Friday, August 31, 2012

မျက်နှာ၊ နှုတ်ခမ်း၊ ဆံပင် တို့အတွက် အိမ်လုပ်အလှပြင်နည်းလေးတွေ


(၁) မျက်နှာသန့်စင်စေဖို့
Moisturising Orange Facial Mask
ဂျုံမှုန့်(၂)ဇွန်းကို လိမ္မော်ရည်ဆတူရောမွှေပါ။ မျက်နှာပေါ်တင်လိမ်းပြီး မိနစ်(၂၀)ခန့်ထားပါ။ ပြီးလျှင် ရေကြက်သီးနွေးဖြင့်ဆေးချပါ။

Water Melon Facial Mask
အသားအရေအမျိုးအစားအားလုံးနဲ့ သင့်တော်တဲ့ နောက်ထပ်ပေါင်းတင်နည်းကတော့ ဖရဲသီးရည်၊ သံပရာရည်နဲ့ ပျားရည်များပေါင်းစပ် ထားတဲ့ ပေါင်းတင်နည်းဖြစ်ပါတယ်။ ဖရဲသီးရည်၊ သံပရာရည် (၂)ဇွန်းစီကို ပျားရည်အနည်းငယ်ရောပြီး မွှေပေးပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ် ၁၅မိနစ်ခန့်လိမ်းထားပေးပါ။ပြီးလျှင်ရေနွေးနဲ့ ဆေးချပါ။

(၂) နှုတ်ခမ်းသားလေးတွေ နုညံ့ဖို့
နှုတ်ခမ်းနူးညံ့စေတဲ့ အုန်းဆီ
အနည်းဆုံး တစ်ပတ်(၁)ကြိမ်လောက် အုန်းဆီကို နှုတ်ခမ်းမှာ တို့လိမ်းပေးပါ။ သင့်နှုတ်ခမ်းလေးများကို နူးညံ့ချောမွတ်လာစေပါ လိမ့်မယ်။ အုန်းဆီက နှုတ်ခမ်းသားအတွက် ရေဓာတ်ကို ကောင်းစွာဖြည့်ပေးပြီး Lip Balm အစားထိုးသုံးနိုင်ပါတယ်။

နူးညံ့သောနှုတ်ခမ်းအတွက် Scrub လုပ်နည်း
အိမ်မှာရှိတဲ့ ပစ္စည်းနဲ့ Scrub ကို အလွယ်တကူလုပ်နိုင်တယ်ဆိုရင် ဘာဖြစ်လို့ Lip Scrub ၀ယ်သုံးဖို့ လိုမလဲနော်။ အရမ်းလည်းလွယ် တာမို့ ပိုက်ဆံအကုန်မခံပါနဲ့။ ကိုယ်တိုင်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Honey & Sugar Scrub
ပျားရည် - စားပွဲတင်ဇွန်း (၁)ဇွန်း
သကြား - စားပွဲတင်ဇွန်း (၁)ဇွန်း
သံပရာရည် - စားပွဲတင်ဇွန်း (၁) ဇွန်း
ဒီ(၃)မျိုးရောပြီး နှုတ်ခမ်းကို (၁)ပတ် ၂ကြိမ်ခန့်လိမ်းပေးပါ။ နှုတ်ခမ်းပေါ်က ဆဲလ်အသေများ ဖယ်ရှားပြီး နှုတ်ခမ်းသား ဖူးကြွလာစေ ပါမယ်။

(၃) ဆံပင်အရှည်မြန်စေတဲ့ သဘာဝပစ္စည်းများ
Grape Seed Oil (စပျစ်စေ့အဆီ)
ဆံပင်အရှည်မြန်စေတဲ့ ပစ္စည်းတစ်မျိုးကတော့ စပျစ်သီးအစေ့မှထုတ်လုပ်ထားတဲ့ အဆီဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ညဘက်အိပ်ယာ မ၀င်ခင်မှာ ၄င်းအဆီကို ဦးရေပြားမှာလိမ်းပြီး နှိပ်နယ်ပေးပါ။ တစ်ပတ်(၂)ကြိမ် (၃)ကြိမ်ခန့်ပြုလုပ်ပေးပါ။

Potato (အာလူး)
အာလူး သို့မဟုတ် အာလူးပြုတ်ပြီး ကျန်ခဲ့တဲ့ အာလူးပြုတ်ရည်ကလည်း အစွမ်းထက်ဆေးတစ်မည်ပါပဲ။ မိမိကြိုက်နှစ်သက်ရာ Shampoo နဲ့ခေါင်းလျှော်ပြီးချိန်မှာ အအေးခံထားတဲ့ အာလူးပြုတ်ရည်နဲ့ ခေါင်းကို လောင်းချပေးရုံပါပဲ။

Egg Hair Mask (ကြက်ဥပေါင်းတင်ဆေး)
ကြက်ဥတစ်လုံးကို သံလွင်ဆီ (၅၀)ဂရမ်နဲ့ ရောမွှေပြီး ၄င်းအရောအနှောဖြင့် ခေါင်းကိုလိမ်းပါ။ တဘက်ဖြင့်ပတ်ပြီး (၁)နာရီခန့်ထားပါ။ ပြီးလျှင် ပုံမှန်အတိုင်း Shampoo ဖြင့်ခေါင်းလျှော်ပြီး Conditioner လိမ်းပါ။ အနည်းဆုံးတစ်ပတ် (၁)ကြိမ်ပြုလုပ်ပေးပါ။

Ref: Online

Thursday, August 30, 2012

မျှစ်တာလပေါ ဟင်းချို နဲ့ သခွားသီးသုပ်


ကျွန်တော်ဖတ်နေကျ မြင်ကွင်းမဂ္ဂဇင်းလေးမှာ အနုပညာရှင်လေးတွေက သူတို့အိမ်မှာ ချက်ပြုတ်နေကျ ဟင်းလျာလေးတွေကို ချက် ပြုတ်တင်ဆက်တဲ့ ကဏ္ဍပါပါတယ်။ 

အခု မိုးဟေမာန်ခင်တို့ သားအမိက မျှစ်တာလပေါ ဟင်းချိုလေးနဲ့ သခွားသီးသုပ်လေးကို တင်ဆက်ထားပြန်ပါတယ်။ အသားဟင်းထပ် ချက်ချင်တယ်ဆိုရင်တော့ ကဏန်းဟင်းဆီပြန်ကို ဟင်းတစ်ခွက်အနေနဲ့ ထည့်ချက်လို့ရကြောင်းပါနော်။

မျှစ်တာလပေါ ဟင်းချို
ပါဝင်ပစ္စည်းများ
မျှစ်စိမ်း - ဟင်းတစ်ခွက်စာ (၁၀ကျပ်သားခန့်)
တညင်းသီးပြုတ် - ၅ လုံး
ကြက်သွန်ဖြူ - အလုံးသေး ၅ လုံး
ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
မျှင်ငါးပိ - အနည်းငယ်
ပင်စိမ်းရွက် - အနည်းငယ်
ပုစွန်ခြောက် (သို့) ပုစွန်ဆိတ် - ၁၀ကျပ်သား

ပြုလုပ်ပုံ အဆင့်ဆင့်
မျှစ်စိမ်းကို အရင်ဆုံး ပါးပါးလှီးပြီး ရေတစ်ည စိမ်ထားလိုက်ပါ။ ရေစိမ်ထားတဲ့ မျှစ်ကို မီးဖိုပေါ်တင်ထားပြီး ငါးပိစိမ်းစားကို မီးဖုတ်ထားတဲ့ ဟာကိုထည့်၊ ပြီးရင် ပုစွန်ဆိတ်လေးတွေကို ထောင်းထည့်၊ ကြက်သွန်ဖြူထောင်းထည့်၊ ပြီးရင် မျှစ်အိုး ရေဆူလာပြီဆိုလျှင် ပြုတ်ထားတဲ့ တညင်းသီးတွေကို ပါးပါးလှီးထည့်၊ ဆန်မှုန့်ကိုတော့ ကိုယ့်ဘာသာ အိမ်မှာ ဆန်လှော်ပြီးထောင်းထည့်လည်းရတယ်။ အဲဒါက ပိုမွှေးမှာ ပေါ့နော်။ အိုးချခါနီးမှာ အပေါ့အငန်ထည့်ပြီးတော့မှ ပင်စိမ်းလေး အုပ်ပေးလိုက်ပါ။ ဒီဟင်းချိုက လွယ်လည်းလွယ်ပါတယ်။ အဲဒီဟင်းက ဘာနဲ့လိုက်လည်းဆိုတော့ သခွားသီးသုပ်နဲ့လိုက်ဖက်တယ်။

သခွားသီးသုပ်
ပါဝင်ပစ္စည်းများ
သခွားသီးအကြီး - ၁လုံး
ရှောက်သီး(အရွယ်ကြီးကြီး) - တစ်ခြမ်း
ပါးပိစိမ်းစား - အနည်းငယ်
ငရုပ်သီးထောင်း - အနည်းငယ်
ပုစွန်ခြောက် (သို့) ပုစွန်ဆိတ် - ၁၀ကျပ်သား

ပြုလုပ်ပုံ အဆင့်ဆင့်
သခွားသီးသုပ်ကျတော့ သခွားသီးအကြီးကြီးတွေက ဒီလိုမိုးဦးစမှာ ပေါ်တာလေ။ သခွားသီးသေးသေးလေးတွေကျတော့ သုပ်စားလို့ မကောင်းဘူး။ သခွားသီးအကြီးကို တစ်ခြမ်းခြမ်းလိုက်ပါ။ ပြီးရင် အလယ်က အစေ့တွေကို ဖယ်လိုက်ပါ။ကျန်တဲ့အသားတွေကို ခြစ်ပါ။ ပြီးရင် ပုစွန်ခြောက်ထည့်၊ အပေါ့အငန်လေးထည့် မီးဖုတ်ထားတဲ့ ငါးပိစိမ်းစားနဲ့ ငရုတ်သီးစိမ်းထောင်းထားတာကိုထည့်ပါ။ ရှောက်သီး လည်း ညှစ်ထည့်ပါ။ အားလုံးထည့်ပြီး သမအောင် နယ်ပါ။ ပြီးသွားပြီဆိုရင်တော့ မျှစ်တာလပေါဟင်းချိုနဲ့ တွဲဖက်စားသုံးလို့ရပါပြီ။

Wednesday, August 29, 2012

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights)


(အပိုင်း နှစ်)

အပိုဒ် (၁၆)
(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ် သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း ၍ ကွာရှင်းကြသည့်အခါ၌လည်းကောင်း လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိ ထိုက်သည်။
(၂) သတို့သားနှင့် သတို့သမီးတို့ နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုလုပ်ရမည်။
(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် (၁၇)
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စက်၍သော်လည်းကောင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန် အခွင့် အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။

အပိုဒ်(၁၈)
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့်ပါဝင် သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့ မှောက်တွင် မဟုတ်ဘဲသော်လည်းကောင်း မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ်(၁၉)
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်လည်းပါဝင်သည်။

အပိုဒ်(၂၀)
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။

အပိုဒ်(၂၁)
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်တူညီသည့် အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကိုအချိန်ကာလပိုင်းခြားလျက်စစ်မှန်သော ရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲ များကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် (၂၂)
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဖြင့်ဖြစ်စေ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သယံဇာတ အင်အားနှင့်လည်းကောင်း ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာလွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ် လိုအပ်သော စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများကို သုံးစွဲပိုင်ခွင့် ရှိသည်။

အပိုဒ် (၂၃)
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍လုပ်ပျော်သော အလုပ်ခွင်၏အခြေအနေကို ရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန် စိတ်ချ လောက်သည့်ပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက် အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် (၂၄)
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင် လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ်အားလပ်ရက်များ ပါဝင်သည့် အနားယူခွင့် အားလပ်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ်(၂၅)
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစုကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊နေအိမ်၊ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌သော်လည်းကောင်း မကျန်းမမာဖြစ်သော်အခါ၌သော် လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သောအခါ၌သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌လည်းကောင်း၊ အသက်အရွယ်အိုမင်း သော အခါ၌သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ ၌သော်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်း ဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြ ရမည်။

အပိုဒ် (၂၆)
(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင် ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍တူညီသော အခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။

အပိုဒ် (၂၇)
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ခွင့်၊ သုခုမပညာရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက် လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုး အာနိသင်များကို လွတ်လပ်စွာခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် (၂၈)
လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှုဆက်ဆံ ရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

အပိုဒ်(၂၉)
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်းအတွက် လူတိုင်း၌တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန် အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည့်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း၊ ဥပဒေကပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

အပိုဒ်(၃၀)
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များပျက်စီးရာ ပျက်စီးကြောင်းတို့ကို ရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုလည်းကောင်း၊ ကိုယ်တိုင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပာယ်ပိုင်းခြားကောက်ယူခြင်းမရှိစေရ။

(ပြီးပါပြီ)

ကျွန်တော့်ကို အလုပ်ပိုင်ရှင်က ဒါမှမဟုတ် သူငယ်ချင်းတွေကဘာပြောတယ်လို့ထင်ကြပါသလဲဘော်ဒါတို့ရေ။ ကိုယ်လုပ်ရမယ့်အလုပ်ကလွဲ ပြီးတစ်ခြားဟာကိုဘယ်တော့မှမလုပ်ဘူး။ ပြီးတော့ ရပိုင်ခွင့်ရှိရင် ရမှကျေနပ်တယ်နော်တဲ့။ သူငယ်ချင်းတို့ရော ကျွန်တော့်ကိုဘာများ မှတ်ချက်ပြုလိုကြပါသလဲ။

လက်ဆင့်ကမ်းဝေမျှတဲ့.....
ဇာနည်

Tuesday, August 28, 2012

စာရေးခြင်းကို အလုပ် တစ်ခုလို သဘောထားပါ

စာရေး ၀ါသနာ ပါသူတိုင်းကို ကျွန်တော် ပြောဖြစ်တာကတော့ စာရေးခြင်းကို အသက် မွေးဝမ်းကျောင်း တစ်ခု အနေနဲ့ သဘော မထားပါနဲ့ ဆိုတဲ့စကား ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီ ခေတ်မှာ မဂ္ဂဇင်း၊ ဂျာနယ်တွေ ပေါများ လှတယ် ဆိုပေမဲ့ ရသစာပေကို အလေးထား နေရာပေးတဲ့ မဂ္ဂဇင်း၊ ဂျာနယ်က တဖြည်းဖြည်း ယုတ်လျော့လာလို့ ဖြစ်ပါတယ်။ စာရေးချင်သူကများ၊ ရသစာ ပေထည့်တဲ့ မဂ္ဂဇင်းက နည်း၊ အချိုး အစား မညီမျှလေတော့ အတန်အသင့် နာမည်ရတဲ့ စာရေးဆရာ တစ်ယောက် အဖို့ မဂ္ဂဇင်း တစ်အုပ်မှာ တစ်နှစ်ကို ၃ ကြိမ်၊ ၄ ကြိမ်ထက် ပိုပြီး စာမူဖော်ပြ ခြင်း မခံရနိုင်ပါဘူး။ ဒါကြောင့် စာမူခနဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် မဖြစ်နိုင်တော့တဲ့ အခြေအနေမို့ ကျွန်တော်က လူငယ်များကို စာရေးတာ ၀ါသနာ ပါရင် အပျော်တမ်းသာ ရေးပါလို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် The Writer မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါး တစ်ပုဒ်ကတော့ စာရေးခြင်းကို အလုပ်တစ်ခုလို သဘော ထားပါလို့ စာရေးဆရာမ ကယ်လီဂျိမ်းစ်အင်ဂါက ဆိုတဲ့အတွက် သီးခြား အသက်မွေး ၀မ်းကျောင်းလုပ်ငန်း မလုပ်ဘဲ စာရေးခြင်း သက်သက်ကိုသာ လုပ်ဆောင်ချင် ကြတဲ့ ဆရာ၊ ဆရာမများ အတွက် သင့်တော်မယ် ထင်လို့ ဖော်ပြပေးလိုက်ပါ တယ်။

စာရေးခြင်း သက်သက်ကိုသာ အချိန်ပြည့် လုပ်ဆောင် နေကြတဲ့ ဆရာ၊ ဆရာမများအနေနဲ့ ၀င်ငွေ မလုံလောက် ဘူး၊ စာမူတွေလည်း ရွေးချယ် ဖော်ပြခြင်း မခံရဘူး ဆိုတဲ့ သတင်းတွေကို ကျွန်မ ကြားသိနေရပါတယ်။ ဒါဟာ စနစ်တကျ မလုပ်တတ်လို့၊ စနစ်တကျ မရေးတတ်လို့၊ လိုက်ဖက်ညီမယ့် နေရာ တွေကို မပို့တတ်လို့ ဖြစ်တာပါလို့ ကျွန်မ ပြောလိုက်ရင် အံ့သြသွားကြမယ် ထင်ပါတယ်။ တကယ်တော့ ကျွန်မ အတွေ့ အကြုံအရ ပြောရမယ် ဆိုရင် အဲဒီ လူတွေဟာ စာရေးဆရာ လုပ်မယ်လို့ စိတ်ရှိ ကြပေမဲ့ စနစ်တကျ မလုပ်တတ်ကြ သူတွေ ဖြစ်ပါတယ်။ အတိုချုပ် ပြောရ မယ်ဆိုရင်တော့ စာရေးခြင်းကို အလုပ် တစ်ခုလို သဘောမထားတတ်ကြသူ တွေ၊ ၀ါသနာ အလျောက် ရေးတဲ့သူတွေ သာ ဖြစ်နေခြင်းကြောင့် ဒီလိုအတွေ့ အကြုံတွေကို တွေ့ကြုံနေရတာပါ။

စာရေးခြင်း သက်သက်နဲ့ အသက် မွေးဝမ်းကျောင်း ပြုခဲ့တာ ၁၄ နှစ်ရှိခဲ့ပြီ ဖြစ်တဲ့ ကျွန်မ အတွေ့အကြုံများ အရ ပြောနိုင်တာကတော့ အောင်မြင်အောင် လုပ်မယ်ဆိုရင် လုပ်ယူလို့ ရနိုင်ပါတယ် ဆိုတာပါပဲ။ ကိုယ်ကိုယ်တိုင် လုပ်ယူလို့ ရနိုင်တဲ့အချက် ၁၀ ချက်ကို ကျွန်မပြော ပြချင်ပါတယ်။ လက်တွေ့လုပ်ဆောင် ကြည့်ပါလို့လည်း တိုက်တွန်း ချင်ပါတယ်။

၁။အလေ့အကျင့်ကို ပြုစုပျိုးထောင်ပါ

စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုမယ့်သူတစ်ယောက်အနေနဲ့ နေ့စဉ်နေ့တိုင်း စာရေးတဲ့ အကျင့်ကို ပြုစု ပျိုးထောင်ရပါမယ်။ ဒီလိုပြောလိုက်လို့ နေ့တိုင်းရေးနေသမျှ စာတွေဟာ စာမျက် နှာများပေါ် ရောက်လာမယ့် စာများ ဖြစ်တယ်လို့ မယူဆ လိုက်ပါနဲ့။ နေ့တိုင်း ဟာ နေသာတဲ့နေ့တွေ မဟုတ်သလို ပန်း တိုင်းဟာလည်း နှင်းဆီပန်းများ မဖြစ်နိုင်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။  ကျွန်မက စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ရင်း တစ်ခါတလေမှာ ပုံ မှန်လခရတဲ့ အလုပ်တစ်ခုခုကို ၀င်လုပ် ချင်စိတ် ပေါက်ပါတယ်။ ၀န်ထမ်း လုပ်ရတဲ့ အလုပ်တွေက အချိန်တန်ရင် လစာ ရမယ်၊ လစာအပြည့်နဲ့ အနားယူခွင့် ရမယ်၊ နာမကျန်းရင် နားခွင့်ရှိတယ်၊ ကော်ဖီချိန်မှာ ကော်ဖီအလကားသောက် ရတယ် စသဖြင့် အကျိုး ခံစားခွင့်တွေ ရှိပါတယ်။ ဒါကြောင့် တစ်ခါတလေ မှာ ၀န်ထမ်းဘ၀တုန်းက လွတ်လပ်ပျော် မွေ့ခဲ့တာကို သတိရမိပါတယ်။

ဝန်ထမ်း ဘ၀မှာ တစ်ခါတလေတော့ အဆင်မပြေတဲ့ ရက်တွေ ရှိတတ်စမြဲပါ။ ဒါကလည်း တစ်ခါတစ်ရံမှ ဖြစ်တတ်တာကြောင့် ပြီးတော့လည်း ပြီးသွားတာပါပဲ။ စာရေးဆရာ ဘ၀ကို ခံယူ လိုက်တဲ့ အခါမှာတော့ ကိုယ့်ဘ၀တိုး တက်ရေး၊ အောင်မြင်ကျော်ကြားရေး အစရှိတဲ့ ဖိစီးမှုတွေရှိလာတဲ့အပြင် ကိုယ့် ၀တ္ထု အပေါ်မှာ အယ်ဒီတာက ဘယ်လို များမှတ်ချက်ချလိုက်မလဲဆိုတဲ့ သောက လည်း ရှိလာပါတယ်။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ ကိုယ့်ကိုယ်ကို အလေ့ အကျင့်လုပ်ပြီး ပြုစုပျိုးထောင်ရပါမယ်။

၂။ပုံမှန်အချိန် သတ်မှတ်ပါ

စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုတော့မယ်လို့ ဆုံးဖြတ်လိုက် ပြီဆိုရင် သဘောကျစရာ အကောင်းဆုံး ကတော့ ကိုယ့်အချိန်ကို ကိုယ် ပိုင်သွား ခြင်းပါပဲ။ အချိန်ပိုင်းပဲ စာရေးရေး၊ တစ် နေ့လုံးပဲ စာရေးရေး၊ ကိုယ်ကြိုက်တာ ဆုံးဖြတ်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်မ သတိပေးချင်တာတစ်ခုကတော့ ကိုယ် ကြိုက်သလို သတ်မှတ်လို့ ရပြီဆိုပြီး ရေး ချင်ရင် ရေးမယ်၊ မရေးချင်ရင် မရေး ဘူးဆိုတာမျိုးတော့ သဘောထားလို့ မရပါဘူး။

ကျွန်မ အကြံ ပေးချင်တာကတော့  စာရေးဖို့ အချိန်တစ်ခု သတ်မှတ်ပါ။ အဲဒီ သတ်မှတ်ချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ဖို့မလိုပါဘူး။ ဒါပေမဲ့ တိကျတဲ့ အချိန်တစ်ခုတော့ သတ်မှတ်ထားဖို့ လိုပါတယ်။ ကျွန်မ စာစရေးတော့ တနင်္လာနေ့ကနေ သော ကြာနေ့အထိ မနက် ၇ နာရီက စပြီး ရေးပါတယ်။ မွန်းလွဲပိုင်း အထိ ရေးတာ ပါ။ အခုတော့ ကလေး အမေ ဖြစ်လာ ပြီဆိုတော့ ကလေးတွေရဲ့ ကျောင်းချိန်နဲ့ ကျွန်မ စာရေးချိန် ညှိရပါတယ်။ တနင်္လာ နေ့များမှာ မနက် ၈ နာရီကနေ  မွန်းလွဲ ၃ နာရီအထိ ရေးပါတယ်။ အင်္ဂါ၊  ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များမှာတော့ မနက် ၈ နာရီကနေ မွန်းတည့်ချိန်အထိ ရေးပါတယ်။ ကျန်တဲ့အချိန်တွေမှာ ကျွန်မ လုပ်ရမယ့် အိမ်ရှင်မ အလုပ်တွေ ကို လုပ်ရပါတယ်။ ဒါတွေက ရုံးချိန်လို အတိအကျ သတ်မှတ်စရာ မလိုပါဘူး။

၃။တုံ့ပြန်တတ်တဲ့ အကျင့်ရှိပါ
ကျွန်မတို့က စာမူတွေကို အယ်ဒီ တာများထံ ပို့လိုက်တဲ့အခါမှာ သူတို့က ရက်သတ်္တပတ်များစွာ ကြာပြီးမှ ကျွန်မ တို့ရဲ့ စာမူများနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု ပေးပါတယ်။ ဒါက သူတို့ဘက်မှာ စာရေးသူ အများအပြားနဲ့ ဆက်ဆံရခြင်း ကြောင့် တုံ့ပြန်မှု နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ စာရေးသူတွေ ဘက်ကတော့ သူတို့နဲ့ ပြိုင်ပြီး အကြာကြီး နေမှ တုံ့ပြန်တာမျိုး မဖြစ်သင့်ပါ ဘူး။ ယုတ်စွအဆုံး တယ်လီဖုန်းထဲမှာ SMS ၀င်လာတာမျိုးကအစ E-mail ၀င်တာအဆုံး အတတ်နိုင်ဆုံး အမြန်ဆုံး တုံ့ ပြန်ဖို့ လိုအပ်ပါတယ်။

ကျွန်မက ရှေ့နေတစ်ယောက် အဖြစ်လည်း လုပ်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းကဆိုရင် တစ်နေ့လုံး ဖုန်းခေါ်သမျှ ကို ကျွန်မ ပြန်ဖြေပါတယ်။ E-mail မှန်သမျှကို မပြန်ကြားနိုင်ပေမဲ့ နှစ်ရက်၊ သုံးရက်အကြာဆုံးကာလ အတွင်းမှာတော့ ပြန်ဖြစ်အောင်ပြန်ပါတယ်။တကယ်လို့ ရေးဖော်ရေးဖက် စာရေး ဆရာတစ်ယောက်ယောက်ဆီက အီး မေးလ်မျိုးဆိုရင်တော့ ကျွန်မ ချက်ချင်း အကြောင်း ပြန်ပါတယ်။

၎။ဝင်ငွေကို သတိပြုပါ

စာရေးခြင်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုတော့မယ့်သူတစ်ယောက် အနေနဲ့ ရေးသမျှ စာတိုင်းဟာ ၀င်ငွေ ရှိတဲ့စာ ဖြစ်ရပါမယ်။ ဒီတော့ တစ်လ တစ်လမှာ ကိုယ်ဘယ်လောက်ဝင်သလဲ ဆိုတာကို သတိပြုရပါမယ်။ ကိုယ် ရေး ချင်တာချည်း ရေးနေရင် ကိုယ်ပို့နေကျ မဂ္ဂဇင်း၊ ဂျာနယ်များက သုံးရဲ့လား၊ တစ်ခါတလေမှာ သူတို့ရေးစေချင်တာ လေးတွေကို တာဝန်ပေးတဲ့အခါမှာ ကိုယ်က ရေးခြင်းအားဖြင့် ၀င်ငွေကို ရှာတတ်သူဖြစ်ရပါမယ်။ ဒီလိုပြော လိုက်တဲ့အတွက် ငွေကို ငမ်းငမ်းတက် ရှာရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကိုယ်က စာရေးခြင်းကို အသက်မွေး ၀မ်းကျောင်း အနေနဲ့ လုပ်တဲ့သူ ဖြစ်တဲ့ အတွက် ရေးတဲ့စာတိုင်းဟာ ၀င်ငွေရတဲ့ စာဖြစ်ဖို့ သတိထားပါ။

၅။ထွက်ငွေကို ဂရုစိုက်ပါ
ဝင်ငွေရပြီဆိုတာနဲ့ တစ်ဖက်မှာ ထွက်ငွေ ဆိုတာလည်း ရှိလာမှာပါပဲ။ ဒါ ကြောင့် ကိုယ် သုံးတဲ့ အသုံးစရိတ်တိုင်း ဟာ ထိုက်တန်တဲ့ အသုံးစရိတ် ဖြစ်အောင် ဂရုစိုက်ရပါမယ်။ နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်အခ ဆိုတာလည်း ရှိပါသေးတယ်။ ဒါကြောင့် ၀င်ငွေနဲ့ ထွက်ငွေမျှတအောင် သုံးတတ်ဖို့ လိုပါတယ်။

ကိုယ်က စာရေးတဲ့ အလုပ်ကို ၀ါသနာ အလျောက်ရေးတဲ့ ၀ါသနာရှင် အဆင့် မဟုတ်တော့ဘဲ အသက်မွေးဝမ်း ကျောင်းအတွက် ရေးတဲ့သူ ဖြစ်လာပြီ ဆိုရင် ကိုယ် သုံးမယ့် အသုံးစရိတ်တစ် ခုဟာ သာမန်အသုံးစရိတ်လား၊ လိုအပ် တဲ့ အသုံးစရိတ်လား၊ အကျိုးအကြောင်း ဆီလျော်စွာ သုံးကိုသုံးမှ ဖြစ်မယ့် အသုံး စရိတ်လားဆိုတာ ပိုင်းခြားတတ်ရပါ မယ်။ ဒါမှလည်း ထွက်ငွေက ၀င်ငွေ ထက်နည်းပြီး ကိုယ့်လုပ်ငန်းက အကျိုး အမြတ်ရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာပါ မယ်။ ကိုယ်က စာရေးခြင်းကို အသက် မွေးဝမ်းကျောင်း အနေနဲ့ လုပ်ပြီဆိုရင် အောက်ပါအသုံးစရိတ်တွေ ရှိလာပါပြီ။  (မြန်မာ စာရေးဆရာများ အနေနဲ့တော့ တချို့တလေသာ လိုအပ်ပါမယ်။)

.    စာရေးဖို့အတွက် ကွန်ပျူတာ
.      အသုံးပြုရမယ့် ဆော့ဖ်ဝဲ
.    ရုံးအသုံးအဆောင်ပစ္စည်း များ(ဥပမာ-စက္ကူ၊ ဘောပင်၊စာအိတ် စသဖြင့်...)
.    ဆက်သွယ်လို့ ရမယ့် တယ်လီဖုန်း
.    စာပို့ခ ကုန်ကျစရိတ်
.    အင်တာနက်
.    ခရီးသွားလာမှု အတွက် ကုန်ကျစရိတ်
မြန်မာ စာရေးဆရာများ အတွက်တော့ ဒီကုန်ကျစရိတ် တော်တော်များများက မပြောပလောက်ဘူးလို့ ထင်ပါတယ်။

၆။ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ

တခြား အလုပ် မလုပ်တော့ဘဲ စာရေးခြင်း သက်သက်နဲ့ အသက် မွေးဝမ်းကျောင်းတော့မှာ ဖြစ်တဲ့အတွက် ကိုယ့် ဘ၀က ကိုယ့်လက်ထဲမှာပဲ ရှိတယ်ဆိုတာ သတိပြုပါ။ ဘယ်သူကမှ ကိုယ့်ကို တိုက်တွန်းနေမှာ မဟုတ်ပါဘူး။ မဂ္ဂဇင်းများမှာ ၀တ္ထု၊ ဆောင်းပါးများ ရေးနေရာကနေ လုံးချင်းလိုင်း ၀င်နိုင်အောင် ကြိုးစားမယ် ဆိုရင်လည်း ကိုယ် တိုင်ကြိုးစား အားထုတ်မှုရှိမှသာ တိုးတက်မှု ရမှာ ဖြစ်ပါတယ်။

စာပေ လောကကြီးက အစဉ်အမြဲ ပုံစံပြောင်းလဲ နေတာဖြစ်တာကြောင့် ထုတ်ဝေသူများက ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအတိုင်း ထုတ်ဝေကြ သလို စာရေးသူဖြစ်သူ မိမိကလည်း ခေတ်နဲ့အညီ၊ ထုတ်ဝေသူရဲ့ လိုအပ်ချက် နဲ့အညီ ပြောင်းလဲနိုင်အောင် ကြိုးစား အားထုတ်ရပါမယ်။

ဥပမာအားဖြင့် ကျွန်မ ကိုယ်တွေ့ ကို တင်ပြချင်ပါတယ်။ မူလကတော့ ကျွန်မလည်း အစဉ်အလာထုံးစံအတိုင်း ထုတ်ဝေနေသူများနဲ့ ဆက်သွယ်ပြီး စာ အုပ်များ ရေးသားခဲ့တာပါပဲ။ ဒါပေမဲ့ မနှစ်ကတော့ ကိုယ်တိုင်ထုတ်ဝေသူဖြစ် အောင် ကြိုးစားခဲ့တဲ့အပြင် ဒီနေ့ခေတ် စားနေတဲ့ POD (Print On Demand) အမှာရှိမှ ပုံနှိပ်ထုတ်ဝေတဲ့ ပုံစံမျိုးကို လည်း လေ့လာရပါတယ်။ POD ကို ကျွန်မ ရက်သတ္တပတ်ပေါင်းများစွာ လေ့လာရပါတယ်။ POD ရဲ့အကျိုးက ဘာလဲ။ အားနည်းချက်ကဘာလဲဆိုတာ ကို သိအောင် လေ့လာခြင်းဖြစ်ပါတယ်။

၇။စာမူ အခြေအနေကို မေးမြန်းပါ

ကျွန်မ တွေ့ဖူးတဲ့ စာရေးဆရာ တော်တော်များများက ထုတ်ဝေသူထံ ကို စာမူပို့ကြပေမဲ့ သူတို့စာမူတွေရဲ့ အခြေအနေတွေကို နောက်ထပ် မေးမြန်း ကြဖို့ သတိမရကြတော့ဘူးဆိုတာပါပဲ။ ထုတ်ဝေသူကို ကိုယ့်စာမူဖတ်ဖို့ လုံလောက်တဲ့ အချိန်ပေးပြီးရင် စာတိုလေး တစ်ကြောင်းလောက်ဖြစ်ဖြစ် ပေးပို့ပြီး သတိပေးဖို့ လိုပါမယ်။ ဒါမှ ထုတ်ဝေ သူက ကိုယ့်စာမူအပေါ်မှာ စိတ်ဝင်စား မှု ရှိ၊ မရှိ သိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့် စာမူကို ကိုယ်တိုင်က လေးလေးစားစား ရှိမှသာ ထုတ်ဝေသူကလည်း လေးစား မှုရှိမယ်ဆိုတာကို သတိပြုသင့်ပါတယ်။

၈။စာမရေးခင် တွေးပါ
အင်တာနက်နဲ့ အီးမေးလ် ပေါ်လာခြင်းက ဆက်သွယ်မှုကို အလွန်တရာ လျင်မြန်စေသလို စာရေးဖို့ကိုလည်း အင်မတန် လွယ်ကူစေပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒီလို လွယ်ကူခြင်း ကြောင့် နောင်တရစေတာတွေ ဖြစ်နိုင် ပါတယ်။ လွယ်လွယ်ရေး လွယ်လွယ်ပို့ လို့ရတဲ့အတွက် မရေးသင့်တာ ရေးမိ သလို မပို့သင့်တဲ့သူဆီကို ပို့မိတာတွေ လည်း ဖြစ်သွားတတ်ပါတယ်။ မကြာ သေးမီက ကျွန်မထံကို စာရေးသူတစ် ယောက်က ကျွန်မနဲ့ အလုပ်လုပ်နေတဲ့ ထုတ်ဝေသူနဲ့ ဆက်သွယ်ပေးဖို့ တောင်း ဆိုလာပါတယ်။ ကျွန်မက ဒီထုတ်ဝေ သူနဲ့ ဆက်သွယ်ပေးဖို့ ၀န်မလေးပါ ကြောင်း၊ ဒါပေမဲ့ သူနဲ့ ပတ်သက်ပြီး ကျွန်မ အတွေ့အကြုံကလေးတွေကို တော့ ပြောပြချင်ပါသေးတယ်လို့ ပြန် ကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်က စာရေးဆရာ အနေနဲ့ ကိုယ့် ထုတ်ဝေသူနဲ့ မိတ်ဆက်ပေးဖို့ရာ ကျွန်မ ၀န်လေးတယ်လို့ ထင်သွားမှာစိုးလို့ပါပဲ။

၉။အောင်မြင်မှု
စာရေးခြင်း သက်သက်နဲ့ အသက် မွေးဝမ်းကျောင်းပြုသူ တစ်ယောက်အတွက် ကိုယ် ရေးလိုက်တဲ့စာအုပ်တစ်အုပ် အောင်မြင် သွားခြင်းဟာ အင်မတန်ချို မြိန်တဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ဘယ် သူနဲ့ပဲ တွေ့တွေ့ ကိုယ့်ဝတ္ထုအကြောင်း အပြောခံရတယ် ဆိုရင် စာရေးဆရာ အတွက် အနှိုင်းမဲ့ ပီတိဖြစ်စရာပါ။

ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထ ရှိတတ် တာကတော့ ရှေ့က အောင်မြင်သွားတဲ့ ၀တ္ထုရဲ့အရှိန်အ၀ါကို မီအောင် နောက် တစ်ပုဒ် ဖန်တီးနိုင်ပါ့မလားဆိုတဲ့ သောကစိတ်ပါပဲ။ ထုတ်ဝေသူ တစ်ယောက်က အောင်မြင်သွားတဲ့ ၀တ္ထုကို အကြောင်းပြုပြီး သူ့အတွက် ၀တ္ထုတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုလာရင် စာရေးဆရာ အနေနဲ့ အဲဒီလို သောကမျိုး ပိုပြီး ၀င်တတ်ပါတယ်။ အောင်မြင်မှုကို လူတိုင်း လိုချင်ကြတာချည်းပါပဲ။ ဒါ ကြောင့် စာရေးဆရာ အနေနဲ့ ကိုယ် ဖန်တီး မွေးထုတ်လိုက်တဲ့ ၀တ္ထုတိုင်းဟာ တန်းတူညီမျှ အရည်အသွေးရှိတယ်လို့ ခံယူ ထားသင့်ပါတယ်။

၁၀။ရည်မှန်းချက် ပန်းတိုင် ထားပါ
ကျွန်မ နောက်ဆုံးပြောချင်တဲ့ အချက်ကတော့ စာရေးဆရာမှာလည်း ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိရပါမယ်။ ရည်မှန်းချက်ပန်းတိုင် မရှိဘဲ စာရေး နေခြင်းဟာ အိပ်မက်မက်နေတာနဲ့ အတူ တူပဲလို့ ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ် သက်ပြီး ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကျွန်မကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပြောခဲ့ဖူးပါတယ်။ စာပေ ဆွေးနွေးပွဲများမှာ ကျွန်မ စကားပြော ခွင့်ရတဲ့အခါ ရည်မှန်းချက်ပန်းတိုင်ကို နှစ်မျိုးခွဲပြီး ပြောပါတယ်။ ပထမတစ် မျိုးက ခြုံငုံပြီး အောင်မြင်မှုရတဲ့ ပန်း တိုင်နဲ့ တစ်ခုချင်းအပေါ်မှာ အောင်မြင် မှုရတဲ့ ပန်းတိုင်တို့ ဖြစ်ပါတယ်။ ဒီရည် မှန်းချက်နှစ်ခုကို ပူးပေါင်းပေါက်မြောက် အောင် ဆောင်ရွက်နိုင်ပြီ ဆိုရင် ကိုယ့် လောကမှာ အောင်မြင်သူ ဖြစ်နိုင်ပါပြီ။

အသက်မွေးဝမ်းကျောင်း အလုပ် တခြား မလုပ်တော့ဘဲ စာရေးခြင်းတစ် ခုတည်းနဲ့သာ လုပ်တော့မယ်ဆိုရင် အနည်းဆုံး ထုတ်ဝေသူ လေးဦးလောက်နဲ့ သေသေချာချာ အချိတ်အဆက် ရပြီး မှသာ ပုံမှန်ဝင်ငွေရနေတဲ့ အလုပ်ကို ကျောခိုင်း သင့်ပါတယ်။ ထုတ်ဝေသူ များက ကိုယ့်ဝတ္ထုကို ဆက်တိုက်ထုတ် ဝေနေကြပြီဆိုရင်တော့ ကိုယ်ဟာ စာရေး ခြင်းသက်သက်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်ပြီဆိုတာ ယုံထားစေချင်ပါတယ်။

အထက် ဖော်ပြပါ ဆောင်းပါးက ကယ်လီဂျိမ်းစ်အင်ဂါရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ သူ့အယူအဆများ ထဲက ကျွန်တော်တို့နဲ့ ကိုက်ညီတာကို ထုတ်နုတ် သုံးစွဲခြင်းအားဖြင့် စာပေ ၀ါသနာ ရှင်များ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင် ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights)


(အပိုင်း တစ်)

ဒီနေ့အပြင်သွားတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း စာအုပ်ငယ်လေး(မြန်မာဘာသာပြန် - အပြာရောင်အဖုံး) တစ်အုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုလက်ထဲ အရောက်ဖြန့်ဝေနေတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးရရှိခဲ့ပါတယ်။ လူတိုင်း လိုလိုသိရှိသင့်တယ် တချို့တွေကလည်း သိရှိပြီးသားဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းတွေလည်း သိရှိစေဖို့ ပြန်လည်ဝေငှ မှာဖြစ်ပါတယ်။ စာအုပ်ကလေထဲမှာပါတဲ့စာသားတိုင်းကိုတော့ ကူးမပြတော့ပါဘူး။ အဓိကစာပိုဒ်တွေကိုပဲကူးယူဖော်ပြပါရစေ။
စုစုပေါင်း စာပိုဒ် (၃၀) တိတိပါဝင်ပါတယ်။

၁၉၄၈ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာလိုက်ရာ ....

အပိုဒ်(၁)
လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွား လာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့်ကျင့်ဝတ်သိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ်(၂)
လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစား ခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊မ သဘာဝအားဖြင့်ဖြစ်စေ၊ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊နိုင်ငံရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ၊ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ ဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ဆိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်း ဆိုင်ရာဖြစ်စေ အဆင့်အတန်းတစ်ခုခုကို အခြေပြု ၍လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက်ထားရသည့် နယ်မြေ စသဖြင့် သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာတို့ တစ်စိတ်တစ်ဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော နယ်မြေများဖြစ်သည်၊မဖြစ်သည်ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ။

အပိုဒ်(၃)
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ်(၄)
မည်သူကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူကို ကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။

အပိုဒ်(၅)
မည်သူကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။

အပိုဒ်(၆)
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။

အပိုဒ် (၇)
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ်(၈)
 ဖွဲ့စည်းပုံ အခြေခံဥပဒေကသော်လည်းကောင်း၊ အခြားဥပဒေကသော်လည်းကောင်း၊ လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့် အရေးများသည် ချိုးဖောက်ဖျက်ဆီးခြင်း ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။

အပိုဒ်(၉)
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

အပိုဒ်(၁၀)
အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင်ဆုံးဖြတ်ခံရာတွင် လည်းကောင်း လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေး ခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် (၁၁)
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့်အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆို ခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံရထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအားပေးပြီး ဖြစ်စေရမည်။

(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ စွဲဆိုအပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက် ပိုမိုကြီးလေး သော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

အပိုဒ် (၁၂)
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏ မိသားစုကိုသော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။

လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိ သည်။

အပိုဒ် (၁၃)
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းပိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ်(၁၄)
(၁) လူတိုင်းသည် ညှင်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန်အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။

(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သဘောတရားမှုများကို ဖီဆန်သော အမှုများမှသော်လည်းကောင်း အမှန်ပေါ်ပေါက်လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့် အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ်(၁၅)
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေး ကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

စာကြွင်း ။  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ စာပိုဒ်စုစုပေါင်း (၃၀)ပါဝင်ပါတယ်။ ကျန်တဲ့ စာပိုဒ်တွေကို ဆက်လက်ဝေငှပါမယ်။