Monday, September 30, 2013

ကြုံကြရ ဘုံဘ၀က ငပိဒုက္ခ (ဒေါက်တာခင်မောင်ညို)


“ကိုဘသစ် နက်နက်စောစောကြီးဘယ်ကလှည့်လာတာလဲ”

“မော်လမြိုင်ကပြန်လာတာပါ။ ကျုပ်ဘကြီးတစ်ယောက်နေမကောင်းလို့သွားကြည့်တာ၊ဘကြီးကအသက် ၈၁ နှစ်ရှိပြီ”

“အခြေအနေဘယ်လိုရှိလဲ”

“ကောင်းသွားပါပြီ။ ဘကြီးတို့က ခြံထဲမှာနေတော့လေကောင်းလေသန့်ရတယ်။သန်သန်မာမာဆိုပေမဲ့ ဘကြီးစကားနဲ့ဆိုရင် ဇရာထောင်းတော့ ဘယ်ဟာမှမကောင်းဘူး ကွ လို့ပြောရမှာပဲ”

“အင်းဇရာကိုညာလို့မရဘူး”

“ဒါနဲ့ဘာသတင်းထူးသေးလဲ”

“ခင်ဗျားပြောတဲ့ ငပိကိစ္စတော့ထူးတယ်ဗျ၊ MRTV ကသတင်းတွေထုတ်ပြန်တယ်”

“ဟုတ်လား၊လုပ်စမ်းပါဦး”

“သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့သတဲ့”

“ဓာတ်ခွဲခန်းပို့လည်း ယူရီးယားတွေ့မှာပဲပေါ့”

“မတွေ့ဘူးတဲ့၊ ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်ပေါ့။ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ်လို့ဗအုပ်ခိုင်ကကောက်ချက်ချတယ်”

“ကိုဘအုပ်ခိုင်ကောက်ချက်ချတာကိုကြားတော့ ကျုပ်ဘကြီးပြောတာကိုသတိရတယ်”

“ကျုပ်မော်လမြိုင်သွားတယ်လေ၊ဘကြီးနေမကောင်းလို့သွားကြည့်တာ၊ကျုပ်ပြောပြတယ်မဟုတ်လား”

“ပြောပါတယ်”

“မော်လမြိုင်ရောက်တော့ဘကြီးကနေကောင်းနေပြီ၊ သူ့ကိုကြက်ပေါင်းရည်တို့ ငှက်သိုက်တို့ကို တိုက်တော့မသောက်ဘူး။ဒါနဲ့ ဘကြီးကိုမေးတာပေါ့။

‘ဘကြီး ၊ ဘာလို့ဒါတွေမသောက်လဲ”

“ဒါတွေက ဓာတုဗေဒပစ္စည်းတွေပါမယ်လေ”

“ဟင်ဘကြီးဘယ်လိုလုပ်သိလဲ”

“သိဆို ကြက်ပေါင်းရည်ဆိုတာ ခဏလေးထားရင်တောင် ပုတ်သွားတာပဲလေ။တစ်ညလောက်ကြာရင်သိုးသွားတာပဲ”

“ဒါနဲ့ကျုပ်လည်းဘကြီးကို ဒါတွေမတိုက်ရဲတော့ဘူး။ ကြာကြာခံအောင်လုပ်ထားတဲ့အစာဆိုတာ တစ်စုံတစ်ခုထည့်ရတယ်။ ဥပမာ ငါးဆားနယ်ဆိုကပါတော့ ဆားက မပုတ်အောင်လုပ်ထားတယ်။ ငါးသေတ္တာဆိုဆီက မပုတ်အောင်လုပ်ထားတာပေါ့”

“အင်းဒါကြောင့်မြန်မာဆိုင်က  ဟင်းတွေဆီများတာပေါ့”

“ဟုတ်တယ်၊မြန်မာပြည်လိုပူတဲ့ ဒေသတွေမှာ ဟင်းတွေမှာ ဆီတွေအုပ်နေမှမပုပ်သိုးတာပေါ့။ရေခဲသေတ္တာထဲထည့်ပြီး ထားရင် နှစ်ရက်သုံးရက်တော့ခံတယ်။ Freezer ထဲထည့်ထားရင် ဒီထက်ကြာကြခံတယ်”

“ခင်ဗျားဘကြီးကခေါင်းမာတာပဲ”

“သူပြောတာမှန်ပါတယ်။ အမှန်တော့အန္တရာယ.်နည်းတဲ့ Sodium Benzoate လိုမျိုးကို အစားအသောက်တွေမှာ Food Preservative အနေနဲ့ခွင့်ပြုထားတယ်။ဒါပေမဲကအချို့ကျတော့လည်း ယမ်းစိမ်း (Soium Nirate )ကိုထည့်တယ်။ ၀က်အူချောင်းတို့မှာ ထည့်တာရှေးကတည်းကပဲ”

“ဘာမှမဖြစ်ဘူးလား”

“ကင်ဆာဖြစ်တာပေါ့။ဒါကလည်းများမှပါ။ ရှောက်ယိုတွေမှာကော့ပါးဆာလဖိတ်(ဒုတ္ထာ)ထည့်တာ လည်းအန္တရာယ် များတယ်”

“စိမ်းစိမ်းလေးဖြစ်အောင်ထည့်တာပဲမဟုတ်လား”

“မှန်ပါတယ်။ အစားအသောက်တွေမှာ Adulteration ဆိုတာ မျိုးတွေအများကြီးပါ”

“ဒါဆိုရင် ငပိမှာ ယူရီးယားမြေသြဇာထည့်တယ်ဆိုတာ ခင်ဗျားလက်ခံတာပေါ့”

“ဒါကိုကျွန်တော်ဘာမှ ကောက်ချက်မပေးလိုပါဘူး။အရင်အပတ်ကကျွန်တော်ပြောသလိုပါပဲ ငါးတွေရဲ့ကိုယ်ထဲမှာ ယူရီးယားတွေပါနေတယ်။ဒါကြောင့် ကျွန်တော်က ယူရီးယားကိုငပိမှာတွေ့ရင် ဓာတ်မြေသြဇာကြောင့်ဆိုတာမပြောနိုင်ဘူး လို့ပြောခဲ့တာပဲ”

“ဒါပေမဲ့ကိုဘသစ်ရ၊ ကိုဗအုပ်ခိုင်က သူတို့ဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းစတဲ့ ငပိ Sample သုံးမျိုးကို FDA ဓာတ်ခွဲခန်းကိုပို့တယ်။ငပိ Sample သုံးမျိုးအနက် တစ်မျိုးမှာပဲ ယူရီးယားတွေ့တယ်၊ဒီလိုဆိုရင် အဲဒီတစ်မျိုးသာ ယူရီးယားဓာတ်မြေသြဇာထည့်ထားတာ ဖြစ်ရမယ်လို့ဗအုပ်ခိုင်ကကောက်ချက်ချထားတယ်”

“ဒါကြောင့်ပြောတာပေါ့၊ စောစောကစကားကိုပြန်ကောက်မယ်။ကျုပ်ဘကြီးကို အားဖြစ်စေတာတွေဘာတိုက်တိုက်မသောက်ဘူး။ဘကြီးက ‘ငါအားရှိပါတယ် မင်းဒီမှာကြည့်’ ဆိုပြီးခြံထောင့်ကိုခေါ်သွားတယ်။ ပြီးတော့ ဧရာမကျောက်တုံးကြီးကိုမပြတယ်”

“သူကျောက်တုံးကြီးကိုမပြတယ်ဟုတ်လား”

“ဟုတ်တယ်။ဒါပေမဲ့ကျောက်တုံးကြီးကိုသူမမနိုင်ဘူး”

“ဒါဆိုသူအားရှိတယ်ဆိုတာမှားနေတာပေါ့”

“ဒါပေမဲ့သူကပြောတယ်။ ‘ ဟေ့ ဒီမှာတွေ့လး။ ဒီကျောက်တုံးကိုငါ ၁၈ နှစ်သားကလည်းမ,မနိုင်ဘူး။ခုလည်းမ, မနိုင်ဘူး။ ငါ ၁၈ နှစ်သားလောက်အားရှိတုန်းပဲ’ တဲ့”

“ဟားဟား၊ သူ့လောဂျစ်ကလဲ တစ်မျိုးကြီးပဲ”

“ဒါကြောင့်ပြောတာပေါ့။ မတွေ့တာမဖြစ်တာ စောစောက ဘကြီး မ,မနိုင်တာတွေကို ကောက်ချက်ချလို့မရဘူး။ သူတို့ တကယ်လို့ ငပိဟူသ၍ ယူရီးယားပါတယ်ဆိုရင် ကျန်တဲ့ ငပိ Sampleနှစ်ခုမှာလည်း ဒီလိုယူရီးယားကိုတွေ့ရမယ် လို့ပြော တယ်။ ဒါဟာဖြစ်နိုင်သလိုမဖြစ်လည်းမဖြစ်နိုင်ဘူး။ယူရီးယားဟာ ကြာလာရင်အမိုးနိးယားနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွား တယ်။ နောက်ပြီးယူရီးယားကို ဘက်တီးရီးယားအချို့ကလည်းစားသုံးတယ်”

“ဒါဆိုသူတို့ကောက်ချက်တွေဟာမှားနေတာပေါ့”

“သိပ္ပံစကားနဲ့ပြောရင်တော့ မသေချာတဲ့ကောက်ချက်ပေါ့။တောင်ပေါ်မှာလူသုံးယောက်ကိုတွေ့တယ်။တစ်ယောက်ပဲဘုရားရှိခိုးတယ်ဒါကြောင့်ကျန်တဲ့နှစ်ယောက်ကဗဒ္ဓဘာသာဝင်မဟုတ်ဘူး ဆိုတဲ့ကောက်ချက်လိုမျိုးပါ”

“ဒီလိုကောက်ချက်ချရင်မှားလား”

“မှားနိုင်ပါတယ်။ ခုဟာက မြန်မာတစ်မျိုးသားလုံးစားသောက်နေတဲ့ ငပိကိစ္စကိုပြောတာကြောင့်သတိထားဖို့ပြောတာပါ။ ဓာတ်ခွဲခန်းကတော့ပါမပါအဖြေထုတ်ပေးတာပဲ၊ ဒါပေမဲ့တစ်ခါတစ်ခါ ဘယ်လောက်ပါတာကိပဲစမ်းလို့ ရမယ်ဆိုတာမျိုး လည်းရှိတယ်။အချို့ငပိလုပ်ရင် အူတွေကလီစာတွေကိုမထုတ်ဘူး။ အချို့က အူတွေကလီစာတွေထုတ်တယ်။ မတူဘူး။ အူကလီစာတွေပါရင် ငပိတွေထဲမှာယူရီးယားတွေများနေမှာအသေအချာပဲပေါ့”

“ဒါဆိုရင်ငပိကိုစားသုံးဖို့သင့်တယ်ပေါ့”

“ကျုပ်ကအဲဒါကိုပြောချင်တာမဟုတ်ဘူး။ လွဲမှားနေတဲ့ လောဂျစ်တွေအယူအဆတွေနဲ့ မှားတဲ့ကောက်ချက်တွေမချမိဖို့ပါ။ သိပ္ပံပညာမှာ မှန်ကန်တဲ့ကောက်ချက်တွေချလို့ ခုလိုကမ္ဘာကြီးတိုးတက်လာတာပါ။ ခင်ဗျားကိုဒီအကြောင်းတွေ ပြောပြရဦးမယ်”

“ပြောပါဗျာ၊ ခင်ဗျားဘကြီးလိုပြောချင်တာက ကျုပ်ဟာ သိပ္ပံပညာကိုအရင်ကလည်း နားမလည်ဘူး။ခုလည်းနားမလည်ဘူး၊ ဒါကြောင့် ကျုပ်က ငယ်ငယ်ကလိုပဲခုထိပညာတော်နေတာ”

“ဟားဟားဟား”

ဒေါက်တာခင်မောင်ညို

by Myanmar News Now

Saturday, September 28, 2013

HIV ကူးစက်မှု လျော့ကျလာကြောင်း ကုလသမဂ္ဂပြောကြား



ကမ္ဘာ တစ်ဝန်းတွင် HIV ကူးစက်မှုနှုန်းမှာ ၂၀၀၁ ခုနှစ်ကထက် သုံးပုံတစ်ပုံ လျော့ကျသွားကြောင်း အဓိကအားဖြင့် ကလေးငယ်များတွင် ထက်ဝက်ကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ ကမ္ဘာ တစ်ဝန်းတွင် ယမန်နှစ် စာရင်းများအရ AIDS ရောဂါဖြစ်ပွားသူ ၂.၃ သန်းရှိခဲ့ရာ ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၃ ရာခိုင်နှုန်း လျော့ကျ သွားခြင်းဖြစ်သည်။ ယမန်နှစ်က ကလေးငယ် ၂၆၀,၀၀၀ မှာ AIDS ကူးစက်ခံခဲ့ရပြီး ထိုအရေအတွက်မှာ ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံ လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်ကြောင်း သိရသည်။
HIV ပိုး ကူးစက်မှု အရေအတွက်မှာ ဆက်လက် လျော့နည်းသွားပြီး အထူးသဖြင့် ကလေးငယ်များတွင် HIV ပိုး ကူးစက်ခံရမှုမှာ သိသာစွာလျော့နည်းသွားကြောင်း UNAIDS ၏ အမှုဆောင် ဒါရိုက်တာ မိုက်ကယ် ဆစ်ဒီဘီက ပြောကြားသည်။ HIV ပိုး မိခင်မှ သန္ဓေသားသို့ ကူးစက်မှုကို ကာကွယ်နိုင်သည့် ART (Antiretroviral drugs) ဆေးများ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးပေးနိုင်ခဲ့မှု အပေါ် ၎င်းက ဂုဏ်ပြုလိုက်သည်။ ကုလသမဂ္ဂ အနေဖြင့် ကလေးငယ်များ HIV ပိုး ကူးစက်ခံရမှုကို လာမည့် ၂ နှစ်အတွင်း ၉၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ဖွယ် ရှိကြောင်းလည်း ဆစ်ဒီဘီက ပြောကြားသည်။ ကုလသမဂ္ဂက ထုတ်ပြသည့် အစီရင်ခံစာတွင် မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှုကို ကာကွယ်သည့် ART ဆေးများက ကလေးငယ် ၆၇၀,၀၀၀ ကျော်တွင် HIV ကူးစက်ခံရမည်ကို ကာကွယ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကုလသမဂ္ဂ အစီရင်ခံစာအရ အာဖရိကဒေသများတွင် HIV ပိုး ကူးစက်မှုလျော့ကျစေရန် အထူးအလေးထား ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ယမန်နှစ်က ဂါနာနိုင်ငံတွင် HIV ပိုး သယ်ဆောင်ထားသည့် မိခင်လောင်း ၉၀ ရာခိုင်နှုန်းမှာ ART ဆေးများ ရရှိခဲ့သည်။ ထိုသို့ ARTများ ပိုမို ဖြန့်ဖြူးပေးလာနိုင်ခြင်းကြောင့် ဂါနာတွင် HIV ပိုးရှိသူ မိခင်မှ သန္ဓေသားထံ ကူးစက်မှုကို ၂၀၀၉ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယမန်နှစ်က ၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း UNAIDS က ပြောကြားသည်။ လွန်ခဲ့သည့် ၃ နှစ်ကမူ ထိုသို့သော မိခင်လောင်းများ၏ ၃၂ ရာခိုင်နှုန်းသာ ART ဆေးများရရှိခဲ့ခြင်းဖြစ်သည်။
HIV ပိုး ကူးစက်မှုကို ကာကွယ်နိုင်သည့် ART ဆေးများ ပိုမိုရရှိလာနိုင်မှုကြောင့် AIDS ရောဂါနှင့် ဆက်နွယ်သည့် သေဆုံးမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ AIDS ကြောင့် သေဆုံးသူအရေ အတွက်မှာ ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ HIV ကူးစက်မှုကို ဟန့်တားနိုင်သည့် ART ဆေးမှာ AIDS ရောဂါကို ကုသနိုင်ခြင်း မရှိသော်လည်း အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်းကို သိသာစွာ ကျဆင်းစေခဲ့သည်။ AIDS ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ အရေအတွက်မှာ ယမန်နှစ်က ၁.၆ သန်းရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁.၈ သန်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ကမူ ထိုရောဂါကြောင့် သေဆုံးသူ ၂.၃ သန်းရှိပြီး အများဆုံး အရေအတွက် ဖြစ်ခဲ့သည်။

ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင် ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိ စာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။ ကုလသမဂ္ဂသည် HIV, AIDS တိုက်ဖျက်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံမှ ၂၄ ဘီလျံအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။

Planet - HIV ကူးစက်မှု လျော့ကျလာကြောင်း ကုလသမဂ္ဂပြောကြား 

ART ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိရေးနှင့် ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ မရှိစေရေး ဆောင်ရွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များအား HIV ဝေဒနာရှင်များ တောင်းဆို

 အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအတွက် ART ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိနိုင်ရေး၊ ခွဲခြား နှိမ်ချ ဆက်ဆံမှုများ မရှိစေရေးနှင့် အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ကညီဆောင်ရွက်ပေးနိုင်ရန် အတွက် အိတ်ခ်ျအိုင်ဗီ ဝေဒနာ ရှင်များက အသိပေး တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်းဆိုချက်များကို စက်တင်ဘာ ၂၄ ရက်တွင် Myanmar Positive Group (MPG) က ကြီးမှူး ကျင်းပသော (၇) ကြိမ်မြောက် National PLHIV Forum 2013 ပွဲတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရောဂါပိုး ရှိသူတွေ ခံစားနေရတဲ့ ခံစားချက်တွေ အတွက် အဓိက တောင်းဆိုမှု ငါးချက် ရှိပါတယ်။ ဆေးဝါးတွေ ရရှိဖို့နဲ့ ခွဲခြား ဆက်ဆံမှုတွေ မရှိစေရေး ဆောင်ရွက်ပေးဖို့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေကိုပါ တောင်းဆိုသွားပါမယ်။ ဆောင်ရွက်ပေးဖို့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ ဆေးရုံး ဆေးခန်းတွေကို ဝေဒနာသည်တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ ကျင့်ဝတ်ပိုင်း ဆိုင်ရာ လိုက်နာရမယ့် ညွန်ကြားချက်တွေကို ချထားပေးဖို့ လိုအပ်နေပါသေးတယ်" ဟု MPG  မှ ဥက္ကဌ ဦးမျိုးသန့်အောင်က ပြောကြားသည်။

ယင်းဖိုရမ်တွင် ထုတ်ပြန်ခဲ့သော သဘောထားများမှာ လူတိုင်းဆေးဝါးများ လက်လှမ်းမီ ရရှိရေး အတွက် မြို့နယ်အဆင့် အေအာတီ စင်တာများ တိုးချဲ့ရာတွင် ဝေဒနာရှင်များ၏ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိရန်နှင့် အရည်အသွေးပြည့် ဝန်ဆောင်မှုများ ပိုမိုရရှိစေရန်တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဈေးနူန်းချိုသာသော အေအာတီ ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိစေရန် အတွက် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ ဈေးနူန်းချိုသာစွာ ရရှိနိုင်မှုတို့ ထိပါးလာနိုင်မည့် အချက်များကို အသိပေးခြင်း၊ ကာကွယ်ခြင်းများ လုပ်ဆောင်ရာတွင် အစိုးရနှင့် အဖွဲ့အစည်း ဌာနများမှ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးရန် ဆက်လက်တောင်းဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသော အေအာတီ ဆေးဝါးများကို အာနိသင်တူပြီး တန်ဖိုး နည်းပါးသော ဆေးဝါးများ အဖြစ် ထုတ်လုပ်ဖြန့်ချီနိုင်ရန် ကြိုးစားလျက်ရှိကြောင်း MPG ဥက္ကဌက ပြောကြားသည်။

Daily Eleven သတင်းစာမှ ပြန်လည်း ရေးသား ဖော်ပြထားပါသည်။

၂၀၁၄ ဆက်သွယ်ရေး ဈေးကွက်လုပွဲ





ပုဆိန်ရိုးဟု အခေါ်ခံရမည်လား မဆိုတတ်၊ လက်ရှိဆက်သွယ်ရေး ဝန်ဆောင်မှုများကို စိတ်ပျက်နေပြီ ဖြစ်သည့် မြန်မာလူထုကမူ ပြည်ပ ဖုန်းကုမ္ပဏီနှစ်ခုကို မျှော်တလင့်လင့် ရှိနေပြီ ဖြစ်သည်။

နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ တင်ဒါ အောင်မြင်ခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီများက မိမိတို့လုပ်ကိုင်မည့် အစီအစဉ်များကို ကြိုတင် ကြေညာထားကြပြီး ပြည်သူများကလည်း ဈေးနှုန်းသက်သာခြင်း၊ နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဆိုခြင်းတို့ကြောင့် ဝန်ဆောင်မှုများ မပေးမီမှာပင် မဆွတ်ခင် ညွတ်နေကြသည့် သဘောရှိသည်။

ယင်းအနေအထားသည် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ရန် မလိုအပ်ဘဲ အော်ပရေတာ လုပ်ကိုင်ခွင့် တစ်နေရာစီ ရရှိနေသော ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အသွင်ပြောင်းလဲမည့် မြန်မာ့ဆက်သွယ်ရေး အများပိုင်ကုမ္ပဏီ (Myanmar Telecom) နှင့် ရတနာပုံ တယ်လီပို့ကို အသွင်ပြောင်းလဲမည့် ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ (Yatanarpon Telecom) တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအနေနှင့် ပြည်ပကုမ္ပဏီများကဲ့သို့ နည်းပညာမြင့် ဝန်ဆောင်မှုများကို ဈေးနှုန်း ချိုသာစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးပမ်းရန် ပိုမိုလိုအပ်လာသည်။ ဈေးကွက်၏ လိုအပ်ချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိသော ကုမ္ပဏီများသည် ပြိုင်ဆိုင်မှု ပြင်းထန်မည့် မြန်မာ့ဆက်သွယ်ရေး ဈေးကွက် လုပွဲကြီးမှ ဘေးထွက်ရမည် ဖြစ်သည်။

၂၀၁၆ နှင့် ၈၀ ရာခိုင်နှုန်း

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီ လေးခုမှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ရောင်းချ တပ်ဆင်ပေးရမည် ဖြစ်ပြီး စုစုပေါင်း လူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို သုံးစွဲနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅ - ၁၆ မှာ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရည်မှန်းထားပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီ လေးခုစလုံးက ဆောင်ရွက်ရမှာပါ။ အခုက လူဦးရေ သန်းခြောက်ဆယ်ရဲ့ ၁၁ ဒသမ ၁ ရာခိုင်နှုန်းပဲ ရှိသေးတယ်” ဟု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

သန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ အင်တာနက် အသုံးပြုသူ သိန်းဂဏန်းသာ ရှိခြင်းကြောင့်လည်း မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှာ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် ရတနာသိုက်ကြီး ဖြစ်နေသည်။

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခံထားခဲ့ရသော ပြည်တွင်းပြည်ပ ကုမ္ပဏီများမှာ ဆက်သွယ်ရေး ဥပဒေသစ်အရ အခြေခံ အဆောက်အဦး တည်ဆောက်မှုများနှင့် ကွန်ရက် ချိတ်ဆက်မှုများကို အမြန်ဆုံး စတင်ရမည် ဖြစ်သည်။

တယ်လီနော ကုမ္ပဏီက လိုင်စင်ရရှိပြီးနောက် ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်မည်ဟု ကြေညာထားပြီး အော်ရီဒူးက ခြောက်လအတွင်း စတင်မည် ဖြစ်ကြောင်း ကြေညာထားသည်။

“ရတနာပုံ တယ်လီပို့အနေနဲ့ စတင်ဝန်ဆောင်မှု ပေးမယ့်အချိန်ကို တိတိကျကျ သတ်မှတ်ထားတာမျိုးတော့ မရှိသေးဘူး။ ကျွန်တော်တို့က နောက်ကျရင် ကျွန်တော်တို့ပဲ ပြန်ပြီးတော့ထိမယ်။ နိုင်ငံခြား အော်ပရေတာတွေ စတင်မယ်ဆိုတဲ့ ကာလထက်ကို ကျွန်တော်တို့က တစ်လနှစ်လလောက် ထပ်ပိုပြီး ကွာလို့မရဘူး။ စောပြီး စနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ” ဟု ရတနာပုံ တယ်လီပို့ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ဆိုသည်။

ထို့အပြင် ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းနှစ်ခုက 4G LTE စနစ်ကို စတင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး မကြာမီ ကာလအတွင်း စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားကြသည်။

“ကျွန်တော်တို့ ရည်မှန်းချက်က 4G LTE ပေါ့။ ဒါကို ရည်မှန်းထားပေမယ့် 2G လည်းဆက်သွားမယ်။ 3G လည်း ထည့်ပေးမယ်။ ဒီကြားထဲမှာ LTE မသွားခင် 3G နဲ့ LTE ကြား 3.75G လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။ 4G ကတော့ ဂျပန်အကူအညီနဲ့ တပ်ဆင်နေတာ SEA Games မတိုင်မီ စသုံးနိုင်မယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ဆိုသည်။

ပြောင်းရန်ပြင်ခြင်း

ယခုအခါ ပြည်တွင်းမှ ဆက်သွယ်ရေး ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲတော့မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့က ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာနှင့် အရင်းအနှီးများ လာရောက် ရင်းနှီးမြှုပ်နှံကြရန် အဆိုပါ လုပ်ငန်းနှစ်ခုစလုံးက နေပြည်တော်တွင် စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သော Myanmar Connect 2013 အခမ်းအနားတွင် ပြောကြားခဲ့သည်။

“လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကြိုဆိုပါတယ်။ Investment တင်မကဘူး။ နည်းပညာနဲ့ ကျွမ်းကျင်မှု၊ ဈေးကွက်ကို ဘယ်လို သယ်ဆောင်မလဲ ဆိုတာတွေ နားလည်ပြီး ရေရှည် အကျိုးရှိအောင် ဆောင်ရွက်မယ့်သူတွေ ဖြစ်ဖို့လိုတယ်” ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်းက ပြောကြားသည်။

ရတနာပုံ တယ်လီပို့က ရေရှည် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ပြီး နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ဈေးကွက်အကြောင်း နားလည်သော အတွေ့အကြုံရှိ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၎င်းကပြောဆိုသည်။

ထို့အပြင် MPT ကို အသွင်ပြောင်းလဲရန်အတွက် ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် အခြားဥရောပ နိုင်ငံများမှ အတွေ့အကြုံရှိ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။

“လက်ရှိ MPT နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ လာဆွေးနွေးနေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ စတင်ဆွေးနွေးနေပါပြီ။ ဒီထဲကနေ အကောင်းဆုံး ကုမ္ပဏီတစ်ခုကို ရွေးချယ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အခုကုမ္ပဏီ ငါးခုလောက်နဲ့ ဆွေးနွေးနေပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများအတွက် ရှယ်ယာပမာဏ အချိုးနှင့် ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို မသတ်မှတ် ရသေးသော်လည်း MPT ၏ ရှယ်ယာပမာဏမှာ အများဆုံးဖြစ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သုံးပွင့်ဆိုင် အခက်အခဲ

“ပြည်တွင်းကုမ္ပဏီနှစ်ခု အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက နည်းပညာ၊ အရင်းအနှီးနဲ့ ကျွမ်းကျင်လုပ်သား မရှိတာ။ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တောင်မှ ခပ်မြန်မြန်လုပ်ဖို့ လိုမယ်။ နောက်ကျလေ သူတို့နစ်နာလေပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိတစ်ဦးဖြစ်သူ ဦးသန်းဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ လက်ရှိအချိန်တွင် ကျွမ်းကျင်လုပ်သား အလုံအလောက် မရှိမှု၊ နည်းပညာ နိမ့်ပါးမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်သော ပမာဏနည်းပါးခြင်းစသည့် အခက်အခဲများ ရှိနေကြောင်း ဦးအောင်မော်က ပြောကြားသည်။
“နည်းပညာပိုင်းက ရတနာပုံ တယ်လီပို့နဲ့ ပူးပေါင်းမယ့် International Partner ရွေးချယ်တဲ့ လုပ်ငန်းစတင် ဆောင်ရွက်နေပါပြီ။ အဲဒါပြီးသွားရင်တော့ နည်းပညာပိုင်း အနေနဲ့ကတော့ ပြည်ပ ကုမ္ပဏီတွေနဲ့ အတူတူလောက် ဖြစ်သွားမယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

ဆက်သွယ်ရေး လုပ်ငန်းသည် အရင်းအနှီးပမာဏ များပြားပြီး ရေရှည် ရင်းနှီးမြှုပ်နှံရသော လုပ်ငန်းဖြစ်သောကြောင့် နည်းပညာ အရသာမက အရင်းအနှီး ပမာဏများများ ရင်းနှီးမြှုပ်နှံနိုင်သော ကုမ္ပဏီများကိုသာ ရွေးချယ်သင့်ကြောင်း ဦးသန်းဦးက အကြံပြုသည်။

“ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်တဲ့သူ နည်းတယ်။ နည်းတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့မှာ အဲဒါမျိုးတွေမှာ ကျွမ်းကျင်တဲ့ မြန်မာနိုင်ငံသား ပြည်ပမှာ လုပ်နေတဲ့သူတွေ ဟုတ်ရင်ဟုတ်။ မဟုတ်ရင် ဒီလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့ ပြည်ပ နိုင်ငံသားတွေကို ယူပြီသုံးရမယ့် သဘောရှိတယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။
ဒုတိယအဆင့် ရာထူးများတွင် မြန်မာနိုင်ငံသားများကို ခန့်အပ်၍ အတွေ့အကြုံ ယူစေကာ နောင်တွင် ထိုသူများကို တာဝန်ပေးအပ် လုပ်ကိုင်စေရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

အမှန်တကယ် ပြောင်းရမည်၊ အမြန်ပြောင်းရမည် ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်း နှစ်ခုက ဈေးကွက်ဝေစု အခိုင်အမာ ရရှိရန် ဝန်ဆောင်မှုနှင့် ဈေးနှုန်း ပိုင်းပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ထား သင့်သည်ဟု ဦးသန်းဦးက ပြောကြားသည်။
“ပြည်တွင်းက အော်ပရေတာတွေ အဓိကထား လုပ်ရမှာက ဝန်ဆောင်မှု ပုံစံတွေ ပြောင်းလဲဖို့ပါ။ အခုပေးနေတဲ့ ဝန်ဆောင်မှုနဲ့တော့ ရှိတဲ့ ၁၁ ရာခိုင်နှုန်းလေးပါ ပျောက်သွားလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ပြည်ပကုမ္ပဏီများက ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ဈေးနှုန်းများ ကြိုတင် ကြေညာထားသလို ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်လျက် အလျင်အမြန် ကြိုးပမ်းနေကြချိန်တွင် ပြည်တွင်း အော်ပရေတာ နှစ်ခု၏ လုပ်ကိုင်ပုံမှာ နှေးကွေးလွန်းနေကြောင်း ပြည်တွင်း ဆက်သွယ်ရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်အချို့က ဝေဖန်ကြသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် အပြောင်းအလဲများ စတင်နေပြီဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုလည်း လျှော့ချသွားရန် ရှိကြောင်း ဦးအောင်မော်က ဆိုသည်။
“အချိန်ကတော့ အတိအကျ ပြောလို့မရသေးဘူး။ ဒီနှစ်ထဲလည်း ဖြစ်ရင်ဖြစ်မယ်။ နောက်နှစ်မှလည်း ဖြစ်ရင်ဖြစ်မယ်” ဟု ဦးအောင်မော်က ပြောကြားသည်။

လက်ရှိပြည်တွင်းမှ ဒုတိယအော်ပရေတာ တစ်ခုဖြစ်သော ရတနာပုံ တယ်လီပို့မှာလည်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် များများစားစား ပြင်ဆင်ရသေးခြင်း မရှိဘဲ အများပိုင်ကုမ္ပဏီအဖြစ် အသွင်ကူးပြောင်းမှု ပြုလုပ်ဆဲ အခြေအနေတွင်သာ ရှိနေသေးသည်။

“ရတနာပုံ တယ်လီပို့က Telecom Operator (ဆက်သွယ်ရေး အော်ပရေတာ) လုပ်ငန်းကို ဆောင်ရွက်ဖို့ အများပိုင်ကုမ္ပဏီကို ကူးပြောင်းတဲ့ဟာတွေ လုပ်နေတယ်။ အများပိုင်ကုမ္ပဏီ လျှောက်ထားပြီးပြီ။ လုပ်ကိုင်ခွင့် ကျတော့မယ်။ ဒါပြီးရင် Yadanarpon Teleport Public ကုမ္ပဏီနာမည်နဲ့ ဖြစ်သွားမယ်” ဟု ဦးရှိန်းသူအောင်က ဆိုသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမည့် သူများကို ဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သော်လည်း နည်းပညာ မြင့်မား၍ ရေရှည် ရင်းနှီးမြှုပ်နှံမည့် သူများဖြစ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ဆိုသည်။
“ဒီလို Speed မျိုးနဲ့ဆိုရင် ပြည်ပကုမ္ပဏီတွေပဲ စားသွားလိမ့်မယ်။ ကိုယ်ဘာလုပ်မယ် ဆိုတာတောင် သေချာ မကြေညာနိုင်သေးဘဲနဲ့ အခုမှ ပြည်ပကုမ္ပဏီတွေနဲ့ အသည်းအသန် ပူးပေါင်းဖို့ ကြိုးစားနေကြ တုန်း။ ကိုယ်က ဒေသခံ ကိုယ့်မှာ အားသာချက်တွေ အများကြီး။ အားနည်းချက်တွေလည်း ရှိနေတာ သူတို့လည်း သိနေတာပဲ။ စောစောစီးစီး စနိုင်အောင် ပြင်ဆင်ထားရမှာကို အခုတော့ ပြည်ပကုမ္ပဏီတွေကတောင် အရင်စမယ်နဲ့ တူတယ်” ဟု ဦးသန်းဦးက ဆိုသည်။

ဘယ်သူဘာလဲ သိကြရမည့် ၂၀၁၄

ဆက်သွယ်ရေး ဥပဒေကြမ်းသည် လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်သမ္မတ အတည်ပြုပြီးပါက ဥပဒေ အတည်ဖြစ်လာမည် ဖြစ်ပြီး နောက်ရက်ကိုးဆယ် အကြာတွင် နည်းဥပဒေ ထွက်ရှိမည်ဖြစ်ကာ အော်ပရေတာများကို လိုင်စင်များ ချထားပေးမည် ဖြစ်သည်။

လိုင်စင်ရရှိပြီးပါက အမြန်ဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် အကောင်အထည် ဖော်ကြရမည်ဖြစ်ရာ မြန်မာ့သမိုင်းတွင် ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီများ၏ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် နှစ်လယ်ခန့်တွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

တယ်လီနော ကုမ္ပဏီက လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်ဖြင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည်ဟု ဆိုထားသည်။ ထို့အပြင် အော်ရီဒူး ကုမ္ပဏီကလည်း လိုင်စင်ရရှိပြီး ခြောက်လ အကြာတွင် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်ဖြင့် 3G စနစ် ပါဝင်သော မိုဘိုင်းလ် ဝန်ဆောင်မှုကို စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း ကြိုတင် ကြေညာထားသည်။

ပြည်တွင်း အော်ပရေတာနှစ်ခု အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် ပိုမိုလိုအပ်နေပြီး လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်း အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးသန်းဦးက ဆိုသည်။

ထို့အပြင် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများသည် အနာဂတ်ကာလတွင် စိန်ခေါ်မှုများ ပိုမိုများပြားလာမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ ပြည်တွင်း အော်ပရေတာများ သေချာစနစ်တကျ အစီအစဉ် ရေးဆွဲပြီး ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဆိုသည်။
“အရင်ကလို ကိုယ်ကလက်ဝါးကြီး အုပ်ခွင့်ရတော့မှာ မဟုတ်ဘူး။ အရင်ကလို စဉ်းစားနေလို့လည်း မရတော့ဘူး။ ပြည်သူက အဓိက ဖြစ်လာနေပြီ။ ကိုယ်နောက်ကျရင် ကိုယ်ပဲခံသွားရမှာ။ ဒါကိုနားလည်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

မည်သို့ပင် ဆိုစေကာမူ မြန်မာပြည်သူများမှာ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းပြည်ပ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ထိတွေ့ရတော့မည် ဖြစ်သည်။ ဈေးနှုန်း၊ ဝန်ဆောင်မှုနှင့် နည်းပညာပေါ် မူတည်၍ ဈေးကွက်ဝေစုကို ခွဲဝေရယူကြ ရတော့မည် ဖြစ်သည်။ လက်ရှိသုံးစွဲသူ ငါးသန်းခွဲခန့်ရှိ၍ အားသာသည်ဟု ထင်ရသော MPT ပင်လျှင် အဆိုပါ အချိန်တွင် လက်ရှိ အသုံးပြုသူများကို ထိန်းသိမ်း၍ သုံးစွဲသူ ပိုမိုများပြားလာရန် ကြိုးပမ်းရမည် ဖြစ်သည်။

တကယ့် ပြိုင်ပွဲကွင်းတွင် အားလုံးသည် လက်ရည်တူ မဖြစ်နိုင်ပေ။ အားနည်းသူ ဘေးထွက်သွားမည် ဖြစ်သည်။ ၂၀၁၄ မြန်မာ့ဆက်သွယ်ရေး ဈေးကွက်ဝေစု လုပွဲတွင် ပြည်တွင်း အော်ပရေတာ ကုမ္ပဏီများ အသာရနိုင် မရနိုင်ကတော့ စောင့်ကြည့်ရဦးမည်။ ပြည်တွင်းကုမ္ပဏီ လက်ရှိအနေအထားကို အားမရသူ အများအပြားရှိပြီး ဈေးနှုန်းနှင့် အချိန်ကို ကြိုတင် ကြေညာထားသည့် ကုမ္ပဏီများကို ပိုစိတ်ဝင်စားကြောင်း ပြောဆိုကြသည်။

ယင်းတွင် တာမွေမြို့နယ် အတွင်းရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တစ်ခုမှ တာဝန်ခံ ဒေါ်သူဇာဝင်းလည်း ပါဝင်သည်။ ယခုအချိန်တွင် ကြိုတင်ကာ သတင်းအချက်အလက် ထုတ်ပြန်ထားသော ပြည်ပကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် ကိုယ့်အတွက် ကိုက်ညီချက်ကို တွက်ချက်နေနိုင်ပြီး ပြည်တွင်း ကုမ္ပဏီများကို လှည့်မကြည့်ချင်တော့။
“သူတို့ကို ထည့်ကို မတွက်တော့တာ” ဟု ဒေါ်သူဇာဝင်းက ဆိုလေသည်။

(ရဲဇွန်အောင်) - The Voice Weekly

Friday, September 27, 2013

အသုဘချပြီး ၇ ရက် အိမ်မှာကပ်မကပ်




အသုဘသွားတိုင်း မြန်မာ ဗုဒ္ဓဘာသာလူအများစု မလွန်ဆန်နိုင်သေးတဲ့ ရိုးလာဓလေ့တစ်ခုကို သွားတွေ့ ပါတယ်။ တစ်ခု မကပါဘူး အများကြီးပါ။ ဥပမာ - သပြေပန်းသို့မဟုတ် အခြားပန်းအမျိုးမျိုးအား အသုဘအလောင်း မှ ပြန်သယ်လာပြီး အသက်ဝိဥာဉ် ပြန်ပါလာတယ်လို့ ယုံကြည်ခြင်း၊ အသုဘပြန်ရင် ကင်ပွန်းရည်၊ တယော်ရည်နဲ့ ခြေဆေး၊ ခေါင်းဆေးရတာမျိုး တို့လိုဟာတွေ ဖြစ်ပါတယ်။ အဘိဓမ္မာကျမ်းကို ကိုးကားလို့ ဒီကစ္စလေးကို သေချာ ရှင်းလင်းပြလိုပါတယ်။

ပုံပြင် သို့မဟုတ် ဇာတ်လမ်း
ပုံပြင်ထဲမှာပေါ့။ မောင်ဘယ်သူ၊ မဘယ်သူက ကွယ်လွန်တော့ သူ့စည်းစိမ်နဲ့ မိသားစုကို သံယောဇဉ်မပျက်ရှာ ဘူး။ ဒါနဲ့ပဲ ဗြိတ္တာလို ဘုံဘဝရောက်ပြီး အိမ်မှာပဲ တစ်ဝဲလည်လည်နေပါတယ်။ ညဘက် အိပ်နေတဲ့ မိသားစုဆီကို လည်း အသံပေးလို့တစ်မျိုး၊ ခြောက်လှန့်လို့တစ်မျိုးနဲ့ တွယ်ကပ်နေရှာတယ်။ ဒီတော့ တစ်ပတ်ပြည့်ချိန်မှာ ဆွမ်းကပ်ပွဲ၊ အလှူပွဲငယ်လေး လုပ်လိုက်တော့ အိမ်မှာ နတ်ကောင်းနတ်မြတ်တွေ လာရောက် စောင့်ရှောင့်ကြပြီး ဘုံပျောက်နေတဲ့ ဗြိတ္တာနဲ့ နာနာဘဝများ အဝေးသို့ သွားရပါတယ်။ ဗြိတ္တာ ဘဝ ကနေ ကုသိုလ်ပြုလုပ်ပြီး စုတိချင်နေတဲ့ ကွယ်လွန်သူ ဘဘယ်သူ အတွက်ပါဆိုပြီး အမျှဝေကုသိုလ်စီးဖြန်းပေး လိုက်တော့ ဟိုကလည်း ဗြိတ္တာ ဘုံဘဝမှာတင် ကုသိုလ်ထူးတွေရသွားတယ်လို့ ဆိုပါတယ်။
နောက်တစ်မျိုးကျပြန်တော့ ကွယ်လွန်သူ မောင်ဘယ်သူ၊ မဘယ်သူ က ပြုထားတဲ့ ကုသိုလ်မလောက်မငှနဲ့မို့ နတ်ဖြစ်သော်လည်း အရောင် အဝါမတင့်ချေဘူးတဲ့။ ဒီလိုနဲ့ တစ်ပတ်ပြည့် ဆွမ်းကပ်အလှူပွဲမှာ တရား လည်း လာနာရော သံဝေဂတရားတွေရပြီး အရောင်အဝါတက်လာတဲ့ နတ်အဆင့်ကိုရောက်သွားရတယ်လို့ ဆိုပါလေရော။

လက်တွေ့ဘဝ ကျင့်သုံးမှု
ဒီတော့ အထက်ပါ ကဲ့သို့ များပြားလှတဲ့ ပုံပြင်များ၊ ဖြစ်ရပ်များကို အစွဲပြုပြီး အတုယူမှတ်သား လိုက်တာက သေပြီး ၇ ရက် အိမ်မှာကပ်မယ်။ အသုဘမှာ ပန်းတစ်ပွင့်နဲ့ သူ့လိပ်ပြာ (အသက်ချောင်း) ကို ခေါ်လာမယ်။ အိမ်မှာ ထားမယ်။ ပြီးတော့ ၇ ရက်ပြည့် ဆွမ်းကပ်အလှူပေးပြီးတဲ့အခါ အမျှဝေမယ်။ လွတ်ကင်းမယ်။ ဒီတော့ အသုဘချပြီး ၇ ရက်တိတိ အိမ်မှာ လည်တယ် ဆိုတဲ့ အယူအဆဟာ စွဲကိုစွဲရပါရော။ မြန်မာပြည်တစ်ဝန်းက ဗုဒ္ဓဘာသာနွယ်ဝင် အများစု ကျင့်သုံးလက်ခံနေတဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။

အမှန်တရား
ဇာတိ၊ ဇရာ၊ မရဏ ပြောပါများ၊ ကြားပါများလို့ ရိုးနေကြပါပြီ။ မွေးဖွား၊ အိုနာ၊ သေ သုံးမျိုးနဲ့ သံသရာစက်ဝန်းမှာ လည်ပတ်နေကြပြီး စုတိ (မရဏ) လို့ခေါ်တဲ့ သေဆုံးခြင်း နဲ့ ပဋိသန္ဓေ (ဇာတိ) တို့ဟာ စက္ကန့်မခြား ဖြစ်ပျက် ပါတယ်။ အရှင်းဆုံး နာလည်အောင် ရေးရမယ်ဆိုရင် ခုပဲသေ၊ ခုပဲ ပြန်ဖြစ် ပါတယ်။ ဘာဖြစ်လဲ ဆိုတာတော့ စာရေးသူတို့ သာမန်ဥာဏ်နဲ့မသိနိုင်ပါဘူး။ နိဗ္ဗာန်ပဲ သွားမလား၊ ၃၁ ဘုံမှာပဲ ပြန်ကျင်လည်မလားဆိုတာ ပြုလုပ်တဲ့ အကုသိုလ်၊ ကုသိုလ်အပေါ်မှာ မူတည်သွားပါတယ်။ ဒါက တစ်ကဏ္ဍပါ။ ခု ဆိုလိုချင်တာက ခုပဲသေပြီးရင် နောက်ဘဝ တစ်ခုခုကို စက္ကန့်မခြား ဖြစ် တယ်၊ ရောက်တယ်လို့ မြတ်စွာဘုရားရှင်မှ ဟောကြားထားပါတယ်။ သဘာဝအမှန်တရားပါ။ ရှိရင်းစွဲ အမှန်တရားကို မြတ်စွာဘုရားရှင်က လူတိုင်းသိအောင် ရှင်းလင်းဟောကြားထားတဲ့ တရား ဖြစ် ပါ တယ်။ သေပြီးတာနဲ့ နောက်ထပ် ဘဝတစ်ခုမှာ ချက်ချင်း ပဋိသန္ဓေ တည် ပါတယ်။ အမိဝမ်းတစ်ခု သို့မဟုတ် ဘွားကနဲပေါ်လာသော နတ်သကြား၊ ငရဲသား အစရှိသဖြင့် ၃၁ ဘုံတွင်း မွေးဖွားခြင်းပုံစံအမျိုးမျိုးနဲ့ပေါ်ပါတယ်။ ပုံပြင်တွေထဲကလို ဗြိတ္တာဖြစ်မယ်ဆိုရင်တော့ ဘွားကနဲတန်းပေါ်ပြီး ဖြစ် ပါတယ်။ ဒါတွေ ရှင်းနေရင် ပိုပြီးတော့ ခေါင်းရှုပ်သွားပါ လိ့မ်မယ်။ ဆိုလိုရင်း ကိုပြောပါမယ်။

အယူအဆမှန်ကျင့်သုံးရန်

ဒီတော့ ဘယ်သူသေသေ ပန်းယူလာတာမျိုးတို့အခြားသော မိရိုးဖလာ အယူအဆမျိုးတို့က မယူသင့်တော့ပါဘူး။ ဟိုက စက္ကန့်မခြား ပဲ နောက်ဘဝတစ်ခုကို ရောက်နေပြီ။ အသုဘ ရက်ပိုင်းအတွင်း လုပ်လိုက် တဲ့ မိရိုးဖလာ ရိုးရာအစွဲများက မနည်းလှဘူး။ တကယ် ချစ်လို့၊ လွမ်းဆွတ် လို့ သတိရလို့ အလှူအတန်းလုပ်ပေးတယ်ဆို တကယ် ကုသိုလ်စိတ်စစ်စစ်နဲ့ လုပ်ပေးပါ။ သူသာ လူထက်နိမ့်တဲ့ ဘုံဘဝတစ်ခုခုကို ရရင် ဟိတ်တရား ၆ ပါးမစုံတော့တဲ့အတွက် ဘယ်လောက်ပဲ အမျှပေးပေး ၇ ရက်အမျှဝေပွဲပြီးလို့ တရားလာနာနဲ့ သံဝေဂဥာဏ် မရနိုင်တော့ပါဘူး။ ကုသိုလ် ၊အကုသိုလ်ခွဲခြား လက်ခံပေးနိုင်မယ့် တိဟိတ်တရားတွေ မရှိတော့တဲ့အတွက် အမျှဝေပေးတာက သူ့အတွက် မီးပုံထဲမှာနေတုန်း ရေတစ်စက် လောင်းပေး လိုက်တဲ့ သဘောလေးပါပဲ။ ဒီလိုမဟုတ်ပဲ နတ်ဘဝ၊ သကြားဘဝ ၆ ထပ်က တစ်ထပ်ထပ်ဆိုရင်တော့ တစ်မျိုးဖြစ်သွားပါပြီ။ တရားပွဲ အမှီလာလို့ တရားစစ်စစ်နာရရင် သူ့အတွက် ဥာဏ်စင် တစ်ခုခုရလို့ အရိယာ ပုရဂ္ဂိုလ်ဖြစ်နိုင်ချေပါသေးတယ်။

အနှစ်ချုပ်

ဒီတော့ တိုက်တွန်းချင်တာက တစ်ပတ်ပြည့် ဆွမ်းကပ်လုပ်ပါ။ တစ်လပြည့် လုပ်ပါ၊ တစ်နှစ်ပြည့်လုပ်ပါ။ ကောင်းမှု ကုသိုလ်မှန်သမျှ ပြုလုပ်နိုင် တာက ပြုပါ။ ငါဒါလေးလုပ်ပေးလို့ သူဒီဘဝက ကျွတ်ချေမှာပေါ့ ဆိုတဲ့ အယူအဆ လေးတော့ ဖယ်စေချင်ပါတယ်။ အသုဘက ပြန်လာပြီး ပန်းယူလာတာမျိုးတို့ က မှန်ကန်သော အယူအဆ မဟုတ်ပါ။ ပန်းတွေမှာ ဗြိတ္တာတို့များ တွယ်ကပ်လေသလားဆိုရင် ကွယ်လွန်သူ ကိုယ့်မိဘ၊သား၊သမီး၊ မိတ်ဆွေကို သေပြီး ဗြိတ္တာဖြစ်တယ်လို့ မှတ်ယူခြင်း သဘော သက်ရောက်ပါတယ်။ ဒီတော့ ပန်းသယ်လာသူများက မိမိဆွေမျိုးများကို ဗြိတ္တာများလို မှတ်ယူခြင်းသဘောပင် သက်ရောက် ပါသေးတယ်။

တယော်ကင်ပွန်းနဲ့ ခြေဆေးခြင်း၊ ခေါင်းဆေးခြင်း၊ လက်ဆေးခြင်းတို့က ကျန်းမာရေးအရ ကြည့်ရင် ကောင်းပါတယ်။ တယော်ကင်ပွန်းမှာပါတဲ့ ဗီတာမင်ဓာတ်များက အရေအပြားကျန်းမာရေးအတွက် တကယ်ကောင်း ပါတယ်။ ချွေးပြန်နေတုန်းတော့ မဆေးပါနဲ့။ အပူအအေး ဓာတ်အပြောင်း အလဲမြန်ဆန်မှုကြာင့် ကျန်းမာရေး ရှော့ဖြစ်နိုင်ပါတယ်။ ရိုးရိုးရေနဲ့ဆေးဆေး၊ တယော်ရည်နဲ့ ဆေးဆေး သင်္ချိုန်းကနေ ဝိဥာဉ်လိပ်ပြာများ တွယ်ကပ် လာသည်ဟု မယူဆပါနဲ့။ မမှတ်ယူပါနဲ့။ ဝိဥာဉ်လိပ်ပြာဆိုတာ မရှိပါ။ လူမှာ ရုပ်နဲ့ နာမ် နှစ်ခုသာ ဖွဲ့စည်းပြီး တစ်ဘဝမှာ ရုပ်လည်းချုပ်၊ နာမ်လည်းချုပ် ပါတယ်။ ဘာမှ ပါမသွားပါဘူး။ နောက်ဘဝ တစ်ခု ရုပ်အသစ်၊ နာမ်အသစ်နဲ့ ရပါတယ်။ ယင်းရုပ်အသစ်၊ နာမ်အသစ်က ဘဝဟောင်းက ရုပ်၊နာမ် ဟောင်း တို့ ပြုသော ကုသိုလ်၊အကုသိုလ်များကို လိုဏ်ဂူတွင်းက အသံပဲ့တင်သံ ကို ပြန်ကြားရသကဲ့သို့ ပြန်လည် သက်ရောက်မှု ရှိပါတယ်။ ဒါကိုလည်း အခြားဆောင်းပါး တစ်ပုဒ်နဲ့ သီးသန့်ရှင်းလင်းပါ့မယ်။

လူသေလျှင် အသက်ဝိဥာဏ်လိပ်ပြာတို့ ၇ ရက်မနေ အကြောင်းတရားကို စာဖတ်သူတို့ သိရှိနားလည် သွားမယ်လို့ မျှော်လင့်ပါတယ်။ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

အောင်ခမ်း (ရိုးရာလေး)

Thursday, September 26, 2013

ART ဆေးဝါး မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ထက်ဝက် လိုအပ်နေဆဲ



ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ 2010 လမ်းညွှန်ချက်အရ မြန်မာနိုင်ငံ၌ CD4 Count ကိုယ်ခံအား ၃၅၀ အောက် ရောက်နေသူ ART ဆေးသောက်ရန် လိုအပ်နေသည့် PLHIV လူနာ တစ်သိန်း နှစ်သောင်း(၁၂၀၀၀၀) ကျော်ရှိရာ လူဦးရေ ငါးသောင်းခြောက်ထောင် (၅၆၀၀၀) ကျော် အတွက်သာ အခမဲ့ ဆေးသောက်ခွင့် ရရှိနေသည်ဟု Myanmar Positive Group (MPG) မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးနှင့် အသက်ရှင် နေထိုင်သူများ အသင်းမှ သိရှိရသည်။
 
“အီးယူနိုင်ငံများဖြစ်တဲ့ နယ်သာလန်၊ ဂျာမနီ၊ အမေရိကန်၊ ယူကေ၊ ဘရာဇီးနဲ့ ချမ်းသာတဲ့ နိုင်ငံတွေက အလှူငွေတွေ လှူဒါန်းတယ်။ အခုဆိုရင် ဂျပန် ပါလာပြီ။ ငွေကတော့ လိုအပ်နေဆဲပါပဲ။ ကမ္ဘာ့ရောဂါ သုံးမျိုးရန်ပုံငွေ အဖွဲ့ထဲမှာ TV ရောဂါ၊ HIV၊ ငှက်ဖျားရောဂါ ပါဝင်တယ်။ ကုသရေးနဲ့ ကျန်းမာရေး ၀န်ကြီးဌာန လက်အောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရောဂါ သုံးမျိုးအဖွဲ့ (၂၉) ဖွဲ့ထားတယ်။ အကောင်အထည်ဖော်တဲ့ အဖွဲ့က (၁၇) ဖွဲ့ပဲ ရှိတယ်” ဟု MGP ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
UNAIDS ၏ ခန့်မှန်း တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုးနှင့် အသက်ရှင်နေထိုင်သူပေါင်း နှစ်သိန်းခြောက်သောင်း (၂၆၀၀၀၀) ခန့် ရှိနေပြီး မြန်မာနိုင်ငံ အတွက် သုံးနှစ်စာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၁၆) သန်း တိုးပြီး ရရှိထားသော်လည်း ART ဆေးပေး ရန် ရန်ပုံငွေ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့ငယ်လေးများသည် သတိပေး ခံရခြင်း၊ တားဆီးခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေ ရကြောင်း စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ Excel Hotel တွင် ကျင်းပပြု လုပ်သည့် 7 th National PLHIV Forum 2013 ပွဲမှ သိရသည်။

“MPG ကွန်ရက်က သက်ဆိုင်ရာ CBO/NGO မဟုတ်သည့် ကိုယ့်အားကိုယ်ကိုးအဖွဲ့ ငယ်လေးများ လုပ်ငန်း မရပ်တန့်စေရေး အတွက် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို နောက်ဆုံး အပြီးသတ်ရေးဆွဲပြီး လွှတ်တော်သို့ တင်သွားမယ်” ဟု MGP ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။ PLHIV များကို ကူညီမှုပေးသည့် အဖွဲ့အစည်းများမှာ ၂၀၁၁ ခုနှစ်တွင် ၂၀၉ ဖွဲ့၊ ၂၀၁၂ ခုနှစ်တွင် ၂၁၄ ဖွဲ့နှင့် ၂၀၁၃ ခုနှစ်တွင် တိုင်းဒေသကြီး ၁၄ ခု၌ အဖွဲ့အစည်း ၁၅၉ ဖွဲ့ အထိ တိုးပွားလာသည်ဟု ၄င်းက ဆိုသည်။

“ကချင်မှာ HIV ရှိသူတိုင်း ၀ယ်သောက်ကျတဲ့ အိုအိုင်လို့ ခေါ်တဲ့ဆေးကို ကျန်းမာရေးဌာနမှာ ကိုယ့်ဘာသာကိုယ် ၀ယ်သောက် ရတယ်။ ကိုယ့်ဘာသာကို ၀ယ်သောက်ဖို့ ခက်ခဲတော့ ဦးနှောက် အမြှေးပါး ရောင်ရောဂါ ရရှိကြတယ်။ နားမလည်တာလည်း ပါတာပေါ့။ မြစ်ကြီးနားမြို့ပေါ်မှာ လူနာ ၈၀ ကျော်မှာ ၇၀ ကျော်လောက်ပဲ ဆေးပေး တယ်။ လိင်ဆက် ဆံတာနဲ့ ဆေးထိုးအပ်ကြောင့် ရောဂါရတာ များတယ်” ဟု ကချင်ပြည်နယ် PLHIV အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂၀၁၆ ခုနှစ်တွင် PLHIV ဝေဒနာ ရှင်များအတွက် ART ဆေး ထပ်မံဝယ်ယူရန် ထောက်ပံ့ပေးမည့် ကမ္ဘာ့ရောဂါ သုံးမျိုး ရန်ပုံငွေ (3D Fund) သည် (၈၅) ရာခိုင်နှုန်း ပြည့်မီနေပြီဖြစ်ကြောင်း Myanmar Positive Group(MPG) မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးနှင့် အသက်ရှင် နေထိုင်သူများ အသင်းမှ သိရသည်။

မြစ်မခ - ART ဆေးဝါး မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ထက်ဝက် လိုအပ်နေဆဲ 

HIV ပိုးရှိသူများကို ခွဲခြား ဆက်ဆံမှုအား တရားဝင်ညွှန်ကြားချက်ဖြင့် တားမြစ်ရန် တောင်းဆိုလိုက်
 ပုဂ္ဂလိကဆေးခန်းများတွင် HIV ပိုးရှိ သူများကို ကျန်းမာရေး ဝန်ထမ်းများက ခွဲခြားနှိမ်ချ ဆက်ခံမှုများ မရှိစေရန် ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ HIV နှင့် အသက်ရှင် နေထိုင်သူများ ကွန်ရက်က တောင်းဆိုလိုက်သည်။

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများက HIV ပိုးရှိသူ များအား ခွဲခြားနှိမ်ချဆက်ဆံမှု ပြုလုပ်ခြင်းများကို ကြုံတွေ့နေရသောကြောင့် ဆေးကုသမှု ခံယူရန် အခက်အခဲ တစ်ရပ်ဖြစ်နေသည်ဟု ယင်းကွန်ရက်ကဆိုသည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများ၏ HIV ပိုးရှိသူများအပေါ် ဆက်ဆံသည့် အပြုအမူများသည် ရေရှည်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ ဆေးကုသလိုခြင်း မရှိစေရန် တွန်းအားပေး သကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။

"ပုဂ္ဂလိကဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းတွေကို လိုက်နာရမယ့် ကျင့်ဝတ်တွေကို ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေ တိုက်ရိုက်ထုတ်ပြန် ပေးမှ ဆေးခန်းတွေမှာ ခွဲခြားနှိမ်ချမှုတွေ လျော့နည်း သွားမှာ" ဟု ကွန်ရက် ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။ ထို့ကြောင့် HIV နှင့် နေထိုင်သူများ ကွန်ရက်များက HIV ပိုးရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ အချက်(၆)ချက်ဖြင့် စက်တင်ဘာ ၂၄ ရက်က တောင်းဆို လိုက်ခြင်းဖြစ်သည်။
ထိုတောင်းဆိုချက်များတွင် ART ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် စီမံပေးရန်၊ မြို့နယ်အဆင့် ART စင်တာများတွင် HIV ပိုးကူးစက်ခံရသူများ၏ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရန်၊ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူများအား လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု မရှိရန် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ညွှန်ကြားချက် ထုတ်ပေးရန်၊ ထိုသို့ညွှန်ကြားချက် ထုတ်ရန် မူဝါဒတစ်ရပ်ကို ကုလသမဂ္ဂအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များပါ ပူးပေါင်းပါဝင်ရန် စသော အချက်များဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

HIV ပိုးရှိသူများအတွက် လိုအပ်နေသည့် ART ဆေးဝါးများကို လက်လှမ်းမီ ရရှိရေးအတွက် မြို့နယ်အဆင့် ART စင်တာများကို တိုးချဲ့ပေးမှသာ လူတိုင်း အေအာတီဆေးဝါးများကို အဆင်ပြေစွာရရှိ လာမည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အေအာတီဆေးသောက်သုံးရန် လိုအပ်နေသော အိတ်ခ်ျအိုင်ဗွီပိုးရှိသူ အားလုံး၏ ၄၀ ရာခိုင်နှုန်းကိုသာ ဆေးပေးဝေနိုင်သေးသည်။

HIV ဖြင့် အသက်ရှင်နေထိုင်သူများကွန်ရက်၏ သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excel Tower တွင် ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှ HIV ကွန်ရက် ကိုယ်စားလှယ် နှစ်ရာကျော်က အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ HIV/AIDS ဆိုင်ရာ ဝန်ဆောင်မှု ပေးနေသော အဖွဲ့စည်းများသို့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်းဖြစ်သည်။


၂၀၁၆ ခုနှစ်တွင် ART ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အတွက် အေအာတီ စင်တာသစ်များ တိုးချဲ့ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထားကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

လက်ရှိ အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အနက် ၆၀၀၀၀ ကျော် (၄၈ ဒသမ ၅ ရာခိုင်နှုန်း) ကို ဆေးပေးလျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် တစ်သိန်းကျော် (၈၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်း တွက်ချက်မှုများအရ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း ၁၂၀၀၀၀ ကျော်ခန့် ရှိသည်။

ထို့ပြင် ဝေဒနာရှင်များ အတွက် အေအာတီ စင်တာသစ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၅ အထိ အစိုးရ ဆေးရုံကြီး ၁၇ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း ခုနှစ်ခုတို့တွင် အေအာတီ စင်တာအသစ်များ တိုးချဲ့သွားမည် ဖြစ်သည်။
ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART sites များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့ရန် လျာထားကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလ အထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

Eleven - ၂၀၁၆ ခုနှစ်တွင် ART ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား