွဲ့နာမည်က ရွှေခြင်္သေ့တဲ့။ စေတနာ့ ဝန်ထမ်းတွေက ဘ၀တူတွေကိုစိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာမြှင့်တင်ပေးပြီး ကျန်းမာရေး အတွက် ဆေးဝါးနဲ့အဟာရတွေကို သင့် တော် သလို ထောက်ပံ့ ပြုစုစောင့်ရှောက်ပေးတယ်လို့လဲ သိခဲ့ရပြီးဆေးရုံမဆင်းခင် ဆရာဝန်မသိအောင် အဲဒီကို ည ၈ နာရီလောက် သွားပြီး သွားတွေ့ခဲ့မိတယ်။အဲဒီက ဆရာဝန်က စိတ်ရှည်လက် ရှည်ရှင်းပြဆွေးနွေးပေးတယ်။

ကျမလဲကျန်းမာလာပြီး ၂ ရက်လောက်နေတော့ ဆေးရုံဆင်းခဲ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်း ဆိုင်ရာပါ ပြောင်းလဲလာခဲ့ပါတယ်။ ပတ်ဝန်းကျင်က ကျမကို AIDS နဲ့ သေတော့မှာလို့ဘဲသိထား ကြတယ်။ ဆေးရုံက ဆင်းလာကထဲက ကျမ အရင် ကျန်းမာရေးကောင်းတုန်းကလိုဘဲ ၀တ်စားသွားလာ၊ ဆေးတွေကိုလဲ စနစ်တကျသောက်၊ ဆရာဝန်တွေရဲ့ ညွန်ကြားမှုကိုလဲ လိုက်နာပြီး ကျမARVဆိုတဲ့ HIV ထိန်းထားနိုင်တဲ့ ဆေးကို သောက်ခဲ့ပါတယ်။
ကျမရဲ့စိတ်မှာဟိုတုန်းကလို အားမငယ်တော့ဘူး၊ စိတ်ဓာတ်မကျတော့ဘူး၊ ပျော်ပျော်ဘဲ နေလိုက် တော့တယ်။ ပတ်ဝန်းကျင်ကလဲ ကျမကို ကွယ်ရာမှာတော့ ပြောကြမှာပေါ့။ ကျမရဲ့ ရှေ့မှာတော့မပြောခဲ့ကြပါဘူး။ အဲဒါကလဲ ကျမအကြောင်းကို သတ္တိရှိရှိ ရင်ဆိုင်ဖွင့်ဟပြောခဲ့လို့ဘဲ။ပြီးတော့ ကိုယ် က ပညာပေးအဖွဲ့တွေ၊ ဘ၀တူတွေနဲ့ လက်တွဲလိုက်တော့ HIV နဲ့ AIDSအကြောင်း ဘယ်လိုနား လည်အောင် ရှင်းလင်းပြရမယ် ဆိုတာလဲ သိလာတယ်၊ ရဲရဲရင့်ရင့်ရင်ဆိုင်ပြောရဲတဲ့ သတ္တိလဲရှိလာ တာရယ်ကြောင့်ပါ။

တချို့ဆိုရင်ကျမမှာ ဒီပိုးရှိတာ မယုံကြဘူး။ ကျမကလဲ ကျန်းမာရေးကို ဂရုစိုက်တယ်။ ဘ၀တူတွေကို လဲတတ်နိုင်တဲ့ဘက်က ကူညီလုပ်ကိုင်ပေးတယ်။ သင်တန်းတွေကလဲ ခဏခဏ တက်နေရတော့ တချို့လူတွေကကျမကို တမျိုးအထင်ကြီးလာကြတယ်။ သီရိမာ နင်က ဘာသင်တန်းတွေ တက်ရတာလဲ၊ လစာရောရလားတောင် လာမေးခံခဲ့ရပါတယ်။ ကျမကလဲ ရဲရဲဘဲ ဖွင့်ပြောပြခဲ့သလို ကြုံရင် ကြုံသလိုဘဲHIV ဘယ်လို ကူးနိုင် မကူးနိုင်၊ သားဆက် ခြားနည်းတွေ အမျိုးမျိုးရှင်းပြခဲ့လို့ပတ်ဝန်းကျင်နဲ့ ကျမ အတော်အဆင်ပြေ နေပါတယ်။ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေသိပ်ခံစားရလောက်အောင်တော့ မကြုံရပါဘူး၊တွေ့ခဲ့ကြုံခဲ့ရရင်လဲ ကျမက လူတွေကိုအကဲခတ်ပြီး ဝေ့၀ိုက်ပြောတတ်တယ်။ ပြောလို့မရတဲ့ သူဆိုရင် “နင်တို့ ဒီလောက်တောင်ဖြစ်နေရင် ငါ့လို သွေးစစ်ရဲလား” မေးတယ်။ သူတို့ မစစ်ရဲကြဘူး၊ ဘာ့လို့လဲဆိုတော့“မစစ်ချင်လို့” တဲ့။
“ရှင်းရှင်းလေးပါ၊မစစ်ရဲတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသူတွေမို့ပေါ့၊ နောင်ကို သူများရဲ့ အားနည်းချက်ကို ဖွင့်ဟ မဝေဖန်သင့်ဘူးဆိုတာ သိပြီ မဟုတ်လား” လို့ ရှင်းပြပေးနိုင်ခဲ့တယ်။ပတ်ဝန်းကျင်နဲ့ မိသားစုတွေဟာ ဆက်ဆံရေးပြောင်းလဲလာပြီး ကျမအပေါ်မှာ ဘာလို့ တစ်နေ့ထက်တစ်နေ့ ခွဲခြား ဆက်ဆံမှုတွေ လျော့နည်း လာရတာလဲဆိုတော့ အဓိက ကတော့ကျန်းမာရေးဗဟုသုတကို သေချာ ရှင်းပြနိုင်ပြီး လက်ရှိ ကျမနဲ့ နှိုင်းယှဉ်ပြပြီးပညာပေးနိုင်လို့ပါဘဲ။
လက်ရှိကျမရဲ့ အခြေအနေကတော့ ပိုက်ဆံကို ကျမတတ်ကျွမ်းတဲ့ နည်းနဲ့ ရှာပြီး မိသားစုနဲ့ သားသမီးတွေကို အများနည်းတူ ထားနိုင် ကျွေးနိုင်ခဲ့သလို ကျမလို ဘ၀တူမိန်းခလေးတွေကိုလဲအစား အသောက် ငွေ အ၀တ်က အစ ကူညီပေးနိုင်ခဲ့ ပါတယ်။ ကျန်းမာရေး မကောင်းလို့အကူအညီလိုတဲ့ ဘ၀တူတွေကို ဆေးကအစ ကူညီနိုင်ခဲ့ ပါပြီ။ ဘ၀တူတွေကလဲ ကျမကိုဆိုအရမ်းခင်ကြတယ်၊ ကျေးဇူးတင်ကြောင်းလဲ ခဏ ခဏပြောခံရလို့ ဂုဏ်ယူ ရမဲ့အစား ရှက်တောင်လာမိပါတယ်။

တကယ်တော့PLHA တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် ကျမလို အဖြေသိပါပြီဆိုကထဲက တစ်ယောက်ထဲကျိတ်ခံစားပြီး ရှက်နေကြောက်နေစရာမလိုဘဲပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်တဲ့ဆရာဝန်၊ စိတ်ကို ပြောင်းလဲပေးမဲ့ ဘ၀တူတွေ နဲ့ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပြီးတော့CBO အဖွဲ့တွေနဲ့ အမြန်ဆုံးတွေ့ပြီး ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ရယူစေချင်ပါတယ်။ ကျမ ဒီလို ပြောရဲဆိုရဲ လုပ်နိုင် ငွေရှာနိုင် ခဲ့တာဟာလဲ အဲဒီ ကူညီစောင့်ရှောက်မှုတွေအများကြီး ရယူခဲ့လို့ပါ။
လွန်ခဲ့တဲ့၁ နှစ် ၆ လလောက်ကဆို ကျမဟာ ပိုက်ဆံရှာတဲ့ အလုပ်လုပ်ရင်း အဖမ်း ခံခဲ့ရပါတယ်။ထောင်ထဲမှာ ၁ လကျော်လောက် အချုပ် ခံခဲ့ရပါတယ်။ ကျမ အရမ်းစိတ်ညစ်သွားတာက ကျမသောက်နေတဲ့ ARV ဆေးဟာ ၂ ရက်စာဘဲ ကျန်တော့တာပါ။ ထောင်ထဲရောက်နေချိန် ပိုက်ဆံရှာလို့က မရ၊မိသားစုကလဲ ကိုယ်ရှာကျွေးမှ စားရတာဆိုတော့ ဒီဆေး ၁ ဗူးက ၃၂၀၀၀၊ဘယ်ဝယ်ပို့နိုင်မှာလဲ၊ ကျမလဲ သူတို့ကို ပြောမပြဘဲ စိတ်အရမ်း ညစ်နေခဲ့တယ်။ ဒီဆေးသာငါ ဆက်မသောက်ရရင် ငါ HIV ကနေ AIDS ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် သေရတော့မှာဘဲဆိုပြီးကျိတ်ငိုခဲ့ရတယ်။
အဲဒီအချိန်မှာဘဲမိသားစုထောင်ဝင်စာ လာတွေ့တော့ ဆေး ၇ ရက်စာ ပါလာခဲ့တယ်။

အဲဒီတစ်ပတ် ပြည့်ပြီးနောက်ရက်မနက် သောက်စရာဆေး မရှိတော့ဘူး ဆိုတဲ့ အသိက အဲဒီညက လုံးဝအိပ်မပျော် ခဲ့ဘူး။ကျမ ကံကောင်းတယ် သိလား။ မနက်ကျတော့ ရွှေခြင်္သေ့က စေတနာ့ ၀န်ထမ်းတွေ ARV ဆေးတစ်ဗူးဝယ်ပြီး လာပို့ကြတယ်။ ကျမရဲ့ဝမ်းသာမှုဟာ ဘာနဲ့မှ မလဲနိုင်အောင်ပါဘဲ။ဆေးလာပို့တဲ့ စေတနာ ၀န်ထမ်းတွေ ခမျာ ထောင်ထဲ ဆေးမသွင်းရလို့ထောင်မှုးထောင်ပိုင်တွေကို မျက်နှာငယ်လေးတွေနဲ့ ရှင်းပြနေတာကိုလဲ ဒီတသက်မေ့နိုင်မယ် မထင်တော့ဘူး။

ဒါ့ကြောင့်ကျမတို့လို ငွေရှာတဲ့ မိန်းခလေးတွေ အချုပ်ထဲ ထောင်ထဲရောက်တော့ ဒီဆေးမသောက်နိုင်မှာကိုဘဲ အရမ်းစိတ်ဆင်းရဲရတာ။ အဲဒါကြောင့် ငွေရှာနေတဲ့ ဘ၀တူတွေကိုကိုယ့်ရဲ့အတွေ့အကြုံ တွေကို ပြောပြပြီး ကွန်ဒုံးသုံးဖို့ အမြဲသတိပေးနေမိတယ်။အဖွဲ့က အမြဲသတိပေးတာက ပိုက်ဆံများ များရှိရင် ဆေးပိုဝယ်ထားဖို့၊ အဲလိုဝယ်ဖို့ကိုအဆင်မပြေပါဘူး။ ပိုက်ဆံရှာရင်း အဖမ်းခံရလို့ ငွေကုန်ရ တာနဲ့ ကျန်းမာရေး အတွက်ငွေကုန်ရတာနဲ့ ရှာလိုက် ကုန်လိုက်ပါဘိ။ မထင်မှတ်တဲ့အဖြစ်တွေ ဆက် တိုက်ဖြစ်လာတဲ့အခါ ကျမလို ARV သောက်နေရသူအဖို့ အမြဲတမ်းလဲ စိတ်မချမ်းသာ နိုင်ခဲ့ ပါဘူး။
အဲဒီတော့ဆေးအလကားပေးတဲ့ အဖွဲ့တွေကို ကျမ အမြဲ စုံစမ်းနေရပါတယ်။ ဘ၀တူတွေထဲက တချို့လဲရွှေခြင်္သေ့ရဲ့ အကူအညီနဲ့ မန္တလေးမှာ ဆေးတွေရနေပါပြီ။ တချို့ကိုတော့ လားရှိုးညွန်းတယ်။ ကျမကတော့ အဖွဲ့ထဲက ဆေးရနေသူတွေနဲ့ လားရှိုးကို လိုက်သွားတယ်။ သွားခါစကတော့ပိုက်ဆံကလဲကုန် ၊ ဆေးကလဲ ၁၄ ရက်စာဘဲ ပေးနေတော့ စိတ်ဓာတ်ကျမိတယ်။ ရွှေခြင်္သေ့ရဲ့အားပေးမှုနဲ့ ဆက်ပြီး ကုသမှုယူခဲ့တာ ခုဆို ၂ လစာတောင် ရနေပါပြီ။ ပြန်လာရင်သတင်းအချက် အလက်တွေကို ပြန်လည်ဖောက်သည်ချပြီး မျှဝေပေး နိုင်နေပါပြီ။

တကယ်တန်းဆိုရင်ကျမ HIV စတွေ့တဲ့ ၂၀၀၇ တုန်းကဆိုရင် ဒီ HIV ဆိုရင်ကို လူတွေက အလိုလို ရှောင်ဖယ်ပြီး ခွဲခြားဆက်ဆံခဲ့ကြတာ အရှိန်တောင် ရနေပါပြီ။ ကိုယ်တိုင်ခံစားရမှ ဒါဟာ သိသာမြင်သာ ဖြစ်လာခဲ့ ပါတယ်။ သီရိမာက AIDS တဲ့၊ လေးလုံး ဖြစ်နေတာတဲ့၊ ကိုယ့်ရဲ့ တူတွေ၊တူမနဲ့ ညီမ၊ အမေအမတွေကပါ အစားအသောက်ကလေး ကျွေးတာတောင် စားလိုက်ဦး၊ မစားဘဲလုပ်မနေနဲ့လို့ ပါးစပ်ကသာ ကြားကောင်းအောင် ပြောကြတာ၊ ကျမနား ကြာကြာတောင်ရပ်မနေနိုင်ကြဘူး။ ကျမအမေက ကျမသားကို ကျမနား မသွားဖို့ ကူးလိမ့်မယ်တို့၊ ကျမညီမကသမီးကို နင့်အမေနား ခဏ ခဏမ သွားနဲ့၊ သူ့ရောဂါတွေသမီးကို ကူးလိမ့်မယ်နဲ့ နားနဲ့ဆတ်ဆတ် ကြားခဲ့ရတယ်။

ကျမစိတ်မဆိုးပါဘူး။ အဲဒီလို ပြောတော့ ငါ့သား ငါ့သမီးကိုတော့ ချစ်ကြသားဘဲဆိုပြီးမျက်ရည်ဝိုင်းပြီး ကြည်နူးမိပါတယ်။ ကျမကိုယ်ကျမလဲ သေလူလို့ တွက်ထားပြီးသားကိုး။အိပ်မရခဲ့တဲ့ ညပေါင်း မရေတွက်နိုင်ခဲ့ပါဘူး။ ညနေစောင်းလာရင် ကျမနား ဘယ်သူမှမရှိဘူး။ အရမ်း အထီးကျန် ဆန်ခဲ့ရတယ်။ ကျမကလဲ အဲဒီတုန်းက ဘယ်လိုနေရင် ကိုယ်ခံအားပြန်တက်လာမယ်၊အစားအသောက်ကို မျှအောင် စားရမယ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးရမယ်၊စိတ်ဓာတ်မကျရဘူး ဆိုတာကို နားလည်အောင် ရှင်းပြပေမဲ့လဲ မယုံရဲသေးဘူးလေ။ လက်တွေ့လဲကျမလုပ်မကြည့်ခဲ့ဘူး။

ညဆိုရင်ကျမနားကို လာထိုင်ပြီး အားပေးရင်း စကားပြောတာဆိုလို့ “အောင်” တစ်ယောက်ပါ။ တစ် နေ့သူမလာခဲ့ဘူး ။ မိုးတွေ အရမ်း ရွာလာတယ်။ ကျမ ငှက်ဖျား ဖျားပြီး တစ်ကိုယ်လုံးတုန်နေတာ။ ကျမနားမှာ ဘယ်သူမှ မရှိခဲ့ဘူး။ ခေါ်တော့လဲ မကြားကြဘူး။ ဒီအချိန်မှာ ၆နှစ်ကျော်လေးဘဲ ရှိတဲ့ ကျမသမီးလေးက ကျမတဲလေးထဲ ထီးလေးနဲ့ ၀င်လာခဲ့တယ်။ “သမီးမေမေချမ်းလွန်းလို့ မီးမွှေးပေးဘို့ ပြောပေးပါ”

လို့ပြောတော့ သမီးလေးက ထန်းရွက်ဖတ်လေးတွေ လက်နဲ့စုပြီး မီးမွှေးတာ ကလေးဆိုတော့ မမွှေးနိုင်ရှာဘူး။ ကျမကလဲ နတ်ပူးသလို တုန်နေတာဆိုတော့ လူကြီးတွေကို လှမ်းခေါ်တာသူ့အသံကို ဘယ်သူမှ မကြားဘူး။ မိုးသံလေသံ တွေနဲ့လေ။ တကယ်က အမေအမတွေနေတဲ့အိမ်နဲ့ကျမရဲ့တဲလေးက ၀ါးတစ်ပြန်လောက်ဘဲ ဝေးတာပါ။ ကျမသမီးက သူခေါ်တာ ထူးမဲ့သူမရှိ၊ မအေကိုလဲစိုးရိမ်ပုံရ တယ်။ မျက်ရည်တွေ ကျလာပြီး သူဆဲတတ်သလို အကုန်ဆဲပြီး “ငါ့အမေသေတော့မှာမလာကြဘူးလား”ဆြိုပီး မိုးရေထဲထွက်၊ အသားကုန်အော်ငိုတော့မှ လူကြီးတွေ ရောက်လာပြီးမီးမွှေး၊ ရေနွေးတိုက်၊ဆေးတိုက်လုပ်ကြတာ။

ကျမအဖျားကျသွားတော့ သမီးရဲ့မျက်နှာလေးကို စိုက်ကြည့်ပြီးဝမ်းနည်းဝမ်းသာဖြစ်သွားခဲ့မိတယ်။ အဲဒီညက တညလုံးစဉ်းစားပြီး တွေးနေခဲ့တယ်။ငါ့သမီးလေး ငါ့ကို စိုးရိမ်နေပုံလေး အရမ်းသနားဘို့ ကောင်းတာဘဲ။ ငါ ဒီလိုလုပ်နေလို့ မဖြစ်တော့ဘူး။ ငါ သေလို့ မဖြစ်သေးဘူးဆိုပြီး မနက်ကျ အစား တွေကိုအတင်းဝင်အောင်စား၊ တကိုယ်ရေသန့်ရှင်းရေးကိုလဲထလုပ်၊ သနပ်ခါးတွေလိမ်း၊ ဆေးသောက်ချိန်ကိုလဲ အမြဲသတိနဲ့ ပြန်ဂရုစိုက် လိုက်တော့ ပြန်လည် ကျန်းမာ လာခဲ့တယ်။ပြန်စဉ်းစားမိတာကတော့ ငါ့ဘ၀မှာ စိတ်ဓာတ်ကြံ့ခိုင်မှဖြစ်မယ်ဆိုတာရယ်၊ဆရာတွေပြောသလို အာဟာရဖြစ်မဲ့ အသီးအနှံတွေ၊ ခွန်အားဖြစ်မဲ့ အသားငါးတွေ၊အသားဓာတ်ပေးနိုင်တဲ့ အစာတွေကို စားရမယ် ဆိုတာရယ်၊ စားချိန်အိပ်ချိန်မှန်မှန်နဲ့ကိုယ်လက်လှုပ်ရှားမှုတွေပါ တကယ်လုပ်ကြည့်ခဲ့တယ်။ လုပ်ခဲ့လို့လဲ ကျမဟာပြန်လည်ကျန်းမာလာခဲ့တာပါ။

HIVကာကွယ်ရေး ကုသရေးနဲ့ ပြုစုစောင့်ရှောက်ရေးဆိုတာတွေကိုလူတိုင်းလက်လှမ်းမှီနိုင်ဖို့၊ သတင်း အချက်အလက် အားလုံးဟာ မရှိမဖြစ်ရသင့်တဲ့အခြေခံလိုအပ်ချက်တွေ ဖြစ်တယ်ဆိုတာကို နားလည် ခံစားတတ် ခဲ့ပါတယ်။ လိုအပ်တဲ့ကုသပြုစုစောင့်ရှောက်ရေးတွေ ရဖို့ဆိုတာ သူမှရယ် ငါမှ ရယ် မဟုတ်ပါဘူး၊လူတိုင်းရဲ့အခြေခံ လိုအပ်ချက်တစ်ခုဆိုတာ အားလုံးသိထားရမှာလို့လဲ အမြင်မှန်ရခဲ့ပါတယ်။ ဒါဟာ PLHA တွေ သိထားသင့်တဲ့ အရေးအကြီးဆုံးအချက်လဲ ဖြစ်ပါတယ်။
ကျမရဲ့အမြင်သဘောထားတွေဟာအဲဒီအချိန်ကစပြီး ပြောင်းလဲသွားလို့ ခုလက်ရှိ ဒီအခြေအနေထိ ဆက်လက်အသက်ရှင်နေနိုင်ခဲ့ရတာပါ။ ကျမဟာ ဘယ်လောက်ထိ ပြုပြင်ပြောင်းလဲ သွားသလဲဆိုရင်ဟိုအရင်က အရမ်း စိတ်ဆတ်ပြီး အရာရာတိုင်း သည်းမခံတတ်၊ ဘယ်သူ့အပေါ်ကိုဘဲဖြစ်ဖြစ်ကိုယ်က သာရမှ၊ နိုင်ရမှဆိုတဲ့ မာနနဲ့ ကိုယ်ချင်းမစာနာတတ်ခဲ့ဘူး၊ဘယ်သူ့ရဲ့စကားကိုမှလဲ ပြောတိုင်း မယုံတတ်၊ စိတ်ကြမ်းကိုယ်ကြမ်း ရက်စက် တတ်တဲ့ကြောက်ဖို့ကောင်းတဲ့ မိန်းမစာရင်းထဲမှာ ကျမထိပ်ဆုံး က ဖြစ်မှာ။ ခုတော့ဘ၀နဲ့ရင်းပြီး စာနာနားလည် တတ်ပြီဆိုတော့ ကျမကိုယ်ကျမ အရမ်းကြည်နူးမှု တွေ ရလာတယ်။
HIV နဲ့ပတ်သက်လို့ ရပ်ထဲရွာထဲကစ အပေါင်းအသင်းမိတ်ဆွေတွေကပါ သူတို့သိချင်တာလေး တွေကိုအိမ်တိုင်ရာရောက် လာမေးတတ်ကြတယ်။ ယုံယုံကြည်ကြည်နဲ့လဲ အကူအညီတောင်းခံခဲ့ ဘူးသလိုARV ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလဲ စိတ်ဝင်တစား လာမေးကြပါတယ်။

တချိန်ကHIV နဲ့ အသက်ရှင်နေသူမို့ ကူးစက်ခံရမှာကြောက်လို့ ရှောင်ဖယ်သွားကြတာတွေ ကျမဘ၀ မှာပျောက်ကွယ်သလောက်ရှိပြီး သီရိမာဟာ ရွှေခြင်္သေ့က PLHA တစ်ယောက်ဆိုတာကို သိသော်လဲလူရာသွင်းပြီး ယုံကြည်မှု အပြည့်နဲ့ သိချင်တာလေးတွေကို မေးမြန်းကြတဲ့အခါပြန်လည်ပြောပြပေး ခဲ့ရတဲ့ ကျန်းမာရေး ဗဟုသုတတွေကို စိတ်ဝင်တစားနားထောင်ပြီးတဖြည်းဖြည်း ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာတာကို တွေ့ရလို့ ကျမ ကြည်နူးမဆုံးပါဘူး။
အဲဒီလိုယုံကြည်မှုတွေ မရခင်က ကျမဟာ ဘ၀တူငွေရှာနေတဲ့ မိန်းခလေးတွေကို ကျန်းမာရေးပညာ ပေးနဲ့ဆေးသောက်ချိန် မှန်မမှန်ကအစ အချင်းချင်း သတိပေးတယ်။ သူတို့တွေ အဖမ်းခံ အချုပ်ကျတဲ့အခါ တတ်နိုင် တဲ့ အကူအညီတွေပေးပြီး ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့သလိုနာရေးကိစ္စနဲ့ အခြားလူမှုရေးတွေကိုပါ ကူညီ ပေးနိုင်လို့ ဘ၀တူမိန်းခလေးတွေရဲ့အားကိုးယုံကြည်မှု ပိုရခဲ့ပါတယ်။ ရပ်ကွက်ထဲမှာလဲ အကူအညီလိုလာရင် သီရိမာဆီသွား၊ သူကဒို့ထက် ပိုသိတယ်၊ နားလည်တယ်၊ သူ့အရင် မေးပြီးမှ လုပ်တာကောင်းတယ်လို့ပြောကြပြီးသူတို့ မိသားစု အတွင်းရေးတောင် လာရောက် တိုင်ပင်ကြပါတယ်။

ဒီလိုတိုင်ပင်ခံရတာကလဲ ကိုယ်ကိုယ်တိုင်က ဘယ်သူဖြင့် ကျန်းမာရေး မကောင်းဘူးလို့သိရင်ကိုယ် ကလဲ ဒီလူမမာရဲ့ ရာဇ၀င်ကို သိထားတယ်ဆိုရင် လူမမာကြည့်ရင်း လူမမာရဲ့ပြင်ပလက္ခဏာနဲ့ လက်ရှိ ခံစားနေရတာ တွေကို သွယ်ဝိုက်မေးမြန်းပြီး - ဥပမာမှက်ခရုလိုဟာမျိုးတွေ ရှိတယ်ဆိုရင် ငါ့မှာ ဆေးရှိတယ် ဆိုပြီး လိမ်းပေး လိုက်တယ်။ပျောက်သွားတော့ သီရိမာ ဒီဆေးဗူး ဘယ်လောက်ပေးရလဲ မေးရင် ငါလဲ ရွှေခြင်္သေ့ကဆရာဝန် တွေညွှန်းလို့ လိမ်းတာ၊ သက်သာရင် ဒို့ဆရာနဲ့ လိုက်ပြကြည့်ဆိုပြီး ကိုယ်တိုင်လိုက်ပို့ပေးပါတယ်။ ဒါက သူ ကြိုက် မကြိုက်မသိ၊ ဒဲ့ကြီးလဲ မေးလို့မဖြစ်တဲ့ အခါမျိုးပေါ့။တချို့က မပွင့်လင်းကြဘူးလေ။

တစ်ယောက်ဆိုပါတော့။ဓာတ်ဆားလေးတိုက်၊ အစာဝင်အောင်ကျွေး၊ အနာတွေ သန့်ရှင်းရေးလုပ်၊ ဆေးလိမ်း ပေးနဲ့သက်သာလာတဲ့အချိန်မှာ သွေးစစ်ဖို့၊ ဆရာဝန်ပြဖို့ကျ သူတို့မှာ အရမ်းဝန်လေး နေတယ်။ဒီလိုနဲ့ အဲဒီလူမမာဟာ ဆေးရုံတက်ရတယ်။ ဆေးရုံကိုလဲ လိုက်ပြီး တတ်နိုင်တာ လုပ်ပေးတယ်။ အောက်စီဂျင်ဘူး လိုတယ်ဆိုလို့ ရွှေခြင်္သေ့ကနေ ငှားပေးတယ်၊ ဆေးရုံဆင်းတော့လဲအိမ်လိုက်ကြည့်တယ်။ မုန့်တွေ ၀ယ်ကျွေး၊ ရေချိုးပေးဘို့တွေ အားလုံးကူညီတယ်၊ သူတို့ကျေးဇူးတင် ကြတယ်။ ဒါပေမဲ့ အဲဒီလူ ၁ လ လောက်နေတော့ ဆုံးသွားတယ်။ ကျမစိတ်မကောင်းဘူး။ သူတို့ မိသားစုက ဒီရောဂါဆိုတာကို လုံးဝ သိသိကြီးနဲ့ လက်မခံကြဘူး။ပွင့်လဲ မပွင့်လင်းကြဘူး။ စိတ်ခံစားမှုကို ကြိတ်ပြီး သူတို့ဘာသာဖြေရှင်းနေလို့အသက်ဆုံးရှုးံခဲ့ရတယ်။

အိမ်တိုင်ရာရောက်ပြုစုပေးနေတာဟာသူများက ခိုင်းထားလို့ ငွေပေးထားလို့ မဟုတ်ပါဘူး။ ကိုယ်လို ဘ၀တူ များ ဖြစ်နေရင်ငါဖြစ်သလို မဖြစ်ခင် အချိန်မှီ လက်လှမ်းမှီရာ အချိပ်အဆက် လုပ်ပေးနိုင်ဘို့၊ပြန်လည်ကျန်းမာ လာဘို့ စိတ်ရင်းအမှန်နဲ့ ကူညီခဲ့တာပါ။ ငါ့လိုဖြစ်ရင် ငါ့လိုမခံစားရအောင်၊ ငါလုပ် ပေးရင် ငါကျမ်းမာသလို ငါငွေရှာနိုင်သလို သူတို့မိသားစုလေးပြန်လည် စိတ်ချမ်းသာစေချင် တဲ့ရည် ရွယ်ချက်နဲ့ လုပ်ပေးခဲ့တာဖြစ်လို့ နောင် ဒီလိုမပွင့်လင်းသူတွေ ရှိခဲ့ရင် သီရိမာရဲ့ ရင်ထဲကလာတဲ့ စေတနာတွေကို အများကြီးနားမလည်ပေးချင် နေပါ၊ လူနာရဲ့အသက်နဲ့ မိသားစုရဲ့ကျန်းမာရေး လူမှု ရေးစီးပွားရေးတွေကိုတော့ သိထားပါလို့။ အခုဆိုရင် လားရှိုးမှာ ကိုယ်ခံအားစစ်ထားခဲ့တာ၈၂၂ တဲ့။ လူကောင်းတွေနဲ့တန်းတူ ကျမမှာလဲ အားအင်တွေ ရှိလာပါပြီ။

အခုကျမအဖမ်းခံရတဲ့ ဥပဒေနဲ့မကင်းတဲ့ငွေကိုလဲ ရှာစရာမလိုတော့ဘူး။ ARV အတွက်လဲ ကျမကိုလားရှိုးက ထောက်ပံ့ထားလို့ ဆေးဖိုးမကုန်တော့ဘူး။ ကျမကို တန်ဖိုးထားပြီး လက်ထပ်ယူပေါင်းသင်း တဲ့ အိမ်သားတောင် ရနေပါပြီ။ သူ့မိသားစု အသိုင်းအ၀ိုင်းကလဲ ကျမကိုမပစ်ပယ်တဲ့အပြင် ရင်းရင်း နှီးနှီး ဆက်ဆံကြပါတယ်။ သူတို့သွေးသားအတွက်စိုးရိမ်မှုတော့ရှိတယ်။ ဖွင့်မေးကြတယ်လေ။ ကျမ ကလဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုမပြုတဲ့အကြောင်း၊ အိမ်သားကို နားလည်အောင်ရှင်းပြပြီးသွေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး သူ့မှာ HIV ကာလသားကအစ ဘာပိုးမှ မတွေ့တဲ့အကြောင်းပြောပြတော့မိသားစုတွေကကျမကို ပိုပြီးတော့ ယုံကြည် လာပါတယ်။

ကျမဟာလူ့ပတ်ဝန်းကျင်မှာ အများသူငါလိုဘဲ လုပ်နိုင်ကိုင်နိုင် အိမ်သားနဲ့ သားသမီးတွေကိုလဲပြုစုနိုင် ပါပြီ။ ဒါဟာ ကျမဘ၀ရဲ့ ပြောင်းလဲဖြစ်တည်မှုပါ။ ကျမပြောချင်တာက HIV လဲကျန်းမာရေးမကောင်း သူ၊ ငှက်ဖျားလဲ ကျန်းမာရေး မကောင်းသလို၊ တီဘီ အခြားရောဂါတွေလဲကျန်းမာရေး မကောင်းလို့ ဖြစ်ကြတာပါ။ အနာရှိ ဆေးရှိတယ်၊ ရောဂါဖြစ်ရင်ဆရာဝန်ပြရမှာဆိုတာကိုလဲ အများသိအောင် ပြော ပြနိုင်မယ်ဆိုရင် လူတွေအရမ်းကြောက်လန့်နေတဲ့ HIV /AIDS ဆိုတာ ချောင်းဆိုး ရင်ကျပ်ရောဂါ ဖြစ်သလိုဘဲကုသမှုခံယူမယ်ဆိုရင် ခုလက်ရှိ သီရိမာဆိုတဲ့ ကျမလိုဘဲ လူ့လောကကြီးထဲမှာ အများနည်းတူ ဆက်လက် အသက် ရှင်နိုင်သေးတာကို ကမ္ဘာသိအောင် ကြေငြာလိုက်ချင်ပါတယ်။

(ခက်ဆစ်- PLHA=People Living with HIV/AIDS )

မိုးမခ

မြဝတီ - HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ(နောက်ဆက်တွဲ) 

Friday, November 29, 2013

HIV/AIDS နောက်ဆုံးရ သတင်း


• UNAIDS ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာအရ အရှေ့ဥရောပနဲ့ ဗဟို အာရှဒေသတွေမှာ ၂ဝဝ၆ ကနေတွက်ရင် ၁၃% တိုးလာနေတယ်။
• အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာ ၂ဝဝ၁ နဲ့စာရင် HIV ပိုးတွေသူလူနာသစ် ၂ ဆ တိုးလာခဲ့တယ်။
• ယောက်ျား+ယောက်ျား လိင်တူ ဆက်ဆံသူတွေ၊ မူးယစ်ဆေး ထိုးသူတွေ၊ လိင်နဲ့ အသက်မွေးသူတွေဟာ လေ့လာမှုတွေ လုပ်ရာမှာ ဖုံးကွယ်နေကြလို့ အခက်အခဲ ရှိတယ်။ သူတို့ကနေ ဆေးကုသမှု ယူရတာမှာလဲ တားဆီးမှုတွေ ရှိနေတယ်။
• ဦးစားပေး တိုင်းပြည် ၁ဝ ခုထဲမှာ ကလေး ၁ဝ ယောက်မှာ ၃ ယောက်သာ ဆေးရနေတယ်။ ၂ဝ၁၂ နှစ်ထဲမှာ ပိုးရှိတဲ့ အသက် ၁၅ နှစ်အောက်ကလေးပေါင်း ၆၄၇ဝဝဝ သာဆေးရနေတယ်။
• ကလေးတွေ ဆေးရရှိမှုဟာ ၃၁-၃၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၁၄% တက်လာပါတယ်။
• လူကြီးတွေ ဆေးရရှိမှုဟာ ၆၁-၆၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၂၁% တက်လာပါတယ်။
• အသက် ၅ဝ ကျော်တွေမှာ ပိုးတွေ့ရှိမှု တိုးလာနေတယ်။ တကမ္ဘာလုံးမှာ အသက် ၅ဝ ကျော် ပိုးရှိနေသူ ၃့၂-၃့၉ သန်း ရှိတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူ အသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်း လာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံး သေဆုံးခဲ့ရတယ်။
• ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့ နိုင်ငံတွေမှာ ဆေးရရှိသူ အရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။
• HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူစုစုပေါင်း ၃၅့၃ (၃၂့၂ - ၃၈့၈) သန်း ရှိတယ်။ ၁့၆ (၁့၎ - ၁့၉) သန်းမှာ AIDS နဲ့ဆိုင်တဲ့ရောဂါတွေရှိနေကြတယ်။

အင်္ဂလန်နိုင်ငံမှာ
• HIV ပိုးရှိနေသူပေါင်း ၉၈၄ဝဝ ယောက်တွင် ၂၁၉ဝဝ ယောက်ဟာ သူတို့မှာ ပိုးရှိနေတာကို မသိကြ။
• မနှစ်ကထက် ၁% တိုးလာတယ်။
• ၂ဝ၁၂ နှစ်ထဲမှာ လူနာသစ်ပေါင်း ၆၃၆ဝ ရှိလာတဲ့ အထဲက ၄၇% ဟာ ရောဂါနောက်ပိုင်း အဆင့်ရောက်လာမှ ပိုးရှိနေတာကို သိကြရတယ်။
• ပိုးရှိနေသူတွေထဲက ၄၅% ဟာ လိင်တူ ဆက်ဆံသူတွေ ဖြစ်တယ်။ ၂၈၈ဝ ယောက်ထဲမှာ လိင်တူယောက်ျားက အများဆုံးဖြစ်တယ်။


ဒေါက်တာတင့်ဆွေ (၂၄-၁၁-၂ဝ၁၃)
ဒေါက်တာတင့်ဆွေ - HIV/AIDS နောက်ဆုံးရ သတင်း 

HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တွင်ရှိသော HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာများသို့ ဝေဒနာရှင်များ မှီခိုအားထားမှု တိုးပွားလာခြင်းကြောင့် နေရာ မလုံလောက်မှုနှင့် အလှူရှင် နည်းပါးလာသည့် အတွက် အခြားအခက်အခဲများ ကြုံတွေ့နေရသည်ဟု အဆိုပါစောင့်ရှောက်ရေး ဂေဟာ တည်ထောင်ထားသူ ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

HIV/AIDS ဝေဒနာရှင်များအတွက် မေတ္တာရှင် ဆရာတော် အရှင်ဇ၀နမှ လှူဒါန်းထားသည့် မြေနေရာပေါ်၌ အဆောက်အဦး ဆောက်လုပ်ခွင့် ခွင့်ပြုချက် ရရှိလာပါက စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု သိရသည်။

မြောက်ဒဂုံနှင့် တောင်ဒဂုံတို့ရှိ စောင့်ရှောက်ရေးဂေဟာ ၂ ခုတွင်မှီခိုနေသည့် ဝေဒနာရှင်များအတွက် နေရာ ထိုင်ခင်းအပြင် ဆေးဝါးကုသခြင်း၊ တရားထိုင်ခြင်း၊ အလုပ်အကိုင်ဖန်တီးခြင်း အစရှိသည် တို့ကို ပြုလုပ်ပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံမှ သိရသည်။

“အဓိကက နေရာက တော်တော်ကို အခက်အခဲ ရှိတယ်။ လူနာတွေက များလာတော့ နေရာက အရမ်းကို ကျပ်တည်းလာတဲ့ အခါကျတော့ နေရာအသစ်လုပ်ဖို့တော့ ပြင်နေကြတယ်။ ဒီနှစ်ထဲမှာတော့ အကောင်အထည် ဖော်ဖို့ လုပ်နေတယ်။ ဒီလထဲမှာတော့ အဆောက်အဦး ဆောက်ဖို့တို့ ပါမစ်ကျဖို့ အဲ့လိုတွေပေါ့ လုပ်ဖို့ ပြင်နေပြီ။”ဟု  ဒေါ်ဖြူဖြူသင်းက ပြောသည်။
တောင်ဒဂုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များအား စောင့်ရှောက်ပေးသည့် ဂေဟာတို့တွင် လက်ရှိ အချိန်၌ ဝေဒနာရှင်ပေါင်း ၂၁၀ ဦးရှိနေပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ဝေဒနာရှင်များ အပါအ၀င် ၃၀၀ နီးပါး ရှိနေသည်ဟု သိရသည်။

လက်ရှိအချိန် မြန်မာနိုင်ငံ၌ HIV ရောဂါဝေဒနာရှင်ပေါင်း ၂ သိန်းခွဲဝန်းကျင်ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနမှ ခန့်မှန်းထားပြီး ရောဂါပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်၌ ၀ ဒသမ ၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၇ ခုနှစ် တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု သိရသည်။

“အလှူရှင်တွေကို အမြဲမျှော်ပါတယ်။ ဆရာမကြီးတစ်ယောက်ထဲ ရုံးကန်နေရတာ။ ဒီမှာရယ် မြောက်ဒဂုံမှာရယ် လေးထောင့် ကန်မှာရယ်ဆိုတော့ ဆရာမကြီးတစ်ယောက်ထဲ ချာချာလည်နေတာ။ တစ်ခါက ၁၈၄ ယောက်ထိ ဖြစ်သွားလို့ အားလုံး ကျပ်ညပ်ပြီး နေခဲ့ကြရတယ်။” ဟု တောင်ဒဂုံ HIV ဂေဟာ မှ ဦးသိန်းဌေးက ပြောသည်။

ယခုအခါ တောင်ဒဂုံ HIV/AIDS ဂေဟာ၌ဝေဒနာရှင် ကျား ၆၁ ဦး၊ မ ၆၀ နှင့် ကလေး ၈ ဦးတို့ မှီခိုလျှက်ရှိကာ ဝေဒနာရှင်များ အတွက် လေးထောင့်ကန်တွင် စက်ချုပ်သင်တန်းပေး၍ အလှူရှင်မရှိသည့် ကာလများ၌ အဆိုပါ လုပ်ငန်းမှရရှိသည့် ၀င်ငွေဖြင့် ရပ်တည်နေရသည်ဟု သိရသည်။ တောင်ဒဂုံနှင့် မြောက်ဒဂုံ HIV/AIDS ဂေဟာတွင် စားစရိတ်၊ ဆေးဖိုး အစရှိသည်တို့အတွက် ၇ ရက်(တစ်ပတ်) လျှင် ၁၅ သိန်းဝန်းကျင်ခန့် ကုန်ကျစရိတ်ရှိနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ HIV/AIDS နေ့တွင် ဝေဒနာရှင်များအတွက် ဆေးဝါးလုံလောက်စွာ ရရှိမှု၊ ပညာပေးမှု၊ ခွဲခြားဆက်ခံမှုပပျောက်ရန် အစိုးရအနေနှင့် ယခုထက်ပိုမို လုပ်ဆောင် ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘာပေါ်၌ နေ့စဉ် HIV ရောဂါ ကူးစက်ခံရသူ ၆၈၀၀ ခန့် ရှိပြီး အေအိုင်ဒီအက်စ် ရောဂါဖြင့် ၅၇၀၀ ခန့် သေဆုံး ကာ ကမ္ဘာ တစ်ဝန်း  HIV/AIDS ရောဂါရှိသူ ၃၃ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

မြစ်မခ - HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း

HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည်

HIV ဖြင့် အသက်ရှင် နေထိုင်သူများ နှင့် နန်းခင်ဇေယျာတို့သည် နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် ကန်တော်ကြီး၌ လမ်းလျှောက်ကြမည်ဖြစ်သည်။ ယင်း အစီအစဉ်သည် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် World AIDS Day ကို ကြိုဆိုသည့်အနေဖြင့် PSI က စီစဉ် လုပ်ဆောင်ခြင်းဖြစ်ပြီး နန်းခင်ဇေယျာ အနေဖြင့် ဒုတိယ အကြိမ်မြောက် ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

“AIDS ဝေဒနာ ခံစားနေရသူတွေ အတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းက အကူအညီတောင်းလို့ လုပ်ကိုင်ဖြစ် တာပါ။ ကန်တော်ကြီးမှာပဲ စုရပ်ထားပြီး ကန်တစ်ပတ် လမ်းလျှောက်ကြမှာပါ။ HIV နဲ့ပတ်သက်ပြီး လုပ်ကိုင် နေကြတဲ့အဖွဲ့ အစည်းတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်။ လူသားအားလုံး အတူတူပဲဆိုတဲ့ အသိကို ပေး ချင်လို့ ဒီလိုပွဲမှာ ပါဝင်တာပါ” ဟု နန်းခင်ဇေယျာက ဆိုသည်။

နန်းခင်ဇေယျာသည် နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံကလေး သူငယ်အခွင့်အရေး ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက် ရန်ပုံငွေ ဈေးရောင်းပွဲတွင်လည်း အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ဆောင်ခဲ့သည့် အပြင် ဒီဇင်ဘာ ၄ ရက်တွင် မန္တလေးသို့ သွားရောက်ကာ ကလေးငယ်များနှင့်တွေ့ဆုံပြီး သူမ သင်ကြားခဲ့ သည့် ပညာရပ်များ အကြောင်း၊ လေ့လာခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးသည့် ပုံစံဖြင့် ဟောပြော မည်ဖြစ်သည်။

မဇ္ဈိမ - HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည် 

ဂျပန်နိုင်ငံတွင် HIV ရောဂါပိုး ရှိသူ၏ သွေးကို လူနာ နှစ်ဦးထံသို့ သွင်းပေးခဲ့မိ

ဂျပန်နိုင်ငံတွင် HIV ရောဂါပိုးရှိ သူမှ လှူဒါန်းသော သွေးများကို လူနာနှစ်ဦး ထံသို့ သွင်းပေး ခဲ့ကြောင်းနှင့် ယင်းသွေးများသည် နိုဝင်ဘာ ၂၆ ရက်က ဂျပန်ကြက်ခြေနီ အဖွဲ့၏ ဆေးစစ်ချက် အတည်ပြုမှုကို ရရှိ ထားသော သွေးများ ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ကြက်ခြေနီ အဖွဲ့ ကျန်းမာရေး အလုပ်သမားနှင့် သက်သာ ချောင်ချိရေး ဝန်ကြီးဌာနက အဆိုပါ သွေးကို လူနာ နှစ်ဦးထံသို့ ပေးသွင်း ခဲ့မိကြောင်း အတည်ပြု ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့ နှစ်ဦး ရောဂါပိုး ကူးစက် ခံရခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ ဂျပန်နိုင်ငံတွင် ယခင်က HIV ပိုးပါသော သွေးသွင်းမှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီးနောက် ဂျပန် ကြက်ခြေနီ အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှ စတင်၍ သွေးစစ် ဆေးသည့် စနစ်များကို ပြန်လည် စိစစ်ခဲ့သည့် အချိန်မှ စ၍ ယခုကဲ့သို့ HIV ပိုးပါသော သွေးများကို လူနာများ ထံသို့ သွင်းပေးမှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။ ယခုလ အစောပိုင်းက လှူဒါန်း ထားသော သွေး အတွင်းမှ HIV ပိုးကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် ယင်းသွေးများကို သွေးသွင်းမှုတွင် အသုံးပြုခဲ့ခြင်း မရှိကြောင်းနှင့် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက သွေးလှူဒါန်းခဲ့သည့် အလှူရှင် တစ်ဦးတည်း၏ သွေးအတွင်း ယင်းရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဂျပန် ကြက်ခြေနီ အဖွဲ့နှင့် ဝန်ကြီးဌာန၏ ပြောကြားချက် အရ  သိရသည်။

တိုကျို  နိုဝင်ဘာ ၂၈ ညှိနှိုင်း

Thursday, November 28, 2013

မြွေသားကြော်ချက် - ငါးပိသုပ် - ၀ါးပိုးမျှစ်စိမ်းတာလပေါ



ကျွန်တော် မြန်မာဟင်းအတွဲအစပ်လေးတွေမတင်တာ သုံးလေးလမကရှိနေပါပြီ။ အခု ကျွန်တော့်သူငယ်ချင်း တစ်ယောက် ချက်စား တဲ့ဟင်းကို သူငယ်ချင်းတို့နဲ့မျှဝေဖို့အကြောင်းဖန်လာပါတယ်။ ကျွန်တော့်အနေနှင့်ကတော့ ကိုယ်စားနေကြ သားငါးများကလွဲ လို့မစားသောက်တတ်ပါဘူး။ ဒါပေမဲ့ တချို့သောသူငယ်ချင်းတွေများ စားချင်မလားဆိုပြီး မျှဝေလိုက်တာ ဖြစ်ပါတယ်။

များသောအားဖြင့်တော့ အအေးပိုင်းဒေသ အသားငါးရှားပါးတဲ့ဒေသတစ်ချို့မှာ စားသောက်ကျတဲ့ဟင်းလျာပါ။ မြွေသား…အဲ အဆိပ်မရှိဘူးလို့ ယူဆရတဲ့ လင်းမြွှေသားကိုချက်စားကြတာပါ။ ကျွန်တော်ကတော့ ကြော်ထားပါတယ်။ ငါးပိလေးကိုသုပ် ၀ါးပိုးမျှစ်စိမ်း လေးကို တာလပေါဟင်းချက် အတွဲမိမိစားကြည့်ကြပါ ခင်ဗျာ့။

မြွေသားကြော်ချက်
ပါဝင်သော  ပစ္စည်းများ


လင်းမြွေ - တစ်ကောင်၊ ငရုတ်သီး ၃တောင့်၊ ကြက်သွန်နီ ၅ လုံး၊ ကြက်သွန်ဖြူ ၅ လုံး၊ မဆလာ လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ဆီ ၁၀ကျပ်သား။

ပြင်ဆင်ပံ
(၁) လင်းမြွေကို ခေါင်းဖြတ်ပစ်ပါ။ အူ၊အသည်းများကို ထုတ်ပစ်ပါ။
(၂) ၄င်းတို့ကို အိုးတစ်လုံးတွင်ထည့်၍ ရေမြုပ်ရုံထည့်ပြီးပြုတ်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်
(၁) မြွေသားနူးလာလျှင် အရေခွံနွှာပါ။ အသားများကို ကြက်သွန်၊ ချင်း၊ငရုတ်၊မဆလာတို့နှင့်ရော၍ ညက်အောင်ထောင်းပါ။
(၂) ထောင်း၍ညက်လျှင် ငါးဖယ်ဆုပ်ကဲ့သို့ အလုံးကလေးများလုံးပါ။
(၃) ၄င်းတို့ကို ဆီနှင့်ကြော်ပါ။ နီရောင်သန်းလာသည့်အထိကြော်ပြီး ကျက်လျှင် သုံးဆောင်နိုင်ပါသည်။

ငါးပိသုပ်
ပါဝင်သော ပစ္စည်းများ

မျှင်ငါးပိကောင်းကောင်း ၅ကျပ်သား၊ ကြက်သွန်နီ ၃လုံး၊ ငရုတ်သီးစိမ်း အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ သံပရာသီး ၁လုံး။

ပြင်ဆင်ပုံ
(၁) မျှင်ငါးပိကို မီးကင်ပါ။ တူးနေသော အမည်းများဖယ်ပါ။
(၂) ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ပါးပါးလှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
(၁) သုပ်မည့်ပန်းကန်ထဲသို့ မီးကင်ထားသော ငါးပိများထည့်ပါ။
(၂) ပြီးလျှင် လှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများထည့်ပါ။
(၃) ဟင်းခတ်မှုန့် အနည်းငယ်ထည့်၍ သံပရာသီးညှစ်ပြီးသုပ်ပါ။
(၄) အပေါ့၊အငန်မြည်း၍ စားသုံးနိုင်ပါသည်။

ဝါးပိုးမျှစ်စိမ်းတာလပေါ
ပါဝင်သော ပစ္စည်းများ

ဝါးပိုးမျှစ်၏ထိပ်ပိုင်း - ၁၀ကျပ်သား၊ ပိန္နဲစေ့(ပြုတ်ပြီး) ၁၀စေ့၊ ရုံးပတီသီး ၄တောင့်၊ငရုတ်ရွက် ၄ညွန့်၊ ဆူးပုပ်ရွက် ၅ညွန့်၊ ပင်စိမ်းရွက် ၅ညွန့်၊ ကုလားအော်သီး ၅တောင့်၊ ဆား အနည်းငယ်။

ပြင်ဆင်ပုံ
၁။မျှစ်ကိုပါးပါးလှီး၍ ရေခေတ္တစိမ်ထားပါ။ ရေစင်စင်ဆေးပြီး ပထမရေတစ်ရေပြုတ်၍ ရေသွန်လိုက်ပါ။ မျှစ်အနံ့ကုန်သွားအောင်ပြုတ်ပါ။
၂။ ကြက်သွန်နီပါးပါးလှီးထားပါ။ ပိန္နဲစေ့ကိုထု၍ထားပါ။
၃။ ရုံးပတီသီး၊ ငရုတ်ရွက်၊ဆူးပုပ်ရွက်၊ ကုလားအော်သီးတို့ကို ရေဆေးပြီး လှီးဖြတ်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
(၁) ချက်မည့်အိုးတွင် မျှစ်ထည့်ပါ။ ရေကိုမိမိချက်လိုသလောက်ထည့်ပါ။
(၂) ဆန်မှုန့်အစိမ်း နည်းနည်း၊ ရေဖျော်၍ထည့်ပြုတ်ပါ။ မပြတ်မွှေပေးပါ။
(၃) ရေဆူလာလျှင် ဆားကိုလိုသလောက်ထည့်ပြီး ဆက်တည်ထားပါ။
(၄) ပါးပါးလှီးထားသော ကြက်သွန်နီ၊ ထု၍ထားသော ပိန္နဲစေ့ကိုထည့်ပါ။
(၅) စားကာနီးတွင် ဟင်းရွက်များထည့်၍အဖုံးအုပ်ပြီး မီးဖိုပေါ်မှချ၍ စားသုံးနိုင်ပါသည်။

ကဲ ထမင်းစားမြိန်ကြပါစေ... ကျွန်တော်ကတော့ မြွေသားစားဘူးနော်...သူငယ်ချင်းတို့ပဲစား...ဟဲဟဲ

Wednesday, November 27, 2013

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်


မကွေးမြို့အနီး ဧရာဝတီမြစ်တွင် သောင်ခုံအသစ်များ ဖြစ်ပေါ်နေသည်ကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်သူငြိမ်း)

သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ သစ်တောများ ပျက်ပြုန်းမှု၊ မြစ်ကြီးများ ပျက်ယွင်းလာမှု၊ စည်းကမ်းမဲ့ သတ္တု၊ ရွှေ၊ ကျောက်မျက်များ ရှာဖွေတူးဖော်မှု၊ ရေနံနှင့် ဓာတ်ငွေ့တူးဖော် ပိုက်လိုင်းများ သွယ်တန်းသည့် ကိစ္စများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသူ၊ စိတ်ပူပန်သူတို့က ဆောင်းပါးများရေးကြ၊ ကန့်ကွက်ဟောပြောကြ၊ ပြပွဲများ ခင်းကျင်းကြဖြင့် မြန်မာ့သဘာဝ သံယဇာတ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လှုံ့ဆော်ဆန္ဒ ဖော်ခဲ့ကြသည်။

မည်မျှခရီး ရောက်ခဲ့ကြသနည်း

၂၀၁၃ ခုနှစ်အတွင်း ကြားသိဖတ်မှတ် ရသည်များထဲမှ မှတ်မှတ်သားသား ဖြစ်မိသော ကိစ္စအချို့ ရှိခဲ့ပါသည်။

"လွန်ခဲ့သော နှစ်ပေါင်းများစွာကတော့ မြန်မာ့ရေမြေသည် စိမ်းမြလှပသော မြေဖြစ်သည်။ သစ်တောများ ထူထပ်သည်။ မြစ်ချောင်းများကလည်း ရေစီးရေလာ ပြေပြစ်သည်။ အာရှ၊ ပစိဖိတ်ဒေသ၌ သဘာဝ သစ်တောဧရိယာ အပေါများဆုံး နိုင်ငံတစ်နိုင်ငံ၊ သဘာဝ ၀န်းကျင်က ပြောစရာ မလိုအောင် ပြည့်စုံခဲ့သည်မို့ ရာသီဥတုက သင့်တင့်မျှတ ခဲ့သည်။ ယခုနောက်ဆုံး ဆယ်စုနှစ် အချို့တွင်တော့ အရာရာသည် ပြောင်းလဲခဲ့ပေပြီ။ ကောင်းသောပြောင်းလဲခြင်းတော့ မဟုတ်ပါပေ။
မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၉ ရာခိုင်နှုန်း၊ ၁၉၉၂ တွင် နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်။ ယခု လက်ရှိတွင်တော့ ထူထပ်သည့် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ၁၉ ရာခိုင်နှုန်းမျှသာ။ (၂၀၁၃ ခု ဇူလိုင် ၃၁ ရက်ထုတ် Daily Eleven သတင်းစာ အထူးအချပ်ပို A စိုက်ပျိုးခြင်း ရှင်သန်ခြင်း ဆောင်းပါးမှ)

၂၀၁၃ ဇွန် ၅ ရက်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကား ပြောကြားခဲ့ရာ၌-
"မြန်မာနိုင်ငံ၌ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်ကြီးများနှင့် ရာချီ၍ ရှိနေသော မြစ်ငယ်၊ မြစ်လက်တက်လေးများမှာ လူသားတို့၏ ပယောဂ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် သဘာဝ ဂေဟစနစ် ပျက်ယွင်းနေကြောင်း၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်သည်လည်း ယိုယွင်းပျက်စီးလာကြောင်း၊ အင်းလေးကန်၏ အနေအထားမှာ ၁၉၃၄ ခုနှစ်က ကန်အကျယ်အ၀န်း ၁၀၄ စတုရန်းမိုင် ရှိခဲ့ရာမှ ၂၀၀၅ ခုနှစ်တွင် ၈၇ ဒသမ ၅၄ စတုရန်းမိုင် ယခုအခါ၌ ဧရိယာ ၆၃ စတုရန်းမိုင်သာ ကျန်တော့ကြောင်း ဆိုကြပါသည်ဟု ပါရှိခဲ့ပါသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက်ထုတ် Daily Eleven သတင်းစာတွင် စာမျက်နှာ ၂၄ ၌ သတင်းတစ်ပုဒ် ဖတ်ရပြန်ပါသည်။ "JICA မှ ပညာရှင်များ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ဒီရေတောများသည် မူလက ၁ ဒသမ ၇ သန်းကျော် ရှိခဲ့ရာမှ ၂၀၀၇-၂၀၁၃ ခုနှစ် ကောက်ယူခဲ့သော စာရင်းဇယားအရ ခုနစ်သိန်းကျော်သာ ကျန်တော့ကြောင်း၊ မူလဧရိယာ၏ ရာခိုင်နှုန်း ၅၇ လျော့နည်းသွားခဲ့ကြောင်း၊ ထိုအထဲ၌ လျော့နည်းသွားမှု အများဆုံး ဧရိယာမှာ ဧရာဝတီတိုင်း ကမ်းရိုး၌ဖြစ်ကြောင်း၊ ယခင်မူလက ဧရိယာ ၆၈၀၀၀၀ ရှိခဲ့ရာမှ လက်ရှိကာလတွင် ၁၁၀၀၀၀ ဧကသာ ကျန်ရှိတော့ကြောင်း ဧရာဝတီတိုင်း ဒေသကြီးရှိ ဒီရေတော ပြုန်းတီးမှုမှာ ၈၂ ရာခိုင်နှုန်းရှိကြောင်း" ဖော်ပြထားပါသည်။

၂၀၁၃ ခု သြဂုတ် ၆ ရက်ထုတ် Daily Eleven သတင်းစာပါ စာမျက်နှာ ၁၆ မှ သတင်းဖြစ်ပါသည်။ "ဖားကန့်နယ်တွင် လွန်ခဲ့သော အနှစ်နှစ်ဆယ် ခန့်မှစကာ တွင်းတူး၍ ကျောက်မျက်ရှာခြင်းမျိုး မဟုတ်ဘဲ တောင်ဖြို၊ မြေလှန်၍ ကျောက်ရှာသောစနစ် ထွန်းကားခဲ့ရာ 'ဘက်ဟိုး' ခေါ် မြေကော်စက်၊ 'ဘူဒိုဇာ' ခေါ် မြေထိုး၊ ကမ်းပါးဖြို မြေလှန်စက် အရေအတွက် ရာကျော်ဖြင့် တောင်ဖြို၊ မြေတူး၊ မြေလှန်ပြီး ကျောက်ရှာကြခြင်း ဖြစ်သည်။

လပိုင်းအတွင်း တောင်တစ်လုံးလုံး ဖြိုချပျောက်ကွယ် သွားလောက်အောင် လုပ်ကိုင်ကြသည်။ မူလရှိခဲ့သော တောင်အလုံး ၅၀ ကျော် ပျောက်ဆုံးကွယ်ပျောက် သွားခဲ့ပြီဖြစ်ကြောင်း ဒေသရှိ ရှိရင်းစွဲ ချောင်းငယ်များ၊ မြေပို့ကာ တိုကုန်ကြကြောင်း၊ စပေါ့ချောင်း၊ မြောက်ဖြူချောင်းတို့ဆိုလျှင် ကွယ်ပျောက်သွားကြောင်း၊ ရှရော်ခမှော်၊ မှော်မောင်းလျန်မှော်တို့မှာ အမည်သာ ကျန်တော့ကြောင်း၊ တူးဆွစရာ မရှိတော့ကြောင်း၊ အောက်မနုမှော်၊ အထက်မနုမှော်တို့လည်း ပျောက်ကွယ်သွားကြကြောင်း၊ အေးမြသာယာ၊ မြို့မစသည့် လူနေရပ်ကွက်များတွင်ပါ ကျောက်စိမ်းတူးရန် ကြံစည်လာကြကြောင်း၊ ယခုအတိုင်းသာ လုပ်နေကြမည် ဆိုပါက ဖားကန့်မြို့ အပါအ၀င် ပတ်ဝန်းကျင် ကျေးရွာများပါ နှစ် ၃၀ မတိုင်မီ ပျောက်ကွယ်ဆိတ်သုဉ်း တော့မည်ဟု ဒေသခံများက ထင်မြင်ချက် ပေးကြကြောင်း ရေးသားထားသည်ကို ဖတ်ရှုရပါသည်။

ဧရာဝတီမြစ်အတွင်း နေထိုင်ကျက်စားသော မြန်မာ့ရှေးဟောင်း အမွေအနှစ် 'ဧရာဝတီ လင်းပိုင်' များရှိရာ မျိုးသုဉ်းမပျောက်ကွယ်ရေးအတွက် ၂၀၀၅ ခုနှစ်က ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ကာ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society) တို့က ဧရာဝတီ လင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးကို ၂၀၀၅ ခုနှစ်ခန့်က စတင်လုပ်ဆောင်ခဲ့သည်။ ထိုစဉ်က မန္တလေးမှ ဗန်းမော်ကြား၌ အကောင်အရေအတွက် ၉၀ ကျော်ရှိကြောင်း မှတ်တမ်းများက ဆိုသည်။ ၂၀၁၃ ခုနှစ်တွင် မှတ်တမ်းအရ အကောင်အရေအတွက်မှာ ၅၀ မှ ၇၀ ခန့်သာရှိကြောင်း ခန့်မှန်းတွက်ချက် နိုင်ခဲ့၏။ ထိန်းသိမ်းရေး လုပ်ငန်း စတင်ခဲ့သည့် အချိန်မှ ယခုအထိ ကိုးနှစ်ကြာ ကာလတွင် နှစ်စဉ်သားပေါက် အကောင်ငယ်လေးများ တွေ့ခဲ့ကြသည်ဟု မှတ်တမ်းများက ဆိုသည်။

မြန်မာနိုင်ငံ၌ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်ကြီးများနှင့် ရာချီ၍ ရှိနေသော မြစ်ငယ်၊ မြစ်လက်တက်လေးများမှာ လူသားတို့၏ ပယောဂ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် သဘာဝ ဂေဟစနစ် ပျက်ယွင်းနေကြောင်း၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်သည်လည်း ယိုယွင်းပျက်စီးလာကြောင်း . . . . .

ဧရာဝတီလင်းပိုင် သေဆုံးမှုကို မှတ်တမ်းရသမျှ စုဆောင်းထားခဲ့ရာ ၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခု သြဂုတ်လကုန်အထိ ၁၃ နှင့်နီးပါး ကာလအတွင်း အကောင် ၃၀ ရှိပြီ ဖြစ်၏။ (သေသည်ကို မတွေ့ရ၍ စာရင်းမရ၊ စာရင်းပျောက် မှတ်တမ်းမ၀င် သေဆုံးမှုများ ရှိနိုင်ပါသည်။)
ထိုဧရာဝတီလင်းပိုင် သေဆုံးမှုတွင် ၂၀၁၃ ခုနှစ်သည် စံချိန် အမြင့်ဆုံး နှစ်အနေဖြင့် ထိပ်ဆုံးရောက်လာ ခဲ့ပါသည်။ ယခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် အသေတစ်ကောင်စီ တွေ့ခဲ့ရသည်။

သြဂုတ်လတွင် တစ်လတည်း အသေနှစ်ကောင်တွေ့ရာ သေဆုံးမှု ငါးကောင်ဖြစ်၏။ သေဆုံးသော ငါးကောင်မှာ အနည်းဆုံး သုံးကောင်မှာ လျှပ်စစ်ရှော့နှင့် ပိုက်ငြိခြင်းတို့ကြောင့် သေဆုံးခဲ့ကြောင်း သေချာသည်။ ကျန်နှစ်ကောင်မှာ သေပုံသေနည်း မသေချာပါ။ ပုပ်ပွနေသော အခြေအနေတွင်မှ တွေ့ရ၍ မည်သည့်အကြောင်းကြောင့် သေသည်ကို မှန်းဆရခက်ပါသည်။ တစ်နှစ်အတွင်း သေဆုံးမှု အရေအတွက်မှာ ၂၀၀၉ ခုနှစ်ကလည်း ငါးကောင်ရှိခဲ့ရာ အမြင့်ဆုံး သေဆုံးသည့်နှစ်များ ဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ နိုင်ငံတော် ပြည်ထောင်စုအစိုးရက ၀န်ကြီးဌာန အဆင့်ဖြင့် ဆောင်ရွက်နေပေသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ၀န်ကြီးဌာနအဆင့် ဖွဲ့စည်းရာ၌  ယခင်က ရှိပြီးဖြစ်သော သစ်တောရေးရာ ၀န်ကြီးဌာနနှင့် ပူးတွဲကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနဟူ၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုဆောင်ရွက်ချက်သည် မျက်မှောက် အဖြစ်အပျက်များအပေါ် ထိရောက်စွာ ဆောင်ရွက်နိုင်မှု ရှိမရှိမှာ ပြန်လည်သုံးသပ်ရန် လိုမည်ဟု ထင်ပါသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဟု ကောက်ချက်ချရပါမည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကို ဆောင်ရွက်ရာ၌ လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ကာကွယ်ဆောင်ရွက်ရာ၌ လည်းကောင်း၊ ဘာသာရပ် အကြောင်းအရာ စုံအတွက် ပညာပေး၊ စည်းကမ်းတင်းကျပ်၊ ဥပဒေ ထုတ်ပြန်အရေးယူ အပြစ်ပေးရန် ကိစ္စများ၊ ဆောင်ရွက်ဖွယ်ရာ ကိစ္စများမှာ ထွေပြားများလှပါသည်။

လက်ရှိအားဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ရန် ကိစ္စအများအပြားတွင် အဆင်မြင့် ဆောင်ရွက်နေရာ၌ ရှင်းရမည့် ပြဿနာ အများအပြားကို ထိရောက်စွာ ဖြေရှင်းရန်၊ ကာကွယ်ရမည့် ကိစ္စများကို ထိရောက်စွာ ကာကွယ်ရန်၊ အရေးယူရမည့် ကိစ္စများကိုလည်း ထိရောက်စွာ အရေးယူနိုင်ရန် လိုအပ်ပါသည်။

တကယ်တော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်စပ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများမှာ များစွာကျယ်ဝန်း လှပါသည်။ ဆောင်ရွက်ကွပ်ကဲရမည့် အလုပ်များတွင် သစ်တော၊ သစ်ပင်များ ကိစ္စလည်း ပါသည်။ မြစ်ချောင်း၊ အင်းအိုင်၊ ရေတိမ်ဒေသ၊ ပင်လယ်ပိုင်း ကိစ္စများလည်း ပါသည်။ လယ်ယာစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ ရွှေနှင့်ကျောက်မျက် ရောင်းဝယ်ရေး စွမ်းအင်၊ ရေနံကိစ္စများလည်း ပါသည်။ တူးဖော်ရေး သယ်ဆောင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကိစ္စများလည်း ပါသည်။ သားငှက်တိရစ္ဆာန်များ ကိစ္စလည်း ပါသည်။ မြေထု၊ လေထု၊ ရေထုမညစ်ညမ်း၊ မပျက်စီးရေးလည်း ပါသည်။ ထို့အပြင် စည်းကမ်းသတ်မှတ်မှု၊ ပညာပေးမှု၊ ကာကွယ်မှု၊ အရေးယူမှု၊ အပြစ်ပေးမှုများကို ဆောင်ရွက်ရမည်ဖြစ်ရာ ပြည်ထဲရေးနှင့် တရားရေးတို့သည်လည်း အဓိကကျသော နေရာမှ ပါရှိနေသည်။ ဖြစ်ပေါ်လာသော မတူညီသည့် အဖြစ်အပျက် လုပ်ဆောင်ဖွယ်ရာများ အလျောက် မတူကွဲပြားသော ၀န်ကြီးဌာနပေါင်းစုံနှင့် ပတ်သက်၍ ဆက်စပ်ဆောင်ရွက်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ တာဝန်ကြီးမား၍ ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ် ကျယ်ဝန်းလှသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စကို ၀န်ကြီးဌာန အဆင့်ဖြင့်သာ ဆောင်ရွက်နေမည် ဆိုပါက ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်မှာ နိုင်ငံတော် အနေဖြင့် ၀န်ကြီးဌာနထက်မြင့်သော အမျိုးသားကော်မရှင်၊ အမျိုးသားကောင်စီ၊ အမျိုးသားကော်မတီ အဆင့်မျိုးဖြင့် လုပ်ဆောင်မှသာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပါသည်။
နိုင်ငံတော်အဆင့် အမျိုးသားအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် သင့်ပါသည်။ ထိုအဖွဲ့အစည်းတွင် သက်ဆိုင်ရာ အဆင့်အလိုက် လုပ်ပိုင်ခွင့်၊ အခွင့်အာဏာနှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသော လိုအပ်သည့် ဌာနပေါင်းစုံမှ ပုဂ္ဂိုလ်များ ပြင်ပပညာရှင်များတို့နှင့် ဖွဲ့စည်းကာ နိုင်ငံ့အကျိုးကို ရှေ့တန်းတင် ဆောင်ရွက်သင့်ပါပြီဟု ရေးသားအပ်ပေသည်။

Written by စိန်မျိုးမြင့် 

Monday, November 25, 2013

ကြာဇံချက် နှင့် ရှောက်သီးသုပ်

ကြာဇံချက်


ကြာဆံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်လေးပါ။ နေ့လည်အစာပြေ အဖြစ်ပဲဖြစ်ဖြစ်၊ ထမင်းနဲ့ တွဲဖက် ဟင်းချိုအဖြစ်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ လုပ်ရလွယ်ပြီ စားလို့လည်း ကောင်းသည်မို့ ခုပဲ ကြာဇံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်ကို တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  • ပဲကြာဇံ – ၁၅ကျပ်သား (၂၄၀ ဂရမ်)
  • ကြက်ရိုး – ၃၀ကျပ်သား(၄၈၀ ဂရမ်)
  • ငါးဖယ် – ၁၀ ကျပ်သား (၁၆၀ ဂရမ်) Optional
  • မှိုခြောက် – ၂ကျပ်သား (၃၂ ဂရမ်)

  • ပဲခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ပန်းခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ငုန်းဥ – ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကြက်သွန်နီ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • နနွင်းမှုန့် -  လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးပါ)
  • နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
  • သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
  • ငါးငံပြာရည်


ပြင်ဆင်နည်း
၁။ အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။
၂။ ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီ ကြက်ရိုးများကို ပြုတ်ထားပါ။


၃။ ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီ ကြက်ရိုးမှ အသားများ နွှင်းပေးပါ။
၎။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီ ပါးပါးလှီးပေးပါ။
၅။ ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။


၅။ ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီ အသားနွှင်းထားသော ကြက်သားများကို ထည့်ပေးပါ။
၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပြန်လျှင်မီးပိတ်လိုက်ပါ။


၇။ ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုန်းဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။


ချက်ပြုတ်နည်း
၁။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။
၂။ ဆူလာလျှင် ကြက်သား၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုန်းဥ ၊ ကြာဇံတို့ကို ထည့်ပြီ ၅မိန်ခန့် အဖုံးအုပ်ထားပါ။
၃။ အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား၊ တို့ကို ထည့်ပြီေ၇ာမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။

၎။ စောက်ပန်းကန်တစ်ခုထဲ ကြာဇံချက် လောင်းထည့် အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ…


မှတ်ချက် ။ ။ ကြာဇံချက်ကို ချက်ချင်း မသုံးဆောင်သေးလျှင် ကြာဇံကို ချက်တဲ့အခါ ထည့်မချက်ပဲ သက်သက်အိုးဖြင့် ပြုတ်ပြီ ဆယ်ထားပါ။ စားမှ ပန်းကန်ထဲ ကြာဇံကို ထည့်ပြီ ကြာဇံချက်အရည်ဖြင့် တွဲဖက် သုံးဆောင်ပါ။

ရှောက်သီးသုပ်
  • ရှောက်သီး – ၂လုံး (အခွံနွာ၊ အစေ့ထုတ်ပြီ ရှောက်သီး နွှာယူပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းထားပါ)
  • ကြက်သွန်နီ – ၆လုံး (ပါးပါးလှီးပါ)
  • ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)
  • ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးစိမ်း – ၈တောင့် (ပါးပါးလှီးပါ)
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံထဲတွင် (ရှောက်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား) တို့ကို ထည့်လိုက်ပါ။
၂။ သမအောင် လက်ဖြင့် ခပ်ဖွဖွ ရောနုယ်ပြီ  အပေါ်မှ နံနံပင်အုပ်ကာ ကြာဇံချက်ပူပူလေး နှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…

”ဟင်းတွဲစားချင်သူများအတွက် ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို တွဲဖက်သုံးဆောင်နိုင်ပါတယ်”


Credit: http://www.wutyeefoodhouse.com/?p=5184%2F 

မှောင်မိုက်မှာငို ကမ္ဘောဒီးယား မိန်းမပျိုတို့ ဘဝ



သူတို့ ဘားဆိုင် သို့မဟုတ် ကဖေးဆိုင် တစ်ဆိုင်ဆိုင်တွင် ထိုင်ရင်း အချိန်ဖြုန်းကြသည်။ သူတို့ ကလေးတွေနှင့် အတူတူ ကစားလေ့ ရှိကြသည်။ ဇနီးမယားများနှင့်အတူ ဈေးဝယ် ထွက်ကြသည်။ ကမ္ဘောဒီးယား အမျိုးသားများ၏ ဘဝကို ကြည့်လိုက်လျှင် ထူးခြားသည်ဟု မထင်ရ။ သို့သော် အသက် ၁၈ နှစ်မှ ၄၉ နှစ်အတွင်း အမျိုးသား ၅ ဦးတွင် တစ်ဦးသည် အမျိုးသမီးများကို မုဒိမ်းမှု ကျူးလွန်ရာတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက် နေတတ်သည်။ ကြောက်ခမန်းလိလိ ဦးရေ ဖြစ်သည်။ ထိုနှုန်းအတိုင်းဆိုလျှင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား ၅၁၀,၀၀၀ ဦးသည် မုဒိမ်းသမားတွေ ဖြစ်နေကြသည့်သဘော ဖြစ်သည်။

ကုလသမဂ္ဂ ဒေသဆိုင်ရာ သုတေသန ပြုလုပ်သူများသည် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ပါပူအာနယူးဂီနီနှင့် သီရိလင်္ကာ နိုင်ငံများသို့ ကွင်းဆင်းပြီး အမျိုးသမီးများ လိင်အကြမ်းဖက် ခံရမှုဆိုင်ရာ သဘောထား စစ်တမ်းများကို ကောက်ယူခဲ့ကြသည်။ ထိုနိုင်ငံများထဲတွင် ကမ္ဘောဒီးယား နိုင်ငံသည် အခြားအာရှ နိုင်ငံများထက် အမျိုးသမီးများအပေါ် အဓမ္မကျင့်ခြင်း၊ မုဒိမ်းကျင့်ခြင်း အများဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
ကမ္ဘောဒီးယား နိုင်ငံတွင် အဘွားအရွယ်မှသည်၊ အမေအရွယ်၊ သမီးအရွယ်တို့သည် ကိုယ်ကာယ ညှဉ်းပန်း နှိပ်စက်မှု၊ စိတ်ညှဉ်ပန်း နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုဒဏ်ကို အများဆုံး ခံနေရသည့် တိုင်းပြည် ဖြစ်နေကြောင်း တွေ့ရသည်။ ဘုရင့် နိုင်ငံတော်အဖြစ် နာမည်ကျော်ခဲ့သော ထိုနိုင်ငံတွင် ‘ဖျော်ဖြေရေး လုပ်သား’ ဆိုသူ ပေါင်းများစွာ၏ ဘဝမှာလည်း ရင်လေးဖွယ်ရာ ဖြစ်သည်။ ထိုကဲ့သို့ နာမည်လှလှလေး ခေါ်ထားသည့် အလုပ်သမား ဆိုသူများကို နိုင်ငံတကာ နားလည်သည့် စံနှုန်းအတိုင်း ခေါ်ဝေါ် သုံးစွဲရလျှင် ‘လိင်လုပ်သား’၊ ‘လိင်ကျွန်’၊ ‘ပြည့်တန်ဆာ’ များဟုသာ ဆိုရမည် ဖြစ်သည်။

ညအချိန် လမ်းပျော်လေးများကို ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းတို့သည် ပုံမှန် အလေ့အထလို ဖြစ်နေသည်။ ဤဇာတ်လမ်းတွင် မှတ်တမ်းတင်ရမည့် အမျိုးသမီးလေးဦး ရှိပါသည်။ သူတို့နှင့် အင်တာဗျူးခွင့်လည်း ရခဲ့သည်။ သူတို့ လေးဦးစလုံး ဖနွမ်းပင် လွတ်လပ်ရေး ပန်းခြံနှင့် အိုလံပစ် အားကစားရုံ တစ်ဝိုက်တွင် ကျက်စားနေသူများ ဖြစ်သည်။ အကြမ်းဖက်ချင်သူများ မကြာခဏ ရောက်လာ တတ်သောကြောင့် သူတို့ဘဝကလည်း ကျီးလန့်စာ စားဆိုသလို ဖြစ်နေသည်။ ကိုယ်နှင့်ရင်းပြီး လုပ်စားနေရသော ဘဝမှာ အင်မတန် အန္တရာယ် များလှကြောင်း သူတို့က ဆိုသည်။ သို့သော် သူတို့က ကျင့်သားရနေကြပြီ ဖြစ်သည်။

ဆိုကနာ (၃၅ နှစ်)
ကျွန်မကို အုပ်စုလိုက် အနိုင်ကျင့်တာတွေ များလွန်းလို့ ဘယ်နှကြိမ် ဆိုတာတောင် မမှတ်မိတော့ဘူး။ ကျွန်မ ဒီအလုပ်ကို ၁၇ နှစ် သမီးလောက် ကတည်းက လုပ်ခဲ့တာ။ ဖောက်သည် အမျိုးမျိုးရဲ့ စရိုက် အမျိုးမျိုးကိုလည်း ကျွန်မကောင်းကောင်း ကျွမ်းပြီးသား။ ကျွန်မဆီ ရောက်လာကြတဲ့ လူတွေက အရက်လေးတွေ ထွေလာတတ်ကြတာ များတယ်။ မူးယစ်ဆေး သုံးလာတဲ့ သူတွေတောင် ပါတယ်။ သူတို့က ရိုးရိုးလာပျော်ကြတာ မဟုတ်ဘူး။ ကြမ်းချင် ရမ်းချင်ကြတယ်။ ဒါကြောင့် ကျွန်မ ဓားကို ကိုယ်နဲ့မကွာ ဆောင်ထားရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့။ ဒါပေမဲ့ လူများလာရင်တော့ ငြိမ်နေလိုက်တာ အကောင်းဆုံးပဲ။ ငြိမ်မနေရင် ကိုယ့်ကို သတ်သွားမှာပေါ့။

ကျွန်မမှာ ညီအစ်ကို မောင်နှစ်မ ငါးဦးရှိတယ်။ အဖေဆုံးတော့ အမေကလည်း နေမကောင်းဘူး။ သူတို့ ကို ပိုက်ဆံရှာပေးဖို့ ကျွန်မအလုပ် လုပ်ရတော့တာပေါ့။ ကျွန်မ ဒီအလုပ်က လွဲပြီးတော့ ရွေးချယ်စရာလည်း မရှိဘူး။ ပညာကလည်း မတတ်ဘူးလေ။ လူတစ်ယောက်က အလုပ်ပေးဖို့ မိန်းကလေး ငယ်ငယ်လေးတွေကို ရှာနေတယ်ဆိုတာ သတင်းကြားလိုက်တယ်။ အဲဒီအချိန်က ကျွန်မ အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ သူက ကျွန်မကို သူ့ဖောက်သည် တစ်ယောက်က ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက်နဲ့ အိပ်ချင်နေတယ်လို့ ပြောတယ်။ ဒါနဲ့ ကျွန်မလည်း သူပြောတဲ့လူနဲ့ အိပ်လိုက်ချိန်က စပြီး ဒီဘဝကို ရောက်ခဲ့ရတော့တာပဲ။

အသက် ၂၈ နှစ်မှာ ဖောက်သည်တွေက ကျွန်မကို သိပ်မလိုချင်တော့ဘူး။ ကျွန်မကို အိုပြီတဲ့လေ။ ဒါနဲ့ပဲ ကျွန်မ အဲဒီအိမ်က ထွက်ခဲ့ရတယ်။ ဖောက်သည်တွေ မရှိတော့ ဇိမ်ခန်း ပိုင်ရှင်ကို ငွေလည်း ရှာမပေးနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မလမ်းပေါ်ကို ရောက်လာရတာ။ လမ်းပေါ်မှာဆိုတော့ ဇိမ်ခန်းလို စောင့်ရှောက်ပေးမယ့် သူတွေလည်း မရှိတော့ဘူး။ ပြီးခဲ့တဲ့ အပတ်က ကျွန်မကို လူတစ်ယောက်က တံတားတစ်ခုဆီ ခေါ်သွားတယ်။ တံတားအောက်မှာ လူလေးယောက်တောင် စောင့်နေကြတာ။ သူတို့မှာ ဓားတစ်ချောင်းပါတယ်။ ကျွန်မကို ခြေထောက်ကို ဒဏ်ရာရအောင် လုပ်ပြီး အားလုံးဝိုင်းပြီး အဓမ္မ ကျင့်ကြတော့တာပဲ။ ကျွန်မကို သူငယ်ချင်း တစ်ယောက်က ဆေးရုံခေါ်သွားပြီး ဓားဒဏ်ရာကို ကုပေးရတယ်။ ကျွန်မ မိသားစုကတော့ ကျွန်မကို ခုထိဖနွမ်းပင်မှာ စားပွဲထိုး လုပ်နေသေးတယ် လို့ပဲ ထင်နေကြတယ်။

ဘိုဖာ (၂၉ နှစ်)
ကျွန်မမိသားစုက ဗီယက်နမ်မှာ နေတယ်။ သူတို့က အလွန်ဆင်းရဲတော့ ဖနွမ်းပင်မှာနေတဲ့ ဦးလေးဆီကို ပို့လိုက်တယ်။ ဒီရောက်တော့ ကျွန်မ ဘီယာဆိုင် တစ်ဆိုင်မှာ အလုပ်လုပ်ရတယ်။ အဲဒီအချိန်မှာ ကျွန်မအသက် ၁၅ နှစ်ပဲ ရှိသေးတယ်။ အခြားကောင်မလေးတွေက ဘီယာ လာသောက်တဲ့သူတွေ ဟိုကိုင်သည်ကိုင် လုပ်ရင် ငြိမ်ခံကြရတယ်။ အဲဒီလို ငြိမ်နေရင် ပိုက်ဆံရတယ်။ ကျွန်မလည်း သူတို့လမ်းစဉ်အတိုင်း လိုက်လုပ်ရတော့တာပေါ့။

ကျွန်မအလုပ်ပြုတ်တော့ ဝပ်ဖနွမ် ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မရဲ့ သူငယ်ချင်းတွေက အဲဒီပတ်ဝန်းကျင်မှာ ကျင်လည်နေကြတာ ကြောင့်ပါ။ ကျွန်မနဲ့ ကြုံရတဲ့ ဖောက်သည်တွေက ဆင်းရဲကြတာ များတယ်။ ဒါကြောင့် ပိုက်ဆံပေးမယ် ပြောပြီး ခေါ်တယ်။ ပိုက်ဆံ မပေးလို့ ငြင်းရင် အဓမ္မ ကျင့်ကြတော့တာပဲ။

အုပ်စုလိုက်လာပြီး အဓမ္မကျင့်တာ များလွန်းလို့ မှတ်တောင် မမှတ်မိတော့ဘူး။ ဖြစ်လိုက်တိုင်းလည်း တစ်ပုံစံတည်းပဲ။ တစ်ယောက်တည်း လာမယ်။ တည်းခိုခန်းသွားမယ် ပြောတယ်။ ဒါပေမဲ့ သူခေါ်သွားတာက တစ်နေရာ။ နောက်က အုပ်စုလိုက် လိုက်လာကြတယ်။ ဒါမှမဟုတ် တစ်နေရာရာမှာ အသင့်စောင့်နေကြလိမ့်မယ်။

ပထမဆုံး အုပ်စုလိုက် အဓမ္မ အကျင့်ခံရတုန်းက လူတစ်ယောက် ကျွန်မကို ဆိုင်ကယ်နဲ့ လာခေါ်တယ်။ သူက မြို့စွန်တစ်နေရာ သွားမယ်ဆိုပြီး ခေါ်ခဲ့တာ။ နောက်က ဆိုင်ကယ်တွေနဲ့ လူလေးငါးယောက်လောက် လိုက်လာတယ်။ သူကဆိုင်ကယ်ကို အမြန်နှုန်းတင်ပြီး မောင်းနေတော့ တစ်ခုခု လုပ်တော့မယ်ဆိုတာ သိပေမယ့် ခုန်လည်း မချရဲဘူး။ တောစပ်နားရောက်တော့ ဆိုင်ကယ် တွေရပ်ပြီး တောထဲကို ဆွဲခေါ်သွားတယ်။ သူတို့ ခြောက်ယောက်လောက် ရှိမယ်။ တစ်ယောက်ပြီး တစ်ယောက် အဓမ္မ ကျင့်ကြတယ်။ ကျွန်မအော်တော့ ကျွန်မမျက်နှာကို ဖြတ်ရိုက်ပြီး လည်ပင်းကိုလည်း ညှစ်ထားကြတယ်။ လူတစ်ယောက်မှာ ဆိုရင် သေနတ်တောင် ပါတယ်။ သူက ကျွန်မခေါင်းကို သေနတ်နဲ့ ချိန်ထားတယ်။ သူတို့အားလုံး ကိစ္စပြီးသွားတော့ ကျွန်မဆီမှာရှိတဲ့ ပိုက်ဆံတွေအားလုံး ယူပြီး တောထဲမှာ ဒီအတိုင်း ပစ်ထားခဲ့ကြတယ်။

ဆရေမမ် (၂၄ နှစ်)
ကျွန်မ အသက် ၁၄ နှစ်သမီး လောက်အထိ ညီမ ဆရေနီနဲ့အတူ ပလတ်စတစ် ရေပုလင်းအခွံတွေ ကောက်ခဲ့သေးတယ်။ နောက်တော့ ဖနွမ်းပင်နဲ့ သိပ်မဝေးတဲ့ ကန်ဒဲလ်အရပ်က ကာရာအိုကေဆိုင်မှာ သွားပြီး အလုပ်လုပ်တယ်။ အဲဒီမှာ အလုပ်လုပ်တာ သိပ်မကြိုက်ဘူး။ အဲဒီကလူတွေက အမြဲမူးနေပြီး ဟိုကိုင်သည်ကိုင် အရမ်းလုပ်ကြတယ်။

ကျွန်မက အဲဒီအချိန်အထိ အပျိုလေးဆိုတော့ ဒီလိုလုပ်တာတွေကို မကြိုက်ပေမယ့် ပိုင်ရှင်က အတင်းပဲ သူတို့အလို လိုက်ရမယ်ဆိုပြီး ပြောထားတယ်။ ဒီလိုနဲ့ တစ်ညမှာ ဧည့်သည်တွေက ကျွန်မကို အရက်တွေ အတင်းတိုက်ကြတယ်။ ကျွန်မမူးနေတော့ ဆိုင်ရှင်က ကျွန်မကို ပထမဆုံး အဓမ္မ ကျင့်တော့တာပဲ။ ကျွန်မ သူဆိုတာ သိပေမယ့် မူးနေတော့ ဘာမှပြန်ပြီး မလုပ်နိုင်ဘူး။ နောက်ပိုင်း ဖောက်သည်တွေ ခေါ်တာကို လိုက်ရတော့တာပဲ။ ကျွန်မမှာ မိသားစုအတွက် ပိုက်ဆံအများကြီး ပို့ပေးဖို့ လိုနေတယ်။

အသက် ၁၇ နှစ်ရောက်တော့ ကျွန်မထက် အသက်အများကြီး ကြီးတဲ့ လူတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။ သူကကျွန်မကို ပိုက်ဆံ နည်းနည်းပါးပါး ပေးတယ်။ သူ့ကို အလိုရှိရှိ၊ မရှိရှိ သူလိုအပ်ချိန်မှာ သူနဲ့ အိပ်ပေးရတယ်။ မကောင်းတဲ့ အလုပ်ကို ဆက်မလုပ်ရတော့ပေမယ့် အဲဒီ အဘိုးကြီးအတွက် ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထိုင်မွေးပေးနေရတော့တာပဲ။
အဘိုးကြီး သေသွားတော့ ကလေးတွေကို ကျွေးဖို့ ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ဒါနဲ့ တခြားဘယ်လို နည်းကိုမှ ကြံရာမရလို့ မူလအလုပ်ကိုပဲ ပြန်ပြီးတော့ လုပ်ရတော့တာပဲ။ ကျွန်မအရင် အလုပ် လုပ်ခဲ့တဲ့ နေရာကိုပဲ ပြန်လာရတယ်။ သူတို့ကလည်း ကျွန်မကို ပြန်လက်ခံပြီးတော့ အကူအညီ ပေးတယ်။ နောက်ဆုံး ဖောက်သည်တွေက ရိုက်ရင်တောင် ဝိုင်းပြီးတော့ ကာကွယ်ပေးကြတယ်။

တစ်ညကို ဖောက်သည် လေးယောက် လက်ခံပေးရတယ်။ အိမ်ကို ပြန်လာရင် လူလည်း လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ ဖောက်သည် တစ်ယောက်မှ မရတဲ့ ညတွေကို တွေးပြီး ကြောက်နေတယ်။ ပိုက်ဆံမရရင် ကျွန်မကလေးတွေကို ဘယ်လိုကျွေးရမလဲ။ အိမ်လခ ဘယ်လို ပေးရမလဲတွေးပြီး အရမ်းပူပန်ရတယ်။

ဆရေနီ (၂၂ နှစ်)
ကျွန်မ မိသားစုက အရမ်းဆင်းရဲတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ပလတ်စတစ် ရေဘူးခွံတွေ ကောက်ရတယ်။ ကျောင်းလည်း မတက်ဖူးဘူး။ အသက် ၁၆ နှစ်မှာ အိမ်ထောင် ကျခဲ့တယ်။ ကလေးရလာတော့ အိမ်တွင်းမှုပဲ လုပ်ရတယ်။ ကျွန်မ ယောက်ျား ထောင်ကျ သွားတော့ ပညာမတတ် ဘာမတတ်နဲ့ ပိုက်ဆံရှာဖို့ လိုလာတာပေါ့။ ကျွန်မအစ်မက ဒီအလုပ်ကို လုပ်နေတယ်ဆိုတာ သိတယ်။ ဒါကြောင့် ကျွန်မ အတွက်လည်း ဒီဘဝရောက်ဖို့ သိပ်မခက်ပါဘူး။

တစ်ညမှာ တည်းခိုခန်းထဲ ဖောက်သည် တစ်ယောက် ခေါ်တာ လိုက်သွားရင်း အဲဒီလူက ထိုးတာကို ခံလိုက်ရတယ်။ ပြီးတော့ ကျွန်မကို လည်ပင်းလည်း ညှစ်တယ်။ ကျွန်မလည်း ဘေးမှာရှိတဲ့ ဒေါက်မြင့် ဖိနပ်ကို ကောက်ပြီး ခေါင်းကို ရိုက်ထည့် လိုက်တယ်။ သူကျွန်မအနားက ခွာသွားတုန်း ကျွန်မလည်း အသံကုန်အော်ပြီး အကူအညီ တောင်းရတယ်။ တည်းခိုခန်း ပိုင်ရှင် ရောက်လာပြီး ကယ်လို့ တော်သေးတယ်။

ဖောက်သည်တွေက တော်တော်လေး ဆိုးပါတယ်။ ဒါပေမဲ့ ကျွန်မက ဖောက်သည်တွေထက် ရဲကို ပိုကြောက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရဲလာပြီဆိုရင် ကျွန်မတို့ ပြေးရ ပုန်းကြရတယ်။ တစ်ခါလောက် ဖမ်းမိလိုက်ပြီ ဆိုရင် ဖမ်းလာတဲ့ လမ်းတစ်လျှောက် သူတို့ သေအောင် ရိုက်တာကို ခံရတာက ပိုပြီးဆိုးတယ်။ ကျွန်မ တစ်ကိုယ်လုံးမှာ ပွန်းပဲ့နေတဲ့ ဒဏ်ရာတွေကိုသာ ကြည့်ပါတော့။

အယ်ဒီတာတစ်ဦး
Ref : Dangerous Minds, Denise Hruby (South East Asia Globe, 15, November, 2013)
===================
  •  ကမ္ဘောဒီးယားနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် လုပ်ကိုင်ခွင့်မရှိပေ။ ထို့ပြင် ဇိမ်ခန်း ထောင်ခြင်း၊ လူပွဲစားလုပ်ခြင်း များကိုလည်း ဥပဒေအရ ခွင့်ပြုထားခြင်း မရှိပေ။
  • ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည့်တန်ဆာ လုပ်ငန်းကို ခွင့်ပြုထားခြင်း မရှိသော်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လူကုန်ကူးခြင်း လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
  • ဖနွမ်းပင်တွင် ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးနေသူပေါင်း ၁၄,၇၂၅ မှ ၁၈,၂၅၀ ကြားတွင် ရှိသည်။ ထိုအထဲတွင် အရွယ် မရောက်သေးသည့် ကလေးသူငယ်များလည်း ပါသည်။ လူဦးရေ တစ်သန်းခန့်သာ ရှိသည့် မြို့တွင် ပြည့်တန်ဆာ ဖြစ်နေသည့် ဦးရေကို နှိုင်းယှဉ် နိုင်ပါသည်။ ထိုအထဲတွင် တရုတ်နှင့် ဗီယက်နမ် နိုင်ငံများက လာရောက် လုပ်ကိုင်နေကြသူ ၃၅ ရာခိုင်နှုန်း ရှိသည်။
  • ဖနွမ်းပင် လမ်းပေါ်ရှိ အမျိုးသမီး ပြည့်တန်ဆာများကို ဒေါ်လာ ၁၅၀ မှ ဒေါ်လာ ၄၅၀ အထိပေးပြီး ပျော်ပါးနေကြသည်။ ယောက်ျား ပြည့်တန်ဆာ အလွန်ရှားသော်လည်း ၂ ဒေါ်လာမှ ၅ ဒေါ်လာအထိ ပေးလျှင် ရနိုင်သည်။
  • ကမ္ဘောဒီးယားသို့ လိင်အပျော်ခရီး အနေနှင့် ရောက်လာကြသော နိုင်ငံခြားသားများတွင် အပျိုစင် ပန်းဦးပန်ရန် ဆိုသည့် အတွေ့အကြုံမျိုးကို ရယူချင်သောကြောင့်လည်း ပါသည်။
  • တစ်နိုင်ငံလုံးတွင် ကလေး ပြည့်တန်ဆာပေါင်း ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားတွင် ရှိကြောင်း ကနေဒါ အခြေစိုက် Future Group NGO အဖွဲ့က ဆိုသည်။
  • ကုလသမဂ္ဂ အစီရင်ခံစာအရ - အရက်သည် ကမ္ဘောဒီးယားနိုင်ငံ မုဒိမ်းမှုကို ဖြစ်ပွားစေသည့် အခြေခံ အကြောင်းတရား ဖြစ်သည်။ အရက်ကြောင့် ဒေါသများထွက်ပြီး လုပ်မိလုပ်ရာ လုပ်ခဲ့သောကြောင့် ပြစ်ဒဏ် ကျခံခဲ့ရသူ ၄၂ ရာခိုင်နှုန်း ရှိသည်။
  • ကုလသမဂ္ဂ အစီရင်ခံစာအရ - ကမ္ဘောဒီးယား နိုင်ငံတွင် ခင်ပွန်း သို့မဟုတ် ရည်းစား မဟုတ်သူများက အဓမ္မ ကျင့်မှုများထက် အုပ်စုဖွဲ့ပြီး အဓမ္မကျင့်မှု ပိုများသည်။ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွင် ပါဝင်မှုက ဖြစ်ပွားသော မုဒိမ်းမှု၏ ၂၃ ရာခိုင်နှုန်း ရှိသည်။
  • ကုလသမဂ္ဂ အစီရင်ခံစာအရ - ကမ္ဘောဒီးယား ယောက်ျားများသည် မိန်းမများပေါ်တွင် ကိုယ်ခန္ဓာကို အကြမ်းဖက် နှိပ်စက်ခြင်းထက် လိင်အကြမ်းဖက် နှိပ်စက်မှုများကို ပိုပြီး လုပ်ဆောင်လေ့ ရှိကြသည်။
  • ကုလသမဂ္ဂ အစီရင်ခံစာအရ - ကမ္ဘောဒီးယားနိုင်ငံ ယောက်ျား ၄၅ ရာခိုင်နှုန်း ခန့်သည် ယောက်ျားနှင့် မိန်းမ ဆက်ဆံရေးကို လိင်ကိစ္စမှတစ်ပါး မေတ္တာတရားနှင့် ဆက်ဆံမှုမျိုး မရှိကြပေ။
Sources: Child & Women Abuse Studies Unit, 2013 November 18 Report; Prezi.com;